Friday, 10 September 2010

ဒေါ်ကြိုင်၏ အတ္ထုပ္ပတ္တိ

ရေးသူ- စစ်ငြိမ်းဒီရေ

တခါက ကျေးလက်ဒေသတစ်ခုတွင် ဒေါ်ကြိုင်ဟု ခေါ်သော
မိခင် တစ်ဦးရှိပါတယ်။ သူ့ခင်ပွန်းမှာ လက်ကြောတင်း
အောင် အလုပ် မလုပ်ချင်သူတစ်ဦးပါ။ ဒေါ်ကြိုင် ကိုယ်တိုင်
လည်း ပညာရေးနဲ့ ပက်သက်ပြီး သေစာရှင်စာအဆင့် ရေးတတ်
ဖတ်တတ်ရုံမျှသာ တတ်ရှာပါတယ်။ ဒေါ်ကြိုင်နှင့် သူ့ခင်ပွန်း
တို့တွင် သားသမီး ရှစ်ဦး ထွန်းကားခဲ့ပါတယ်။

သားသမီး ရှစ်ဦး၏ ပညာရေး၊ မိသားစု စားဝတ်နေရေး
များအတွက် ဒေါ်ကြိုင့်ခမြာ မိုးလင်း မိုးချုပ် ဈေးဗန်း
ခေါင်းပေါ်ရွက်ပြီး ရှာဖွေရပါတယ်။ သူ့သားသမီးများ
အပေါ် ပြောဆိုဆက်ဆံသော ဒေါ်ကြိုင်၏ အသုံးအနှုန်း
များမှာ ပတ်ဝန်းကျင်အတွက် မကြားဝံ့မနာသာများ ဖြစ်ပါတယ်။



မနက်မိုးလင်း နံနက်ခင်းများတွင် ဒေါ်ကြိုင်တစ်ယောက်
တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းချရန် ပြင်ဆင်ထား
သော အသုတ်စုံ ဈေးဗန်းထဲမှ အသုတ်များကို သူ့သားသမီး
များအား ဦးစွာပထမ ကျွေးမွေးလေ့ ရှိပါတယ်။ အသုတ်စုံ
စားနေကြသည့် သူ့ကလေးငယ်များအား ဒေါ်ကြိုင် ပြောဆို
ဆက်ဆံနေပုံက ….
“ဟဲ့ မသာလေးတွေ၊ သေချင်းဆိုးလေးတွေ မျိုကြ ဆို့ကြ
ဝါးကြဟဲ့၊ တယ် ငါ မပြောလိုက်ချင်ဘူး၊ ဟဲ့ ဟိုအငယ်ဆုံး
သေနာလေး အငမ်းမရ စားနေလိုက်တာ သရဲသဘက်များ
စီးနေသလား အောင့်မေ့ရတယ် …. ဟင်း …. ”

သူတို့၏ အိမ်နီးနားချင်းများ၊ အရပ်ထဲက လူများအတွက်တော့
ဒေါ်ကြိုင်၏ နေ့စဉ် အပြုအမူများမှာ သိပ်တော့ မထူးဆန်းလှပေ။
ရပ်ဝေးမှ ဧည့်သည်များ၊ ခရီးလမ်းကြုံ ဖြတ်သွားဖြတ်လာများ
အတွက်တော့ ဒေါ်ကြိုင်သည် အံသြဖွယ် မိခင်တစ်ဦးဖြစ်နေ
ပါတယ်။ မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော် သင်္ကြန်အပြီး စာသင်
ကျောင်း အသီးသီးမှ အောင်စာရင်းများ ထုတ်ပြန်ချိန်တွင်
စိတ်ညစ်နေသူ တစ်ဦးရှိပါတယ်။ အဲဒါက ဒေါ်ကြိုင်ပါ။ ဖြစ်ပုံက
သူ့သားသမီးများသည် တစ်နှစ်တစ်တန်း မှန်မှန် အောင်မြင်
ကြပါတယ်။ အတန်းသစ်သို့ တက်ခွင့်ရသော သူ့သားသမီး
များအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် ၀ယ်ပေးရန် ဒေါ်ကြိုင်
ကြိုပြီး စိတ်ညစ်နေပါပြီ။ အောင်စာရင်း ကြည့်ရူပြီး အိမ်ပြန်လာ
သော သူ့သားသမီးများကို ဒေါ်ကြိုင် ဆုချီမြှင့်နေပုံက …
“သေနာလေးတွေ … သေချင်းဆိုးလေးတွေ အောင်ပြန်
ပြီလား တစ်နှစ်၊ ငါနဲ သေသာ သေလိုက်ချင်ပါတယ်၊
နင်တို့အဖေ သေနာကြီးကလည်း သူနဲ့ မဆိုင်သလိုပဲ၊
အခုလာမယ့် အတန်းမှာ စာမေးပွဲ ထပ်အောင်မယ်ဆိုရင်
နင်တို့ခေါင်းကို ငါကိုယ်တိုင် ရိုက်ခွဲပြစ်မယ် ….”

