Tuesday, 31 August 2010

Blog Day / ဘလော့ဒေး (၃၁.၈.၂၀၁၀)

မြန်မာဘလော့ဂါအားလုံး ချမ်းသာကိုယ်စိတ် မြဲပါစေ

ဘလော့ဒေးမှာ ဘာရေးရင် ကောင်းမလဲဆိုပြီး စဉ်းစားကြည့်
လိုက်တာ ဘလော့ပေါ်မှာ ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ အဖြစ်
အပျက်တွေ ပြန်စဉ်းစားမိပြီး နည်းနည်းတော့ ရယ်မိပါတယ်။
အသိတစ်ယောက်က ကျနော့်ကို မေးပါတယ်။ မေးခွန်းမေးတဲ့
အသိကလည်း သူ့စိတ်ထဲမှာ ကျနော့်ပုံစံကို ဘယ်လိုသဏ္ဍာန်
ထုဆစ်ထားသလဲတော့ ကျနော် မပြောတတ်ပါ ....။
နင်တို့ဟယ် အားအားယားယား အင်တာနက်ပေါ်မှာ
တော်တော် အချိန်ဖြုန်းနိုင်တယ်၊ ငါတို့များ ကိုယ့်အလုပ်နဲ့
ကိုယ် ယားလို့တောင် မကုတ်နိုင်ဘူး ...

Blog Day 2010


ကျနော်ဘလော့ စ’လုပ်တာ ၂၀၀၈ ခုနှစ်၊ ဖေဖ်ါဝါရီလ (၂၄)ရက်
နေ့ကပါ။ အဲဒီအရင်က အားတဲ့အခါ yahoo က c.f တွေ၊ chat room
တွေမှာ စကားစုပြောလေ့ ရှိပါတယ်။ မြန်မာပြည်မှာ ၂၀၀၇ ခုနှစ်
ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေး ဖြစ်လာတော့ အင်တာနက်
ပေါ်က မြန်မာဘလော့ဂါတွေရဲ့ အခန်းကဏ္ဍက တော်တော်လေး
ထင်ရှားလာပါတယ်။ ကျနော်လည်း အဲဒီခေတ်က ထင်ရှားတဲ့
ဘလော့ တော်တော်များများမှာ စာသွားဖတ်လိုက်၊ သတင်းတွေ
နားထောင်လိုက် အဲဒီက သိလာရတဲ့ အကြောင်းတွေကို yahoo
c.f ထဲ ပြောလိုက်နဲ့ အဲလိုပဲ နေခဲ့ပါတယ်။ ကျနော့်အသိ မိတ်ဆွေ
တချို့က ကျနော့်ကို တိုက်တွန်းကြပါတယ်။ … မင်းလည်း ဘလော့
တစ်ခုလောက် လုပ်ပါလားတဲ့ ….။

ဘလော့ဂါတစ်ခု လုပ်ဖို့ ဘလော့ဂါတစ်ယောက် ဖြစ်ဖို့ဆိုတာ
သိပ်တော့ မလွယ်ပါဘူး၊ အထူးသဖြင့် ကျနော့်လို နည်းပညာ
အားနည်းတဲ့ သူမျိုးဆိုရင် တော်တော်ကို မလွယ်ပါဘူး။ အဲဒါနဲ့
ဘလော့ရှိပြီးသာ မိတ်ဆွေတွေဆီ အပူ ကပ်ရပါတယ်။ ဘလော့
လုပ်ချင်လို့ … လုပ်ပေးကြပါ။ ဘလော့ မလုပ်ခင် ကတည်းက
မြန်မာဖောင့်(လက်ကွက်) ကို အတိုင်းအတာ တစ်ခုအထိ ကွန်ပြူတာ
မှာ ကျနော် ရိုက်တတ်ပါတယ်။ ၂၀၀၂၊ ၂၀၀၃ လောက်ကတည်းက
ဂျပန်နိုင်ငံက (ဦး)ကိုကျော်ကျော်စိုး ဦးစီးထုတ်ဝေတဲ့ VOB စာစောင်
မှာ စာရေးဖို့ ကျနော် ကြိုးစားဖူးပါတယ်။ အဲဒီအချိန်က မလေးရှားနိုင်ငံ
မှာ ကျနော် နေပါတယ်။ ကျနော့်မှာ ကိုယ်ပိုင် ကွန်ပြူတာ မရှိပါဘူး။
ကိုသက်ဦး’ကွန်ပြူတာမှာ ကပ်ပြီး စာရိုက်ရပါတယ်။

VOB စာစောင်မှာ ကျနော် ပထမဆုံး ၀င်ရေးလို့ ရတဲ့ နေရာက
“စာဖတ်သူ အသံ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာပါ။ ကျနော်ရေးပြီး
ပို့လိုက်တဲ့ စာကြောင်းရေ လေး … ငါး … ခြောက်ကြောင်းကို
စာစောင်ထဲမှာ ပါလာရင် ကျနော် တော်တော် ပျော်ပါတယ်။ အဲဒီ
VOB စာစောင်ကို ဆယ်ခါထက် မနည်း ပြန်ဖတ်ပြီး VOB ၀ိုင်းတော်
သားတွေကို အိမ်မက်ထဲအထိ ချီးကျူးပါတယ်။ နောက်တော့
VOB စာစောင်ရဲ့ စာမျက်နှာ တစ်ခုမှာ “စစ်ငြိမ်းဒီရေ” ဆိုတဲ့
နာမည်နဲ့ ကျနော့်ရေးသားတင်ပြမှု နေရာ စ’ရလာပါတယ်။
ကွန်ပြူတာ အခက်အခဲနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့်
၂၀၀၄ ခုနှစ်လောက်က စပြီး VOB စာစောင်မှာ ကျနော် ဆက်ပြီး
စာမရေးဖြစ်ခဲ့ပါ။
VOB ၀ိုင်းတော်သားအားလုံး ချမ်းသာကိုယ်စိတ် မြဲပါစေ

ကျနော့်ကို ဘလော့ စလုပ်ပေးတဲ့သူက ကိုသွင်မောင် ဖြစ်ပါတယ်။
ကိုသွင်မောင်ဟာ ၂၀၀၇ ခုနှစ် ပတ်ဝန်းကျင်က “ရင်ခုန်သံ” ဆိုတဲ့
ဘလော့ရဲ့ ဘလော့ဂါပါ။ ကိုသွင်မောင်’ ကွန်ပြူတာမှာ ကျနော်ရဲ့
“ပျူနိုင်ငံ” ဘလော့ကို စ’လုပ်ပါတယ်။ ကိုသွင်မောင်ရဲ့ နည်းပညာ
အကူအညီနဲ့ စလုပ်အပြီးမှာ ကျနော့်အတွက် ဘလော့တစ်ခု
မွေးဖွားလာပါတယ်။ နာမည်ကို ဘယ်လို ပေးကြမလဲ ….။ အခြား
ဘလော့ဂါတွေနဲ့ အမည်ချင်း မတိုက်ဆိုင်အောင် နာမည် ရှာခဲ့
ပါတယ်။ ကဗျာဆန်ဆန် နာမည်လှလှလေးတွေလည်း ကျနော်
သိပ်မရွေးတတ်ပါဘူး။ ဒါနဲ့ ကျနော် စိတ်ဝင်စားတဲ့ သမိုင်းဆိုင်ရာ
နာမည်တစ်ခုပဲ ပေးခဲ့ပါတယ်။ …. ပျူနိုင်ငံ။

ပြီးခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် (၈.၈.၂၀၁၀)မှာ ဂျာမနီနိုင်ငံ
ဘာလင်မြို့ကို ကျနော် ရောက်ခဲ့ပါတယ်။ ဘာလင်မှာ နေထိုင်
တဲ့ “ဗလ” (ဘာလင်မြို့တွင် နေထိုင်သော အနုပညာရှင် ဗလ)
က ကျနော့်ကို မေးပါတယ်။ အကို ဘယ်မှာနေလဲတဲ့ ….။ … ပျူ
နိုင်ငံမှာ နေတယ်လို့ ပြန်ပြောတော့ … အကိုက ဘာလူမျိုးလဲတဲ့၊
… ငါက ပျူလူမျိုးကွ …၊ သူက …. ပျူလူမျိုးဆိုတာ ရှိသေးလား၊
ကျနော်က … မင်း ပျူလို ပြောတတ်ရင် … ငါ ပျူလို ပြန်ပြောမယ်
လေ …. လို့ ရယ်စရာ ပြောဖြစ်ခဲ့ပါတယ်။

ဘလော့တွေပေါ်မှာ စာလာဖတ်တဲ့ စာဖတ်ပရိတ်သတ်အားလုံး
ချမ်းသာကိုယ်စိတ် မြဲပါစေ …

ဘလော့ လုပ်ပြီးခါစက ဘာစ’ ရေးလို့ ရေးရမှန်းတောင် မသိ
ပါဘူး၊ ယောင်လည်လည် ဖြစ်နေပါတယ်။ တစ်ခုခု ရေးပြီးရင်
သူများဘလော့က C-Box တွေထဲမှာ မျက်နှာ လိုက်ပြရပါတယ်။
… နေကောင်းလား ….၊ အလည်ရောက်ပါတယ်၊ အားပေးလျက်
ပါ၊ မဂ်လာပါ ….၊ စာ လာဖတ်ပါတယ်၊ ပို့စ်အသစ်လေး တင်ထား
လို့ အားရင် အလည်တခေါက် ကြွခဲ့ပါ ….
တချို့လည်း ကျနော်တို့လို ဘလော့ဂါအသစ်တွေကို မောင်းထုတ်
ကြပါတယ်။ တချို့လည်း အောင့်အီးသည်းခံပြီး ဆယ်ခါလောက်
နူတ်ဆက်မှ တစ်ခါလောက် တုံ့ပြန်ကြပါတယ်၊ မအားလို့လည်း
ဖြစ်နိုင်ပါတယ် … :P

ကျနော်ဘလော့ လုပ်ခါစက ကော်မန့် မရေးတတ်ပါဘူး။ ကော်မန့်
ရေးချင်ရင် ဘယ်နေရာကို ဘယ်လိုသွားပြီး ရေးမှ ရေးလို့ရမှန်း
တကယ့်ကို မသိခဲ့ပါဘူး။ ကျနော့်ဆီမှာ ကော်မန့်လာရေးပေးတဲ့
ကျနော်နဲ့အတူ ဘလော့လောကထဲ စ၀င်လာတဲ့ ညီမငယ်တစ်ဦး
က ကျနော်ကို ပြောပါတယ်။ … အကိုကြီး၊ အကို့ဆီမှာပဲ ကော်မန့်
လာရေးနေရတယ်၊ သမီးတို့ဆီမှာလည်း ကော်မန့် လာရေးပါအုံး
လို့ ပြောပါတယ်။ ကော်မန့်ရေးဖို့ နေရာလိုက်ရှာတာ သုံး …လေး
ရက်ကြာမှ ဘယ်လိုရေးရကြောင်း သိခဲ့ပါတယ် … :P

ဘလော့ရေးခါစက လိုင်းစုံရေးပါတယ်။ နိုင်ငံရေး၊ ဗဟုသုတ၊
ခံစားချက် အစုံပါပဲ။ ကိုယ့်ထက် စီနီယာကြတဲ့ ဘလော့ဂါကြီး
တွေ ဘာရေးသလဲဆိုတာ မျက်လုံးပြူးပြီး အသည်းအသန်း
လိုက်ဖတ်ရပါတယ်။ ပထမဆုံး ကြုံရတဲ့ အခက်အခဲက ကိုယ့်
ဘလော့မှာ စာလာဖတ်တဲ့ အရေအတွက်ပါ။ ကျနော် ဘလော့
လုပ်ခါစက စာလာဖတ်တဲ့ အရေအတွက်ဟာ တော်တော်ကို
နည်းပါတယ်။ ဘလော့လုပ်ပြီး တစ်လကြာတဲ့အထိ စာလာဖတ်
တဲ့ ဦးရေဟာ တစ်နေ့ကို (၂၀) မပြည့်ပါ။ စာလာဖတ်တဲ့သူ အများ
စုဟာလည်း ကျနော့်လို ဘလော့ဂါပေါက်စတွေနဲ့ မျက်စိလည်
လမ်းမှားပြီး ရောက်လာတဲ့ စီနီယာ ဘလော့ဂါကြီးတွေပါ။ ပြင်ပ
က ဘလော့ဂါမဟုတ်တဲ့ စာဖတ်ပရိတ်သတ်ဆိုတာ နတ္တိပါပဲ။
ကိုယ်ရေးပြီး ကိုယ်ပြန်ဖတ်နေရတဲ့ ဘ၀က လွမ်းစရာပါ … :P

