Thursday, 30 September 2010

ငါးတို့၏ ကျိန်စာ

Read more »

Monday, 27 September 2010

ဘာမှ မပြောင်းလဲပါဘူးကွာ

Read more »

Saturday, 25 September 2010

မလေးရှားက တစ္ဆေများ (၁)

စာရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်သင့်ပါ* ။)

မလေးရှား ကွာလာလန်ပူက ဆာလာယန်းဆိုရင် သိတဲ့လူက
များပါတယ်။ ဆာလာယန်းဖက်က ပါဆာဘရွမ်းဈေးမှာ အလုပ်
လုပ်နေတဲ့ အလုပ်သမား အများစုက မြန်မာပြည်သားတွေ ဖြစ်
ပါတယ်။ ကွာလာလန်ပူမှ ဆာလာယန်းဖက်ကို ဘက်စ်ကား
အမျိုးမျိုးစီးပြီး သွားလို့ ရပါတယ်။ ဆာလာယန်းဒေသ အစွန်းအဖျား
မှာ “ဘူကစ်အစ်ဒမန်” ဆိုတဲ့ ရပ်ကွက် တစ်ခုရှိပါတယ်။ အဲဒီဖက်ကို
နံပါတ် (၅၀)၊ (၉၄ A) နဲ့ (၅၅ D)တို့ကို စီးရင် ရောက်ပါတယ်။
ဂိတ်ဆုံး ရောက်ရင် ညာဖက်အခြမ်းမှာ ရှိတဲ့ မှတ်တိုင်မှာ ဆင်း
လိုက်ပါ။ ဟိန္ဒူဘာသာဝင် ကုလယ် ကုလားတွေ နေထိုင်တဲ့
ရပ်ကွက်တစ်ခု ရှိပါတယ်။ အဲဒီရပ်ကွက်နံဘေးမှာ “Ban Seng Lee”
ဆိုတဲ့ စက်ရုံ တစ်ရုံ ရှိပါတယ်။



အဲဒီစက်ရုံမှာ ၂၀၀၀ ခုနှစ်မတိုင်ခင်က ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒို
နီရှား အလုပ်သမား ၂၀၀ နီးပါးရှိပါတယ်။ ၂၀၀၀ ခုနှစ် ကျော်
တော့ ရွှေမြန်မာတွေ အဲဒီစက်ရုံကို စရောက်လာပါတယ်။ ပထမ
ဆုံး ရွှေ (၂၀)ကျော် စလုပ်ပါတယ်။ နောက် ၂၀၀၀ ခုနှစ်ထဲမှာ
မလေးရှား အစိုးရ တရားမ၀င် အလုပ်သမားတွေကို Work Permit
လုပ်ဖို့ တစ်ခါ ဖွင့်ပေးပါတယ်။ အဲဒီနောက် ၂၀၀၁ ခုနှစ်ထဲ
ရောက်တော့ အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမား အများ
စုဟာ ရွှေမြန်မာတွေ ဖြစ်လာပါတယ်။ ၂၀၀၅ ခုနှစ် နှစ်ဆန်း
အထိ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား (၂၀၀) နီးပါး အလုပ်
လုပ်လျက်ရှိပါသေးတယ်။

အလုပ်ထဲမှာ နေ့ဖက်နဲ့ ညဖက်ဆိုပြီး အလုပ်နှစ်ဖွဲ့ ခွဲထား
ပါတယ်။ ညဖက် အလုပ်သမားတွေဟာ နေ့ဖက် အလုပ်သမား
တွေထက် လစာအားဖြင့် မလေးရှားငွေ တစ်ရာ နှစ်ရာလောက်
ပိုရပါတယ်။ ဒါကြောင့် ရောက်ခါစ မြန်မာအလုပ်သမားများဟာ
မြန်မာပြည်က ထွက်လာတဲ့ အရင်းအနှီး မြန်မြန်ကျေဖို့ ညဖက်မှာ
အလုပ် လုပ်ချင်ကြပါတယ်။ စက်ရုံတည်ဆောက်ထားပုံအရ အပေါ်
ထပ်ဟာ စက်ရုံတစ်ဝက်အထိ ရှိပါတယ်။ အပေါ်ထပ်မှာ
semi-auto လို့ခေါ်တဲ့ အဲယားကွန်မှာ တပ်ဆင်တဲ့ သံစကာ
ကွက် ထုတ်လုပ်ရေး ဌာနနဲ့ အသေးစားအဆင့် လုပ်ငန်းခွင်ပဲ ရှိပါ
တယ်။ အသေးစား ဌာနနံဘေးမှာ မူစလင်ဘာသာဝင်တွေ ၀တ်ပြု
ဆုတောင်းဖို့ အခန်းတစ်ခန်း ရှိပါတယ်။ မလေးရှား ဘာသာရေး
ဥပဒေအရ အလုပ်အချိန်အတွင်း မူစလင်ဘာသာဝင်များ အလုပ်
ခေတ္တရပ်နားပြီး ၀တ်ပြုဆုတောင်းခွင့် ရှိပါတယ်။ အခန်းရဲ့
အ၀င်အ၀မှာ ၀တ်မပြုခင် ကိုယ်လက်သန့်စင်ဖို့ အိမ်သာ
ထဲစီးဝင်တဲ့ ဖိနပ်တွေ ထားရာ ဖိနပ်စင်တစ်ခု ရှိပါတယ်။

အဆိုပါ အသေးစားအဆင့် ဌာနတွင် ညဖက် အလုပ်သမား
အနေဖြင့် များများစားစား မထားပါ။ လေးဦး ငါးဦးလောက်
သာ အလုပ် လုပ်လေ့ရှိပါတယ်။ လုပ်ရသော အလုပ် အနေ
အထားမှာ ပေါ့ပေါ့ပါးပါးနဲ့ အန္တရာယ်လည်း ကင်းသောကြောင့်
မြန်မာအလုပ်သမားများက စိတ်ဝင်စားကြပါတယ်။ သို့သော်
ယင်းဌာနတွင် မူစလင်ဘာသာဝင်မှ အပ အခြားဘာသာဝင်
များအား မခန့်အပ်ခဲ့ပါ။ ၂၀၀၁ ခုနှစ်အတွင်း ဗုဒ္ဓဘာသာ
ဝင် မြန်မာအလုပ်သမား နှစ်ဦးအား အဆိုပါဌာနမှာ ညဖက်
အလုပ်သမားအဖြစ် ပထမဆုံး စထားပါတယ်။

လုပ်ငန်းခွင်ထဲက အလုပ်သမား လေး ... ငါးဦးကို ကြီးကြပ်
ရသူက “နဇဘွန်း” ခေါ် ဘင်္ဂလားဒေ့ရှ်တစ်ဦးပါ။ သူ မှာကြား
ထားပုံက ...
“အလုပ် လုပ်နေတဲ့အချိန်အတွင်း နောက်ကနေ တစ်ယောက်
ယောက် ဖြတ်သွားတာတို့ အသံတစ်ခုခု ကြားတာတို့
ရှိရင် နောက်ကို ချက်ချင်း လှည့်မကြည့်ပါနဲ့၊ ကိုယ့်မျက်စိရှေ့မှာ
ရှိတဲ့ စက်ကိုပဲ ဂရုစိုက်ပါ၊ ပစ္စည်းရော လူပါ ထိခိုက်နိုင်တယ် ...”

ပထမ တစ်ရက် နှစ်ရက်တော့ အေးအေးဆေးဆေးပါ။ ဒီလိုနဲ့
တစ်ရက်ကြတော့ နံဘေးမှာ အလုပ် လုပ်နေတဲ့ အင်ဒိုနီးရှား
အလုပ်သမားက အလုပ် လုပ်နေရင်းနဲ့ နံဘေးကို မျက်စောင်း
ထိုးပြပါတယ်။ အနောက်မှာ မူစလင်ဘာသာဝင်တွေ ၀တ်ပြုတဲ့
အခန်းဝက “ဆင်ကြယ်” ဖိနပ်လို ဖိနပ်တစ်ရံ အလိုလိုရွေ့နေ
ပါတယ်။ ဒါနဲ့ စက်ပိတ်ပြီး သေသေချာချာ လှည့်ကြည့်ပါတယ်၊
မျက်စိရှေ့မှာတင် ဖိနပ်က လုံးဝ မရှိတော့ပါ။ နောက်ပိုင်း ရက်တွေ
မှာလည်း အဲလိုမျိုး မကြာခဏ တွေ့ရလေ့ရှိပါတယ်။ အလုပ်ထဲ
က အင်ဒိုနီးရှား အလုပ်သမား တစ်ယောက်ကို မေးကြည့်တော့ …
“ည ၁၂ နာရီနဲ့ တစ်နာရီကြားမှာ “ဂျင်”လို့ ခေါ်တဲ့ အရာတွေ
သွားလာ လှုပ်ရှားလေ့ရှိတယ်၊ ဒီအခန်းထဲက ဂျင်က နည်းနည်း
ကြမ်းတယ်၊ အလုပ်နားတဲ့ အချိန်တိုအတွင်း ဒီအခန်းထဲမှာ
မအိပ်မိစေနဲ့ ပြဿနာရှိတယ် ... ”

အဲဒါနဲ့ မြန်မာတစ်ယောက်ကနေ တခြားတစ်ယောက်ဆီ အဆင့်
ဆင့် သတင်းက ရောက်သွားပါတယ်။ မယုံဘူး စမ်းကြည့်မယ်
ဆိုတဲ့ အလုပ်သမား လေး ... ငါးယောက်က အစီအစဉ်တစ်ခု
ရေးဆွဲပါတော့တယ်။ ည ၁၂ နာရီကနေ ၁၂ နာရီ ၄၅ မိနစ်အထိ
ညပိုင်း အလုပ်ခွင်မှာ ထမင်းစားဖို့ ခဏနားပါတယ်။ အဲဒီအချိန်
အတွင်း စမ်းမယ်ပေါ့ ....။ ပထမဆုံး စ’စမ်းတဲ့ အလုပ်သမားက
ဝဏ္ဍထွန်းနဲ့ ကျော်ဦး ဆိုသူတို့ပါ။ ခုံတန်းလျား စုပြီး အဲဒီပေါ်မှာ
တက်အိပ်ပါတယ်။ ညဖက် အစားပြေ “နာစီးနမ” (ထမင်းပေါ်တွင်
ငရုတ်သီးနဲ့ ရောချက်ထားသော ငါးခြောက်ဟင်း အနည်းငယ်
ပါသည့် မလေးရှား အစားအစား)ကို စားပြီး စ'အိပ်ကြပါတယ်။
သူတို့နဲ့ မလှမ်းမကမ်းမှာ တခြား မြန်မာအလုပ်သမား လေး
ငါးယောက်က စောင့်ကြည့်ကြပါတယ်။ သူတို့နှစ်ဦးစလုံးက
ခေါင်းချတာနဲ့ အိပ်ပျော်တတ်တဲ့ လူစားမျိုးတွေပါ။

ဆယ်မိနစ်လောက်နေတော့ သူတို့နှစ်ယောက်လုံးဆီက
ဟောက်သံတွေ ကြားရပါတယ်။ နောက်ထပ် ဆယ်မိနစ်
လောက်ကြာတဲ့အထိ ဘာမှ မဖြစ်သေးပါဘူး၊ ဟောက်သံ
တော့ တိတ်သွားပါတယ်။ ဒါနဲ့ စောင့်ကြည့်နေတဲ့ အုပ်စုထဲမှ
တစ်ယောက်ကနေ ဒီကောင်တွေ ကြည့်ရတာ ဘာမှ ထူးခြားပုံ
မရဘူး၊ သူတို့နံဘေးမှာ ငါ သွားအိပ်မယ်ဆိုပြီး သူတို့နံဘေး
သွားအိပ်ပါတယ်။ အိပ်ပျော်သူတွေရဲ့နံဘေးနား ရောက်သွားတဲ့
အဲဒီလူက လှမ်းအော်လို့ ကျန်တဲ့သူတွေ အပြေးအလွှား သွား
ကြည့်ကြပါတယ်။ အိပ်နေတဲ့ နှစ်ယောက်စလုံးက မျက်လုံးပြူးပြီး
မျက်ဆန်အမဲက လှုပ်နေပါတယ်။ သူတို့ ပါးစပ်က အနည်း
ငယ် ပွင့်နေပြီး အသံထွက်ဖို့ အားယူနေသလိုပါ။ ဘီးလူး စီးနေ
တာနဲ့ တူတယ်... လို့ တစ်ယာက်ကပြောမှ သူတို့နှစ်ယောက်
ကို လှုပ်နိုးလိုက်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပြောပြပုံအရ
အိပ်ပျော်ခါစမှာ ရင်ပတ်ပေါ်ကို တစ်ယောက်ယောက် တက်
ဖိထားပါတယ်။ လူက နိုးနေသော်လည်း အသံထွက်ဖို့
ကြိုးစားတာ မရပါဘူး။ ကျန်တဲ့သူတွေသာ လှုပ်မနိုးရင် သူတို့
နှစ်ယောက်လုံး သေရတော့မဲ့ အနေအထားလို့ သိရပါတယ်။

အဲဒါကို ငမိုးဆိုတဲ့ မြန်မာ အလုပ်သမားတစ်ယောက်က ငြင်းဆန်
ပါတယ်။ ထမင်းစားပြီး အိပ်လို့ အစားမကြေရင် အဲလို ဖြစ်တတ်
တယ်၊ နောက်တနေ့ ငါ အိပ်ပြမယ်ဆိုပြီး လုပ်ပါတယ်။ နောက်
တစ်နေ့တွင် အရင်နေ့က ပုံစံအတိုင်း ငမိုး အိပ်ပြပါတယ်။ သူ့နံဘေး
မှာ အားလုံးဝိုင်းကြည့် နေကြပါတယ်။ ထမင်းစားချိန် ၄၅ မိနစ်သာ
ကုန်သွားပါတယ်။ ငမိုးထံတွင် ထူးထူးခြားခြား မတွေ့ရပါဘူး။ အလုပ်
ပြန်စဖို့ ဘဲလ်မြည်သံကြောင့် ငမိုးကို လှုပ်နိုးကြပါတယ်၊ နိုးမရတော့
ပါ။ လုံးဝသတိလစ်နေပါပြီ။ နည်းမျိုးစုံ လုပ်သော်လည်း သတိ မရ
တော့ပါ။ ဆာလာယန်း ဆေးရုံကို ညတွင်းချင်း ပို့လိုက်ရပါတယ်။
ငမိုး ပြောပြတာက ... သူ အိပ်သွားပါတယ်။ သူ့ကို ကုလား
တစ်ယောက်နဲ့ ကုလားမ တစ်ယောက် ခြေထောက်ကနေ
ဆွဲပြီး အခန်းထဲကနေ စက်ရုံအပြင်အထိ ဒရွတ်တိုက် ဆွဲချ
သွားပါတယ်။ စက်ရုံထဲကို သူ ပြန်ဝင်ဖို့ ကြိုးစားပါတယ်။
အရပ်ရှည်ရှည်နဲ့ ကုလားကြီးတစ်ယောက်က သူ့ရင်ပတ်ကို
စောင့်တွန်းပြီး ၀င်ခွင့်မပြုပါ။ ကြောက်ကြောက်နဲ့ အော်ငိုရင်း
သတိလစ်သွားခဲ့ပါတယ် ...။

နောက်ရက်တွေမှာ အခြေအနေက ပိုဆိုးလာပါတယ်။ အလုပ်
ချိန်အတွင်း နောက်ဖက်ရှိ ပုံးတွေကို လှဲချတာတို့၊ ပစ္စည်းတွေကို
အလိုအလျှောက် တွန်းရွှေ့ပြတာတို့ လုပ်လာပါတယ်။ အဆိုးဆုံး
က မီးခလုတ်ကို ဖွင့်လိုက် ပိတ်လိုက် လုပ်တာပါ၊ ဒေါသထွက်ပြီး
အော်ဆဲတဲ့သူ ဆိုရင် အကြောင်းမဲ့သက်သက် ချော်လဲ၊ ထိခိုက်
ဒဏ်ရာရ ပွန်းရှတာတွေ ဖြစ်လာပါတယ်။ ညပိုင်း ကြီးကြပ်ရေး
တာဝန်ခံက စက်ရုံပိုင်ရှင်ထံ တင်ပြရပါတော့တယ်။

အဲဒီအဖြစ်အပျက်များ နောက်ပိုင်း စက်ရုံပိုင်ရှင် တရုတ်လူမျိုး
ပီတာက အသေးစားအဆင့် ဌာနတွင် ညဖက် အလုပ် မလုပ်ဖို့
တားမြစ်လိုက်ပါတယ်။ သူ ကိုးကွယ်ယုံကြည်တဲ့ မဟာယန
တရုတ်ဗုဒ္ဓဘာသာ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ပါတယ်။
အခြေအနေက အနည်းငယ်တော့ သက်သာသွားပါတယ်။
အရှင်းတော့ မပြေလည်ခဲ့ပါ။ စက်ရုံတွင် လုပ်သက် အရင့်ဆုံး
တရုတ်တစ်ဦး၏ ပြောပြချက်အရ စက်ရုံမဆောက်ခင် ဤ၀န်း
အတွင်း အုတ်ဂူ သုံး ... လေးခု ရှိခဲ့ဖူးကြောင်း သိရပါတယ် ...။

(ပြီးပါပြီ။)

Read more »

Wednesday, 22 September 2010

ဆက်ရေးချင်သော သရဲများနှင့် ဗန္ဓုလ၀ါဒ

ရေးသူ- စစ်ငြိမ်းဒီရေ

ခေါင်းစဉ်ကို ဖတ်ပြီး ဘာနဲဟာကြီးလဲလို့ အပြစ်တင် မစောပါနဲ့။
သရဲဇာတ်လမ်းတွေ ရေးရတာ ဖတ်တဲ့သူတော့ မသိဘူး ရေးရတာ
တော့ အရသာ ရှိသလို့ပဲ ....း)။ ဘလော့မှာ ကော်မန့်လာရေး
တဲ့ မိတ်ဆွေတွေရော၊ အီမေးလ်မှာ ခင်မင်နေတဲ့ မိတ်ဆွေတွေ
ကလည်း သရဲ ဇာတ်လမ်းတွေ အသစ် မတင်တော့ဘူးလား ...
ကုန်သွားပြီလာနဲ့ တွေ့ရင် အဲဒါပဲ မေးနေကြပါတယ်။ သြော်
ဒီလူတွေနဲ့ သရဲဆို တော်တော် ချစ်ကြပါလား ...း)



သရဲပို့စ်လေးများ တင်လိုက်ရင် ကောင်တာမှာ အနည်ဆုံး
စာလာဖတ်သူက (၃၀၀) ကျော်တယ် ...း)။ ဆက်ရေးချင်တဲ့
သရဲဇာတ်လမ်းတွေ အကြောင်း မပြောခင် ဗန္ဓုလ၀ါဒအကြောင်း
အရင် ပြောပြပါ့မယ်။ ဒီခေတ်မှာက “ဗိုလ်ချုပ်” ဆိုတဲ့အသံကြား
ရင် လက်ရှိ စစ်အစိုးရတပ်ထဲက ဗိုလ်ချုပ်တွေထဲ တစ်ယောက်ယောက်
လို့ ထင်တဲ့ခေတ်။ “ဗိုလ်ချုပ်” ဆိုတာ “ဗိုလ်ချုပ်အောင်ဆန်း” ကို
အဖျားစွပ်ခေါ်မှန်းတောင် သိတဲ့လူတွေ အိုနေကြပြီ။ “ဗန္ဓုလ” ဆိုရင်
ကုမ္မဏီအမည်လား လမ်းအမည်လားလို့ ထင်မဲ့ လူတွေ
ရှိနိုင်တယ်။

မြန်မာပြည်မှာ မူလတန်းကျောင်းသားလေးတွေက သူရဲကောင်း
လေးယောက်ကို သိကြတယ်။ ဒါနဲ့ ဘယ်သူတွေလဲ မေးကြည့်ရင်
“ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ”လို့ ပြောမှာ
မဟုတ်ဘူး။ သူတို့ သိတာက တရုတ်ပေါင်ချိန် ရုပ်မြင်သံကြား
ဇာတ်လမ်းတွဲထဲက “ကျောက်လုံး၊ ကျောက်ဟူ၊ မာကျောက်၊ ၀မ်ဟန်”
ဆိုတဲ့ တရုတ်လေးကောင် …း)။ “ဗန္ဓုလ” ဆိုတာ ၁၈၂၅ ခုနှစ်က
အင်္ဂလိပ်မြန်မာ ပထမ ကျူးကျော် စစ်အတွင်း ကျဆုံးခဲ့တဲ့ စစ်
ဝန်ကြီးပါ။ သူ့ ငယ်နာမည်က မောင်ရစ်၊ စစ်သူကြီး ဖြစ်လာမှ
“သတိုးသုဓမ္မ မဟာဗန္ဓုလ”ဘွဲ့ အပ်နှင်းချင်ခံရတယ်။
“ဗန္ဓုလ” အစစ်က ဗုဒ္ဓ၀င်မှာ ရှိပါတယ်။

