(ကဗျာနှင့် ပြည်သူ) ကျွန်တော်တို့ ဗမာကဗျာမှာလဲ မူလရင်းမြစ်ဟာ
ပြည်သူတွေဘဲ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။ အလုပ်သမားတွေရဲ့
အလုပ်ခွင်က ကျူးရင့်လိုက်တဲ့တေးသံတွေ၊ လှေထိုးသားတွေရဲ့
“ရိုးဟေးငြာ” သံတွေကအစ မိခင်တွေရဲ့ သားချော့သံတွေ၊ ကလေး
သူငယ်တွေရဲ့ ကစားပျော်ရွှင်ရာက ပေါ်ထွက်လာတဲ့ ဟစ်ကြွေးသံ
တွေ၊ လယ်ယာချောင်းမြောင်းဆီက သီဆိုကြတဲ့ တေးသံတွေ၊ ဘုရားပွဲ
နတ်ပွဲဆီကကြားရတဲ့ တေးသံတွေ၊ ကာလသားဝိုင်းက အစုနဲ့ အဝေးနဲ့
ထိုးလိုက်တဲ့ သံချပ်တွေ၊ ညအခါ လသာသာ တလင်းပြင်မှာ ဖွက်ဆို
ကြတဲ့ စကားထာတွေ စသဖြင့် ပြည်သူတွေရဲ့ လူမှုပတ်ဝန်းကျင်
ထဲမှာ ကဗျာတွေ ထွက်ပေါ် တည်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။

ကဗျာဆရာဆိုတာ ပြည်သူတွေရဲ့ အသံကို ကိုယ်စားပြုသူဘဲ
ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တကဲ့ခံစားရချက်တွေကို အာဝဇ္ဇန်း
ကောင်းတဲ့ ကဗျာဆရာက သူတို့ကိုယ်စား သီဆိုကျူးရင့်လိုက်ခြင်း
သာ ဖြစ်ပါတယ်။ (၂၇- ၃- ၁၉၆၆)
…… ….. …
တက္ကသိုလ်ဘုန်းနိုင်
ကဗျာကို “ပညာရှိတို့၏ ပစ္စည်း” ဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်
ကို မနှစ်သက်သူတို့သည် …
ကဗျာကား … “က၀ိတို့၏ ပစ္စည်း” … “က၀ိတို့၏ လက်ရာ”၊
“က၀ိတို့၏ ဖန်တီးမှု” ဟု ဆိုလျှင် မည်သို့ သဘောထားကြ
လေသနည်း ….
က၀ိဆိုသော စကားသည် “ပညာရှိ” သူဟု အဓိပ္ပါယ်တစ်ခုတည်း
ကိုသာ ပေးသည် ဟုတ်ပါလေ။ ထိုစကားက …. ကဗျာ သီကုံးတတ်
သူ၊ ကဗျာဆရာ၊ စာပေစီကုံးသူ၊ စာဆိုတော်ဟူသော အဓိပ္ပါယ်တွေ
ကိုလည်း ပေးပါသည်။ ကဗျာဆရာ “က၀ိ” လေးမျိုးရှိလေရာ … ထို
လေးမျိုးတို့ကို ပါဠိပညာရှင်ကြီး ချီးလ်ဒါးစ် (Childers) အဓိပ္ပါယ်
ပေးပုံကို ဖတ်ရူ့ပါ။
“ There are four sorts of poets; cintaဲkavi, sutakavi, atthakavi,
patibhaဲnakavi ; the poet of imagination or fiction, the poet
of tradition, the poet of real life, the improvisatore. ”
ချီးလ်ဒါးစ် ရှင်းပြသော ကဗျာဆရာလေးမျိုးကို မြန်မာဘာသာနှင့်
စဉ်လျှင် ….
