(ကြောက်တတ်သူများ မဖတ်ရူရန် မေတ္တာ ရပ်ခံအပ်ပါသည်။)
အခု နွေရာသီ ကျောင်းမပိတ်ခင် ထူးထူးဆန်းဆန်း အဖြစ်အပျက်
တစ်ခုကို သိခွင့်ရခဲ့ပါတယ်။ စာရေးသူတို့ အတန်းထဲက အာဖနစ္စတန်
ကျောင်းသား “အလီ”ရဲ့ အဖြစ်အပျက်ပါ။ အလီက မူစလင်
ဘာသာဝင် တစ်ဦးပါ။ ဒိန်းမတ်နိုင်ငံကို (၂)နှစ်သား အရွယ်က
စ’ရောက်တော့ သူ့ပုံစံက ခေတ်ဆန်ဆန် နေတတ်တဲ့ လူငယ်
တစ်ဦးလို ဖြစ်နေပါပြီ။
စာသင်ချိန်မှာ အခန်းတံခါးကို အပြင်ကနေ လာခေါက်တော့
ဆရာက တံခါးကို ဖွင့်ပေးလိုက်ပါတယ်။ တံခါးအပြင်ဖက်မှာ
ရပ်နေသူက အလီ’အကိုပါ။ ရဲစခန်းရောက်နေတဲ့ အလီ’ကား
ကို သွားယူပြီး အလီဆီ လာပို့ပေးတာပါ။ အလီဟာ မီးပွိုင့်
ထိပ်မှာ သူ့ကား မီးနီ မိနေတုန်း ကားပေါ်ကနေ ရုတ်တရက်
ဆင်းပြေးသွားပါတယ်။ နောက်ကားတွေက သွားဖို့ အခက်အခဲ
ဖြစ်တာကြောင့် မကြာခင်မှာ ရဲရောက်လာပြီး ယာဉ်ကြော
ပိတ်ဆို့နေတဲ့ အလီ’ကားကို လမ်းဘေး ရွေ့လိုက်ရပါတယ်။

ပိုင်ရှင်မဲ့နေတဲ့ အလီ’ကားကို ရဲစခန်းဆီ သယ်ယူသွားပါတယ်။
အဲဒီနေ့က သူ့အကို ဖြစ်သူက ရဲစခန်းကနေ အလီ’ကားကို
ကျောင်းအထိ ပြန်သယ်လာပြီး ကားသော့ကို သူ့ညီဆီ လာပို့
ပေးတာပါ။ အလီ’အကိုဟာ ကျောင်းက ကျောင်းသားဟောင်း
တစ်ဦးဖြစ်နေလို့ ဆရာနဲ့ ခင်မင်ရင်းနှီးနေပါတယ်။ ဒါကြောင့်
အလီ’ အဖြစ်အပျက်ကို အားလုံးက သိခွင့်ရတာပါ ….။
အလီ' ဖြေရှင်းချက်ကို ကြားရတော့ ဆရာနဲ့ ကျန်တဲ့သူ
အားလုံး အရမ်းအံသြသွားပါတယ် …..