ပညာမတတ်ရှာသော မိဘနှစ်ဦးကို ကြည့်ပြီး ဒေါ်ကြိုင့်’
သားသမီးများက ပညာရေးတွင် ကြိုးစားကြပါတယ်။
ဆွေးနီးမျိုးစပ်များ၏ ရံဖန်ရံခါ ထောက်ပံကူညီမှုများ၊
သူတို့၏ ပင်ကိုယ် ကြိုးစားအားထုတ်မှုများကြောင့်
နှစ်စဉ်လိုလို စာမေးပွဲ အောင်မြင်ကြပါတယ်။ အောင်
စာရင်း ထွက်သည့်နေ့များတွင် မိခင်ဖြစ်သူ ဒေါ်ကြိုင်
နှင့် သူတို့မောင်နှမများ မျက်နှာချင်း မဆိုင်ဝံ့ပေ။

ပညာထူးချွန်သော သူ့သားသမီးများက ပညာရေးချွန်ဆု
ရရှိသောအခါတွင်လည်း ဒေါ်ကြိုင့်ပါးစပ်မှ ထူးထူးဆန်းဆန်း
ရေရွတ်သံများ ကြားနေရပါတယ် …
“သေနာလေးတွေ … မသာမလေးတွေ … နင့်တို့ဆုပေးပွဲ
က အရေးမကြီးဘူး …. နင်တို့ အဲဒီပွဲတက်ဖို့ နင့်တို့ကို
အ၀တ်အစားအသစ် ချုပ်ပေးရတာနဲ့ ရွာလည်ပြီး ဈေးရောင်း
နေရတဲ့ ငါ့မှာ ဖင်မွှေး ပြောင်တော့မယ် …”

ဆယ်စုနှစ် တစ်ခုကို ဖြစ်ကျော်လာပြီးသည်နောက် …
ဒေါ်ကြိုင်၏ သားအကြီးဆုံးနှင့် သမီးအကြီးဆုံးတို့ဟာ
မိသားစုအတွက် အားကိုးအားထား ပြုနိုင်လောက်အောင်
အလုပ်ကိုယ်စီ ရှိလာကြပါတယ်။ အိမ်နီးနားချင်း ပြည်ပနိုင်ငံ
တစ်ခုတွင် အလုပ် လုပ်ကိုင်သော သားအကြီးဆုံးဖြစ်သူက
တစ်မိသားစုလုံး၏ စားဝတ်နေရေးတာဝန်ကို ယူလိုက်ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြိုင်အား ဈေးဗန်း ခေါင်းပေါ်ရွက်ရသော
ခက်ခဲပင်ပန်းသည့်ဘ၀မှ အနားယူစေပါတယ်။ သမီးအကြီးဆုံး
ဖြစ်သူကလည်း လစာကောင်းသူ တစ်ဦးနှင့် အိမ်ထောင်
ကျပြီး စီးပွားရေး ပြေလည်လာပါတယ်။ ဒါကြောင့် မွေးချင်း
ညီအကိုမောင်နှမများ၏ ပညာရေး ကျန်းမာရေး အစစအရာရာ
ပြုစုစောင့်ရှောက်ပေးပါတယ်။

နေ့စဉ် တစ်လမ်းဝင် တစ်လမ်းထွက် ဈေးသည်ဘ၀မှ အနား
ရလာသော ဒေါ်ကြိုင်တစ်ယောက် အိမ်မှာ အေးအေးဆေးဆေး
သက်တောင့်သက်သာ နေရသည်ကို စိတ်ပျက်လာပါတယ်။
အရပ်ထဲရှိ ဖဲဝိုင်းများတွင် ဒေါ်ကြိုင်တစ်ယောက် အပျင်းပြေ
ပိုကာဝိုင်း ထိုင်တတ်လာပါတယ်။ အရပ်ထဲတွင် အသုဘအိမ်
မရှိလည်း ဒေါ်ကြိုင်တစ်ယောက် သူ့အိမ်မှာ ပိုကာဝိုင်းဖွဲဖို့
လူလိုက်စုပါတယ်။ အရွယ်ရောက်လာသော သားသမီးများက
မြို့ပေါ်ရှိ တက္ကသိုလ်များထံ ကျောင်းတက်နေသောကြောင့်
အိမ်တွင် အငယ်နှစ်ဦးခန့်သာ မိခင်ဖြစ်သူ ဒေါ်ကြိုင်နှင့်အတူ
နေထိုင်ပါတယ်။

