(ကြောက်တတ်သူများ မဖတ်ရူသင့်ပါ။)
ယခင် ပထမပိုင်းမှ အဆက် ….
ခွေးအူသံတွေနဲ့အတူ လေထဲမှာ ပြန်လွှင့်လာတဲ့ လူအုပ်စုလိုက်
အော်သံတွေကို တချက်တချက် ကြားနေရသလိုပါ။ ကျနော်တို့
ကင်းတာဝန်ခံက ကျိုက္ကဆံရပ်ကွက်ဖက်က ကင်းတာဝန်ခံကို
လှမ်းပြောပါတယ်။ …. ရွှေဂုံတိုင် လမ်းမကြီးပေါ်က တစ်နေရာရာ
မှာ လူအုပ်စုလိုက် ပြဿနာများ ဖြစ်နေသလား ….။ သရဲခြောက်
တာက အရေးမကြီးပါဘူး၊ ညဖက်ကြီး ပြဿနာ တစ်ခုခုဖြစ်လို့
လူမသိ သူမသိနဲ့ အ၀ိုင်းခံရတာဆိုရင် ဘယ်သူမှ မသိလိုက်ပဲ
အသတ်ခံရတာမျိုး ဖြစ်သွားနိုင်ကြောင်း သူ့အယူအဆကို ပြော
ပြပါတယ်။
သူတို့ဖက် ကင်းတဲမှာ ကင်းအလှည့်ကြသူ တစ်ဦးက သူ့အိမ်
မှာ လိုင်းဆွဲတဲ့ ဘက်စ်ကားတစ်စီး ရှိကြောင်း၊ အဲဒီကား
နဲ့ အသံကြားနေရပြီး မသင်္ကာဖြစ်နေတဲ့ နေရာဆီ သွားကြည့်
ရင် ကောင်းမလားလို့ အကြံပြုပါတယ်။ အဲဒီကာလက
ညဥ့်နက်ပိုင်းတွေမှာ ကိစ္စတစုံတရာ ရှိလို့ ရပ်ကွက်ကျော်ပြီး
သွားချင်ရင် ကျောင်းသားသမဂ္ဂ သို့မဟုတ် ရပ်ကွက်ဆိုင်ရာ
ရဟန်းပျို သမဂ္ဂမှ ထောက်ခံစာလိုအပ်ပါတယ်။
ခြောက်ထပ်ကြီးဘုရား နောက်ကျောက ကတ္တရာစည်းတွေ
သိုလောင်းထားတဲ့ ဂိုဒေါင်တစ်ခုရှိပါတယ်။ ဂိုဒေါင်ပွင့်သွား
ပြီးတဲ့နောက်ပိုင်းမှာ ကတ္တရာစည်ပိုင်း လိုချင်သူတွေဟာ
ကတ္တရာကို လမ်းဘေးသွန်ချပြီး စည်ပိုင်းကို လိမ့်ယူသွား
လေ့ ရှိပါတယ်။ ဒါကြောင့် ကျိုက္ကဆံရပ်ကွက်ရဲ့ နောက်ဖက်
ပိုင်းရှိ လမ်းနံဘေးတွေမှာ သွန်ချထားတဲ့ ကတ္တရာတွေကြောင့်
သွားရလာရတာ သိပ်တော့ မလွယ်ကူပါ။ လမ်းနံဘေးမှာ ရပ်
ထားတဲ့ ဘက်စ်ကားကို ညစ်ပတ်နေတဲ့ ကတ္တရာတွေကြား
ကနေ ကျနော်တို့အားလုံး မနဲကို တွန်းထုတ်ရပါတယ်။
ကားရဲ့ ရှေ့ဆုံးမှာ သာသနအလံတစ်ဖက်၊ ကျောင်းသား
သမဂ္ဂအလံတစ်ဖက် ထောင်ရပါတယ်။ ကင်းမှူးတွေဆီမှာ
ညဖက် အရေးပေါ် ရပ်ကွက်ကျော်ပြီး ခရီးသွား ထောက်ခံ
စာကတော့ အဆင်သင့်ပါ။ ကျန်းမာရေးကိစ္စတွေအတွက်
ဆေးရုံဆေးခန်းပို့ဖို့ အဲဒီထောက်ခံစာကို ရပ်ကွက်ကင်းမှူး
တိုင်းက ဆောင်ထားလေ့ ရှိပါတယ်။ ဒီလိုနဲ့ ကျနော်တို့ဖက်
အခြမ်းက လူ ဆယ်ဦးကျော်ကျော်နဲ့ သူတို့ရပ်ကွက်ဖက်မှ
လူဆယ်ဦးခန့်ကို သယ်ဆောင်ထားတဲ့ ဘက်စ်ကားဟာ
ဗိုလ်စိန်မှန်နဲ့ ကျိုက္ကဆံ ရပ်ကွက်ကြားရှိ ဗိုလ်စိန်မှန်လမ်းသွယ်
ဖက်ကနေ ရွှေဂုံတိုင်လမ်းမကြီးဆီ ဖောက်ထွက်ခဲ့ကြပါတယ်။
ငါးထပ်ကြီးဘုရားမုဒ်ဦးဝ ကျော်တဲ့အချိန်မှာ ကားပေါ်ရှိသူ
အားလုံး အသံတွေကို သဲသဲကွဲကွဲ ကြားနေရပါပြီ ….