“ကျနော့်ကားပေါ်မှာ သရဲ ရှိတယ်၊ ကျနော် လုံးဝ သည်းမခံ
နိုင်တဲ့အဆုံး ကားပေါ်ကနေ ဆင်းပြေးခဲ့တာပါ … ”
ဒီကားကို ဒိန်းမတ်နိုင်ငံအလယ်ပိုင်းရှိ မြို့တစ်မြို့ကနေ
ဝယ်ယူခဲ့တယ်လို့ ပြောပြပါတယ်။ အဲဒီကားဟာ တခြား
နေရာမှာ ဆိုရင် လက်ရှိဝယ်ယူခဲ့တဲ့ ဈေးထက် နှစ်ဆ နီးပါး
လောက် တန်းဖိုးရှိပါတယ်။ ကားရဲ့ စက်ပိုင်းဆိုင်ရာနဲ့ တခြား
အခြေအနေတွေဟာ အပြစ်ပြောစရာ မရှိလောက်အောင်
ကောင်းမွန်နေဆဲပါ။ ကားဝယ်ယူပြီး တစ်ပတ်လောက်အကြာ
မှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ စ’ဖြစ်ပါတော့တယ်။
ကားမောင်းနေရင်းနဲ့ လူနှစ်ယောက် အချီအချ စကားပြော
နေသံကို အလီ စ’ကြားရပါတယ်။ ကား ရေဒီယိုက ထွက်နေ
တဲ့ အသံနဲ့ တခြားစီပါ။ ကား ရေဒီယိုကို ပိတ်ပြီး ဆက်မောင်း
ကြည့်ပါတယ်။ စကားပြောသံကို တချက် တချက် ကြားနေ
ရပါတယ်။
သူ့သူငယ်ချင်း အာဖနစ္စတန် လူမျိုးတချို့ကို တင်ဆောင်
ပြီး သူ မောင်းကြည့်ပါတယ်။ သူတို့ မူစလင် ဘာသာဝင်တွေ
က “သရဲ၊ တစ္ဆေ”ကို “ဂျင်”လို့ ခေါ်ပါတယ်။ “ဂျင်” ဟာ အမျိုး
မျိုး ရှိပါတယ်။ လူကို ခြောက်လန့်တဲ့ အလုပ်ကို မကောင်းတဲ့
“ဂျင်” က လုပ်ဆောင်တယ်လို့ သူတို့ သတ်မှတ်ထားပါတယ်။
ကားလိုက်စီးတဲ့ သူ့သူငယ်ချင်းတွေက သူ့ကားပေါ်မှာ အနံ့
တချို့ ရကြောင်းပဲ မှတ်ချက် ပေးကြပါတယ်။
အဓိက ပြဿနာက ကားရပ်ပြီးလို့ ပြန်ထွက်ချိန်မှာ စကားပြော
သံ ကြားရခြင်းနဲ့ နောက်ကြည့်မှန်ထဲကနေ ကားနောက်ခန်းထဲ
လူအရိပ်တချို့ မြင်နေရခြင်းပါ။ နောက်လှည့်ကြည့်တော့လည်း
ဘာကိုမှ မမြင်ရပါ။ တစ်ရက်ပြီး တစ်ရက် အလီတစ်ယောက်
စိတ်ပျက်နေပါပြီ။ ဒီလိုနဲ့ တစ်ရက်မှာ အလီတစ်ယောက် သူတို့
ညီအကို နှစ်ယောက် နေထိုင်ရာ အခန်းဆီ အပြင်က ပြန်လာ
ခဲ့ပါတယ်။ သူတို့နေထိုင်ရာ အပေါ်ထပ်ကနေ သူ့ကားကို
လှမ်းကြည့်လိုက်ပါတယ်။ ကား နောက်ခန်းထဲမှာ လူတစ်ယောက်
ကို သေသေချာချာ တွေ့လိုက်ရလို့ ကားခိုးခံရပြီ အထင်နဲ့
အောက်ထပ်ကို အပြေးအလွှား ပြေးဆင်းခဲ့ပါတယ်။ ကားပေါ်
မှာ မည်သူကိုမျှ မတွေ့ရ။
အဲဒီနေ့က သူ အချိန်ပိုင်း အလုပ်လုပ်တဲ့ အလုပ်ကနေ ကျောင်း
ဆီ ကားမောင်းပြီး လာခဲ့ပါတယ်။ မီးပွိုင့်ရောက်တော့ ကားလမ်းဟာ
ကုန်းအတက် ဖြစ်နေပါတယ်။ ဒါကြောင့် နံဘေးရှိ လက်ဆွဲ ဘရိတ်
