Friday, 3 December 2010

ဝီကီလိစ်နဲ့ အင်တာနက်လုံခြုံရေး

အခုတလော wikileaks သတင်းက အရမ်း နာမည်ကြီးနေတော့
မြန်မာပြည်နဲ့ ပက်သက်တာများ ဘာ ထပ် ပါမလဲ ပါမလဲနဲ့ ဟို
သတင်းဌာန နားထောင်လိုက် ဒီသတင်းဌာန နားထောင်လိုက်နဲ့
အလုပ်က ပြန်လာရင် တနေ့ တနေ့ ဘယ်လို ကုန်လို့ ကုန်မှန်း
ကို မသိတော့ပါဘူး …။



(၈၈၈၈) ရှစ်လေးလုံး တော်လှန်ရေး မတိုင်ခင် ဦးစန်းယု သမ္မတဘ၀နဲ့
အဲဒီခေတ်က အနောက် ဂျာမနီနိုင်ငံ သွားလည်တော့ အဲဒီကိုရောက်
နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတစ်ခုရဲ့ ခေါင်းဆောင်
တချို့က တွေ့ဆုံ ဆွေးနွေးဖို့ တောင်းခံတဲ့ သတင်းကို လူကြီးတွေ
စကားဝိုင်းကြားမှာ လိုက်ပြီး နားထောင်ခဲ့ရတာကို ပြန်သတိရမိတယ်။
အခုခေတ် ကာလင်းဖလားမှာ (Carling Cup) မန်ချက်စတာယူနိုက်တက်
ဘောလုံးအသင်း ၀က်စ်ဟမ်းကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့သတင်း၊ မြန်မာ
ဘောလုံးအသင်းက ဗီယက်နမ်ဘောလုံးအသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့
သတင်း၊ ကိုဖြိုး (ဖြိုးမင်းသိန်း) ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ ပြည်ထောင်စု ဒီမိုကရေစီ
ပါတီက ဥက္ကဋ္ဌ အပြောင်းအလဲ လုပ်တာ သုံးခါရှိတဲ့ သတင်း …. အင်တာနက်
ခေတ်ဆိုတော့ သတင်းတွေကလည်း မြန်၊ အဖြစ်အပျက်တွေကလည်း မြန်။

၂၀၀၀ မပြည့်ခင်ကဆိုရင် “တရှဲရှဲ” မြည်သံတွေ ထွက်နေတဲ့ ရေဒီယို
နံဘေးမှာ ခေါင်းတွေ စုပြုံးပြီး တိုးဝှေ့နားထောင်ရတဲ့ အရသာမျိုးတော့
ဒီခေတ် မရှိတော့ဘူး။ ထူးထူးဆန်းဆန်း သတင်းလေးများ တစ်ခုခု
ကြားရရင် နားထောင်နေတဲ့ သူအချင်းချင်း မျက်ခုံးတွေ ပင့်ပြလိုက်
မျက်လုံးတွေ ပြူးပြလိုက်နဲ့ ဟုတ်နေတာပဲ။ နားထောင်နေရင်း အသံ
လေးများ နည်းနည်းပါးပါး ထွက်မိရင် “ရှူး … တိုးတိုး” ဆိုတဲ့ စိတ်
မရှည်တဲ့ အသံတွေလည်း မျက်လုံးတွေကလည်း ပတ်လည်ဝိုင်းလို့။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ ကွယ်လွန်ခဲ့တာတို့၊ ဗမာပြည်ကွန်မြူနစ်
ပါတီက သခင်သန်းထွန်းနောက်ကို ထပ်ချပ်မကွာလိုက်ကြတဲ့ ဗိုလ်မှူးကြီး
ရန်နောင်စိုးတို့ သတင်းတွေ၊ သခင်သန်းထွန်းကို လုပ်ကြံခဲ့တဲ့ ရဲဘော်
မြကြီး ရန်ကုန်က အမေရိကန်သံရုံးမှာ ခိုလှုံခွင့် လျှောက်လွှာ တင်ခဲ့တဲ့
သတင်းတွေတော့ အင်တာနက်ပေါ် ရောက်မလာတော့ဘူး။ ရဟတ်ယာဉ်
ပျက်ကျလို့ ကွယ်လွန်ခဲ့တဲ့ န.၀.တ ခေတ်က “တွင်း(၂)” ဗိုလ်ချုပ်တင်ဦးရဲ့
သမီး ပါဆယ် စာအုပ်ဗုံးပေါက်လို့ တစစစီ ဖြစ်နေတဲ့ အလောင်းကို ညတွင်း
ချင်း လေယာဉ်ပျံနဲ့ ပြည်ပကို သယ်ထုတ်ပြီး အသုဘ လှလှပပ ဖြစ်အောင်
ပြင်ဆင်ခဲ့တဲ့ အကြောင်းတို့၊ ကိုယ်ရေး အတ္ထုပ္ပတ္တိရေးတဲ့ ဗိုလ်ထွန်းကြည်
(မုံရွာ) (ယခင် ဗိုလ်ချုပ်ထွန်းကြည်) ကုန်သွယ်ရေး ၀န်ကြီးဌာနမှာ ၀န်ကြီး
လုပ်တုန်းက ဒုဝန်ကြီးလုပ်ခဲ့တဲ့ ဦးအောင်သောင်းကို စာပွဲခုံအောက်ကနေ
ခွေးလို လေးဖက်ထောက်ပြီး သွားခိုင်းတဲ့ သတင်းတို့၊ ဗိုလ်ထွန်းကြည်
လက်အောက်က ကုန်သွယ်ရေး ၀န်ကြီးဌာန ထုတ်ကုန်သွင်းကုန်က
ညွှန်ကြားရေးမှူး ဗိုလ်မှူးကျော်ကျော်ကို ဖမ်းမိတော့ လာဘ်ပေးထားကြတဲ့
ကျပ်ငွေ သိန်း(၇၀၀၀) ပါသွားလို့ အင်းစိန်ထောင်ထဲမှာ “ဆေးထိုးပြီး
သတ်ပေးရမလား” လို့ ပြောတဲ့ သတင်းတွေတော့ ပြောမရဘူး ၀ီကီလိဂ်
မှာ ပါလာရင်တော့ ပွဲပဲ ….။

