Tuesday, 31 August 2010

Blog Day / ဘလော့ဒေး (၃၁.၈.၂၀၁၀)

မြန်မာဘလော့ဂါအားလုံး ချမ်းသာကိုယ်စိတ် မြဲပါစေ

ဘလော့ဒေးမှာ ဘာရေးရင် ကောင်းမလဲဆိုပြီး စဉ်းစားကြည့်
လိုက်တာ ဘလော့ပေါ်မှာ ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ အဖြစ်
အပျက်တွေ ပြန်စဉ်းစားမိပြီး နည်းနည်းတော့ ရယ်မိပါတယ်။
အသိတစ်ယောက်က ကျနော့်ကို မေးပါတယ်။ မေးခွန်းမေးတဲ့
အသိကလည်း သူ့စိတ်ထဲမှာ ကျနော့်ပုံစံကို ဘယ်လိုသဏ္ဍာန်
ထုဆစ်ထားသလဲတော့ ကျနော် မပြောတတ်ပါ ....။
နင်တို့ဟယ် အားအားယားယား အင်တာနက်ပေါ်မှာ
တော်တော် အချိန်ဖြုန်းနိုင်တယ်၊ ငါတို့များ ကိုယ့်အလုပ်နဲ့
ကိုယ် ယားလို့တောင် မကုတ်နိုင်ဘူး ...

Blog Day 2010


ကျနော်ဘလော့ စ’လုပ်တာ ၂၀၀၈ ခုနှစ်၊ ဖေဖ်ါဝါရီလ (၂၄)ရက်
နေ့ကပါ။ အဲဒီအရင်က အားတဲ့အခါ yahoo က c.f တွေ၊ chat room
တွေမှာ စကားစုပြောလေ့ ရှိပါတယ်။ မြန်မာပြည်မှာ ၂၀၀၇ ခုနှစ်
ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေး ဖြစ်လာတော့ အင်တာနက်
ပေါ်က မြန်မာဘလော့ဂါတွေရဲ့ အခန်းကဏ္ဍက တော်တော်လေး
ထင်ရှားလာပါတယ်။ ကျနော်လည်း အဲဒီခေတ်က ထင်ရှားတဲ့
ဘလော့ တော်တော်များများမှာ စာသွားဖတ်လိုက်၊ သတင်းတွေ
နားထောင်လိုက် အဲဒီက သိလာရတဲ့ အကြောင်းတွေကို yahoo
c.f ထဲ ပြောလိုက်နဲ့ အဲလိုပဲ နေခဲ့ပါတယ်။ ကျနော့်အသိ မိတ်ဆွေ
တချို့က ကျနော့်ကို တိုက်တွန်းကြပါတယ်။ … မင်းလည်း ဘလော့
တစ်ခုလောက် လုပ်ပါလားတဲ့ ….။

ဘလော့ဂါတစ်ခု လုပ်ဖို့ ဘလော့ဂါတစ်ယောက် ဖြစ်ဖို့ဆိုတာ
သိပ်တော့ မလွယ်ပါဘူး၊ အထူးသဖြင့် ကျနော့်လို နည်းပညာ
အားနည်းတဲ့ သူမျိုးဆိုရင် တော်တော်ကို မလွယ်ပါဘူး။ အဲဒါနဲ့
ဘလော့ရှိပြီးသာ မိတ်ဆွေတွေဆီ အပူ ကပ်ရပါတယ်။ ဘလော့
လုပ်ချင်လို့ … လုပ်ပေးကြပါ။ ဘလော့ မလုပ်ခင် ကတည်းက
မြန်မာဖောင့်(လက်ကွက်) ကို အတိုင်းအတာ တစ်ခုအထိ ကွန်ပြူတာ
မှာ ကျနော် ရိုက်တတ်ပါတယ်။ ၂၀၀၂၊ ၂၀၀၃ လောက်ကတည်းက
ဂျပန်နိုင်ငံက (ဦး)ကိုကျော်ကျော်စိုး ဦးစီးထုတ်ဝေတဲ့ VOB စာစောင်
မှာ စာရေးဖို့ ကျနော် ကြိုးစားဖူးပါတယ်။ အဲဒီအချိန်က မလေးရှားနိုင်ငံ
မှာ ကျနော် နေပါတယ်။ ကျနော့်မှာ ကိုယ်ပိုင် ကွန်ပြူတာ မရှိပါဘူး။
ကိုသက်ဦး’ကွန်ပြူတာမှာ ကပ်ပြီး စာရိုက်ရပါတယ်။

