Sunday, 29 August 2010

စက်တင်ဘာလရဲ့ ညတည (ပထမပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်ရူသင့်ပါ။)

ခုရက်ပိုင်း အင်တာနက်ပေါ်မှာ အထက်တန်းကျောင်းသားဘ၀က
စတင်ရင်းနှီးခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ စကားပြော
ဖြစ်ပါတယ်။ လက်ရှိ သူ အလုပ်လုပ်နေတဲ့ နိုင်ငံက ကွန်ဒိုမီနီယံ
တစ်ခုမှာ အလုပ်ထဲက သူငယ်ချင်းတွေ စုပေါင်းပြီး ဌားရမ်း
နေထိုင်ကြပါတယ်။ သူတို့ နေထိုင်ရာ ကွန်ဒိုမီနီယံမှာ ပျော်ပွဲ
ရွှင်ပွဲနဲ့ အခမ်းအနားတွေ လုပ်ဖို့ ခန်းမတစ်ခု ရှိပါတယ်။ အဲဒီ
ခန်းမမှာ သာရေးအပြင် နားရေး အခမ်းအနားတွေ လုပ်ဖို့
နာရီအတိုင်းအတာနဲ့ ဌားရမ်းပါတယ်။

တခါတလေဆိုရင် ရှေ့က တရုတ်အသုဘ အခမ်းအနားက
ခန်းမထဲက မထွက်သေးပါဘူး။ ခန်းမထိပ်မှာ မင်္ဂလာဆောင်ပွဲ
အတွက် အိန္ဒိယနွယ်ဖွား သတို့သား သတို့သမီးတွေ ၀တ်စုံ
အပြည့်နဲ့ လာစောင့်နေကြပါတယ်။ မွေးနေ့လုပ်လည်း ဒီခန်းမ၊
တခြားပျော်ပွဲရွှင်ပွဲ လုပ်လည်း ဒီခန်းမ၊ အသုဘကိစ္စဖြစ်လာ
လည်း ဒီခန်းမမှာ လုပ်ကြတော့ မြန်မာတစ်ယောက်ဖြစ်တဲ့
ကျနော့် ငယ်သူငယ်ချင်းက သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်မိကြောင်း
ပြောပြပါတယ်။



သူနဲ့ ကျနော်ဟာ ၁၉၈၈ ခုနှစ် ကိုးတန်းကျောင်းသားဘဝ
မှာ စတင်ရင်းနှီးခဲ့သူတွေပါ။ ကျောင်းစ’တက်လို့ နှစ်လမျှ
အကြာ သြဂုတ်လ ရှစ်လေးလုံး တော်လှန်ရေး ဖြစ်ပွားပြီး
ကျောင်းတွေ ပိတ်လိုက်တဲ့ နောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင်
အဖြစ်အပျက်တစ်ခုမှာ ညကြီးမိုးချုပ် ပြန်ဆုံခဲ့ကြဖူးပါတယ်။