စိန္တက၀ိ= စိတ်ကူးကြံစည်တို့တွင် စပ်သီသော ကဗျာဆရာ
သုတက၀ိ= အစဉ်အလာအရ ကြားသိသည်တို့ကို စပ်သီသော
ကဗျာဆရာ
အတ္ထက၀ိ= ပကတိလောက၌ ဖြစ်ရှိသည်တို့ကို စပ်ဆိုသော
ကဗျာဆရာ
ပဋိဘာနက၀ိ= တင်္ခဏုပ္ပတ္တိဥာဏ်ဖြင့်တည်း စပ်သီနိုင်သော
ကဗျာဆရာ …
ဟူ၍ ရသည်။
ခေတ်အဆက်ဆက်မှ ယနေ့ခေတ်အထိ ရှိနေသော ကဗျာဆရာ
အားလုံးကို စစ်ဆေးကြည့်ပါ။ အထက်၌ ဆိုခဲ့သော က၀ိလေးမျိုးမှ
ကင်းသူ ကဗျာဆရာတစ်ဦးမှ မရှိ။ ကြိုက်ကြိုက် … မကြိုက်ကြိုက်
အားလုံး “က၀ိ” တွေချည်းပင်။ ကဗ္ဗကရဏ ဟူသော စကားက
ကဗျာ စီကုံးခြင်းဟု အဓိပ္ပါယ်ရသည်။ ကဗ္ဗကာရ ဟူသော စကားက
ကဗျာစီကုံးသူ ဆရာ။ က၀ိကတ ဟူသည်က … “ကဗျာဆရာတို့
စီကုံးအပ်သည်” ဟု အဓိပ္ပါယ်ရှိသည်။ ကဗ္ဗကာရဟူသော ကဗျာ
ဆရာသည် က၀ိကတဖြစ်သော ကဗ္ဗကရဏ အမှုကို ပြုကြသည်။
ကဗျာကို ကဗျာဟု ခေါ်နေသမျှ …၊ ကဗျာဟူသည် လောက၌
ရှိနေသမျှ က၀ိသဘောကို ငြင်းပယ်၍ မရ ….။
…… ….. …
မောင်သာနိုး
(ကဗျာအတွက် ကဗျာ) ကဗျာကို ဂီတဘက်နွယ်အောင်၊ ဂီတသဘော
သက်ရောက်အောင် လုပ်တယ်ဆိုတာဟာ တနည်းအားဖြင့်တော့
ကဗျာကို တစ်ဦးချင်းရဲ့ စိတ်ခံစားမှုများ၊ စိတ်လှုပ်ရှားမှုများ ကျက်
စားရာအဖြစ် လုပ်ခြင်းပါပဲ။ ရောမန္တိကတွေထက်တောင် တစ်ဦးချင်း
သဘောဆောင်တဲ့ လက္ခဏာပါပဲ။ ကဗျာဟာ ကဗျာဆရာတစ်ဦး
ထဲရဲ့ ပုဂ္ဂလိကကိစ္စရပ်လေး တစ်ခုလိုဖြစ်လာပြီး၊ စာဖတ်ပရိသတ်
နဲ့ ဆက်သွယ်လို့မရအောင် ဖြစ်လာရပါတော့တယ်။ သင်္ကေတ၀ါဒ
ဆိုတဲ့ အမည်ကိုက ခပ်ရှုပ်ရှုပ်ပါ။ မာလာမေတို့ ပြောတဲ့သင်္ကေတ
ဆိုတာ အများနားလည်တဲ့ သင်္ကေတမျိုး မဟုတ်ပါဖူး။ အများနားလည်
နေတာက သင်္ကေတမျိုး မဟုတ်ပါဘူး။ အများနားလည်နေတာက
သင်္ကေတဆိုတာ တစုံတခုကိုယ်စား လူအများက ၀ိုင်းပြီး အမှတ်
အသား ပြုထားတဲ့ အရာတခုဖြစ်ပါတယ်။ ဥပမာ ဆေးရုံကို ကြက်ခြေနီ၊
ပညာကို မီးရှူး။ ရှေးရှေးက စာဆိုတွေသုံးခဲ့ကြတဲ့ သင်္ကေတဆိုတာ
လည်း အလားတူ သဘောဆောင်ပါတယ်။ သဘောသဘာဝ တူမျှတာ
ကိုယူပြီး သင်္ကေတပြုခဲ့ကြခြင်းပါ။ “ရွှေလိပ်ပြာရွှင်စေ့မယ်” ဆိုရာမှာ
“လိပ်ပြာ” ဟာ ၀ိညာဉ်ကို ပြောတာပါပဲ။ ရှေးအယူအရ ၀ိညာဉ်ဟာ
လိပ်ပြာကလေးနဲ့တူတယ်ဆိုလို့ ဒီလိုသုံးခြင်းဖြစ်ပါတယ်။ “သကျ
