Friday, 4 June 2010

ဘောလုံးပွဲကြိုက်တဲ့ ကျနော်

ကျနော့်ဇာတိမြေ ဂွတ္တလစ်မှာ နိုင်ငံ့ လက်ရွေးစင် ဘောလုံးသမား
အချို့ ရှိခဲ့ဖူးပါတယ်။ ကျနော်ငယ်ငယ်က ကျောင်းစ’တက်တော့
အတန်းထဲရှိ တခြားရပ်ကွက်က သူငယ်ချင်းတွေနဲ့ အာဘောင်
အာရင်းသန်သန် ပြိုင်ကြွားရတာ ပျော်စရာပါ။

နိုင်ငံ့လက်ရွေးစင်အဆင့် ဘောလုံးသမားဟောင်း ကိုသက်တင်၊
မြန်မာနိုင်ငံ ကရာတေဒိုအဖွဲ့ချုပ်ရဲ့ ကင်ဒိုဓါးသင်တန်း နည်းပြ
ဆရာ ကိုကြီးကျိုင်း၊ ပိုက်ကျော်ခြင်းနဲ့ ၀န်ကြီးဌာန လက်ရွေးစင်
ဖြစ်ခဲ့တဲ့ မေယုလမ်းသားတွေ၊ မင်းလမ်းထဲက အမျိုးသမီး ဂျူဒို
နိုင်ငံ့လက်ရွေးစင်ဟောင်း မစိုးစိုး၊ ဦးအောင်ဘလမ်းထဲက ၀န်ကြီး
ဌာနပေါင်းစုံပြိုင်ပွဲမှာ ကာယဗလမောင် ဖြစ်ခဲ့တဲ့ ငယ်သူငယ်ချင်း
ကျော်စွာကြီး၊ မေယုလမ်းထိပ်က အကောက်ခွန်ဘောလုံးအသင်း
ရဲ့ ဘောလုံးသမားဟောင်း ကိုမျိုးဦးတို့ဟာ လူလတ်တန်းစားနဲ့
ဆင်းရဲသားတွေ ရောထွေးနေထိုင်တဲ့ ကျနော်တို့ ရပ်ကွက်အတွက်
ဂုဏ်သတင်းတချို့ကို သယ်ဆောင်ပေးခဲ့တဲ့သူတွေပါ။



မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း ကိုသက်တင်ဟာ
မင်္ဂလာသိဒ္ဓိလမ်းထဲမှာ နေပါတယ်။ ကျနော် နည်းနည်း အရွယ်
ရောက်တဲ့အထိ ကိုသက်တင်ဟာ ရပ်ကွက်ကိုယ်စားပြု လူငယ်
ဘောလုံးအသင်းရဲ့ နည်းပြဆရာအဖြစ် နှစ်စဉ်လိုလို အခမဲ့ ကူညီ
ဆောင်ရွက်ပေးရှာပါတယ်။ စစ်တုရင် အရုပ်တွေအပေါ် စိတ်ဝင်စား
ခဲ့တဲ့ ကျနော်ဟာ ဘောလုံးပွဲ နံဘေးမှာ ရပ်ကြည့်အားပေးတာက
လွှဲရင် အဖြစ်ရှိအောင် မကန်တတ်ပါဘူး။

(၁၉၉၆ ခုနှစ် ဥရောပဖလားတွင် ဂျာမန်နောက်တန်းလူ မာသီး
ယပ်
ဆမ်းမားဟာ ဂျာမန်အသင်းအတွက် အင်္ဂလန်အသင်းထံ ဂိုး
သွင်း
ယူ ပေးခဲ့ပါတယ်။ သူ သွင်းခဲ့တဲ့ ဂိုးကြောင့် ဘောလုံးပွဲကြည့်
နေတဲ့
အဲလီဇဘက် ဘုရင်မကြီး ခေါင်းငုံ့သွားပါတယ် …။)