VOB စာစောင်မှာ ကျနော် ပထမဆုံး ၀င်ရေးလို့ ရတဲ့ နေရာက
“စာဖတ်သူ အသံ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ။ ကျနော်ရေးပြီး
ပို့လိုက်တဲ့ စာကြောင်းရေ လေး … ငါး … ခြောက်ကြောင်းကို
စာစောင်ထဲမှာ ပါလာရင် ကျနော် တော်တော် ပျော်ပါတယ်။ အဲဒီ
VOB စာစောင်ကို ဆယ်ခါထက် မနည်း ပြန်ဖတ်ပြီး VOB ၀ိုင်းတော်
သားတွေကို အိမ်မက်ထဲအထိ ချီးကျူးပါတယ်။ နောက်တော့
VOB စာစောင်ရဲ့ စာမျက်နှာ တစ်ခုမှာ “စစ်ငြိမ်းဒီရေ” ဆိုတဲ့
နာမည်နဲ့ ကျနော့်ရေးသားတင်ပြမှု နေရာ စ’ရလာပါတယ်။
ကွန်ပြူတာ အခက်အခဲနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့်
၂၀၀၄ ခုနှစ်လောက်က စပြီး VOB စာစောင်မှာ ကျနော် ဆက်ပြီး
စာမရေးဖြစ်ခဲ့ပါ။
VOB ၀ိုင်းတော်သားအားလုံး ချမ်းသာကိုယ်စိတ် မြဲပါစေ

ကျနော့်ကို ဘလော့ စလုပ်ပေးတဲ့သူက ကိုသွင်မောင် ဖြစ်ပါတယ်။
ကိုသွင်မောင်ဟာ ၂၀၀၇ ခုနှစ် ပတ်ဝန်းကျင်က “ရင်ခုန်သံ” ဆိုတဲ့
ဘလော့ရဲ့ ဘလော့ဂါပါ။ ကိုသွင်မောင်’ ကွန်ပြူတာမှာ ကျနော်ရဲ့
“ပျူနိုင်ငံ” ဘလော့ကို စ’လုပ်ပါတယ်။ ကိုသွင်မောင်ရဲ့ နည်းပညာ
အကူအညီနဲ့ စလုပ်အပြီးမှာ ကျနော့်အတွက် ဘလော့တစ်ခု
မွေးဖွားလာပါတယ်။ နာမည်ကို ဘယ်လို ပေးကြမလဲ ….။ အခြား
ဘလော့ဂါတွေနဲ့ အမည်ချင်း မတိုက်ဆိုင်အောင် နာမည် ရှာခဲ့
ပါတယ်။ ကဗျာဆန်ဆန် နာမည်လှလှလေးတွေလည်း ကျနော်
သိပ်မရွေးတတ်ပါဘူး။ ဒါနဲ့ ကျနော် စိတ်ဝင်စားတဲ့ သမိုင်းဆိုင်ရာ
နာမည်တစ်ခုပဲ ပေးခဲ့ပါတယ်။ …. ပျူနိုင်ငံ။

ပြီးခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် (၈.၈.၂၀၁၀)မှာ ဂျာမနီနိုင်ငံ
ဘာလင်မြို့ကို ကျနော် ရောက်ခဲ့ပါတယ်။ ဘာလင်မှာ နေထိုင်
တဲ့ “ဗလ” (ဘာလင်မြို့တွင် နေထိုင်သော အနုပညာရှင် ဗလ)
က ကျနော့်ကို မေးပါတယ်။ အကို ဘယ်မှာနေလဲတဲ့ ….။ … ပျူ
နိုင်ငံမှာ နေတယ်လို့ ပြန်ပြောတော့ … အကိုက ဘာလူမျိုးလဲတဲ့၊
… ငါက ပျူလူမျိုးကွ …၊ သူက …. ပျူလူမျိုးဆိုတာ ရှိသေးလား၊
ကျနော်က … မင်း ပျူလို ပြောတတ်ရင် … ငါ ပျူလို ပြန်ပြောမယ်
လေ …. လို့ ရယ်စရာ ပြောဖြစ်ခဲ့ပါတယ်။

ဘလော့တွေပေါ်မှာ စာလာဖတ်တဲ့ စာဖတ်ပရိတ်သတ်အားလုံး
ချမ်းသာကိုယ်စိတ် မြဲပါစေ …

ဘလော့ လုပ်ပြီးခါစက ဘာစ’ ရေးလို့ ရေးရမှန်းတောင် မသိ
ပါဘူး၊ ယောင်လည်လည် ဖြစ်နေပါတယ်။ တစ်ခုခု ရေးပြီးရင်
သူများဘလော့က C-Box တွေထဲမှာ မျက်နှာ လိုက်ပြရပါတယ်။
… နေကောင်းလား ….၊ အလည်ရောက်ပါတယ်၊ အားပေးလျက်
ပါ၊ မဂ်လာပါ ….၊ စာ လာဖတ်ပါတယ်၊ ပို့စ်အသစ်လေး တင်ထား
လို့ အားရင် အလည်တခေါက် ကြွခဲ့ပါ ….
တချို့လည်း ကျနော်တို့လို ဘလော့ဂါအသစ်တွေကို မောင်းထုတ်
ကြပါတယ်။ တချို့လည်း အောင့်အီးသည်းခံပြီး ဆယ်ခါလောက်
နူတ်ဆက်မှ တစ်ခါလောက် တုံ့ပြန်ကြပါတယ်၊ မအားလို့လည်း
ဖြစ်နိုင်ပါတယ် … :P