အဲဒီမှာ ကိုယ့်ဘလော့ လင့်ခ်လေးကို ချိတ်ပေးစေလိုတဲ့ ရောဂါ
တစ်မျိုး ဖြစ်လာပါတယ်။ ကိုယ့်ဘလော့ လင့်ခ်ကို ချိတ်ပေးဖို့
အလုပ်ထဲက ထမင်းစားချိန်မှာတောင် အွန်လိုင်းပေါ် တက်ပြီး
မျက်နှာကို ကြံသကာရည်လောင်းထားတဲ့ ပုံစံနဲ့ လိုက်ပြီး
သွားဖြဲ ပြရပါတယ်။ ဒါလည်း သိပ်တော့ အဆင်မပြေပါဘူး။
ဒါနဲ့ ဘာဆက်လုပ်လဲဆိုတော့ ဘလော့ဂါတွေထဲမှာ စာဖတ်
ပရိတ်သတ် စိတ်ဝင်စားမှု အများဆုံးရတဲ့ ဘလော့ဂါတွေဆီ
သေသေချာချာ လေ့လာရပါတယ်။ သူတို့ ဘယ်ရူဒေါင့်ကနေ
ဘယ်လို အယူအဆနဲ့ ဘယ်လို တင်ပြသလဲပေါ့။ အဲဒီဘလော့
ဂါက သူ ရေးထားတဲ့ သူ့စာကို သူကိုယ်တိုင် အလွတ်ရသလား
တော့ မပြောတတ်ဘူး၊ ခဏခဏ ပြန်ပြန်ဖတ်တဲ့ ကျနော်တော့
အလွတ်တောင် ရခဲ့ပါတယ်။

အဲဒီလို ယောင်ဝါးဝါးဘ၀နဲ့ ဟိုရေးလိုက် ဒီရေးလိုက်အဖြစ်က
နေ ကိုယ့်ဘလော့မှာ တစ်နေ့ကို စာလာဖတ်သူ အရေအတွက်
(၃၀)နဲ့ (၄၀) ကြား ရောက်လာပါတယ်။ လူသိလည်း နည်းနည်း
ရလာတော့ ဗြုန်းဆို ကွန်ပြူတာက ဗွေ’ထဖောက်ပါတယ်။ အဲဒါ
နဲ့ ဘလော့ဂါဘ၀ကို နှစ်လကျော် … သုံးလလောက် ခွင့်ယူ
ရပါတော့တယ်။ အရက်သမား အရက်ဖြတ်သလိုပါပဲ၊ တွေ့သမျှ
ကွန်ပြူတာကနေ အသိဘလော့ဂါတွေ ပို့စ်အသစ်တွေ ဘယ်လို
ရေးသလိုဆိုတာ နေ့စဉ်နဲ့အမျှ စောင့်ဖတ်ပါတယ်။

မြန်မာစာ စာလုံးပေါင်း သတ်ပုံမှားတဲ့ ဘ၀နဲ့ ကိုယ်တွေ့အဖြစ်
အပျက်မှန်တချို့ကို ရေးခဲ့ပါတယ်။ ဘလော့ပေါ်မှာ စာလာဖတ်
တဲ့ စာဖတ်ပရိတ်သတ် အနည်းငယ်ကို စ’ရလာပါတယ်။ အဲဒီ
နောက်တော့ အဖြစ်အပျက်နဲ့ သမိုင်းတွေပဲ ရေးခဲ့ပါတယ်။
ကြုံခဲ့တဲ့ အဖြစ်အပျက်တွေ ရေးရင်ကနေ ၁၉၈၈- ၈၉- ၉၀
ခုနှစ် ၉၅-၉၆ ခုနှစ်လောက်က လက်တွဲခဲ့၊ ရန်ဖြစ်ခဲ့တဲ့၊ ငြင်းခုန်
ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ် ပြန်ရလာပါတယ်။
စာလုံးပေါင်း သတ်ပုံမှားတဲ့ ဘ၀နဲ့ပဲ ကဗျာ စ’ရေးခဲ့ပါတယ်။
ယနေ့အထိလည်း သတ်ပုံ မှားနေဆဲပါ … :P

မှတ်တမ်းဟောင်းတွေ သမိုင်းအဖြစ်အပျက်တွေ သိစေချင်လို့
မြန်မာပြည်အတွင်းကို စာအုပ် လှမ်းမှာပါတယ်။ စာအုပ် သွား
ဝယ်ပေးတဲ့လူက ပြန်ပြောပြပါတယ်။ စာအုပ်ရောင်းတဲ့သူက …
…. အကိုရေ၊ ပိုက်ဆံရှိရင် ရွှေသွားဝယ်ပါ၊ ဒီစာအုပ်တွေက
ပြန်မထုတ်တော့ဘူး၊ ဘယ်နေရာမှ လိုက်မရှာပါနဲ့၊ ရှာလို့များ
တွေ့ခဲ့ရင် လည်ပင်းကို လာဖြတ်သွားပါဗျာ ….
အဲဒီလိုနဲ့ ကွယ်လွန်သွားတဲ့ စာပေ ပညာရှင်ကြီးတစ်ဦးရဲ့
ပြန်လည်ထုတ်ဝေခွင့်မရတဲ့ စာမူကြီးတစ်ခုကို စာကြည့်တိုက်
မှာ မိတ္တူရခဲ့ပါတယ်။ ဘလော့ပေါ်မှာ တင်ပြချင်လို့ ကျန်ရစ်သူ
သူ့သားကို ညှိုနှိုင်းကြည့်ပါတယ်။ ငွေရေး ကြေးရေးကို သူတို့
သဘောတူပါတယ်။ ခက်တာက ပြည်ပရောက် လက်ရှိစစ်အစိုးရ
နဲ့ မပြေလည်သူဆိုတဲ့ အဖြစ်ပါ။ နောက်တနေ့ သူတို့ချိန်းတဲ့
အချိန်အတိုင်း မြန်မာပြည်က မိတ်ဆွေဖြစ်သူ ထပ်သွားကြည့်
တော့ အဲဒီအိမ်က တံခါးပိတ်ထားပြီး လူကြီးမရှိဘူးလို့ ပြောပါ
တယ်။ နောက်ထပ် လေး … ငါးရက် ဆက်တိုက် သွားတော့
လည်း တွေ့ခွင့်မရပါ …. :P

ဘလော့စ’ရေးပြီး (၈)လအကြာမှာ အင်းစိန်တွဲဖက်ထောင်က
သရဲ ဇာတ်လမ်းနဲ့ တက္ကသိုလ်က သရဲ ဇာတ်လမ်းတွေကို
ရေးသားတင်ပြခဲ့ပါတယ်။ သရဲ တစ္ဆေ အယူအဆကို သဘော
မကျတဲ့ စာဖတ်ပရိတ်သတ်တချို့ကြောင့် ရပ်နား လိုက်ရပါတယ်။
အခုတော့ ဘလော့လေး ခြောက်ခြောက်ကပ်ကပ်နဲ့ သရဲမခြောက်
အောင် သရဲအကြောင်းပဲ အရေးများနေပါတယ် ….:P

