Saturday, 25 September 2010

မလေးရှားက တစ္ဆေများ (၁)

စာရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်သင့်ပါ* ။)

မလေးရှား ကွာလာလန်ပူက ဆာလာယန်းဆိုရင် သိတဲ့လူက
များပါတယ်။ ဆာလာယန်းဖက်က ပါဆာဘရွမ်းဈေးမှာ အလုပ်
လုပ်နေတဲ့ အလုပ်သမား အများစုက မြန်မာပြည်သားတွေ ဖြစ်
ပါတယ်။ ကွာလာလန်ပူမှ ဆာလာယန်းဖက်ကို ဘက်စ်ကား
အမျိုးမျိုးစီးပြီး သွားလို့ ရပါတယ်။ ဆာလာယန်းဒေသ အစွန်းအဖျား
မှာ “ဘူကစ်အစ်ဒမန်” ဆိုတဲ့ ရပ်ကွက် တစ်ခုရှိပါတယ်။ အဲဒီဖက်ကို
နံပါတ် (၅၀)၊ (၉၄ A) နဲ့ (၅၅ D)တို့ကို စီးရင် ရောက်ပါတယ်။
ဂိတ်ဆုံး ရောက်ရင် ညာဖက်အခြမ်းမှာ ရှိတဲ့ မှတ်တိုင်မှာ ဆင်း
လိုက်ပါ။ ဟိန္ဒူဘာသာဝင် ကုလယ် ကုလားတွေ နေထိုင်တဲ့
ရပ်ကွက်တစ်ခု ရှိပါတယ်။ အဲဒီရပ်ကွက်နံဘေးမှာ “Ban Seng Lee”
ဆိုတဲ့ စက်ရုံ တစ်ရုံ ရှိပါတယ်။



အဲဒီစက်ရုံမှာ ၂၀၀၀ ခုနှစ်မတိုင်ခင်က ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒို
နီရှား အလုပ်သမား ၂၀၀ နီးပါးရှိပါတယ်။ ၂၀၀၀ ခုနှစ် ကျော်
တော့ ရွှေမြန်မာတွေ အဲဒီစက်ရုံကို စရောက်လာပါတယ်။ ပထမ
ဆုံး ရွှေ (၂၀)ကျော် စလုပ်ပါတယ်။ နောက် ၂၀၀၀ ခုနှစ်ထဲမှာ
မလေးရှား အစိုးရ တရားမ၀င် အလုပ်သမားတွေကို Work Permit
လုပ်ဖို့ တစ်ခါ ဖွင့်ပေးပါတယ်။ အဲဒီနောက် ၂၀၀၁ ခုနှစ်ထဲ
ရောက်တော့ အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမား အများ
စုဟာ ရွှေမြန်မာတွေ ဖြစ်လာပါတယ်။ ၂၀၀၅ ခုနှစ် နှစ်ဆန်း
အထိ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား (၂၀၀) နီးပါး အလုပ်
လုပ်လျက်ရှိပါသေးတယ်။

အလုပ်ထဲမှာ နေ့ဖက်နဲ့ ညဖက်ဆိုပြီး အလုပ်နှစ်ဖွဲ့ ခွဲထား
ပါတယ်။ ညဖက် အလုပ်သမားတွေဟာ နေ့ဖက် အလုပ်သမား
တွေထက် လစာအားဖြင့် မလေးရှားငွေ တစ်ရာ နှစ်ရာလောက်
ပိုရပါတယ်။ ဒါကြောင့် ရောက်ခါစ မြန်မာအလုပ်သမားများဟာ
မြန်မာပြည်က ထွက်လာတဲ့ အရင်းအနှီး မြန်မြန်ကျေဖို့ ညဖက်မှာ
အလုပ် လုပ်ချင်ကြပါတယ်။ စက်ရုံတည်ဆောက်ထားပုံအရ အပေါ်
ထပ်ဟာ စက်ရုံတစ်ဝက်အထိ ရှိပါတယ်။ အပေါ်ထပ်မှာ
semi-auto လို့ခေါ်တဲ့ အဲယားကွန်မှာ တပ်ဆင်တဲ့ သံစကာ
ကွက် ထုတ်လုပ်ရေး ဌာနနဲ့ အသေးစားအဆင့် လုပ်ငန်းခွင်ပဲ ရှိပါ
တယ်။ အသေးစား ဌာနနံဘေးမှာ မူစလင်ဘာသာဝင်တွေ ၀တ်ပြု
ဆုတောင်းဖို့ အခန်းတစ်ခန်း ရှိပါတယ်။ မလေးရှား ဘာသာရေး
ဥပဒေအရ အလုပ်အချိန်အတွင်း မူစလင်ဘာသာဝင်များ အလုပ်
ခေတ္တရပ်နားပြီး ၀တ်ပြုဆုတောင်းခွင့် ရှိပါတယ်။ အခန်းရဲ့
အ၀င်အ၀မှာ ၀တ်မပြုခင် ကိုယ်လက်သန့်စင်ဖို့ အိမ်သာ
ထဲစီးဝင်တဲ့ ဖိနပ်တွေ ထားရာ ဖိနပ်စင်တစ်ခု ရှိပါတယ်။