မျိုးရိုး ခြင်္သေ့မင်း” လို့ ဘုရားကို ခေါ်ဝေါ်တာဟာလည်း ရဲရင့်တာ
ခြင်းတူလို့ ခေါ်တာဖြစ်နိုင်ပါတယ်။ သင်္ကေတ၀ါဒီတွေရဲ့ သင်္ကေတ
က ဒီလို မဟုတ်ပါဘူး။ ကဗျာဆရာက သူ့မှာဖြစ်ပေါ်လာတဲ့ စိတ်
အတွေးတွေကို ကိုယ်စားပြုဖို့ သူထင်သလို ရွေးချယ်သုံးနှုန်းလိုက်တဲ့
ပစ္စည်းတွေပါ။ ဥပမာ ကဗျာဆရာတစ်ယောက်က သူအိပ်ချင်စိတ်
ဖြစ်လာတာကို ပြောချင်ရင် “ငါ့ ခေါင်းထဲ ပိုးနသန်ကောင်တွေ တွား
ဝင်လာနေတယ်” လို့ ပြောတာမျိုးပါ။ တနည်းအားဖြင့်တော့ သူ့
အတွေး၊ သူ့စိတ်ကူးတွေကို တမင် လူများတကာ မရိပ်မိအောင်
ဖုံးကွယ်ပေးတဲ့ မျက်နှာဖုံးလို ရုပ်ဖျောက်စရာ ပစ္စည်းများပါပဲ။
မာလာမေက ဒီလိုပြောပါတယ်။ “ပါနဲဆယန်တွေက အရာဝတ္ထုကို
သူရှိနေတဲ့ အတိုင်းပဲယူပြီး ကျုပ်တို့ရှေ့ ချပြတယ်။ အဲဒီတော့ လျှို့ဝှက်
တဲ့ သဘောမပါတော့ဘူး။ အဲဒီတော့ ဖန်ဆင်းနေရတာပဲလို့ ယုံရတဲ့
အရသာကို စိတ်ထဲမှာ မရှိစေတော့ဘူး။ ပစ္စည်းတစ်ခုကို နာမည်ထုတ်
ပြောလိုက်တာဟာ ကဗျာဖတ်ရတဲ့ အရသာကို လေးပုံသုံးပုံ လျှော့ကျ
သွားစေတယ်။ ကဗျာအရသာဆိုတာက နည်းနည်းချင်း နည်းနည်းချင်း
ခန့်မှန်းလို့ ရရှိတဲ့ အခါမျိုးမှာမှ ပေါ်တာကလား။ အရိပ်အမြွက်ပြပေး၊
သိချင်အောင်ဆွပေး၊ ဒါဟာ စိတ်ကူးကို စွဲမက်စရာ ဖြစ်စေတယ်။”
သင်္ကေတ၀ါဒ လှုပ်ရှားမှုဟာ ပထမတော့ ပြင်သစ်ပြည်အတွင်းမှာပဲ
နယ်သန့်နေခဲ့ပါတယ်။ လေးလေးနက်နက်ခေါင်လွန်းတဲ့ ကဗျာမျိုးကို
မှလဲ သုံးကြတယ်။ နောင်မှာတော့ တစတစနဲ့ အနောက်တိုင်း ကမ္ဘာ
တစ်ခုလုံး ပြန့်နှံ့သွားပြီး ဒီနည်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်
အသုံးချလာကြပါတော့တယ်။ ကနေ့ခေတ်ရဲ့ စာပေရာဇ၀င်ဟာ
သင်္ကေတ၀ါဒ ဖြစ်ပေါ်လာပုံ သဘာ၀၀ါဒနဲ့ ဆန့်ကျင်ခဲ့ရပုံ ရာဇ၀င်ပါ
ပဲလို့ ဆိုကြပါတယ်။ ကနေ့ ခေတ်ပေါ်ကဗျာ (“မော်ဒန်”) ဆိုတာ
သင်္ကေတ၀ါဒကဗျာက စလိုက်တာပါပဲ။ ဂျွန်ကိစ်ရဲ့ ပထမဆုံး ကဗျာ
စာအုပ်ကို ဖတ်ရတော့ လီးဟန့်က ဂျွန်ကိတ်စ်ဟာ “ကဗျာအတွက်
ကဗျာ” ရေးတာပဲလို့ မှတ်ချက်ချပါသတဲ့။ သင်္ကေ၀ါဒီတွေလည်း
ထိုနည်းလည်းကောင်းပါပဲ။ ထေယော်ဖိလ် ဂိုတျယ် ဖြန့်ဖြူးခဲတဲ့