ကုန်းဘောင်ခေတ်မှာ “ဗန္ဓုလ” ဖြစ်လာမဲ့ အမူထမ်းဟာ ပထမဆုံး
ဘိုးတော်ဘုရားရဲ့ သားတော် အိမ်ရှေ့စံ ကိုယ်တော်ကြီးထံမှာ
ခစားပါတယ်။ အိမ်ရှေ့စံ ကိုယ်တော်ကြီး ကွယ်လွန်တော့ အဲဒီရာထူး
ကို ဘကြီးတော်ဘုရားလို့ သမိုင်းမှာ မှတ်တမ်းတွင်တဲ့ စစ်ကိုင်းမင်း
ဆက်ခံပါတယ်။ စစ်ကိုင်းမင်းလည်း အိမ်ရှေ့စံ ဘုရင်အလောင်းအလျာ
နေရာကို ရောက်လာတော့ သူ့ကို အရေးတယူ မလုပ်ပါဘူး။ ဘုရင်
ဖြစ်မယ့် အိမ်ရှေ့မင်းဆိုတော့ နံဘေးမှာ ပတ်ပတ်လည် ၀ိုင်းနေတာ
ပေါ့။ ဒါနဲ့ တနေ့ကျတော့ “ဗန္ဓုလ” ဖြစ်လာမဲ့ အမူထမ်းက နန်းရင်ပြင်
မှာ ပြဿနာ ထ’ရှာပါတော့တယ်။ နန်းရင်ပြင်ရဲ့ နောက်ဆုံး မရောက်
တရောက် နေရာမှာ ခစားနေရတဲ့ ဗန္ဓုလက သူလိုပဲ ခစားနေရတဲ့
“နန္ဒဗလ” ကို တတောင်နဲ့ ထ’ထောင်းပါတယ်။ ဒါနဲ့ ရုပ်ရုပ်သဲသဲ
ဖြစ်သွားတော့ ဘာကြောင့် ဒီလိုလုပ်ရသလဲလို့ အိမ်ရှေ့မင်းက
ဆူပူကျိန်းမောင်းပါတယ်။ အဲဒီတော့ “ဗန္ဓုလ” အလောင်းအလျာ
က ... သူ့အပေါ် အရေးတယူ ရှိစေခြင်းလို့ အခုလို သူတပါးအပေါ်
အကြောင်းမဲ့သက်သက် ထ’ထောင်း ပြရတာပါ … တဲ့။ ဒီလိုနဲ့ပဲ
မြန်မာရာဇ၀င်မှာ နာမည်ကြီးဖို့ လူသိများဖို့ ဖော်မြူလာ အသစ်
တစ်ခုကို မြန်မာ့နည်းမြန်မာဟန်နဲ့ မွေးဖွားခဲ့ပါတယ်။ အဲဒီလုပ်နည်း
ကို “ဗန္ဓုလ၀ါဒ”လို့ ခေါ်ပါတယ်။ ဘယ်အလုပ်မှ သေသေချာချာ
စတင် မလုပ်ရသေးပဲနဲ့ နာမည်ကြီး လူသိများချင်လို့ ဗန္ဓုလ၀ါဒီ၊
အမည်ခံဝေဖန်ရေးတွေ များလာပါပြီ ....း)

လူပြိန်းကြိုက်တွေ ရေးနေတယ်၊ အဓိပ္ပါယ်ကင်းမဲ့တာတွေ ရေး
နေတယ်၊ သပေါ့စာတွေ ရေးနေတယ်၊ ကော်မန့် များများ လို
ချင်လို့ ရေးနေတယ် စသဖြင့် မကြားတကြားပေါ့ ....း(
ဗန္ဓုလ၀ါဒများ ဘယ်လောက်တောင် ကြောက်စရာ ကောင်းသလဲ
ဆိုရင် ဒီပဲယင်းအရေးအခင်းဖြစ်ခဲ့တဲ့ “ဒီပဲယင်း” မြို့ဟာ တချိန်က
ဗန္ဓုလ မြို့စားလုပ်ခဲ့တဲ့ မြို့ပါ ....း)

အမည်ခံဝေဖန်ရေး ဗန္ဓုလ၀ါဒီတွေ ဘယ်လိုပင် ပြောပြော သရဲ
ဇာတ်လမ်းတွေတော့ ဆက်ရေးအုံးမှာပါ။ မြန်မာပြည်က သရဲတွေ
အပြင် မလေးရှားက မျက်နှာပြား ဂျက်ပိတ်သရဲ၊ မလေးရှား ဆွတ်ခိုင်း
ဘလို့ထောင်က ကုလားသရဲ တွေလည်း ရေးပြချင်ပါတယ်။ မလေးရှား
ထောင်တွေနဲ့ ထောင်ထဲက သေဒဏ်ကျခံဖို့ စောင့်စားနေရတဲ့
လူတွေထဲမှာ မြန်မာနိုင်ငံသားတချို့ ရှိနေတယ်။ ကြိုးစင်ဟာ
ဘယ်လိုပုံစံ၊ ကြိုးသမားတွေဆီ ထမင်းသွားပို့ရင် ပုံစံခွက်ကို
အခန်းထဲ ဘယ်လို ထိုးထည့်ရတယ် စသဖြင့် စသဖြင့် .... ။

ဟိုတလောက အွန်လိုင်းပေါ်မှာ ခင်မင်နေတဲ့ အသိတစ်ယောက်
က ပြောပါတယ်။ သူတို့ ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ သရဲ ဇာတ်လမ်းကို
ရေးပေးပါလား .... တဲ့။ ရိုးမတောင်ခြေမှာ ရှိတဲ့ သူတို့ တစ်ရွာလုံး
၁၅ ရက်တိတိ တစ်နေရာကို ရွေ့သွားတယ်တဲ့၊ ကျနော်လည်း
မေးပါတယ် ... ခင်ဗျားဟာက ဟုတ်ရော ဟုတ်ရဲ့လားဗျာ၊ ရွာက
အိမ်ခြေ ဘယ်လောက်ရှိလဲ၊ ဘုန်ကြီးကျောင်းရော မရှိဘူးလား၊
နံဘေးရွာတွေရော မသိလိုက်ဘူးလား ... ဆိုတော့ သူက
ရွာက အိမ်ခြေ ခြောက်ဆယ်လောက်ရှိတယ်၊ ပြုစား ခံရသလို
တရွာလုံး နေရာရွှေ့သွားတဲ့ ဖြစ်စဉ်မှာ ဘုန်းကြီးကျောင်းလည်း
ပါတယ်၊ မနက် မိုးလင်းတော့ သူတို့ရွာဟာ ချောင်းတစ်ခုရဲ့
နံဘေးကို ရောက်နေတယ်၊ ရွာနံဘေးမှာ ဘယ်ချောင်းမှ မရှိဘူး၊
နောက်တစ်နေ့ မိုးလင်းတော့ တောင်နှစ်လုံးကြားက ချိုင့်ဝှမ်းထဲ
ရောက်နေတယ်၊ သူတို့ရွာနဲ့ တစ်မိုင်လောက် ဝေးတဲ့နေရာမှာ
အိမ်ခြေ သုံးဆယ်လောက်သာသာ ရွာတစ်ရွာတော့ ရှိပါတယ်၊
အဲဒီ ရွာက လူတွေဆိုရင် အရမ်းကို အံသြနေကြတာ၊ သူတို့ရွာ
နေ့ချင်း ညချင်း ပျောက်သွားတာကို လန့်နေကြတယ်။ ရွာအပြင်
လယ်ကွင်းထဲက လယ်စောင့်တဲမှာ အိပ်ခဲ့တဲ့ သူတို့ရွာသား
တွေဆိုရင် ကြောင်တောင်တောင် ဖြစ်သွားကြတာ ... တဲ့။

ဒီသရဲ ဇာတ်လမ်းကို ဘယ်လို ရေးရမှန်းတောင် မသိဘူး။
တွေ့ကြုံခဲ့ရသူဆီက အသေးစိတ် အချက်အလက်တော့ ယူထား
ပြီးပြီ။ ပြုစားခံရတဲ့အထဲ ဘုန်းကြီးကျောင်းလည်း ပါနေတယ်
ဆိုတော့ ရေးရမှာ သိပ်တော့ မလွယ်ဘူး။ ဒါနဲ့ နောက်တစ်ယောက်
က လာပါသေးတယ်။ အကို အုတ်နံရံထဲက သရဲထွက်လာတယ်
ဆိုတာ ယုံလား တဲ့။ ဘယ်နေရာမှာလဲ မေးလိုက်တော့။ မြန်မာပြည်
က ....... ဆေးရုံမှာ တဲ့။ အဲဒါနဲ့ နင်ကိုယ်တိုင် တွေ့ခဲ့သလား
မေးကြည့်တော့ သူက ... သမီးတို့ဘကြီး တဲ့ ....း)

ပြီးခဲ့တဲ့ ရက်ပိုင်းက အသိတစ်ယောက်အိမ်ရောက်တော့
သူတို့မိသားစု ဒိန်းမတ်ရောက်ခါစက သူတို့အရင် အဲဒီ
အိမ်မှာ မိသားစု တစ်စု နေသွားတယ်၊ အဲဒီမိသားစုမှာ
ခွေးတစ်ကောင် ရှိတယ်၊ ခွေးသေသွားတော့ ခွေးကို ခြံထဲ
မှာ မြေမြုပ်လိုက်ကြပုံ ရတယ်။ အငယ်ဆုံးကလေးက ညဖက်
ဆို အိပ်ယာက ထပြီး အမေ ... ခွေးကြီးတစ်ကောင် သား
ကုတင်အောက်မှာ အိပ်နေတယ်လို့ ထထ’ယောင်တယ်။
အိမ်မွေးတိရိစ္ဆာန် သရဲတွေလည်း ရှိပါသေးလား ...း)

ဟိုတနေ့က အွန်လိုင်းပေါ်မှာ ညီငယ်တစ်ယောက်က လှမ်းမေး
ပါတယ်။ အကို ကြောင်တစ်ကောင် သေသွားရင် သရဲ ဖြစ်နိုင်
လားတဲ့ ....။ သူ့အခန်းထဲမှာ ညတိုင်း ကြောင်အော်သံ ကြား
နေရတယ်တဲ့။ သူ့အခန်းက အလုံ၊ အပေါက်တစ်ခုမှ မရှိဘူးတဲ့။
ဘယ်လို ပြန်ဖြေရမှန်းကို မသိတော့ဘူး။ သရဲ ... သရဲ ....
သရဲတွေ ...း)

ဒါနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေကို ....
သရဲအကြောင်းလည်း ရေးပါ့မယ်။ ၂၀၁၀ မှာ ပြုလုပ်မယ်ဆိုတဲ့
ရွေးကောက်ပွဲ သရဲကိုလည်း လျစ်လျူမရှုကြပါနဲ့လို့ ...း)
သရဲအကြောင်းလည်း ဖတ်ကြပါ၊ အခြား တင်ပြချက်တွေ
လည်း ဖတ်ကြပါလို့ ….း)

Read more »

Tuesday, 21 September 2010

ဆံပင်ညှပ်သမား



ဟာလာဟင်းလင်းဖြစ်နေတဲ့ ဆံပင်ညှပ်ဆိုင်ထဲမှာ
ဆံပင်ညှပ်သမားတွေ အိပ်ငိုက်နေကြရဲ့။
ဆံပင်ညှပ်သူကို စောင့်ကြ၊ မျှော်ကြ။
တစ်ယောက်မှ မပေါ်လာ။
ပျင်းရိငြီးငွေ့မိ၊ ဘာမှလုပ်စရာမရှိ။
ဟိုလျှောက်သည်လျှောက် လမ်းသလားကြ။
သူတို့ဘာသာ မုတ်ဆိတ်ပြန်ရိတ်ကြ။
သူတို့အချင်းချင်း ပြန်ဆံပင်ညှပ်ပေးကြ။
အချင်းချင်း စကားမရှိ စကားရှာပြောကြ။
အိပ်ငိုက်ကြ၊ ဟောက်ကြ၊ ပြန်နိုးလာကြ။
မိုးကြိုးမုန်တိုင်းတစ်ခုလာနေပြီ။
အရာအားလုံးမှောင်ပြာ၊ ကြက်တွေတွန်။
ဆံပင်ညှပ်သမားတွေ ကြောက်လန့်ကုန်ကြ။
ဟိုပြေး၊ သည်ပြေး၊ ပြေးကြ။
မိုးကြိုးသံကို သင်တို့ကြားပါစေ။
ဆံပင်ညှပ်သမားတွေ ငိုကြ၊ တေးဆိုကြ။
ဆံပင်ညှပ်သမားတွေ ရူးသွပ်သွားကြ။
တိတ်ဆိတ်ငြိမ်သက်စွာ ရပ်သွားကြ။
ပြီးတော့ နှစ်ဆပြန်ပြီ၊ ကယောင်ခြောက်ခြားဖြစ်ကြ။ ။



ရေးသူ- ဂျူလီယန် ကြူဝင်း
(Julian Tuwim (September 13, 1894 – December 27, 1953))
ကဗျာဘာသာပြန်- ဆရာမြသန်းတင့် (၂၃.၅.၁၉၂၉- ၁၈.၂.၁၉၉၈)

(မှတ်ချက်။ ။ ၁၉၂၆ ခုနှစ်တွင်၊ ပိုလန်နိုင်ငံသား ဂျူးလူမျိုး
ကဗျာဆရာ ဂျူလီယန် ကြူဝင်းသည် အဲဒီခေတ်အဲသည့်
အခါက ပိုလန်လွှတ်တော်ထဲတွင် ထိုင်နေသည့် နိုင်ငံရေးသမား
များအား ရည်ညွှန်းစပ်ဆိုခဲ့သည့် ကဗျာဟု လူသိများပါသည်။
နောက်ပိုင်းတွင် “လူရွှင်တော် ချာလီချက်ပလင်” အား ရည်ညွှန်း
ခဲ့သည်ဟု သိရပါသည်။ ဆရာမြသန်းတင့် ဘာသာပြန်သော
လူများ၊ သက္ကရာဇ်များ၊ဘ၀ (၁၉၂၁- ၁၉၄၁) မှ ကူးယူ ဖော်ပြ
ပါသည်။ စာမျက်နှာ- ၂၇)


Read more »

Sunday, 19 September 2010

သခင်အုန်းမြင့် နောက်ဆုံးခရီး











ကံသုံးပါးနဲ့ ပြစ်မှားမိခဲ့တာများ ရှိရင်
ခွင့်လွှတ်ပါ အဘရေ ....
အဝေးကပဲ ကန်တော့ပါတယ် ...
-မောင်အောင်ခင်မြင့်
Read more »

Saturday, 18 September 2010

သခင်အုန်းမြင့် ပထမအကြိမ် အဖမ်းခံရစဉ်

အပေါ်ဆုံးရှိ ကြေးမုံ သတင်းစားအဟောင်း ကိုဖိပြီး
အကျယ်ချဲ့ကြည့်ပါ။ အောက်ဆုံးတန်း (၃)ပုံအနက် အလယ်ပုံ
မှာ ကွယ်လွန်သူ အဘ သခင်အုန်းမြင့်ပုံ ဖြစ်ပါတယ်။
(၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလဟု ထင်ပါတယ်။)
Facebook ပေါ်မှ ထပ်ဆင့် ကူးယူဖော်ပြထားခြင်းပါတယ်။





Read more »

အနုပဋိလောမ၊ တိုးတက်ရေး သတင်းစာနဲ့ ၃၇ လမ်း

(ယခုဖော်ပြပါ ဆောင်းပါတွင် ကွယ်လွန်သူ အဘ
သခင်အုန်းမြင့်၏ သမိုင်းဖြတ်သန်းမှု အခန်းကဏ္ဍကို
လေ့လာနိုင်ပါသည်။ ထပ်ဆင့်ကူးယူ ဖော်ပြခွင့်ပြုသော
မာယာမဂ္ဂဇင်းအား လေးစားစွာ ကျေးဇူးတင်ပါသည်။)



ရေးသူ- တင်သိန်းမောင်

{၂၀၀၁ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်ထုတ် မာယာမဂ္ဂဇင်းတွင်
ဖော်ပြပြီး ဖြစ်ပါတယ်။ အင်တာနက် စာဖတ်ပရိသတ်အတွက်
ထပ်မံ ဖော်ပြလိုက်ပါတယ်။}

ဦးခင်မောင်ထွန်းရဲ့ မြန်မာ့ဂျာနယ်သမိုင်းစာအုပ်ကို ဖတ်တုန်းက
မှတ်မိတာတခု ရှိတယ်။ အဲဒါ ဘားမားဂျာနယ်ကို '......၁၉၃၆ ခုနှစ်
ဇွန်လ ၆ ရက် ( ၁၂၉၈ ခုနှစ် နယုန်လဆုတ် ၃ ရက် ) စနေနေ့တွင်
စတင်ထုတ်ဝေသည်' ' ......တိုးတက်ရေး သတင်းစာတိုက်က ထုတ်
ဝေခြင်းဖြစ်၍ ဦးပဂျီငို(ဦးစိန်)က ကြီးကြပ်စီမံသည်'......... ဆိုတဲ့
အချက်ပါ။ အဲဒီ ဆိုလိုချက်အရ တိုးတက်ရေး သတင်းစာက ဘားမား
ဂျာနယ် အရင် (၁၉၃၆ ခုနှစ် ဇွန်လ ၆ရက် မတိုင်မီ) ထုတ်ဝေတယ်
လို့ ဆိုလိုရာ ရောက်ပါတယ်။



နောက်တခါ တက္ကသိုလ်ထင်ကြီးရဲ့ မြန်မာနိုင်ငံစစ်တမ်းစာများ
အညွှန်းစာအုပ်ကို ဖတ်မိတဲ့အခါ အဲဒီစာအုပ် (ပထမတွဲ)မှာ
'တိုးတက်ရေး သတင်းစာကို ၁၉၃၈ ခုနှစ် မေလ (၃)ရက်
နေ့တွင် စတင်ထုတ်ဝေသည်'....... လို့တွေ့ရပြန်တယ်။ ဒီနှစ်ခု
ကို နှိုင်းယှဉ်ကြည့်တဲ့ အခါ (Burma Journal) ဘားမားဂျာနယ်
နဲ့ တိုးတက်ရေးသတင်းစာ (ခုနှစ်အရ) ရှေ့နောက် ကွဲလွဲနေတဲ့
အချက်ကို တွေ့ရပါတယ်။ ဒီကွဲလွဲချက်ကို ကျွန်တော့်စိတ်ထဲ
ဘဝင်မကျ ဖြစ်နေခဲ့ တာ ကြာပြီ။

ဒါနဲ့ တနေ့တော့ တိုးတက်ရေးသတင်းစာ အယ်ဒီတာဟောင်း
ဦးအုန်းမြင့် (ကျော်လင်း) နဲ့ အလှူတခုမှာ ဆုံမိတယ်။ စကား
စပ်မိလို့ မေးကြည့်တော့ တိုးတက်ရေး သတင်းစာအကြောင်း
ကို ပြောပြပါတယ်။ အသေးစိပ် သိချင်တာနဲ့ ဦးအုန်းမြင့်အိမ်
မှာ ဆုံဖို့ခွင့်တောင်းပြီး မေးမြန်းတဲ့ အခါ ဒီလို ပြောပါတယ်။
".....ကျွန်တော် မှတ်မိသလောက် ပြောရရင် ကျွန်တော်က
အရင် ဆရာကိုချစ်မောင် (ဂျာနယ်ကျော်ဦးချစ်မောင်)နဲ့ နေတာ။
ကျွန်တော်တို့ နေကြတာ ရေကျော် နှင်းပန်းလမ်း အိမ်နံပါတ်-၁၈
ဗျ။ အခန်းတခန်းကို ငှားနေတာ။ ကျန်တဲ့ တဖက်ခန်းမှာက
ဘယ်သူ ငှားနေသလဲဆိုတော့ ပန်းချီဦးအုန်းလွင်နေတယ်။
ကျွန်တော်တို့အခန်းမှာ ကျွန်တော်တို့ နဲ့အတူ ကိုကိုလေး
(တိုးတက်ရေး)၊ ကိုအာယု (နောက် နိုင်ငံခြားရေးဌာန)၊
ကိုထွန်းကြိုင်၊ ကိုထွန်းရင်၊ ကိုထွန်းဖေ (သခင်တင်ဖေ)တို့
နေကြတယ်။ အားလုံး လူပျို ကိုယ်လွတ်တွေချည်း ပေါ့ဗျာ။
လူပျိုဂေဟာလို့ ပြောရင်တောင် ရတယ်။