အဆိုပါ အသေးစားအဆင့် ဌာနတွင် ညဖက် အလုပ်သမား
အနေဖြင့် များများစားစား မထားပါ။ လေးဦး ငါးဦးလောက်
သာ အလုပ် လုပ်လေ့ရှိပါတယ်။ လုပ်ရသော အလုပ် အနေ
အထားမှာ ပေါ့ပေါ့ပါးပါးနဲ့ အန္တရာယ်လည်း ကင်းသောကြောင့်
မြန်မာအလုပ်သမားများက စိတ်ဝင်စားကြပါတယ်။ သို့သော်
ယင်းဌာနတွင် မူစလင်ဘာသာဝင်မှ အပ အခြားဘာသာဝင်
များအား မခန့်အပ်ခဲ့ပါ။ ၂၀၀၁ ခုနှစ်အတွင်း ဗုဒ္ဓဘာသာ
ဝင် မြန်မာအလုပ်သမား နှစ်ဦးအား အဆိုပါဌာနမှာ ညဖက်
အလုပ်သမားအဖြစ် ပထမဆုံး စထားပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမား လေး ... ငါးဦးကို ကြီးကြပ်
ရသူက “နဇဘွန်း” ခေါ် ဘင်္ဂလားဒေ့ရှ်တစ်ဦးပါ။ သူ မှာကြား
ထားပုံက ...
“အလုပ် လုပ်နေတဲ့အချိန်အတွင်း နောက်ကနေ တစ်ယောက်
ယောက် ဖြတ်သွားတာတို့ အသံတစ်ခုခု ကြားတာတို့
ရှိရင် နောက်ကို ချက်ချင်း လှည့်မကြည့်ပါနဲ့၊ ကိုယ့်မျက်စိရှေ့မှာ
ရှိတဲ့ စက်ကိုပဲ ဂရုစိုက်ပါ၊ ပစ္စည်းရော လူပါ ထိခိုက်နိုင်တယ် ...”

ပထမ တစ်ရက် နှစ်ရက်တော့ အေးအေးဆေးဆေးပါ။ ဒီလိုနဲ့
တစ်ရက်ကြတော့ နံဘေးမှာ အလုပ် လုပ်နေတဲ့ အင်ဒိုနီးရှား
အလုပ်သမားက အလုပ် လုပ်နေရင်းနဲ့ နံဘေးကို မျက်စောင်း
ထိုးပြပါတယ်။ အနောက်မှာ မူစလင်ဘာသာဝင်တွေ ၀တ်ပြုတဲ့
အခန်းဝက “ဆင်ကြယ်” ဖိနပ်လို ဖိနပ်တစ်ရံ အလိုလိုရွေ့နေ
ပါတယ်။ ဒါနဲ့ စက်ပိတ်ပြီး သေသေချာချာ လှည့်ကြည့်ပါတယ်၊
မျက်စိရှေ့မှာတင် ဖိနပ်က လုံးဝ မရှိတော့ပါ။ နောက်ပိုင်း ရက်တွေ
မှာလည်း အဲလိုမျိုး မကြာခဏ တွေ့ရလေ့ရှိပါတယ်။ အလုပ်ထဲ
က အင်ဒိုနီးရှား အလုပ်သမား တစ်ယောက်ကို မေးကြည့်တော့ …
“ည ၁၂ နာရီနဲ့ တစ်နာရီကြားမှာ “ဂျင်”လို့ ခေါ်တဲ့ အရာတွေ
သွားလာ လှုပ်ရှားလေ့ရှိတယ်၊ ဒီအခန်းထဲက ဂျင်က နည်းနည်း
ကြမ်းတယ်၊ အလုပ်နားတဲ့ အချိန်တိုအတွင်း ဒီအခန်းထဲမှာ
မအိပ်မိစေနဲ့ ပြဿနာရှိတယ် ... ”

