Wednesday, 30 June 2010

ကမ္ဘာ့ဖလားနဲ့ ရွှေမြန်မာများ

ပန်ဒိုရာ ...
နံကြားထောက်ရမယ်ထင်တယ်။ မှန်တဲ့လူကို ဆရာခေါ်ကြေး
ဆိုတာမျိုးလား ကိုအောင်..း)
30 May 2010 23:18

ကိုဇော်မျိုးလွင် ...
ဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာ တခုကိုပဲ ရွေးပြောရမယ်ဆိုရင်
ကမ္ဘာ့ဖလားပွဲမှာ အနိုင်ရဗိုလ်စွဲမယ့်အသင်းက ကျိန်းသေ
မုချ ဗမာအသင်း ဖြစ်လိမ့်မယ်။ ယခုကာလမှာတော့ မဟုတ်
ဘူး။ နောင် အရိမေတ္တယ မြတ်စွာဘုရား ပွင့်တော်မူတဲ့ အခါကျရင်
...။ ဗမာနိုင်ပြီ၊ ဒို့ဗမာနိုင်ပြီဆိုတဲ့ သီချင်းကို ပါဋိလို ဆိုစို့...။
ကျေးဇူးတင်ပါတယ်။
31 May 2010 16:36



မရွှေစင်ဦး ...
ပထမဆုံး ပြောချင်တာက မြန်မာနိုင်ပြီ ဆိုတဲ့ အသံကို
ကြားချင်လိုက်တာ၊ ဒုတိယက လောင်းကစား သိပ်ဆိုး
ပါတယ်.. မနေနိုင်ရင်တောင် အသင့်အတင့်ဘဲ လောင်းကြရင်
ကောင်းမယ်၊ ရွှေစင်ဦးလည်း နဲနဲဘဲလောင်းဘို့ စဉ်းစား
ထားလို့ပါ။
5 June 2010 05:49



ကိုကြီးကျောက် (ရွှေရတု) ...
လောင်းရတာဝါသနာပါသူကတော့
သိကြားမင်းဆင်းတားလဲ လောင်းမှာပဲ
4 June 2010 21:25

ကိုလူထွေး ...
ဘောလုံး
ရေပေါ်တွင် "ဘော" လော ပေါ်ပြီး.. လေ "လုံ" အောင်
စီမံထားသော အရာဖြစ်သည့် အတွက် "ဘောလုံ" ဟု
စတင်သမုတ်ခဲ့ရာမှ ကာလကြာလာသည်နှင့်
အမျှ "ဘောလုံး" ဟု ပြောင်းလဲလာခဲ့သည်...

ကိုဒီရေ ...
အကြိုက်ဆုံးကတော့ အာဂျင်တီးနား နဲ့ အီတလီပါ ပဲဗျာ...
ဒီရေ
1 June 2010 09:50

ကိုအိုးဝေအောင် ...
ကိုအောင်ခင်မြင့်ရေ..ကျနော်က ခင်ဗျားနဲ့ ပြောင်းပြန်။ဘောလုံး
ပွဲလောင်းကစား လုပ်ခြင်း ၀ါသနာမပါပါ။ကျနော့်အနေနဲ့ ကြည့်တဲ့
အခါ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးခြင်း။မကြိုက်တဲ့အသင်းကို
ဝေဖန်ပြစ်တင်ခြင်းများသာ လုပ်လေ့ရှိတာမို့  တက်စာ မစားဖြစ်တာ
ခွှင့်လွှတ်ပါဗျာ။သတိရတာကျေးဇူး။
1 June 2010 10:03

ကိုသစ်နက်ဆူး ...
ဘောလုံးပွဲတွေလဲ...မကြည့်ရဘူးဗျ..
ဒါပေမယ့် ကျနော့်အထင်တော့..
ဂတုံး( ခေါင်းတုံး) တစ်ယောက်မှ မပါတဲ့အသင်း
ဖလားရမယ်ဗျာ.....။
နိုင်ချင်၇င်တော့ ကွင်းထဲကို ကိုကြီးကျောက်(ရွှေရတု)
တောင် ၀င်မလာစေနဲ့....။း)
1 June 2010 16:33

Mie Nge (စာဖတ်သူ) ....
WORLD CUP က လေးနှစ်တကြိမ် ကြည့်နေကြမို့ ဒီနှစ်လည်း
ကြည့်ဖြစ်ဦးမယ်ထင်ရဲ့  ..ပြောသာပြောရတယ် အိမ်ကခလေးတွေ
နဲ့ တီဗီလုရ ဦးမယ်ဗျာ .. တကယ် ကစားတာကို ကြည့်ပြီးမှ
ဘဲ ခန့်မှန်းရတော့မှာ ...ခုတော့ မသိသေးဘူး ...
အားကစား ထဲ မှာ ဘောလုံးနဲ့ တင်းနစ် နှစ်မျိုး ဘဲ ကြည့်ရတာ
အကြိုက်ဆုံး... အမျိုးသမီးတွေ ကစားတာတော့ အားမရလို့
မကြည့် ဖြစ်တာများတယ်...ကြည့်ပြီး ကိုယ်ရစေချင်တဲ့အသင်း
ကို အားပေးရင်လည်း စိတ်လှုပ်ရှားပြီး ချမ်းတုန်တက်လာတယ်
...ခြေ တွေ လက် တွေ အေးလာ တယ် ......
29 May 2010 06:40

Anonymous (စာဖတ်သူ) ....
ဘောပွဲ ဆို ရင် ၀ါသနာ ပါလို့ နော်...
ဝင်ပြီးတော့ ခန့်မှန်းသွားပါတယ် ...
စပိန် . မှ မဟုတ်ရင်
အာဂျင်တီးနား .. လို့ထင်တာပါပဲ ခင်ဗျာ ...
1 June 2010 01:29

Myat (စာဖတ်သူ) ....
ပြင်သစ်၊အင်္ဂလန်၊ပေါ်တူဂီတို့နာမည်ကြီးပေမယ့်
မစွံဘူးလို့ထင်ပါတယ်။စပိန်နဲ့နယ်သာလန်က
တော်ပေမယ့်ကံမကောင်းတတ်ဘူးလို့တင်ပါတယ်။အီတလီ
ကတော့အသက်ကြီးကုန်ကြပြီ။မပြောတတ်တာက
ဂျာမနီ၊စိတ်ဓါတ်မာလို့၊ကျွန်မအထင်ဘရာဇီးနဲ့
အာဂျင်တီးနားတသင်းဗိုလ်စွဲမှာလို့ဘဲထင်ပါရဲ့။
အကြိုက်ဆုံးကတော့မာရာဒိုနာသာမဖေါက်ရင်
မက်ဆီတို့ရဲ့အာဂျင်တီနားပါဘဲ။အထင်ပါဘဲ.....
ဘောလုံးကဘယ်ဘက်လိမ့်မလဲဆိုတာကတော့......
15 June 2010 12:57

ဆောင်းနှင်းရွက် ....
အင်းးး ပွဲမစခင်တုန်းကတော့
အင်္ဂလန် အတွက်
ယုံကြည်မှု့အပြည့်ပေါ့ ..

ခု ပထမ ပွဲကြည့်ပြီးး
စိတ်ထဲ မှာ မအီမသာကြီးး.. :(

ဂိုးသမား လက်တုန်တုန် ..
ရှေ့တန်းတွေက အူကြောင်ကြား ..
နောက်တန်းကလည်း တစ်ခါတစ်ခါ ကျွံထွက်လာရင်
မရူနိုင် မကယ်နိုင် ...
ရင်လေးးပါ့ ....
16 June 2010 19:28

ကိုကြီးကျောက် (ရွှေရတု) ...
အင်္ဂလန်၊ ဂျာမဏီ၊ စပိန်၊ ဘရာဇီးလ် ဆီးမီးရောက်နိုင်။

အကိုကြီး ကိုချစ်ဖေ ...
အဲ့ဒီလို သရေလုံးလေးကို လိုက်လုနေတာကိုပဲ မကြိုက်တာ
ဆိုတော့ ရုံကလဲအိုက်နေတော့ ပွဲစပြီး ၁၅ မီးနစ်ထက်ကို
ပို မကြည့်နိုင်တော့ပါဘူးဗျာ။

ကိုလူသစ် ...
ဘရာဇီးလ်၊ စပိန်၊ အင်္ဂလန်၊ အာဂျင်းတီးနား ဆီးမီးတက်နိုင်။

ကိုကျော်ဝဏ္ဍနှင့် မမိုချိုသင်းတို့ ဇနီးမောင်နှံ ...
အိမ်ကလူကြီး ခေါ်ထားစမ်းပါ မမ။
နိုင်မဲ့အသင်းက ဘယ်အသင်းလဲ မေးရင် သူ့ အင်္ဂလန်ချည်း
ဖြေနေလို့..
:D
June 3, 2010 2:20 PM
(အမ မသက်ဝေထံတွင် ရေးခဲ့သော ကော်မန့်အရ)

ကိုငြိမ်းချမ်းအောင် ...
“ကျနော်ထင်တယ်
အီတလီ (သို့မဟုတ်) အင်္ဂလန်အသင်းဗိုလ်စွဲမယ်လို့
(မည်သို့ဆိုစေ)
သန့်ရှင်းစင်ကြယ်တဲ့ကစားပွဲမှာ
ပြိုင်ပွဲဝင်အသင်းတိုင်း
ဖလားရရေးအိပ်မက်ခွင့်ရှိတယ်”

မြတ်နိုး ...
ဘာပဲဖြစ်ဖြစ် ... ကမ္ဘာ့ဖလားမှာ မည်သည့်အသင်း ခြေတက်တက်
ကိုယ်ကတော့ အီတလီမှလွဲ၍ မည်သည့်အသင်းကိုမှ မနိုင်စေချင်။
မအားလပ်လည်း အီတလီအသင်းကိုပဲ အားပေးမည်ဖြစ်ကြောင်း ....