“အနုပညာအတွက် အနုပညာ” ဆိုတဲ့ ဆောင်ပုဒ်ပေါ်မှာ သူတို့
ရဲ့ လှုပ်ရှားမှုကို တည်ဆောက်ထားခြင်းပါပဲ။
……. ….. …
မောင်စွမ်းရည်
(၀င်းငြိမ်း) ကဗျာဘက် ဆက်လိုက်ကြရအောင်၊ “ကဗျာ” ဆိုတဲ့
ဝေါဟာရကို ဆရာ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုမလဲ …။
(မောင်စွမ်းရည်) ကဗျာဆိုတာ ဘာသာစကားရဲ့ အညွှန့်အဖူး
ဖြစ်တယ်။ ကဗျာဆရာတစ်ယောက်ရဲ့ အတွေ့အကြုံထဲက ရရှိ
လာတဲ့ ခံစားမှုတစ်ခုကို အကောင်းဆုံးစိတ်ကူး၊ အကောင်းဆုံး
စကားလုံးတွေနဲ့ အကောင်းဆုံးအသံ ပေါ်ထွက်လာအောင် စီစဉ်
ဖော်ကျူး ရေးဖွဲ့ထားတဲ့ စာပေပုံသဏ္ဌာန်တစ်မျိုးကို ကဗျာလို့
ခေါ်ပါတယ်။ ရှေးကတော့ “ကဗျံဗန္ဓတီတိက၀ိ” တဲ့။ “က၀ိနံအယံ
ကဗျာ” တဲ့ ….။
(၀င်းငြိမ်း) ကာရန်မဲ့ကဗျာကို ဆရာ လက်ခံပါသလား …။
(မောင်စွမ်းရည်) ဘာကဗျာဖြစ်ဖြစ် ကောင်းရင် လက်ခံပါတယ် …။
…... ….. …
ဒေါင်းနွယ်ဆွေ
(၀င်းငြိမ်း) ဒီနေ့ ကဗျာလောကမှာ ကာရန်မဲ့ကဗျာနဲ့ ပက်သက်ပြီး
တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာကြပါတယ် ဆရာ။ ဆရာ
နဲ့ ပက်သက်ပြီး ကျွန်တော် လေ့လာလို့ ရခဲ့သလောက်အထဲက
ပြောရရင် ကာရန်မဲ့ ကဗျာကို ဆရာက စခဲ့တာလို့ သိရပါတယ်။
ဒီတော့ ကာရန်မဲ့ကဗျာကို ဘာကြောင့် ဆရာ ဖန်တီးခဲ့တာလဲ
ဆိုတာကစပြီး သိချင်ပါတယ် ဆရာ …။
(ဒေါင်းနွယ်ဆွေ) ကိုဝင်းငြိမ်းက ကျွန်တော် သိပ်ပြောချင်တဲ့ အကြောင်း
ကစလိုက်တော့ ပြောရတာပေါ့။ ကာရန်မဲ့ကဗျာနဲ့ ပက်သက်ပြီး သိပ်
ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလထွက်တဲ့ အထူးထုတ်
မဂ္ဂဇင်းကြီးတစ်ခုထဲမှာ ကာရန်မဲ့ကဗျာကို တော်တော် အားပေးတယ်
ဘာညာ ပြောထားတယ်။ တကယ် ဖတ်ကြည့်တော့ ကာရန်မဲ့ တစ်ပုဒ်မှ
မပါဘူး။ ကာရန်တွေ ချိတ်ထားတဲ့ ကာရန်ပျက် ကဗျာတွေပဲ တွေ့တယ်။
ကာရန်မဲ့ကဗျာဆိုတာ ကာရန်တစ်လုံးမှ မပါရဘူး။ ဒါမှ ကာရန်မဲ့ ခေါ်
တယ်။ အခုဟာက ကာရန်တွေ ချိတ်သုံးထားကြတာ တွေ့ရတယ်။
ကျွန်တော်ပြောချင်တဲ့ ကာရန်မဲ့က ဒါမဟုတ်ဘူး။ ကာရန် မပါတဲ့
အတွက်ကြောင့် သူက ပိုပြီး ခက်ခဲတယ်။ ကာရန်မဲ့ကဗျာကို ကျွန်တော်
ဘယ်တုန်းက စသုံးခဲ့သလဲဆိုတော့ ၁၉၅၉ ခုနှစ်က ရှုမ၀တိုက်ကနေ