တစ်ပါတီစနစ် ဖျက်သိမ်းရေး …၊ အရေးတော်ပုံ အောင်ရမည်။
ဘန်ဒါပင် ကားမှတ်တိုင်ကျော်တော့လည်း လမ်းပေါ်မှာ လူအရိပ်
အယောင်ဆိုလို့ လုံးဝ မမြင်ရသေးပါ။ လမ်းတွေပေါ်နဲ့ ရပ်ကွက်
အတွင်းထဲက ခွေးအူသံတွေကတော့ ဆူညံနေဆဲ၊ ရွှေဂုံတိုင်
မီးပွိုင့်ကို ထိပ်ကိုရောက်တော့ မီးပွိုင့်အနားမှာ လူအုပ်စု တစ်စု
ကို တွေ့ရပါတယ်။ ဒါနဲ့ ကားသမားလည်း အဲဒီလူအုပ်စု မနီး
မဝေးမှာ ရပ်လိုက်ပါတယ်။ ကားပေါ်က ဆင်းပြီး မေးမြန်းကြည့်
တော့ ရေတာရှည်လမ်းဖက်မှာ နေထိုင်သူတွေလို့ သိရပါတယ်။
အသံတွေကြားနေရလို့ ထွက်လာရင်း ထွက်လာရင်းနဲ့ ရွှေဂုံတိုင်
မီးပွိုင့်ထိပ်ဆီ ရောက်လာတာလို့ ပြောပြပါတယ်။
ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်သို့ ၀င်ရောက်ရာ ထိပ်ဖက်က
ရေခဲဆိုင် ကားမှတ်တိုင်ဖက်မှာ လူတွေ အုပ်စုလိုက် ပြဿနာ
ဖြစ်ပွားနိုင်ကြောင်း အများစုက ထင်မြင်ချက် ပေးကြပါတယ်။
ဗဟန်းရဲစခန်းရှေ့ နည်းနည်း ကျော်လာတော့ ကားမီးရှေ့မှာ
လူတွေ အုပ်စုလိုက် တစ်နေရာဆီ လှမ်းကြည့်နေတာကို တွေ့
ရပါတယ်။ စီးလာတဲ့ ဘက်စ်ကားကို ရဲစခန်းနဲ့ မနီးမဝေးမှာ
ရပ်ပြီး အားလုံး လမ်း ဆင်းလျှောက်ကြပါတယ်။ ညကြီးမိုးချုပ်
အဲဒီနေရာတ၀ိုက် ရောက်လာသူ အများစုဟာ ရပ်ကွက်အလိုက်
ကင်းတာဝန်ကြသူများ ဖြစ်ပါတယ်။
ခပ်လှမ်းလှမ်း တစ်နေရာဆီက တချက်တချက် ဟစ်အော်သံ
လိုလို အသံတချို့ ထွက်နေပါတယ်။ ဒါနဲ့ ကားပေါ်မှာ လိုက်ပါ
လာတဲ့ ကျနော်နဲ့ အသက်တူ အရွယ်တူ လူငယ်တစ်ဦးက သူ့
နံဘေးမှာ ရှိတဲ့ ဦးပဉ္ဇင်းတစ်ပါးထံ လျှောက်မေးကြည့်လိုက် ပါ
တယ်၊ … အရှင်ဘုရား ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ …။ ဆရာထံ
က သိလိုက်ရတာကို ပထမတော့ တစ်အုပ်စုလုံး တွေးဝေသွား
ပါတယ်။ ပန်းချီပန်းပု ကျောင်းရှေ့မှာ အပမှီသလိုမျိုး လူမရှိပဲ
အသံထွက်နေတာပါ (အခုတော့ ရေခဲဆိုင် ကားမှတ်တိုင်နံဘေး
မှာ ပန်းချီပန်းပုကျောင်း မရှိတော့ပါ)။ ပန်းချီပန်းပု ကျောင်းရှေ့
မရောက်ခင် ခပ်လှမ်းလှမ်းကနေ ဘုန်းတော်ကြီးများက လမ်းကို
ခေတ္တခဏအဖြစ် ပိတ်ထားပါတယ်။