အမ မသက်ဝေ ...
အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်းတီးနားနဲ့ အီတလီ ဆီးမီးဖိုင်နယ်
ရောက်နိုင်၊ ကမ္ဘာ့ဖလားပိုင်ရှင်အဖြစ် ဘရာဇီးလ်ကို မှန်း။

မချစ်ကြည်အေး ...
အီတလီ၊ အာဂျင်းတီးနား၊ ဘရာဇီး၊ စပိန်လို့ ထင်ပါတယ်။

မရွှေစင်ဦး ...
ဆီးမီးဖိုင်နယ်ကို အင်္ဂလန်၊ ဟော်လန်၊ အာဂျင်းတီးနားနဲ့ စပိန်။
အာဂျင်းတီးနား ဗိုလ်ဆွဲမယ်လို့ ထင်။

ကိုစိုးစီ ...
ဒီ World cup မှာ ပြဿနာ အများဆုံးဖြစ်မှာက FIFA ပါပဲ၊
ပြင်သစ် Semi ရောက်လာရင် ဟွန်နရီရဲ့ လက်စွမ်းကို
FIFA ဘာမှ မလုပ်ခဲ့တာ ဝိုင်းပြောကြပါလိမ့်မယ်၊ World cup
အပြီးမှာတော့ FIFA မှာဆူညံပါလိမ့်မယ်၊ ဥရောပ အသင်းတွေ
လျှော့ပေးဘို့ အာဖရိကနှင့် အာရှကတောင်းဆိုကြပါလိမ့်မယ်၊
အာရပ်အသင်းတွေ ဒီနှစ်ထဲမပါပါဘူး၊ UKကလေးသင်း
(Eng,Wa,Sco,NIre) ဝင်ပြိုင်တာကို တရုတ်က စောဒက
တက်လို့ရသွားပါပြီ၊ ဘောလုံးအစ တရုတ်ကလို့ ဝါဒတွေ
ဖြန့်နေပါပြီ၊ India က သူ့ ပြည်နယ်အားလုံးကို UKလို
ဝင်ပြိုင်ခွင့်ရရင် ပွဲစည်ပြီပေါ့၊ ဂိုးစည်းဒိုင်၊ တက်ကနီကယ်
ဒိုင်တွေ တောင်းဆိုကြမှာပါ၊

ကိုလင်းထက် ...
အင်္ဂလန်၊ ဘရာဇီးလ်၊ ဂျာမဏီ၊ အီတလီ ဆီးမီးတက်နိုင်၊
ဘရာဇီးလ် ဗိုလ်ဆွဲနိုင်။

ကိုလင်းဦး ...
စပိန်အသင်းကို ပိုသဘောကျသလို တစ်ပေးထားပါတယ်။

ယောနက်သန် ...
အင်္ဂလန်၊ ဘရာဇီး၊ စပိန်၊ အီတလီ ထဲက တစ်သင်းသင်း
ဖလားရမည်ဟုထင်ပါသည်။

ဖူးနုသစ် ...
ကမ္ဘာ့ဖလားပွဲကြီး ပြီးတော့ တစ်အိမ်လုံး ဘောလုံး မှန်တာ
အီစိမ့်သွားကြပါတယ်။

မောင်မျိုး ...
ကန်တဲ့ရာသီက ဂျွန်လ ဖြစ်တဲ့အတွက် ဂျွန်ကို လန် (အင်္ဂလန်)
က တက်ခွထားတဲ့ ရာသီ ဆိုတော့ကားး ဗိုလ်လုပွဲမှာ အင်္ဂလန်က
ဘရာဇီးကို 10-1 ဂိုးနဲ့ နိုင်သွားပါကြောင်း ...

မမေဓာဝီ ...
စတိလောက်တော့ ဒီနေရာကပဲ ရေးလိုက်မယ်နော် ... ကျမ
ကတော့ ဘရာဇီးကို အစဉ်တစိုက် အားပေးပါတယ်။ ချန်ပီယံ
ဘရာဇီး ဖြစ်မယ်လို့ ထင်ပါကြောင်း ... ။ (ဒီနေ့ပွဲမှာ နိုင်သွားလို့
ပိုပြောလို့ ကောင်းသွားတာ)

မအယ်ဇီ ...
ဘရာဇီး၊ ဂျာမနီ၊ ပေါ်တူဂီနဲ့ အီတလီ တက်လာမယ်ထင်တယ်။
နောက်ဆုံး ဗိုလ်လုပွဲတော့ ဂျာမနီနဲ့ ဘရာဇီးကို ကြည့်ချင်တယ်။
12 June 2010 13:07

(အပေါ်ဆုံးက ပုံက ကျနော့်မွေးနေ့အတွက် အမ မစုချစ်သူ
ဆွဲပေးထားတဲ့ ပုံပါ။ အောက်က ပုံလား ....းP ???
ဂျာမဏီနဲ့ အင်္ဂလန်ပွဲမှာ ဂျာမဏီဖက်ကနေ လောင်းထားတာ
ရယ်၊ အဲဒီနေ့က ကန်ခဲ့တဲ့ မက္ကဆီကန်နဲ့ အာဂျင်းတီးနား ပွဲ
မှာ ပထမပိုင်း သီးသန့် အာဂျင်းတီးနား နိုင်ရမယ်၊ ဂျာမန်နဲ့
အင်္ဂလန်လည်း ပထမပိုင်းမှာ ဂျာမန် နိုင်ရမယ်ဆိုပြီး ကျနော်
လောင်းခဲ့တဲ့ ဘောင်ချာ နှစ်ခုပါ။)
(လောင်းကစားလုပ်ခြင်းကို အတု မယူကြပါနဲ့ ...းP)


Read more »

Sunday, 27 June 2010

Monday, 21 June 2010

မှားခွင့်

မာရ်နတ်က
အ၀ါကဒ်ကို ခိုးခဲ့တယ်
အလောင်းစည်သူက
ဘိုးဘွားတွေအပေါ် ပျက်ရယ်ပြုတယ်။

အရမ်းချိုတဲ့ သံပုရာသီးတွေ
အရန်ခုံမှာ ရှိတယ်
ဂေါဓေါပလ္လင်ရဲ့ ဒါယကာက
ရွှေဂူကြီး’ရင်ပြင်မှာ ကြွေတယ်။




ရေငုံဆရာတော်က
သီဟိုဠ် ကြွချီတယ်
ကျွန်မိသားစုက
စာပို့သင်္ဘောပေါ် ပြေးတက်တယ်
မိုဘီဂျီနို ဘောလုံးအသင်းနှင့်
ရဖျူဂျီ ဘောလုံးအသင်းတို့
ပထမပိုင်းမှာ သရေကျခဲ့တယ်။

သိရှိရန် သို့မဟုတ်
သိရှိဖို့ အတွက်
ရွေးချယ်ထားသော ဘော်လီဘောအသင်းသည်
ဆရာတော် ဦးဗုဓ်’ကျောင်းအောက်မှ
ထုံးအိုးထဲတွင် နှစ်မြုပ်သွားသောကြောင့်
ကောင်းကင်ဘုံ၏ ၀ီစီသံအဆုံး၌
…….
…….
…….
အားလုံး
အားလုံး
…. အားလုံးကို
အနီကဒ် ပြလိုက်တယ်။ ။


-စစ်ငြိမ်းဒီရေ


ကဗျာထဲမှ အသုံးအနှုန်းတချို့*

အလောင်းစည်သူ* = ပုဂံခေတ် အလောင်းစည်သူမင်း။
ဂေါဓေါပလ္လင်ရဲ့ ဒါယကာ* = အလောင်းစည်သူမင်း၏ မြေး
နရပတိစည်သူမင်း (ပုဂံခေတ်)။
ရွှေဂူကြီး’ရင်ပြင်မှာ ကြွေတယ်* = ဘိုးဘွားများထက် ပိုပြီး ဘုန်း
ကြီးသည်ဟု စော်ကားသည့်စကား ဆိုခဲ့သောကြောင့် အလောင်း
စည်သူမင်း မျက်စိကွယ်ခဲ့ဖူးသည်၊ နောင်အခါ အလောင်း
စည်သူမင်းအား သားတော်အလတ်ဖြစ်သူ နရသူက အ၀တ်ဖြင့်
ပါးစပ်ဆို့ကာ ရွှေဂူကြီးဘုရား ရင်ပြင်၌ လုပ်ကြံ နန်းလုခဲ့တယ်၊
ယင်း အဖြစ်အပျက်များကို အလောင်းစည်သူမင်း၏ မြေးဖြစ်သူ
နရသူမင်းရဲ့ ဒုတိယမြောက် သားတော် နရပတိစည်သူမင်းက
ရွှေဂူကြီးဘုရား ရင်ပြင်ပေါ်မှာ သံဝေဂ ရခဲ့တယ်၊ တကယ်တော့
နရပတိစည်သူမင်း ကိုယ်တိုင်လည်း စူဠာမဏိဘုရား တည်စဉ်က
ဆရာတော် ပံ့သကူငစွယ်ရှင် မဟာထေရ်အပေါ် ၀စီကံပြစ်မှား
ခဲ့တယ်၊ သူ့အဖိုး အလောင်းစည်သူမင်းလို အဆုံးသတ်မှာ စိုးရိမ်း
ပြီး ဂေါဓေါပလ္လင်ဘုရားကို တည်ပုံရပါတယ် (ပုဂံခေတ်)။
ရေငုံဆရာတော်*= နရသူမင်းလက်ထက်၊ ဓမ္မရံကြီးဘုရား တည်
ဆောက်မှုတွင် ကျွန်များအား မတရားခိုင်းစေခဲ့ရာ အခိုင်းခံရသော
ကျွန်များဖက်မှ ငုံထားသော ရေကို ထွေးထုတ်ပြီး အမှန်တရား
အတွက် ရပ်တည်ပေးခဲ့သော သီဟိုဠ်ကြွ ရေငုံဆရာတော် (ပုဂံခေတ်)။
ကျွန်မိသားစု* = သီပေါမင်းလက်ထက်၊ ကျွန်စနစ်ရှိနေသည့်
အထက်မြန်မာပြည်မှ ကျွန်စနစ်မရှိသည့် အင်္ဂလိပ်ပိုင် အောက်
မြန်မာပြည်သို့ ထွက်ပြေးလွတ်မြောက်ရန် အင်္ဂလိပ်ပိုင် စာပို့
သင်္ဘောပေါ်သို့ ပြေးတက်ခဲ့သည့် မိသားစု (ကုန်းဘောင်ခေတ်)။
သိရှိရန် သို့မဟုတ် သိရှိဖို့ အတွက်* = နူရင်ဘတ် စစ်ခုံရုံး၏
ကမ္ဘာကျော် စွပ်စွဲချက်။
ဆရာတော် ဦးဗုဓ်* = “ဗုဓ်” အစ၊ “ဗုဓ်” အလယ်၊ “ဗုဓ်”အဆုံး
ဟု ခေါ်ဝေါ်ကြသည့် ကုန်းဘောင်ခေတ် ဆရာတော် ဦးဗုဓ်။
Read more »

