Friday, 7 May 2010

နှောင်ကြိုးမိသူ (အပိုင်း- ၅)

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့် ကြောက်ရွံ့တတ်သူများ၊ ငယ်ရွယ်သူများနှင့် ကိုယ်ဝန်
ဆောင်မိခင်များ လုံးဝ မဖတ်ရူရန် မေတ္တာရပ်ခံ အပ်ပါသည်။)

ယခင်အပိုင်း(၄)မှ အဆက် ….

ဇရပ်ပေါ်ကို ရောက်ရောက်ချင်း လက်ထဲမှာ တုတ်တွေကိုင်ထားတဲ့
သူတို့ကို ကြည့်ပြီး အရူးကြီးက …
“ညသန်ကောင်ကြီး သင်္ချိုင်းကုန်းထဲ တုတ်တွေ တရမ်းရမ်းနဲ့၊ ဘာလဲ
ခင်ဗျားတို့ သရဲကြောက်လို့လား၊ သရဲက လူတွေလောက် ကြောက်ဖို့
မကောင်းဘူး၊ လူတွေက သူတို့ရဲ့ လောဘ မောဟ ဒေါသတွေ
အတွက် ဘာမဆို လုပ်ရဲတယ်၊ သဘက်တို့ ပြိတ္တာတို့ ဆိုတာက
သူတို့ဘာသာ သူတို့ ညည်းညူနေတာ၊ ခင်ဗျားတို့ ကိုင်ထားတဲ့
တုတ်က သဘက်တွေအဖို့ သွားကြားထိုးတံတောင် လုပ်လို့ မရဘူး၊
ရူးနေတာက ကျုပ်ပါ ခင်ဗျားတို့ မဟုတ်ဘူး …. ဟားဟားဟား …”

(အန်ကယ်) အကိုကြီး ဗိုက်ဆာရင် စားဖို့ ထမင်းတွေ ဟင်းတွေနဲ့
အအေးဗူးတွေ ယူလာပါတယ် ခင်ဗျာ …။



(အရူးကြီး) ညသန်ကောင်ကြီးရောက်မှ သင်္ချိုင်းကုန်းထဲ လာပြီး
ကျုပ်ကို လာဘ်ထိုးနေတာလား … သိပ်ပြီး မပူပန်ပါနဲ့ တော်ကြာ
ကျုပ်လို ရူးနေအုံးမယ် … ဟားဟားဟား … ခင်ဗျားတို့ ယူလာတာ
ခင်ဗျားတို့ပဲ ဗိုက်ဆာရင် စားကြပါ … ဒီပြဿနာမှာ ငိုစရာတွေ
ပါလာပြီး ကူညီခ အနေနဲ့ ဒီထမင်းကို စားခဲ့ရင် ငိုစားရယ်စား
ဖြစ်သွားမှာပေါ့ အရူးကို ထပ်ရူးအောင် လုပ်ကြမလို့လား …
ဟားဟားဟား …။



အန်ကယ်ယူလာတဲ့ Emergency Light အလင်းရောင်ကြောင့် ဇရပ်
ပေါ်မှာ တော်တော်လေး ထိန်လင်းသွားပါတယ်။ အရူးကြီးဟာ
ဖယောင်းတိုင်ရှေ့မှာ ၀ါဆိုဦး ဓါတ်ပုံကို ထောင်ပြီး မွေးနေ့သက္ကရာဇ်
ရေးထားတဲ့ စာရွက်ကို ယူကြည့်ပါတယ်။ အဲဒီနောက် အန်ကယ်ဆီ
မှ ရေတစ်ပုလင်း ယူ၍ …

“ခင်ဗျားတို့အားလုံး စုပြီးထိုင်ရမယ်၊ ကျုပ် ဒီပုလင်းထဲက ရေနဲ့
ခင်ဗျားတို့ကို စည်းချပေးမယ်၊ စည်းအပြင်ကို ထွက်ဖို့ ကျုပ် မပြော
မချင်း လုံးဝ မထွက်နဲ့၊ ဟို ကလေးမလေးတွေ (ယုယုတို့တသိုက်)
အားလုံးရဲ့ အလယ်မှာ ထိုင်၊ သူတို့ကို သွားဖိတ်အုံးမယ်၊ အားလုံး
သိပ်မကြောက်ကြနဲ့နော် …”

သူတို့အားလုံးကို တနေရာတည်းမှာ စုထိုင်စေပြီး နံဘေး
ပတ်ပတ်လည်မှာ ရေဗူးထဲက ရေတွေ လိုက်ဖြန်းပါတယ်။
သူ့ပါးစပ်က ပွစိပွစိနဲ့ ဘုရားစာတစ်ခုကို ရွတ်နေပါတယ်။
ယုယုက အောင်ခိုင်ကို အသံတိုးတိုးလေးဖြင့် …
“သူ ရွတ်နေတာ ဘုရားစာလား … ဘာဂါထာလဲ …”