ကျနော် ငါးတန်းကျောင်းသား ဘ၀ရောက်တော့ ကျနော်တို့ဒေသ
မှာ ဘောလုံးပွဲနဲ့ ပက်သက်ပြီး ထိတ်လန့်ဖွယ်ရာ ရန်ပွဲတစ်ခု ဖြစ်
ပွားခဲ့ပါတယ်။ ပြည်ထောင်စုအလံ တစ်နိုင်ငံလုံးပတ်ပြီး သယ်ဆောင်
လာလို့ အပြန် ကျနော်တို့ ရပ်ကွက်နံဘေးက ကျိုက္ကဆံကွင်းထဲ
ရောက်ခါနီးတဲ့ အချိန်ကာလ တစ်ခုပါ။ လမ်းပေါ်ရှိ သစ်ပင်တွေကို
ဓါတ်ကြိုးနဲ့ လွတ်အောင် အရပ်ထဲက လူတွေ ကိုယ်ထူကိုယ်ထ
အစီအစဉ်နဲ့ ကိုယ့်အိမ်ရှေ့က သစ်ပင်ကို ခုတ်ရပါတယ်။ လက်ထဲ
မှာ ပေါက်စိန်တွေ ရဲတင်းတွေ ကိုင်လျက်ပါ။ အဲဒီအချိန်မှာ အရပ်
ထဲက ကျနော့်ငယ်သူချင်းတချို့ဟာ ကျိုက္ကဆံကွင်း (ကျနော်တို့
အခေါ် မြင်းပြိုင်ကွင်း) ထဲမှာ ယခင် တာမွေ သင်္ချိုင်းကုန်းနံဘေး
ရှိ ရပ်ကွက်ထဲက လူငယ်တွေနဲ့ ဘောလုံးကစားကြပါတယ်။
စီးလာတဲ့ ဖိနပ်တွေကို ပုံပြီး ဂိုးတိုင်အဖြစ် လုပ်ပါတယ်။ ဂိုးသွင်း
တဲ့အခါ “လက်ထိ ဂျိုင်းအောက်” ဂိုးသွင်းမှ ဂိုးအဖြစ် သဘောထား
ပါတယ်။

ဘောလုံးကန်နေတဲ့ နေရာဟာ ကျနော်တို့ရပ်ကွက်ဖက်နဲ့
နည်းနည်း အလှမ်းဝေးတဲ့ နေရာမှာပါ။ ကလေးတွေအချင်းချင်း
ဘောလုံးကစားရာမှာ “ဂိုး”တယ် “မဂိုး”ဘူး ငြင်းခုန်ရာကနေ
ရန်စ’ဖြစ်ပါတယ်။ ဟိုဖက်ရပ်ကွက်ထဲက ကလေးရဲ့ အကို
ဖြစ်သူက ၀င်ရောက်လာပြီး ကျနော်တို့ရပ်ကွက်ထဲက
လူငယ်ကို ဆွဲထိုးလိုက်ပါတော့တယ်။ အဲဒါနဲ့ လက်သီးနဲ့
အထိုးခံရတဲ့ လူငယ်ဟာ ငိုယိုပြီး ရပ်ကွက်ထဲကို ပြန်လာပါ
တယ်။ ရုတ်တရက် ဒေါသထွက်သွားတဲ့ ကျနော်တို့ အရပ်
ထဲက လူတချို့ဟာ လက်ထဲမှာ လက်နက်မျိုးစုံကိုင်ပြီး တဖက်
ရပ်ကွက်ဆီ ချီတက်ကြပါတယ်။ နာရီပိုင်းအတွင်း ကျောက်ခေတ်
အမှတ်တရ တိုက်ပွဲကို ဆင်နွဲကြပါတယ်။ နှစ်ဖက်စလုံးမှ လူ
တချို့ သေဆုံးပြီး တချို့လည်း ဆေးရုံကြီးမှာ အတွင်းလူနာ
အဖြစ်သို့ ရောက်ရှိကြပါတော့တယ်။

(ဥရုဂွေးနဲ့ ကော်စတာရီကာ၊ အယ်လီဆာဗေးဒိုးနဲ့ ဟွန်ဒူးရပ်စ်
တို့ ဘောလုံးကြောင့် စစ်ဖြစ်ပွားခဲ့တာကို အားကျလို့ပါ …။)