Wednesday, 16 June 2010

ငယ်ပါသေးသည်

မနက်ဖြန် ဇွန်လ (၁၇) ရက်နေ့မှာ ကျနော့်အသက်
(၃၇) နှစ်ပြည့်ပါတော့မယ်။ အခုတလော ကမ္ဘာ့ဖလားပွဲ
တွေပဲ ကြည့်နေတော့ ရေးလက်စတွေတောင် အဆုံးမသတ်
နိုင်သေးပါဘူး။ လူ့ဘ၀ အသက်(၄၀)မှ စ’တယ်ဆိုတော့
ကျနော်ဟာ ငယ်ပါသေးတယ် … ။

ကျနော့်မွေးနေ့ အခါသမယမှာ ကျနော့်အပေါ် ကျေးဇူး
ရှိခဲ့ဖူးသူ မှန်သမျှကို ဂါရ၀ပြုပါတယ် ….။



ဝန်ခံခြင်း …..

ကျနော့်မွေးနေ့အမှတ်တရအနေနဲ့ ကဗျာလေးတစ်ပုဒ်
လောက် ကျနော်ရေးချင်ပါတယ်။ စိတ်က စုလို့ကို မရပါ။
နံဘေးရှိ TV မှာ ဘယ်ဘောလုံးအသင်းအကြောင်း ဘယ်လို
ဖြစ်တယ် ညာလိုဖြစ်တယ်ပဲ ကြားနေရပါတယ်။ မကြည့်ပဲနဲ့
လည်း မနေနိုင်ပါ၊ ကမ္ဘာ့ဖလားရာသီရောက်ရင် ဘောလုံးပွဲ
ရောဂါက ထ’ထ လာပါတယ်။

ကျနော် အဆိပ်သောက်ပြိုင်ပွဲ ဆိုတဲ့ ကဗျာကို ရေးခဲ့ဖူးပါတယ်။
ဒီကဗျာကို ရေးဖို့ရခဲ့တဲ့ အတွေးက တရုတ်ပညာရှင် တောက်တဲ့ကျင်း
ရဲ့ အယူအဆပါ။ အဆိပ်ကို တနေ့တခါ နည်းနည်းချင် သောက်
ရင် ကြာလာရင် အဆိပ်ပီတဲ့ အလေ့အကျင့် ရတဲ့ဆိုတဲ့ သဘောပါ။
တချို့က ဂရိပညာရှင် ဆော့ခရေတိ၏ သေပွဲဝင်ခဲ့မှုကို ယူထား
တယ်လို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး။ တောက်တဲ့ကျင်း အယူ
အဆပါ။ ပထမ အပိုဒ်ဖြစ်တဲ့ ….
“မာရ်နတ်က ထာဝရဘုရားကို
ကမ္ဘာမြေပေါ်မှာ နေရာအလွတ်မရှိ
ဂါရ၀ပြုပြီး ဆုတွေတောင်းတယ်၊
အကျွန်ုပ်ကို လူတကာရဲ့
သွေးသားထဲထိ နှောက်ယှက်ခွင့်ပေးပါ”

ဒီအတွေးကို မလေးရှားထောင်ထဲမှာ ကျနော် ရခဲ့ပါတယ်။ ကျနော်
နေတဲ့ အခန်းထဲမှာ တခြားအမှုတွေနဲ့ အမိန့်မကျသေးတဲ့ တရားခံ
တချို့ရှိပါတယ်။ အဲဒီအတွေးကို ပေးခဲ့တဲ့သူက ဗုဒ္ဓဘာသာဝင် မဟုတ်
ပါဘူး။ တနေ့တော့ သူ တရားရုံးတက်ရပါတယ်။ အဲဒီနေ့မှာပဲ တရားရုံး
က သူ့ကို အမိန့်ချပါတယ်။ ညနေပိုင်း အခန်းထဲကို သူ ပြန်ရောက်လာ
ပါတယ်။ ကျနော်လည်း သူ့ကို ကြည့်ပြီး ထူဆန်းနေပါတယ်။ သူ့အမှု
က ပုံမှန်အားဖြင့် ကြိမ်ဒဏ် လေး … ငါးချက်လောက် ခံရမယ့် အမှုမျိုး
ပါ။ တရားသူကြီးက သနားပြီး သူ့အပေါ် ကြိမ်ဒဏ် မပေးခဲ့ပါဘူး။
လ’အနည်းငယ် ထောင်ဒဏ်သာ ပေးခဲ့ပါတယ်။

ဒါနဲ့ ကျနော်က သူ့ကို“မင်း ဘယ်လိုငိုပြလိုက်လဲ” လို့ မေးကြည့်
ပါတယ်။ သူက တရားရုံးထဲ စ’၀င်တဲ့ အချိန်က စ’ပြီး သူ ကိုးကွယ်
တဲ့ ဘုရားအမည်ကို ဆက်တိုက်ရွတ်တယ်လို့ ပြောတယ်။
အဲလို ရွတ်ရင် သူ့နံဘေးကို မကောင်းတဲ့ မာရ်နတ်လိုမျိုး
စေတန်လိုမျိုး မကပ်နိုင်ဘူးလို့ သူက ပြောပြပါတယ်။ သူတို့
ကျမ်းစာထဲမှာ ကမ္ဘာဦးခေတ် မာရ်နတ်က ထာဝရဘုရားထံ
ကမ္ဘာပေါ်ရှိ ရှိရှိသမျှ နေရာအပြည့်မှာ ဂါရ၀ပြုတယ်လို့ ဆို
ပါတယ်။ ဒါကြောင့် ထာဝရဘုရားဆီမှာ လူတွေရဲ့ သွေးသား
ထဲထိ ၀င်ရောက်နှောက်ယှက်ခွင့်ကို မာရ်နတ် ရထားပါတယ်။
သို့ပေမယ့် ထာဝရဘုရားက မာရ်နတ်ကို သတိစကားတစ်ခု
ပြောထားခဲ့ပါတယ်။ သူ့အမည်(ထာဝရဘုရားရဲ့ အမည်) ကို
ဒုက္ခရောက်သူ တစ်ယောက်ယောက်က ရွတ်ဆိုခဲ့ရင် အဲဒီဒုက္ခ
ရောက်သူနဲ့ ခြေလှမ်းပေါင်း လေးဆယ်ငါးလှမ်း အကွာအဝေး
မှာ သွားနေရမယ် … စသဖြင့် ကျနော့်မိတ်ဆွေက ရှင်းပြပါ
တယ်။ သူရှင်းပြခဲ့တာကို ကျနော်က ကျနော့်ကဗျာထဲ ထည့်ခဲ့
တာပါ။ လက်ရှိ မွေးနေ့တွင် ကဗျာရေးချင်သော်လည်း …း)

ခန့်မှန်းမိလို့ …

ကျနော် အခုတက်နေတဲ့ ကျောင်းက လာမယ့်သောကြာနေ့
အထိ စာသင်နေပါတယ်။ ရှေ့အပတ်က စ’ပြီး နွေရာသီ ပိတ်
တော့မှာပါ။ ဒီနေ့ အတန်းထဲမှာ ဆရာမက ကျနော်တို့ ကျောင်း
သားတွေကို ဒိန်းမတ်ဘာသာစကား အလေ့အကျင့်ရအောင်
စကားပြောခိုင်းပါတယ်။ ပြောရတဲ့ ခေါင်းစဉ်က “ကမ္ဘာ့ဖလား”။
ဆရာမ မေးပါတယ်။ ကမ္ဘာ့ဖလားမှာ ဘယ်သူ ဂိုးအများဆုံး
သွင်းတဲ့ ရွှေဖိနပ်ဆု ရမလဲတဲ့။ ကျနော့်ပါးစပ်က လွှတ်ခနဲ
ထွက်သွားပါတယ် … စီမွန် ဖူးဆန် (ကိုယ့်ဂိုး ကိုယ်ပြန်သွင်းခဲ့
တဲ့ ဒိန်းမတ်ဘောလုံးအသင်း နောက်တန်း ကစားသမား)။
ဆရာမ မျက်နှာ နည်းနည်း မဲ့သွားပါတယ်။ ဆရာမ ဆက်ပြော
ပါတယ်၊ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်ဆွဲမလဲတဲ့။ ကျနော်
အလှည့်ရောက်တော့ ကျနော်က “ထု့စ်စလန်” (ဂျာမဏီနိုင်ငံ
ကို ဒိန်းမတ်ဘာသာစကားအားဖြင့်) လို့ ပြောလိုက်ပါတယ်။
ဆရာမ မျက်နှာ နည်းနည်းတင်းသွားပါတယ်။ ပြီးမှ နည်းနည်း
ပြုံးပြီး “ဒိန်းမတ်လူမျိုးတွေက အရင်က စစ်ပွဲတွေကြောင့်
ဂျာမဏီနိုင်ငံ အပေါ် အမြင်မကြည်လင်ဘူး”။ ကျနော့်
နံဘေးရှိ ပိုလန် လူမျိုးတစ်ယောက်ကလည်း ကျနော့်ကို ထပ်
ပြောပါတယ်။ ငါ့အသက်က ငါးဆယ်ရှိပြီ၊ ငါတို့ ပိုလန်တွေလည်း
ဂျာမဏီဆိုရင် မုန်းတယ်တဲ့။ ကျနော့်က … ဘောလုံးက ဘော
လုံးပဲ၊ ဟစ်တလာ ဆိုးခဲ့တာနဲ့ ဂျာမန်ဘောလုံးအသင်း ဘာ
ဆိုင်လို့လဲ .. စသဖြင့် ထပ်ပြောတော့ ပိုလန်ကြီးက ကျနော့်ကို
“မင်း ငယ်ပါသေးတယ်”။