ရန်ကုန်က ကျနော်နေထိုင်ရာ ရပ်ကွက်နဲ့ သူ နေထိုင်ရာ ရပ်ကွက်
ကြားမှာ ရပ်ကွက်တစ်ခုသာ ခြားပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်
လထဲမှာ အဲဒီခေတ်က သမ္မတ ဦးစိန်လွင် နုတ်ထွက်သွားပြီး
တဲ့ နောက်ပိုင်း အခြေခံပညာ ကျောင်းအသီးသီးမှာ သပိတ်
စခန်းတွေ ဖွင့်လှစ်လာကြပါတယ်။ ကျနော်တို့ကျောင်းမှာ
ဖွင့်လှစ်ခဲ့တဲ့ သပိတ်စခန်းကို သူ ရောက်မလာခဲ့ပါ။ သူ့ညီ
ဖြစ်သူဟာ အဲဒီအချိန်က ပျောက်ဆုံးနေသောကြောင့် ကျနော့်
သူငယ်ချင်းဟာ ဆေးရုံတွေ ရဲစခန်းတွေ နောက်ပိတ်ဆုံး
လူသေအလောင်းများ ထားရှိရာ အအေးတိုက်တွေကို နေ့စဉ်
သွားရောက် စုံစမ်းခဲ့ရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့
နောက်တစ်လလောက်အကြာမှ ဒေါပုံဖက်မှာ သူ့ညီကို ရှာဖွေ
တွေ့ရှိခဲ့ပါတယ်။ ပြန်တွေ့ရတဲ့ အချိန်မှာ သူ့ညီဖြစ်သူဟာ
သွေးထွက်သံယို မြင်ကွင်းတွေကြောင့် စိတ်မမှန်တော့တဲ့
အနေအထား ဖြစ်သွားပါပြီ။ သူတို့မိသားစုက သူ့ညီဖြစ်သူကို
အချိန်တော်တော် ယူပြီး ဆေးကုလိုက်ရပါတယ်။ ညီဖြစ်သူကို
နေ့စဉ်လိုက်ရှာနေရလို့ သပိတ်စခန်းကို ရောက်မလာခဲ့တဲ့
ကျနော့်သူငယ်ချင်းနဲ့ ကျနော်ဟာ စက်တင်ဘာလရဲ့ ညတည
မှာ မထင်မှတ်ပဲ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလဆန်းပိုင်း ……

အဲဒီအချိန်က ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ လုံခြုံရေးကင်းတဲတွေ
ဝါးကပ်တွေ ကားရံပြီး ထားကြပါတယ်။ အိမ်အရေအတွက်များ
တဲ့ လမ်းတွေမှာဆိုရင် နှစ်ညတစ်ခါ၊ အရေအတွက်နည်းတဲ့ လမ်း
တွေမှာဆိုရင် ညစဉ်လိုလို တစ်အိမ် တယောက်နှုန်းဖြင့် လုံခြုံရေး
ကင်းတဲမှာ စုပေါင်းပြီး ကင်းစောင့်ရပါတယ်။ အမျိုးသမီး အရေ
အတွက်များတဲ့ အိမ်တွေကတော့ ကင်းစောင့်ဖို့ မလိုပါဘူး။ ရပ်ကွက်
လုံခြုံရေးကင်းတဲဟာ ညဖက်ဆိုရင် လမ်းထဲက လူကြီးလူငယ်တွေ
နဲ့ စည်းကားနေလေ့ရှိပါတယ်။ လဖက်သုတ် ဂျင်းသုတ်တွေ
ကလည်း တစ်ပွဲပြီး တစ်ပွဲ၊ ရေနွေးကြမ်းအိုးတွေကလည်း တစ်အိုး
ပြီး တစ်အိုး၊ အတွေ့အကြုံများတဲ့ လူကြီးတွေကြားမှာ ဗဟုသုတ
အစုံအလင်ကို နားထောင်ရတာ မိုးလင်းတဲ့အထိပါပဲ။

စက်တင်ဘာလ (၉)ရက်နေ့ ည …..

ကျနော်တို့မိသားစု နေထိုင်ရာ လမ်းမပေါ်မှာ လုံခြုံရေးကင်းတဲ
သုံးခုရှိပါတယ်။ ကျနော်တို့ရပ်ကွက်နဲ့ ထိစပ်နေတဲ့ နံဘေးရှိ
ရပ်ကွက်တွေနဲ့ ထိစပ်တဲ့နေရာမှာ ကင်းတဲနှစ်ခုရှိပြီး အလယ်ပိုင်း
မှာ ဗဟိုကင်းတဲ ရှိပါတယ်။ ဗဟိုကင်းတဲဟာ ရပ်ကွက်တစ်ခုလုံးရဲ့
လုံခြုံရေးကင်း ဌာနချုပ်လည်း ဖြစ်ပါတယ်။ ညဥ့်ဦးပိုင်းမှာ ရပ်ကွက်
ထဲရှိ ဘုန်းကြီးကျောင်းများမှ ဘုန်းတော်ကြီးများနဲ့ အရပ်ထဲက
လူကြီးပိုင်းတွေ ကင်းစစ်ဆေးဖို့ စတင် စုဝေးရာ နေရာတစ်ခုပါ။
ကျနော်တို့မိသားစုအတွက် ကျနော်ဟာ ဗဟိုကင်းတဲမှာ နှစ်ည
တစ်ခါ ကင်းသွားစောင့်ပေးရပါတယ်။ ကင်းတာဝန် ကြတဲ့ လူ
အရေအတွက်ဟာ ဆယ်ဦးခန့် ရှိပါတယ်။ အဲဒီအထဲမှာ ကျနော်က
လွှဲရင် ကျန်သူများဟာ အသက်အားဖြင့် ကျနော့်ထက် ကြီးတဲ့
သူများ ဖြစ်ကြပါတယ်။