နိုင်ငံရေးအကြောင်း ကျနော် ရေးပါတယ်။ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်
ရာသီဥတု ညီလာခံ ဆန္ဒပြပွဲအကြောင်း ဝေဖန်မိလို့ C-Box ထဲ ဗုံးကျဲ
ခံရပါတယ်။ အဲဒါနဲ့ C-Box ကို ဖြုတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့
၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာတော့ ခဏ ပြန်
ဖွင့်ခဲ့ပါသေးတယ်။ C-Box ထဲက စာဟာ ရေရှည် သိမ်းဆည်း
လို့ မရနိုင်သလို့ အတည်ယူလို့လည်း မရပါဘူး။ သို့ပေမယ့်
ကိုယ့်ဘလော့ လုပ်ခါစက သူများ C-Box တွေထဲ ကြော်ငြာ
ဝင်ခဲ့သလို ဘလော့ဂါအသစ်တွေကို ကိုယ်ချင်းစာပြီး အတတ်
နိုင်ဆုံး လင့်ခ်ချိတ်ထားပါတယ်။ ကိုယ့်စာမျက်နှာမှာ အလည်
လာတဲ့သူတွေ သွားဖတ် မဖတ်တော့ မသိပါ။ ကိုယ်တိုင်
သွားရတာတော့ အရမ်းကို လွယ်ကူပါတယ်။
မြန်မာဘလော့ဂါအသိုင်းအ၀ိုင်း အဓွန့်ရှည်ပါစေ …


-စစ်ငြိမ်းဒီရေ

Read more »

Sunday, 29 August 2010

စက်တင်ဘာလရဲ့ ညတည (ပထမပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်ရူသင့်ပါ။)

ခုရက်ပိုင်း အင်တာနက်ပေါ်မှာ အထက်တန်းကျောင်းသားဘ၀က
စတင်ရင်းနှီးခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ စကားပြော
ဖြစ်ပါတယ်။ လက်ရှိ သူ အလုပ်လုပ်နေတဲ့ နိုင်ငံက ကွန်ဒိုမီနီယံ
တစ်ခုမှာ အလုပ်ထဲက သူငယ်ချင်းတွေ စုပေါင်းပြီး ဌားရမ်း
နေထိုင်ကြပါတယ်။ သူတို့ နေထိုင်ရာ ကွန်ဒိုမီနီယံမှာ ပျော်ပွဲ
ရွှင်ပွဲနဲ့ အခမ်းအနားတွေ လုပ်ဖို့ ခန်းမတစ်ခု ရှိပါတယ်။ အဲဒီ
ခန်းမမှာ သာရေးအပြင် နားရေး အခမ်းအနားတွေ လုပ်ဖို့
နာရီအတိုင်းအတာနဲ့ ဌားရမ်းပါတယ်။

တခါတလေဆိုရင် ရှေ့က တရုတ်အသုဘ အခမ်းအနားက
ခန်းမထဲက မထွက်သေးပါဘူး။ ခန်းမထိပ်မှာ မင်္ဂလာဆောင်ပွဲ
အတွက် အိန္ဒိယနွယ်ဖွား သတို့သား သတို့သမီးတွေ ၀တ်စုံ
အပြည့်နဲ့ လာစောင့်နေကြပါတယ်။ မွေးနေ့လုပ်လည်း ဒီခန်းမ၊
တခြားပျော်ပွဲရွှင်ပွဲ လုပ်လည်း ဒီခန်းမ၊ အသုဘကိစ္စဖြစ်လာ
လည်း ဒီခန်းမမှာ လုပ်ကြတော့ မြန်မာတစ်ယောက်ဖြစ်တဲ့
ကျနော့် ငယ်သူငယ်ချင်းက သူ့စိတ်ထဲမှာ တစ်မျိုးဖြစ်မိကြောင်း
ပြောပြပါတယ်။



သူနဲ့ ကျနော်ဟာ ၁၉၈၈ ခုနှစ် ကိုးတန်းကျောင်းသားဘဝ
မှာ စတင်ရင်းနှီးခဲ့သူတွေပါ။ ကျောင်းစ’တက်လို့ နှစ်လမျှ
အကြာ သြဂုတ်လ ရှစ်လေးလုံး တော်လှန်ရေး ဖြစ်ပွားပြီး
ကျောင်းတွေ ပိတ်လိုက်တဲ့ နောက်ပိုင်း တိုက်တိုက်ဆိုင်ဆိုင်
အဖြစ်အပျက်တစ်ခုမှာ ညကြီးမိုးချုပ် ပြန်ဆုံခဲ့ကြဖူးပါတယ်။

ရန်ကုန်က ကျနော်နေထိုင်ရာ ရပ်ကွက်နဲ့ သူ နေထိုင်ရာ ရပ်ကွက်
ကြားမှာ ရပ်ကွက်တစ်ခုသာ ခြားပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်
လထဲမှာ အဲဒီခေတ်က သမ္မတ ဦးစိန်လွင် နုတ်ထွက်သွားပြီး
တဲ့ နောက်ပိုင်း အခြေခံပညာ ကျောင်းအသီးသီးမှာ သပိတ်
စခန်းတွေ ဖွင့်လှစ်လာကြပါတယ်။ ကျနော်တို့ကျောင်းမှာ
ဖွင့်လှစ်ခဲ့တဲ့ သပိတ်စခန်းကို သူ ရောက်မလာခဲ့ပါ။ သူ့ညီ
ဖြစ်သူဟာ အဲဒီအချိန်က ပျောက်ဆုံးနေသောကြောင့် ကျနော့်
သူငယ်ချင်းဟာ ဆေးရုံတွေ ရဲစခန်းတွေ နောက်ပိတ်ဆုံး
လူသေအလောင်းများ ထားရှိရာ အအေးတိုက်တွေကို နေ့စဉ်
သွားရောက် စုံစမ်းခဲ့ရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့
နောက်တစ်လလောက်အကြာမှ ဒေါပုံဖက်မှာ သူ့ညီကို ရှာဖွေ
တွေ့ရှိခဲ့ပါတယ်။ ပြန်တွေ့ရတဲ့ အချိန်မှာ သူ့ညီဖြစ်သူဟာ
သွေးထွက်သံယို မြင်ကွင်းတွေကြောင့် စိတ်မမှန်တော့တဲ့
အနေအထား ဖြစ်သွားပါပြီ။ သူတို့မိသားစုက သူ့ညီဖြစ်သူကို
အချိန်တော်တော် ယူပြီး ဆေးကုလိုက်ရပါတယ်။ ညီဖြစ်သူကို
နေ့စဉ်လိုက်ရှာနေရလို့ သပိတ်စခန်းကို ရောက်မလာခဲ့တဲ့
ကျနော့်သူငယ်ချင်းနဲ့ ကျနော်ဟာ စက်တင်ဘာလရဲ့ ညတည
မှာ မထင်မှတ်ပဲ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလဆန်းပိုင်း ……