အဲဒီကနေ ပြီးတော့ အဲဒီ နှင်းပန်းလမ်းထဲက အိမ်။ အိမ်နံပါတ်
[၈] ကိုပြောင်းတယ်။ အဲဒါ- ၁၉၃၆/၃၇ ခုနှစ်ဗျ။ နောက်တော့
၃၄ လမ်း ပြောင်းကြတယ်။ အဲဒီ ကာလလောက် ကတည်းက
သတင်းစာလောက ကျွန်တော်တို့ ရောက်တယ်။ အဲဒီမှာ
ဆရာကိုချစ်မောင်က ဒေါ်တင်လှိုင် (ဂျာနယ်ကျော်မမလေး)နဲ့
ယူတော့မယ်ဆိုတော့ ကျွန်တော် ၃၇လမ်းထဲက ကိုသိန်း(ဇဝန)
ဆီပြောင်းပြီး ကိုသိန်းနဲ့ အတူတူနေရတယ်။ အဲဒါ ၃၇လမ်း
အိမ်နံပါတ် ၁၄၉ ပထမထပ်မှာ၊ အောက်ထပ်မှာက ဈေးနှုန်း
သတင်းစာတိုက် ရှိတယ်။ အခု ဘဝတက္ကသိုလ် စာအုပ်တိုက်
အဆောက်အဦ ပေါ့ဗျာ။ အဲဒီမှာ ဇဝန ကျွန်တော်နေတော့
ကျွန်တော့် အကြောင်းပြုပြီး ကိုသန်းထွန်း (သခင်သန်းထွန်း)
ကလဲ ရောက်လာတယ်။ ကိုသန်းထွန်းနဲ့ ဆက်စပ်ပြီး သခင်စိုး၊
ကိုဗဟိန်း တို့လဲ ရောက်လာကြတယ်။ ဝင်လိုက် ထွက်လိုက်
ပေါ့ဗျာ။ ဒါကို ဇဝနရဲ့ဇဝန ဆိုတဲ့ စာအုပ် ထဲမှာ ကိုသိန်းက
ရေးထားသေးတယ်။

အဲဒီတုန်းက ကျွန်တော်တို့နဲ့ အခန်းချင်းကပ်လျက်နေတာက
မြန်မာ့အလင်းက သတင်းထောက် ဦးကျော်မင်း မိသားစုဆိုတာ
ရှိတယ်။ အကြီးကောင်က ‘အပါ’တဲ့။ အငယ် ကောင်နံမယ်တော့
မေ့သွားပြီဗျ။ ကျွန်တော်တို့က သူတို့အိမ်မှာ ထမင်းလခ
ပေးစားကြတာ ပေါ့ဗျ။ အဲဒီမှာ ကလေးတွေနဲ့ ရင်းနှီးပြီး
အကြီးကောင်အပါက ဦးဦးပုံပြောပါ ဆိုတော့ ပုံပြောရတယ်။
နောက် ကိုယ်ကချည်း ပြောရတာ မောတယ်။ အပါ မင်းကလဲ
တလဲပြောအုံးဆို တော့ အပါကလဲ ပုံပြောတယ်။ အဲဒါကို အခြေ
ခံပြီး ဇဝနက 'ဦးဦးပုံပြောမယ်'၊ 'အပါပုံပြောမယ်' ဆိုတဲ့ ဆောင်းပါး
တွေ ရေးတယ်။ ဒါက စပ်မိတုန်း ဇဝနရဲ့ အပါပုံပြောမယ်၊ ဦးဦး
ပုံပြောမယ် ဆိုတဲ့ အကြောင်းရင်းလေး ပြောတာပါ။ နောက်တခါ
ကိုသိန်း(ဇဝန)က မိန်းမယူတော့မယ် ဖြစ်ပြန်ရော၊ ဒီတော့
ကျွန်တော်တို့ တခါပြောင်းရပြန်တယ်။ ကိုသိန်းကို အဲဒီအခန်းမှာ
ထားခဲ့ပြီး ကျွန်တော်တို့က အဲဒီ ၃၇လမ်းထဲမှာပဲ အရင်အိမ်နဲ့
မျက်စောင်းထိုး အိမ်နံပါတ် ၁၇ဝ ကို ပြောင်းတယ်။ အိမ်နံပါတ်
၁၇ဝ ရဲ့ ပထမထပ်၊ ကျွန်တော်တို့က မြောက်ဖက်ခန်းမှာနေတယ်။
တောင်ဖက်ခန်းမှာက ဦးထွန်းဖေ(ထွန်းနေ့စဉ်) နေတယ်။ အဲဒီ
အခန်းက ကိုသန်းထွန်း နံမည်နဲ့ ငှားတာ။ သူက အဲဒီတုန်းက
ကျောင်းဆရာ လုပ်နေတယ်။ သခင်သန်းထွန်း ဖြစ်နေပြီ။ အဲဒါ
၁၉၃၈ ခုနှစ်၊ နှစ်ဆန်းပိုင်းလောက်ဗျ။ ဘာဖြစ်လို့လဲဆိုတော့
ကိုသိန်း(ဇဝန) လက်ထပ်တာ ၁၉၃၈ ခုနှစ် မေလ ၂၆ ရက်နေ့လေ။

အဲဒီ ၃၇ လမ်းက အိမ်နံပါတ် ၁၇ဝ ရောက်တော့ လူက
တော်တော်စုံတယ်။ အဲဒီအခန်းမှာ ကိုသန်းထွန်းနဲ့
ကျွန်တော်နေတယ်။ သခင်စိုး(ကိုစိုးကြီး) လဲနေတယ်။
ကိုအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)၊ ကိုဗိုလ်(သခင်ဗိုလ်)၊
ကိုဗဟိန်း(သခင်ဗဟိန်း) တို့က နေ့တိုင်းလောက်လာကြ
တယ်။ အဲဒီအချိန်က ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ သခင်
မဖြစ်သေး ဘူး။ ကျောင်းသားခေါင်းဆောင်တွေပဲ ရှိကြသေး
တယ်။ ကိုဗဟိန်းဆိုရင် ကျွန်တော်တို့ ဆီမှာ အိပ်ထာစားတာ
များတယ်။ တလမှာ ၁၅ရက်လောက် အိမ်မှာ အိပ်တယ်
စားတယ်။ [ကျန်တဲ့ရက်က ကျောင်း(ရန်ကုန်တက္ကသိုလ်)မှာ
နေတယ်။] အိမ်မှာပဲ စာဖတ်၊ စာရေး၊ အိမ်မှာပဲ ဆွေးနွေးကြ၊
တိုင်ပင်ကြ၊ ငြင်းကြခုန်ကြ အမြဲရှိကြတယ်။

ကျွန်တော် သေသေချာချာ မှတ်မိတာ ရှိတယ်။ အဲဒီအချိန်တုန်း
က ကိုစိုးကြီး(သခင်စိုး) က ကျွန်တော်တို့နဲ့ အတူနေတာ။
ကိုဗဟိန်းစကားနဲ့ ပြောရရင်..... "သခင်စိုးမှာ အခြား အလုပ်
လုပ်စရာ မရှိတော့သဖြင့် သခင်သန်းထွန်းက ကျွေးမွေးထား
သည်ကို စားသောက်ကာ စာကိုချည်း ကုန်းဖတ်နေ၏
"..... [သခင်စိုးရေး-ဗမာ့တော်လှန်မှု-စာအုပ်မှ] ဆိုသလိုပေါ့ဗျာ။
သူက ဘာလုပ်သလဲဆိုရင် မနက်ဆို မြူနီစပါယ်ရုံး
(ယခုမြို‹တော်ခန်းမ) မှာရှိတဲ့ ဘားနတ်ဖရီး လိုက်ဘရီ
(ဘားနတ်စာကြည့်တိုက်) သွားတယ်။ အဲဒီမှာ စာဖတ်တယ်။
စာကူးတယ်။ ပြီးရင် အဲဒီက ကျမ်းစာအုပ်တွေ ရာဇဝင် စာအုပ်
တွေ တလွယ်ကြီး တထပ်ကြီး ငှားပြီး သယ်ချလာ တယ်။
သူ့မှာ လွယ်အိပ်ကြီးတလုံးကလဲ ပါသေးတယ်။ စာကြည့်
တိုက်က ပြန်ရင် သူလုပ်လေ့ရှိတာက ၃၃လမ်း (ဒါမှမဟုတ်)
၃၄လမ်းက ဖြတ်တယ်။ ဖရေဇာလမ်း (ယခုအနော်ရထာလမ်း)
ကို ထွက်တယ်။ ထွက်ပြီးတော့ ဖရေဇာလမ်း (အနော်ရထာလမ်း)
နဲ့ ၃၃ လမ်း၊ ၃၄ လမ်း ထောင့်တွေမှာ ကော်ရင်ဂျီ ကုလားမတွေ
ရောင်းတဲ့ ဟင်းသီးဟင်းရွက်ဆိုင် တွေကို ဝင်တယ်။ ကန်ဇွန်း
ရွက်တွေ၊ ပဲတောင့်ရှည်သီးတွေ၊ ကုလားပဲခြမ်းတွေ ဝယ်တယ်။
အဲဒါတွေဝယ်ပြီး လွယ်အိတ်ကြီးထဲ သွတ်ထည့်တယ်။ ပြီးတော့
စာအုပ်တွေရော၊ ဟင်း ရွက်တွေရောကို လွယ်ပိုးပြီး ပြန်လာတာပဲ။
ကျွန်တော်တို့ အခန်းပြန်လာတာပဲ။ အဲ...... အခန်းထဲရောက်ပြီ
ဆိုရင် ပါလာတဲ့ စာအုပ်တွေချ၊ တွေ့တဲ့ဖျာ ဆွဲခင်း၊ စာအုပ်တွေပုံ၊
တနေကုန် စာဖတ်နေတာပဲ။ ဖတ်လိုက် မှတ်လိုက် ရေးလိုက်
တွေးလိုက်။ တော်ကြာ ပက်လက်၊ တော်ကြာ မှောက်လျက်၊
မှောက်လိုက် လှန်လိုက်၊ တနေကုန် လုပ်နေတာပဲ။ အင်္ဂလိပ်
စာအုပ်တွေနဲ့ ပါဠိစာအုပ်တွေ ချပြီး ဖတ်တယ်။ ဘာသာပြန်တယ်။
စကားလုံးတွေ ဖလှယ်တယ်။ အလဲအလှယ် လုပ်တယ်။ အဲဒီမှာ
အနုပဋိလောမတို့၊ ဘာတို့၊ စကားလုံးတွေ သုံးတယ်။ သူစာရေး
ရင်လဲ အနုပဋိလောမဆိုတဲ့ စကားလုံးကို ထည့်ထည့် ရေးတယ်။
သူစကားပြောရင်လဲ အနုပဋိလောမ ဆိုတဲ့စကားကို ထည့်ထည့်
ပြောတယ်။ သူက အဲဒီလို အင်္ဂလိပ် စကားလုံးတွေကို ပါဠိ
စကားလုံးတွေနဲ့ ဖလှယ် ဖလှယ် သုံးလွန်းလို့ ကျွန်တော်ကတောင်
ပြောမိသေးတယ်။
"ကိုစိုးကြီး ခင်ဗျားကလဲ အင်္ဂလိပ်စကားလုံးတွေ လူနားမလည်လို့
ဘာသာပြန်ပါဆိုမှ မြန်မာလိုမပြန်ဘဲ ဘယ်နှယ် ပါဠိစကားလုံး
တွေနဲ့ ပြန်ပြန်နေတာလဲဗျ-ဘယ်သူက နားလည် မှာလဲ၊
လူတိုင်းနားလည်တဲ့ မြန်မာစကားလုံးလေး ဘာလေးသုံးပါဗျ။
လူတွေနားလည်အောင် ရှင်းရမယ့် ဟာ ခင်ဗျားစကားလုံးတွေက
လူနားမလည်တဲ့ ပါဠိစကားတွေ ဖြစ်နေပြီ" ဘာညာပြောရင်
သူက တဟဲဟဲ ရယ်နေတာပဲ။ ဘာမှပြန်မပြောဘူး။ ပြီးတော့
သူ ရေးစရာရှိ ဆက်ရေး၊ သူ ဖတ်စရာရှိ ဆက်ဖတ်၊ သူ
လုပ်စရာရှိ ဆက်လုပ်နေတာပဲ။

သူ ဆာရင် ဘာလုပ်မလဲဆိုတော့ ရေစိမ်ထားတဲ့ ကုလားပဲခြမ်း
တွေ စားတယ်။ ပဲတောင့်ရှည်သီးတွေ စားတယ်။ ရေတဝ
သောက်မယ်။ ပြီးတော့ စာအုပ်ပုံထဲ ပြန်ရောက်သွားတာပဲ။
ဖတ်လိုက် မှတ်လိုက် ဘာသာပြန်လိုက် အဲဒါ သွားရော တနေကုန်။
ဒါမျိုး နေ့တိုင်း သူလုပ်ထာ။ အင်မတန် ဇွဲကြီးတယ်။ တခါတလေ
လဲ သူတို့ လူစုံပြီး စကားဝိုင်းကောင်း နေတတ်တယ်။ ဒါ ကျွန်တော်
တို့ ဆီမှာ သူတို့ လုပ်ထာ။ ကိုအောင်ဆန်းကလဲ အမြဲလာတယ်။
ကိုဗဟိန်းကလဲ အမြဲ လာတယ်။ သူလာရင် စာအုပ်တွေနဲ့
အလုပ်ရှုပ်နေတာပဲ။ သူကလဲ ဖတ်လိုက် မှတ်လိုက် ရေးလိုက်၊
မေးလိုက် ပြောလိုက် ဆိုလိုက်နဲ့ မအားအောင် လုပ်နေတာပဲ။
အဲ..... နေအုံး၊ သူက သူများထက်ပိုရှုပ်တဲ့ အလုပ်ပိုတခုတောင်
ရှိသေးတယ်။ အဲဒါ ဘာလဲ ဆိုရင် ရီးစားစာ ရေးတဲ့ အလုပ်။
သူ ဘယ်သူ့ဆီရေး တာလဲ ဆိုတော့ ထားဝယ်သူတယောက်၊
[မææ] ဆီရေးတာ၊ နောက်တော့ မææက၊ BA, BL ဖြစ်တယ်။
သူက ထားဝယ်သူ ဖြူဖြူဖြောင့်ဖြောင့် ဆံထုံးကြီးနဲ့ မိန်းမချော
မိန်းမ လှလေဗျာ။ ကိုဗဟိန်းက သိတ်သဘောကျတာ။ အဲဒါ
နေ့တိုင်း စာရေးတယ်။ ရေးပြီးတဲ့ စာတွေကို နေ့တိုင်း စာတိုက်
သွားသွားထည့်တယ်။ သွားသွားထည့်တဲ့ စာတိုက်ပုံးက အခု
ပန်းဆိုးတန်း သံကြိုးရုံးကြီးထောင့် ပလက်ဖောင်းပေါ်က
စာတိုက်ပုံး(အခုမရှိဘူး)၊ နေ့တိုင်း အချိန်မှန် တနေ့မပျက်
ရေးတယ်။ တရက်မပျက် ထည့်တယ်။ အဲဒါ လုပ်နေတာပဲ။

တနေ့တော့ သူ အဲဒီလို စာသွားထည့်တာကို ကုလားတွေ
ဝိုင်းလိုက်လို့ အသက်လုပြီး ပြန်ပြေးခဲ့ရတယ်။ ကံသီလို့
မသေတယ်။ ကုလား-ဗမာရိုက်နေပြီလေဗျာ။ ဘယ်သူ့မှ
မပြောဘဲ သူ့ဖာသာသူ တယောက်တည်း ထထွက်သွားတာ။
ဘယ်သူမှ မသိလိုက်ဘူး။ ဖြစ်လာမှ သိကြတာ။ မသေကောင်း
မပျောက်ကောင်း၊ ကံကောင်းလို့.....။ နောက်ပြီး ကျွန်တော်တို့
နေတာကလည်း ၃၇ လမ်း၊ အိမ်နံပါတ် ၁၇ဝ ဆိုတာ၊ ကုလား
ဗလီနဲ့က မျက်စောင်းထိုး ရှိတာ။ ကျွန်တော်တို့ သွားရင်
လာရင်တောင် အမြဲအုပ်စုနဲ့ သွားနေလာနေကြရတာ။ လူအုပ်
ကောင်းပြီး လူတွေကလည်း လူငယ်တွေ၊ အရွယ်ကောင်း
ချည်းမို့သာ ကုလားတွေက ရှိန်ပြီး မလုပ်ရဲတာ။ တယောက်ချင်း
နှစ်ယောက်ချင်းဆို လုပ်ပစ် နေတဲ့ အချိန်ဗျ။

အဲဒါ ၁၉၃၈ခုနှစ် ဂျူလိုင်-သြဂုတ်လတွေလောက်ပေါ့ဗျာ။
ကုလား-ဗမာရိုက်ပွဲတွေ ဖြစ်ထာက ၁၉၃၈ ဇူလိုင်လ ၂၆ ရက်
အင်္ဂါနေ့ စဖြစ်တာ။ တိုးတက်ရေး သတင်းစာကို အဲဒီရိုက်ပွဲတွေ
မဖြစ်ခင်ထုတ်တယ်။ အဲဒီ ကာလတွေ ပေါ့ဗျာ၊ ၁၉၃၈ ခုနှစ် မေလ
၃ ရက်နေ့ စထွက်တယ်။ ဒီမှာ နည်းနည်းပြောစရာရှိတယ်။ ခင်ဗျား
ပြောတဲ့ ဦးခင်မောင်ထွန်းရဲ့ မြန်မာ့ဂျာနယ်သမိုင်းမှာ တိုးတက်ရေး
သတင်းစာနဲ့ ပါတ်သက်ပြီး လွဲနေတယ်ဆိုတာဟာ အမှန်က
ဘားမားဂျာနယ်ကို တိုးတက်ရေးမဂ္ဂဇင်းတိုက် က ထုတ်တာ
ဖြစ်တယ်။ ပြောရရင် တကယ်တမ်း ဦးစိန် (ဦးပဂျီငို) စထုတ်တာက
ကြီးပွါးချမ်းသာရေး စာအုပ်ဗျ။ အဲဒီ စာအုပ်က နောက် ကျောင်းသုံး
စာအုပ် ဖြစ်သွားတယ်။ ပြီးမှ တိုးတက်ရေးမဂ္ဂဇင်း ထုတ်တယ်။
တိုးတက်ရေးမဂ္ဂဇင်းကမှ ဘားမားဂျာနယ် ထုတ်တယ်။
ဘားမားဂျာနယ် ထုတ်ပြီးမှ တိုးတက်ရေးသတင်းစာ
ထုတ်တာဖြစ်တယ်။

အဲဒီတုန်းက တိုးတက်ရေးသတင်းစာ ပထမဆုံး အယ်ဒီတာလုပ်ဖို့
က ဦးအုန်းဖေ (တက်တိုး) ဖြစ်တယ်။ ခဏပဲ။ နောက်မလုပ်တော့
ဘူး။ နောက် ဦးထွန်းသန်း လုပ်တယ်။ အယ်ဒီတာအဖွဲ့ဝင်တွေအဖြစ်
ဦးသန်းထွန်း၊ ဦးကိုကိုလေး နဲ့ ကျွန်တော် (ဦးအုန်းမြင့်)တို့ ဖြစ်တယ်။
ဦးသန်းထွန်းဆိုတာ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ညီ၊ နောင်တော့
ရှေ့ဆောင်ဦးသန်းထွန်း ဖြစ်လာတယ်။ သတင်းစာ စထုတ်တာ
၃၇ လမ်းမှာပဲ၊ အိမ်နံပါတ်က ၁၁၄ ကနေ ထုတ်တာ။ အောက်ထပ်မှာ
စက်ထားပြီး အပေါ် ထပ်မှာ အလုပ်လုပ်ကြတာ။ အမှန်ပြောရရင်
တိုးတက်ရေး သတင်းစာဟာ ကုလားဗမာအဓိကရုဏ်း သတင်း
တွေနဲ့ သိပ်ပေါ်ပြူလာ ဖြစ်လာတယ်။ စောင်ရေ သိပ်တက်လာ
တယ်။ အဲဒီအဓိကရုဏ်းထဲမှာ ကျွန်တော်တို့က ဖို့ဒ်ကား ခါးပြတ်
အစုတ်ကလေးနဲ့ ရိုက်နှက်နေကြတဲ့ ဆီ မျက်မြင်ကိုယ်တွေ့
လိုက်လိုက် သတင်းယူကြ ရေးကြနဲ့ သတင်းစာက သိပ်ရောင်းရတယ်။
နောက်ကျတော့ စတော့ကိတ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်
(တိုင်းရင်းဆေးပညာရုံး ခန်းနေရာ) ပြောင်းဖွင့်တယ်။ အထူးသဖြင့်
တိုးတက်ရေးသတင်းစာက နယ်သတင်းတွေ သိပ်စုံတယ်။ နယ်
သတင်းတွေ စုံစုံရအောင် ဘယ်လိုယူသလဲဆိုတော့ ကျွန်တော်တို့
က နယ်က တို့ဗမာသခင်တွေနဲ့ ဆက်သွယ်ပြီး အကျိုးဆောင်သတင်း
ထောက်တွေအဖြစ် သတင်းရေးပို့ဖို့ မေတ္တာရပ်ခံတယ်။ စည်းရုံး
တယ်။ သူတို့ကလည်း ပို့ပေးကြတယ်။ သတင်းစုံရတယ်။ အဲဒီမှာ
တိုးတက်ရေးက ရောင်းရတာ သိပ်တက်ထာပဲ။ သတင်းစာ
လွတ်လပ်ခွင့်ရှိတယ်။ ဒါတောင်မှ တိုးတက်ရေးသတင်းစာက
ပထမတန်းစား သတင်းစာ မဟုတ်သေးဘူး။ ဒုတိယတန်းစား
သတင်းစာလဲ မဟုတ်သေးဘူး။ တတိယတန်းစား သတင်းစာ
လောက်ပဲ ရှိတယ်။ အဲဒီအချိန် က ပထမတန်းစား သတင်းစာ
က မြန်မာ့အလင်း၊ ဒုတိယတန်းစား သတင်းစာက သူရိယ။