ကျနော်ဘလော့ လုပ်ခါစက ကော်မန့် မရေးတတ်ပါဘူး။ ကော်မန့်
ရေးချင်ရင် ဘယ်နေရာကို ဘယ်လိုသွားပြီး ရေးမှ ရေးလို့ရမှန်း
တကယ့်ကို မသိခဲ့ပါဘူး။ ကျနော့်ဆီမှာ ကော်မန့်လာရေးပေးတဲ့
ကျနော်နဲ့အတူ ဘလော့လောကထဲ စ၀င်လာတဲ့ ညီမငယ်တစ်ဦး
က ကျနော်ကို ပြောပါတယ်။ … အကိုကြီး၊ အကို့ဆီမှာပဲ ကော်မန့်
လာရေးနေရတယ်၊ သမီးတို့ဆီမှာလည်း ကော်မန့် လာရေးပါအုံး
လို့ ပြောပါတယ်။ ကော်မန့်ရေးဖို့ နေရာလိုက်ရှာတာ သုံး …လေး
ရက်ကြာမှ ဘယ်လိုရေးရကြောင်း သိခဲ့ပါတယ် … :P

ဘလော့ရေးခါစက လိုင်းစုံရေးပါတယ်။ နိုင်ငံရေး၊ ဗဟုသုတ၊
ခံစားချက် အစုံပါပဲ။ ကိုယ့်ထက် စီနီယာကြတဲ့ ဘလော့ဂါကြီး
တွေ ဘာရေးသလဲဆိုတာ မျက်လုံးပြူးပြီး အသည်းအသန်း
လိုက်ဖတ်ရပါတယ်။ ပထမဆုံး ကြုံရတဲ့ အခက်အခဲက ကိုယ့်
ဘလော့မှာ စာလာဖတ်တဲ့ အရေအတွက်ပါ။ ကျနော် ဘလော့
လုပ်ခါစက စာလာဖတ်တဲ့ အရေအတွက်ဟာ တော်တော်ကို
နည်းပါတယ်။ ဘလော့လုပ်ပြီး တစ်လကြာတဲ့အထိ စာလာဖတ်
တဲ့ ဦးရေဟာ တစ်နေ့ကို (၂၀) မပြည့်ပါ။ စာလာဖတ်တဲ့သူ အများ
စုဟာလည်း ကျနော့်လို ဘလော့ဂါပေါက်စတွေနဲ့ မျက်စိလည်
လမ်းမှားပြီး ရောက်လာတဲ့ စီနီယာ ဘလော့ဂါကြီးတွေပါ။ ပြင်ပ
က ဘလော့ဂါမဟုတ်တဲ့ စာဖတ်ပရိတ်သတ်ဆိုတာ နတ္တိပါပဲ။
ကိုယ်ရေးပြီး ကိုယ်ပြန်ဖတ်နေရတဲ့ ဘ၀က လွမ်းစရာပါ … :P

အဲဒီမှာ ကိုယ့်ဘလော့ လင့်ခ်လေးကို ချိတ်ပေးစေလိုတဲ့ ရောဂါ
တစ်မျိုး ဖြစ်လာပါတယ်။ ကိုယ့်ဘလော့ လင့်ခ်ကို ချိတ်ပေးဖို့
အလုပ်ထဲက ထမင်းစားချိန်မှာတောင် အွန်လိုင်းပေါ် တက်ပြီး
မျက်နှာကို ကြံသကာရည်လောင်းထားတဲ့ ပုံစံနဲ့ လိုက်ပြီး
သွားဖြဲ ပြရပါတယ်။ ဒါလည်း သိပ်တော့ အဆင်မပြေပါဘူး။
ဒါနဲ့ ဘာဆက်လုပ်လဲဆိုတော့ ဘလော့ဂါတွေထဲမှာ စာဖတ်
ပရိတ်သတ် စိတ်ဝင်စားမှု အများဆုံးရတဲ့ ဘလော့ဂါတွေဆီ
သေသေချာချာ လေ့လာရပါတယ်။ သူတို့ ဘယ်ရူဒေါင့်ကနေ
ဘယ်လို အယူအဆနဲ့ ဘယ်လို တင်ပြသလဲပေါ့။ အဲဒီဘလော့
ဂါက သူ ရေးထားတဲ့ သူ့စာကို သူကိုယ်တိုင် အလွတ်ရသလား
တော့ မပြောတတ်ဘူး၊ ခဏခဏ ပြန်ပြန်ဖတ်တဲ့ ကျနော်တော့
အလွတ်တောင် ရခဲ့ပါတယ်။