အဲဒီအချိန်က ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ လုံခြုံရေးကင်းတဲတွေ
ဝါးကပ်တွေ ကားရံပြီး ထားကြပါတယ်။ အိမ်အရေအတွက်များ
တဲ့ လမ်းတွေမှာဆိုရင် နှစ်ညတစ်ခါ၊ အရေအတွက်နည်းတဲ့ လမ်း
တွေမှာဆိုရင် ညစဉ်လိုလို တစ်အိမ် တယောက်နှုန်းဖြင့် လုံခြုံရေး
ကင်းတဲမှာ စုပေါင်းပြီး ကင်းစောင့်ရပါတယ်။ အမျိုးသမီး အရေ
အတွက်များတဲ့ အိမ်တွေကတော့ ကင်းစောင့်ဖို့ မလိုပါဘူး။ ရပ်ကွက်
လုံခြုံရေးကင်းတဲဟာ ညဖက်ဆိုရင် လမ်းထဲက လူကြီးလူငယ်တွေ
နဲ့ စည်းကားနေလေ့ရှိပါတယ်။ လဖက်သုတ် ဂျင်းသုတ်တွေ
ကလည်း တစ်ပွဲပြီး တစ်ပွဲ၊ ရေနွေးကြမ်းအိုးတွေကလည်း တစ်အိုး
ပြီး တစ်အိုး၊ အတွေ့အကြုံများတဲ့ လူကြီးတွေကြားမှာ ဗဟုသုတ
အစုံအလင်ကို နားထောင်ရတာ မိုးလင်းတဲ့အထိပါပဲ။

စက်တင်ဘာလ (၉)ရက်နေ့ ည …..

ကျနော်တို့မိသားစု နေထိုင်ရာ လမ်းမပေါ်မှာ လုံခြုံရေးကင်းတဲ
သုံးခုရှိပါတယ်။ ကျနော်တို့ရပ်ကွက်နဲ့ ထိစပ်နေတဲ့ နံဘေးရှိ
ရပ်ကွက်တွေနဲ့ ထိစပ်တဲ့နေရာမှာ ကင်းတဲနှစ်ခုရှိပြီး အလယ်ပိုင်း
မှာ ဗဟိုကင်းတဲ ရှိပါတယ်။ ဗဟိုကင်းတဲဟာ ရပ်ကွက်တစ်ခုလုံးရဲ့
လုံခြုံရေးကင်း ဌာနချုပ်လည်း ဖြစ်ပါတယ်။ ညဥ့်ဦးပိုင်းမှာ ရပ်ကွက်
ထဲရှိ ဘုန်းကြီးကျောင်းများမှ ဘုန်းတော်ကြီးများနဲ့ အရပ်ထဲက
လူကြီးပိုင်းတွေ ကင်းစစ်ဆေးဖို့ စတင် စုဝေးရာ နေရာတစ်ခုပါ။
ကျနော်တို့မိသားစုအတွက် ကျနော်ဟာ ဗဟိုကင်းတဲမှာ နှစ်ည
တစ်ခါ ကင်းသွားစောင့်ပေးရပါတယ်။ ကင်းတာဝန် ကြတဲ့ လူ
အရေအတွက်ဟာ ဆယ်ဦးခန့် ရှိပါတယ်။ အဲဒီအထဲမှာ ကျနော်က
လွှဲရင် ကျန်သူများဟာ အသက်အားဖြင့် ကျနော့်ထက် ကြီးတဲ့
သူများ ဖြစ်ကြပါတယ်။

ရယ်မောစရာ ပြောတတ်တဲ့ လူကြီးတချို့ကြောင့် ည (၁၂)
နာရီ သံချောင်းခေါက်တဲ့ အချိန်အထိ ကျနော်တို့ကင်းတဲမှာ
ရယ်သံတွေ ဖုံးလွှမ်းလျက် ရှိပါတယ်။ မီးကင်းသံချောင်း ခေါက်ပြီး
ခါစ ကျနော်တို့ ကင်းတဲကို အဝေးကနေ လက်နှိပ်ဓါတ်မီးနဲ့
မီးလှမ်းထိုးပြီး အချက်ပြတဲ့ ပုံသဏ္ဍာန် ဖွင့်လိုက် ပိတ်လိုက် လုပ်
ပြပါတယ်။ ဒါကြောင့် စကားပြောနေသူ အားလုံး ခေတ္တ ရပ်တန့်
သွားပါတယ်။ ကျနော်တို့ အားလုံး နားလည်ထားတာက အဲလို
ဆယ်ခါထက်မနည်း လုပ်ပြခြင်းဟာ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွား
နေကြောင်း ကင်းတဲအချင်းချင်း အချက်ပြမှု တစ်ခုလို သိထား
တာပါ။ ကင်းတဲမှ အလှည့်ကျ ကင်းလာစောင့်သူ အားလုံး
အနည်းဆုံးအားဖြင့် လောက်လေးခွနဲ့ လောက်စာလုံးထည့်
ထည့်ထားတာတဲ့ လွယ်အိတ်ငယ်တွေ ကိုယ်စီ ရှိကြပါတယ်။
တချို့လည်း ဓါး အတိုအရှည်၊ တုတ် အတိုအရှည်တွေ ကိုယ်
စီ ရှိပါတယ်။ ဒါကြောင့် လမ်းကို ဖြေးဖြေးချင်း လျှောက်တတ်
တဲ့ လူကြီး သုံး လေးဦးကို ထားခဲ့ပြီး ကျန်တဲ့သူ အားလုံး
လှမ်းပြီး အချက်ပြနေသော ရပ်ကွက်အဆုံးက ကင်းတဲဆီ
သွားခဲ့ကြပါတယ်။

နှစ်ရပ်ကွက်ထိစပ်ရာ ကင်းတဲ မရောက်တရောက်လောက်မှာ
လမ်းမကြီးတလျှောက်ပေါ်က ခွေးအူသံတွေ ဆူညံစွာ ထွက်
ပေါ်လာပါတယ်။ ကောင်းကင်ပေါ် မော့ကြည့်တော့ ရာသီဥတု
က ကြည်ကြည်လင်လင်ပါ။ လရောင် အနည်းငယ်နဲ့ ကြယ်
ပျောက်တိပျောက်ကြား ထွက်ပေါ်နေပါတယ်။ ကျနော်တို့
ရပ်ကွက်ဖက်အခြမ်းက လမ်းမကြီးပေါ်တော့ ခွေးအူသံတွေ
လှုပ်လှုပ်ရှားရှားတွေ မဖြစ်သေးပါဘူး။ လမ်းမကြီးနဲ့ တဆက်
တည်းဖြစ်တဲ့ တဖက်ရပ်ကွက်က လမ်းပေါ်မှာတော့ လက်နှိပ်
ဓါတ်မီးရောင်တွေ ခွေးအူသံတွေ တော်တော်လေး ကြားနေ
ရပါတယ်။ ကင်းတဲအရောက်မှာ တာဝန်ကျ ကင်းသမားအုပ်စု
က ပြောပြပါတယ်။ “ဒို့အရေး” “ဒို့အရေး” နဲ့ လူအုပ်စုလိုက်
ကြွေးကျော်သံတွေ ကြားရတယ်၊ အဲဒီနောက် ခွေးအူသံတွေ
ထွက်လာပါတယ်။ အားလုံးလည်း ဇဝေဇ၀ါ ဖြစ်နေကြပါတယ်။
အခုလို ညမျိုးကြီးမှာ ဘယ်သူမှ ချီတက်ဆန္ဒပြမှုမျိုး မလုပ်
ကြပါဘူး။ နေ့ဖက်တွေမှာသာ ဆန္ဒပြ လူထု ချီတက်တာ
မျိုးပဲ ရှိပါတယ်။ အသံဟာ တာမွေအ၀ိုင်းထိပ် (ယခုတော့
တာမွေအ၀ိုင်း မရှိတော့ပါ။) ရှိ “မရိုးဆန်း” ရုပ်ရှင်ရုံဖက်က
နေ ကြားနေရ သလိုလို၊ ဗိုလ်စိန်မှန် ရပ်ကွက်ဖက်က ထွက်
ပေါ်နေသလိုလို ကြားနေရကြောင်း ပြောပြပါတယ်။