ဆွဲ’မ ပြီး ကားရပ်လိုက်ပါတယ်။ အဲဒီချိန်မှာ သူ့စိတ်ထဲ သူ့ကား
ဘရိတ် မမိလို့ နောက်ပြန်လျှောကျပြီး နောက်မှာ ကပ်ပါလာတဲ့
ကားခေါင်းကို ၀င်တိုက်မိမှာ စိုးရိမ်းစိတ်နဲ့ နောက်ကြည့်မှန်ထဲကနေ
အနောက်ကို လှမ်းကြည့်လိုက်ပါတယ်။ နောက်ခန်းထဲမှာ အဖွားအို
နှစ်ဦးကို သူ သေသေချာချာ တွေ့လိုက်ရပါတယ်။ သူတို့က သူ့ကို
ရယ်ပြကြပါတယ်။ မရယ်နိုင်သူက အလီပါ။ ကားတံခါးကို
ဖွင့်ပြီး ခြေဦးတည်ရာ ပြေးခဲ့ပါပြီ ….။
အလီနဲ့ ကျန်တဲ့သူတွေ ပြောဆိုနေကြတဲ့ စကားသံတွေ
နားထောင်ပြီး စာရေးသူရဲ့ စိတ်ဟာ လွန်ခဲ့တဲ့ (၁၆)နှစ်ခန့်က
အဖြစ်အပျက် တစ်ခုကို ပြန်ပြောင်း သတိရမိပါတယ် ….။
အဲဒီခေတ်က ဗိုလ်တထောင် ကားပွဲစားတန်းမှာ အသိမိတ်ဆွေ
ကား “ဖား” တစ်ယောက်ရှိပါတယ်။ ကားဝယ်ရောင်း လုပ်သူကို
အဲဒီခေတ်က “ဖား”လို့ ခေါ်ပါတယ်။ “ဖား” လို့ သတ်မှတ်ခံရ
သူဟာ အနိမ့်ဆုံးအားဖြင့် ကားစီးရေ လေး … ငါး … ခြောက်
စီးလောက်ကို ပိုင်ဆိုင်သူပါ။ သူ့ညီက ဂျပန်နိုင်ငံကနေ ကားကို
သင်္ဘောပေါ်တင်ပြီး ပို့ပေးပါတယ်။ သူက စာရေးသူတို့ထံမှာ
ကားပါမစ်ကို လျှောက်ခိုင်းပြီး ကား တင်သွင်းတဲ့ အလုပ်လည်း
လုပ်ပါတယ်။ ပြည်ပ၀င်ငွေ ရှိပြီး အခွန်ဆောင်ထားတဲ့ သင်္ဘော
သားတွေ ကုန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ (Shore Job) တွေက
အခွန်ကျေပြီးသာ ၀င်ငွေခွန်ကို ပြပြီး ကားတင်သွင်းခွင့်
လျှောက်ရပါတယ်။ အဲဒီ တင်သွင်းခွင့် ကားပါမစ် ရလာတဲ့
အခါ ကားသွင်းချင်တဲ့လူတွေဆီ ပြန် ရောင်းစားကြပါတယ်။
အဲလို အရောင်းအ၀ယ်လုပ်ရင် “ပွိုင့်” ရိုက်တယ်လို့ ခေါ်
ပါတယ်။ ကားပါမစ် တစ်စောင်လျှောက်ပေးရင် လျှောက်ခ
(၆၀၀) လောက်သာရပြီး အရောင်းအ၀ယ်မှာ ကြားပွဲစား လုပ်
ပေးရင် (၂၀၀၀) လောက်ရပါတယ်။ ဒါကြောင့် ကားပါမစ်
လျှောက်ပေးတဲ့ ရုံးပွဲစားတွေဟာ အရောင်းအ၀ယ် “ပွိုင့်” ရိုက်
တဲ့ နေရာမှာလည်း ပိုက်ဆံလိုချင်လို့ လိုက်လုပ်ရပါတယ်။
(ဆက်ရန်။)
21 comments:
ကိုအောင်
ဒီပိုစ်လေးကို ဖတ်ရတဲ့ အတွက်ကျေးဇူးပါ ဒါပေမဲ့ သိတ်မကြာနဲ့နော် သိချင်လှပြီ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အလီအကြောင်းတော့ လန့်လန့်ဖတ်သွားပြီ
မြန်မာပြည်ရောက်လာတဲ့ကားအကြောင်း ဆက်စောင့်နေပါတယ်..