(အောင်ခိုင်) ငါလည်း မသိဘူး …။

(အဘဦးထွန်း) ပရိတ်ကြီး (၁၁)သုတ်ထဲက နောက်ဆုံးသုတ်ဖြစ်တဲ့
ပုဗ္ဗဏှသုတ်လို့တော့ ထင်တာပဲ၊ ပထမဆုံး သုံးပိုဒ်ကို နှစ်ခေါက်ပြန်
ရွတ်တဲ့နည်းနဲ့ ရွတ်သွားတာ၊ စည်းချတဲ့ သဘောဖြစ်မှာပေါ့ …။

ထို့နောက် အရူးကြီးဟာ သူတို့ဆီက တုတ်တစ်ချောင်းတောင်းပြီး
ဖယောင်းတိုင်တဖက် တုတ်တဖက် ဇရပ်ပေါ်ကနေ သင်္ချိုင်းကုန်း
အပေါက်ဝ’ဆီကို ထွက်သွားပါတယ်။ လေအရမ်းတိုက်နေတဲ့ကြား
မှာ သူ့လက်ထဲက ဖယောင်းတိုင် မီးမငြိမ်းတာကို ကြည့်ပြီး သူတို့
အားလုံး ဘာပြောရမှန်းမသိ ဖြစ်နေပါတယ်။ ခဏလောက် အကြာ
မှာ တုတ်ကို မြေကြီးပေါ်မှာ ဒရွတ်တိုက် မျဉ်းကြောင်းဆွဲလာတဲ့
ပုံစံဖြင့် ဇရပ်အပေါက်ဝ’ဆီ ရောက်လာပါတယ် ….
“ကဲ … သူတို့လာဖို့ လမ်းတော့ ဖောက်ပြီးပြီ … ခင်ဗျားတို့ကို
မှာလိုက်တဲ့ ကျောက်ဖရုံသီးရယ်၊ အရုပ်ရယ်၊ ဘော့ပန်ရယ် ကျုပ်
ကို ပေးတော့၊ ကာယကံရှင်ရဲ့ အဖေ … ကြောက်မနေနဲ့နော်၊
ခင်ဗျားသမီးရဲ့ အဆက်အနွယ်တွေ၊ ရန်ကုန်က ဆေးရုံးပေါ်မှာ
ခုချိန်ဆို အိပ်ပျော်နေလောက်တဲ့ ခင်ဗျားသမီးကိုပါ ခဏလောက်
ခေါ်လိုက်မယ်၊ သဘောတူရဲ့လား၊ တူမှ တူတယ်ပြောနော်၊
မတူရင်လည်း အားမနားနဲ့၊ အရူးကို အားနားရင် ခင်ဗျားလည်း
ရူးတတ်တယ် … ဟားဟားဟား ….”

ပထမဆုံး အရုပ်ပေါ်မှာ ၀ါဆိုဦးရဲ့ အမည်နဲ့ မွေးနေ့သက္ကရာဇ်ကို
ရေးပါတယ်။ အဲဒီနောက် ပလပ်စတစ်အိတ် အထပ်ထပ်ဖြင့် ထုပ်ပိုး
လာသော ကျောက်ဖရုံသီးကို ယူလိုက်ပါတယ်။ သူ့နံဘေးက တုတ်နဲ့
ကျောက်ဖရုံသီးအထဲကို ရုတ်တရက် ထိုးချလိုက်သောအခါ အသုဘ
အပုပ်နံ့ဟာ ထောင်းကနဲ ထွက်ပေါ်လာပါတယ်။ အပေါက်ဖြစ်သွားတဲ့
ကျောက်ဖရုံသီးအတွင်းကို ၀ါဆိုဦးနာမည် ရေးထားတဲ့ အရုပ်လေးကို
ထည့်ရင် သူ့ပါးစပ်မှ …
“ကာယကံရှင် ၀ါဆိုဦး၊ မင့်မိဘတွေရဲ့ သဘောတူချက်အရ မင့်ကို
ခေါ်နေတယ်၊ ခေါ်သံကို ကြားလား … ကြားလား၊ လာ ... လာ …
မြန်မြန်လာ …”