နှစ်ရပ်ကွက်ကြားမှာ ကင်းတဲက နှစ်ခုပါ၊ ကျနော်တို့ ရပ်ကွက်
ဖက်မှ ကင်းတဲအပြင် ကျိုက္ကဆံရပ်ကွက်ဖက်မှ ကင်းတဲလည်း
ရှိပါတယ်။ သူတို့ဖက်က ကင်းတဲမှ လှမ်းပြောပြပါတယ်။
သူတို့နဲ့ ရပ်ကွက်ချင်း ထိစပ်တဲ့ ဗိုလ်စိန်မှန် ရပ်ကွက်
ဖက်မှာလည်း ကင်းတဲအားလုံး အဲဒီအသံကို ကြားနေရပါ
တယ်။ အသံဟာ ရွှေဂုံတိုင်လမ်းမကြီးဖက်ကနေ တချက်
တချက် ကြားနေရကြောင်း ပြောပြပါတယ်။ အသံဟာ ရွှေဂုံတိုင်
ဖက်ရှိ “ငါးထပ်ခြောက်ထပ်”တို့ “ဘန်ဒါပင်” တို့ “ရွှေဂုံတိုင်”
လမ်းဆုံတို့ဖက်မှ ဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုပါတယ်။

ညသန်ကောင်ယံမှာ လူသွားလူလာ တိတ်ဆိတ်နေတဲ့
လမ်းမတွေပေါ်က ထွက်ပေါ်နေတဲ့ ခွေးအူသံများဟာ
စိတ်ခြောက်ခြားစရာပါ။ အားလုံး တစ်ယောက် တစ်မျိုးစီ
ထင်မြင်ချက်တွေ ပေးနေကြပါတယ်။ အဲဒီရက်ပိုင်းကာလ
က ဗဟန်းမြို့နယ် မ.ဆ.လ ပါတီယူနစ်ရုံးကို အ.ထ.က
(၁) ဗဟန်းမှ အခြေခံပညာကျောင်းသား သမဂ္ဂ ဦးဆောင်
ဝင်ရောက်သိမ်းယူပြီး ပြည်သူ့အာဏာ ထူထောင်ကြောင်း
ကြေငြာထားပါတယ်။ ကျောင်းသားသမဂ္ဂ သိမ်းယူထားတဲ့
မြို့နယ် ပါတီယူနစ်ရုံးနဲ့ သမဂ္ဂရုံးစိုက်ရာ ကျောင်းအကြား
လူသွားလူလာ ရှိတတ်ပါတယ်။ တခါတလေ ကြွေးကျော်သံ
တွေ ဟစ်ကြွေးပြီး တစ်နေရာက တစ်နေရာကို သွားတတ်လေ့
ရှိပါတယ်။ သို့ပေမယ့် အခုလို ည (၁၂)မှာ ဘယ်သူမှ အသွား
အလာ မလုပ်နိုင်ပါဘူး။ အဲဒီအချိန်မှာ လူအုပ်စုထဲက အသံ
တစ်ခု ထွက်လာပါတယ်။
“ဒီနေ့က တစ်လပြည့်တဲ့နေ့၊ မပြောကောင်း မဆိုကောင်း
သြဂုတ်လ (၉)ရက်နေ့မှာ စစ်တပ်လက်ချက်နဲ့ ကျဆုံးသွား
တဲ့လူတွေ မကျွတ်မလွတ်လို့ အသံပြုတာနဲ့ တူတယ် … ”


(ဆက်ရန်။)
Read more »

Friday, 27 August 2010

ကဗျာဆရာတောအုပ် သစ်ပင်စိုက်ပွဲ လှုပ်ရှားမှု


Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket
Photobucket


သြဂုတ်စ် ၂၁ရက် စနေနေ့ ရန်ကုန်မြို့

ကဗျာဆရာတောအုပ် စီမံချက်အတွက် ကျွန်တော်တို့
AGMP အဖွဲ့သားတွေ ၂၁ ရက်နေ့သြဂုတ်စ် စနေနေ့
၂၀၁၀မှာ ရန်ကုန်မြို့ ပုလဲမြို့သစ်အလွန် ရေနံသာမြို့နယ်
ထဲက မဟာဝံသကျောင်းတိုက်ကို မနက် ၉ နာရီဝန်းကျင်မှာ
ရောက်ရှိခဲ့ပါတယ်..။