ဖတ်ရင်းနဲ့ကျောချမ်းလာလို့ အနောက်လှည့်ကြည့်လိုက်ရသေးး)
ဟွန့်. . မီးကလည်း ပျက်ပြန်ပြီ. .
ဒိန်းမတ်မှာ မီးမပျက်ပါ. .
ညန်ညန်ရေးဂျာ . .ခင်ညားနော်။
အလီတယောက်ထဲ ကားမောင်းရတာ ပျင်းမှာစိုးလို့ ထင်ပါတယ်။ သရဲတွေက စကားစမြည်လာပြောနေတာ။
အလီကလဲ ကြောက်တတ်ရန်ကော ... ။ :P
ကျမဆို မကြောက်ပါဘူး။ ကိုအောင် အပေါ်မှာရေးထားတဲ့ သတိပေးချက်တွေ့တာနဲ့ တရားခွေလေးဖွင့်ပြီးမှ စာဖတ်တာ။ :D
ဒါနဲ့ မနက်ဖြန်တော့ ဘောလုံးပွဲ မကြည့်နိုင်တော့ဘူး။ အပြင်သွားစရာရှိလို့။ :(
:)))...ဖတ်လို့ကောင်းတယ်...
ခင်မင်တဲ့
နေ၀သန်
:)))...ဖတ်လို့ကောင်းတယ်ဗျ....
ခင်မင်တဲ့
နေ၀သန်
ကိုအောင်ရေ ဇာတ်လမ်းတော့အဆက်မပြတ်နေနဲ့ဗျာ..။
အားရပါးရလေးဖတ်ချင်တာ..ဟဲဟဲ..။
ကြောက်မလို့ရှိသေး..ကြီးမေရေးထားတာဖတ်ပြီးရယ်ရသေးတယ်..။
ကားသရဲလို့ခေါ်မလား...ကားကိုအစွဲမကျွတ်တဲ့ သရဲလို့ခေါ်မလား...ဘာသရဲပဲဖြစ်ဖြစ်ဗျာ....မြန်မြန်ဆက်ပါဗျို့။
ကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ခုထဲက ကားသရဲကတော်တော်ကြောက်ဘို့ကောင်းတယ်၊ အလီဂျင်ကားသရဲအပြီး ရန်ကုန်ကားသရဲ အကြောင်းစောင့်မျှော်လျှက်။
အလီရဲ့ ကားသရဲ အကြောင်းတော့ဖတ်ပြီးပြီ။
ပြည်တွင်းဖြစ်ကားသရဲ ကို စောင့်မျှော်လျက်....
( အကိုရေ....မြန်မြန်ဗျို့...)
ကိုအောင်ရေ..နောက်တခါ သရဲချင်း ဖိုက်ကျစို့လား..း)))
ရွှေပြည်မှာတော့ မီးပျက်လို့ အော်ရ ဘလော့ပေါ်တော့ ဘာပျက်တာမှန်းမသိ ဆက်ရန် မျှော် စောင့်ရတဲ့ အလုပ်လောက် မကောင်းတာ ဘာမှမရှိဘူး မြန်မြန်ဗျို့
ခင်မင်တဲ့
seesein
ရန်ကုန်မှာ ညဖက် ဂိုဒေါင်ထဲမှာ ထထပြီး စက်နိုးတတ်တဲ့ ကားသရဲ အကြောင်းတော့ ကားပွဲစားတွေ ဆီကနေ တစွန်းတစ ကြားဖူးတယ်။ အဲဒီကား အကြောင်းများလား။
ဟုတ်ပါတယ် ZT ရေ ...