“ဟင်း … ဟင်း …” ဆိုတဲ့ အသံဟာ ဇရပ်ခေါင်မိုးပေါ်ကလား၊ နံဘေး
တနေရာလား မပြောတတ်ပါ။ သူတို့အားလုံး ကြားနေရပါတယ်။
“အခုရောက်လာတာ … ၀ါဆိုဦးလား” လို့
အရူးကြီးက ပြောလိုက်တော့ ….
“ဟုတ်ကဲ့ … သမီး ၀ါဆို ပါ …” ဆိုတဲ့ အသံဟာ ပီပီသသ ထွက်ပေါ်
လာပါတယ်။ အငယ်လေးနဲ့ ၀င်းမာတို့ရဲ့ ပါးစပ်က “အမလေး ..”
ဆိုတဲ့ အသံဟာ ခပ်အုပ်အုပ်ထွက်သွားပါတယ်။ ၀ါဆို့အသံ စစ်စစ်ကြီး
ကို ကြားလိုက်ရတော့ အန်ကယ်အပါအ၀င် သူတို့အားလုံး ကြောင်
အမ်းအမ်း ဖြစ်သွားပြီး အန်ကယ်ပါးစပ်က ….
“ဟာ … ဟာ … ဟုတ်တယ် … ဒါ ကျနော့်သမီးအသံ … ဆရာရယ်
လုပ်ပါအုံး ကျနော့်သမီးလေး တစ်ခုခုများ ဖြစ်သွားပြီလား …”

(အရူးကြီး) ခင်ဗျားလည်း အရူးပဲ၊ ခင်ဗျားသမီးကို ကျုပ်က
အိမ်မက်ထဲက တဆင့် ဒီနေရာကို ခေါ်လိုက်တာပါ၊ ဘာမှ စိတ်မပူ
ပါနဲ့ ခင်ဗျားသမီး ဘာမှမဖြစ်သေးဘူး …။

(မော်ကြီး) ဘယ်လိုများ ခေါ်လိုက်လဲ မသိဘူး၊ ထူးဆန်းတယ် …။

(အရူးကြီး) အရူးခေါ်မှတော့ အရူးနည်းပေါ့ကွ … ဘာလဲ မင်းတို့က
ငါ့ကို အောက်လမ်းဆရာများ အောင့်မေ့နေလား၊ မဟုတ်ပါဘူးကွာ၊
အဲလို ခေါ်နိုင်အောင် အများကြီး လေ့ကျင့်ရတယ်၊ မင်း သင်ချင်ရင်
ငါ သင်ပေးမယ်လေ၊ အရူးဆီမှာ တပည့်ခံရင်တော့ အရင်ဆုံး ရူးပြ
ရမယ် … ဖြစ်မလား … ဖြစ်မှ ဖြစ်တယ်ပြော … ဟားဟားဟား …။

အရူးကြီးရဲ့ ပါးစပ်က ပွစိပွစိနဲ့ တစ်ခုခုကို ရွတ်ဆိုနေပါတယ် …
“ကဲ … ၀ါဆိုဦးဆိုတဲ့ ကလေးမရေ … ယခင်ဘ၀က တော်စပ်ခဲ့တဲ့
မင့် အဆက်အနွယ်တွေကို ခေါ်လိုက်တော့မယ် …. ”

စူးရှပြီး ထိတ်လန့်ဖွယ်ကောင်းသော ခွေးအူသံတွေ ရုတ်တရက်
ထွက်ပေါ်လာပါတယ်။ သင်္ချိုင်းကုန်း အပေါက်ဝ’ဖက်ကနေ လူ
တစ်ယောက် လှမ်းပြောလိုက်သံကို ကြားလိုက်ရပါတယ် …
“ငါတို့ အထဲကို ၀င်လို့ မရဘူး … သူတို့ထဲက တစ်ယောက်
ယောက်ဆီမှာ အဆောင် ရှိနေတယ် …”

အရူးကြီးဟာ သူတို့အားလုံးဆီ လှမ်းကြည့်လိုက်ပြီး အဘဦးထွန်း
တို့ ထမင်းဆိုင်က အလုပ်သမားတစ်ယောက်ကို လက်ညှိုးထိုး
ရင် ... “မောင်ရင့် လက်မောင်းမှာ ပတ်ထားတဲ့ ပရိတ်ချည်မန်း
ကွင်းကို ခဏလောက် ပေးထားပါ … ပြီးရင် ပြန်ပေးမယ် …”

အောင်ခိုင် ကျော်ထွန်းကို အသံခပ်တိုတိုဖြင့်
“အနွေးထည် ၀တ်ထားတဲ့ လူတစ်ယောက်ရဲ့ လက်မောင်းမှာ
ပရိတ်ချည်မန်းကွင်း ရှိနေတာကိုတောင် သိနေပါလား …”