အဲဒီလို ယောင်ဝါးဝါးဘ၀နဲ့ ဟိုရေးလိုက် ဒီရေးလိုက်အဖြစ်က
နေ ကိုယ့်ဘလော့မှာ တစ်နေ့ကို စာလာဖတ်သူ အရေအတွက်
(၃၀)နဲ့ (၄၀) ကြား ရောက်လာပါတယ်။ လူသိလည်း နည်းနည်း
ရလာတော့ ဗြုန်းဆို ကွန်ပြူတာက ဗွေ’ထဖောက်ပါတယ်။ အဲဒါ
နဲ့ ဘလော့ဂါဘ၀ကို နှစ်လကျော် … သုံးလလောက် ခွင့်ယူ
ရပါတော့တယ်။ အရက်သမား အရက်ဖြတ်သလိုပါပဲ၊ တွေ့သမျှ
ကွန်ပြူတာကနေ အသိဘလော့ဂါတွေ ပို့စ်အသစ်တွေ ဘယ်လို
ရေးသလိုဆိုတာ နေ့စဉ်နဲ့အမျှ စောင့်ဖတ်ပါတယ်။

မြန်မာစာ စာလုံးပေါင်း သတ်ပုံမှားတဲ့ ဘ၀နဲ့ ကိုယ်တွေ့အဖြစ်
အပျက်မှန်တချို့ကို ရေးခဲ့ပါတယ်။ ဘလော့ပေါ်မှာ စာလာဖတ်
တဲ့ စာဖတ်ပရိတ်သတ် အနည်းငယ်ကို စ’ရလာပါတယ်။ အဲဒီ
နောက်တော့ အဖြစ်အပျက်နဲ့ သမိုင်းတွေပဲ ရေးခဲ့ပါတယ်။
ကြုံခဲ့တဲ့ အဖြစ်အပျက်တွေ ရေးရင်ကနေ ၁၉၈၈- ၈၉- ၉၀
ခုနှစ် ၉၅-၉၆ ခုနှစ်လောက်က လက်တွဲခဲ့၊ ရန်ဖြစ်ခဲ့တဲ့၊ ငြင်းခုန်
ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ် ပြန်ရလာပါတယ်။
စာလုံးပေါင်း သတ်ပုံမှားတဲ့ ဘ၀နဲ့ပဲ ကဗျာ စ’ရေးခဲ့ပါတယ်။
ယနေ့အထိလည်း သတ်ပုံ မှားနေဆဲပါ … :P

မှတ်တမ်းဟောင်းတွေ သမိုင်းအဖြစ်အပျက်တွေ သိစေချင်လို့
မြန်မာပြည်အတွင်းကို စာအုပ် လှမ်းမှာပါတယ်။ စာအုပ် သွား
ဝယ်ပေးတဲ့လူက ပြန်ပြောပြပါတယ်။ စာအုပ်ရောင်းတဲ့သူက …
…. အကိုရေ၊ ပိုက်ဆံရှိရင် ရွှေသွားဝယ်ပါ၊ ဒီစာအုပ်တွေက
ပြန်မထုတ်တော့ဘူး၊ ဘယ်နေရာမှ လိုက်မရှာပါနဲ့၊ ရှာလို့များ
တွေ့ခဲ့ရင် လည်ပင်းကို လာဖြတ်သွားပါဗျာ ….
အဲဒီလိုနဲ့ ကွယ်လွန်သွားတဲ့ စာပေ ပညာရှင်ကြီးတစ်ဦးရဲ့
ပြန်လည်ထုတ်ဝေခွင့်မရတဲ့ စာမူကြီးတစ်ခုကို စာကြည့်တိုက်
မှာ မိတ္တူရခဲ့ပါတယ်။ ဘလော့ပေါ်မှာ တင်ပြချင်လို့ ကျန်ရစ်သူ
သူ့သားကို ညှိုနှိုင်းကြည့်ပါတယ်။ ငွေရေး ကြေးရေးကို သူတို့
သဘောတူပါတယ်။ ခက်တာက ပြည်ပရောက် လက်ရှိစစ်အစိုးရ
နဲ့ မပြေလည်သူဆိုတဲ့ အဖြစ်ပါ။ နောက်တနေ့ သူတို့ချိန်းတဲ့
အချိန်အတိုင်း မြန်မာပြည်က မိတ်ဆွေဖြစ်သူ ထပ်သွားကြည့်
တော့ အဲဒီအိမ်က တံခါးပိတ်ထားပြီး လူကြီးမရှိဘူးလို့ ပြောပါ
တယ်။ နောက်ထပ် လေး … ငါးရက် ဆက်တိုက် သွားတော့
လည်း တွေ့ခွင့်မရပါ …. :P

ဘလော့စ’ရေးပြီး (၈)လအကြာမှာ အင်းစိန်တွဲဖက်ထောင်က
သရဲ ဇာတ်လမ်းနဲ့ တက္ကသိုလ်က သရဲ ဇာတ်လမ်းတွေကို
ရေးသားတင်ပြခဲ့ပါတယ်။ သရဲ တစ္ဆေ အယူအဆကို သဘော
မကျတဲ့ စာဖတ်ပရိတ်သတ်တချို့ကြောင့် ရပ်နား လိုက်ရပါတယ်။
အခုတော့ ဘလော့လေး ခြောက်ခြောက်ကပ်ကပ်နဲ့ သရဲမခြောက်
အောင် သရဲအကြောင်းပဲ အရေးများနေပါတယ် ….:P