မင်းတို့ ငယ်ပါသေးတယ် …

အခုတလော စီးပွားရေး ကျဆင်းမှုကြောင့် ဒိန်းမတ်ရောက်
အရှေ့အလယ်ပိုင်းမှလာတဲ့ အီရန်၊ အီရတ်တွေရဲ့ သတင်းဆိုး
တွေ ကြားနေရပါတယ်။ အဝေးပြေး လမ်းနံဘေးမှာ မွေးခါစ
ကလေးပိုက်ပြီး …. ခရီးထွက်လာတာ၊ ပိုက်ဆံအိတ် မေ့ကျန်ခဲ့
လို့၊ ဒီ ရွှေလက်စွပ်လေး၊ ရွှေဆွဲကြိုးလေး ….. ဒီလောက်နဲ့
ရောင်းချင်ပါတယ်၊ ကူညီပါ ဆိုပြီး ရွှေအတုတွေ လိုက်ရောင်းတဲ့
သတင်းတွေပါ။ ပြီးခဲ့တဲ့အပတ်က ကျနော့်အိမ်နီးချင်း မြန်မာ
တစ်ယောက်တောင် အဝေးပြေးလမ်းနံဘေးမှာ ကြုံလိုက်
ရပါတယ်။ ပိုက်ဆံ မပါဘူးလို့ ပြောပြီး ရှောင်ခဲ့ရပါတယ်။ ပြီးခဲ့
တဲ့ နှစ်ပတ်ကျော်က ကျနော့်မိတ်ဆွေ တစ်ယောက် အဲဒါမျိုး
ကြုံခဲ့ရတယ်လို့ သိရပါတယ်။ သူက စနေ တနင်္ဂနွေ အလုပ်
ပိတ်ရက် တခြားမြို့ရှိ သူငယ်ချင်းအိမ်ကနေ ပြန်လာပါတယ်။
နည်းနည်းလောက် သောက်ထားပါတယ်။ လမ်းမှာ အီရတ်
လူမျိုး လင်မယားနှစ်ယောက်နဲ့ သွားတွေ့ပါတယ်။ အမျိုးသမီး
ဖြစ်သူက ငိုမဲ့မဲ့ ပုံစံနဲ့ ခရီးထွက်လာရင်း ငါတို့ကားမှာ ဓါတ်ဆီ
ကုန်သွားလို့ … အဲဒါ ငါ့ ရွှေလက်စွပ်ကို ပုံမှန်ဈေးထက် နှစ်ရာ
လျှော့ပြီး ရောင်းချင်တယ် … လို့ လုပ်ပါတယ်။ ကျနော့်မိတ်ဆွေ
က … ငါလည်း အိမ်ပြန်ဖို့ ရထားခ မရှိလို့ အသိလိုက်ရှာနေ
တာ၊ ငါ့မှာ ရောင်းစရာတော့ မရှိဘူး၊ ရထားခနဲ့ ဘီယာတစ်ဗူး
ဖိုး လေး …ငါးဆယ်လောက် ကူညီနိုင်ရင် ကူညီပါ … ဆိုပြီး
လုပ်ပါတော့တယ်။ နောက်ဆုံးမှာတော့ အီရတ်လူမျိုး လင်မယား
က ကျနော့်မိတ်ဆွေကို တော်တော်လေး တောင်းပန်ရပါတော့
တယ်။ နောက်ဆုံးပြောမရတာနဲ့ ဘီယာတစ်ဗူးဖိုး ပေးလိုက်
တယ်လို့ သိရပါတယ်။ ဘီယားဖိုး ထုတ်ပေးတော့ မူးချင်
ယောင် ဆောင်နေတဲ့ ကျနော့်မိတ်ဆွေက …
“မင်းတို့ အရှေ့အလယ်ပိုင်းက လာတဲ့လူတွေ
ငယ်ပါသေးတယ်”
လို့ ပြောပြီး ပေးတဲ့ပိုက်ဆံကို မယူခဲ့ပါ။


-စစ်ငြိမ်းဒီရေ

Read more »

Saturday, 12 June 2010

မှော်နဲ့ Paranormal Activity (ရုပ်ရှင်ဝေဖန်ရေး)

မနေ့က ဘားမိ့စ်ကလပ်စစ် စာမျက်နှာမှာ ဒါရိုက်တာ
မောင်မျိုးမင်း ရိုက်ကူးသော “မှော်” ဗွီဒီယိုဇာတ်လမ်းကို အခမဲ့
ကြည့်ခွင့် ရပါတယ်။ ဇာတ်လမ်းမှာ သရုပ်ဆောင် တော်တော်
များများ အသုံးပြုထားတာကို တွေ့ရပါတယ်။



ဟိုတလောဆီက Paranormal Activity ဇာတ်လမ်းကို သုံးကြိမ်
ထက်မနည်း ကျနော် ကြည့်ဖြစ်ပါတယ်။ Paranormal Activity ရုပ်ရှင်
ကားက Budget $ 15,000 ရှိပြီး Gross Revenue $ 192,735,402
ငွေ ပမဏ ရရှိတယ်လို့ သိရပါတယ်။



မြန်မာဇာတ်လမ်းကတော့ ဈေးကွက်အနေအထားအရ သူတို့နဲ့
နှိုင်းယှဉ်လို့ မရပါဘူး။ ရိုက်ကူးထုတ်လုပ်တဲ့ စက်ပိုင်းဆိုင်ရာ၊
နည်းပညာပိုင်းဆိုင်ရာလည်း မယှဉ်နိုင်ပါဘူး။ ယှဉ်နိုင်တာ တချို့
တော့ ရှိပါတယ်။ သရဲဇာတ်လမ်းကို ကောင်းကောင်း မရိုက်ပဲနဲ့
ပရိတ်သတ်ကို သွေးတိုးစမ်းတဲ့သဘော အရူးလုပ်တာပါ။

Paranormal Activity ကား ဇာတ်လမ်းတစ်ခုလုံး ယုတ္တိရှိရှိ
ပြလာရင်းကနေ နောက်ဆုံးခန်းလည်း ရောက်ရော မမြင်ရတဲ့
အရာ(သရဲ) ၀င်စီးနေတဲ့ အမျိုးသမီးက အိပ်ခန်းထဲရှိ ကင်မရာ
ကို ဆွဲချလိုက်ပါတယ်။ သူ့ပါးစပ်က တစ်ခုခု ကိုက်ခဲ့တဲ့ပုံစံ
ညစ်ပက်နေပါတယ်။ ဒါဆို သူ့ကို ၀င်စီးခဲ့တာ သွေးစုတ်
ဖုတ်ကောင်လား ဘာလဲ …။ ဇာတ်လမ်းက အဲဒီနေရာမှာ
ဆုံးထားပါတယ်။ အဲဒီပြကွက်က လွှဲရင် တစ်ကားလုံးဟာ
တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ပြသလားလို့တောင် ထင်မှတ်
ဖွယ်ရာ အပြည့်ပါ။ နောက်ဆုံးခန်း အဲဒါကြီးလည်း မြင်လိုက်
ရရော ကြည့်ထားမိသမျှ သဲထဲရေသွန်ပါ …။
The Blair Witch Project (1999) ဇာတ်လမ်းကို ရူဒေါင့်
တစ်ခုကနေ ပြန်လည် တင်ပြထားသလား မပြောတတ်ပါ။

“မှော်”ကတော့ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ရင်တွင်းဖြစ်ပါ …။
အိမ်မက်ဖမ်းကိရိယာရဲ့ သော့ချက်ဖြစ်တဲ့ လိပ်စာအတိုင်း
အိမ်ကြီးထဲကို အိမ်မက်ကျွမ်းကျင်သူ ရန်အောင်၊ ရှေ့နေသား
နိုင်ငံခြားပြန် ဖိုးကျော်၊ စိတ်ရောဂါ အထူးကု သမားတော်ကြီးရဲ့
သမီး မိုးဟေကို၊ မြေပုံပိုင်ရှင်နဲ့ မှော်ဆရာမြေးအဖြစ် သရုပ်
ဆောင်ထားတဲ့ ရဲတိုက်တို့ သွားကြပါတယ်။ အိမ်ကြီးထဲ
ရောက်တော့ ထောင်ချောက်နင်းမိပြီး ဖိုးကျော် တွဲလောင်း
ကျသွားပါတယ်။ အဲဒီအထိ ပြဿနာ သိပ်မရှိသေးပါ။

တွဲလောင်းကျနေတဲ့ ဖိုးကျော်ကို ကင်မရာက အောက်ကနေ
လှန်ပြီး ရိုက်ပြပါတယ်။ မြန်မာကား မဟုတ်တော့ပါဘူး၊ နိုင်ငံ
ခြား ရုပ်ရှင်ကားကို ဖြတ်ညှပ်ကပ် လုပ်လိုက်ပါတယ်။ ကင်ရာ
ကို အပေါ်က ရိုက်ရင် ပြဿနာရှိသလားလို့ ဒါရိုက်တာကို မေး
ချင်ပါတယ်။ ဒီအကွက်မျိုး လုပ်တာကတော့ လုံးဝမသင့်တော်
ပါဘူး။ ဒါရိုက်တာ မောင်မျိုးမင်းဟာ “နှင်းဆီဝိုင်” ဇာတ်လမ်းတုန်း
က I LOVE YOU စာတန်းရဖို့ (၁၅)ကျပ်တန် လေးရွက်ပေါင်းပြီး
ပိုက်ဆံဂဏန်းရှေ့ရှိ အင်္ဂလိပ် အက္ခရာ နှစ်လုံးတွဲတွေနဲ့ ပုံဖော်
ခဲ့ဘူးပါတယ်။ အဲဒီတုန်းကလည်း I နဲ့ L အတွဲ၊ O နဲ့ V အတွဲ
အစရှိတဲ့ ပိုက်ဆံတွေ လွယ်လွယ်ကူကူ ရှာမရလို့ ဘော့ပန်နဲ့
I LOVE YOU စာတန်းကို လုပ်ပြခဲ့ဖူးပါတယ်။ အဲဒီတုန်းက အချစ်
ဇာတ်လမ်းဖြစ်နေလို့ ပရိတ်သတ်က ချစ်သူနှစ်ဦး ညားပါစေတော့
စိတ်နဲ့ ရုပ်ရှင်ကြည့်နေတော့ ပြဿနာ သိပ်မရှိပါဘူး။ အခုဟာ
သရဲဇာတ်လမ်းပါ။ တွင်းထဲ ပြုတ်ကျတဲ့သဘောက အောက်ခြေ
မှောင်မဲနေရင် ပြီးတာပဲလေ၊ အခုလို ပြည်ပရုပ်ရှင်ကို ဖြတ်ညှပ်ကပ်
လုပ်လိုက်တော့ ဖန်တီးထားတဲ့ အနုပညာလည်း ပြုတ်ကျ
သွားတာပေါ့။

(မြန်မာ့ ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်လမ်းများ အောင်မြင်ပါစေ။)

-စစ်ငြိမ်းဒီရေ

(ဓါတ်ပုံများကို Burmeseclassic.com စာမျက်နှာနှင့် အင်တာနက်
ပေါ်မှ ရယူထားပါသည်။)

Read more »

Thursday, 10 June 2010

ဖော်ဝပ်မေးလ် အန္တရာယ်ကို ဘယ်လို ကာကွယ်ရမလဲ ???