ပရိတ်ချည်မန်းကွင်း အရူးကြီးလက်ထဲ ရောက်သွားတဲ့ အချိန်မှာပဲ
ဌက်ကလေးတစ်ကောင်ဟာ ဇရပ်အတွင်းကို ပျံသန်း ၀င်ရောက်
လာပါတယ်။ ညကြီးမိုးချုပ် ဌက်တစ်ကောင် သင်္ချိုင်းကုန်းဇရပ်
ထဲ ပျံသန်း ၀င်ရောက်လာပုံကို ကြည့်ပြီး သူတို့တတွေ ချွေးပြန်
နေပါပြီ။ သေသေချာချာ ကြည့်လိုက်တော့ “ခို” လေးပါ။ “ခို”လေး
ဟာ အရူးကြီးရှေ့ရှိ ဖယောင်းတိုင် ထွန်းထားတဲ့ ကြမ်းပြင်ပေါ်မှာ
နားပါတယ်။ အပုပ်စော်နံ့နေတဲ့ အရုပ်လေးကို ကြည့်လိုက် ၀ါဆိုဦး
ဓါတ်ပုံကို ကြည့်လိုက် လုပ်ပါတယ်။ “ခို” လေးကို မြင်နေရတဲ့
သူတို့အားလုံး ဘာပြောရမှန်းမသိ အသက်ရူဖို့တောင် မေ့နေ
ကြပါပြီ။

“တစ်ယောက်တည်းလား မိတ်ဆွေ …”
လို့ အရူးကြီးက မေးလိုက်ချိန်မှာ “ခို” လေးက သူ့ခေါင်းလေး
ကို မော့ပြီး ခါပြလိုက်ပါတယ်။ သူတို့ကြားထဲက ငိုသံ တိုးတိုးလေး
ကြားလိုက်ရလို့ လှမ်းအကြည့်မှာ အငယ်လေးတစ်ယောက်
အကြောက်လွန်းပြီး တုန်တုန်ရီရီဖြင့် ငိုနေပါပြီ။

“အဖော်တွေ ပါရင် ခေါ်လိုက်ပါ … မိတ်ဆွေတို့ အဆက်အနွယ်
ဖြစ်တဲ့ ၀ါဆိုဦးဆိုတဲ့ ကလေးမလေးနဲ့ ပက်သက်ပြီး မေတ္တာရပ်ခံ
ချင်လို့ပါ …” လို့ အရူးကြီး ပြောလိုက်ပါတယ်။ ဇရပ်ဆီ ဦးတည်
ပြီး လူတွေ အုပ်စုလိုက် ပြေးလာသံတချို့ကို ကြားလိုက်ရပါတယ်။
အရှေ့ဆုံးရှိ ကိုသိန်းဇော်နောက်ဖက်မှာ ထိုင်နေတဲ့ ရပ်ကွက်ရုံးမှ
လူကြီးတစ်ယောက်ဟာ ထွက်ပြေးတော့မယ့်ပုံစံ မတ်တပ်ထ’ရပ်
ပါတယ်။

(အရူးကြီး) ခင်ဗျားတို့အားလုံး စည်းထဲမှာနေဖို့ ကျုပ် ပြောထား
တယ်နော်၊ စည်းအပြင်ကို ကိုယ့်သဘောနဲ့ ကိုယ် ထွက်လို့
တစ်ခုခုဖြစ်လာရင် ကျုပ်အပေါ် အဆိုး မဆိုကြနဲ့ …။

ကိုသိန်းဇော်နဲ့ အဘဦးထွန်းတို့က ၀ိုင်းတားလို့ မတ်တပ် ထ’ရပ်
တဲ့ လူကြီးလည်း ပြန်ထိုင်လိုက်ပါတယ်။ အရူးကြီးမှ …
“ကဲ … ကြောက်တဲ့သူများ မျက်စိ မှိတ်ထားကြ … ရဲတဲ့ သူတွေ
တော့ သဘောပဲ …” လို့ ပြောပြီး သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်
ထားဖို့ အန်ကယ်ဆီ ကမ်းပေးလိုက်ပါတယ်။ အခြား လက်တစ်ဖက်
ဟာ ၀ါဆိုဦးနာမည် ရေးထိုးထားပြီး ပုပ်စော် နံ့ဟောင်နေတဲ့ အရုပ်
ကို ဆုပ်ကိုင်ထားပါတယ် ….
“ကျုပ်အပေါ် ကျေးဇူး ရှိခဲ့သူများရဲ့ ဂုဏ်ကျေးဇူးအပေါ် အကြောင်း
ပြုပြီး သစ္စာဆိုပါတယ် …. တားဆီးလိုပါက တားဆီးကြပါစေ …”