“ကဗျာ့ပုလဲကုံး” ဆိုတဲ့ စာအုပ်ထုတ်တယ်။ ကဗျာ၊ ၀တ္ထုတွေ ရေးရတာ
ငြီးငွေ့တုန်း အာရှ- အာဖရိက စာရေးဆရာ ညီလာခံအတွက် ကျွန်တော်
ဆိုဗီယက်ကို ပါသွားတယ်။ အဲဒီမှာ ကာရန်မဲ့ကဗျာ ဖန်တီးဖို့ စခဲ့တာပဲ။
ဟိုမှာ ဘာတွေ့ရသလဲဆိုတော့ စန္ဒရားဆရာမလေး တစ်ယောက်
စန္ဒရားတီးပြတယ်။ သီချင်း မဟုတ်ဘူး။ သူ တီးချင်တာ တီးနေတာ
ပဲ။ မုန်တိုင်းတိုက်တယ်၊ သစ်ရွက်ကြွေတယ်၊ လေတွေ ငြိမ်သွားတယ်၊
မြင်းခွာသံတွေ ဖြစ်ချင်ဖြစ်လာမယ်။ ပြောရရင် Song Without Words
ပေါ့။ ကျွန်တော်တို့ မြန်မာဂီတမှာလည်း တယောနဲ့ ပတ်သက်ပြီး
ရှိပါတယ်။ ဘိုးတံအဖျားကနေ အရင်းအထိ ထိုးချင်သလို ထိုးသွားတာ၊
နွဲ့သွားတာ၊ ဘယ်လူးညာလှည့် ၀င်ချင်သလို ၀င်လာတာတွေ။ စန္ဒရား
မှာ သူ အဲဒီလို လုပ်ချင်သလို လုပ်သွားတယ်။
နောက်တခါ ဘာတွေ့ရပြန်သလဲဆိုတော့ ဘဲလေး ကကွက်။ ကချင်
တာ ကသွားတာပဲ၊ ဇာတ်လမ်း မရှိဘူး။ Bellet Without Plot ပေါ့။
ဘဲလေးကကွက်တော့ ဟုတ်တယ်၊ ဒါပေမဲ့ ဇာတ်လမ်း မရှိဘူး။
နောက်ဆုံးကျတော့မှ ဒီကကွက်ရဲ့ နာမည်ကို စာတန်းထိုးပြလိုက်
တယ်။ Thief တဲ့၊ သူခိုးပေါ့။
Painting Without Subject ဆိုတာလည်း ရှိတယ်။ အကြောင်း
အရာမဲ့သော ပန်းချီကားပေါ့။ နောက် Sculpture Wihtout Object
ပန်းပုရုပ်တော့ ပန်းပုရုပ်ပဲ၊ ဒါပေမဲ့ ဘာရုပ်မှန်း မသိဘူး။ Abstract
ဆန်ဆန်ပေါ့။ အကြောင်းအရာတွေ ပျောက်သွားတယ်။ ဒါပေမဲ့
လွတ်လပ်စွာ ကွန့်မြူးခွင့်ဆိုတာတော့ ပါတယ်။ နောက်
Country Without Boarder နယ်နိမိတ်မဲ့သောနိုင်ငံ ဆိုတာတွေ
လည်း ရှိသေးတယ်။
အဲဒီအကြောင်းအရာတွေကို ကျွန်တော် သဘောကျပြီးတော့ ကဗျာ
မှာ တီထွင်ကြည့်ချင်လို့ ပြန်လာတော့ (ရှုမ၀) ဦးကျော်ကို ပြောပြ
တယ်။ ကျွန်တော် ဒီလို ရေးချင်တယ်လို့၊ ဦးကျော်ကလည်း ရေးပါ
ဆိုတာနဲ့ ကျွန်တော် ရေးဖြစ်သွားတယ်။ “မိုးသောက်ပန်း ကဗျာများ”
ဆိုပြီး သီးသန့်ကဏ္ဍ ထည့်ထားပါတယ်။ အဲဒီမှာ ကဗျာတွေအောက်
က ဘာကြောင့် ဒီကဗျာ ဖန်တီးတယ်ဆိုတာ မှတ်ချက်တွေ ထည့်ခဲ့
ပါတယ်။ “စောင်းသမားနှင့် မုန်တိုင်း” ဆိုတဲ့ ကဗျာအောက်မှာ ကျွန်တော်