ဒါပေမယ့် ၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ ဗိုလ်အောင်ကျော်
ကျဆုံးတဲ့ ကျောင်းသားအရေးတော်ပုံ ဖြစ်တယ်။ အဲဒီ သတင်း
တွေနဲ့ သတင်းစာကတခါ စောင်ရေ တက်ပြန်ရောဗျ။ အဲဒီကျတော့
ဒုတိယတန်းစားဖြစ်တဲ့ သူရိယကိုပါ ဖြတ်တက်တော့တာပဲ။

ဗိုလ်အောင်ကျော်ကိစ္စ ကိုယ်တွေ့ပြောရရင် ကျွန်တော် အဲဒီနေ့
က ပြည်က ပြန်လာတာ။ ရထားက ရန်ကုန်ကို အစောကြီး
ဆိုက်တယ်။ ပန်းဆိုးတန်း တို့ဗမာအစည်းအရုံး ဝင်တယ်။
ဝင်တော့ လူစုံ တက်စုံ တွေ့တယ်။
'ဟာ- လူစုံလှချည်လား' ဆိုတော့ တယောက်က 'ဒီမှာ အစည်း
အဝေး လုပ်နေတာ' တဲ့။ ဒါနဲ့ ကျွန်တော်က 'ကျွန်တော် ပြန်ရောက်
လာတာကို သတင်းလာပို့တာပါ၊ ကျွန်တော် သွားတော့မယ်၊
အိမ်ပြန်အိပ်လိုက်အုံးမယ်ဆိုတော့ ကိုသန်းထွန်း(သခင်သန်းထွန်း)
က 'ဟေ့လူ မသွားနဲ့တော့' လို့ လှမ်းတားတယ်။ 'ဘာဖြစ်လို့လဲဗျ'
လို့ ကျွန်တော်က ပြန်မေးတော့ 'ဒီမှာ ခုမနက် အတွင်းဝန်ရုံးဝိုင်း
မလို့' လို့ ပြောတယ်။ ဒါနဲ့ ကျွန်တော် ခဏနေတယ်။ အဲဒီအချိန်
က ကျွန်တော်နဲ့ ကိုသန်းထွန်းက အတူတူနေတယ်။ ဘိုလိမ်း
လမ်း၊ ဦးဘိုးအိမ် လမ်းထိပ်က အိမ်မှာ နှစ်ယောက်တည်း ငှား
နေကြတာ။

နောက်တော့ ကျွန်တော်က အတွင်းဝန်ရုံးဖက် သွားအုံးမယ်ဗျာ၊
ကိစ္စရှိရင် သူရိယကို လှမ်းဆက်လို့ ပြောခဲ့တယ်။ ကျွန်တော်
အတွင်းဝန်ရုံး ရောက်တော့ သူရိယ အရင်ဝင်တယ်။ သူရိယမှာ
ခဏစကားပြောမှာကြားပြီး သူရိယတိုက်နားက အတွင်းဝန်ရုံး
ဂိတ်ပေါက် သွားကြည့် တယ်။ အဲဒီတော့ ဂိတ်ပေါက်မှာ
ကျောင်းသားတွေ ရောက်နေကြပြီ။ သပိတ်တားနေကြပြီ။
ကျွန်တော် သူတို့ဆီ သွားကြည့်တော့ အဲဒီ သူရိယတိုက်နဲ့
အနီးဆုံး အတွင်းဝန်ရုံးဂိတ်မှာ သပိတ်တားနေတဲ့ ကျောင်းသား
တွေကို ခေါင်းဆောင်နေတာက ကိုကြည်မောင်ရယ်၊ သူက အဲဒီမှာ
တာဝန်ခံ၊ ကျွန်တော် သူတို့နဲ့ ခဏနေတုန်းမှာပဲ ရုံးတက်လာကြ
တဲ့ ကပြားမလေး တွေကို ကျောင်းသားတွေက သပိတ် တား
နေကြတယ်။ ပုလိပ်တွေကလဲ ကျောင်းသားတွေကို ဝင်ဝင်
ဆွဲနေတာ တွေ့ရတယ်။ လမ်းဘေးမှာ လာကြည့်နေကြတဲ့
လူထုပရိတ်သတ်ကလဲ အပြည့်ရှိတယ်။

နောက် ကျွန်တော့်ကို သူရိယတိုက်ပေါ်က လှမ်းခေါ်တယ်။
ကျွန်တော်သွားတော့ ဖုံးလာတဲ့အကြောင်း၊ ရန်ကုန်အရေးပိုင်
ရုံးသွားဖို့အကြောင်း၊ ဟိုမှာ သခင်စံထွန်းလှကို အာမခံ လုပ်ဖို့
အကြောင်း ပြောကြတယ်။ ဒါနဲ့ ကျွန်တော် ရန်ကုန်အရေးပိုင်ရုံး
သွားတယ်။ အရေးပိုင်ရုံး ရောက်တော့ သခင်စံထွန်းလှကို ရှာတယ်။
ရှာမရဘူး။ မေးတယ်။ မေးမရဘူး။ ကျွန်တော်တို့နဲ့ သိတဲ့ စာရေး
ကြီး ဦးလှမောင်ကြီးတို့၊ ဦးထွန်းလှတို့ သွားမေးတော့မှ-
'ဟာ.....ဟေ့လူ၊ ပြန် ပြန်၊ ဟိုမှာ စက္ကရီတေးရီးယက်(အတွင်းဝန်ရုံး)
မှာ ကျောင်းသား တွေကို ရိုက်ကုန်ပြီ၊ ဆော်ကုန်ပြီ၊ ပြန်တော့၊
ပြန်တော့-သခင်စံထွန်းလှလည်း မရှိတော့ဘူး၊ အာမခံလည်း
မပေးတော့ဘူး၊ ရန်ကုန်ထောင်ထဲ ပြန်ပို့လိုက်ပြီ' လို့ပြောကြတယ်။

ဒါနဲ့ ကျွန်တော် အတွင်းဝန်ရုံးဖက် ပြန်ပြေးလာတယ်။ စပတ်လမ်း
(ယခု ဗိုလ်အောင် ကျော်လမ်း) ရောက်တော့ ကျောင်းသားတွေ
မရှိတော့ဘူး။ စပတ်လမ်းပေါ်မှာ ဘိနပ်တွေ၊ ဦးထုပ်တွေ၊ သွေး
ကွက်တွေပဲ ပြန့်ကျဲနေတာ တွေ့ရတယ်။ လမ်းပေါ်မှာ လူသူရှင်း
ပြီး တိတ်ဆိတ်နေတယ်။ ဒါနဲ့ ကျွန်တော် သူရိယတိုက်ဖက်
ရောက်သွားတယ်။ သူရိယတိုက် လှေကားအုတ်ခုံပေါ်မှာ
ကိုကြည်မောင် ထိုင်နေတာ တွေ့ရတယ်။ ခေါင်းမှာ ပတ္တီးအဖွေး
သားနဲ့ သွေးတွေနဲ့။ သူ့နောက် အထက်လှေကားထစ်မှာ ကိုစိုးမောင်
ထိုင်နေတယ်။ သူလဲ ခေါင်းမှာ ပတ္တီးကြီးနဲ့။ ဒါနဲ့ ကျွန်တော်က
'ဟေ့လူတွေ ခင်ဗျားတို့ ဘာလုပ်နေတာလဲ၊ ဆေးရုံမသွားဘူးလား'
ဆိုတော့ 'မသွားဘူး၊ အမျိုးသားသူနာပြုတပ်က လာခေါ် မယ်ဆို
လို့ ထိုင်စောင့်နေတာ' တဲ့။

အဲဒီ ကျောင်းသားအရေးတော်ပုံမှာ ဗိုလ်အောင်ကျော် အသက်စွန့်
သွားခဲ့တယ်။ တိုးတက်ရေး သတင်းစာက အဲဒီ ကျောင်းသားအရေး
တော်ပုံ သတင်းတွေ ရေးတယ်။ ဗိုလ်အောင်ကျော် သတင်းတွေ
ရေးတယ်။ သတင်းတွေကလဲ လိုက်တိုင်းရတယ်။ သတင်းစာက
စောင်ရေသိပ်တက်တယ်။ နောက်ပိုင်းမှာ သူရိယသတင်းစာကို
ကျော်တက်သွားတယ်။ မြန်မာ့အလင်းကို ပခုံးချင်းယှဉ်နိုင်တဲ့
အထိ ဖြစ်သွားတယ်။ ဟိုတုန်းက သတင်းစာ လုပ်ရတာ ပျော်စရာ
ကောင်းတယ်။ လွတ်လပ်တယ်။ အပြိုင်အဆိုင် လုပ်ကြတယ်။
ကြိုးစားရတယ်။ ဒါပါပဲ' ဦးလေး ဦးအုန်းမြင့်က စကားဖြတ်တယ်။

တိုးတက်ရေးသတင်းစာ ထုတ်တဲ့အချိန်က အင်္ဂလိပ်ခေတ်၊
မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်မှာ၊ ပုဂ္ဂလိကသတင်း
စာတွေ အများကြီးရှိတယ်။ နေ့စဉ်ထုတ်သတင်းစာချည်း
တပြည်လုံးမှာ အစောင် ၃ဝ ကျော် ရှိတယ်။ နောက် ရက်ခြား
ထုတ် အပါတ်စဉ်ထုတ်၊ လစဉ်ထုတ်၊ သတင်းစာ-ဂျာနယ်-မဂ္ဂဇင်း
တွေလည်း အများကြီးရှိတယ်။ တိုးတက်ရေးသတင်းစာဆိုတာ
အဲဒီသတင်းစာတွေထဲက နေ့စဉ်ထုတ် သတင်းစာတစောင်
ဖြစ်တယ်။

ထိုစဉ်က နေ့စဉ်ထုတ် သတင်းစာများစာရင်း
နေ့စဉ်ထုတ် သတင်းစာ (၁၉၃၈-ခုနှစ်)
၁။ ကြယ်တခွန်
၂။ ဈေးနှုန်း
၃။ ညနေ သတင်းစာ
၎။ တံခွန် သတင်းစာ
၅။ တိုးတက်ရေး
၆။ တိုင်းချစ် သတင်းစာ (မန်း)
၇။ တက်ခေတ် နေ့စဉ်
၈။ ဒီးဒုတ် နေ့စဉ်
၉။ နေပြည်တော် (မန်း)
၁ဝ။ နေရှင်နယ် နေ့စဉ်
၁၁။ နော်ရထာ သတင်းစာ
၁၂။ ပြည်သူ့ဆန္ဒ နေ့စဉ်
၁၃။ ဗန္ဓုလ နေ့စဉ်
၁၄။ မဟောသဓာ သတင်းစာ
၁၅။ မိုစလင်သံတော်ဆင့် သတင်းစာ
၁၆။ မန္တလေး နေ့စဉ် (မန်း)
၁၇။ မန္တလေး သူရိယ
၁၈။ မြန်မာ့ဇေယျာ သတင်းစာ
၁၉။ မြန်မာ့နေ့စဉ်
၂ဝ။ မြန်မာပြည်စောင့် သတင်းစာ
၂၁။ မြန်မာ့ဝန်ထမ်း သတင်းစာ
၂၂။ မြန်မာအဆွေ
၂၃။ မြန်မာ့အလင်း
၂၄။ မြန်မာ့အသံ
၂၅။ မြန်မာ့ဦးစွန်း
၂၆။ ရန်ကုန်မျက်မှန် (ညနေ)
၂၇။ ရွှေပြည် သတင်းစာ
၂၈။ ရွှေပြည်တော်
၂၉။ လူငယ်လက်ရုံး
၃ဝ။ လောကသာရ သတင်းစာ
၃၁။ သခင်သတင်းစာ
၃၂။ သူရိယ
၃၃။ သစ္စာဝါဒီ
၃၄။ အုပ်ချုပ်ရေးနေ့စဉ်
[ဆယ်သန်း သတင်းစာက တပါတ်သုံးကြိမ်ထုတ် ဖြစ်ပါတယ်]


Read more »

Friday, 17 September 2010

လက်ပံတန်းမြို့က လာခဲ့သူ



အာဏာရှင်ဆန့်ကျင်ရေး
အခမဲ့စာသင်ကျောင်း၏ ကျောင်းဆရာ
ကားမှတ်တိုင်ဆီသွားရင်း
လမ်းလျှောက်ရင်း
အစားစားရင်း
မတရားအကျဉ်းကျခံရင်း
သင်ကြားလေသူ ….
ဘက်စ်ကားပေါ် အတူတူတိုးစီးလည်း
နေရာရလို့ မထိုင်ပဲ
သူတပါးအတွက် နေရာပေးလေသူ …..
အပြင်ကမ္ဘာမှ တက္ကသိုလ်အမျိုးမျိုးရဲ့
ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး
ဒို့မြေကို ချစ်ခဲ့သူ ….. ။ ။


-စစ်ငြိမ်းဒီရေ

(ဘဘ သခင်အုန်းမြင့် ကွယ်လွန်ခြင်း အထိမ်းအမှတ်
အဖြစ် ရေးဖွဲ့ထားပါသည်။)

Read more »

အဘ တိုးတက်ရေး သခင်အုန်းမြင့် ကောင်းရာသုဂတိ လားပါစေ



အဘတိုးတက်ရေး သခင်အုန်းမြင့် (၁၇.၉.၂၀၁၀) နေ့ နံနက်
လေးနာရီခွဲမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ် ….။

၁၉၈၈-၈၉ ခုနှစ်များအတွင်း အ.က.သ (BESU) အခြေခံပညာ
ကျောင်းသားများသမဂ္ဂ (ရန်ကုန်တိုင်း)နှင့်တကွ တပ်ဦးပေါင်းစုံ
မြေအောက် လှုပ်ရှားမှုများ၊ ပေတရာပေါ် ပျောက်ကြားသပိတ်
တိုက်ပွဲများအတွက် အနီးကပ် အကြံဥာဏ်ပေး၊ သမဂ္ဂအတွင်း
ပဋိပက္ခများအကြား ညှိုနှိုင်းဖြန့်ဖြေပေးခဲ့သော အဘ တိုးတက်
ရေး သခင်အုန်းမြင့် ကောင်းရာသုဂတိ လားပါစေ ….။ ကျန်ရစ်သူ
မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်။

အဘ၏ ကိုယ်ရေးအကျဉ်း (ဤနေရာမှာ) ဖတ်ရူနိုင်ပါတယ်။
Read more »

Thursday, 16 September 2010

အီလျာ ဂရီဂိုးဗစ်ခ်ျ အာရင်ဘာ့ခ် (၁၈၉၁- ၁၉၆၇)

(ဆရာမြသန်းတင့် ဘာသာပြန်ဆို ရေးသားထား သည့် “လူများ၊
သက္ကရာဇ်များ- ဘ၀” men, years, life စာအုပ်မှ ထပ်ဆင့်ကူးယူ
ဖော်ပြထားခြင်း ဖြစ်ပါသည်၊ ဖော်ပြပါ အာရင်ဘာ့ခ် ကိုယ်ရေးအကျဉ်း
၏ အောက်တွင် “ညီသစ်” ဟု ရေးထားပါသည်။ “ညီသစ်” ဆိုသော
ကလောင်မှာ ဆရာမြသန်းတင့်လား အခြားတစ်ဦးလားတော့ မသိပါ။)

အီလျာ ဂရီဂိုးဗစ်ခ်ျ အာရင်ဘာ့ခ်” (Ilya Grigoryevich Ehrenburg)
ကို ကိယက်ဗ် (ယနေ့ ယူကရိန်းနိုင်ငံ၏ မြို့တော်၊ ယခင် ဆိုဗီယက်
ပြည်ထောင်စုအတွင်း) မြို့၌ ၁၈၉၁- ခုနှစ် ဇန်န၀ါရီလ ၂၆- ရက်နေ့
တွင် မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး မိခင်
ဖြစ်သူမှာ ဘာသာရေး အလွန်ကိုင်းရှိုင်းလှသော ဂျူးလူမျိုးတစ်ယောက်
ဖြစ်သည်။ ဖခင်ဖြစ်သူမှာမူ ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာများကို
စိတ်ဝင်စားခြင်း လုံးဝမရှိသူ တစ်ယောက်ဖြစ်သည်။ အာရင်ဘာ့ခ်
သည်လည်း ဖခင်၏ ခြေရာကိုနင်းကာ ရဟူဒီဘာသာစကားနှင့်
ဟေဘရူးဘာသာစကား တို့ကို လုံးဝ သင်ယူခဲ့ခြင်း မရှိချေ။



သူသည် ကလေးဘ၀တွင် အလွန်စည်းကမ်းမဲ့ခဲ့သော ကလေး
တစ်ယောက် ဖြစ်ခဲ့သလို သူကိုယ်တိုင်ကလည်း “အခုလို စည်းကမ်း
မဲ့ခွင့်ရခဲ့တာကိုက ကျွန်တော် ဘာသာရေးမှာ စိတ်မ၀င်စားခဲ့တဲ့
အတွက် ရခဲ့တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ” ဟု ၀န်ခံခဲ့သည်။

၁၈၉၅- ခုနှစ်တွင် သူတို့မိသားစု မော်စကိုမြို့သို့ ပြောင်းရွှေ့ခဲ့ရာ
သူ့ဖခင်သည် ထိုမြို့တွင် နာမည်ကြီးသော အရက်ချက်စက်ရုံ
တစ်ရုံ၏ မန်နေဂျာအဖြစ် အလုပ်ရခဲ့သည်။ အရက်ချက်စက်ရုံမှာ
စာရေးဆရာကြီး လက်ဗ်တော်စတွိုင်း၏ နေအိမ်နှင့် တဆက်တည်း
ဖြစ်နေသောကြောင့် ထိုပတ်ဝန်းကျင်တွင် နာမည်ကျော် စာရေးဆရာ
ကြီးများ ဖြတ်သွားဖြတ်လာ ရှိခဲ့သည်တို့ကို အာရင်ဘာ့ခ် သတိ
ထားမိခဲ့သည်။

အခွင့်ထူးခံဘ၀မျိုး နေထိုင်ရသည်ကို သဘောကျသော အာရင်
ဘာ့ခ်သည် ပထမဦးဆုံး ကျွမ်းဘားသင်တန်းကို တက်ရောက်ခဲ့ပြီး
ထိုသင်တန်းမှာပင် နီကိုလိုင်းဘက်ဟူနင်နှင့် သူငယ်ချင်း ဖြစ်ခဲ့
ကြသည်။ သူသည် နီကိုလိုင်းနှင့် ပေါင်းမိသွားပြီးနောက်
၁၉၀၅- ခုနှစ် တော်လှန်ရေးတွင် ဆန္ဒပြပွဲများ၌ ပါဝင်လှုပ်ရှားခဲ့ပြီး
နိုင်ငံရေးကို စတင်စိတ်ဝင်စားလာခဲ့ကာ ၁၉၀၆- ခုနှစ်တွင် သူတို့
နှစ်ယောက် ဗော်ရှီဗစ်ပါတီသို့ ၀င်ခဲ့သည်။

ထိုအဖွဲ့အစည်းတွင် သူနှင့် နီကိုလိုင်းသည် မြေအောက်ဂျာနယ်
တစ်စောင်ကို တည်းဖြတ်ရသည်။ အစည်းအဝေးပွဲတွေတက်၊
ရံပုံငွေရှာသည့်အပြင် စက္ကူစက်ရုံတွင် ဆန္ဒပြရန် အတွက်လည်း
စည်းရုံးရေးတွေ ဆင်းခဲ့ကြရသည်။