ဗီယက်နမ် စစ်ပွဲကာလက မြန်မာပြည်က ဘိန်းရာဇာ လောစစ်ဟန်
တို့ရဲ့ ဘိန်းသယ်ယူရေး လမ်းကြောင်း သတင်းတွေ၊ မူးယစ်ဆေးဝါး
တိုက်ဖျက်ရေး “မိုးဟိန်း စစ်ဆင်ရေး” အတွက် ပေးခဲ့တဲ့ ရဟတ်ယာဉ်
တွေကို ပြည်တွင်းစစ်မှာ သုံးချင်သလို သုံးခဲ့တဲ့ သတင်းတွေရော ပြန်
ပါလာပါ့မလား။ ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်ဓါတ်စစ်ဆင်ရေး လှုပ်ရှားမှု
ကို နေပြည်တော် တရုတ်သံရုံးကနေ ဘေဂျင်းဆီ တင်ပြထားတာမျိုးများ
ဝီကီလိစ်က ဖော်ကောင်ဘညွန့် လုပ်လိုက်လို့ကတော့ ပွဲ တော်တော်
ဆူသွားမယ် ထင်တယ်။

…….
အလုပ်ထဲက ဒိန်းမတ်အမျိုးသမီးကြီးတစ်ဦးက ဒီနေ့ ပြောပါတယ်၊
ငါရဲ့ ဘဏ်အကောင့်ကို အိမ်က ကွန်ပြူတာကနေ မသုံးတော့ဘူးတဲ့။
Internet Banking နဲ့ ပတ်စ်ဝက်တွေက ဘယ်လို ကာကွယ် ထားထား
မလုံခြုံတော့ဘူးလို့ ငြီးနေပါတယ်။ IT အသိ နည်းပါလှတဲ့ ကျနော်လည်း
သူ့ကို မေးကြည့်ပါတယ်။ အဲဒီလောက်တောင် ဖြစ်နိုင်ပါ့မလားလို့ ….။
သူ ပြန်ပြောပြလိုက်ပုံက “ password မပြောနဲ့၊ အိမ်က ကွန်ပြူတာမှာ
ငါ့သားနဲ့ ငါ့ယောက်ျား IE နဲ့ ဖြစ်ဖြစ်၊ Mozilla Firefox နဲ့ ဖြစ်ဖြစ်
Porn Movies တွေကို တနေ့ ဘယ်နှစ်ခါ ဖွင့်ကြည့်သလဲဆိုတာတောင်
တခြားနေရာက ထောက်လှမ်းလို့ ရနေပြီဟဲ့ …. ”

ကျနော့်ခမြာလည်း ပါးစပ်လေး အဟောင်းသားနဲ့ နားထောင်
နေရုံမှတပါး ဘာပြန်ပြောရမှန်းမသိ။ ကွန်ပြူတာတွေ၊ နည်းပညာ
တွေ၊ အင်တာနက် ချိတ်ဆက်မှုတွေ၊ ကွန်ယက်တွေ၊ ဟက်ကာ
တွေနဲ့ နေ့စဉ်ဘ၀တွေ၊ လျှို့ဝှက်ချက်တွေဟာ ရေရှည်ရော
တည်တံ့ပါအုံးမလား ….။

-စစ်ငြိမ်းဒီရေ

2 comments:

မောင်မောင်ရှမ်း မလေးရှား said...

အခုလက်ရှိမြန်မာ့စစ်တပ်ရဲ.အတွင်းရေး အမှန်အကန်သတင်းအချို.လောက်ပဲ...၀ီကီလိက်မှာတင်ခွင့်ရပါစေဦး....တော်တော်ပွဲဆူသွားမယ်။

Anonymous said...

စစ်တပ်ရဲ့တိုက်ရိုက်အတွင်းရေးတွေ မပါပါဘူး။ စစ်တပ်ကို ဘယ်သူက ဘယ်လိုထင်သလဲဆိုတာတွေပဲ ပါမယ်ထင်တယ်။ သက်ဆိုင်ရာနိုင်ငံတကာသံရုံးက လူတွေရဲ့ထင်မြင်ချက်တွေ၊ တိုးတိုးတိတ်တိတ်သုံးသပ်ကြတာတွေ၊ ခေါင်းဆောင်တွေ တခါးပိတ်ဆွေးနွေးချက်တွေ၊ တိုးတိုးတိတ်တိတ် အလွတ်သဘောာဆွေးနွေးကြတာတွေ ပါလာဖို့များတယ်။

ကလူသစ်