ကျနော် ပြည်ပ ထွက်မလာခင်မှာ ကျနော်တို့ဒေသထဲမှာ
မျိုးဆက်သစ် ဘောလုံးကစားသမားတချို့ ထွက်ပေါ်လာ
တာကို တွေ့ရပါတယ်။ လှည်းကူး ရဲမွန်အခြေစိုက် နိုင်ငံ့
လက်ရွေးစင် ဘောလုံးအသင်းကို စစ်အစိုးရ စခန်းသွင်း
လေ့ကျင့်ခဲ့ပါတယ်။ အဲဒီ ဘောလုံးအသင်းရဲ့ ကပ္ပတိန်
ဝင်းမင်း ခေါ် ၀င်းမင်းဦးဟာ ကျနော်တို့ ဂွတ္တလစ်အနောက်
မြောက်ရပ်ကွက် (ယခုအခေါ် ဆရာစံအနောက်မြောက်)
ထဲရှိ မော်လမြိုင်လမ်းသား တစ်ဦးပါ။ သူတို့ မိသားစုဟာ
စီးပွားရေးအရ အလယ်အလတ်တန်းစားနီးပါးသာ ရှိပါ
တယ်။ အဲဒီအချိန်က သူတို့အိမ်မှာ TV မရှိပါဘူး။ သူ
ဦးဆောင်တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ
အရှေ့တောင် အာရှဘောလုံးပွဲမှာ အုပ်စုမှာတင် ပြုတ်ပြီး
ဖိုင်နယ်ပွဲမတိုင်ခင် အိမ်ပြန်ရောက်လာပါတယ်။ အဲဒါနဲ့
အိမ်ပြန်ရောက်လာတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား
ကျနော်တို့နယ်သား ၀င်းမင်းဟာ ပြည်ပမှာ ဘောလုံးသွား
ကစားလို့ သူရခဲ့တဲ့ ဒေါ်လာငွေလေးနဲ့ အပြေးအလွှား
TV တစ်လုံး ပြေးဝယ်ပြီး ဖိုင်နယ်ပွဲ ကြည့်ရရှာပါတယ်။

(ဘေယန်မြူနစ်အသင်းရဲ့ နောက်တန်းလူ အဖြစ် ကစားခဲ့
တဲ့ ဂါနာနိုင်ငံသား ကူးဖိုးဟာ ဘောလုံးစ’ကစားဖို့ သူ့မိသားစု
ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော TV ကို ရောင်းစားပြီး
ဘောကန်ဖိနပ် ၀ယ်ယူ ခဲ့ရဖူးပါတယ် …။)

ဘောလုံးပွဲနဲ့ ပက်သက်ပြီး လောင်းကစားလုပ်ခြင်းကို ကျနော်ဟာ
တော်တော်လေး ခုံမင်ခဲ့ဖူးပါတယ်။ ကျနော် တက္ကသိုလ်တက်ခါစ’
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ကမ္ဘောဒီးယားအသင်း
နဲ့ အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲမှာ ကွာတာတက်ဖို့ ယှဉ်ပြိုင်
ရပါတယ်။ မြန်မာအသင်းဟာ သရေကစားနိုင်ရင်တောင် နောက်
တဆင့်ဆီ တက်ရမှာပါ။ ကျနော်အပါအ၀င် ကျနော်တို့ ဒေသက
ဘောလုံးပွဲ လောင်းကစားလုပ်သူတွေ မြန်မာအသင်းဖက်ကနေ
မျိုးချစ်စိတ် အရင်းတည်ပြီး လောင်းကြပါတော့တယ်။ လောင်း
ကြေးက (၂)ဂိုး အသာမှ တစ်မတ်အနိုင် (၂၅%)ပါ။ အဲဒီနေ့
က မြန်မာအသင်းဟာ သူတို့နဲ့ ဘောလုံးအဆင့်ချင်းများစွာ နိမ့်
ကျတဲ့ ကမ္ဘောဒီးယားအသင်းအပေါ် လျှော့တွက်ပြီး အရန်လူတွေ
နဲ့ စ’ကစားပါတယ်။ (၃) ဂိုးဆက်တိုက် အသွင်းခံရပါတယ်။
First line-up နဲ့ လူပြန်လဲဖို့ ကြိုးစားပါတယ်။ သို့ပေမဲ့ အရှုံးကြီး
ရှုံးခဲ့ပါပြီ။ ကျနော်လည်း ရှိစုမဲ့စု မြန်မာငွေ သုံးသောင်း ပါသွားပါ
တယ်။ တစ်ရပ်ကွက်လုံး မီးခိုးတိတ်ပါ။ ကျနော့်အသိ တချို့ဆိုရင်
အိမ်က TV ကိုပါ ရိုက်ခွဲကြပါတော့တယ်။