ကျနော်ဟာ အင်တာနက်ပေါ်မှာ ဘလော့တစ်ခုလုပ်ပြီး
ဟိုရေး ဒီရေး အဆင့်ကနေ စိတ်ကူးတည့်ရာ ဇာတ်လမ်းလေး
တွေ ကြိုးစားပြီး ရေးနေသူ တစ်ဦးပါ။



ယခုအခါ ကျနော်ရေးသားခဲ့သော “လမ်းကြားသရဲ” ပို့စ်
အပါအ၀င် ပို့စ်တော်တော်များများဟာ ဖော်ဝပ်မေးနဲ့ အင်တာနက်
ပေါ်တွင် လျှောက်ဖြန့်ဝေသူများကြောင့် စိတ်အနှောက်အယှက်ဖြစ်
စရာများ တွေ့လာရပါတယ်။ ကျနော့်စာမျက်နှာပေါ်က စာကို COPY
လုပ်ပြီး လျှောက်ဖြန့်ဝေသူများတဆင့် အင်တာနက်ပေါ်တွင် ကိုယ်ပိုင်
စာမျက်နှာ ရှိသော ဘလော့တချို့wordpress တချို့တို့တွင် ကျနော်
ရေးသားခဲ့သော ပို့စ်များကို ဖော်ပြထားကြပါတယ်။ တချို့လည်း
ကျနော့်စာမျက်နှာမှ ရရှိကြောင်း Credit ပေးထားပါတယ်။ တချို့
လည်း ဖော်ဝပ်မေးလ်မှ ရရှိကြောင်း ဖော်ပြထားပါတယ်။

တချို့လည်း သူတို့ကိုယ်ပိုင် ရေးထားချင်ယောင် ဆောင်ပြီး ခပ်
တည်တည်နဲ့ တင်ထားသူများရှိပါတယ်။
ဥပမာ ….
- နတ်သဘင် (လမ်းကြားသရဲ)
- ချစ်သူ (လမ်းကြားသရဲ)
- MTU Online Studentz (လမ်းကြားသရဲ)
- myanmarchatonline.org (လမ်းကြားသရဲ)
- ဇော်ဖြိုးဝေ (လမ်းကြားသရဲ)

အဲဒီတော့ စာဆက်ရေးဖို့တောင် တော်တော်လေး စိတ်ပျက်
မိပါတယ်။ ဘလော့ပေါ်မှာ ၀ါသနာပါရာ စိတ်ကူးတည့်ရာ
လေးတွေ ရေးရတယ်ဆိုပေမဲ့ လွယ်လွယ်ကူကူတော့ မဟုတ်
ပါ။ ဘလော့ရေးလို့ စားဝတ်နေရေးအတွက် ပိုက်ဆံရတာ
မဟုတ်ပါဘူး။ စားဝတ်နေရေးအတွက်လည်း ဘလော့ဂါတိုင်း
သူ့အတိုင်းအတာနဲ့သူ၊ သူ့အနေအထားနဲ့သူ ရပ်တည်
နေရပါတယ်။

အဲဒီတော့ ရှေ့ဆက်ပြီး ဖော်ဝပ်မေးလ်အန္တရာယ်ကို ဘယ်လို
ကာကွယ်ရမလဲ။ တချို့ ဖော်ဝပ်မေးလ်သမားတွေက
အင်တာနက်ပေါ်မှာ အချိန်သိပ်မပေးနိုင်တဲ့ သူငယ်ချင်းတွေ
ရင်းနှီးသူတွေကို စိတ်ပြေလက်ပျောက် သိစေချင်လို့ ရိုးရိုး
သားသားနဲ့ ဖြန့်ဝေတဲ့ သူလည်း ရှိနိုင်ပါတယ်။ သို့ပေမဲ့
စာတစ်ပုဒ်ဖြစ်လာဖို့ ကြိုးစားထားရတဲ့ သူတွေဖက်ကိုလည်း
စဉ်းစားကြည့်ပါအုံး။ စာရေးတဲ့သူဟာ ဘယ်သူပါ၊ ဘယ်သူ့
စာမျက်နှာကနေ ထပ်ဆင့်ကူးယူဖော်ပြထားပါတယ် လို့တော့
လုပ်ပေးသင့်ပါတယ်။ ဒီလိုမျိုးကြပြန်တော့လည်း ထပ်ဆင့်
ဖော်ပြတဲ့သူတွေက မသိချင်ယောင် ဆောင်နေရင် မခက်
ဘူးလား။

အဲဒီတော့ ရှေ့ဆက်ပြီး ကျနော်တော့ ဒီလိုစဉ်းစားမိတယ်။
PDF ဖိုင်လုပ်ပြီး တင်ရင်လည်း ကူးချင်တဲ့ လူက ကူးလို့
ရသေးတယ်။ Photos လုပ်ပြီး PDF ဖိုင်ကို Scribd ကနေ
တင်မယ်ဗျာ။ စာလာဖတ်တဲ့သူတွေဖက်က အင်တာနက်
နှုန်း အရမ်းနှေးလို့ ဖတ်မရတာ။ ကျနော့်စာမျက်နှာမှာ
Scribd ဖိုင်တွေ အရမ်းများလာလို့ ဖွင့်ရတာ အရမ်းကြာတဲ့
ပြဿနာတွေ ကြုံလာရမယ်။ မတက်နိုင်ပါ၊ ဒီနည်း အကောင်း
ဆုံးလို့ နည်းပညာပိုင်း မကျွမ်းကျင်တဲ့ ကျနော်အနေနဲ့တော့
ထင်ပါတယ်။ အခုလက်ရှိ ရေးလက်စ “နှောင်ကြိုးမိသူ
နောက်ဆုံးပိုင်းကိုလည်း ဒီနည်းနဲ့ပဲ တင်ရတော့မယ်။
နောင် ဇာတ်လမ်းတွဲတွေ ရေးဖြစ်ရင်လည်း ဒီလိုပဲ လုပ်ရ
မလို့ ဖြစ်နေပြီဗျာ။

ကျနော့်စာမျက်နှာမှာ စာလာဖတ်ကြတဲ့ မိတ်ဆွေ အပေါင်း
အသင်းများ၊ စာဖတ်သူများအနေနဲ့ ထင်မြင်ယူဆချက်များ
ရှိရင် အကြံပြုကြပါအုံးဗျာ ….။


-စစ်ငြိမ်းဒီရေ


Read more »

Wednesday, 9 June 2010

နှောင်ကြိုးမိသူ (အပိုင်း- ၇)

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ၊ ငယ်ရွယ်သူများနှင့် ကိုယ်ဝန်
ဆောင်မိခင်များ လုံးဝ မဖတ်ရူရန် မေတ္တာရပ်ခံအပ်ပါသည်။)

ယခင်အပိုင်း(၆)မှ အဆက် ….

(နှင်းနှင်း) ဘာတွေ မက်သလဲ ၀ါဆို …။

(၀ါဆိုဦး) အိမ်မက်ထဲမှာ အိမ်အပေါ်ထပ်က ၀ရန်တာမှာ
တစ်ယောက်တည်း ထိုင်နေတယ်။ ဟိုးအရင် ခဏခဏမက်
နေကြ အိမ်မက်ထဲကလို ၀ါဆို မြင်ဖူးနေတဲ့ လူငါးယောက်
အိမ်ပေါ်ကို တက်လာကြတယ်။ မိန်းမကြီးနှစ်ယောက်က ၀ါဆို့
နံဘေးမှာ၊ ယောက်ျားကြီး သုံးယောက်က ၀ါဆို့ရဲ့ ရှေ့နဲ့
နောက်မှာ ညှပ်ပြီး အိမ်ကနေ ခေါ်သွားကြတယ်၊ အဲဒီနောက်
ကိုမင်းလွင်အိမ်ရှေ့ကို ရောက်သွားတယ်၊ ကိုမင်းလွင်လည်း
ဝါဆိုနဲ့အတူ ပါလာတယ်၊ အဝေးကြီးကို ခေါ်သွားကြတာ၊ လယ်
ကွင်းတွေ တောအုပ်တွေ တစ်ခုပြီး တစ်ခု ဖြတ်သွားလိုက်တာ
ရုတ်တရက် ရှေ့ခပ်လှမ်းလှမ်းမှာ ရေတံခွန်ကြီးတစ်ခု ဘွားကနဲ
မြင်လိုက်ရတယ်၊ ရေတံခွန်နဲ့ မလှမ်းမကမ်းမှာ စေတီတစ်ဆူ
ကို လှမ်းမြင်နေရတယ်၊ ၀ါဆို့စိတ်ထဲမှာ ဒီနေရာနဲ့ ၀ါဆို ရင်းနှီး
နေသလိုပဲ၊ အဲဒီအချိန်မှာ ၀ါဆို့လက်တစ်ဖက်ကို တစ်ယောက်
ယောက်က ရုတ်တရက်စောင့်ဆွဲပြီး ခေါ်သွားတယ်၊ ၀ါဆို့ကို
အိမ်ကနေ ခေါ်လာတဲ့ လူတွေကို လှမ်းကြည့်လိုက်တော့ ကိုမင်းလွင်
နဲ့ ၀ါဆို့အရွယ် မိန်းကလေး တစ်ယောက် သူတို့နဲ့အတူ
ပါသွားကြတာကို မြင်လိုက်ရတယ် ….။