အဲဒီဇာတ်လမ်း ဆိုပါတော့၊ ပထမ ဖြစ်ရပ်နဲ့ ပုံစံတူ
ဖြစ်ရပ်တစ်ခုက နောက်ထပ် သုံးနှစ်အကြာလောက်မှာ
ထပ်ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် ပထမ ဖြစ်ရပ်လောက်
အသံ မထွက်ခဲ့ပါဘူး။
တော်သေးတာပေါ့ ကားမောင်းရင်းသာ တွေ့လိုက်ရရင် ကားတိုက်မှုတွေ ဖြစ်သွားနိင်တယ်။
စိတ်ဝင်စားစရာလေးကို အစဆွဲသွားပြန်ပြီ။
ဆက်ရန်နဲ့ပဲ တိုးနေရတာ များပြီ....။
ဘောပွဲကြည့်ဖို့ ငိုက်နေတုန်း သရဲဇာတ်လမ်း ဖတ်လိုက်ရတာ ကြက်သီးထောင်ထ သွားတယ်။ ကားတွေနား သွားမကပ်ရဲတော့ဘူး။
ကျနော်ကြားဖူးတဲ့ ကားသရဲကတော့ ပြည်တွင်းဖြစ်ဘဲ ကိုအောင်ရေ။ ဂျပန်အကျ ကားတစ်စီးပေါ်က ပါလာတဲ့ သရဲပဲဗျ. ကားအမျိုးအစားတော့ သေချာမမှတ်မိတော့ဘူး။ သို့သော် လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးက ကာလပေါက်ဈေး ၆ သိန်းလောက်ရှိတဲ့ ကားကို ၆ သောင်းဈေးချထားတာတောင် ၀ယ်မဲ့သူမရှိတာဗျ။ အဲဒီကားဟာ ၈ျပန်မှာ အက်ဆီးဒင့်ဖြစ်ပြီး ကားပိုင်ရှင် ဂျပန်မ သေဆုံး။ သူမကိုယ်တိုင် သရဲဖြစ်ပြီး ကားကို စောင့်နေရတယ်လို့ ပြောကြဆိုကြတာပဲ။ အဲဒီကားကို ခနလောက် ၀ယ်ဖူးတဲ့ အသိဝယ်ရောင်းတယောက်အဆိုအရ ကားကို အိမ်အောက်ထပ်မှာ ထားပြီး သူတို့က အပေါ်မှာအိပ်တယ်။ ညည သန်းခေါင်လောက်ဆို ကားက ဆိုင်းလင့်မီးတွေ အလိုလို ထလင်းတယ်။ မီးကြီးတွေ ထထ ရိုက်တယ်။ တခါဒီထက်ဆိုးလာပြန်တော့ အင်ဂျင်ပါ ကောက်နိုးပါလေရောတဲ့။ သွားကြည့်ရင် ရပ်နေပြန်ရော ဆိုပဲဗျ။ အဲတာနဲ့ သူတို့မိသားစုလည်း အိပ်ရေးပျက်သပေါ့ဗျာ။ ကြားဖူးနားဝနဲ့ ဘုန်းကြီးတွေ ပင့် တရားနာ ပရိတ်ရေလောင်း လုပ်လည်း သိပ်မထူးဘူးတဲ့. ခနတော့ ငြိမ်သွားတာတယ်ဆိုလားဗျာ။ နောက်ဆုံးကျတော့ ညဘက် မီးပျက်တုန်း အိမ်အောက်ဆင်းလာ ကားထဲ လက်နှိပ်ဓာတ်မီးနဲ့ မတော်တဆ ထိုးကြည့်မိရာက ရွေကိုယ်တော် ဂျပန်မက ကားနောက်ခန်းမှာ အငြိမ့်သားထိုင်တော်မူနေသတဲ့။ ဒါတင်ပဲလားဆိုတော့ ရွှေညောင်ပင် သွားပြမယ်ဆိုပီး မနက်စောစော ၅ နာရီလောက် ဆင်းပြီး