၁၉၀၈- ခုနှစ်တွင် ၁၇- နှစ်သားသာရှိသေးသော အာရင်ဘာ့ခ်
နိုင်ငံရေးနှင့် အဖမ်းခံရသည်။ ထောင်ထဲတွင် ၅- လ ကြာပြီး
နောက်တွင် ကျန်းမာရေး အခြေအနေအရ ဆေးကုသမှု
ခံယူရန်အတွက် ပြန်ထွက်ခွင့်ရခဲ့သည်။ ထောင်မှ ထွက်လာ
ပြီးသော်လည်း သူသည် အေးအေးဆေးဆေး မနေဘဲ မြေ
အောက်လှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပြန်လည်
လုပ်ဆောင်ပြန်သည်။ ထိုအခါ ဖခင်ဖြစ်သူမှာ မနေနိုင်တော့ဘဲ
ရူဘယ်လ်ငွေ ၅၀၀ အာမခံတင်ကာ အာရင်ဘာ့ခ်ကို နိုင်ငံခြား
တွင် ဆေးကုသမှုခံယူရန် ကြိုးစားခဲ့သည်။ မိခင်ဖြစ်သူကမူ
ဂျာမနီနိုင်ငံသို့သွားပြီး ဆက်လက်ပညာ သင်စေချင်သည်။
သို့ရာတွင် အာရင်ဘာ့ခ်က လီနင်ရှိရာ နိုင်ငံဖြစ်သည့် ပြင်သစ်
နိုင်ငံသို့သာ ထွက်သွားခဲ့သည်။

ပြင်သစ်သို့ ရောက်ရောက်ချင်းပင် လီနင်ပြုလုပ်သည့် အစည်း
အဝေးကို တက်ရောက်ခဲ့သည်။ တက်ကြွလွန်းသော လူငယ်သွေး
သစ်တစ်ယောက်ဖြစ်သည့် အာရင်ဘာ့ခ်ကို လီနင်က သဘောကျ
သွားပြီးနောက် သီးသန့် ထမင်းဖိတ်ကျွေးလျက် စကားလက်ဆုံ
ပြောခဲ့သည်။

မကြာခင်မှာပင် အာရင်ဘာ့ခ်သည် နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု
လျော့နည်းလာပြီးနောက် ကဗျာများကို စတင်ရေးသားစပြုလာ
သည်။ နိုင်ငံရေးကိုလည်း လုံးလုံးလျားလျား မစွန့်လွှတ်ချင်သော
ကြောင့် လက်ဗ်ကာမင်နက်ဖ်၏ ထောက်ခံချက်ဖြင့် ဗီယင်နာသို့
သွားကာ လက်ဗ်ထရော့စကီးနှင့် အလုပ်တွဲလုပ်ဖြစ်ခဲ့ပြန်သည်။

ဗီယင်နာတွင် Pravda စာစောင်ကို ရုရှားသို့ ခိုးသွင်းခွင့်ရမည့်
အရေး၌ အာရင်ဘာ့ခ် အားသွန်ခွန်စိုက် ကူညီခဲ့ရသည်။ သို့ရာ
တွင် ထရော့စကီးနှင့် အလုပ်တွဲလုပ်ရင်း အမြင်တွေ မတူညီကြ
သဖြင့် စိတ်ဓာတ်ကျလာပြီးနောက် ပါရီသို့ပြန်လာကာ စာပေထဲ
မှာပဲ စိတ်ကို နှစ်ခဲ့သည်။

ထို့နောက် ကဗျာဆရာ လီဇာပိုလွန်စကားယာ၏ အကူအညီဖြင့်
မဂ္ဂဇင်းအချို့ထုတ်ဝေဖြစ်ခဲ့ပြီး သူ၏ စာစောင်များထဲတွင် နိုင်ငံရေး
ခေါင်းဆောင်များကို ရိထား၊ တေ့ထားသော စာများကိုလည်း ဖော်ပြ
ခဲ့ပြီး လီနင်ကိုလည်း “တံခါမှူးကြီး” ဟု နာမည်ပြောင်တပ်ခဲ့ သော
ကြောင့် လီနင်မှာ အလွန်ဒေါသဖြစ်ခဲ့ရသည်။

ဖခင်ဖြစ်သူ ပေးပို့သောငွေဖြင့် နိုင်ငံရပ်ခြားတွင် အပူအပင်ကင်းစွာ
နေထိုင်ရသောကြောင့် အာရင်ဘာ့ခ်သည် ကဖေးဆိုင်များတွင် စာ
ရေးခြင်း၊ စာဖတ်ခြင်းတို့ဖြင့် အချိန်ကုန်သည်သာ များခဲ့သည်။ ၁၉၀၉
ခုနှစ်တွင် စိန့်ပီတာစဘတ်မှ နိုင်ငံရေးခိုလှုံလာသူ ကတ်ရာရှမစ်နှင့်
ချစ်ကျွမ်းဝင်ခဲ့သည်။ ၁၉၁၁- ခုနှစ် မတ်လ ၂၅- ရက်နေ့တွင် ကတ်ရာ
က အီရင်နာဆိုသည့် ရင်သွေးလေးကို ဖွားမြင်ခဲ့သည်။ ဇနီးဖြစ်သူ
အတွက် ခင်ပွန်း၊ သားသမီးဖြစ်သူအတွက် ဖခင်ဆိုသော တာဝန်များ
အတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိသော အာရင်ဘာ့ခ်သည် ကလေး
တစ်ယောက်သာ ရခဲ့သော်လည်း ကတ်ရာကို လက်ထပ်ခဲ့ခြင်း မရှိချေ။

၁၉၁၀- ခုနှစ်တွင် လက်ထဲ၌ ငွေရွှင်လာသော အာရင်ဘာ့ခ်သည်
သူ၏ ပထမဦးဆုံး ကဗျာစာအုပ်ဖြစ်သည့် “Verses” စာအုပ်ကို
ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထဲတွင် အလယ်ပိုင်းခေတ်များနှင့်
ကက်သလစ်ဘာသာအကြောင်း အရိပ်အငွေ့များကို လည်း
တွေ့ရသည်။ ထိုခေတ်ထိုအခါက သင်္ကေတကဗျာဆရာအဖြစ်
နာမည်ကြီးသည့် ကဗျာဆရာ ဗလာရီကပင် အာရင်ဘာ့ခ်ကို
ချီးမွမ်းခဲ့သည်။

၁၉၁၁- ခုနှစ်တွင် သူ၏ ဒုတိယကဗျာစာအုပ်ကို ထုတ်ဝေခဲ့သည်။
ထိုကာလပိုင်းတွင် သူသည် ရိုတွန်းကဖေးမှာပင် အချိန်ကုန်ခဲ့သည်
က များခဲ့သည်။ ထိုခေတ်ထိုအခါက ရိုတွန်းကဖေး၏ ပင်တိုင်ဖောက်
သည်များမှာ ပီကာဆို၊ အပိုလီနဲလ်၊ ဒီအီဂိုရီဗာရာ၊ ယွန်ဂရစ်၊
ယန်းကိုတောင်း၊ မိုဒီဂလျာနီနှင့် မာ့စ်ချာဂေါလ် တို့ဖြစ်ကြသည်။

၁၉၁၂ ခုနှစ်တွင် အာရင်ဘာ့ခ်သည် ရုရှားတရားရုံးတော်၏ တရားဝင်
ပြည်ပြေးဖြစ်ခဲ့ရသည်။ အပြစ်ဒဏ်လျော့ပေါ့ရန် အသနားခံစာ တင်
သော်လည်း ပယ်ချခံရသည်။ ၁၉၁၃ ခုနှစ်တွင် သူသည် Helios ဂျာ
နယ် နှစ်စောင်ကို တည်းဖြတ်ရာတွင် ကူညီခဲ့ပြီး ထိုဂျာနယ်ထဲတွင်
မာရီနာစဗီတေဗာ၏ ကဗျာများကို ချီးမွမ်းသည့် ဆောင်းပါးရေးခဲ့ပြီး
နောက် ၁၉၁၄ ခုနှစ်တွင် နာမည်ကျော် ပြင်သစ် ကဗျာဆရာများ
ဖြစ်ကြသည့် ဗာလိန်း၊ ရိမ်းဘိုး၊ အပေါ်လီနဲလ် စသည့် ကဗျာဆရာ
များ၏ ကဗျာများကို သူကိုယ်တိုင် ဘာသာပြန်ပြီး စာအုပ်ထုတ်
ဝေခဲ့သည်။

ပထမကမ္ဘာစစ်ဖြစ်သောအခါ သူသည် ပြင်သစ်စစ်တပ်တွင် စစ်မှု
ထမ်းရန် စာရင်းပေခဲ့သော်လည်း ခန္ဓာကိုယ်ပိန်လွန်းလှသည့်ဟု
ဆိုကာ သူ့ကို စစ်မှုထမ်းခွင့် မပြုခဲ့ချေ။ သို့ရာတွင် သူသည်
ရုရှားသတင်းစာနှစ်စောင်၏ စစ်သတင်းထောက်တာဝန်ကို ထမ်း
ဆောင်ရင်း ဒဏ်ရာရခဲ့သည်။ သူ့သတင်းများမှာ အချက်အလက်
ကျနကာ၊ သေသပ်လှပြီး တရားမျှတမှုရှိလှသည်ဟု ဆိုကြသည်။
သတင်းတစ်ပုဒ်တွင် ပြင်သစ်တပ်တို့၏ လုပ်ရပ်တစ်ခုကို အမှန်
အတိုင်း ရေးလိုက်မိသောကြောင့် ပြင်သစ်နိုင်ငံမှ နှင်ထုတ်ခံရလု
နီးပါး ဖြစ်သွားခဲ့ရသေးသည်။

သူသည် စစ်ကြောင့် စိတ်အနာတရတွေဖြစ်ခဲ့ပြီး စိတ်ကျဝေဒနာ
ခံစားခဲ့ရသောကြောင့် ဖေဖ်ါဝါရီ တော်လှန်ရေးပြီးသောအခါ မိခင်
မြေ ဖြစ်သည့် ရုရှားကို ပြန်သွားခဲ့သည်။ ထိုစဉ်မှာတော့ သူ့နိုင်ငံရေး
စိတ်ဝင်စားမှုသည် ဗော်ရှီဗစ်ပါတီ မဟုတ်တော့။ ကာရင်စကီ လမ်း
ကြောင်းသို့ ယိုင်နေသည်ဟု ဆိုရမည်။ သူ မော်စကိုမြို့သို့ ပြောင်း
သွားသောအခါ အောက်တိုဘာတော်လှန်ရေးကို သူနေထိုင်ရာအခန်း
၏ ပြတင်းပေါက်မှ နဖူးတွေ့ဒူးတွေ့ မြင်လိုက်ရသည်။

၁၉၁၈ ခုနှစ်တွင် “A Prayer For Russia” ဆိုသည့် သူ့ကဗျာ
ပေါင်းချုပ်တစ်အုပ် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ်မှာ တော်တော်
လေး ဝေဖန်ခံလိုက်ရပြီးနောက် နောက်ပိုင်းတွင် သူကိုယ်တိုင်ကလည်း
အနုပညာ၌ အားနည်းခဲ့ကြောင်း ၀န်ခံခဲ့သည်။ ၁၉၁၈ ခုနှစ်တစ်နှစ်လုံး
ဗော်ရှီဗစ်ပါတီ၏ မကောင်းကြောင်းတွေကိုသာ အဆက်မပြတ်ရေး
ခဲ့ရာ မော်စကိုသည် သူ့အတွက် ရန်များလှသည့် နေရာကြီးတစ်ခု
ဖြစ်လာသောကြောင့် ၁၉၁၉ ခုနှစ်တွင် သူ့ဇာတိမြို့ဖြစ်သည့် ကိယက်ဗ်
သို့ ပြန်ပြောင်းခဲ့သည်။ ဇာတိမြို့တွင် စာရေးဆရာပေါင်းစုံနှင့် အဖွဲ့ကျ
နေခဲ့ပြီးနောက် သြဂုတ်လတွင် သူနှင့် အမျိုးမကင်းသည့် လျူဘော့
မီခေးလော့ဗ်နာ ကိုဇင်ဆီဗာ ဆိုသည့် အမျိုးသမီးနှင့် လက်ထပ်ခဲ့သည်။

နောက်ပိုင်းတွင် သူ၏ စာပေဘ၀သည် နာမည်ကျော်များ ဖြစ်ကြသည့်
အင်ဒရေးဘေလီ၊ ဘိုးရစ်ပါစတာနက်၊ ဆာဂျီးအက်စ်နင်၊ မာယာကော့
စကီးတို့နှင့် ပဋိပက္ခတွေ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် သူသည် စာရေး
စာဖတ်ခြင်းတို့ဖြင့်သာ အချိန်ဖြုန်းနေလေသည်။ ထို့နောက် ပညာရေး
ဝန်ကြီးဌာနအတွက် ကလေးများပြဇာတ်ရုံတို့ကို စီစဉ်ညွှန်ကြားရသော
အလုပ်တစ်ခု ရခဲ့သည်။

သို့ရာတွင်လည်း သူ့ဘ၀မှာ အဆင်မပြေမှုတွေ ရှိနေဆဲပင်။ ဘူခါရင်
၏ အကူအညီဖြင့် နိုင်ငံခြားသွားခွင့်ရသည့် နိုင်ငံကူးလက်မှတ် ကိုင်
ဆောင်ခွင့်ရသူ အနည်းငယ်ထဲတွင် သူလည်း ပါလာခဲ့သည်။ ၁၉၂၁
ခုနှစ်တွင် ပါရီသို့ မိသားစုနှင့်အတူ ထွက်ခဲ့သည်။ သို့ရာတွင်
ပါရီ၌ နှစ်ပတ်ကြာနေပြီးနောက် ပြင်သစ်ရဲတွေက အာရင်ဘာ့ခ်
ကို ပြင်သစ်နိုင်ငံမှ နှင်ထုတ်ခဲ့သည်။ ပြင်သစ် အာဏာပိုင်တွေ
က သူ့ကို နှင်ထုတ်ရသည့် အကြောင်းပြချက်ကို မယ်မယ်ရရ
ထုတ်ပြန်ခြင်းလည်း လုံးဝ မရှိခဲ့ပေ။

ထို့ကြောင့် သူသည် ပြင်သစ်မှထွက်ပြီး ဘယ်လ်ဂျီယန်တွင်
သောင်တင်ကာ ၂၈- ရက်လုံးလုံး ထိုင်ရာမှမထဘဲ စာရေးခဲ့ရာ
သူ၏ ပထမဦးဆုံး လုံးချင်းဝတ္ထုစာအုပ်ဖြစ်သည့် The Extraordinary
Adventures of Julio Jurenita and His Disciples စာအုပ်
ရေးပြီးခဲ့လေသည်။ ထိုစာအုပ်မှာ ထိုင်ရာမှမထဘဲ စိတ်ကူးအပြည့်
နှင့် ရေးသားခဲ့သော စာအုပ်ဖြစ်သည့်အပြင် သရော်ချက်အများအပြား
လည်း ပါရှိရာ အကြီးအကျယ် အောင်မြင်ခဲ့သလို စာပေဝေဖန်ရေး
ဆရာအများစု၏ ချီးမွမ်းခြင်းကိုလည်း ခံခဲ့ရသည်။

၁၉၂၁ တွင် သူ ဘာလင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ဘာလင်တွင်
သူ၏ စာပေစွမ်းရည်တွေ ပိုမိုမြင့်တက်လာသည်ဟု ဆိုရမည်။
၁၉၂၃ တွင် နောက်ထပ် ၀တ္ထုစာအုပ် သုံးအုပ် ရေးသားပြီးစီးခဲ့သည်။
ထိုစာအုပ် သုံးအုပ်မှာ Trust, D.E, The Love of Jeanne Ney,
The Life and Death of Nikolai Kurbov တို့ဖြစ်ကြသည်။ ထိုစာအုပ်
သုံးအုပ်မှာ လူကြိုက်များလှသည် မှန်သော်လည်း ဝေဖန်ရေးဆရာ
တို့၏ အာရုံစိုက်ခြင်းကိုမူ မခံခဲ့ရချေ။

၁၉၂၄ ခုနှစ် စောစောပိုင်းကာလတစ်လျှောက်လုံး သူသည်
ဆိုဗီယက်ပြည်ထောင်စုအနှံ သွားရောက်ကာ ဟောပြောပို့ချခြင်း
များ၊ စာဖတ်ခြင်းများကို မနားတမ်း ပြုလုပ်ခဲ့သည်။ ထို့နောက် ပါရီ
သို့ ပြန်သွားကာ သူ၏ လေးနက်သော ပထမဦးဆုံး ၀တ္ထုဟု ဆိုရ
မည့် The Grabber ကို အပြီးသတ်ရေးသည်။

၁၉၂၇ ခုနှစ်မှာတော့ သူသည် ၁၉၂၀ ပတ်ဝန်းကျင်တ၀ိုက်က
မော်စကိုမြို့နေ လက်လုပ်လက်စား လူတန်းစားတို့၏ နေ့စဉ်
နေထိုင်မှုဘ၀များကို ပန်းချီသရုပ်ဖော်ဆန်ဆန် ၀တ္ထုရေးခြယ်
ခဲ့သည်။ ထိုနှစ်ထဲမှာပင် ဥရောပ ယဉ်ကျေးမှုနှင့် လူနေမှု အဖွဲ့
အစည်းတွေအကြောင်း သူ ရေးသားခဲ့သည့် အက်ဆေးများကို
White Coal, or the Tears of Werther နာမည်နှင့် ပုံနှိပ်ထုတ်
ဝေခဲ့သည်။ ထို့နောက် The Storming Life of Lasik Roitschwantz
ဝတ္ထုစာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေ ဖြစ်ခဲ့သည်။ ဇာတ်လမ်းမှာ
မော်စကို၊ ၀ါဆော၊ ဂျာမဏီ၊ ပြင်သစ်၊ အင်္ဂလန်၊ ပါလက်စတိုင်း
စသည့် နိုင်ငံများအနှံ ခရီးသွားနေသော စိတ်ရင်းလည်းကောင်း၊ ရိုး
လည်း ရိုးသားသည့် ဂျူးလူမျိုးတစ်ယောက် သွားလေရာ နေရာတိုင်း
မှာ အရိုက်ခံရပုံ၊ အနှိပ်အစက်ခံရပုံ၊ ထောင်ချခံရပုံ စသည့်တို့ကို
ဖော်ပြထားသည်။ ထိုစာအုပ်နှင့် ပက်သက်၍ မော်စကိုမှ သက်ဆိုင်
ရာတို့က မကျေမနပ်ဖြစ်ကြသည်။ အာရင်ဘာ့ခ်၏ အရင်းနှီးဆုံး
မိတ်ဆွေဖြစ်သည့် ဘူခါရင် ကိုယ်တိုင်ကပင် ထိုစာအုပ်ကို “တစ်ဖက်
သက် စာပေအံဖတ်” ဟု ကင်ပွန်းတပ်ခဲ့သေးသည်။

၁၉၆၀ ခုနှစ်တွင် သူ၏ လက်ရာမွန်ဟု ဆိုရမည့် သူ၏ လူမှုရေး၊
နိုင်ငံရေး ယုံကြည်ချက် အားလုံးတို့ကို ဘ၀အတွေ့အကြုံများကို
ဖော်ပြသည့် Peoples, Years, Life စာအုပ်၏ ပထမပိုင်းအခန်းများ
ကို စတင်ရေးသားခဲ့သည်။ ထိုစာအုပ်ထဲတွင် နိုင်ငံရေးအပြောင်းအလဲ
ကြောင့် ပျောက်ကွယ်သွားကြရသော စာရေးဆရာအများစု၏ နာမည်
များကိုလည်း ပြန်လည် ဖော်ပြခဲ့သည်။ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်တွင်
တရားမမျှတမှု အများဆုံး ဖြစ်ခဲ့သည်ကို သူ မျက်ဝါးထင်ထင် တွေ့
ခဲ့သော်လည်း သိလျက်နှင့် ရေငုံနှုတ်ပိတ်နေခဲ့ရသည်ဟုပါ ရေးသား
ထားသောကြောင့် ကွန်ဆာဗေးတစ် ဝေဖန်ဆရာတို့က မကျေနပ်ကြ
ချေ။ ထိုကာလတွင် သူသည် ခြံစည်းရိုးပေါ်တွင် ခွထိုင်သည့် လူစားမျိုး
ဆိုတာ ပိုပြီး ပေါ်လွင်လွန်းလှသည်ဟုလည်း အစိုးရအသိုင်းအ၀ိုင်းက
အာရင်ဘာ့ခ်ကို သိက္ခာချသည်။ ထိုကာလတွင် လူအများစုသည်
စတာလင် လုပ်သမျှ မှန်ကန်သည်ဟု ယုံကြည်ခဲ့ကြသောကြောင့်
ယခု အာရင်ဘာ့ခ်က စတာလင် လုပ်ရပ်တွေ မှားနေခဲ့သည်ဆိုတာကို
သိလျက်နှင့် နှုတ်ဆိတ်နေသောကြောင့် အုတ်အော်သောင်းတင်း
ဖြစ်ကြသည်။ ထိုကာလတွင် စတာလင် အမှားကြီးတွေ လုပ်နေမှန်း
သိလျက်နှင့် စတာလင်အတွက် ဘုန်းတော်ဘွဲ့တွေ ရေးသားပေးခဲ့
သော သူ့ကို အလွန် အောက်တန်းကျလွန်းသော လူလိမ်
တစ်ယောက်ဟု ဆိုကြသည်။ ထိုသို့ အငြင်းတွေ ပွားနေကြသည့်
မှာ မှန်သော်လည်း ယုံကြသည်သူဟူ၍ မရှိသလောက်ပင်။ စာရေး
ဆရာကြီး ရှိလိုကော့ဗ်ကပင် အာရင်ဘာ့ခ်ကို ထိုစာအုပ်ဆက်မရေး
ရန် အကြံပြုခဲ့သည်။