ကဗျာဆရာတောအုပ် အထိမ်းအမှန် ဂုဏ်ပြုစိုက်ပျိုးဖို့
အတွက် အခမ်းအနားအစီစဉ်ကို ကြိုတင်စီမံထားတဲ့
အတိုင်း ဆောင်ရွက်နိုင်ခဲ့ကြပါတယ်..။ မနက်ကိုးနာရီခွဲမှာ
ဆရာတော်ဆီကနေ ငါးပါးသီလ ခံယူဆောက်တည်ပြီး.. ။
ဆရာနိုင်သစ်နီက အခမ်းအနားအစီအစဉ်ကိုရှင်းလင်း
ပြောပြပါတယ်...။ အစီအစဉ်အရ.. ကဗျာဆရာတောအုပ်
စိုက်ပျိုးရခြင်းအကြောင်းကို ဆရာမောင်စိမ်းနီက ရှင်းလင်း
ပြောပြပါတယ်...။ ထိုနောက် ဆရာမောင်စိမ်းနီက
ဆရာဒဂုန်တာရာရဲ့ သ၀ဏ်လွှာကိုဖတ်ကြားပြီ..။
စိုက်ပျိုးခင်းမြေပုံနဲ့ စိုက်ပျိုးမယ့် အပင်များအကြောင်းကို
ဆရာမင်းထက်မောင်က ရှင်းလင်းပြောပြပါတယ်..။
ကျေးဇူးတင်စကားကိုတော့ အားလုံးရဲ့ ကိုယ်စား
ဆရာသစ္စာနီ ... ၀ိုင်းဝန်းကူညီပံ့ပိုးကြသူများ.. ကဗျာဆရာ
သစ်တောအုပ်ကို လှုဒါန်းကြသူများ... AGMP အဖွဲ့သားမျာ
မြေနေရာပေးတဲ့ မဟာဝံသကျောင်းတိုက်ဆရာတော်နဲ့
... ပထမအကြိမ်က ဂန္တ၀င်စာဆို ၁၉ ဦးအတွက် စိုက်ပျိုး
ကတည်း ပါဝင်ကူညီဆောင်ရွက်သူများ... အားလုံးကို
ကျေးဇူး တင်ရှိပါကြောင်းပြောပြသွားခဲ့ပါတယ်...။ ထို့နောက်
ပါဝင်တက်ရောက်သူများကို ကောက်ညှင်းပေါင်းနဲ့ငါးခြောက်
တည်ခင်းဧည့်ခံပြီး..။ ကဗျာဆရာသစ်တောအုပ်ကို... မနက်
ဆယ်နာရီမှာ စတင်စိုက်ပျိုးခဲ့ပါတယ်... သစ်တောအုပ်အတွက်
၁၂၉ ပင်ကို ရှေးခေတ်စာဆိုနဲ့ မော်ဒန်ကဗျာဆရာများအထိ
ကွယ်လွန်ပြီး ကဗျာဆရာများကို.. ရည်စူးပြီးတစ်ပြိုင်နက်
စိုက်ပျိုးခဲ့ပါတယ်... သစ်ပင် ၁၂၉အတွက် သစ်တောဦးစီး
အရာရှိဟောင်း ကဗျာဆရာ သစ်မွှေးက ဦးစီးဆောင်ရွက်ပြီး
စီမံဆောင်ရွက်ပြီး နှစ်ရှည်သစ်တောပင်များကို ..အများဆုံး
စိုက်ပျိုးခဲ့ပါတယ်... အမည်မသိစာဆိုများအတွက် ၀ါးရုံပင်
နှစ်ရုံကို သီးသန့်စိုက်ပျိုး အထိမ်းအမှတ်ပြုခဲ့ပါတယ်..။

ကဗျာဆရာတောအုပ်အတွက် နှစ်ရှည်ထိန်းသိမ်းစောင့်
ရှောက်ရန် ဥယျာဉ်မှုးငှားရမ်းထားပြီး.. ထိန်းသိမ်းစောင့်ရှောက်
သွားမယ်လို့ ကဗျာဆရာ မောင်လင်းရိပ်ရှင်းလင်းပြောပြခဲ့
ပါတယ်..။

-လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကဗျာဆရာတစ်ဦး
Read more »

Thursday, 26 August 2010

ဟမ်းဘတ်မြို့(ဂျာမနီ)

စာရေးချင်စိတ်လည်း သိပ်မပါလို့ ဆားနည်းနည်း
ချက်ကြည့်တာပါ။ ရှစ်လေးလုံးတော်လှန်ရေး နှစ်ပတ်လည်
တုန်းက ဂျာမနီနိုင်ငံ ဘာလင်ကို သွားရင်းနဲ့ အသွားမှာ
တစ်ည၊ အပြန်မှာ တစ်ည တည်းခိုခဲ့တဲ့ ဟမ်းဘတ်မြို့
ထဲ ဟိုရိုက်ဒီရိုက် ပုံလေးတွေပါ။ သရဲဇာတ်လမ်းတွေ
ရေးတော့လည်း သိတဲ့အတိုင်း “စာသူခိုး”တွေကြောင့်
စိတ်ညစ်လို့ပါ။

(မှတ်ချက်။ ။ ခရီးစဉ်အတွင်း အစစအရာရာ အဆင်ပြေ
အောင် ကူညီဆောင်ရွက်ပေးတဲ့ ဟမ်းဘတ်မြို့နေ
အကို ကိုဗလကြီးနဲ့ အမ မမာတို့ ဇနီးမောင်နှံ၊ သားဖြစ်သူ
ကိုခန့်တို့ကိုလည်း ကျေးဇူးများစွာ တင်ပါတယ်။)

အဲဒါ ဟမ်းဘတ်မြို့ရဲ့ ဘူတာကြီးပါ ....



သူတို့နှစ်ယောက် မတ်တပ်ရပ်နေရတာ ပျင်းနေမှာ
ဆိုးလို့ ကျနော်က အလယ်မှာ ၀င်ပြီး ကူညီတာပါ။
ကူညီပါရစေပေါ့ ....



အဲဒီ ကြိုးတန်းလန်းနဲ့ မိုးပျံပူပေါင်းကို စီးပြီး မြို့ကို
အပေါ်စီးက ကြည့်လို့ရပါတယ် ....



မြို့ထဲ လျှောက်လည်ဖို့ လက်မှတ်ခက လူငါးယောက်ကို
ယူရိုငွေ ၉- ကျပ်၊ ပြား (၂၀)ပါ။ မနက် ၉ နာရီကနေ ည
၁၂ နာရီ မတိုင်ခင် သွားချင်ရာကို သွားလို့ ရပါတယ်။ ရထား၊
ကားအပြင် ပင်လယ်ဝကို သွားတဲ့ သင်္ဘောဖယ်ရီယာပါ
ကြိုက်သလို စီးလို့ ရပါသေးတယ်။ လူငါးယောက်အနေနဲ့
တနေ့ကုန် တစ်မြို့လုံး လျှောက်လည်နိုင်ဖို့ စီစဉ်ပေး
ထားတဲ့ ဈေးနှုန်းဟာ အရမ်းကို သက်သာပါတယ်။
ဟမ်းဘတ်မြို့က သေးသေးလေး မဟုတ်ဘူး၊ တော်တော်
လေး ကျယ်ပါတယ်။ လောင်စာဆီ ဈေးတက်တာနဲ့ ခရီး
စရိတ် တိုးယူဖို့ သူ့သားသမီးပိုင် ကုမ္ပဏီတွေ ညွှန်းကြား
တတ်တဲ့ မြန်မာပြည်က အဘတို့ကို သတိရမိပါတယ်။
ကျနော်တို့ စီးခဲ့တဲ့ ပင်လယ်မြစ်ကြောင်းသွား သင်္ဘောပါ ....



ကမ်းစပ်မှာ တွေ့ရတဲ့ အော်ပရာရုံတစ်ခုပါ ...



ဒုတိယကမ္ဘာစစ် လက်ကျန် ရေငုပ်သင်္ဘောပါ။
ဒါမျိုး မြန်မာပြည်မှာဆို ကြက်တန်းက ကုလားလက်ထဲ
အရည်ပျော်သွားမလားလို့ ......