(၂၀၀၂ ကမ္ဘာ့ဖလားမှာ တရုတ်ဘောလုံးအသင်း ခြေစစ်ပွဲ
အောင်တော့ မျက်မမြင်ကျောင်းက ကျောင်းသားတွေတောင်
မျိုးချစ်စိတ်ကြောင့် ငိုကြွေးပြီး ဂုဏ်ယူကြတယ်၊ ကားလမ်းတွေ
ပေါ်မှာ ကားတွေရပ်ပြီး ကားဟွန်းတွေ ဆက်တိုက်တီးကြ
တယ်၊ မြန်မာနိုင်ပြီဆိုတဲ့ အသံဟာ ….။)

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကန်နေချိန်မှာ ကျနော်ဟာ
မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့စွန်းရှိ ဆာလာယန်းအပိုင်
နံပါတ် (၅၀) ဂိတ်ဆုံးရှိ စက်ရုံတစ်ရုံမှာ သာမန်အလုပ်သမား
အဖြစ် အလုပ် လုပ်နေချိန် ဖြစ်ပါတယ်။ ကျနော်တို့ စက်ရုံမှာ
အင်ဂျင်နီယာအဆင့်ရော သာမန်အလုပ်သမားအဖြစ်ရော
အလုပ်လာလုပ်သူ ရွှေမြန်မာတွေ တစ်ရာနီးပါး ရှိပါတယ်။
ဂျပန်ဘောလုံးအသင်းနဲ့ ရုရှားဘောလုံးအသင်း အုပ်စုပွဲ
မှာ ကစားရပါတယ်။ အဲဒီနေ့က ကျနော့်အကိုအရင်းဖြစ်သူ
ဟာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ သမီးဖြစ်သူထံ
ငွေလွှဲပေးဖို့ သူ့ပိုက်ဆံကို ကျနော်ကို ပေးပြီး အလုပ်ထဲမှာ
အချိန်ပို အိုဗာတိုင် ဆက်ဆင်းနေပါတယ်။ သူ့ပိုက်ဆံရော
ကျနော့်ပိုက်ဆံပါ နှစ်ခုပေါင်းရင် မလေးရှားငွေ ရင်းကစ်
၂၀၀၀ နီးပါးရှိပါတယ်။ တွေ့သမျှလူက ရုရှားအသင်း ဘယ်လို
တော်ကြောင်း ကောင်းကြောင်းပဲ ချီးမွမ်းနေပါတယ်။ ဒါနဲ့
ကျနော်လည်း ဂျပန်ဖက်က ရှိတယ်ဆိုပြီး လုပ်ချလိုက်ပါ
တယ်။ ဂျပန်အသင်းက ရုရှားအသင်းအပေါ် တစ်လုံးတည်း
သော ဂိုး သွင်းယူလိုက်ချိန်မှာ “ဂိုး”ဆိုတဲ့အသံကို ကျနော်
ကြွေးကျော် လိုက်ပါတယ်။ ကျနော့်နံဘေးမှာ ကျနော်နဲ့အတူ
TV ထိုင်ကြည့်နေတဲ့ စက်ရုံက အလုပ်သမားတစ်ဦး သတိလစ်
ပြီး မေ့လဲသွားပါတယ်။ သူလည်း ကျနော်လို လစာပြုတ်
လောင်းထားပါတယ်။ သူက ရုရှားအသင်းဖက်ကပါ။ သူ့ကို
တော်တော်လေး ပြုစုလိုက်ရပါတယ်။ ဘောလုံးပွဲလောင်းတာ
အနိုင်ရပေမယ့် ကျနော့်အကိုရဲ့ ဆဲသံများက ကမ္ဘာ့ဖလား ပြီး
တဲ့ အချိန်အထိ မပြီးသေးပါဘူး။ ကျနော့်အကိုရဲ့ ဆဲသံများ
ကြောင့် ဘောပွဲရှုံးလို့ သတိမေ့သွားတဲ့ လူရဲ့ ပိုက်ဆံကို ပြန်
ပေးလိုက်ရပါတယ်။

(၂၀၁၀ ကမ္ဘာ့ဖလား နီးကပ်လာတဲ့ အခုချိန်မှာ ဒေါ်လာဈေး
နဲ့ ငွေလွှဲဈေးတွေ ကျဆင်းနေပါတယ်။ အိမ်လည်း မလွှဲဖြစ်
လက်ထဲတွင် ဆက်လက် ကိုင်ဆောင်ထားသော ရေခြား
မြေခြားရောက် ရွှေအလုပ်သမားများ သတိထားတော်မူကြပါ …။)


-စစ်ငြိမ်းဒီရေ

14 comments:

ရွှေရတုမှတ်တမ်း said...