လရောင်နဲ့ ဇရပ်ထဲက မီးရောင်အချို့ အားကိုးဖြင့် ဇရပ်အပြင်ဖက်
ဆီ လှမ်းကြည့်ကြပါတယ်။ ဇရပ်အပေါက်ဝမှာ လူတချို့ မတ်တပ်
ရပ်ကြည့်နေသလိုလို သစ်ပင်တွေရဲ့အရိပ် ကျရောက်နေသလိုလို
တစုံတယောက်က စိုက်ကြည့်နေသလိုလို ခံစား နေရပါတယ်။
“ခို”လေးဟာ အရူးကြီး၏ အရုပ်ကိုင်ထားသော လက်’ နံဘေးကို
ပျံသန်းလာပြီး သူ့နူတ်သီးဖြင့် ဆက်တိုက် ထိုးဆိတ်ပါတော့
တယ်။ ဇရပ်ပြင်ဖက်ကနေ လူကြီးတစ်ယောက်ရဲ့ ခပ်အောအော
စကားသံကို ပီပီသသ ကြားရပါတယ် …
“သစ္စာအဓိဋ္ဌာန်ပြုထားတဲ့ အချိန် ပြည့်သွားပြီ … သူတို့နှစ်ယောက်
ဆက်နေခွင့် မရှိဘူး … အလှည့်ကျလို့ ထပ်သွားမယ့် သူတွေ
စောင့်နေတယ် …”

(အရူးကြီး) လက်ရှိဘ၀က မိဘဆွေမျိုး ညာတကာများအနေနဲ့
ဆက်နေခွင့်ပြုဖို့ တောင်းပန်ပါတယ် မိတ်ဆွေတို့ …။

(****) မဖြစ်နိုင်ဘူး … နှစ်ယောက်စလုံး အလည်လာတာ …။

(အရူးကြီး) ၀ါဆိုဦးဆိုတဲ့ ကလေးမ … ဘာပြောချင်လဲ …။

(**** ၀ါဆိုဦးအသံ) သမီး မလိုက်ချင်ဘူး … သမီးကို လာမခေါ်
ကြပါနဲ့ … သမီး တောင်းပန်ပါတယ် …။

(အရူးကြီး) ကာယကံရှင်ကိုယ်တိုင် လက်ရှိရောက်နေတဲ့ နေရာမှာ
ပျော်နေပြီ မိတ်ဆွေတို့ …။

(****) ဒေါသထွက်အောင် မလုပ်နဲ့ … ခွင့်မပြုဘူး …။

အရူးကြီးရဲ့ … “အားလုံး ပြန်နိုင်ပါပြီ …” ဆိုတဲ့ စကားနဲ့အတူ
အရာရာဟာ လုံးဝ တိတ်ဆိတ်သွားပါတယ်။ ခွေးအူသံများလည်း
ရုတ်တရက် ဘယ်လိုပျောက်သွားမှန်းမသိ ထူးဆန်းစွာ ကွယ်
ပျောက်သွားပါတယ်။ “ခို” လေး ပျံသန်းထွက်ခွာသွားပုံကို ကြည့်
ပြီး သူတို့ဆီမှာ ပြောစရာစကား မရှိတော့ပါ။

(အရူးကြီး) ခင်ဗျားတို့တတွေ နေမထွက်ခင် ဒီမြို့က ထွက်
သွားတော့၊ ရန်ကုန်ရောက်ရင် ဘာလုပ်ရမလဲဆိုတာ သေသေ
ချာချာလိုက်မှတ် …။

(အန်ကယ်) ဟုတ်ကဲ့ … ကျနော့်သမီးလေးကို မဆုံးရှုံးရရင်
ဘာမှဆို လုပ်ပါ့မယ် … ကျေးဇူးမမေ့ဘူး ဆရာရယ် …။

အရူးကြီးဟာ ဇရပ်ဒေါင့်တနေရာကနေ ညစ်ပတ်ပြီး စုတ်ပြတ်သတ်
နေတဲ့ လွယ်အိတ်အစုတ်ကြီး တစ်ခုကို ယူဆောင်လာပါတယ်။ အဲဒီ
လွယ်အိတ်ထဲကနေ အနီရောင် ပန်းတစ်ပွင့် ထုတ်လာပြီး …
“ဒီပန်းကို သဇင်ပန်းအနီလို့ ခေါ်တဲ့ လူတွေလည်း ရှိတယ်၊ မှော်ပန်း
လို့ ခေါ်ကြတယ်၊ အင်္ဂလိပ်လိုတော့ Bulbophyllum Thaiorum
အနွယ်ဝင် ပန်းတစ်မျိုးပေါ့၊ ပြန်ရောက်ရင် ဒီအရုပ် (အသုဘအနံ့
နံ့ဟောင်နေသော အရုပ်) ကို ပလပ်စတစ်နဲ့ သေသေချာချာ ထုပ်
ပိုးပြီး ကာယကံရှင်နံဘေးမှာ ထား၊ ဆေးရုံးပေါ်မှာ ဆိုရင်လည်း
ကုတင်အောက်မှာထား၊ အိမ်ကို ပြန်ဆင်းလာရင်လည်း သူအိပ်တဲ့
ကုတင်အောက်မှာထား၊ ဒီ Bulbophyllum Thaiorum ပန်းက
ဒီအရုပ်ကို အစားကျွေးတဲ့သဘော စီစဉ်ဖို့ ပေးလိုက်တာ၊ ခင်ဗျား
တို့ ရန်ကုန်မှာ ထမင်းကို မီးသွေးမီးဖိုနဲ့ ချက်စားလား … ဘာနဲ့
ချက်ကြလဲ …”