(အငယ်လေး) ၀ါဆို့ကို လမ်းမှာ တစ်ယောက်ယောက်က
ကြားကနေ ခေါ်ထုတ်သွားတာလား …။

(မော်ကြီး) လုပ်ပြီး၊ ဟိုက ပြောတာကို အဆုံးထိ နားထောင်
ပါအုံး အငယ်မရယ် …။

(၀ါဆိုဦး) ဟုတ်တယ် …၊ အဲဒီ ရေတံခွန်ကို မရောက်ခင် လမ်း
မှာ တစ်ယောက်ယောက်က ကြားဖြတ်ပြီး ခေါ်သွားတာ၊ ၀ါဆို
လည်း သူ့နောက်ကို ဒရွတ်တိုက် ပါသွားတယ်၊ နောက်တော့
ဇရပ်လိုလို အိမ်အပျက်ကြီးတစ်ခုလိုလို တနေရာကို ရောက်
သွားတယ်၊ အဲဒီတော့မှ ၀ါဆို့ကို ခေါ်လာတဲ့လူကို ကြည့်လိုက်
တော့ အဲဒီလူက အရူးကြီးတစ်ယောက်၊ သူ့ခေါင်းမှာ ကြိုးတွေ
လည်း ပတ်ထားတယ်၊ ယက်တောင်ကြီးတစ်ခုကို နောက်မှ
ထိုးထားတယ်၊ အဲဒီအရူးကြီးကိုလည်း ၀ါဆို့ စိတ်ထဲမှာ မြင်ဖူး
နေသလိုပဲ၊ ၀ါဆို့ကို ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေ ထိုင်ခိုင်း
တယ်၊ အရူးကြီးက ကျောက်ပြင်တစ်ခုပေါ်မှာ နံ့သာဖြူတွေ
နံ့သာနီတွေကို သွေးပြီး ၀ါဆို့မျက်နှာပေါ်မှာ လိမ်းပေးတယ်၊
သူ လိမ်းပေးတဲ့ ပုံစံက သနပ်ခါးလိမ်းပေးတာနဲ့ မတူဘူး၊
မျက်နှာပေါ်မှာ တစ်ခုခုကို ရေးခြစ်သလိုလို စာရေးသလိုလို
လိမ်းပေးတာ၊ အဲဒီနောက် ၀ါဆို့ကို ခုနက တွေ့လိုက်ရတဲ့
ရေတံခွန်ဖက်ကို ပြန်ခေါ်လာတယ်၊ ၀ါဆို့က အဲဒီအရူးကြီး
ကို … “ကျမကို ဘယ်ခေါ်သွားမလို့လဲ” လို့ မေးလိုက်တော့
အရူးကြီးက … “အရင်ဘ၀ဟောင်းကို ပြမလို့” … လို့
ပြန်ပြောတယ်၊ ၀ါဆို့ ခြေထောက်တွေ အောက်က မြေကြီး
နဲ့ လွတ်နေသလိုပဲ၊ အဲဒီအချိန်မှာ အသံတွေ ကြားရလို့
လှမ်းကြည့်လိုက်တော့ ရုပ်ရှင်ထဲကလို စစ်ဝတ်စုံဝတ်ထားတဲ့
စစ်သားတွေနဲ့ အထမ်းသမားတွေ အုပ်စုလိုက် အဲဒီရေတံခွန်
ဖက်ဆီ ဦးတည်ပြီး သွားနေကြတယ်၊ သူတို့အားလုံးဟာ ရပ်
ကြည့်နေတဲ့ ၀ါဆိုတို့နှစ်ယောက်ကို လုံးဝ မမြင်သလိုပဲ။

စစ်ဝတ်စုံ ၀တ်ထားတဲ့ သူတွေအားလုံးက ဂျပန်စစ်သားတွေ
ပဲ၊ သူတို့ထဲက အသက်ငယ်ငယ် ရုပ်ချောချော ဂျပန်စစ်ဗိုလ်
လေး တစ်ယောက်နဲ့ ပစ္စည်းတွေ ထမ်းလာတဲ့ မိန်းကလေး
တစ်ယောက်က အရမ်းကို ရင်းရင်းနှီးနှီး စကားတွေ ပြောနေ
ကြတယ်၊ သူတို့နှစ်ယောက်ကို ၀ါဆို မြင်လိုက်တော့ အရမ်း
အံအားသင့်သွားတာ၊ အဲဒီ ဂျပန်စစ်ဗိုလ်လေးက ကိုမင်းလွင်
ဖြစ်နေပြီး ပစ္စည်းတွေ မနိုင်မနင်းနဲ့ ထမ်းလာတဲ့ မိန်းကလေး
က ၀ါဆို ဖြစ်နေတယ်။

ရေတံခွန်နားက စေတီနံဘေးမှာ ဂျပန်စစ်သားတွေ စခန်းချ
နေကြတယ်၊ အထမ်းသမားတွေ စခန်းနံဘေးနား ရောက်တော့
ဂျပန်စခန်းထဲကနေ လင်မယားနှစ်ယောက် ထွက်လာပြီး
ပစ္စည်းတွေ မနိုင်မနင်းနဲ့ ထမ်းလာတဲ့ မိန်းကလေးဆီ ပြေး
လာကြတယ်၊ ပြေးထွက်ပြီး လာကြိုတဲ့ ထမင်းချက်လင်မယား
က မိန်းကလေးရဲ့ မိဘတွေပါ၊ ရေတံခွန်နံဘေးမှာ သူတို့အားလုံး
နားနေကြတယ်၊ အထမ်းသမားတွေ ထမ်းလာတဲ့ အထုပ်တွေ
ကို တစ်ထုပ်ပြီး တစ်ထုပ် သေတ္တာကြီးတစ်လုံးထဲကို ထည့်
ကြတယ်၊ မိန်းကလေးအလှည့်ရောက်တော့ သေတ္တာထဲ
ထည့်ဖို့အသွားမှာ ခလုတ်တိုက်ပြီး လဲကျသွားတယ်၊ ထမ်း
လာတဲ့ အထုပ်လည်း အောက်ပြုတ်ကျပြီး ပွင့်ထွက်သွားတယ်၊
အထုပ်ထဲက အရောင်တလက်လက် တောက်ပနေတဲ့
ကျောက်သံပတ္တမြားတွေ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်တွေ
ကို အားလုံး မြင်လိုက်ရတယ်၊ ဂျပန်စစ်တပ်ရဲ့ အကြီးအကဲ
ဖြစ်သူဟာ မျက်စိပျက် မျက်နှာပျက် ဖြစ်သွားတယ်၊ ဂျပန်
စစ်ဗိုလ်လေးကတော့ ချော်လဲသွားတဲ့ မိန်းကလေးနံဘေးဆီ
သွားပြီး ကူညီပေးရှာတယ်၊ ပစ္စည်းတွေ အားလုံးကို သေတ္တာထဲ
ထည့်ပြီး ရေတံခွန်နံဘေးက ဂူထဲကို သယ်ဆောင်သွားကြ
တယ်၊ လှိုဏ်ဂူထဲကနေ ပြန်ထွက်လာကြတော့ ဂျပန်အရာရှိ
ကြီးက ဂျပန်စစ်သားတွေကလွှဲရင် ကျန်တဲ့သူ အားလုံးကို
တနေရာမှာ စုပြီး မတ်တပ်ရပ်ခိုင်းထားတယ်။

စစ်တပ်အကြီးအကဲ ဖြစ်သူနဲ့ စစ်ဗိုလ်လေးတို့ စကားတွေ
အပြန်အလှန် ပြောနေကြတယ်၊ တဖြေးဖြေးနဲ့ သူတို့ရဲ့မျက်နှာ
ပေါ်မှာ ဒေါသအရိပ်တွေ လွှမ်းမိုးလာတယ်၊ ဂျပန်အရာရှိကြီးက
သူ့ ရဲဘော်တွေကို လှမ်းပြောလိုက်တယ်။ ဂျပန်စစ်သားမဟုတ်
တဲ့ အထမ်းသမားတွေ၊ ဘာအပြစ်မှ မကျူးလွန်မိတဲ့ စခန်းက
ထမင်းချက်လင်မယားတို့ကို လက်ပြန်ကြိုးတုပ်ဖို့နဲ့ မျက်နှာကို
အ၀တ်စ’ စည်းဖို့။ ထမင်းချက်လင်မယားက သူတို့လင်မယား
သေချင် သေပါစေ သူတို့သမီးလေးကို အသက်ရှင်ခွင့်ပြုဖို့
စစ်ဗိုလ်လေးနဲ့ အရာရှိကြီးကို ထိုင်ရှစ်ခိုးပြီး တောင်းပန်နေကြ
တယ်။ အထမ်းသမားတွေ အားလုံးလည်း ကြေကွဲနေကြတယ်။
စစ်ဗိုလ်လေးက အားလုံးကို ကြိုးမတုပ်ဖို့ စစ်သားတွေဆီ
လှမ်းပြောလိုက်တယ်။ အရာရှိကြီးက ဒေါသတကြီးလေသံနဲ့
ဆက်လုပ်ဖို့ အမိန့်ထပ်ပေးနေတယ်။ စစ်သားတွေအားလုံး
တွေဝေနေကြတယ်။ အရာရှိကြီးက စစ်ဗိုလ်နံဘေးကနေ
အားလုံးဆီ သွားမယ့်အပြုမှာ သူ သွားလို့မရအောင် စစ်ဗိုလ်
လေးက ခြေတစ်လှမ်း လှမ်းပြီး လမ်းပိတ်သလို လုပ်လိုက်
တယ်။ ဒေါသထွက်သွားတဲ့ အရာရှိကြီးဟာ ဓါးအိတ်ထဲက
ကင်ဒိုဓါးကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သွားလို့မရအောင်
လမ်းပိတ်ထားတဲ့ စစ်ဗိုလ်လေးရဲ့ ခြေထောက်ကို ခုတ်ချ
ပြစ်လိုက်တယ်။