လောင်းရတာဝါသနာပါသူကတော့ သိကြားမင်းဆင်းတားလဲ လောင်းမှာပဲကိုအောင်ရေ

Anonymous said...

ကျမ နဲ့ ဘောလုံး နဲ့ ဘယ်လိုပတ်သက်တာလဲ ပြောရရင်တော့ ကျမ ငယ်ငယ်က ကျမ အဖေ ရယ် ကျမ အကိုတွေက ပြည်နယ် နဲ့ တိုင်း ဘောလုံး ပွဲတွေ ရေဒီယို ကနေ လာ တဲ့ အခါ ဖွင့် ထားတာတွေ နားထောင်ရာကနေ ဘောလုံးပွဲ စိတ်ဝင်စား လာ တာ လို့ ပြောရမယ်... ခုထိ မှတ်မိနေ သလောက်က အဲ တုန်းက ဘောလုံးသမား ပေါက်စီ ဆိုတဲ့ တယောက်တော့ သေချာ မှတ်မိသေးတယ် ... ခု ဒီရောက်တော့မှ ရေဒီယို ကနေ ဘောပွဲ အကြောင်း တိုက်ရိုက်လွှင့်ပေးတဲ့ အသံ တွေ သတိတရ ရှိ လိုက်တာ ... အဲ လို ကြေငြာ တဲ့ ထဲ တော့ စပန်းနစ်ရှ် ဘာသာ နဲ့ ပြောတဲ့သူတွေ ဟာ နားထောင်ရတာ တော်တော် နားငြီးတာဘဲ .. ကိုယ်က နားမလည် တာ လည်း ပါ မှာ ပေါ့ နော် ... ဒီမှာတော့ စပန်းနစ်ရှ် တွေက
ဘောလုံးကန်တာ စိတ်ဝင်စားတဲ့ ထဲတော့ သူတို့ ထိပ်ဆုံး ကဘဲ ... အားကစား ကွင်းထဲ ဘောလုံးကစားနေတာကြည့်လိုက် သူတို့ချည်း ဘဲ လေ ... အဖြူ တကောင် မှ မပါဘူး ဗျ ... ကျမ မောင်လေး ငယ်ငယ်တုန်းက တိုက်ပြင်နေတဲ့ ကွက်လပ်ထဲ ဘောလုံးကစားကောင်းတာ ခြေမျက်စိကွဲပြီး ဆရာဝန်ဆီ သွားလိုက်ရလို့ ဆေးဖိုးတော်တော် ကုန်သွားသေးတယ် ... ကျမ အမျိုးသား ကလည်း ဘောလုံး ၀ါသနာအိုး ဘဲ ... ဗမာပြည်မှာတုန်းက သူတို့ နေတဲ့ မြို့ မှာ မြို့နယ် အလိုက် ကစားတုန်းက goal keeper လုပ်ခဲ့ သေးတယ် ... သူ့ခြေထောက်မှာလည်း ဒဏ်ရာ တွေနဲ့ ပေါ့ ... ခု ကျမ သမီး လေး ကလည်း ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလားတုန်းက တော့ ၅ နှစ်သမီးဘဲ ရှိသေး ပေမယ့် အမေ နဲ့ အတူ တီဗီကနေ လိုက်ကြည့် နေသေးတယ် သူလည်းကြိုက်တယ် လေ ( ရေးရင်း နဲ့ မှ သမီး ဘောပွဲ စိတ်ဝင်စားခဲ့တာ သွားသတိရမိတယ် ) ... တခြားနေရာသာ အကြိုက်ချင်းမတူ နေရ မယ် ... ဘောပွဲ ကြိုက်တဲ့ အကြိုက်ချင်း တူ နေတော့ လည်း မိသားစု ကြည့်လို့ ပိုကောင်းတာပေါ့ နော် ...