အဲဒါနဲ့ မြန်မာတစ်ယောက်ကနေ တခြားတစ်ယောက်ဆီ အဆင့်
ဆင့် သတင်းက ရောက်သွားပါတယ်။ မယုံဘူး စမ်းကြည့်မယ်
ဆိုတဲ့ အလုပ်သမား လေး ... ငါးယောက်က အစီအစဉ်တစ်ခု
ရေးဆွဲပါတော့တယ်။ ည ၁၂ နာရီကနေ ၁၂ နာရီ ၄၅ မိနစ်အထိ
ညပိုင်း အလုပ်ခွင်မှာ ထမင်းစားဖို့ ခဏနားပါတယ်။ အဲဒီအချိန်
အတွင်း စမ်းမယ်ပေါ့ ....။ ပထမဆုံး စ’စမ်းတဲ့ အလုပ်သမားက
ဝဏ္ဍထွန်းနဲ့ ကျော်ဦး ဆိုသူတို့ပါ။ ခုံတန်းလျား စုပြီး အဲဒီပေါ်မှာ
တက်အိပ်ပါတယ်။ ညဖက် အစားပြေ “နာစီးနမ” (ထမင်းပေါ်တွင်
ငရုတ်သီးနဲ့ ရောချက်ထားသော ငါးခြောက်ဟင်း အနည်းငယ်
ပါသည့် မလေးရှား အစားအစား)ကို စားပြီး စ'အိပ်ကြပါတယ်။
သူတို့နဲ့ မလှမ်းမကမ်းမှာ တခြား မြန်မာအလုပ်သမား လေး
ငါးယောက်က စောင့်ကြည့်ကြပါတယ်။ သူတို့နှစ်ဦးစလုံးက
ခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့ လူစားမျိုးတွေပါ။

ဆယ်မိနစ်လောက်နေတော့ သူတို့နှစ်ယောက်လုံးဆီက
ဟောက်သံတွေ ကြားရပါတယ်။ နောက်ထပ် ဆယ်မိနစ်
လောက်ကြာတဲ့အထိ ဘာမှ မဖြစ်သေးပါဘူး၊ ဟောက်သံ
တော့ တိတ်သွားပါတယ်။ ဒါနဲ့ စောင့်ကြည့်နေတဲ့ အုပ်စုထဲမှ
တစ်ယောက်ကနေ ဒီကောင်တွေ ကြည့်ရတာ ဘာမှ ထူးခြားပုံ
မရဘူး၊ သူတို့နံဘေးမှာ ငါ သွားအိပ်မယ်ဆိုပြီး သူတို့နံဘေး
သွားအိပ်ပါတယ်။ အိပ်ပျော်သူတွေရဲ့နံဘေးနား ရောက်သွားတဲ့
အဲဒီလူက လှမ်းအော်လို့ ကျန်တဲ့သူတွေ အပြေးအလွှား သွား
ကြည့်ကြပါတယ်။ အိပ်နေတဲ့ နှစ်ယောက်စလုံးက မျက်လုံးပြူးပြီး
မျက်ဆန်အမဲက လှုပ်နေပါတယ်။ သူတို့ ပါးစပ်က အနည်း
ငယ် ပွင့်နေပြီး အသံထွက်ဖို့ အားယူနေသလိုပါ။ ဘီးလူး စီးနေ
တာနဲ့ တူတယ်... လို့ တစ်ယာက်ကပြောမှ သူတို့နှစ်ယောက်
ကို လှုပ်နိုးလိုက်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပြောပြပုံအရ
အိပ်ပျော်ခါစမှာ ရင်ပတ်ပေါ်ကို တစ်ယောက်ယောက် တက်
ဖိထားပါတယ်။ လူက နိုးနေသော်လည်း အသံထွက်ဖို့
ကြိုးစားတာ မရပါဘူး။ ကျန်တဲ့သူတွေသာ လှုပ်မနိုးရင် သူတို့
နှစ်ယောက်လုံး သေရတော့မဲ့ အနေအထားလို့ သိရပါတယ်။