သူ၏ ဘ၀ဖြတ်သန်းမှု အောက်မေ့ဖွယ်ရာများကို တစ်ခန်းပြီး
တစ်ခန်း ပုံနှိပ်ဖော်ပြလာခဲ့ရာ အခန်းတစ်ခန်း ပြီးလာသည်နှင့်
အမျှ ပုံနှိပ်ထုတ်ဝေရေးမှာ ပို၍ပို၍ ခက်ခဲလာခဲ့သည်။ သူ ရေးသော
အခန်းများတွင် ပြန်လည်ပြင်ဆင်ချက်များ၊ ဖြုတ်ပယ်ခြင်းများကို
သက်ဆိုင်ရာက ပြုလုပ်လာရသည်အထိ ဖြစ်လာသည်။ ဘူခါရင်နှင့်
ပက်သက်ပြီး ကိုးကားသမျှတို့ကို အားလုံးဖြုတ်ပယ် ပစ်ရသည်။
အခက်အခဲ မျိုးစုံကြားမှနေ၍ သူ၏ အောက်မေ့ဖွယ်ရာ အခန်းဆက်
မှာ ရပ်လိုက်၊ နားလိုက်၊ ဖြုတ်လိုက်၊ ပယ်လိုက်၊ ပိတ်ပင်လိုက်နှင့်
ပုံနှိပ်ထုတ်ဝေခွင့် ရလာခဲ့သည်။

ထိုကြားကာလထဲတွင် အာရင်ဘာ့ခ်သည် လူငယ်စာရေးဆရာ
များကို ကောင်းကောင်း ထောက်ခံပေးသည်။ ဂျိုးဆက်ဘရော့စကီး
၏ လက်ရာများကို ချီးမွမ်းခဲ့သည်။ အင်ဒရေးဗွန်နက်ဆင်စကီး
လိုအပ်ချက်များကို ထောက်ပြ ကူညီပေးခဲ့သည်။ ဆိုဇင်ညစ်ဇင်
စာအုပ်များကို အကောင်းမြင်ဝေဖန်ချက်ဖြင့် ဝေဖန်ခဲ့သည်။
(သို့ရာတွင် နောင် သူရေးသော အောက်မေ့ဖွယ်ရာများ စာအုပ်
တွင် ထိုစဉ်က သူ ဆိုဇင်ညစ်ဇင်ကို ချီးမွမ်းခဲ့သည်များမှာ မုသား
ဖြစ်သည်ဟု ဆိုခဲ့သည်အပြင် သူသည် ဆိုဇင်ညစ်ဇင်၏ စာများ
ကို မုန်းလောက်သည်အထိ မနှစ်သက်လှကြောင်း ၀န်ခံခဲ့ပြန်သည်။)

အာရင်ဘာ့ခ်သည် သူ ကွယ်လွန်ကာနီး ရက်သတ္တပတ် အနည်း
ငယ်လိုသည့် အချိန်အထိ အောက်မေ့ဖွယ်ရာ သူ့ဘ၀ ဖြတ်သန်း
မှုများကို ဆက်လက်ရေးသားခဲ့သည်။ သူ ကွယ်လွန်သည့် နှစ်မှာပင်
အင်ဒရေးတာကော့ဗ်စကီးက နောက်ဆုံးအချိန်အထိ ရေးဖြစ်ခဲ့သည့်
စာမူများကို ပုံနှိပ်ထုတ်ဝေရန် ကြိုးစားခဲ့သည်။ သို့ရာတွင် သက်ဆိုင်
ရာတို့က အခန်းများစွာ၊ နေရာပေါင်းများစွာကို တည်းဖြတ်ထုတ်
နှုတ်ခိုင်းခဲ့၍ ပြည့်စုံသည်ဟု မဆိုသာချေ။ သူ၏ ကျန်ရစ်သူ မိသားစု
ကလည်း ပုံနှိပ်စာလုံးထက်စာလျှင် အာရင်ဘာ့ခ်၏ လက်ရေးမူကို
သာ ပြန်ယူချင်နေသည်။ ၁၉၉၀ ခုနှစ်ရောက်မှသာ သူ၏ အောက်မေ့
ဖွယ်ရာများကို အပြီးအစီး ပုံနှိပ်ထုတ်ဝေနိုင်ခဲ့သည်။

အာရင်ဘာ့ခ်သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင်
ကျောက်ကပ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

အာရင်ဘာ့ခ်သည် စာရေးဆရာတစ်ယောက်အဖြစ်သာ ပါရမီ
ကြီးလှသည့်သာမက အသက်ရှင်နိုင်သည့် အရေးတွင်လည်း
မှတ်သားရလောက်အောင် ပါရမီထူးလှသူဟု ပြောစမှတ် ပြုကြ
သည်။ သူ ရှင်သန်နေထိုင် ဖြတ်သန်းခဲ့ရသည့် ကာလများကို
သရုပ်ကျကျ ပြန်လည်တွက်ချက်ကြည့်မည်ဆိုပါက သူသည်
အနည်းဆုံး ၃-ကြိမ် ၄- ကြိမ်မက သေမိန့်ကျသင့်သည့်သူ
တစ်ယောက် ဖြစ်နေသည်မှာ သေချာလွန်းလှသည်။

သို့ရာတွင် ကဗျာဆရာ ယပ်တူရှင်ကို၏ အပြောအရ “အာရင်ဘာ့ခ်
ဟာ ကျွန်တော်တို့အားလုံးကို အသက်ရှင်နေထိုင်တတ်ဖို့ သင်ကြား
ပေးခဲ့တဲ့သူ ဖြစ်တယ်၊ သူ့ဘ၀လောက် အပြောင်းအလဲများတာ၊
မရှိတော့ပါဘူး၊ ဒါကြောင့်မို့လည်း သူ့စာအုပ်ထဲမှာ အသက်ရှင်
နေထိုင်ဖို့ သူ ဘယ်လောက် ကြိုးစားခဲ့ရတယ်ဆိုတာတွေကို
အသားပေး ဖော်ပြခဲ့တာ ဖြစ်မှာပါ” ဟု ဆိုရမည်ဖြစ်သည်။

အာရင်ဘာ့ခ်ကတော့ အောက်ပါအတိုင်း ရေးသားခဲ့ပါသည် …
လူတစ်ယောက်ဟာ ဘ၀တစ်သက်တာ နေထိုင်သွားတဲ့
ကာလတစ်လျှောက်လုံး နေ့စဉ်အ၀တ်လဲသလိုမျိုး သူ့အရေပြား
ကို ပြောင်းမယ်ဆိုရင် ပြောင်းနိုင်လောက်ပေမဲ့ တစ်ခုတည်းသာ
ရှိတဲ့ သူ့နှလုံးသားကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး” ….။


Read more »

Monday, 13 September 2010

သစ်ပင်မရှိတဲ့ သစ်တော

ကျွန်ုပ်တို့ ရောက်နေတဲ့
သစ်တောနဲ့ သစ်ပင်တွေဟာ
အစစ်တွေလား အတုတွေလား
အတုတွေလား အစစ်တွေလား
အာရင်ဘာ့ခ် ရေ …..
မာယာကော့စကီး ရွတ်ပြတယ်
“ကလေးတွေ သေသွားတာကို
ကြည့်ရတာ ပျော်တယ်” ….
သစ်တောအစစ်ထဲမှာ
သစ်ပင်အတုတွေ ရောက်နေသလား
သစ်ပင်အစစ်တွေဟာ
သစ်တောအတုထဲ ရောက်နေသလား ….


“သစ်ပင်ကိုသာ မြင်ပြီး
သစ်တောကို မမြင်ကြသူများ
သစ်တောကိုသာ မြင်ပြီး
သစ်ပင်ကို မမြင်ကြသူများ” လို့
ခင်ဗျား ခဏခဏပြောတယ်
သစ်တောထံ
မရောက်ခဲ့တဲ့ သစ်ပင်နဲ့
သစ်ပင်တွေများပြီး
သစ်တော မဖြစ်ခဲ့တဲ့အကြောင်း
ခင်ဗျား တကယ်မသိဘူးလား ….

မုဆိုးရာသီ ကုန်သွားလို့
ပျော်မယ် ကြံခါရှိသေး
ထင်းခုတ်သမားတွေ
ရောက်ရောက်လာတယ်
ငိုချင်းရှည်မြစ်မှာ
သောက်ကြချိုးကြ သယ်ဆောင်ကြပေါ့
အဲဒီနောက်
အဲဒီနောက်တော့
နစ်နေသူကို ထိုးချပြစ်မည့်
ငြမ်းတည်ပြီးရင် အဖျက်ခံရမည့်
ဝါးမျိုးစေ့တွေ အမောက်ထောင်တယ် ....။

သစ်ပင်အစစ်တွေက
နှလုံးသားအတုတွေ တပ်ပြီး
သစ်ပင်အတုတွေက
ဦးနှောက်အစစ်တွေ တပ်လို့
အတုထဲက အတုများ၏အခမ်းအနား
... ..... ...
ဆေးမင်ကြောင်ထိုးသော တနင်္လာ
ဆံပင်တွေဆေးဆိုးသည့် သောကြာ
အပေါက်ဖောက်ခံရတဲ့ တနင်္ဂနွေ
ကျီးကန်းများ
ပုတ်သင်ညိုများ
စပါးကြီးမြွေများ
ခရုသင်းစွဲ ဆင်များ
သင်းကွဲ ကြိုးကြာများ
ဆားထိသွားသည့် တီကောင်များနှင့်
……
……
သစ်တောတစ်ခုလုံး သစ်ပင်အားလုံး
သစ်ပင်အားလုံး သစ်တောတစ်ခုလုံး ….. ။ ။


-စစ်ငြိမ်းဒီရေ
Read more »

Friday, 10 September 2010

ဒေါ်ကြိုင်၏ အတ္ထုပ္ပတ္တိ

ရေးသူ- စစ်ငြိမ်းဒီရေ

တခါက ကျေးလက်ဒေသတစ်ခုတွင် ဒေါ်ကြိုင်ဟု ခေါ်သော
မိခင် တစ်ဦးရှိပါတယ်။ သူ့ခင်ပွန်းမှာ လက်ကြောတင်း
အောင် အလုပ် မလုပ်ချင်သူတစ်ဦးပါ။ ဒေါ်ကြိုင် ကိုယ်တိုင်
လည်း ပညာရေးနဲ့ ပက်သက်ပြီး သေစာရှင်စာအဆင့် ရေးတတ်
ဖတ်တတ်ရုံမျှသာ တတ်ရှာပါတယ်။ ဒေါ်ကြိုင်နှင့် သူ့ခင်ပွန်း
တို့တွင် သားသမီး ရှစ်ဦး ထွန်းကားခဲ့ပါတယ်။

သားသမီး ရှစ်ဦး၏ ပညာရေး၊ မိသားစု စားဝတ်နေရေး
များအတွက် ဒေါ်ကြိုင့်ခမြာ မိုးလင်း မိုးချုပ် ဈေးဗန်း
ခေါင်းပေါ်ရွက်ပြီး ရှာဖွေရပါတယ်။ သူ့သားသမီးများ
အပေါ် ပြောဆိုဆက်ဆံသော ဒေါ်ကြိုင်၏ အသုံးအနှုန်း
များမှာ ပတ်ဝန်းကျင်အတွက် မကြားဝံ့မနာသာများ ဖြစ်ပါတယ်။



မနက်မိုးလင်း နံနက်ခင်းများတွင် ဒေါ်ကြိုင်တစ်ယောက်
တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းချရန် ပြင်ဆင်ထား
သော အသုတ်စုံ ဈေးဗန်းထဲမှ အသုတ်များကို သူ့သားသမီး
များအား ဦးစွာပထမ ကျွေးမွေးလေ့ ရှိပါတယ်။ အသုတ်စုံ
စားနေကြသည့် သူ့ကလေးငယ်များအား ဒေါ်ကြိုင် ပြောဆို
ဆက်ဆံနေပုံက ….
“ဟဲ့ မသာလေးတွေ၊ သေချင်းဆိုးလေးတွေ မျိုကြ ဆို့ကြ
ဝါးကြဟဲ့၊ တယ် ငါ မပြောလိုက်ချင်ဘူး၊ ဟဲ့ ဟိုအငယ်ဆုံး
သေနာလေး အငမ်းမရ စားနေလိုက်တာ သရဲသဘက်များ
စီးနေသလား အောင့်မေ့ရတယ် …. ဟင်း …. ”

သူတို့၏ အိမ်နီးနားချင်းများ၊ အရပ်ထဲက လူများအတွက်တော့
ဒေါ်ကြိုင်၏ နေ့စဉ် အပြုအမူများမှာ သိပ်တော့ မထူးဆန်းလှပေ။
ရပ်ဝေးမှ ဧည့်သည်များ၊ ခရီးလမ်းကြုံ ဖြတ်သွားဖြတ်လာများ
အတွက်တော့ ဒေါ်ကြိုင်သည် အံသြဖွယ် မိခင်တစ်ဦးဖြစ်နေ
ပါတယ်။ မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော် သင်္ကြန်အပြီး စာသင်
ကျောင်း အသီးသီးမှ အောင်စာရင်းများ ထုတ်ပြန်ချိန်တွင်
စိတ်ညစ်နေသူ တစ်ဦးရှိပါတယ်။ အဲဒါက ဒေါ်ကြိုင်ပါ။ ဖြစ်ပုံက
သူ့သားသမီးများသည် တစ်နှစ်တစ်တန်း မှန်မှန် အောင်မြင်
ကြပါတယ်။ အတန်းသစ်သို့ တက်ခွင့်ရသော သူ့သားသမီး
များအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် ၀ယ်ပေးရန် ဒေါ်ကြိုင်
ကြိုပြီး စိတ်ညစ်နေပါပြီ။ အောင်စာရင်း ကြည့်ရူပြီး အိမ်ပြန်လာ
သော သူ့သားသမီးများကို ဒေါ်ကြိုင် ဆုချီမြှင့်နေပုံက …
“သေနာလေးတွေ … သေချင်းဆိုးလေးတွေ အောင်ပြန်
ပြီလား တစ်နှစ်၊ ငါနဲ သေသာ သေလိုက်ချင်ပါတယ်၊
နင်တို့အဖေ သေနာကြီးကလည်း သူနဲ့ မဆိုင်သလိုပဲ၊
အခုလာမယ့် အတန်းမှာ စာမေးပွဲ ထပ်အောင်မယ်ဆိုရင်
နင်တို့ခေါင်းကို ငါကိုယ်တိုင် ရိုက်ခွဲပြစ်မယ် ….”

ပညာမတတ်ရှာသော မိဘနှစ်ဦးကို ကြည့်ပြီး ဒေါ်ကြိုင့်’
သားသမီးများက ပညာရေးတွင် ကြိုးစားကြပါတယ်။
ဆွေးနီးမျိုးစပ်များ၏ ရံဖန်ရံခါ ထောက်ပံကူညီမှုများ၊
သူတို့၏ ပင်ကိုယ် ကြိုးစားအားထုတ်မှုများကြောင့်
နှစ်စဉ်လိုလို စာမေးပွဲ အောင်မြင်ကြပါတယ်။ အောင်
စာရင်း ထွက်သည့်နေ့များတွင် မိခင်ဖြစ်သူ ဒေါ်ကြိုင်
နှင့် သူတို့မောင်နှမများ မျက်နှာချင်း မဆိုင်ဝံ့ပေ။

ပညာထူးချွန်သော သူ့သားသမီးများက ပညာရေးချွန်ဆု
ရရှိသောအခါတွင်လည်း ဒေါ်ကြိုင့်ပါးစပ်မှ ထူးထူးဆန်းဆန်း
ရေရွတ်သံများ ကြားနေရပါတယ် …
“သေနာလေးတွေ … မသာမလေးတွေ … နင့်တို့ဆုပေးပွဲ
က အရေးမကြီးဘူး …. နင်တို့ အဲဒီပွဲတက်ဖို့ နင့်တို့ကို
အ၀တ်အစားအသစ် ချုပ်ပေးရတာနဲ့ ရွာလည်ပြီး ဈေးရောင်း
နေရတဲ့ ငါ့မှာ ဖင်မွှေး ပြောင်တော့မယ် …”

ဆယ်စုနှစ် တစ်ခုကို ဖြစ်ကျော်လာပြီးသည်နောက် …
ဒေါ်ကြိုင်၏ သားအကြီးဆုံးနှင့် သမီးအကြီးဆုံးတို့ဟာ
မိသားစုအတွက် အားကိုးအားထား ပြုနိုင်လောက်အောင်
အလုပ်ကိုယ်စီ ရှိလာကြပါတယ်။ အိမ်နီးနားချင်း ပြည်ပနိုင်ငံ
တစ်ခုတွင် အလုပ် လုပ်ကိုင်သော သားအကြီးဆုံးဖြစ်သူက
တစ်မိသားစုလုံး၏ စားဝတ်နေရေးတာဝန်ကို ယူလိုက်ပါတယ်။
မိခင်ဖြစ်သူ ဒေါ်ကြိုင်အား ဈေးဗန်း ခေါင်းပေါ်ရွက်ရသော
ခက်ခဲပင်ပန်းသည့်ဘ၀မှ အနားယူစေပါတယ်။ သမီးအကြီးဆုံး
ဖြစ်သူကလည်း လစာကောင်းသူ တစ်ဦးနှင့် အိမ်ထောင်
ကျပြီး စီးပွားရေး ပြေလည်လာပါတယ်။ ဒါကြောင့် မွေးချင်း
ညီအကိုမောင်နှမများ၏ ပညာရေး ကျန်းမာရေး အစစအရာရာ
ပြုစုစောင့်ရှောက်ပေးပါတယ်။

နေ့စဉ် တစ်လမ်းဝင် တစ်လမ်းထွက် ဈေးသည်ဘ၀မှ အနား
ရလာသော ဒေါ်ကြိုင်တစ်ယောက် အိမ်မှာ အေးအေးဆေးဆေး
သက်တောင့်သက်သာ နေရသည်ကို စိတ်ပျက်လာပါတယ်။
အရပ်ထဲရှိ ဖဲဝိုင်းများတွင် ဒေါ်ကြိုင်တစ်ယောက် အပျင်းပြေ
ပိုကာဝိုင်း ထိုင်တတ်လာပါတယ်။ အရပ်ထဲတွင် အသုဘအိမ်
မရှိလည်း ဒေါ်ကြိုင်တစ်ယောက် သူ့အိမ်မှာ ပိုကာဝိုင်းဖွဲဖို့
လူလိုက်စုပါတယ်။ အရွယ်ရောက်လာသော သားသမီးများက
မြို့ပေါ်ရှိ တက္ကသိုလ်များထံ ကျောင်းတက်နေသောကြောင့်
အိမ်တွင် အငယ်နှစ်ဦးခန့်သာ မိခင်ဖြစ်သူ ဒေါ်ကြိုင်နှင့်အတူ
နေထိုင်ပါတယ်။

တစ်နေ့၌ ဒေါ်ကြိုင်၏ သမီးအကြီးဆုံးဖြစ်သူက အိမ်ချင်း
ကပ်လျက်တွင် နေထိုင်သော ခင်မင်ရင်းနှီးသည့် အဖွားအို
တစ်ဦးထံတွင် သူ့မိခင် အကြောင်း ရင်ဖွင့်ပါတယ် …..
“အဖွား …. အမေလေ သမီးကို ပြောတယ်၊ သူ မျက်မှန်
အသစ် လုပ်ချင်လို့တဲ့ …၊ သမီးလည်း ကြားကြားချင်း
ဝမ်းသာသွားတာပေါ့၊ အမေနဲ့ တွေ့တော့ ၀မ်းသာအားရနဲ့
အမေ … ဘုရားစာအုပ်တွေ တရားစာအုပ်တွေ ဖတ်ရတာ
အဆင်မပြေလို့လား … သမီး ၀ယ်ပေးမယ်လေ …”
လို့ ပြောလိုက်တော့ အမေက ….
“သမီးရယ် … အမေလေ ဖဲရိုက်ရင် အပွင့်တွေပဲ မြင်ရတယ်၊
ဂဏန်းတွေ မမြင်ရဘူး၊ အဲဒါ … ကိုယ့်ဖဲ ဒေါင်းလို့ ဒေါင်းမှန်း
တောင် မသိဘူး … ဖြစ်နေတယ် သမီးရယ် …. ” … တဲ့ ….