ကားသော့ဖွင့်တာ ကားသော့ပေါက်ထဲက သွေးတွေ ပန်းထွက်လာလို့ ဒရိုင်ဘာတောင် ကြောင်တောင်တောင် ဖြစ်သွားဖူးဆိုတာပဲ။ နောက်ဆုံးတော့ အဲဒီခေတ်စကားအတိုင်း ၀ယ်ရောင်း ပွဲစားတွေ အချင်းချင်းလှည့်ပတ် ဂျင်းထည့်ရာကနေ ရန်ကုန်မှာ ၀ယ်လက်မရှိတော့ဘဲ အပြင်မှာ မိုးထဲရေထဲ ပစ်ထားရတဲ့ အခြေဆိုက်ရော။ နောက်ဆုံးတော့ ရှမ်းပြည် ကလော တောင်ကြီးဖက်မှ ရှမ်းဝယ်လက် တစ်ယောက် လက်ထဲပါပီး ရှမ်းပြည်ဖက် တက်သွားပါတယ်တဲ့။ ၂- ၃ နှစ်ကြာပီး သတင်းကြားတာတော့ ရှမ်းပြည် တောင်ဘေးချောက်ထဲ ကားမှောက်ပြီး ရစရာမရှိအောင် စုတ်ပြတ်သွားရာက ဇာတ်သိမ်းသွားပါလေရောတဲ့ဗျာ။
အဲတာ ကြားဖူးတာလေးပေါ့။ ကိုယ်တိုင်ကြုံဖူးတာတော့ စင်္ကာပူကျ အက်က်အီးဆလွန်းလေး တစ်စီးဝယ်ဖူးတယ်။ ကားရော အင်ဂျင်ပါ ဥာဉ်ကောင်းတယ်ဗျာ။ ဘာမှ ပြသနာမရှိဘူး။ ဒါပေမဲ့ တချက်တချက် ဖောက်တတ်တာက ညနေဖက်နေ၀င်ရီ တေ၇ာ အပြင်သွားတယ်ဆိုရင် ဒရိုင်ဘာရော ကားပေါ်ပါလာတဲ့ သူတွေရော မြင်ရတာဗျ။ လူတယောက်လိုလို အရိပ်လိုလို ဟာ ကားရှေ့ကို ၀မ်းလျားထိုးချလိုက်သလိုလိုပဲဗျ။ ဒရိုင်ဘာကလည်း လန့်ပီး ဘ၇ိတ်ကို ဒတ်စ်စတော့ အုပ်ပေါ့ဗျာ။ ကားပေါ်က တခြားလူတွေလည်း အော်ကြပေါ့။ ဟဲ့ ကားတိုက်လိုက်ပီပေါ့။ သွားကြည့်ပါဦး တိုက်ခံရတဲ့သူ ဘာဖြစ်သွားလဲဆို ဆင်းကြည့်ရင် ဘာမှကို မရှိဘူးဗျ။ အဲလိုဖြစ်တာကလေ လူပြတ်တဲ့နေရာမျိုးမှာ ပိုဖြစ်တတ်တယ်။ ကျနော်တို့က အဲဒီတုန်းက ရန်ကုန်အင်းစိန်ရွာမ ထဲ နေတာဆိုတော့ ညနေဆို လူခြေကလည်း တိတ် သစ်ကြီး ၀ါးကြီးကလည်း ရှိဆိုတော့ မကြာမကြာဖြစ်တတ်တယ်။ တတ်သိနားလည်တဲ့သူ မေးကြည့်တော့ အဲဒီကားက လူတယောက်ကို တိုက်သတ်ဖူးသတဲ့ဗျ. အဲဒီသေသွားတဲ့လူကပဲ စွဲနေတာလား။ ရီဖလက်ရှင်းပဲ ဖြစ်သလားမပြောတတ်ပါဘူးဗျာ။ ကျနော်တို့လည်း မကြာခင်လှည့်ပတ်ပြီး ဂျင်းထည့်ပေးလိုက်ရတယ်။ နည်းနည်းတော့ ရှုံးတာပေါ့ဗျာ။ စိတ်တော့ အပုံကြီးကို ပေါ့သွားပါတယ်။
ကျေးဇူးပါ ကိုအောင်ရေ
လေးစားလျက်
မောင်ထွန်း
မောင်ထွန်းရေ ...