ဒီလို ရေးခဲ့ပါတယ်။ (ကာရန်မပါသော ကဗျာစာတမ်းနုကို ၀တ္ထုကဲ့သို့
ရေးသားသီဖွဲ့သဖြင့် ဤကဗျာကို ကာရန်မဲ့ကဗျာဟု စမ်းသပ် အမည်
ပေးခြင်း ဖြစ်ပါသည်) အဲဒီလို ရေးခဲ့တယ်။
ဒီတုန်းက ၀ိုင်းဆဲခဲ့ကြတာ ခေါင်းတောင်မဖော်နိုင်ခဲ့ပါဘူး။ ဒါ ၁၉၅၉
ခုနှစ်က အဖြစ်အပျက်။ ဒီနေ့ ၁၉၈၄ ခုနှစ်ဆိုတော့ နှစ်အစိတ် ရှိခဲ့
ပါပြီ။ အခု ကာရန်မဲ့ကဗျာ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ ဟိုလူ လုပ်
သလိုလို၊ ဒီလူ လုပ်သလိုလို ဖြစ်နေတယ်။ အမှန်က မှတ်တမ်းမှတ်ရာ
နဲ့ ရှိခဲ့တာပဲ။ သူတို့ ဆက်လုပ်လာကြာတာ တွေ့ရတော့ ကျွန်တော်
ဝမ်းသာပါတယ်။ ဒါပေမဲ့ သူတို့ လုပ်နေကြတာတွေက ကာရန်မဲ့ကဗျာ
ဆိုပြီး ကာရန်တွေ ချိတ်နေတယ်။ ကာရန်ပျက်တွေ ဖြစ်နေတယ်။
ကလေးတွေ လိုက်ရေးရင် ဒုက္ခရောက်ကုန်မယ်။ လွယ်လွယ်ကူကူနဲ့
ရေးတာမျိုးတွေ ဖြစ်နေတယ်။
ကာရန်ပျက်ကဗျာတွေရဲ့ အန္တရာယ်က တော်တော်ကြီးပါတယ်။
ကာရန်မဲ့ဆိုတာ ကျွန်တော် ပြောပြမယ်။ ဟောဒါ ကာရန်မဲ့။ ကဗျာ
နာမည်က “မွှေးလွန်းသောအဆိပ်”။ ကာရန်တစ်လုံးမှ မပါဘူး။
ကျွန်တော် ဖတ်ပြမယ်။
အချစ်ဟာ ငါရဲ့နန်းတော်
အချစ်ဟာ ငါရဲ့ရဲတိုက်
အချစ်ဟာ ငါရဲ့ရထား
အချစ်ဟာ ငါရဲ့လှေကား
အချစ်ဟာ ငါရဲ့တံခါး
အချစ်ဟာ ငါရဲ့ပလွေ
အချစ်ဟာ ငါရဲ့သီချင်း
အချစ်ဟာ ငါရဲ့စမ်းချောင်း
အချစ်ဟာ ငါရဲ့အိပ်မက်
အို ….. အချစ်ဟာ သေမင်းလက်ထဲက
ငါ့အတွက် မွှေးကြိုင်ဆုံးအဆိပ်ပန်း။
ဘယ်မှာလဲ ကာရန်၊ တစ်ခုမှ မပါပါဘူး။ အခု ရေးနေကြတဲ့ ကာရန်မဲ့
ကဗျာ ဆိုတာတွေက ကာရန်တွေ ပါနေကြတယ်။ ဒီကြားထဲမှာ ကာရန်
မဲ့ကဗျာကို “လွတ်လပ်ကာရန်” ဆိုပြီး ခေါ်တဲ့သူက ခေါ်တယ်။ “ဗလာ
ကဗျာ” လို့ ခေါ်တဲ့သူက ခေါ်သေးတယ်။ ဆောရီးပါပဲ။ ကျွန်တော်
ယူကတည်းကိုက အင်္ဂလိပ်စာလုံး Without ဆိုတာကို တိုက်ရိုက်
ဘာသာပြန် ယူထားတာပဲ။ တခြားစကားလုံး အစားထိုးလို့ ဘယ်နည်း
နဲ့မှ မရနိုင်ပါဘူး။ Free Verse ဆိုတာလည်း ကျွန်တော် လက်မခံပါဘူး။
Free Verse ဆိုတာ မရှိဘူး။ Blank Verse ပဲ ရှိတယ်။ ဂျပန်မှာလည်း
လုပ်တော့ လုပ်ခဲ့ကြသေးတာပဲ။
အဲဒီတော့ ကျွန်တော် ပြောချင်တာက ကာရန်မဲ့ကဗျာဆိုရင် ကာရန်