နိုင်ငံရေးအကြောင်း ကျနော် ရေးပါတယ်။ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်
ရာသီဥတု ညီလာခံ ဆန္ဒပြပွဲအကြောင်း ဝေဖန်မိလို့ C-Box ထဲ ဗုံးကျဲ
ခံရပါတယ်။ အဲဒါနဲ့ C-Box ကို ဖြုတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့
၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ ခဏ ပြန်
ဖွင့်ခဲ့ပါသေးတယ်။ C-Box ထဲက စာဟာ ရေရှည် သိမ်းဆည်း
လို့ မရနိုင်သလို့ အတည်ယူလို့လည်း မရပါဘူး။ သို့ပေမယ့်
ကိုယ့်ဘလော့ လုပ်ခါစက သူများ C-Box တွေထဲ ကြော်ငြာ
ဝင်ခဲ့သလို ဘလော့ဂါအသစ်တွေကို ကိုယ်ချင်းစာပြီး အတတ်
နိုင်ဆုံး လင့်ခ်ချိတ်ထားပါတယ်။ ကိုယ့်စာမျက်နှာမှာ အလည်
လာတဲ့သူတွေ သွားဖတ် မဖတ်တော့ မသိပါ။ ကိုယ်တိုင်
သွားရတာတော့ အရမ်းကို လွယ်ကူပါတယ်။
မြန်မာဘလော့ဂါအသိုင်းအ၀ိုင်း အဓွန့်ရှည်ပါစေ …


-စစ်ငြိမ်းဒီရေ

24 comments:

ရွှေရတုမှတ်တမ်း said...

ဒါဆို ကိုအောင်လဲ ၂ နှစ်ကျော် ၃ နှစ်ထဲရောက်လာပြီပေါ့
ကိုကြီးကျောက် တော့ တနှစ်မပြည့်သေးဘူး..
ငယ်တယ်နော်...အဟဲ.. အသစ်တွေဆိုရင် သွားအားပေးလိုက်တာပဲ..ကိုယ်က သူတို့ထက်စာရင် ဟောင်းသွားပြီလေ...ကိုယ်အသစ်ဘဝတုန်းက..ကိုရွာသားတို့ ကိုတင်မင်းထက်တို့ ဘူမိမောင်နှမတွေ(အောင်သာငယ်၊ချိုသင်း၊မကေ) တို့က လက်တွဲ ခေါ်လာတာ၊ ဘလော့ဂ်ဖွင့်တတ်အောင် ကူညီပေးတာက ဂျီးတော်ကြီး(ခင်ဦးမေ) ၊ ခုတော့ ကြီးပေါကြီးမို့ထင်ပါရဲ့ ဘလော့ဂ် အသိုင်းအဝိုင်းညီအကိုမောင်နှမတတွေက ခင်ကြတယ်နဲ့တူပါရဲ့..ဘလော့ဂ်ဂါ dayမှာ မယ်ပန် စာတပုဒ် တင်တာတွေ့လို့ တင်ချင်ပေမဲ့ ခု ကျန်းမာရေး အကြောင်းပြပြီး အသစ်တွေဆီမရောက်ဖြစ်တော့တာမို့ မျက်နှာပူလို့မတင်တော့ပါဘူး..ကိုအောင်ထက်တော့ ကိုကြီးကျောက်က ငယ်တယ်နော်...အသက်..အသက်...ဘလော့ဂ်သက် ..အဟက်...

ယွန်း said...

တချို့ တွေက ဘလော့ဂါလုပ်တာကို အလကား အချိန်ဖြုန်း တယ်လို့ ထင်ကြတယ် ...
သူ့ အယူအဆနဲ့ သူပေါ့ အစ်ကိုရာ...
အကိုရေးထားတာ အအမှန်တွေချည်း ပါပဲ...
ယွန်းတို့ လဲ အဲလို ကြုံခဲ့ရပါတယ် ..ကိုယ်ရေးပြီး
ကိုယ်ပြန် ဖတ်နေရတဲ့ဘ၀က လွမ်းစရာ ..:p ဆိုတာလေး သဘောကျမိတယ်.....
(အမြဲလာဖတ်ဖြစ်ပေမဲ့ မမန့် ဖြစ်ခဲ့ပါ ..ခုမှမန့်သွားပါသည် )

ဆောင်းနှင်းရွက် said...

c box မရှိတဲ့ ဘလော့က
ခေါင်းမရှိတဲ့
ကိုယ်ခနာ လိုပဲ တဲ့ ...

ဟီးးဟီးး
ကိုယ့်ဘာသာ စကားပုံထွင်လိုက်တာ .. :D

Evy said...

သရဲ အကြောင်းတွေ အရမ်းသဘောကျတယ်။ ဆက်ရေးပါဦး

YoungGun said...

ကျွန်တော်တို့ မသိမမီလိုက်တဲ့ ဗဟုသုတတွေ သမိုင်းအချက်အလက်တွေ ဝေမျှပေးပါဦး။ ဘလော့ဒေးမှာ အေးရာအေးကြောင်း ... ညောင်ရေလောင်းနိုင်ပါစေ အစ်ကိုတော်ရေ..။

khin oo may said...

