Monday 13 September 2010

သစ်ပင်မရှိတဲ့ သစ်တော

ကျွန်ုပ်တို့ ရောက်နေတဲ့
သစ်တောနဲ့ သစ်ပင်တွေဟာ
အစစ်တွေလား အတုတွေလား
အတုတွေလား အစစ်တွေလား
အာရင်ဘာ့ခ် ရေ …..
မာယာကော့စကီး ရွတ်ပြတယ်
“ကလေးတွေ သေသွားတာကို
ကြည့်ရတာ ပျော်တယ်” ….
သစ်တောအစစ်ထဲမှာ
သစ်ပင်အတုတွေ ရောက်နေသလား
သစ်ပင်အစစ်တွေဟာ
သစ်တောအတုထဲ ရောက်နေသလား ….


“သစ်ပင်ကိုသာ မြင်ပြီး
သစ်တောကို မမြင်ကြသူများ
သစ်တောကိုသာ မြင်ပြီး
သစ်ပင်ကို မမြင်ကြသူများ” လို့
ခင်ဗျား ခဏခဏပြောတယ်
သစ်တောထံ
မရောက်ခဲ့တဲ့ သစ်ပင်နဲ့
သစ်ပင်တွေများပြီး
သစ်တော မဖြစ်ခဲ့တဲ့အကြောင်း
ခင်ဗျား တကယ်မသိဘူးလား ….

မုဆိုးရာသီ ကုန်သွားလို့
ပျော်မယ် ကြံခါရှိသေး
ထင်းခုတ်သမားတွေ
ရောက်ရောက်လာတယ်
ငိုချင်းရှည်မြစ်မှာ
သောက်ကြချိုးကြ သယ်ဆောင်ကြပေါ့
အဲဒီနောက်
အဲဒီနောက်တော့
နစ်နေသူကို ထိုးချပြစ်မည့်
ငြမ်းတည်ပြီးရင် အဖျက်ခံရမည့်
ဝါးမျိုးစေ့တွေ အမောက်ထောင်တယ် ....။

သစ်ပင်အစစ်တွေက
နှလုံးသားအတုတွေ တပ်ပြီး
သစ်ပင်အတုတွေက
ဦးနှောက်အစစ်တွေ တပ်လို့
အတုထဲက အတုများ၏အခမ်းအနား
... ..... ...
ဆေးမင်ကြောင်ထိုးသော တနင်္လာ
ဆံပင်တွေဆေးဆိုးသည့် သောကြာ
အပေါက်ဖောက်ခံရတဲ့ တနင်္ဂနွေ
ကျီးကန်းများ
ပုတ်သင်ညိုများ
စပါးကြီးမြွေများ
ခရုသင်းစွဲ ဆင်များ
သင်းကွဲ ကြိုးကြာများ
ဆားထိသွားသည့် တီကောင်များနှင့်
……
……
သစ်တောတစ်ခုလုံး သစ်ပင်အားလုံး
သစ်ပင်အားလုံး သစ်တောတစ်ခုလုံး ….. ။ ။


-စစ်ငြိမ်းဒီရေ

7 comments:

ကိုဇော် said...

ဟိုနေ့က မလေးတိရစ္ဆာန်ရုံကို ရောက်သွားတယ်။ တိရစ္ဆာန်ကတော့ မြန်မာကတောင်မှ ပိုပြီး သာပါသေးတယ်။ အင်း...ဒါပေမဲ့ နေရာထိုင်ခင်း အပြင်အဆင်နဲ့ သစ်ပင်သစ်ရိပ် ထိန်းသိမ်းမှု ကျတော့ အတော်ကို ကွာသွားတာပဲ။ ဒီမှာ သစ်ပင်ကြီးတွေနဲ့ နေမထိုးဘူး။

ဘယ်ဆီကို လွမ်းရမယ် မသိ။

ရွှေရတုမှတ်တမ်း said...

သေချာတာကတော့ shopping mall တွေထဲက သစ်ပင်တွေက အတုတွေဗျ......

tin min htet said...

မုဆိုးရာသီ ကုန်ပေမယ့် ထင်းခွေရာသီက မဆုံးတော့ဘူး ..

သိင်္ဂါကျော် said...

သစ်တော အစစ်ထဲတော့ သစ်ပင်အတုတွေ မရောက်လောက်ဘူး။ အတုလုပ်ထားတဲ့ သစ်တောထဲသာ သစ်ပင် အစစ်တွေ ရောက်ရောက်နေတာ..

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်တမ်းတော့ သစ်တောထဲက သစ်ပင်တွေဟာလည်း အတုတွေပါဘဲ
ကိုယ်မှ မပိုင်တာ။
သစ်တောထဲ မရောက်တဲ့သစ်ပင်တွေလည်း မြို့ပြမှာ အလှဆင်နေတဲ့ အတုတွေပါဘဲ
နေရာတကာမှာ အတုတွေကသာ ကြီးစိုးနေတော့
အစစ်ဆိုတာ ရှာတွေ့နိုင်ဖွယ်မမြင်သလောက်ဖြစ်နေပြီ
တနင်္ဂနွေမှ အပေါက်ဖာက်ခံရတာမဟုတ်ပါဘူး အစစ်တွေလဲ အပေါက်ဖောက်ခံနေရတာပါဘဲ။

အုပ်ကြီး said...

သစ်ပင် နဲ့  သစ်တော အကြောင်း
အစစ် နဲ့  အတု အကြောင်း
.......
လာ စဉ်းစားသွားပါတယ်

လေးစားခင်မင်လျှက်
အုပ်ကြီး

YoungGun said...

ပုံရော ကဗျာပါ လန်းတယ်လို့ ဆိုချင်တယ်ဗျာ..