လုံးဝ မပါပါဘူး။ ကာရန်ချိတ် ရေးပြီး ကာရန်မဲ့ကဗျာပါလို့ ပြောရင်
ပြောတဲ့သူလည်း မှားတယ်၊ ရေးတဲ့သူလည်း မှားတယ်။ ကာရန်ကို
မလိုချင်လို့ ကာရန်မဲ့ကဗျာကို ရေးကာမှ ဘာကိစ္စ ကာရန်က ပါလာ
ရမှာလဲ။ ကာရန်မဲ့ကဗျာကို စောစောက ပြောသလို ၁၉၅၉ ခုနှစ်
ကတည်းက ကျွန်တော် ထွင်ခဲ့တယ်။ အောင်မြင်ချင်လည်း အောင်မြင်
မယ်၊ မအောင်မြင်ချင်ရင်လည်း မအောင်မြင်ဘူး။ ဒါပေမဲ့ ကာရန်မဲ့ကိစ္စ
လှိုင်းဂယက် ထလာတယ်ဆိုတော့ ကျွန်တော် အောင်မြင်တယ်
ဆိုရမှာပေါ့။
ကာရန်မဲ့ကဗျာဆိုပြီးမှ ကာရန်ပါလာရင် ကဗျာမှာ ဂုဏ်သိက္ခာ
အကျဆုံးပဲ။ ကျွန်တော်တို့ ကာရန် စည်းကြပ်ထားတဲ့အထဲက ကာရန်
ကို မတတ်သာလို့ ချိုးဖောက်တယ်ဆိုရင် ဒါက တစ်မျိုး။ အခုဟာက
လွယ်လွယ်နဲ့ လျှောက်လုပ်နေပြီး ကာရန်မဲ့ကဗျာပါလို့ တပ်လာရင်
တော့ ဆောရီးပဲ။ ကာရန်မဲ့ကဗျာက ပိုခက်တယ်။ စောစောက ပြောခဲ့
သလို ကဗျာ ၀တ္ထုရှည်တွေ အများကြီး ရေးခဲ့ပြီးမှ ကာရန်မဲ့ကဗျာ
ကျွန်တော် ရေးခဲ့တာပါ။
…... ….. …
စာအုပ်စာတမ်းများ-
တက္ကသိုလ်ဘုန်းနိုင် (လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ။ အခန်း-၂၃ )
မောင်သာနိုး (ဂျော့သွမ်ဆန်၊ ကဗျာသဘောတရား)
မောင်သာနိုး (ထင်းရှုးပင်ရိပ်)
ဝင်းငြိမ်း (၀င်းငြိမ်းနှင့် စာရေးဆရာများ-၃)
4 comments:
ကဗျာဆရာ အမျိုးမျိုးရဲ့ အမြင်အမျိုးမျိုးပေါ့။
အားလုံးက လေးစားရတဲ့ ဆရာတွေချည်းပါပဲ။ အလွန် ကောင်းပါတယ်။
ကဗျာကို ချစ်တဲ့ ကျမကတော့ ကိုယ်နဲ့ ရင်ခုန်သံ နရီချင်း တူတဲ့ ဘယ်လို ကဗျာအမျိုးအစားကို မဆို နှစ်သက်တယ်။
ခုလောလောဆယ်တော့ ကျေးလက်ကဗျာလေးတွေ ဖတ်ရတာ စိတ်အတွေ့ဆုံးပဲ။
ကိုယ်ပိုင် ဖွင့်ဆိုချက်လေးတွေ မတူတဲ့ ရှု့ထောင့်လေးတွေကနေ တင်ပြပေးတာလေးတွေကို မှတ်သားသွားတယ် ကိုအောင်။
မရောက်တာ ကြာလို့ လာလည် ဖတ်ဖြစ်တယ်။ အကုန် ဖြန့်ဖတ်တဲ့နေရာမှာ ဒီပို့စ်ကိုတော့ အလေးထား ဖတ်ဖြစ်တယ်။ မသိသေးတာတွေအတွက် ကျေးဇူးဗျို့
Do you people have a facebook fan page? I looked for one on twitter but could not discover one, I would really like to become a fan!
Post a Comment