(အန်ကယ်) ကျနော်တို့ အိမ်မှာ လျှပ်စစ်မီးဖိုနဲ့ ထမင်းချက်ပါတယ် …။

(အရူးကြီး) ဒါဆို ရတယ် … ဒီပန်းရဲ့ ရှေ့မှာ တွဲလောင်း ကျနေတဲ့
“သဇင်ဥ”ကို ထမင်းချက်တဲ့အခါ … ထမင်းအိုးအဖုံး အပေါ်မှာ အခွေ
လိုက် တင်ထား … ထမင်းချက်ရင် ဆန်နို့ဆီဗူး(၅)လုံးလောက် ချက်
… ထမင်းချက်တဲ့အိုးက အိုပြားမဖြစ်စေနဲ့၊ ထမင်းကျက်လာရင်
ပထမဆုံး ထမင်းအိုး မျက်နှာပြင်ကိုကြည့်လိုက် … အပေါ်က သဇင်
ဥ’အခွေ အတိုင်း ထမင်းက အနီဝိုင်းပုံသဏ္ဍာန် ဖြစ်နေလိမ့်မယ်၊
အနီရောင် ဖြစ်နေတဲ့ နေရာကို ယောက်မရှည်ရှည်နဲ့ အောက်ခြေ
အထိ ထိုးချလိုက်၊ အနီတစ်လိုင်း အဖြူတစ်လိုင်းနဲ့ ယောက်မမှာ
အနီ (၅)လိုင်း မြင်ရလိမ့်မယ်၊ အဲဒါကို မြင်ရရင် အပေါ်က ထမင်း
တွေကို ဖယ်ထုတ်ပြီး အောက်ဆုံး ငါးလိုင်းမြောက်က အနီရောင်
ထမင်းကို ရအောင်ယူ … ပြီးတော့ ဟိုအရုပ်ရဲ့ ပါးစပ်ပေါက်မှာ ပွတ်
ပေး၊ သုံးရက်ကို တစ်ခါလုပ် … သုံးခါလုပ်ပြီးလို့ ကိုးရက် ပြည့်သွား
တဲ့ နောက်ပိုင်း ကျုပ်နဲ့ ဆက်သွယ်၊ အဓိက က ကိုယ်လိုချင်တဲ့
နေရာကနေ ထမင်းကို ယူပြီးသွားရင် ကျန်တဲ့ ထမင်းတွေကို
ကိုယ်တိုင်လည်း မစားနဲ့ တိရိစ္ဆာန်တွေလည်း မကျွေးနဲ့ … ဓါတ်ဆီ
လောင်းပြီး မီးရှို့ပြစ် … သုံးခါချက်ပြီးတဲ့နေ့မှာ အဲဒီပန်းကို ရေစီး
နေတဲ့ ချောင်းထဲမှာ သွားမျှောပါ … မှာတာတွေကို မမေ့နဲ့ …။

(အန်ကယ်) ကိုးရက်ပြည့်သွားရင် ကျနော်တို့ ဒီနေရာကို ထပ်လာ
ရမလား ဆရာ …

ရုတ်တရက် ကျော်ထွန်းက ကြားဖြတ်ပြီး ..
“သဇင်ပန်းဟာ အဲဒီလောက်စွမ်းလား …”

(အရူးကြီး) Bulbophyllum Thaiorum ကို စီးပွားရေးသမား
တရုတ်တွေက အလုပ်လုပ်တဲ့နေရာမှာ မျက်နှာပွင့်ဆေး ဖော်
လေ့ ရှိတယ်၊ Bulbophyllum Thaiorum ကို အလွယ်တကူ
ရဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ရတယ်ဆိုရင်လည်း ထမင်းချက်ပြီး
စမ်းသပ်ရင် အတွင်းမှာ သုံးလိုင်းပဲ ပေါ်တယ်၊ ငါးလိုင်း ဖြစ်ချင်
လို့တော့ မရဘူး၊ ခင်ဗျားတို့ ကျုပ်ပေးလိုက်တဲ့ ပန်းနဲ့
မဟုတ်မဟပ်တွေ မလုပ်နဲ့နော်၊ မှာသလိုမလုပ်ပဲ လုပ်ချင်သလို
လုပ်မယ်ဆိုရင် ကိုယ့်ထိုက်နဲ့ကိုယ် ခံကြ …။