တချို့ဟာ လက်ပြန်ကြိုးတုပ်ပြီးသာ မျက်နှာမှာလည်း အ၀တ်စ’
စည်းပြီးသာ၊ တချို့ကျတော့ လက်ပြန်ကြိုးတုပ်ထားဆဲ မျက်နှာ
မှာ အ၀တ်စ’ မစည်းရသေး၊ နှစ်ဦး … သုံးဦးလောက် ကြိုးလည်း
မတုပ်ရသေး အ၀တ်စလည်း မစည်းရသေး၊ သေနတ်သံတွေ
ထွက်ပေါ်လာတယ်။ သေနတ်သံတွေထဲ နောက်ဆုံး ထွက်ပေါ်
လာတဲ့ သေနတ်သံက အမိန့်ဖီဆန်မှုဖြင့် သေဒဏ်ပေးခြင်းခံရ
သော ညှာတာတတ်သည့် စစ်ဗိုလ်လေး’ရင်ကို ထိမှန်တဲ့အသံ။

ထိတ်လန့်စရာ မြင်ကွင်းတွေ ကြည့်နေတဲ့ ၀ါဆို့ကို နံဘေးမှာ
ရှိတဲ့ အရူးကြီးက …
“ဒါ မင်းရဲ့ အရင်ဘ၀ အဖြစ်အပျက်ပဲ၊ အဲဒီဘ၀ရဲ့ ရှေ့ဘဝ
တွေမှာလည်း အဲလို အဖြစ်အပျက်နဲ့ သိပ်ပြီး မကွဲပြားတဲ့ ပုံစံ
မျိုးတွေ ဖြစ်ခဲ့တာပေါ့၊ ကဲ … အခုလက်ရှိ ဘ၀မှာ အဲလို အဆုံး
မသတ်မိအောင် ကြိုးစားရမယ်၊ အိမ်ကို ပြန်ကြရအောင်၊ မင့်
အဖေနဲ့ သူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါအုံး သိပ်ပြီး
စိတ်မပူပါနဲ့လို့ … ငါ ပြောသလို သေသေချာချာလုပ်ရင် အချိန်
တန်ရင် ငါ ဆက်သွယ်မယ် … ”
…. အရူးကြီး စကားလည်း ဆုံးရော ၀ါဆို့ပါးစပ်က … ဟုတ်ကဲ့
ရှင့် … ဟုတ်ကဲ့ရှင့် … လို့ ပြောနေရင်းနဲ့ အိမ်မက်ကနေ လန့်
နိုးလာတာ …..


(ဆက်ရန်။)
(နောက်တစ်ပိုင်းတွင် ဇာတ်သိမ်းပါတော့မည်။)

Read more »

Friday, 4 June 2010

ဘောလုံးပွဲကြိုက်တဲ့ ကျနော်

ကျနော့်ဇာတိမြေ ဂွတ္တလစ်မှာ နိုင်ငံ့ လက်ရွေးစင် ဘောလုံးသမား
အချို့ ရှိခဲ့ဖူးပါတယ်။ ကျနော်ငယ်ငယ်က ကျောင်းစ’တက်တော့
အတန်းထဲရှိ တခြားရပ်ကွက်က သူငယ်ချင်းတွေနဲ့ အာဘောင်
အာရင်းသန်သန် ပြိုင်ကြွားရတာ ပျော်စရာပါ။

နိုင်ငံ့လက်ရွေးစင်အဆင့် ဘောလုံးသမားဟောင်း ကိုသက်တင်၊
မြန်မာနိုင်ငံ ကရာတေဒိုအဖွဲ့ချုပ်ရဲ့ ကင်ဒိုဓါးသင်တန်း နည်းပြ
ဆရာ ကိုကြီးကျိုင်း၊ ပိုက်ကျော်ခြင်းနဲ့ ၀န်ကြီးဌာန လက်ရွေးစင်
ဖြစ်ခဲ့တဲ့ မေယုလမ်းသားတွေ၊ မင်းလမ်းထဲက အမျိုးသမီး ဂျူဒို
နိုင်ငံ့လက်ရွေးစင်ဟောင်း မစိုးစိုး၊ ဦးအောင်ဘလမ်းထဲက ၀န်ကြီး
ဌာနပေါင်းစုံပြိုင်ပွဲမှာ ကာယဗလမောင် ဖြစ်ခဲ့တဲ့ ငယ်သူငယ်ချင်း
ကျော်စွာကြီး၊ မေယုလမ်းထိပ်က အကောက်ခွန်ဘောလုံးအသင်း
ရဲ့ ဘောလုံးသမားဟောင်း ကိုမျိုးဦးတို့ဟာ လူလတ်တန်းစားနဲ့
ဆင်းရဲသားတွေ ရောထွေးနေထိုင်တဲ့ ကျနော်တို့ ရပ်ကွက်အတွက်
ဂုဏ်သတင်းတချို့ကို သယ်ဆောင်ပေးခဲ့တဲ့သူတွေပါ။



မြန်မာ့ လက်ရွေးစင် ဘောလုံးသမားဟောင်း ကိုသက်တင်ဟာ
မင်္ဂလာသိဒ္ဓိလမ်းထဲမှာ နေပါတယ်။ ကျနော် နည်းနည်း အရွယ်
ရောက်တဲ့အထိ ကိုသက်တင်ဟာ ရပ်ကွက်ကိုယ်စားပြု လူငယ်
ဘောလုံးအသင်းရဲ့ နည်းပြဆရာအဖြစ် နှစ်စဉ်လိုလို အခမဲ့ ကူညီ
ဆောင်ရွက်ပေးရှာပါတယ်။ စစ်တုရင် အရုပ်တွေအပေါ် စိတ်ဝင်စား
ခဲ့တဲ့ ကျနော်ဟာ ဘောလုံးပွဲ နံဘေးမှာ ရပ်ကြည့်အားပေးတာက
လွှဲရင် အဖြစ်ရှိအောင် မကန်တတ်ပါဘူး။

(၁၉၉၆ ခုနှစ် ဥရောပဖလားတွင် ဂျာမန်နောက်တန်းလူ မာသီး
ယပ်
ဆမ်းမားဟာ ဂျာမန်အသင်းအတွက် အင်္ဂလန်အသင်းထံ ဂိုး
သွင်း
ယူ ပေးခဲ့ပါတယ်။ သူ သွင်းခဲ့တဲ့ ဂိုးကြောင့် ဘောလုံးပွဲကြည့်
နေတဲ့
အဲလီဇဘက် ဘုရင်မကြီး ခေါင်းငုံ့သွားပါတယ် …။)

ကျနော် ငါးတန်းကျောင်းသား ဘ၀ရောက်တော့ ကျနော်တို့ဒေသ
မှာ ဘောလုံးပွဲနဲ့ ပက်သက်ပြီး ထိတ်လန့်ဖွယ်ရာ ရန်ပွဲတစ်ခု ဖြစ်
ပွားခဲ့ပါတယ်။ ပြည်ထောင်စုအလံ တစ်နိုင်ငံလုံးပတ်ပြီး သယ်ဆောင်
လာလို့ အပြန် ကျနော်တို့ ရပ်ကွက်နံဘေးက ကျိုက္ကဆံကွင်းထဲ
ရောက်ခါနီးတဲ့ အချိန်ကာလ တစ်ခုပါ။ လမ်းပေါ်ရှိ သစ်ပင်တွေကို
ဓါတ်ကြိုးနဲ့ လွတ်အောင် အရပ်ထဲက လူတွေ ကိုယ်ထူကိုယ်ထ
အစီအစဉ်နဲ့ ကိုယ့်အိမ်ရှေ့က သစ်ပင်ကို ခုတ်ရပါတယ်။ လက်ထဲ
မှာ ပေါက်စိန်တွေ ရဲတင်းတွေ ကိုင်လျက်ပါ။ အဲဒီအချိန်မှာ အရပ်
ထဲက ကျနော့်ငယ်သူချင်းတချို့ဟာ ကျိုက္ကဆံကွင်း (ကျနော်တို့
အခေါ် မြင်းပြိုင်ကွင်း) ထဲမှာ ယခင် တာမွေ သင်္ချိုင်းကုန်းနံဘေး
ရှိ ရပ်ကွက်ထဲက လူငယ်တွေနဲ့ ဘောလုံးကစားကြပါတယ်။
စီးလာတဲ့ ဖိနပ်တွေကို ပုံပြီး ဂိုးတိုင်အဖြစ် လုပ်ပါတယ်။ ဂိုးသွင်း
တဲ့အခါ “လက်ထိ ဂျိုင်းအောက်” ဂိုးသွင်းမှ ဂိုးအဖြစ် သဘောထား
ပါတယ်။

ဘောလုံးကန်နေတဲ့ နေရာဟာ ကျနော်တို့ရပ်ကွက်ဖက်နဲ့
နည်းနည်း အလှမ်းဝေးတဲ့ နေရာမှာပါ။ ကလေးတွေအချင်းချင်း
ဘောလုံးကစားရာမှာ “ဂိုး”တယ် “မဂိုး”ဘူး ငြင်းခုန်ရာကနေ
ရန်စ’ဖြစ်ပါတယ်။ ဟိုဖက်ရပ်ကွက်ထဲက ကလေးရဲ့ အကို
ဖြစ်သူက ၀င်ရောက်လာပြီး ကျနော်တို့ရပ်ကွက်ထဲက
လူငယ်ကို ဆွဲထိုးလိုက်ပါတော့တယ်။ အဲဒါနဲ့ လက်သီးနဲ့
အထိုးခံရတဲ့ လူငယ်ဟာ ငိုယိုပြီး ရပ်ကွက်ထဲကို ပြန်လာပါ
တယ်။ ရုတ်တရက် ဒေါသထွက်သွားတဲ့ ကျနော်တို့ အရပ်
ထဲက လူတချို့ဟာ လက်ထဲမှာ လက်နက်မျိုးစုံကိုင်ပြီး တဖက်
ရပ်ကွက်ဆီ ချီတက်ကြပါတယ်။ နာရီပိုင်းအတွင်း ကျောက်ခေတ်
အမှတ်တရ တိုက်ပွဲကို ဆင်နွဲကြပါတယ်။ နှစ်ဖက်စလုံးမှ လူ
တချို့ သေဆုံးပြီး တချို့လည်း ဆေးရုံကြီးမှာ အတွင်းလူနာ
အဖြစ်သို့ ရောက်ရှိကြပါတော့တယ်။