ရယ်မောစရာ ပြောတတ်တဲ့ လူကြီးတချို့ကြောင့် ည (၁၂)
နာရီ သံချောင်းခေါက်တဲ့ အချိန်အထိ ကျနော်တို့ကင်းတဲမှာ
ရယ်သံတွေ ဖုံးလွှမ်းလျက် ရှိပါတယ်။ မီးကင်းသံချောင်း ခေါက်ပြီး
ခါစ ကျနော်တို့ ကင်းတဲကို အဝေးကနေ လက်နှိပ်ဓါတ်မီးနဲ့
မီးလှမ်းထိုးပြီး အချက်ပြတဲ့ ပုံသဏ္ဍာန် ဖွင့်လိုက် ပိတ်လိုက် လုပ်
ပြပါတယ်။ ဒါကြောင့် စကားပြောနေသူ အားလုံး ခေတ္တ ရပ်တန့်
သွားပါတယ်။ ကျနော်တို့ အားလုံး နားလည်ထားတာက အဲလို
ဆယ်ခါထက်မနည်း လုပ်ပြခြင်းဟာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွား
နေကြောင်း ကင်းတဲအချင်းချင်း အချက်ပြမှု တစ်ခုလို သိထား
တာပါ။ ကင်းတဲမှ အလှည့်ကျ ကင်းလာစောင့်သူ အားလုံး
အနည်းဆုံးအားဖြင့် လောက်လေးခွနဲ့ လောက်စာလုံးထည့်
ထည့်ထားတာတဲ့ လွယ်အိတ်ငယ်တွေ ကိုယ်စီ ရှိကြပါတယ်။
တချို့လည်း ဓါး အတိုအရှည်၊ တုတ် အတိုအရှည်တွေ ကိုယ်
စီ ရှိပါတယ်။ ဒါကြောင့် လမ်းကို ဖြေးဖြေးချင်း လျှောက်တတ်
တဲ့ လူကြီး သုံး လေးဦးကို ထားခဲ့ပြီး ကျန်တဲ့သူ အားလုံး
လှမ်းပြီး အချက်ပြနေသော ရပ်ကွက်အဆုံးက ကင်းတဲဆီ
သွားခဲ့ကြပါတယ်။