ဆက်ရေးရင်ရသေးသလိုဘဲ ရပ်သလိုဘဲခံစားရပါတယ်

PAUK said...

ဒီနေ့မှ ဒီကိုရောက်ဖူးတာပါ.။
အထိမ်းအမှတ်နေ့မှာ အမှတ်တယပေါ့။

မေဓာဝီ said...

ကိုအောင်ရဲ့ ဘလော့ဒေး အမှတ်တရလေးက တကယ့်အမှတ်တရပဲနော်။ ဘလော့နဲ့ ပတ်သက်လို့ ကျမတို့အားလုံး အမှတ်ရစရာတွေ ကိုယ်စီကိုယ်ငှနဲ့ပါပဲ။

ကျမဘလော့မှာ ပို့စ်တင်တိုင်း အမြဲလိုလို လာအားပေးပြီး မှတ်ချက်လေးတွေ ချီးမြှင့်ခဲ့တဲ့ ကိုအောင့်ကို ကျေးဇူးတင်ကြောင်းလဲ ပြောချင်ပါတယ်။ ကျမက တခါတခါ မအားတာရယ် အင်တာနက်တက်ဖို့ အခက်အခဲရှိတာရယ်ကြောင့် တာဝန်ပျက်ကွက်တာတွေကိုလဲ တလက်စတည်း တောင်းပန်ပါတယ်။

ကိုအောင် တင်ခဲ့တဲ့ စာအုပ်တွေ၊ သမိုင်းကြောင်းတွေ၊ သတင်း အချက်အလက် ဝေမျှတာတွေ၊ ကိုယ်တွေ့ ဖြစ်ရပ်တွေ၊ စိတ်ဝင်စားစရာ သရဲအကြောင်းတွေ အားလုံးအားလုံးအတွက် ပေးဆပ်ရတဲ့ အချိန်တွေ ခွန်အားစိုက်ထုတ်မှုတွေကို လေးစားစွာ ချီးကျူးမိပါတယ်။

ပျူနိုင်ငံမှာ နေထိုင်တဲ့ ကိုအောင်တယောက် ရှေ့ဆက်ပြီး အဆင်ပြေ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေလို့ ဘလော့နေ့မှာ ဆုတောင်းလိုက်ပါတယ်ရှင်။

မောင်မျိုး said...

ပို့စ်အသစ်လေးတင်ထားတယ် အားရင် လာခဲ့အုံးနော် အဲ့တာလေးမြင်တောိ့ကိုယ့်အဖြစ်ကို သတိရသွားတယ် ကျနော်တုန်းကလည်း အဲ့လိုပဲ ။

ကိုအောင် တစ်ယောက် ဆက်လက် ပျူ နိုင်ပါစေဗျာ ။

Anonymous said...

ကိုအောင် ရေ ..ဘလော့ဂါ တွေ ရဲ့  ဘလော့အပေါ်ထားတဲ့ သံယောဇဉ် ကြောင့် အခက်အခဲ တွေ ရှိတတ်သလို ဘလော့ ဖတ်တဲ့ ကျမ တို့လို ဘလော့ရီဒါ သက်သက်သူတွေ အတွက်လည်း ရှိပါတယ် .. ဒါတွေကလည်း ကိုယ်နှစ်သက်ရာ ၀ါသနာပါရာ လုပ်ကြတာမို့ ဘယ်သူတွေ ဘာဘဲ ပြောပြော
လိုလိုလားလား နဲ့ နှစ်သက်နေကြ တာဘဲ မဟုတ်လား ... ကျမ ဘလော့တွေ အသည်းအသန် ဖတ်နေခဲ့တုန်းက ဟင်းအိုးကြီး တူး ခဲ့ တာ ရှိသလို .. ကျမ သမီးကျောင်းကား လွတ်သွားလို့ ရထားခ
အကုန်ခံရပြီး ကျောင်းနောက်ကျ ခဲ့ တာလည်း ရှိခဲ့တယ် .. ခုတော့ ဘလော့ ဖတ်တာ အရင်လောက် သိပ်မရှိတော့ဘူး.. ခု ကြိုက်တဲ့ ဘောလုံးပွဲ တချို့  တလေ လိုက်ကြည့်ဖြစ်နေတယ် .... ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလားကနေ ပြီး ဘောလုံးမျက်ခြေ မပြတ်ရ အောင်လို့ ဆက်ကြည့်ဖြစ်နေပြီ ...

ကိုအောင်ပေးထားတဲ့ ဆု လည်း ပြည့်ရပါလိုဧ်။
ကိုအောင် တယောက်လည်း အဆင်ပြေပျော်ရွှင် စွာ နဲ့ ဘလော့ဂင်း နိုင်ပါစေ နော် ....

mie nge

SHWE ZIN U said...