ကျမ ကမ္ဘာ့ဖလား ရာသီ တိုင်း အရင်တုန်း ထဲက အားပေးလာ ခဲ့တာ တော့ အီတလီ အသင်း ဘဲ .. ဘာလို့လည်း မသိဘူးနော် .. ဗမာပြည်က ကျမ ပတ်ဝန်းကျင်က လူ တွေ တော်တော်များများ က အီတလီ အသင်း ကို နိုင်စေ ချင် ကြတာ ( အရင်တုန်းက ပြောတာ ပါ .. အခုတော့ ဒီရောက်နေတာကြာပြီ ဆိုတော့ မသိဘူး ရယ် ..) အင်္ဂလန် အသင်း တော့ ကျမ တခါမှ နိုင်စေချင်တဲ့ ထဲ မပါ ဘူး ရယ် ...ကျမ တော့ အားကစား နဲ့ ပတ်သက်ရင် သန့်သန့်ရှင်းရှင်းနဲ့ စိတ်ဓါတ် ကြံခိုင် ပြီး စိတ်အေးအေး နဲ့ ကစား တတ်တဲ့ ကစားသမား မျိုး တွေ ကို ဘဲ ပို အားပေး မိတယ် .. အရင် တုန်းက တော့ အီတလီက ဘက်ဂီယို ..ကန်နယ်ဗဲရိုး ( မနှစ်က ဖလားရာသီ မှာ သူလား မသိ ဘူး မျက်နှာနဲ့ ခေါင်း ဘယ်နေရာလည်း သေချာမမှတ်မိတော့ ဘူး ဒဏ်ရာ ရ သွားတာ .. မှားသွားရင်တော့ ဆောရီး ပါ ) ... ဂျာမဏီ က လိုသာ မာသီးယပ်စ် ...ကလင်းစမန်း .. မိုက်ကယ် ဘောလက် ( သူ အခု နာနေတယ် ဆိုလို့ စိတ်မကောင်းဘူး ) ...
အာဂျင်တီနား က ကာကာ ... မာရာဒိုနာတော့ မကြည့်ဖူး ခဲ့ လို့ မသိဘူး... ခေါင်းမှာ ကြိုးစည်းပြီးဆော့ ခဲ့ တဲ့ ကစားသမား သူ့လည်း ကြိုက် တယ် ( နာမည်မေ့နေတယ် ...
) ... ပေါ်တူဂီ က စီရော်နယ်ဒို ... ဘရာဇီး က ရော်နယ်ဒင်ဟို ... သူတို့တွေကို အားပေးခဲ့ တာ ပေါ့ ...ဒီရောက်ပြီး ဘောပွဲတွေက ကြိုက်လို့ ကြည့်ချင်ပေမယ့် အခြေအနေ မပေးလို့ မကြည့်ဖြစ်ဖူး ... အရင်တုန်းက တော့ ပရီးမီးယားလိဂ် .. အက်ဖ် အေ ကပ် ... ယူအီးအက်ဖ် အေ ဖလား .. ပုံမှန် ကြည့်ဖြစ်ခဲ့တယ် ...မှတ်မိသလောက် ချ ရေး လိုက်တယ် ကိုအောင် ...

ဒီနှစ်တော့ ဘယ်အသင်း အားပေးရ မလဲ ဆိုတာ အာရုံ မရ သေး လို့ မသိသေးဘူး... ဘောပွဲ အားပေးရင် ချမ်း တတ်လာလို့ ရေနွေး အပြည့် ပါတဲ့ ဓါတ်ဗူး တဗူး တော့ ဘေး ချထား ပြီး ကြည့် ရဦး မယ် ... နောက် ကြည့် ပြီးတော့ မှ ကိုအောင့် ဆီ ထပ် လာ မန့် မယ် .. ဒီနှစ် ကမ္ဘာ့ ဖလားပွဲ ကတော့ ဘယ် သူ တွေ ကို ရူးစေ ပြီး ဘယ်သူ တွေ ကို ဘ၀ ပျက်စေ မလဲ မသိဘူး ကိုအောင် ရေ ... ဗမာ ပြည်က ဆွေမျိုးသားချင်းတွေ လည်း ဘောပွဲ ရှိရင် မှာထား ရတယ် မလောင်း ဖို့ ပေါ့ .... ရေးရင်းနဲ့ နည်းနည်း ရှည်သွားတယ် ... တကယ် ကစားပွဲ တွေလာတဲ့ အခါ တော့ ခုလို ရေးဖို့ အချိန်မရှိ မှာ စိုး လို့ ရင် ထဲ ရှိ တာ လေး ချ ရေး လိုက် ပြီ ... အမှားပါရင် ခွင့်လွှတ် ပါ ...

ခင်မင်စွာဖြင့် , ma mie nge

မယ့်ကိုး said...