ဤသို့ဖြင့် မည်သူမျှ ဖျောင်းဖျပြောဆို၍ မရသော ဒေါ်ကြိုင်
တစ်ယောက် အသက်ကြီးမှ ဖဲသမားဘ၀ဖြင့် နေ့ပေါင်း
များစွာ ဖြတ်ကျော်ခဲ့ပါတယ်။ အခြားသူများက တရားပွဲများ
တရားစခန်းများ လိုက်ပါရန် ခေါ်ဆောင်မှုအမျိုးမျိုးကိုလည်း
ရှောင်ဖယ်ပြီး ဖဲဝိုင်းတွင်သာ အချိန်ဖြုန်းနေလေ့ ရှိပါတယ်။
နေ့စဉ် ဖဲကစားနေသော ဒေါ်ကြိုင်တွင် အကျင့်သစ်တစ်ခု
ရလာပါတယ်။ အဲဒါကတော့ ဖဲဝိုင်းအလယ်ရှိ ပန်းကန်ထဲမှ
ဖဲဆွဲယူသော်အခါ သူလိုချင်သည့်ဖဲ ရရှိလာပါက ရင်ဘတ်ပေါ်
တွင် လက်ဖြင့် ဖိထားပြီး ဟစ်အော် ကြွေးကြော်ခြင်းပါ။

တစ်နေ့တွင် ထုံးစံအတိုင်း ပြုလုပ်နေကြ ပိုကာ ဖဲဝိုင်းတစ်ခုတွင်
ဒေါ်ကြိုင်နှင့် သူ့မိတ်ဆွေများ ဖဲကစား နေကြပါတယ်၊ ဒေါ်ကြိုင်
တစ်ယောက် သူ့နံဘေးမှ ပြစ်ချပေးလိုက်သော ဖဲအား
စိတ်ဝင်တစား ကြည့်ရူပြီး စိတ်ပျက်လက်ပျက်ဖြင့် ပန်းကန်ထဲ
မှ ဖဲတစ်ချက် ဆွဲယူလိုက်ပါတယ်။ ထို့နောက် ….
ကုလား … ကုလား …. ဟု ဆိုပြီး လဲကျသွားပါတယ် …

“ဒေါ်ကြိုင် …. ဒေါ်ကြိုင် … ဘာဖြစ်သွားလို့လဲ … မနောက်
နဲ့နော် … ဒေါ်ကြိုင် …. ဒေါ်ကြိုင် … ” ဟု ခေါ်သံများကို
ဒေါ်ကြိုင်တစ်ယောက် ပြန်မထူးနိုင်တော့ပေ။ ဒေါ်ကြိုင်
တစ်ယောက် သူ ဆွဲယူလိုက်သော ကုလားဖဲချပ်ကို ကြည့်ရင်း
လောကကြီးကို နူတ်ဆက်သွားခဲ့ပါပြီ …။


(ပြီးပါပြီ။)
(မှတ်ချက်။ ။ ရင်းနှီးသည့် မိတ်ဆွေတစ်ဦး ပြောပြသော
သူတို့ဒေသမှ အထူးအဆန်းဖြစ်ရပ်တစ်ခုကို ပြန်လည် ရေးဖွဲ့
ထားခြင်း ဖြစ်ပါတယ်၊ တိုက်ဆိုင်မှုများ ရှိခဲ့ပါလျှင် ခွင့်လွှတ်ပါ။)

Read more »

Wednesday, 8 September 2010

စက်တင်ဘာလရဲ့ ညတည (ဒုတိယပိုင်း- ဇာတ်သိမ်း)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်ရူသင့်ပါ။)

ယခင် ပထမပိုင်းမှ အဆက် ….

ခွေးအူသံတွေနဲ့အတူ လေထဲမှာ ပြန်လွှင့်လာတဲ့ လူအုပ်စုလိုက်
အော်သံတွေကို တချက်တချက် ကြားနေရသလိုပါ။ ကျနော်တို့
ကင်းတာဝန်ခံက ကျိုက္ကဆံရပ်ကွက်ဖက်က ကင်းတာဝန်ခံကို
လှမ်းပြောပါတယ်။ …. ရွှေဂုံတိုင် လမ်းမကြီးပေါ်က တစ်နေရာရာ
မှာ လူအုပ်စုလိုက် ပြဿနာများ ဖြစ်နေသလား ….။ သရဲခြောက်
တာက အရေးမကြီးပါဘူး၊ ညဖက်ကြီး ပြဿနာ တစ်ခုခုဖြစ်လို့
လူမသိ သူမသိနဲ့ အ၀ိုင်းခံရတာဆိုရင် ဘယ်သူမှ မသိလိုက်ပဲ
အသတ်ခံရတာမျိုး ဖြစ်သွားနိုင်ကြောင်း သူ့အယူအဆကို ပြော
ပြပါတယ်။



သူတို့ဖက် ကင်းတဲမှာ ကင်းအလှည့်ကြသူ တစ်ဦးက သူ့အိမ်
မှာ လိုင်းဆွဲတဲ့ ဘက်စ်ကားတစ်စီး ရှိကြောင်း၊ အဲဒီကား
နဲ့ အသံကြားနေရပြီး မသင်္ကာဖြစ်နေတဲ့ နေရာဆီ သွားကြည့်
ရင် ကောင်းမလားလို့ အကြံပြုပါတယ်။ အဲဒီကာလက
ညဥ့်နက်ပိုင်းတွေမှာ ကိစ္စတစုံတရာ ရှိလို့ ရပ်ကွက်ကျော်ပြီး
သွားချင်ရင် ကျောင်းသားသမဂ္ဂ သို့မဟုတ် ရပ်ကွက်ဆိုင်ရာ
ရဟန်းပျို သမဂ္ဂမှ ထောက်ခံစာလိုအပ်ပါတယ်။

ခြောက်ထပ်ကြီးဘုရား နောက်ကျောက ကတ္တရာစည်းတွေ
သိုလောင်းထားတဲ့ ဂိုဒေါင်တစ်ခုရှိပါတယ်။ ဂိုဒေါင်ပွင့်သွား
ပြီးတဲ့နောက်ပိုင်းမှာ ကတ္တရာစည်ပိုင်း လိုချင်သူတွေဟာ
ကတ္တရာကို လမ်းဘေးသွန်ချပြီး စည်ပိုင်းကို လိမ့်ယူသွား
လေ့ ရှိပါတယ်။ ဒါကြောင့် ကျိုက္ကဆံရပ်ကွက်ရဲ့ နောက်ဖက်
ပိုင်းရှိ လမ်းနံဘေးတွေမှာ သွန်ချထားတဲ့ ကတ္တရာတွေကြောင့်
သွားရလာရတာ သိပ်တော့ မလွယ်ကူပါ။ လမ်းနံဘေးမှာ ရပ်
ထားတဲ့ ဘက်စ်ကားကို ညစ်ပတ်နေတဲ့ ကတ္တရာတွေကြား
ကနေ ကျနော်တို့အားလုံး မနဲကို တွန်းထုတ်ရပါတယ်။

ကားရဲ့ ရှေ့ဆုံးမှာ သာသနအလံတစ်ဖက်၊ ကျောင်းသား
သမဂ္ဂအလံတစ်ဖက် ထောင်ရပါတယ်။ ကင်းမှူးတွေဆီမှာ
ညဖက် အရေးပေါ် ရပ်ကွက်ကျော်ပြီး ခရီးသွား ထောက်ခံ
စာကတော့ အဆင်သင့်ပါ။ ကျန်းမာရေးကိစ္စတွေအတွက်
ဆေးရုံဆေးခန်းပို့ဖို့ အဲဒီထောက်ခံစာကို ရပ်ကွက်ကင်းမှူး
တိုင်းက ဆောင်ထားလေ့ ရှိပါတယ်။ ဒီလိုနဲ့ ကျနော်တို့ဖက်
အခြမ်းက လူ ဆယ်ဦးကျော်ကျော်နဲ့ သူတို့ရပ်ကွက်ဖက်မှ
လူဆယ်ဦးခန့်ကို သယ်ဆောင်ထားတဲ့ ဘက်စ်ကားဟာ
ဗိုလ်စိန်မှန်နဲ့ ကျိုက္ကဆံ ရပ်ကွက်ကြားရှိ ဗိုလ်စိန်မှန်လမ်းသွယ်
ဖက်ကနေ ရွှေဂုံတိုင်လမ်းမကြီးဆီ ဖောက်ထွက်ခဲ့ကြပါတယ်။

ငါးထပ်ကြီးဘုရားမုဒ်ဦးဝ ကျော်တဲ့အချိန်မှာ ကားပေါ်ရှိသူ
အားလုံး အသံတွေကို သဲသဲကွဲကွဲ ကြားနေရပါပြီ ….
တစ်ပါတီစနစ် ဖျက်သိမ်းရေး …၊ အရေးတော်ပုံ အောင်ရမည်။
ဘန်ဒါပင် ကားမှတ်တိုင်ကျော်တော့လည်း လမ်းပေါ်မှာ လူအရိပ်
အယောင်ဆိုလို့ လုံးဝ မမြင်ရသေးပါ။ လမ်းတွေပေါ်နဲ့ ရပ်ကွက်
အတွင်းထဲက ခွေးအူသံတွေကတော့ ဆူညံနေဆဲ၊ ရွှေဂုံတိုင်
မီးပွိုင့်ကို ထိပ်ကိုရောက်တော့ မီးပွိုင့်အနားမှာ လူအုပ်စု တစ်စု
ကို တွေ့ရပါတယ်။ ဒါနဲ့ ကားသမားလည်း အဲဒီလူအုပ်စု မနီး
မဝေးမှာ ရပ်လိုက်ပါတယ်။ ကားပေါ်က ဆင်းပြီး မေးမြန်းကြည့်
တော့ ရေတာရှည်လမ်းဖက်မှာ နေထိုင်သူတွေလို့ သိရပါတယ်။
အသံတွေကြားနေရလို့ ထွက်လာရင်း ထွက်လာရင်းနဲ့ ရွှေဂုံတိုင်
မီးပွိုင့်ထိပ်ဆီ ရောက်လာတာလို့ ပြောပြပါတယ်။

ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်သို့ ၀င်ရောက်ရာ ထိပ်ဖက်က
ရေခဲဆိုင် ကားမှတ်တိုင်ဖက်မှာ လူတွေ အုပ်စုလိုက် ပြဿနာ
ဖြစ်ပွားနိုင်ကြောင်း အများစုက ထင်မြင်ချက် ပေးကြပါတယ်။
ဗဟန်းရဲစခန်းရှေ့ နည်းနည်း ကျော်လာတော့ ကားမီးရှေ့မှာ
လူတွေ အုပ်စုလိုက် တစ်နေရာဆီ လှမ်းကြည့်နေတာကို တွေ့
ရပါတယ်။ စီးလာတဲ့ ဘက်စ်ကားကို ရဲစခန်းနဲ့ မနီးမဝေးမှာ
ရပ်ပြီး အားလုံး လမ်း ဆင်းလျှောက်ကြပါတယ်။ ညကြီးမိုးချုပ်
အဲဒီနေရာတ၀ိုက် ရောက်လာသူ အများစုဟာ ရပ်ကွက်အလိုက်
ကင်းတာဝန်ကြသူများ ဖြစ်ပါတယ်။

ခပ်လှမ်းလှမ်း တစ်နေရာဆီက တချက်တချက် ဟစ်အော်သံ
လိုလို အသံတချို့ ထွက်နေပါတယ်။ ဒါနဲ့ ကားပေါ်မှာ လိုက်ပါ
လာတဲ့ ကျနော်နဲ့ အသက်တူ အရွယ်တူ လူငယ်တစ်ဦးက သူ့
နံဘေးမှာ ရှိတဲ့ ဦးပဉ္ဇင်းတစ်ပါးထံ လျှောက်မေးကြည့်လိုက် ပါ
တယ်၊ … အရှင်ဘုရား ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ …။ ဆရာထံ
က သိလိုက်ရတာကို ပထမတော့ တစ်အုပ်စုလုံး တွေးဝေသွား
ပါတယ်။ ပန်းချီပန်းပု ကျောင်းရှေ့မှာ အပမှီသလိုမျိုး လူမရှိပဲ
အသံထွက်နေတာပါ (အခုတော့ ရေခဲဆိုင် ကားမှတ်တိုင်နံဘေး
မှာ ပန်းချီပန်းပုကျောင်း မရှိတော့ပါ)။ ပန်းချီပန်းပု ကျောင်းရှေ့
မရောက်ခင် ခပ်လှမ်းလှမ်းကနေ ဘုန်းတော်ကြီးများက လမ်းကို
ခေတ္တခဏအဖြစ် ပိတ်ထားပါတယ်။

လက်နှိပ်ဓါတ်မီးရောင်တွေအောက်မှာ ပန်းချီပန်းပုကျောင်းရှေ့
နဲ့ ကျောင်းအ၀င်အ၀ကို မြင်နေရပါတယ်။ တံခါးအပေါက်ဝမှာ
ပန်းစည်းတချို့ကို ကြိုးနဲ့ ချည်ထားပါတယ်။ ဆရာတော် ဆယ်ပါး
ခန့်က ကျောင်းရှေ့တစ်နေရာမှာ စုဝေးပြီး ပရိတ်တရား ချီမြှင့်
နေပါတယ်။ ၀ိုင်းကြည့်နေတဲ့ လူအများစုက ကျနော်တို့ လာခဲ့တဲ့
ဖက်နဲ့ ဗဟန်း(၃)လမ်းဖက်မှာပါ။ ကျနော်တို့နည်းအတူ အဲဒီနေရာ
ဆီ ရောက်လာတဲ့ ရပ်ကွက်အသီးသီးက လူတွေကို ဆရာတော်
တစ်ပါးက မိန့်တော်မူနေပါတယ် ….
“ဒီနေရာမှာ လွန်ခဲ့တစ်လက ကျောင်းသားလေးတွေ ဆယ်ဦး
နီးပါး သေဆုံးခဲ့တယ်၊ ဘုရားပေါ်မှာ ဖွင့်ထားတဲ့ သပိတ်စခန်း
အတွက် ထမင်းတွေ ဟင်းတွေ ထည့်ထားတဲ့ တောင်းတွေ
ထမ်းလာရင်း ဒီနေရာကို ရောက်တော့ စစ်တပ်နဲ့ ပက်ပင်းတိုး
တယ်၊ ကျောင်းရှေ့နံရံမှာ ကပ်ခိုင်းပြီး စစ်တပ်က ဘက်နက်နဲ့
ရက်ရက်စက်စက် ထိုးသတ်ခဲ့တာ … ”

နာရီဝက်နီးပါး ကြာတဲ့အထိ အဲဒီနားမှာ အုပ်စုလိုက် ရပ်ကြည့်
နေရင်းကနေ တစ်ယောက်ယောက်က ပြန်ဖို့ သတိပေးလာ
ပါတယ်။ ရဲစခန်းနားမှာ ရပ်ခဲ့တဲ့ ကားပေါ်ရောက်တော့ “ဒို့အရေး၊
ဒို့အရေး ..” ဆိုတဲ့ အသံကို အားလုံး ပီပီသသ ကြားလိုက်
ရပါတယ်။ ဘက်စ်ကားပေါ် ထိုင်ခါစ ကားပေါ်ကနေ သူထက်
ငါ အလျင်အမြန် ဆင်းပြေးပြီး သွားကြည့်ကြပါတယ်။ ပန်းချီပန်းပု
ကျောင်းဖက်မှာ ရပ်ကြည့်နေတဲ့ လူတွေဆီရောက်တော့ တချို့က
လေထဲ သူ့အလိုလို လွှင့်မျောနေတဲ့ ခေါင်းစည်းတွေ တွေ့လိုက်
ရတယ်။ မြေကြီးပေါ်မှာ တစုံတယောက် လူးလိမ့်သွားပြီး
သွေးကွက်တွေ မြင်လိုက်ရတယ်လို့ ဆူညံစွာ ပြောဆို
နေကြပါတယ်။ လမ်းပေါ်က အခြေအနေတွေကို စောင့်ကြည့်
ထိန်းသိမ်းပေးနေတဲ့ ဆရာတော်များက ကြည့်ရူနေကြတဲ့
လူတွေအားလုံး ၀ိုင်းပြီး မေတ္တာပို့ကြဖို့ တိုက်တွန်းပါတယ်။

အပြန် ကျနော်တို့ စီးနင်းလိုက်ပါလာတဲ့ကား ဘန်ဒါပင်
ကားမှတ်တိုင် မရောက်တရောက်မှာ အဝေးဆီက လွှင့်ပျံ
လာတဲ့ အသံတချို့ကို စိတ်မကောင်းဖြစ်စွာ ကြားနေရပါတယ်။


(ပြီးပါပြီ။)

Read more »

Tuesday, 7 September 2010

ဟင်္သာတို့၏ ငိုရှိုက်သံ



ဂေါ့ဖားသားက
အသက်ကြီးလာရင် ပင်စင်ယူသေးတယ်
ဘောင်းဘီဝတ်သော မာဖီးယားအား
အလေးပြုနေရသည့် လမ်းမများ
အဲဒါ …
ဘာသာတရား အထွန်းကားဆုံး … တဲ့လား
အယဉ်ကျေးဆုံး … တဲ့လား
ချာလီလပ်ကီးလူချီရာနို ရေ ….
မင်းထက် ပိုမိုက်ရဲတဲ့သူတွေများနေလို့
ထန်းခေါက်ဖာလေး ပျောက်ခဲ့တဲ့
ကိုယ်တော်မှိုင်းနဲ့အတူ
ဥဿာက ပြန်ပါနော် …။ ။


-စစ်ငြိမ်းဒီရေ


Read more »

Monday, 6 September 2010

ဘလော့’ EOT ပြဿနာ

လေးထောင့်ကွက် မပေါ်အောင် EOT လုပ်နည်းအကြောင်း
လမ်း မညွန်ခင် ဘလော့ဂါ မိတ်ဆွေများ ကိုအောင်သာငယ်
ရှင်းပြထားတဲ့ …
ကိုယ့်ဘလော့ကို ကိုယ်ကာကွယ်ကြ
ဘလော့ကာကွယ်ရေး နောက်ဆက်တွဲ ….
ကွန်ပြူတာ လုံခြုံရေး ….
အစရှိတဲ့ ပို့စ် (၃)ခုကို ဖတ်စေချင်ပါတယ်၊ နည်းပညာ အားနည်း
တဲ့ ကျနော်လို ဘ၀တူ ဘလော့ဂါများ လေ့လာကြပါ။

မြန်မာဖောင့် မရှိတဲ့ ကွန်ပြူတာတွေ၊ ဖောင့်သွင်းဖို့ အခက်အခဲ
ရှိတဲ့ နေရာက မြန်မာဘလော့တွေပေါ် စာဖတ်ရင် EOT မလုပ်ထား
တဲ့ ဘလော့တွေမှာ လေးထောင့်ကွက်တွေ ပေါ်နေလေ့ရှိပါတယ်။
EOT လုပ်နည်းနဲ့ ပက်သက်ပြီး နည်းပညာ ဘလော့တွေမှာ ရေး
သားထားတဲ့ လမ်းညွန်ပို့စ်တွေ ရှိပါတယ်။

ကျနော့်ဘလော့မှာ EOT လုပ်ချင်လို့ လျှောက်ပြီး လေ့လာကြည့်
ပါတယ်။ အရင်ဆုံး ဘလော့ဂါ ကိုမောင်လှ ရေးတဲ့ (ဒီပို့စ်) ကို
ကျနော် ဖတ်ကြည့်ပါတယ်။ ခပ်တုံးတုံး ဖြစ်တဲ့ ကျနော် လျှောက်
ပြီး စမ်းကြည့်ပါတယ်။ ကျနော့်အတွက် အခက်အခဲ နည်းနည်း
ရှိပါတယ်။ နောက်တခါ ဘလော့ဂါ ကိုရန်အောင် ရေးတဲ့ (ဒီပို့စ်)
အတိုင်း ထပ်လုပ်ကြည့်ပါတယ်။ သူ ရေးထားတာကို လေး … ငါး
လောက် ထပ်ခါတလဲလဲ ဖတ်ကြည့်ပါတယ်။ EOT ကို ကျနော်
အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။