အဲဒါကို ငမိုးဆိုတဲ့ မြန်မာ အလုပ်သမားတစ်ယောက်က ငြင်းဆန်
ပါတယ်။ ထမင်းစားပြီး အိပ်လို့ အစားမကြေရင် အဲလို ဖြစ်တတ်
တယ်၊ နောက်တနေ့ ငါ အိပ်ပြမယ်ဆိုပြီး လုပ်ပါတယ်။ နောက်
တစ်နေ့တွင် အရင်နေ့က ပုံစံအတိုင်း ငမိုး အိပ်ပြပါတယ်။ သူ့နံဘေး
မှာ အားလုံးဝိုင်းကြည့် နေကြပါတယ်။ ထမင်းစားချိန် ၄၅ မိနစ်သာ
ကုန်သွားပါတယ်။ ငမိုးထံတွင် ထူးထူးခြားခြား မတွေ့ရပါဘူး။ အလုပ်
ပြန်စဖို့ ဘဲလ်မြည်သံကြောင့် ငမိုးကို လှုပ်နိုးကြပါတယ်၊ နိုးမရတော့
ပါ။ လုံးဝသတိလစ်နေပါပြီ။ နည်းမျိုးစုံ လုပ်သော်လည်း သတိ မရ
တော့ပါ။ ဆာလာယန်း ဆေးရုံကို ညတွင်းချင်း ပို့လိုက်ရပါတယ်။
ငမိုး ပြောပြတာက ... သူ အိပ်သွားပါတယ်။ သူ့ကို ကုလား
တစ်ယောက်နဲ့ ကုလားမ တစ်ယောက် ခြေထောက်ကနေ
ဆွဲပြီး အခန်းထဲကနေ စက်ရုံအပြင်အထိ ဒရွတ်တိုက် ဆွဲချ
သွားပါတယ်။ စက်ရုံထဲကို သူ ပြန်ဝင်ဖို့ ကြိုးစားပါတယ်။
အရပ်ရှည်ရှည်နဲ့ ကုလားကြီးတစ်ယောက်က သူ့ရင်ပတ်ကို
စောင့်တွန်းပြီး ၀င်ခွင့်မပြုပါ။ ကြောက်ကြောက်နဲ့ အော်ငိုရင်း
သတိလစ်သွားခဲ့ပါတယ် ...။

နောက်ရက်တွေမှာ အခြေအနေက ပိုဆိုးလာပါတယ်။ အလုပ်
ချိန်အတွင်း နောက်ဖက်ရှိ ပုံးတွေကို လှဲချတာတို့၊ ပစ္စည်းတွေကို
အလိုအလျှောက် တွန်းရွှေ့ပြတာတို့ လုပ်လာပါတယ်။ အဆိုးဆုံး
က မီးခလုတ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်တာပါ၊ ဒေါသထွက်ပြီး
အော်ဆဲတဲ့သူ ဆိုရင် အကြောင်းမဲ့သက်သက် ချော်လဲ၊ ထိခိုက်
ဒဏ်ရာရ ပွန်းရှတာတွေ ဖြစ်လာပါတယ်။ ညပိုင်း ကြီးကြပ်ရေး
တာဝန်ခံက စက်ရုံပိုင်ရှင်ထံ တင်ပြရပါတော့တယ်။