(အန်ကယ်) ကိုးရက်ပြည့်ပြီးရင် ဆရာ့ဆီ လာပါရစေ …

(အရူးကြီး) မလာနဲ့ … ကျုပ် ခင်ဗျားတို့ဆီ အိမ်မက်ပေးမယ် …
လရောင်ကြောင့် လန်းဆန်းတဲ့ ကုမုဒြာကြာပန်းကို သိလား …။

(အန်ကယ်) ကြားတော့ ကြားဖူးတယ် … သေသေချာချာတော့
မသိပါဘူး ခင်ဗျာ …။

(အရူးကြီး) ခင်ဗျားသိတာက ခင်ဗျားသမီး ကတော် ဆယ်ပါး
မှာ တစ်ပါး အပါအ၀င်ဖြစ်တဲ့ အရာရှိကတော် ဖြစ်ဖို့ပဲ သိတာ
မလား … ကုမုဒြာကြာပန်းကို တချို့အိမ်တွေမှာ ပန်းအိုးနဲ့ ထည့်
စိုက်လေ့ ရှိတယ် … အဲဒါကို ရအောင် ရှာဝယ်၊ ကျုပ်ပြောသလို
ကိုးရက်ကျော်လို့ လပြည့်နေ့ရောက်ရင် လပြည့်နေ့ထဲ စ’ရောက်
တဲ့ မနက် နှစ်နာရီမှာ ကုမုဒြာပန်းအိုးနံဘေးမှာ ထိုင်ပြီး … အရူး
ကြီးရေ အိမ်မက်ပေးပါ လို့ ပြော … ခင်ဗျားတို့ ရှေ့ဆက်ပြီး
ဘယ်လို လုပ်ရမလဲဆိုတာ အိမ်မက်ထဲမှာ ပြောပြမယ် …။

(အန်ကယ်) ဆရာ့အတွက် ဥာဏ်ပူဇော်ခ … ဥာဏ်ပူဇော်ခ …

(အရူးကြီး) ခင်ဗျားတို့ဆီက ရေတစ်ခွက်တောင် ကျုပ် မသောက်
သေးဘူး … ဘာမှ မလိုချင်ဘူး … ပြန်ကြတော့ … ပြန်ကြတော့၊
ကျုပ် နှာခေါင်းထဲမှာ သေးနံ့ ရသလားလို့ … ခင်ဗျားတို့ထဲက
ဘယ်သူတွေများ အကြောက်လွန်ပြီး သေးထွက်ကျထားလဲ …
ဒီဇရပ်က အသုဘလိုက်ပို့တဲ့အခါ ရဟန်းသံဃာတွေ တရားချီမြင့်
တဲ့နေရာ … လူတွေ လူတွေ ငါ့ထက်တောင် ရူးနေကြပါလား …။

(ကိုသိန်းဇော်) ကျနော်တို့ ဆေးကြောပေးပါ့မယ် …။

(အရူးကြီး) နေပါစေ … ကိုယ်လာခဲ့တဲ့ လမ်းအတိုင်း ပြန်ကြပါ …
ဒီသင်္ချိုင်းအပြင်ဖက်မှာ ရေတွင်း တစ်တွင်း ရှိတယ် … ကျုပ်ဘာသာ
ကျုပ်ပဲ ဆေးပါ့မယ် … ခင်ဗျားတို့က ခင်ဗျားတို့ဆန္ဒနဲ့ ဒီနေရာကို
လာတာ မဟုတ်ဘူးလေ … ကျုပ် ခေါ်လို့ လာတဲ့ ဧည့်သည်တွေ၊
ကျုပ် မွှေးတဲ့မီး ကျုပ်ပဲ ခံရမှာပေါ့ … ဟားဟားဟား …။

အန်ကယ် အပါအ၀င် သူတို့အားလုံး သန့်ရှင်းရေး လုပ်ပေးမည်
ဟု အမျိုးမျိုး တောင်းပန်ပြောဆိုသော်လည်း အရူးကြီးက လက်မခံ
ပါ။ မနက်စောစော ရောင်နီမလင်းခင် ဒီမြို့ထဲမှ ထွက်ခွာသွားဖို့
ပဲ မှာကြားနေပါတယ်။ သင်္ချိုင်းဇရပ်မှ အထွက် …
“အရူးချီးပန်းလို့ လူတွေပြောတတ်တယ် … အရူးနေတဲ့ သင်္ချိုင်း
ကုန်းက ဇရပ်ကိုတော့ သူတို့ ပန်းသွားကြပြီ … မိုးလင်းရင်
လောဘတွေ သယ်ပိုးပြီး အတ္တအရူးတွေ ငါ့ဆီကို လာကြတော့
မယ် ဒုက္ခ ဒုက္ခ … အရူးဘုံပျောက်အောင် အရူးထက်ပိုရူးတဲ့
လူတွေပဲ လုပ်နိုင်တယ် … ဟားဟားဟား …”


(ဆက်ရန်။)


17 comments:

မြစ်ကျိုးအင်း said...