ကိုအောင် ရေ

လွမ်းစရာ ဘလော့ အစလေးကို ဖတ်သွားတယ် ကိုအောင် ဘလော့လေး ကို ကြိုက်တယ် ကိုယ့်တွေ့ နိုင်ငံရေး ဖြစ်ရပ်မှန်တွေ နဲ့ သရဲ ဇာတ်ကြောင်းတွေ ကိုကြိုက်တယ် နောက်ပြီး ဖေဖေ က ဖတ်ချင်တယ် ဆိုလို့ ပရင့် ထုတ်မယ် ဆိုတော့ အားလုံး က ကော်ပီ မရဘူးနော် အဲဒီကြမှ သူများတွေ ခိုးယူလို့ ရေးတဲ့ ပိုစ် ကိုသတိရသွားတယ် ပီဒီအက်ဖ် ဖိုင်လေး လုပ်ပေးပါလား ယူလို့ အဆင်ပြေအောင် သရဲဇာတ်လမ်း တွေအားလုံး တဖိုင် ပေါ့

ပျူနိုင်ငံသူ
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုအောင်က ကျွန်မတို့ထက် စီနီယာကျတယ်..
ဒီတော့ စီနီယာသမားတွေကို လေးစားအားကျပါတယ်.. ဂုဏ်ယူပါတယ်လို့
ခုလိုဖြတ်သန်းလာတဲ့ ဘလော့အတွေ့အကြုံတွေကို ဝေမျှတာ မှတ်သားရပါတယ်ရှင်..
ကျေးဇူးပါ
ဆက်လက်အောင်မြင်စွာ ချီတက်နိုင်ပါစေ။

ဇော်သိင်္ခ said...

ဘလော့ဂါ တစ်ယောက်ရဲ့ ရေးသားချက်တွေကို အားပေးလျှက်ပါဗျာ..
ကိုအောင်တစ်ယောက် ဆက်လက် ရေးသား နိုင်ပါစေနော်.......
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Kay said...

ႈခ ွၵ်မကၳအႎပ ဈသႍၵ့ ့ငၼ


ကိုအောင်..ပျူ လို နှုတ်ဆက်သွားတယ်..း)

An Asian Tour Operator said...

ကိုအောင် အရေးကောင်းတာ တော့စ ဖတ်မိကတည်းက သတိထားမိပါတယ်။ ၂ နှစ်ကျော် ၃ နှစ် ဆိုတာ တကယ်တော့မကြာ သေးသလိုနဲ့ တော်တော် တော့ ခရီးပေါက်ခဲ့တာ ငြင်းလို့မရပါဘူး။ အတွေအကြုံ ကလဲစုံ အရေးအသား ကလဲကောင်း ရေးတဲ့ အကြောင်းအရာ ကလဲ စိတ်ဝင် စားစရာ အများစု ဆိုတော့ ကိုအောင့် ဘလောက်မှာ လူစည် တာ မထူးဆန်းသလိုတောင်ဖြစ်နေရော။ ကျနော် ကတော့ ဖေဖော်ဝါရီ ၆ရက် ၂၀၀၉ က စခဲ့တာဆိုတော့ ၁ နှစ်ကျော် သက်တန်းလေးပဲရှိ တဲ့ အပြင် ကျနော် စိတ်ဝင်တစားနဲ့ ရေးဖြစ်တာတွေက အများစု ဂရုတစိုက် ရှောင်ကွင်းသွားလေ့ရှိတဲ့ အကြောင်းအရာတွေ ဖြစ်လို့ ကျနော့် ဘလောက်က အမြဲလိုသရဲခြောက်ပါတယ် :P ကိုအောင့်ရဲ့ ဘလောက်ဒေး အမှတ်တရ ကိုဖတ်ရင်း နဲ့ ကိုအောင် ရေးခဲ့တဲ့ ဝေမျှခဲ့တဲ့ ပို့စ် တွေအတွက် ကျေးဇူးတင်မိပါတယ်။ အမြဲ ဘလောက်ဂင်း နိုင်ပါစေ။ ပို့စ်တွေ ခပ်စိပ်စိပ် တင်နိုင်ပါစေ။

Anonymous said...

သြော်းးးးးးးးးး ဒါကြောင့် နင်က ဆီဘုံးကို ပိတ်ထားတာကို မကြောက်ပါနဲ့ကွာ ငါတို့က မိုးပေါ်ပဲ ထောင်ဖောက်တက်တာပါ ( ညင်းညင်းညင်း ) ခုလဲပဲ ကော်မန့်ကို မော်ဒရိတ်လုပ်ထားတယ်မဟုတ်လား မောင်ရင်က သရဲဇာတ်လမ်းတွေတော့ ရေးတက်ပြီး သရဲတွေတော့ အတော်ကြောက်ရှာသားနော်

ခင်တဲ့
မထူးတဲ့ သားထူး

ကလူသစ် said...

ကိုယ့်ဘလော့ဂ်ကို ကိုယ့်ဘာသာ ခဏခဏ သွားလည်ပေးရတယ်ကွဲ့။ ဒါမှ ဟစ်တက်တယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် စိတ်ချမ်းသာနေလို့ရတာပေါ့ :)

ကိုဇော် said...