အဲဒီအဖြစ်အပျက်များ နောက်ပိုင်း စက်ရုံပိုင်ရှင် တရုတ်လူမျိုး
ပီတာက အသေးစားအဆင့် ဌာနတွင် ညဖက် အလုပ် မလုပ်ဖို့
တားမြစ်လိုက်ပါတယ်။ သူ ကိုးကွယ်ယုံကြည်တဲ့ မဟာယန
တရုတ်ဗုဒ္ဓဘာသာ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ပါတယ်။
အခြေအနေက အနည်းငယ်တော့ သက်သာသွားပါတယ်။
အရှင်းတော့ မပြေလည်ခဲ့ပါ။ စက်ရုံတွင် လုပ်သက် အရင့်ဆုံး
တရုတ်တစ်ဦး၏ ပြောပြချက်အရ စက်ရုံမဆောက်ခင် ဤ၀န်း
အတွင်း အုတ်ဂူ သုံး ... လေးခု ရှိခဲ့ဖူးကြောင်း သိရပါတယ် ...။

(ပြီးပါပြီ။)

15 comments:

khin oo may said...

သရဲပုံပြောမယ်ဆိုတော့ကြောက်ကြောက်နဲ့လာဖတ်တယ။် ရှင်းပြတာ introduction အခန်းများတယ်။ ကြောက်တာတော့ကြောက်ပါတယ်။ သိတ်တော့မကြောက်သေးဘူး. ရွာကြီးရွေ့သွားတဲ့ဇတ်လမ်းလဲရေးထားပါဦး.။ ကြောက်ချင်လို့

မိုးယံ said...

ကဲ မျက်စိ နှလုံးပွင့် မျက်နှာသစ် ပြီး ကိုအောင် ဆီက
တစ္ဆေတွေနဲ့ မျက်နှာသစ်သွားပါတယ်။
နံနက်စာ သွားစားတော့မယ် ဂျာ။ ကိုအောင့်ကို လဲဖိတ်ပါတယ်။ လာ တစ်ခါတည်းဝင်စားပါလား။ ထမင်းကြော် ပူပူလေး။

Anonymous said...

မျှော်နေတယ် ကိုအောင်ရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

အမကြီး မခင်ဦးမေ၊ မရွှေစင်ဦးနှင့်တကွ စာ
လာဖတ်သူ အားလုံး မင်္ဂလာပါ ...

အမကြီး မခင်ဦးမေ ...
ရွာရွှေ့သွားတဲ့ကိစ္စက ဘုန်းကြီးကျောင်းပါ ပါနေလို့
စဉ်းစားနေတုန်း ရှိသေးတယ်၊ သိပ်
မရေးရဲဘူး၊ တော်ကြာ ဘာသာရေး
သမားတွေက တမျိုးထင်နေအုံးမယ်၊ သရဲကို
သရဲလို မတွေးရင်ဒုက္ခ ...း)

အမ မရွှေစင်ဦး ...
ဒီသရဲပို့စ်ပြီးရင် တခြားပို့စ် တင်ခွင့်ပေးပါအုံး
ဖြေးဖြေးပေါ့ ...း)

ကိုဇော် said...

စစ်အတွင်းတုန်းက ဒီနေရာ ဝန်းကျင်မှာလည်း အတော်သေခဲ့တယ် ပြောတယ်။ သူတို့မှာက ကျွတ်လွတ်အောင် လုပ်တာ ကွာလို့လား မသိဘူး။ အဲဒီလိုတွေ ရှိတတ်တယ်ဗျ။ ကြားဖူးတယ်။ မလေးရှားနိုင်ငံသားတွေ အကြောက်ဆုံးက ရဲနှစ်ရဲပဲ။ သရဲ နဲ့ လူရဲ လေ။

Evy said...

ရွာကြီးရွေ့သွားတဲ့ အကြောင်းဖတ်ချင်တယ်။

Anonymous said...

နာစီလားမားတော့ မုန်းတယ်ကွာ ပေသီးခေါက်ပြီး စားရလွန်းတော့ အီကန်းဘီလီ အနံ့ကိုတောင် မခံနိုင်တော့ဘူးဟ

ခင်တဲ့
သားထူး

ရွှေရတုမှတ်တမ်း said...