လက်နှိပ်ဓါတ်မီးရောင်တွေအောက်မှာ ပန်းချီပန်းပုကျောင်းရှေ့
နဲ့ ကျောင်းအ၀င်အ၀ကို မြင်နေရပါတယ်။ တံခါးအပေါက်ဝမှာ
ပန်းစည်းတချို့ကို ကြိုးနဲ့ ချည်ထားပါတယ်။ ဆရာတော် ဆယ်ပါး
ခန့်က ကျောင်းရှေ့တစ်နေရာမှာ စုဝေးပြီး ပရိတ်တရား ချီမြှင့်
နေပါတယ်။ ၀ိုင်းကြည့်နေတဲ့ လူအများစုက ကျနော်တို့ လာခဲ့တဲ့
ဖက်နဲ့ ဗဟန်း(၃)လမ်းဖက်မှာပါ။ ကျနော်တို့နည်းအတူ အဲဒီနေရာ
ဆီ ရောက်လာတဲ့ ရပ်ကွက်အသီးသီးက လူတွေကို ဆရာတော်
တစ်ပါးက မိန့်တော်မူနေပါတယ် ….
“ဒီနေရာမှာ လွန်ခဲ့တစ်လက ကျောင်းသားလေးတွေ ဆယ်ဦး
နီးပါး သေဆုံးခဲ့တယ်၊ ဘုရားပေါ်မှာ ဖွင့်ထားတဲ့ သပိတ်စခန်း
အတွက် ထမင်းတွေ ဟင်းတွေ ထည့်ထားတဲ့ တောင်းတွေ
ထမ်းလာရင်း ဒီနေရာကို ရောက်တော့ စစ်တပ်နဲ့ ပက်ပင်းတိုး
တယ်၊ ကျောင်းရှေ့နံရံမှာ ကပ်ခိုင်းပြီး စစ်တပ်က ဘက်နက်နဲ့
ရက်ရက်စက်စက် ထိုးသတ်ခဲ့တာ … ”
နာရီဝက်နီးပါး ကြာတဲ့အထိ အဲဒီနားမှာ အုပ်စုလိုက် ရပ်ကြည့်
နေရင်းကနေ တစ်ယောက်ယောက်က ပြန်ဖို့ သတိပေးလာ
ပါတယ်။ ရဲစခန်းနားမှာ ရပ်ခဲ့တဲ့ ကားပေါ်ရောက်တော့ “ဒို့အရေး၊
ဒို့အရေး ..” ဆိုတဲ့ အသံကို အားလုံး ပီပီသသ ကြားလိုက်
ရပါတယ်။ ဘက်စ်ကားပေါ် ထိုင်ခါစ ကားပေါ်ကနေ သူထက်
ငါ အလျင်အမြန် ဆင်းပြေးပြီး သွားကြည့်ကြပါတယ်။ ပန်းချီပန်းပု
ကျောင်းဖက်မှာ ရပ်ကြည့်နေတဲ့ လူတွေဆီရောက်တော့ တချို့က
လေထဲ သူ့အလိုလို လွှင့်မျောနေတဲ့ ခေါင်းစည်းတွေ တွေ့လိုက်
ရတယ်။ မြေကြီးပေါ်မှာ တစုံတယောက် လူးလိမ့်သွားပြီး
သွေးကွက်တွေ မြင်လိုက်ရတယ်လို့ ဆူညံစွာ ပြောဆို
နေကြပါတယ်။ လမ်းပေါ်က အခြေအနေတွေကို စောင့်ကြည့်
ထိန်းသိမ်းပေးနေတဲ့ ဆရာတော်များက ကြည့်ရူနေကြတဲ့
လူတွေအားလုံး ၀ိုင်းပြီး မေတ္တာပို့ကြဖို့ တိုက်တွန်းပါတယ်။
အပြန် ကျနော်တို့ စီးနင်းလိုက်ပါလာတဲ့ကား ဘန်ဒါပင်
ကားမှတ်တိုင် မရောက်တရောက်မှာ အဝေးဆီက လွှင့်ပျံ
လာတဲ့ အသံတချို့ကို စိတ်မကောင်းဖြစ်စွာ ကြားနေရပါတယ်။
(ပြီးပါပြီ။)
13 comments:
စိတ်မကောင်းစရာပဲဗျာ။ ဖတ်ပြီး စိတ်ထဲမှာ အတော်မကောင်းဘူး။
ပေါင်ချိန်သာ ရှိနေခဲ့မယ် ဆိုရင်တော့. . .