(ဥရုဂွေးနဲ့ ကော်စတာရီကာ၊ အယ်လီဆာဗေးဒိုးနဲ့ ဟွန်ဒူးရပ်စ်
တို့ ဘောလုံးကြောင့် စစ်ဖြစ်ပွားခဲ့တာကို အားကျလို့ပါ …။)

ကျနော် ပြည်ပ ထွက်မလာခင်မှာ ကျနော်တို့ဒေသထဲမှာ
မျိုးဆက်သစ် ဘောလုံးကစားသမားတချို့ ထွက်ပေါ်လာ
တာကို တွေ့ရပါတယ်။ လှည်းကူး ရဲမွန်အခြေစိုက် နိုင်ငံ့
လက်ရွေးစင် ဘောလုံးအသင်းကို စစ်အစိုးရ စခန်းသွင်း
လေ့ကျင့်ခဲ့ပါတယ်။ အဲဒီ ဘောလုံးအသင်းရဲ့ ကပ္ပတိန်
ဝင်းမင်း ခေါ် ၀င်းမင်းဦးဟာ ကျနော်တို့ ဂွတ္တလစ်အနောက်
မြောက်ရပ်ကွက် (ယခုအခေါ် ဆရာစံအနောက်မြောက်)
ထဲရှိ မော်လမြိုင်လမ်းသား တစ်ဦးပါ။ သူတို့ မိသားစုဟာ
စီးပွားရေးအရ အလယ်အလတ်တန်းစားနီးပါးသာ ရှိပါ
တယ်။ အဲဒီအချိန်က သူတို့အိမ်မှာ TV မရှိပါဘူး။ သူ
ဦးဆောင်တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ
အရှေ့တောင် အာရှဘောလုံးပွဲမှာ အုပ်စုမှာတင် ပြုတ်ပြီး
ဖိုင်နယ်ပွဲမတိုင်ခင် အိမ်ပြန်ရောက်လာပါတယ်။ အဲဒါနဲ့
အိမ်ပြန်ရောက်လာတဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးသမား
ကျနော်တို့နယ်သား ၀င်းမင်းဟာ ပြည်ပမှာ ဘောလုံးသွား
ကစားလို့ သူရခဲ့တဲ့ ဒေါ်လာငွေလေးနဲ့ အပြေးအလွှား
TV တစ်လုံး ပြေးဝယ်ပြီး ဖိုင်နယ်ပွဲ ကြည့်ရရှာပါတယ်။

(ဘေယန်မြူနစ်အသင်းရဲ့ နောက်တန်းလူ အဖြစ် ကစားခဲ့
တဲ့ ဂါနာနိုင်ငံသား ကူးဖိုးဟာ ဘောလုံးစ’ကစားဖို့ သူ့မိသားစု
ပိုင်ဆိုင်တဲ့ တစ်ခုတည်းသော TV ကို ရောင်းစားပြီး
ဘောကန်ဖိနပ် ၀ယ်ယူ ခဲ့ရဖူးပါတယ် …။)

ဘောလုံးပွဲနဲ့ ပက်သက်ပြီး လောင်းကစားလုပ်ခြင်းကို ကျနော်ဟာ
တော်တော်လေး ခုံမင်ခဲ့ဖူးပါတယ်။ ကျနော် တက္ကသိုလ်တက်ခါစ’
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ကမ္ဘောဒီးယားအသင်း
နဲ့ အရှေ့တောင်အာရှဘောလုံးပြိုင်ပွဲမှာ ကွာတာတက်ဖို့ ယှဉ်ပြိုင်
ရပါတယ်။ မြန်မာအသင်းဟာ သရေကစားနိုင်ရင်တောင် နောက်
တဆင့်ဆီ တက်ရမှာပါ။ ကျနော်အပါအ၀င် ကျနော်တို့ ဒေသက
ဘောလုံးပွဲ လောင်းကစားလုပ်သူတွေ မြန်မာအသင်းဖက်ကနေ
မျိုးချစ်စိတ် အရင်းတည်ပြီး လောင်းကြပါတော့တယ်။ လောင်း
ကြေးက (၂)ဂိုး အသာမှ တစ်မတ်အနိုင် (၂၅%)ပါ။ အဲဒီနေ့
က မြန်မာအသင်းဟာ သူတို့နဲ့ ဘောလုံးအဆင့်ချင်းများစွာ နိမ့်
ကျတဲ့ ကမ္ဘောဒီးယားအသင်းအပေါ် လျှော့တွက်ပြီး အရန်လူတွေ
နဲ့ စ’ကစားပါတယ်။ (၃) ဂိုးဆက်တိုက် အသွင်းခံရပါတယ်။
First line-up နဲ့ လူပြန်လဲဖို့ ကြိုးစားပါတယ်။ သို့ပေမဲ့ အရှုံးကြီး
ရှုံးခဲ့ပါပြီ။ ကျနော်လည်း ရှိစုမဲ့စု မြန်မာငွေ သုံးသောင်း ပါသွားပါ
တယ်။ တစ်ရပ်ကွက်လုံး မီးခိုးတိတ်ပါ။ ကျနော့်အသိ တချို့ဆိုရင်
အိမ်က TV ကိုပါ ရိုက်ခွဲကြပါတော့တယ်။

(၂၀၀၂ ကမ္ဘာ့ဖလားမှာ တရုတ်ဘောလုံးအသင်း ခြေစစ်ပွဲ
အောင်တော့ မျက်မမြင်ကျောင်းက ကျောင်းသားတွေတောင်
မျိုးချစ်စိတ်ကြောင့် ငိုကြွေးပြီး ဂုဏ်ယူကြတယ်၊ ကားလမ်းတွေ
ပေါ်မှာ ကားတွေရပ်ပြီး ကားဟွန်းတွေ ဆက်တိုက်တီးကြ
တယ်၊ မြန်မာနိုင်ပြီဆိုတဲ့ အသံဟာ ….။)

၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကန်နေချိန်မှာ ကျနော်ဟာ
မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့စွန်းရှိ ဆာလာယန်းအပိုင်
နံပါတ် (၅၀) ဂိတ်ဆုံးရှိ စက်ရုံတစ်ရုံမှာ သာမန်အလုပ်သမား
အဖြစ် အလုပ် လုပ်နေချိန် ဖြစ်ပါတယ်။ ကျနော်တို့ စက်ရုံမှာ
အင်ဂျင်နီယာအဆင့်ရော သာမန်အလုပ်သမားအဖြစ်ရော
အလုပ်လာလုပ်သူ ရွှေမြန်မာတွေ တစ်ရာနီးပါး ရှိပါတယ်။
ဂျပန်ဘောလုံးအသင်းနဲ့ ရုရှားဘောလုံးအသင်း အုပ်စုပွဲ
မှာ ကစားရပါတယ်။ အဲဒီနေ့က ကျနော့်အကိုအရင်းဖြစ်သူ
ဟာ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ သမီးဖြစ်သူထံ
ငွေလွှဲပေးဖို့ သူ့ပိုက်ဆံကို ကျနော်ကို ပေးပြီး အလုပ်ထဲမှာ
အချိန်ပို အိုဗာတိုင် ဆက်ဆင်းနေပါတယ်။ သူ့ပိုက်ဆံရော
ကျနော့်ပိုက်ဆံပါ နှစ်ခုပေါင်းရင် မလေးရှားငွေ ရင်းကစ်
၂၀၀၀ နီးပါးရှိပါတယ်။ တွေ့သမျှလူက ရုရှားအသင်း ဘယ်လို
တော်ကြောင်း ကောင်းကြောင်းပဲ ချီးမွမ်းနေပါတယ်။ ဒါနဲ့
ကျနော်လည်း ဂျပန်ဖက်က ရှိတယ်ဆိုပြီး လုပ်ချလိုက်ပါ
တယ်။ ဂျပန်အသင်းက ရုရှားအသင်းအပေါ် တစ်လုံးတည်း
သော ဂိုး သွင်းယူလိုက်ချိန်မှာ “ဂိုး”ဆိုတဲ့အသံကို ကျနော်
ကြွေးကျော် လိုက်ပါတယ်။ ကျနော့်နံဘေးမှာ ကျနော်နဲ့အတူ
TV ထိုင်ကြည့်နေတဲ့ စက်ရုံက အလုပ်သမားတစ်ဦး သတိလစ်
ပြီး မေ့လဲသွားပါတယ်။ သူလည်း ကျနော်လို လစာပြုတ်
လောင်းထားပါတယ်။ သူက ရုရှားအသင်းဖက်ကပါ။ သူ့ကို
တော်တော်လေး ပြုစုလိုက်ရပါတယ်။ ဘောလုံးပွဲလောင်းတာ
အနိုင်ရပေမယ့် ကျနော့်အကိုရဲ့ ဆဲသံများက ကမ္ဘာ့ဖလား ပြီး
တဲ့ အချိန်အထိ မပြီးသေးပါဘူး။ ကျနော့်အကိုရဲ့ ဆဲသံများ
ကြောင့် ဘောပွဲရှုံးလို့ သတိမေ့သွားတဲ့ လူရဲ့ ပိုက်ဆံကို ပြန်
ပေးလိုက်ရပါတယ်။

(၂၀၁၀ ကမ္ဘာ့ဖလား နီးကပ်လာတဲ့ အခုချိန်မှာ ဒေါ်လာဈေး
နဲ့ ငွေလွှဲဈေးတွေ ကျဆင်းနေပါတယ်။ အိမ်လည်း မလွှဲဖြစ်
လက်ထဲတွင် ဆက်လက် ကိုင်ဆောင်ထားသော ရေခြား
မြေခြားရောက် ရွှေအလုပ်သမားများ သတိထားတော်မူကြပါ …။)


-စစ်ငြိမ်းဒီရေ

Read more »