ရှမ်းပြည်မှာ အစ ပျောက်သွားတာက ဒုတိယ ဇာတ်
လမ်းပါ၊ လွန်ခဲ့တဲ့ အနှစ် (၂၀) တော့ မဟုတ်သေး
ပါဘူး၊ ၉၃ နှစ်ကုန်မှာ ၀င်ခဲ့တဲ့ ကားပါ၊ ကျနော် အခု
ရေးနေတာက ၉၃ နှစ်ဆန်း ၀င်ခဲ့တဲ့ ကားအကြောင်းပါ။
တကူးတက လာပြောတာ ကျေးဇူးပါ။
ဘယ်တော့ အသစ်တင်မလဲ စောင့်နေတာဗျ။ သည်းထိတ်ရင်ဖိုတွေချည်းပဲ ကြိုက်တယ်ဗျာ။
ခုတလော..အွန်လိုင်းမှာ..
သရဲကြောင်းတွေဖတ်နေရတော့...
ခုလည်း..အလီကိုယ်စား..ကြောက်ကြောက်နဲ့ဖတ်နေရတယ်။
ကြောက်ကြောက်နဲ့ပဲ..
ဆက်ရန်ကိုစောင့်မျှော်ဖတ်နေပါတယ်။နှော်
ခင်မင်စွါဖြင့်
ခိုင်နုငယ်
ကိုအောင်ခင်မြင့်ရေ....ကျနော့ကိုယ်တွေ့ပြောပြဖူးတယ်ထင်တယ်။ ကြုံတုန်း ထပ်ပြောပြဦးမယ်။၂၀၀၆ ခုနှစ် ၄လပိုင်းမှာ
အမေရိကမှာ ပထမဆုံး ကားဟောင်းတစီး စ၀ယ်ဖြစ်တယ်။ ( 2002 toyota 4runner)။ စပေါ်ငွေ ၃ထောင်ပေးပြီး ဒေါ်လာ ၄၀၀ လစဉ် ကားပေးမန့်ပေးရန် ၅နှစ်စာချုပ် နဲ့သဘောတူကာ တိုယိုတာ ဒီလာ ကနေ ၀ယ်ခဲ့တယ်။
မကြာမကြာ car alarm က နေ့ရော ညပါ ထထမြည်တယ်။
အကုန်စစ်ဆေးကြည့်လည်းဘာမှမဖြစ်ဘူး။သံသယရှိလာတော့ တရားခွေ အမြဲဖွင့်မောင်းတယ်။၅လပိုင်းမှာ ဘုန်းကြီးကျောင်းမှာ အရုဏ်ဆွမ်းကပ်ပြီး အပြန် မီးပွိင့်မှာ အက်ဆီးဒန့် ဖြစ်ရော..။အဲဒီအချိန် ဦးဥာဏိဿရရဲ့ပရိတ်ကြီး ၁၁သုတ်ခွေ ဖွင့်လျက်သားနဲ့။
ကားခေါင်းပိုင်းထိသွားတယ်။နောက်တခုက=၈လပိုင်း၈ရက် ၂၀၀၆ ရှစ်လေးလုံးနှစ်ပတ်လည်နေ့ မလုပ်ခင်ညမှာ
သန်းခေါင်အချိန်လောက် အခမ်းအနားအတွက် နှင်းဆီပန်းတွေ သွားဝယ်ဖို့ ကားမောင်းခဲ့တယ်။သိပ်မကြာခင် ကားနောက်ခန်းအတွင်းထဲက တံခါးကို တဒုံးဒုံးထုသံ မကြာမကြာ ကြားရတယ်။တသက်နဲ့တကိုယ် ရုပ်အဆင်းနဲ့ခြောက်လှန့်တဲ့သူရဲမမြင်ခဲ့ဖူးသူ။အသံနဲ့