နှစ်ရပ်ကွက်ထိစပ်ရာ ကင်းတဲ မရောက်တရောက်လောက်မှာ
လမ်းမကြီးတလျှောက်ပေါ်က ခွေးအူသံတွေ ဆူညံစွာ ထွက်
ပေါ်လာပါတယ်။ ကောင်းကင်ပေါ် မော့ကြည့်တော့ ရာသီဥတု
က ကြည်ကြည်လင်လင်ပါ။ လရောင် အနည်းငယ်နဲ့ ကြယ်
ပျောက်တိပျောက်ကြား ထွက်ပေါ်နေပါတယ်။ ကျနော်တို့
ရပ်ကွက်ဖက်အခြမ်းက လမ်းမကြီးပေါ်တော့ ခွေးအူသံတွေ
လှုပ်လှုပ်ရှားရှားတွေ မဖြစ်သေးပါဘူး။ လမ်းမကြီးနဲ့ တဆက်
တည်းဖြစ်တဲ့ တဖက်ရပ်ကွက်က လမ်းပေါ်မှာတော့ လက်နှိပ်
ဓါတ်မီးရောင်တွေ ခွေးအူသံတွေ တော်တော်လေး ကြားနေ
ရပါတယ်။ ကင်းတဲအရောက်မှာ တာဝန်ကျ ကင်းသမားအုပ်စု
က ပြောပြပါတယ်။ “ဒို့အရေး” “ဒို့အရေး” နဲ့ လူအုပ်စုလိုက်
ကြွေးကျော်သံတွေ ကြားရတယ်၊ အဲဒီနောက် ခွေးအူသံတွေ
ထွက်လာပါတယ်။ အားလုံးလည်း ဇဝေဇ၀ါ ဖြစ်နေကြပါတယ်။
အခုလို ညမျိုးကြီးမှာ ဘယ်သူမှ ချီတက်ဆန္ဒပြမှုမျိုး မလုပ်
ကြပါဘူး။ နေ့ဖက်တွေမှာသာ ဆန္ဒပြ လူထု ချီတက်တာ
မျိုးပဲ ရှိပါတယ်။ အသံဟာ တာမွေအ၀ိုင်းထိပ် (ယခုတော့
တာမွေအ၀ိုင်း မရှိတော့ပါ။) ရှိ “မရိုးဆန်း” ရုပ်ရှင်ရုံဖက်က
နေ ကြားနေရ သလိုလို၊ ဗိုလ်စိန်မှန် ရပ်ကွက်ဖက်က ထွက်
ပေါ်နေသလိုလို ကြားနေရကြောင်း ပြောပြပါတယ်။

နှစ်ရပ်ကွက်ကြားမှာ ကင်းတဲက နှစ်ခုပါ၊ ကျနော်တို့ ရပ်ကွက်
ဖက်မှ ကင်းတဲအပြင် ကျိုက္ကဆံရပ်ကွက်ဖက်မှ ကင်းတဲလည်း
ရှိပါတယ်။ သူတို့ဖက်က ကင်းတဲမှ လှမ်းပြောပြပါတယ်။
သူတို့နဲ့ ရပ်ကွက်ချင်း ထိစပ်တဲ့ ဗိုလ်စိန်မှန် ရပ်ကွက်
ဖက်မှာလည်း ကင်းတဲအားလုံး အဲဒီအသံကို ကြားနေရပါ
တယ်။ အသံဟာ ရွှေဂုံတိုင်လမ်းမကြီးဖက်ကနေ တချက်
တချက် ကြားနေရကြောင်း ပြောပြပါတယ်။ အသံဟာ ရွှေဂုံတိုင်
ဖက်ရှိ “ငါးထပ်ခြောက်ထပ်”တို့ “ဘန်ဒါပင်” တို့ “ရွှေဂုံတိုင်”
လမ်းဆုံတို့ဖက်မှ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုပါတယ်။