ထူးထွေဆန်းပြား အံ့သြဖွယ်ရာတွေပါပဲ
နောက်တစ်ပိုင်းကို ထပ်စောင့်မျှော်နေမယ်ဗျို့

ZT said...

ကိုအောင်ရေ။ အတော် ထူးဆန်းတာပဲ။ စိတ်ဝင်စားစရာ အတော်ကောင်းတယ်။

ရွှေရတုမှတ်တမ်း said...

ဇတ်လမ်းကတော့ ခပ်ကြမ်းကြမ်းပဲ..ကောင်းပါ့ဗျာ

Maung Eike said...

မျှော် လိုက်ရတာ ....မျှော်နေပါအုံးမယ်...

ဆောင်း said...

နောက်တခန်း မြန်မြန် ဖတ်ချင်ပြီးကိုအောင်ရေ

မောင်မိုး said...

မြန်မြန်ဆက်ပါဗျ။ ကော်မန့်မရေးဖြစ်ပေမဲ့ အမြဲစောင့်ဖတ်လျက်ပါ။

မြတ်နိုး said...

အမြန်ဆုံး ရေးပါဗျို့......................

SuuChit said...

အားလုံးပြီးမှ ဖတ်မလို့ဟာ... ခုတော့ မနေနိုင်လို့ လာဖတ်မိပြီ....
ဆက်ရန်ကို မျှော်နေသူ...
း-)

ကိုလူထွေး said...

ဖတ်ရင်းနဲ့ ဇာတ်ရှိန်မြင့်လာတာ ရင်တွေတောင် လှပ်လှပ်လှပ်လှပ် တုန်လာတယ်ဗျာ...

ဘယ်လိုလေ့လာ.. ဘယ်လိုစိတ်ကူးရပြီး ဒီလိုဇာတ်လမ်းမျိုးတွေ ရေးတတ်တာလဲ သိချင်ပါတယ်...

အပေါ်ဆုံးမှာ...

ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များအပြင် နှလုံးရောဂါအခံရှိသူများပါ မဖတ်မိစေဖို့ ရေးပေးထားပါဗျာ...

ဆက်ရန်ကို မျှော်နေပါကြောင်း...

းဝ)

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်ကဲ့ပါ မိတ်ဆွေများ
နောက်ထပ် အခန်းဆက်ကို မကြာမှီ တင်ပါ့မယ် ...း)

ကိုလူထွေးရေ
အပေါ်ဆုံးက ဆိုင်းဘုတ်မှာ “နှလုံးရောဂါသည်များ မဖတ်ရူရလို့” ထပ်တိုးပါ့မယ်၊ အကြံပေးတာ ကျေးဇူး။

YoungGun said...

သည်းထိတ်ရင်ဖို..လုပ်ရက်တယ်ဗျာ

SHWE ZIN U said...

မျှော်နေတယ် ကိုအောင်

SHWE ZIN U said...

မျှော်နေတယ် ကိုအောင်

ကိုအောင်(ပျူနိုင်ငံ) said...

စောင့်စားနေသော မိတ်ဆွေများခင်ဗျာ
ကျနော် အလုပ်နည်းနည်းများနေလို့ လာမယ့် လေး ငါးရက်အတွင်း ပို့စ်အသစ် တင်ပါ့မယ်၊ သည်းခံကြပါ ..း)

Anonymous said...

If u all really interested or need any help for such matter, call on(MyaShweAhung, Ywer pale' village, Yambye, Rakhine State who can solve some difficult problems impossible.Mya Shwe Aung who don't know anything but can solve.He is not Bodaw, He was instructed by invisible master.For donation he usually took 5 kyats, and can't take more.If he take more money,he'll be in trouble.

Myint said...

ကိုအောင်ရေ....

နောက်တစ်ပိုင်းကို ထပ်စောင့်မျှော်နေတယ်နော်....

ဆောင်း said...

ANONYMOUS
စိတ်ဝင်စားစရာဘဲ ဇတ်လမ်းလေးတွေ တင်ပေးပါ။ မဖြေရှင်းနိုင်တဲ့ ပြသနာတချို့ ကို ဖြေရှင်းဖို့ ဆက်သွယ်နိုင်မဲ့လိပ်စာ ပေးနိုင်မလား။ မိတ်ဆွေတွေထဲက နေမကောင်းတာတွေ အတွက် ပြောပြချင် လို့ ပါ။