ခြောက်တဲ့သူရဲ။အနံ့နဲ့ခြောက်တဲ့သူရဲ။အတွေ့အထိနဲ့ခြောက်တဲ့သူရဲ တွေကို မကြုံခဲ့ဖူးသူ။အဲဒီညမှာ အသံနဲ့ခြောက်လှန့်တာကို ပထမဆုံးကြုံခဲ့ဖူးလို့ နာနာဘာဝကို ကိုယ်တွေ့ယုံခဲ့ရတယ်။ဒါနဲ့ ကျောချမ်းစွာကားမောင်းရင်း တရားခွေဖွင့်ရင်း သူရဲကို ကားထဲမှာ မနှောင့်ယှက်ဘဲ ဆင်းသွားဖို့ အမျှ၃ကြိမ်ဝေရင်း ကားမှန်တွေ ဖွင့်ရင်း မောင်းခဲ့တယ်။
တခါနှစ်ခါ ဆက်ကြားနေသေးခဲ့သေးတယ်။စူပါမားကတ် ပါကင်မှာ ရပ်ပြီး ကားတံခါးတွေဖွင့်ပြီး ထပ်မောင်းထုတ်၇တယ်။ပန်းတွေဝယ်ပြီး ကားပြန်မောင်းတော့ သူရဲရှိသေးလားလို့ ကြောက်ကြောက်နဲ့ တရားခွေဖွင့်ရင်း အိမ်ပြန်မောင်းလာပေမယ့် အပြန်လမ်းမှာ ဘာသံမှမကြားတော့ဘူး။စိတ်ထင် ဈေးဆိုင်မှာ သူရဲဆင်းသွားတာ ဖြစ်နိုင်တယ်။နောက်လည်း မကြာမကြာ အလန်းမြည်တာတော့ အမြဲဖြစ်တယ်။
၂၀၀၉ခုနှစ်ထဲမှာ မီးပွိင့်မှာပဲ ကားခေါင်းချင်းတိုက်ကြပြီး အက်ဆီးဒန့် ထပ်ဖြစ်တယ်။အဲဒီတုန်းက သဲအင်းဂူဆရာတော်ကြီးရဲ့ အာနာပါနရှုကွက်ခွေ ဖွင့်ရင်း တိုက်ကြတာ။လူတော့ဘာမှမဖြစ်ဘူး။ကားက ပြန်မပြင်ချင်တော့လို့ ကားအာမခံ ငွေ၇ထောင်ကျော် အလျော်ရလို့ ကားဒီလာမှာပဲ ထားခဲ့လိုက်တော့တယ်။
တရားခွေက အဲဒီကားထဲပါသွားတာ ပြန်မယူဖြစ်တော့ဘူး။အခုလည်း toyota camry ကားဟောင်းတစီး ပြန်ဝယ်စီးနေတယ်။ဒီတစီးကတော့ ဘာမှ သူရဲခြောက်တာ ဖောက်ပြန်တာမတွေ့ရပါ။ တိုက်ခံခဲ့ရတဲ့ ကားပျက်ပုံတွေ အီးမေးလ်နဲ့ပို့လိုက်မယ်။သူရဲစီးနေတဲ့ကားဟောင်းရဲ့ ဇာတ်သိမ်းခန်းပုံလေး ယုံရအောင်လို့ပါဗျာ။
ခင်မင်လျှက်-
အိုးဝေအောင်
Post a Comment