စီဘောက် မရှိတော့ တစ်ခါတစ်လေ ပြောစရာ ရှိရင် အတော်တော့ ခက်ဖူးတယ်ဗျ။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ်လေ။ ကိုယ့်ဖာသာကိုယ် အဆင်ပြေစေဖို့ပဲ လိုပါတယ်။ ကိုယ်နဲ့ အယူအဆ မတူသူတွေကတော့ အမြဲတမ်း ကန့်လန့်ဖြစ်နေမှာပဲဗျ။ စာဖတ်သူ တစ်ယောက်ဆိုတာကလည်း ဒီနေရာမှာ အဆင်ပြေပေမဲ့ နောက်နေရာမှာ လွဲနေနိုင်တာပဲ။ ဒါကို သဘောပေါက်ရင် ဘာမှ ဖြစ်လာစရာ မရှိပါဘူး။

သဘောထားတတ်ရင် အားလုံးက အဆင်ပြေပါတယ်။ ရှေ့မှာ ပြုံးနေပြီး နောက်ကွယ်က ဓါးနဲ့ ထိုးတဲ့ လူတွေကိုပဲ ကြောက်ရတာ..

စော said...

ကျွန်တော်ကတော့ စာလိုက်ဖတ်ရုံ သက်သက်ပါ။
မဖတ်ပဲကို မနေနိုင်ပါဘူး။
စာကတော့ စိတ်ဝင်းစားရင် လိုင်းစုံဖတ်ပါတယ်။
ဘာတွေ ဘယ်လိုဖြစ်ဖြစ် ကိုယ် စိတ်တိုင်းကျ လုတ်ခွင့်ရနေတာကလဲ ကံကောင်းမှု တစ်မျိုးပဲလေ။
ဘုရားစာနဲ့ ပတ်သတ်တာတွေတော့ ရေးတာမတွေ့ဘူးနော်။ အဟီး .....
အဲဒါလဲ တမျိုးကောင်းပါတယ်၊ တချို့ က အယူသီးတယ်လေ ...၊ ဘာကိုးကွယ် ကိုးကွယ်...မြန်မာပါပဲလေ

:P said...

စာ လာလာဖတ်ဖြစ်ပါတယ်။ ဘုရားစူး ပို့စ် တစ်ပုဒ်ထဲ တင်ထားတဲ့ ဘလော့ ပိုင်ရှင်ပါ။
စာဖတ်သူသက်သက်လို့ သတ်မှတ်လို့ ရပါတယ်။
သရဲဇာတ်လမ်းကတော့ ကြိုက်ပေမယ့် ကိုယ့် စိတ် အခြေအနေအရ တခါတလေ မဖတ်ပဲ ကျော်သွားတာမျိုးရှိပါတယ်။
အားပေးနေပါတယ်....

မြစ်ကျိုးအင်း said...

ကိုအောင် ဘလော့ဂ် စလုပ်တာလေး ဖတ်ရင်းနဲ့ ကျနော့်တုန်းက အဖြစ်တွေကို သတိရသွားမိတယ်။ ရေးရင် ပို့စ်အတို တပုဒ်စာလောက်ကိုရှိတယ်။ အဓိကကတော့ မသိနားမလည်မှုတွေဆိုပါတော့..။ အခုချိန် ပြန်တွေးတော့လည်း ရယ်စရာတွေ ဖြစ်သွားတော့တယ်။
ကိုအောင် အပါအဝင် ဘလော့ဂ်ဂါတွေအားလုံး စိတ်ချမ်းသာစွာနဲ့ စာတွေ ဆက်ရေးနိင်ပါစေဗျာ။

ဒီမိုဝေယံ said...

ကိုအောင်

လာဖတ်ဖြစ်တယ်.. ထပ်တူလည်း ခံစားမိတယ်..
ကျွန်တော်တော့ ဘလော့ဂ် အဆိပ်တက်နေတာ ဖြေဆေးမရှိဖြစ်နေပြီ.. အားလုံးအမှန်တွေ ချည်းပဲ..
လေးစားလျှက်..

ဒီမိုဝေယံ said...

ကိုအောင်

လာဖတ်ဖြစ်တယ်.. ထပ်တူလည်း ခံစားမိတယ်..
ကျွန်တော်တော့ ဘလော့ဂ် အဆိပ်တက်နေတာ ဖြေဆေးမရှိဖြစ်နေပြီ.. အားလုံးအမှန်တွေ ချည်းပဲ..
လေးစားလျှက်..

သက်ဝေ said...

ကိုယ်ရေးပြီး ကိုယ်ပြန်ဖတ်နေရတဲ့ ဘ၀က လွမ်းစရာပါ... တဲ့...
ဟုတ်ပ... ဟုတ်ပ... ဒီလိုနဲ့ပဲ စခဲ့ကြရတာပါပဲ...

ကိုအောင်ရေးထားတာတွေ သဘောကျတယ်...
ဒီနေ့မှ လာဖတ်မိလို့ နောက်ကျသွားတယ်...
Happy Belated Blog Day ပါ ကိုအောင်.........