Read more »

Monday, 23 August 2010

ရှောင်တိမ်းသူ



စာမေးပွဲခန်းအတွင်း
အဖြေတွေအားလုံး မှားနေသည် ….
အဆိပ်ရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
အစွယ်ရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
ဦးဂျိုရှိတဲ့ သတ္တ၀ါကို
ယူဇနာဘယ်လောက် အကွာမှ ….
ယုတ်မာတဲ့ သတ္တ၀ါကို
အရပ်ဒေသ စွန့်ခွာ၍ ….
နောက်ဆုံးမေးခွန်းကို ဖတ်လိုက်တော့
ဒီလိုပဲ တသက်လုံးပြေးနေမှာလား …။

ဒုတိယမြောက် ခေါင်းလောင်းထိုးသံ
အဆုံးမသတ်ခင်
သူ့အမေရဲ့ ခပ်စုတ်စုတ် ဖာတောင်းထဲက
သူ့အဖိုးရဲ့ သံချေးတက် ဆုတံဆိပ်တွေ
သူ အမွေရခဲ့တယ်
တတိယမြောက် ခေါင်းလောင်းထိုးသံ
အဆုံးမသတ်ခင်
သူ့ရဲ့ ခမ်းနားလှစွာသော မီးခံသေတ္တာထဲက
သူ့ရဲ့ အပြေးပြိုင်ပွဲဝင် ရွှေဖိနပ်အမှားအား
သူ အမွေပေးလိမ့်မယ် ….။

ကျောင်းဆင်း ခေါင်းလောင်းသံများ
အိမ်အတုထံ သယ်ဆောင်သွားတယ် ….
ဧည့်ခန်းထဲက ရယ်မောသံတွေ
အို ….
ဒါ… ဒါ…. ဒါဟာ
ငါ့မိခင် အလည်ရောက်နေသလား
ငါ့ညီဘွားတွေ အလည်ရောက်နေသလား
တံခါးပွင့်ပွင့်ချင်း
သူ့မိခင်စကားကို မပြောတတ်သော
သူ့သားသမီးတွေ ပြေးထွက်အသွားမှာ
အမောပြေ
မာန်ချစိတ်ဖြေ ဖျော်ရည်တစ်ခွက်ကို
သောင်နဲ့ဝေးတဲ့ ကျီးကန်းတစ်ကောင်
ခပ်မြန်မြန် မြိုချလိုက်တယ် …။

အိပ်မပျော်တဲ့ညက အိမ်မက်ကမ္ဘာမှာ
ဘုရားသခင် ရောက်လာပြီး
…. “နောက်တစ်ကြိမ် Big Bang လွန်ရင်
ခင်ဗျားတို့ကို မဖန်ဆင်တော့ပါဘူး” …..
မာရ်နတ်ကလည်း မကြားတကြားလေသံဖြင့်
…. “ငါ ဘာဒုက္ခမှ မပေးရသေးဘူး
ငါ့ကို နာမည် မဖျက်ကြပါနဲ့” …..
သက်ပြင်းတွေ ခရီးမဆုံးခင်
ဆံဖြူစွယ်ကျိုး ရိပ်သာထဲ
အမေဆိုပြဖူးသော တေးသံသာကို
ငိုရင်းနဲ့ ပြန်ဆိုညည်းမိတယ် ….။ ။


-စစ်ငြိမ်းဒီရေ

(ဖော်ပြထားသော ဓါတ်ပုံမှာ စစ်အေးခတ်ကာလ အရှေ့
ဂျာမနီနိုင်ငံမှ အနောက်ဂျာမနီနိုင်ငံသို့ ဘာလင်တံတိုင်း
ဖြတ်ကျော်ရန် ကြိုးစားမှုတွင် အပြစ်မဲ့စွာ အသတ်ခံရသော
အထိမ်းအမှတ်တချို့။)
Read more »

Friday, 20 August 2010

အကိုကြီးကျောက်ကို ချစ်ခင်လေးစားသူများ



ကျနော် အခု နာရီပိုင်းအတွင်း (GMT +1, စံတော်ချိန်ဖြင့်)
အကိုကြီးကျောက်ထံ ဖုန်းဆက်ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံ
ညနေ ၃- နာရီမှာ အကိုကြီးကျောက် တက်ရောက်ကုသမှု
ခံယူနေတဲ့ အမေရိကန်ဒေသရဲ့ စံတော်ချိန်က မနက် ၉ နာရီ
ဖြစ်ပါတယ်။

အကိုကြီးနဲ့ စကားပြောဖြစ်တော့ အသဲအစားထိုး ကုသမှု
က လောလောဆယ်အထိ မလုပ်ဖြစ်သေးပါ။ သက်ဆိုင်ရာ
ကျန်းမာရေးဌာနက ပြန်လည်စစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်ရှိ တက်ရောက်ကုသနေတဲ့ ဆေးရုံရှိရာ ဒေသက မြန်မာ
မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်းတွေလည်း နွေးထွေးစွာ
ဝိုင်းရံလျက်ရှိကြောင်း သိရပါတယ်။ ဆေးရုံပေါ် တက်ရောက်
နေရတဲ့ အကိုကြီးတော့ အင်တာနက်နဲ့ ကွန်ပြူတာကို အသုံး
မပြုနိုင်သေးပါ။ အကိုကြီးအပေါ် ချစ်ခင်လေးစားစိတ်နဲ့ စိတ်ပူ
နေကြတဲ့ နိုင်ငံတကာက မြန်မာဘလော့ဂါတွေ၊ ဘလော့တွေ
ပေါ်မှာ စာဖတ်သူတွေကို အကိုကြီးအနေနဲ့ ကျေးဇူးများစွာ
တင်ကြောင်း အကိုကြီးကျောက်က ပြောပြပါတယ်။

အကိုကြီးကျောက် အမြန်ဆုံး ကျန်းမာပါစေ
Read more »

Thursday, 19 August 2010

ကိုကြီးကျောက် အမြန်ဆုံး ကျန်းမာပါစေ



Oprah Winfrey ၏ အစီအစဉ်များ
Steve Jobs ၏ ဖြတ်သန်းမှုများ
……… တို့ထက်
…….. တို့ထက်
……… တို့ထက်
ပိုမို စွဲလန်းရသော
လေးစားချစ်ခင်ရသော
ဘလော့ဂါ ကိုကြီးကျောက်
အသဲ’အစားထိုး ကုသမှု၌
အဆင်ပြေ အောင်မြင်ပါစေ ……
ကျန်းမာပျော်ရွှင်ပါစေ …. ။ ။


-စစ်ငြိမ်းဒီရေ
Read more »

Wednesday, 18 August 2010