ကုလားသရဲက တရုတ်ဘုန်းကြီးကို မကြောက်ဖူးထင်တယ်

စော said...

ဒီနေ့  ရုံးဖွင့်ရက်မှာ လာဖတ်သွားပါတယ်။
အဟီး အိမ်မှာဆို ဘယ်သူမှမရှိရင် ကြောက်စရာကြီး
ပထမ တခါဖြစ်ပြီးကထဲက ထပ်မစမ်းသင့်တော့ဘူးနော်...
သေသွားရင် ဘယ်လို လုတ်မလဲ ၊

MDW said...

သရဲရုပ်ရှင် သရဲဇာတ်လမ်းကတော့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကြည့်ရတာ ဖတ်ရတာ စိတ်ဝင်စားပါတယ်။ ကိုအောင်ရေးတဲ့ သရဲဇာတ်လမ်းတွေလဲ စိတ်ဝင်စားစရာတွေပါပဲ။ မအားလို့ အမြဲ မလာနိုင်ရင်တောင် အားတဲ့အခါ လာစုဖတ်ဖြစ်ပါတယ်။

သရဲ တစ္ဆေဆိုတာ ဘာသာရေး နယ်ပယ်မှာလဲ ရှိတာပါပဲ။ နာနာဘာဝ ၀ိနာဘာဝ ဝေမာနိက ပြိတ္တာ အမျိုးအစား ထင်ပါတယ်။ ဘုန်းကြီးတစ္ဆေ ဆိုတာတောင် ရှိသေးတယ် မဟုတ်လား။ အဲ .. ဘုန်းကြီးကို ပြန်ခြောက်တဲ့ တစ္ဆေလဲ ကြားဖူးတယ်။
ကျမလဲ ကိုအောင့်ကို အားကျလို့ အားရင် ကိုယ်သိထားတဲ့ တစ္ဆေသရဲ ဇာတ်လမ်းလေးတွေ ရေးရအုံးမယ်လို့ တေးထားတယ်။ :)

tin min htet said...

ကိုအောင် သူရဲဇာတ်လမ်းလည်း ဖတ်ပါတယ်။ ကြောက်တော့ မကြောက်ဖူး။ (အဲဒီတော့ အရသာအပြည့်မရဘူး။)

မေ့နေတာ တခုက ကွိ တင်ထားတယ်ဗျ။ တွေ့ရောတွေ့ပြီးပြီလား။
http://shwewarpyi.blogspot.com/2010/06/queed.html

မြစ်ကျိုးအင်း said...

စိတ်ဝင်စားစရာပဲ ကိုအောင်ရေ
ဆက်ရေးပါအုံး ဒါလည်း ရသ တမျိုးပဲ မဟုတ်လား။

မအားမလပ်လို့ ခုမှ ရောက်ဖြစ်တာတော့ ခွင့်လွှတ်ဗျ။

ZT said...

အခုမှ တွေ့လို့ လာဖတ်ဖြစ်တယ်။ မလေးရှားကို ခဏခဏ ရောက်တယ်။ တစ်ယောက်တည်း သွားဖြစ်တာ များတယ်။ နောက်တစ်ခါ သွားလို့ ကိုအောင့်ရဲ့ သရဲတွေကို သတိရနေရင် ဒွတ်ခ။ :P

PhyoPhyo said...

သရဲအကြောင်းဖတ်ရတာကြိုက်တယ်၊
ကြောက်သင့်သလောက်ကြောက်ပါတယ်၊
ကြောင်သင့်တာထက်လဲ ပိုကြောက်တတ်တယ် :D
ညဖက် ဟိုနားဒီနားနီးနီးလေးကို မသွားရဲပဲဖြစ်နေဦးမှာ

Yan said...

ကြက်သီးထတယ်. ဒါပေမယ့် ဆက်ဖတ်မိတယ်.
း)

ကျွန်တော်လည်း ပရလောကသားတွေအကြောင်းရေးချင်နေတာ. ခုတော့ အဖော်ရပြီ.

ဆက်ရေးဘရားသား. အားပေးနေတယ်.
:D

Y.