Notepad သို့မဟုတ် Wordpad ကို သေသေချာချာ ရှာကြပါ။
လုပ်ထားတဲ့ ဖိုင်ကို eot.html လို့ နာမည်ပေးပါ။
အဲဒါဟာ ပထမဆုံး တည်ဆောက်ခြင်း ဖြစ်ပါတယ်။
အဲဒီလောက်တော့ ကိုယ့်ဘာသာကိုယ် ဖြစ်အောင် တည်ဆောက်
ကြပါ။ အဲဒီအဆင့်မှာတင် “ရွာလည်(သဘောမပေါက်)” ရင်တော့
အဲဒါဟာလည်း ပြဿနာတစ်ခုပါပဲ။

ဖိုင်တွေကို တင်ဖို့ I.E (Internet Explorer) ဖွင့်ပြီး လုပ်ကြပါ။ ဒါဟာ
အရေးကြီးပါတယ်။ Mozilla Firefox နဲ့ စလုပ်မိရင် နောက်ပိုင်း
အဆင်မပြေမှုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ကိုရန်အောင် ရှင်းပြ
ထားတဲ့ အဆင့်တွေ
ထဲက လိပ်စာထည့်ရိုက်တဲ့ အဆင့်ကို
ရောက်ရင် သေသေချာချာ သတိထားပြီး ထည့်ရိုက်ပေးပါ။
http://yourblog.blogspot.com
http://www.yourblog.blogspot.com
ပါ ထည့်ရိုက်ပေးပါ။ ဒေါ့ကွန်ကို ပြောင်းထားတဲ့ ကျနော့်လို
ဘလော့မျိုးတွေဆိုရင်တော့
http://yourblog.com
http://www.yourblog.com
ပါ ထည့်ရိုက်ပေးကြပါ။ စုစုပေါင်း လေးမျိုးပေါ့။

အားလုံးပြီးသွားလို့ ဖိုင်တွေကို file hosting sites တွေမှာ
တင်သလို ဖြစ်နိုင်ရင် ကိုယ့်ကွန်ပြူတာထဲမှာ ထားကြပါ။
File hosting sites တွေကို တစ်လ တစ်ခါ update လုပ်ဖို့
လည်း မမေ့ကြပါနဲ့၊ ကိုယ့်ကွန်ပြူတာကို အကြောင်းတစုံတရာ
ကြောင့် ၀င်းဒိုး ဖြုတ်ချမိရင် အသစ်ပြန်သုံးတဲ့ အချိန်မှာ အဲဒီ
ဖိုင်တွေကို ကိုယ့်စက်ထဲ ပြန်ကူးထည့်ဖို့ သတိရကြပါ။ EOT
လုပ်ထားတဲ့ ဖိုင်တွေ နှစ်နေရာမှာ ရှိနေတော့ စိတ်ချရတဲ့
သဘောပါ။

ကိုရန်အောင်တို့ ကိုမောင်လှတို့ ရေးထားတဲ့အတိုင်း လိုက်လုပ်
ကြည့်လို့ အဆင်မပြေတဲ့ မိတ်ဆွေများ ကိုမင်းကျော်တို့
ကိုလင်းထက်တို့ထံ အကူအညီတောင်းကြည့်ကြပါ။ သူတို့ မအားဘူး
ဆိုရင်တော့ ကျနော်ထံ အကူအညီ တောင်းနိုင်ပါတယ်။ ကျနော်လည်း
သိပ်တော့ မအားပါ၊ အီမေးလ်နဲ့ ဆက်သွယ်ပါ၊ အားတဲ့အခါ ရမ်းသန်းပြီး
ကုပေးပါ့မယ်၊ ဖြစ် မဖြစ်တော့ တိဝူး …း)

ကိုအောင်သာငယ်၊ ကိုမောင်လှ၊ ကိုရန်အောင်တို့ကို
ကျေးဇူးများစွာ တင်ပါတယ်။


-ကိုအောင် (ပျူနိုင်ငံ)

Read more »

Saturday, 4 September 2010

ဘလော့ဂါ ကိုဒူကဘာ၏ ကျန်းမာရေး အခြေအနေ

ပြည်ပရောက် မြန်မာဘလော့ဂါအသိုင်းအ၀ိုင်းမှာ ကျနော့်
ထက် စောပြီး ဘလော့စ’ရေးတဲ့ ဘလော့ဂါတွေ၊ ကျနော်နဲ့
အတူ ဘလော့လောကထဲ အတူတူ ၀င်လာခဲ့တဲ့ ညီအကို
မောင်နှမတွေ၊ ကျနော့်ထက် အချိန်ကာလ နောက်ကျပြီး
ဘလော့စရေးတဲ့ ညီအကိုမောင်နှမတွေ ဘယ်သူတော့
အရေး ကျဲသွားပြီ၊ ဘယ်သူတော့ ဆက်မရေးတော့ဘူး၊
ဘယ်သူတော့ အရင်ထက် ရေးအား ပိုကောင်းလာတယ်
သတိထားမိပါတယ်။

ကျနော်တို့ထဲက “ချစ်တဲ့မနောမြေ” ဘလော့ကို ရေးသားနေတဲ့
ဘလော့ဂါ ကိုဒူကဘာ တစ်ယောက် ပို့စ်အသစ်တွေ မတင်ပါလား
လို့ တလောက ကျနော် စပြီး သတိထားတယ်။ ကမ္ဘာ့ဖလား
ဘောလုံးပွဲတုန်းက တက်ဂ်ဂိမ်းရေးဖို့တောင် သူ့ကို တက်ဂ်
ခဲ့ပါတယ်။ ကိုဒူကဘာက အလုပ်ကိစ္စတွေများနေလို့ တက်ဂ်
ဂိမ်းရေးပေးဖို့ မအားလပ်ကြောင်း ကျနော့်ကို ဂျီမေးလ်မှာ
စာပြန်ပါတယ်။ အဲဒီနောက် သူ့ဘလော့က ပို့စ်အသစ်လည်း
တက်မလာ၊ သူလည်း ပျောက်ချင်းမလှ ပျောက်နေပါတယ်။
ဒါနဲ့ မဟုတ်သေးဘူး တစ်ခုခုများ ဖြစ်နေသလားလို့ သူနဲ့
ရင်းနှီးတဲ့ “လူထုအသံ” မီဒီယာဖက်က လူတွေထံ လျှောက်
မေးကြည့်ပါတယ်။ သူတို့လည်း အဆက်အသွယ် ပြတ်တောက်
နေကြောင်းပဲ ပြောကြပါတယ်။

ဒီနေ့မနက်ပိုင်း ဂျီမေးလ်မှ ကိုမင်းကျော်ထံ လှမ်းမေးပြီး
ကိုဒူကဘာ'ဖုန်းနံပါတ်များ ရှိလားလို့ မေးကြည့်ပါတယ်။
ရလာတဲ့ ဖုန်းနံပါတ်နဲ့ ကျနော်နေတဲ့ ဒိန်းမတ်နိုင်ငံ စံတော်ချိန်
(GMT+1) က နေ့လည် 1:40 pm မှာ ကိုဒူကဘာထံ
ဖုန်းခေါ်ကြည့်တော့ သူနဲ့ ဖုန်းပြောဖြစ်ခဲ့ပါတယ်။ ကိုဒူကဘာ
နေထိုင်တဲ့ အမေရိကန် ဒေသရဲ့ စံတော်ချိန်က မနက်အစော
ကြီး လေးနာရီခွဲ ဖြစ်နေပါတယ်။ (၉)နာရီနီးပါ ကွာပါတယ်။

အကိုကြီး ကိုကြီးကျောက်(ရွှေရတု မှတ်တမ်း) ဆေးရုံပေါ်
စတင်တက်ခဲ့တဲ့ ကာလမှာ “ချစ်တဲ့မနောမြေ” ဘလော့ပိုင်ရှင်
ကိုဒူကဘာတစ်ယောက် ဆေးရုံမှာ ခွဲစိတ်ကုသမှု လုပ်ခဲ့ရတယ်
လို့ သိရပါတယ်။ အခုတော့ နေ့စဉ်နဲ့အမျှ ညွှန်ကြားထားတဲ့
ဆေးတွေ ဆက်လက် သောက်နေရပါတယ်။ ကျန်းမာရေး
အခြေအနေကတော့ တော်တော်လေး သက်သာလာပြီလို့
သိရပါတယ်။ စိတ်မကောင်းစရာ သတင်းကတော့ ကိုဒူကဘာ
ရေးသားခဲ့တဲ့ “ချစ်တဲ့မနောမြေ”ဘလော့ဟာ
http://chittemanawmyae.blogspot.com/
ကိုဒူကဘာ ဆေးရုံ တက်နေရစဉ် ကာလအတွင်း ဘယ်သူ
ဘယ်ဝါရဲ့ လက်ချက်မှန်းမသိ ဖျက်ဆီးခြင်း ခံလိုက်ရပါတယ်။
မကြာခင် ကာလမှာ အကို ကိုဒူကဘာတစ်ယောက် ကျန်းမာရေး
ပြန်လည် ကောင်းမွန်လာတဲ့အပေါ် မူတည်ပြီး ဘလော့
ပြန်ရေးမယ်လို့ သိရပါတယ်။

ကိုဒူကဘာ ဖုန်းနံပါတ်က …
+1 971 678 0180 ဖြစ်ပါတယ်။ အာရှဖက်က ဖုန်းခေါ်
မယ်ဆိုရင် ညဖက် ၁၂ နာရီ ပတ်ဝန်းကျင်၊ ဥရောပဖက်
က ဖုန်းခေါ်မယ်ဆိုရင် ညနေ ၅နာရီ ၀န်းကျင်လောက်ဆို
အဆင်ပြေမယ်လို့ ထင်ပါတယ်။

ဘလော့ဂါ ကိုဒူကဘာတစ်ယောက် အမြန်ဆုံး ကျန်းမာ
ပျော်ရွှင်ပါစေ ….


-စစ်ငြိမ်းဒီရေ

Read more »

Friday, 3 September 2010

လေးထောင့်ကွက် အတွေ့အကြုံတချို့

အမကြီး မခင်ဦးမေနဲ့ ဂျီမေးလ်မှာ တွေ့ဆုံနေကြ ရင်းနှီးတဲ့
မိတ်ဆွေတချို့က ပြီးခဲ့တဲ့ ဘလော့ဂါဒေးမှာ ကျနော် ရေးတာ
ကို ဆက်ရေးဖို့ တိုက်တွန်းကြပါတယ်။ ဘလော့မှာ ကြုံတွေ့
ရတဲ့ အခက်အခဲတွေက ဘလော့တိုင်း ဘလော့ဂါတိုင်းမှာ
ရှိပါတယ်။ ကျနော် တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။



နည်းပညာ အခက်အခဲကို ဘလော့တိုင်း ရင်ဆိုင်ရပါတယ်။
ကျနော်တို့က မြန်မာပြည်ပြင်ပက စာဖတ်ပရိတ်သတ်အပြင်
ပြည်တွင်းကနေ စာလာဖတ်မယ့် ပရိတ်သတ်လည်း လိုချင်
ပါတယ်။ မျှော်လည်း မျှော်လင့်မိပါတယ်။ ဘလော့ နောက်ဆုံး
ပို့စ်ရဲ့ လင့်ခ် တစ်ခုတည်းကနေ ဘလော့လင့်ခ်ဆီ လာရင်
တော့ ပြဿနာ သိပ်မရှိပါဘူး။ ဒါလည်း အတိအကျ ပြောဖို့
ခက်ပါတယ်။ စာမျက်နှာရဲ့ side bar တွေမှာ ချိတ်ဆွဲထားမှု
အလေးအလံပေါ် မူတည်ပြီး အခက်အခဲတော့ ရှိနိုင်ပါတယ်။
အင်တာနက်နှုန်း အမြင့်စားကို သုံးရင်တော့ လွယ်မှာပါ။ ကော်နက်
ရှင်း ခပ်နည်းနည်း နေရာက လာမယ်၊ side bar မှာလည်း
အရမ်းလေးနေမယ်ဆိုရင် အဲဒါဟာလည်း ပြဿနာ တစ်မျိုးပါ။
(ပြည်ပက ဘလော့ဂါများကို ဆိုလိုချင်တာ ဖြစ်ပါတယ်*။)

ပင်မ စာမျက်နှာတစ်ခုမှာရော ဘလော့တစ်ခု အနေနဲ့
ပို့စ်အရေအတွက် ဘယ်အထိ ထားသင့်ပါသလဲ ….???
ကျနော်ကတော့ (၆)ခုအထိပဲ ထားပါတယ်၊ ပင်မစာမျက်နှာ
ဖွင့်ဖို့ အချိန် အတိုင်းအတာ တစ်ခုအထိ ပေးရမယ်ဆိုရင်
စာလာဖတ်တဲ့ ပရိတ်သတ်၊ ဘလော့လာကြည့်တဲ့ လူဟာ
စိတ်တို သွားမလားလို့ …. :P
နည်းပညာနဲ့ ပက်သက်ပြီး ကိုမင်းကျော်တို့၊ ကိုလင်းထက်
တို့ကို ကျနော်လည်း မကြာခဏ အပူကပ်ပါတယ်။ အကူအညီ
လိုသူများ သူတို့ဆီ ကြွကြပါ၊ ကျနော်က လွှတ်လိုက်တယ်လို့
မပြောနဲ့နော် …. :P

မြန်မာလူမျိုး အားလုံးနီးပါးရဲ့ ကွန်ပြူတာတွေမှာ မြန်မာဖောင့်
တွေ ထည့်သွင်းထားလေ့ရှိပါတယ်။ EOT လုပ်သင့်တယ်လို့
ကျနော်တော့ ထင်ပါတယ်။ တခါတလေ အခက်အခဲ တစ်ခုခု
ကြောင့် မြန်မာဖောင့်မရှိတဲ့ ကွန်ပြူတာကနေ ဘလော့ဆီလာရင်
အမှန်တရား ရေးထားလည်း လေးထောင့်ကွက်ပဲ တွေ့သွား
လို့ လေးထောင့်ကွက်တွေက ပြောတဲ့ အမှန်တရား ဖြစ်သွား
မလားလို့ပါ …. :P

ဘလော့တစ်ခုကို ဖွင့်လိုက်တဲ့အချိန်မှာ သီချင်းသံတစ်ခု
“ဂွမ်း”ကနဲ ထွက်လာမယ်ဆိုရင် ဘယ်လိုများ နေကြမလဲ။
Play ခလုတ်ကို နှိပ်လိုက်လို့ သီချင်းသံ ထွက်လာတာမျိုး
မဟုတ်ပဲ auto play မျိုး ဆိုရင်တော့ … ဆိုရင်တော့ ….
ကောင်းပါတယ်လို့ ပြောမလို့ပါ …. :D :P

ကျနော်ဘလော့ လုပ်ခါစ ကျနော့်ဘလော့ကို စာဖတ်သူ
သိအောင် ဘယ်လို ဖြတ်သန်းရသလဲဆိုတာ အရင်ပို့စ်မှာ
ကျနော် ရေးခဲ့ပါတယ်။ ကိုယ့်ဘလော့နဲ့ အခြားဘလော့
တွေကြားမှာ ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုတော့
အမှန်တကယ် ရှိသင့်ပါတယ်။ ပတ္တမြားမှန်ရင် နွံမနစ် ဘူးဆိုတဲ့
အယူအဆကတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အင်တာနက်
ပေါ်မှာ ရေးတဲ့စာနဲ့ ပုံနှိပ်စာတွေ ကြားမှာ ကွာခြားမှုတွေ ရှိ
ပါတယ်။ အခြားဘလော့ရေးသူများနဲ့ နွေးထွေးတဲ့ ဆက်ဆံ
ရေး အခြေအနေတစ်ရပ် ရှိသင့်တယ်လို့ ထင်ပါတယ်။
ဘလော့ဂါတွေကြားမှာ လူသိများ ထင်ရှားသူများဟာ
စာရေးကောင်းရုံ တင်ပြမှုကောင်းရုံနဲ့တော့ မပြီးသေးပါ။
ပီယ၀ါစာ နူတ်ဆက်မှုတွေ လိုအပ်တယ်လို့ ကျနော်
ထင်ပါတယ် …. :D

ကျနော့်ဘလော့မှာ ဟိုအရင် ရေးခဲ့တဲ့ စာတွေထဲက
တချို့ကို အခုအခါ ပြန်ဖတ်ပြီး စိတ်ဆင်းရဲ မိပါတယ်၊ တကယ်
ပါ။ … ငါ ဘာဖြစ်လို့များ တင်လိုက်မိသလဲလို့ နောင်တလည်း
ရမိပါတယ်။ တချို့ကိုတော့ ပို့စ်အဖြစ်ကနေ ပြန်ပြီး ဖြုတ်ပြစ်
ပါတယ်။ ဒေါသထွက်နေတဲ့အချိန်၊ စိတ်အရမ်း လှုပ်ရှားနေ
ချိန်မှာ ရေးမိတဲ့ ပို့စ်ကို သတိထားသင့်ပါတယ်၊ ဇွတ်ပြီး မတင်
သင့်ပါဘူး၊ ကျနော်တို့ရဲ့ လွတ်လပ်ခွင့်က ကျနော်တို့ကို ပြန်
ပြီး ခြံစည်းရိုး ခတ်သွားနိုင်ပါတယ် ….။

ကျနော်ရဲ့ ရေးသားမှုများမှာ ယနေ့အချိန်အထိ “ပြောဟန်”
နဲ့ “ရေးဟန်” ရှုပ်ထွေးမှုများ ရှိနေတာကို ကျနော် ၀န်ခံ
ပါတယ်။ ဘလော့ဂါများဟာ စားဝတ်နေရေးတဖက်နဲ့ စာရေး
နေသူ များပါတယ်။ အချိန်လုပြီး စာရေးနေရတဲ့လူက အများစု
ပါ။ စာရေးကျွမ်းကျင်တဲ့ ဘလော့ဂါ အနည်းစုမှ လွှဲရင် ကျနော်
အပါအ၀င် အများစုဟာ ဇာတ်ကြောင်း ပြန်ပြောဟန်နဲ့ ဇာတ်
လမ်းတွေ တည်ဆောက်ရသူ များပါတယ်။ ၀တ္ထုပုံစံ တည်
ဆောက်မှုတွေမှာလည်း ဇာတ်ကောင်ရဲ့ သရုပ်ခွဲနိုင်မှုတွေ
လုပ်ဖို့ အချိန် ဆင်းရဲပါတယ်။ ကျနော့်ရဲ့ သရဲဇာတ်လမ်း
တချို့မှာ ဇာတ်ကောင် အထီးနဲ့ အမတွေရဲ့ ပြောဟန်စတိုင်
ဟာ သိပ်ပြီး ကွာခြားမှု မရှိပါဘူး။ ဇာတ်ကောင်ရဲ့ စရိုက်ကို
ကြိုတင် အကွက်ချဖို့ ကျနော့်မှာ လိုအပ်ချက်များစွာ ရှိပါတယ်။

ရံဖန်ရံခါ အင်တာနက် အွန်လိုင်းတွေပေါ်မှာ ဖြစ်ပွားလေ့ရှိတဲ့
အငြင်းပွားဖွယ် ပြဿနာတွေကြား ဘလော့ဂါတွေ ကြားညှပ်
တတ်ပါတယ်။ ပြဿနာများဟာ အဖြေမှန်ကို ချက်ချင်း မပေး
နိုင်ပါဘူး။ တချို့ပြဿနာများဟာ အချိန်က ဆုံးဖြတ်လေ့
ရှိပါတယ်။ လတ်တလော ဆုံးဖြတ်ချက် ကောက်ချက်တွေ
ကြောင့် နာမည်ပျက်သလိုလို ဖြစ်လေ့ရှိတတ်ပါတယ်။ နောင်
ရေရှည်မှာ ပြဿနာရဲ့ အဖြေမှန် ထွက်လာသည် ဖြစ်စေ၊
မထွက်လာသည် ဖြစ်စေ မိမိတို့ရဲ့ ဘလော့ဂါအဖြစ်ကို စွန့်ခွာ
မသွားသင့်ပါဘူး။ ပြဿနာထဲ ကြားညှပ်သွားလို့ စာဖတ်
ပရိတ်သတ် ယာယီ ကျဆင်းသွားလည်း စိတ် မထိခိုက်သင့်
ပါဘူးလို့ ထင်ပါတယ်။ ဥပမာ … ကျနော် ဒိန်းမတ်က CO2
ဆန္ဒပြဖို့ ဝေဖန်စာ ရေးတယ်၊ ကျနော့် C-Box ဗုံးကျဲခံရတယ်၊
ဖြစ်ဖြစ်ချင်း နှစ်ပတ်လောက်တော့ စာဖတ်သူ ထိုးကျသွား
တာပေါ့၊ အခုတော့လည်း အရာရာ ငြိမ်းချမ်းလျက်ပါ …. :D


-စစ်ငြိမ်းဒီရေ

Read more »