ဝိညာဉ်ဇာတ်လမ်းတွဲတွေ ဆက်မရေးသေးပေမယ့် စာကို အမြဲလာဖတ်ဖြစ်ပါတယ်။
ဘောလုံးပွဲကို ကြိုက်ပေမယ့် သိပ်မစွဲပါဘူး။

ကျွန်မ အမေကတော့ အရမ်းကြိုက်။ အရမ်းစွဲပါတယ်။
အိပ်ရေးပျက်ခံပြီး အားပေးနေတော့မှာ။

Anonymous said...

ကိုအောင် ရေ .. အပေါ်က ကော့မန့် မှာေ၇းခဲ့တာ ရှည်လွန်းလို့ လက်မခံ တာ မို့ တပိုဒ် ဖြုတ်ခဲ့ လိုက်တယ် ... ကိုကြီးကျောက်ပြောတာ မှန်တယ် လောင်းကစား ၀ါသနာ ပါတဲ့ သူတွေကတော့ လောင်းမှာဘဲ ... ဗမာပြည်က တရုတ်တွေ ပိုတောင် လောင်းကြသေးတယ် ... အမေရိကား မှာ သမ္မတ ရွေးပွဲ ရှိရင် ဘယ် သူအရွေးခံ ရ မလဲ ပါ မကျန် လောင်းတတ် ကြ တယ် လို့ တောင် ကြားဖူးခဲ့ တယ် ... ဟုတ် မဟုတ် တော့ သေချာ မသိ ... ကျမ တို့ တော့ အားကစားပွဲ ကို ရိုးရိုး အားပေးတာ ဘဲ ကြိုက်တယ် ...

mie nge

ကိုဇော် said...

ကောင်းလိုက်တာဗျာ။
ဗဟုသုတတွေ ရသွားတယ်။ ကိုယ့်ပတ်ဝန်းကျင်က မြန်မာ ဘောသမားတွေကို ကိုယ်က မကန်နိုင်ရင်တောင်မှ အားပေးနေတတ်ကြတာပဲ။ ဖြစ်မြောက်စေချင်တာပါ။

အားပေးလျှက်....

SHWE ZIN U said...

ကိုအောင်

ပထမ ဆုံး ပြောချင်တာက မြန်မာနိုင်ပြီ ဆိုတဲ့ အသံကို ကြားချင်လိုက်တာ

ဒုတိယ က လောင်းကစား သိပ်ဆိုးပါတယ်.. မနေနိုင်ရင် တောင် အသင့်အတင့် ဘဲလောင်းကြရင် ကောင်းမယ် ရွှေစင်ဦး လည်း နဲနဲဘဲလောင်းဘို့ စဉ်းစားထားလို့ပါ

တတိယ က အပိုင်းဆက် ကလေး မေ့များ နေပြီလားလို့ သတိလာပေးတာပါ

ကျေးဇူးတင်ပါတယ်
ရွှေစင်ဦး

Maung Myo said...

ဒါဆို ကိုအောင်ပျူက ဘောကိုချစ်တယ် ဘောကိုမြတ်နိုးတယ် ဘောကိုတွယ်တာတယ်ပေါ့လေး)

khin oo may said...

ဟုတ်ပါ့. ဝက်ဝက်ကွဲလောင်းလိုက်ကြမဲ့အမျိုး..မကြိုက်တဲ့သူတောင်ကြည့်ဖြစ်စေတဲ့ပွဲ..တွေ..

ကိုအောင် said...

ကိုကြီးကျောက် ...
ကမ္ဘာဖလား စ'ကန်တဲ့ နေ့မှာ ဒိုင်လူကြီးကို ဘောလုံး
ထိ မထိ လောင်းမယ် သဘောတူလား ...း)

မမီးငယ် ...
ပြောတဲ့ အာဂျင်းတီးနား ဘောလုံးသမားက ဘာတစ်ဒူဒါ ဖြစ်မယ်နဲ့ တူတယ်၊ အီတလီ စီရီအေမှာ သူ ကန်ခဲ့တုန်း ဂိုးတွေ သွင်းပေးခဲ့လို့ သူ့ပုံစံတူ ကျောက်ရုပ်တောင် ထုထားတယ် အမ။

မယ်ကိုး ...
ညီမလေးရေ၊ အကို မကြာခင် နှောင်ကြိုးမိသူ ပို့စ်
ကိုတင်ပါ့မယ်၊ သိပ်မကြာစေရဘူး ...း)