တစ်နေ့၌ ဒေါ်ကြိုင်၏ သမီးအကြီးဆုံးဖြစ်သူက အိမ်ချင်း
ကပ်လျက်တွင် နေထိုင်သော ခင်မင်ရင်းနှီးသည့် အဖွားအို
တစ်ဦးထံတွင် သူ့မိခင် အကြောင်း ရင်ဖွင့်ပါတယ် …..
“အဖွား …. အမေလေ သမီးကို ပြောတယ်၊ သူ မျက်မှန်
အသစ် လုပ်ချင်လို့တဲ့ …၊ သမီးလည်း ကြားကြားချင်း
ဝမ်းသာသွားတာပေါ့၊ အမေနဲ့ တွေ့တော့ ၀မ်းသာအားရနဲ့
အမေ … ဘုရားစာအုပ်တွေ တရားစာအုပ်တွေ ဖတ်ရတာ
အဆင်မပြေလို့လား … သမီး ၀ယ်ပေးမယ်လေ …”
လို့ ပြောလိုက်တော့ အမေက ….
“သမီးရယ် … အမေလေ ဖဲရိုက်ရင် အပွင့်တွေပဲ မြင်ရတယ်၊
ဂဏန်းတွေ မမြင်ရဘူး၊ အဲဒါ … ကိုယ့်ဖဲ ဒေါင်းလို့ ဒေါင်းမှန်း
တောင် မသိဘူး … ဖြစ်နေတယ် သမီးရယ် …. ” … တဲ့ ….

ဤသို့ဖြင့် မည်သူမျှ ဖျောင်းဖျပြောဆို၍ မရသော ဒေါ်ကြိုင်
တစ်ယောက် အသက်ကြီးမှ ဖဲသမားဘ၀ဖြင့် နေ့ပေါင်း
များစွာ ဖြတ်ကျော်ခဲ့ပါတယ်။ အခြားသူများက တရားပွဲများ
တရားစခန်းများ လိုက်ပါရန် ခေါ်ဆောင်မှုအမျိုးမျိုးကိုလည်း
ရှောင်ဖယ်ပြီး ဖဲဝိုင်းတွင်သာ အချိန်ဖြုန်းနေလေ့ ရှိပါတယ်။
နေ့စဉ် ဖဲကစားနေသော ဒေါ်ကြိုင်တွင် အကျင့်သစ်တစ်ခု
ရလာပါတယ်။ အဲဒါကတော့ ဖဲဝိုင်းအလယ်ရှိ ပန်းကန်ထဲမှ
ဖဲဆွဲယူသော်အခါ သူလိုချင်သည့်ဖဲ ရရှိလာပါက ရင်ဘတ်ပေါ်
တွင် လက်ဖြင့် ဖိထားပြီး ဟစ်အော် ကြွေးကြော်ခြင်းပါ။

တစ်နေ့တွင် ထုံးစံအတိုင်း ပြုလုပ်နေကြ ပိုကာ ဖဲဝိုင်းတစ်ခုတွင်
ဒေါ်ကြိုင်နှင့် သူ့မိတ်ဆွေများ ဖဲကစား နေကြပါတယ်၊ ဒေါ်ကြိုင်
တစ်ယောက် သူ့နံဘေးမှ ပြစ်ချပေးလိုက်သော ဖဲအား
စိတ်ဝင်တစား ကြည့်ရူပြီး စိတ်ပျက်လက်ပျက်ဖြင့် ပန်းကန်ထဲ
မှ ဖဲတစ်ချက် ဆွဲယူလိုက်ပါတယ်။ ထို့နောက် ….
ကုလား … ကုလား …. ဟု ဆိုပြီး လဲကျသွားပါတယ် …