ညသန်ကောင်ယံမှာ လူသွားလူလာ တိတ်ဆိတ်နေတဲ့
လမ်းမတွေပေါ်က ထွက်ပေါ်နေတဲ့ ခွေးအူသံများဟာ
စိတ်ခြောက်ခြားစရာပါ။ အားလုံး တစ်ယောက် တစ်မျိုးစီ
ထင်မြင်ချက်တွေ ပေးနေကြပါတယ်။ အဲဒီရက်ပိုင်းကာလ
က ဗဟန်းမြို့နယ် မ.ဆ.လ ပါတီယူနစ်ရုံးကို အ.ထ.က
(၁) ဗဟန်းမှ အခြေခံပညာကျောင်းသား သမဂ္ဂ ဦးဆောင်
ဝင်ရောက်သိမ်းယူပြီး ပြည်သူ့အာဏာ ထူထောင်ကြောင်း
ကြေငြာထားပါတယ်။ ကျောင်းသားသမဂ္ဂ သိမ်းယူထားတဲ့
မြို့နယ် ပါတီယူနစ်ရုံးနဲ့ သမဂ္ဂရုံးစိုက်ရာ ကျောင်းအကြား
လူသွားလူလာ ရှိတတ်ပါတယ်။ တခါတလေ ကြွေးကျော်သံ
တွေ ဟစ်ကြွေးပြီး တစ်နေရာက တစ်နေရာကို သွားတတ်လေ့
ရှိပါတယ်။ သို့ပေမယ့် အခုလို ည (၁၂)မှာ ဘယ်သူမှ အသွား
အလာ မလုပ်နိုင်ပါဘူး။ အဲဒီအချိန်မှာ လူအုပ်စုထဲက အသံ
တစ်ခု ထွက်လာပါတယ်။
“ဒီနေ့က တစ်လပြည့်တဲ့နေ့၊ မပြောကောင်း မဆိုကောင်း
သြဂုတ်လ (၉)ရက်နေ့မှာ စစ်တပ်လက်ချက်နဲ့ ကျဆုံးသွား
တဲ့လူတွေ မကျွတ်မလွတ်လို့ အသံပြုတာနဲ့ တူတယ် … ”


(ဆက်ရန်။)

17 comments:

ကိုဇော် said...

လုပ်ပီ လူဇိုး...
ကောင်းခန်းဆို ရပ်ပီ..
ညန်ညန်ရေးပါဂျ..

Anonymous said...

ဒီဇာတ်လမ်း ငယ်ငယ်က ကြားဘူးတယ်
ဆက်ရန်ကို မျှော်နေပါရစေ ....

Anonymous said...

အကိုကြီး
မခင်ဦးမေဘလော့မှာ ဟိုတခါ
ရေးခဲ့တဲ့ လှေကားအတက်အဆင်းမှာ
တွေ့တဲ့ သရဲဇာတ်လမ်း ရေးဘာအုံ့း
ဒီဇာတ်လမ်း ရေးပေးတာ ကျေးဇူး
စာအုပ်လေး ဘာလေး ထုတ်ပါလား
စာရေးတာ အရမ်းကောင်းတယ်။

လေးစားစွာဖြင့်
MMS

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေ......
အရေးအခင်းကာလကတော့အဲလို ဒို့အရေးသံ တွေ
ခနခနကြားဖူးတယ် ညကြီးသန်းကောင်မှာ...

SHWE ZIN U said...

ကိုအောင် ရေ

မျှော်နေတယ်နော် ရေးပေးတဲ့ အတွက်ကျေးဇူးပါ

ခင်တဲ့
ရွှေစင်ဦး

An Asian Tour Operator said...

ဟုတ်တယ် ဗျို့။ ကျနော် ငယ်ငယ်ကလဲ ဒီလိုအဖြစ်မျိုးတွေ ကြားရဘူးတယ်။

MDW said...

ဒီတခါ သရဲဇာတ်လမ်းက ကျမအိမ်နဲ့လဲ မနီးမဝေးပါလား။
ကျမတော့ မကြားဖူးသေးဘူး။ ရှေ့ဆက်မှာကို မျှော်နေပါတယ်။

Anonymous said...

ကျွန်တော်တို့  နယ်ဘက်မှာလဲ ညဘက်ဆို ဒို့ အရေးအော်သံတွေုကားရတယ်။
တညလဲ မဟုတ်၊ ၂ ညလဲမကပါပဲ။
တလလောက်တောု့ကာတယ်ထင်တယ်။
ပြီးမှ သူငယ်ချင်းတယောက်က ပြန်ပြောပြတယ်၊
အော်ရမယ်ဆိုလို့  အိပ်ရာထဲကနေအော်နေတာတဲ့။
:D

Anonymous said...

သရဲအတွေ့ အုကုံများတယ်ထင်တယ်

မောင်လေး said...