“ အဲသလို မဖြစ်အပျက် ရှိသလား ” လို့ ခပ်ငေါက်ငေါက် မေးမှာ သေချာတယ်ဗျာ။
အင်းလေ ဖတ်ရတာ စိတ်မကောင်းလိုက်တာ။
အဟောင်းတွေ အသစ်ပြန်ဖြစ်တယ်။
ဒါနဲ့ ပန်းချီပန်းပုကျောင်းကြီးက ဘယ်ရောက်သွားတာလဲဟင်။
တင်သန်းဦးရဲ့ ဓါတ်ရှင်ဇတ်ကားထဲမှာတော့
ဆူပူလိုသူ အခွင့်အရေးရှာလိုသူတွေဆိုပါ့လား..
နယ်မှာလဲ လူတွေသေတာပါပဲ
ရဲတွေပစ်လို့ 
တချို့ တွေဆို အိမ်ထဲထိ ကျည်တွေဝင်တယ်
ကျည်တွေက နှစ်ချို့ နေလို့  အသံမထွက်ဘူးလေ
.....
တချိန်ချိန် မှာတော့ အရိုးတွန်သံ ကြားရမှာပါ
ရွှေစင်ဦး
ညကတည်းက တွေ့တယ်.. ကြောက်တတ်သူများ မဖတ်ရဆိုလို့ ခုမနက်မှ လာဖတ်တာကိုအောင်ရေ
အဟောင်းတွေ အသစ်ပြန်ဖြစ်ရသလို စိတ်လဲ ဆင်းရဲမိပါတယ်..
အဲဒီအချိန်တုန်းက ဆုံးရှုံးသွားတဲ့သူတွေ ဘယ်လောက်တောင် များခဲ့မှာပါလိမ့်
ဘယ်သူကမှ အတိအကျ ပြောနိုင်မယ် မထင်ဘူးနော်.. ရင်ထဲမှာ မကောင်းဘူး
မငြိမ်းချမ်းတဲ့ စိတ်နဲ့ သေဆုံးသွားကြတယ် ဆိုတော့လည်း ဘယ် ကျွတ်လွတ်ပါ့မလဲနော်..
စိတ်မကောင်းဖြစ်မိပါတယ်
ပြန်သတိရသွားတယ်ဗျာ။ စိတ်မကောင်းစရာကြားထဲက တခုပြောရ ဦးမယ်..။ အဲဒီတုန်းက ကျနော် က ၁၂ သား ဗျ။ လုံခြုံရေး ဆိုတဲ့ လက်ပတ်ကို ပတ်ပြီး စစ်သူကြီးတယောက် လိုဝင့်ကြွားနေတာပေါ့ဗျာ။ ဒါပေမယ့် လုံခြုံရေး ဆိုတဲ့လက်ပတ် ကျနော့်မှာ ပတ်ထား တာ "လုံ" တလုံး ပဲပေါ်လို့ တွေ့တဲ့သူတိုင်း ဟားကြတာပေါ့။
ဒီပို့စ်က ကြောက်ဖို့တောင် မေ့သွားတယ်။
ဝမ်းနည်းစရာ ကောင်းလို့ပါ။
ပျောက်ဆုံးခဲ့တဲ့ မိသားစုဝင်တွင် စာရင်း လာပေးပါဆိုမှပဲ ဘယ်လောက်တောင် ကြွေလွင့်ခဲ့ရတယ် ဆိုတာ သိရမှာပါ။
သေချာတာတော့ သိပ်ကို များလွန်းမယ်ဗျာ။
ခုထက်ထိပဲ....။ ဟိုတနေ့က ၂ ယောက်.....။
သူတို့လေးတွေ အသက်ပေး တာဝန်ကျေခဲ့သလောက် တို့တတွေ ခုထိ တာဝန် မကျေသေးဘူး။ လွတ်လပ်မှ အမျှဝေမယ်လို့ မပြောရက်အောင်ပါပဲ။ မကျွတ်မလွတ် ဘယ်လောက်တောင် နေကြရမယ် မသိ။
အေးဗျာ........တော်တော်ကို စိတ်မကောင်းဖြစ်မိတယ် ။ ကျွတ်ပါလွတ်ပါစေဗျာ .....။ အမျှတွေပေးဝေ..၊ မေတ္တာတွေပို.မိပါတယ် ။ ဟူးးးးးးးးးးးးးးး
Post a Comment