“ဒေါ်ကြိုင် …. ဒေါ်ကြိုင် … ဘာဖြစ်သွားလို့လဲ … မနောက်
နဲ့နော် … ဒေါ်ကြိုင် …. ဒေါ်ကြိုင် … ” ဟု ခေါ်သံများကို
ဒေါ်ကြိုင်တစ်ယောက် ပြန်မထူးနိုင်တော့ပေ။ ဒေါ်ကြိုင်
တစ်ယောက် သူ ဆွဲယူလိုက်သော ကုလားဖဲချပ်ကို ကြည့်ရင်း
လောကကြီးကို နူတ်ဆက်သွားခဲ့ပါပြီ …။


(ပြီးပါပြီ။)
(မှတ်ချက်။ ။ ရင်းနှီးသည့် မိတ်ဆွေတစ်ဦး ပြောပြသော
သူတို့ဒေသမှ အထူးအဆန်းဖြစ်ရပ်တစ်ခုကို ပြန်လည် ရေးဖွဲ့
ထားခြင်း ဖြစ်ပါတယ်၊ တိုက်ဆိုင်မှုများ ရှိခဲ့ပါလျှင် ခွင့်လွှတ်ပါ။)

12 comments:

Anonymous said...

ရယ်လိုက်ရတာ သေတာတောင် ကုလား ကုလား အော်သွားတယ်။

လေးစားလျက်
MMS

Anonymous said...

ဒေါ်ကြိုင် အတ္ထုပ္ပတ္တိ ဆိုလို့ ... သြ ဒီဒေါ်ကြိုင် က ကုလား ကုလား ဟိုဒေါ်ကြိုင် ကတော့ ငရဲလား ငရဲလား လို့ အော်မှာလား မသိဘူးနော်

ရွှေစင်ဦး

ဆောင်းနှင်းရွက် said...

သြော် ...
ထူးဆန်းတဲ့
အဖြစ်အပျက်လေး တစ်ခုပါပဲလား .. !!!

မေဓာဝီ said...

သူများတကာက ဘုရားတ-ပြီးသေတယ်။ ဒေါ်ကြိုင်ခမျာတော့ ကုလားတ-ပြီး သေရှာတယ်။ ဘ၀ကူးကောင်းမှာ မဟုတ်ဘူးနော်။ သနားစရာပဲ။

ကိုဇော် said...

သဗ္ဗေသတ္တာ ကမ္မသကာ...

ရွှေရတုမှတ်တမ်း said...

မာမူက နှုတ်ခမ်းမွှေးလေးနဲ့ပြုံးယုံပဲ ပြုံးပြတာပါ..
ဘာလို့လန့်သွားပါလိမ့်နော်.....

ချစ်ကြည်အေး said...

လူဖြစ်ခွင့်ရှုံးတယ် ခေါ်ရမယ်...။ ဆင်းရဲရဲ ချမ်းသာသာ...ဘုရားဟောတရားကို သိမသွားဘဲ ကိလေသာတန်းလန်းနဲ့သေသွားတာ...သနားစရာ....

မြစ်ကျိုးအင်း said...

ဒေါ်ကြိုင်က ကုလားကုလား အော်ပြီး သေရင်
သူ့ယောကျာ်းက တရုတ် တရုတ် အော်ပြီး သေမလားမသိဘူး။
လျှောက်တွေးမိတာပါ။

အမှောင်ထုထဲက အလင်းစက်များ said...

ဟုတ်တယ်... သူယောက်ျားကတော့ ပေါက်ဖော် ပေါက်ဖော် လို့  အော်ပြီး သေဖို့  ပြင်နေရှာသတဲ့...

Thiha said...

ကိုအောင်ခင်ဗျား။ ကျနော် Sonderborg က သီဟပါ။ အကို့ဘလော့ဂ်က ကိုရီးယားကား စာတန်းထိုး ကြည့်မရတာ အကြောင်းကြားလိုက်ပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ကိုသီဟရေ ...
ကိုရီးယား စာတန်းထိုးလင့်ခ်ကို ကျနော့်စာမျက်
နှာမှာ ချိတ်ထားတာပါ၊ ကြည့်မရတာ သူတို့
ဖက်က တစ်ခုခု မှားယွင်းမှုကြောင့် ဖြစ်မယ်လို့
ထင်ပါတယ် ခင်ဗျာ၊ တကူးတက လာပြောတာ
ကျေးဇူးပါ။

Younggun said...

ဒီလို စာမျိုး မဖတ်ရတာ ကြာပေါ့.။ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီလို့ပဲ လက်ခံလိုက်တယ် အစ်ကိုရေ.။