စိတ်ဝင်စားတယ်ဗျို့...မြန်မြန်ရေးပါဗျို့..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရင်း အနောက်ကို လှည့်လှည့်ကြည့်ရသေး
အီး.. တော်ပြီ နောက်ကို နေ့လည်မှလာမယ်း)

ပြည်တော်သစ်မောင်ထွန်း said...

ကို အောင်ရေ ကျနော်တို့ စတော့ဂိတ်ကုန်းမှာတော့ ညဖက်ကြီး ဂျုတီကျတဲ့ ရေတပ်ရဲဘော်တွေကိုယ်တိုင် သေနတ်နဲ့ တဒိုင်းဒိုင်း ထပစ်တဲ့အထိ ဖြစ်ဖူးတယ်။ ရပ်ဆိုတာ မရဘဲ လူအုပ်ကြီးက ရှေ့ဆက်တိုးလာလို့တဲ့။ ဂျသရီးအကပ်လိုက် ဆွဲထည့်လိုက်တာ တရပ်ကွက်လုံး လန့်နိုးကုန်ပါရောဗျာ။ အချိန်ကြည့်လိုက်တော့ ည ၁ နာရီကျော်နေပြီ။ အဲဒီတုန်းက ၈၈ အောက်တိုဘာလကြီး ကျန်းမာရေးဝန်ကြီးရုံးထဲမှာ ရေတပ်က စစ်သားတွေ နေရာယူထားတုန်းကပေါ့ဗျာ။ အမှတ်တရလေးတွေပါ။

မြစ်ကျိုးအင်း said...

ကောင်းခန်းရောက်မှ ဖြတ် တတ်တဲ့ ကိုအောင် တစ်ယောက် ဝဋ်လည်မယ်နော် သတိထားအုံး
ဖတ်ကောင်းပြီဆို ဆက်ရန် ဆိုတာကြီးပဲ။

စုချစ် said...

ကြောက်တတ်ပေမယ့် မဖတ်ပဲ မနေနိုင်...
ခုမှ ပြန်စဉ်းစားမိတယ်...
အဲဒီတုန်းက အမတို့ ဘက်ဆီမှာလည်း ညဘက်တွေကြားရတဲ့ တို့ အရေး အသံတွေက သရဲတွေပဲလား မသိဘူးတော့...
အိ....

T2A said...

အင်းးးးးးးးးးးးဖတ်လို.လည်းကောင်း ။ စိတ်ဝင်စားစရာကလည်းကောင်း ။ စိတ်မကောင်းစရာကလည်းကောင်းပါပဲဗျာ ။ သတ္တဝါအားလုံး (မြင်အပ် ၊ မမြင်အပ်ပေါ့လေ) ချမ်းသာကိုယ်စိတ်မြဲပါစေ.....လို. ဘုရားရှိခိုးတိုင်း မေတ္တာပို.အမျှဝေသလိုပါပဲ....။ ဆုလည်းတောင်းပါတယ် ။
ဟူးးးးးးးးးးးးးးးးးးးစိတ်မကောင်းလိုက်တာဗျာ။

ZT said...

ဆက်ရေးပါဦး။ မျှော်နေပါတယ်။ သရဲက အုပ်စုလိုက် ခြောက်ရင်တော့ ကြောက်စရာ ကောင်းပါ့မလား မသိဘူး။ :D

MelodyMon said...

ပထမဆုံးအကြိမ်ရောက်လာတာပါ။ သိပ်ကိုစိတ်ဝင်စားဖို့ကောင်းတော့မရပ်နိုင်ဘူး။
မပြန်နိုင်ပဲတစ်ပုဒ်ပြီးတစ်ပုဒ်ဖတ်လိုက်တာ ၃ နာရီခွဲသွားပြီ။ တော်တော်လည်းကြောက်နေပြီအကိုရေ။ ဖတ်တာကိုရပ်ပြီး ဘုရားရှိခိုးပြီးအိပ်တော့မယ်။
နောင်လည်းလာဖတ်ပါဦးမယ်။
ကျေးဇူးတင်ပါတယ်။