ကိုဇော် ရေ
ကျနော်က ဘောလုံးပွဲဆိုရင် ဇရာအိုနဲ့ ကညာပျို
ပွဲတောင် အလောင်းအစား လုပ်ဖူးတယ်။

မရွှေစင်ဦး
ဒို့တာဝန် အရေးသုံးပါးအတိုင်း ဆက်ရေးပေးပါ့မယ်
ခဏလေးပါ ...း)

မောင်မျိုး
ပုဆိုးဝတ်ပြီး ဂိုးဖမ်းတဲ့ ဂိုးသမား၊ ပုဆိုးကျွတ်ကျ
ပါစေ ...း)

အမကြီး မခင်ဦးမေ ...
လူတွေ သိပ်မလောင်းကြပါဘူး၊ မနက်မိုးလင်းရင်
ညောင်ပင်လေးဈေးက ဘောပွဲဒိုင်တွေဆီ ရပ်ကွက်
ထဲမှာ ရှိသမျှ ပိုက်ဆံလေးတွေ စုပြီး ပို့ပေးတာပါ ...း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကညာပျိုနဲ့ဇရာအို ကို ကန်ခဲ့ဖူးတယ်..
ဘောလုံးနဲ့ခြေထောက်နဲ့ တစ်ခါမှ မထိတော့
ဂိုးသွင်းမဲ့ အဖိုးကြီးတွေကိုဘဲ လိုက်ဆွဲပြီး ဂိုးမသွင်းနိုင်အောင် တားခဲ့ဖူးတယ်
ပွဲပြီးတော့ အဖိုးကြီးတွေရဲ့ အင်္ကျီတွေအကုန်ကျယ်ကုန်လို့.. မချောတို့လက်ချက်ဆိုပြီး နံမည်ကြီးခဲ့သေးတယ်..း)
ဘောလုံးပွဲကလည်း လောင်းကြေးလေးနဲ့မှ ကြည့်ရတာ ပိုတက်ကြွတယ်နော..
ဝါသနာပါလို့တော့ မဟုတ်ပါဘူး
ကြည့်ကောင်းရုံလောင်းမလားလို့ပါ.. ဟိဟိ
ကိုအောင် စိတ်ဝင်စားတယ်မလား.
ပွဲစရင် လောင်းကြတာပေါ့နော..

Anonymous said...

ဟုတ်တယ် ကိုအောင် .. ဘာတစ်တူတာ ဆိုတာ ...
အမ လည်း အတက် ကြီးပြီ ဆိုတော့ မေ့ တတ်တာ
တအား ဘဲ .... နောက်ရှိသေးတယ် ကြိုက်တဲ့ ဘောလုံးသမားတွေ နာမည်တွေ မေ့နေလို့ သက်သာတယ် သာ မှတ် ပါ ..း))

mie nge

T2A said...

ကျွန်တော်ကတော့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားတုန်းက လှည်းတန်းမှာ သူငယ်ချင်းတွေစုပြီးအိမ်ငှါးနေကြတုန်းက အီတလီနဲ. ကိုရီးယားပွဲမှာ ကင်မ်ချီစားတဲ့ကိုရီးယားတွေကို ကစားတဲ့နေရာမှာ ညစ်ပတ်တယ်ဆိုပြီး အမြင်ကပ်ကပ်နဲ. လောင်းထည့်လိုက်ကြတာ ။ နောက်နေ. ဆန်ဝယ်ဖို.စုထားတဲ့ ပိုက်ဆံနှစ်သောင်းကျော် ပါသွားပါရောလား ။ တကယ့်ကို မီးခိုးတိတ်သွားတော့တာပဲ။

အိုးဝေအောင် said...

မလေးရှားမှာ လောင်းတာ နိုင်ပြီး ပြန်ပေးရတာ အားမရလိုက်တာဗျာ.......၉၀မေမှာ နိုင်ပြီး ပြန်ပေးလိုက်ရသလိုကို ခံစားနေရတယ်။ရသမြောက်တယ်ဗျို့ ..
သည်းထိတ်ရင်ဖိုတွေ ဆက်တော့ဗျာ..လုံးချင်းတအုပ်ကောင်းကောင်း၇အောင်။

Anonymous said...

Maybe I`ll be Captain Obvious, but... it's only few days to New Year last, so let's be happy!
Hoho3ho!)