Sunday, 25 April 2010

နှောင်ကြိုးမိသူ (အပိုင်း- ၄)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင်အပိုင်း(၃)မှ အဆက် ….

အန်ကယ်ကတော့ .…မြို့ရှိ သင်္ချိုင်းကုန်းကို သွားရှာချင်စိတ်တွေ
ပြင်းထန်နေပါတယ်။ ညနေပိုင်း ရန်ကုန်ကို ပြန်ရောက်တော့
ဝါဆိုဦးနဲ့ ကိုမင်းလွင်တို့ရှိရာ ဆေးရုံးဆီ မရောက်ခဲ့ကြပါ။
နောက်တနေ့မနက် အစောကြီးမှာပဲ အန်ကယ်နဲ့ မိန်းကလေး
သူငယ်ချင်းတွေ အပါအ၀င် သူတို့တအုပ်စုလုံး … မြို့ဆီသို့ ခရီး
ထွက်ခဲ့ကြပါတယ်။ အဲဒီမြို့ကို နေ့လည် (၂)နာရီကျော်ခန့်မှာ
ရောက်ခဲ့ကြပါတယ်။ မြင်းလှည်းဂိတ်တွေ၊ ဆိုက်ကားဂိတ်တွေမှာ
စုံစမ်းကြည့်တော့ သူတို့မြို့မှာ လက်ရှိအသုံးပြုနေဆဲ ဗုဒ္ဓဘာသာ
သင်္ချိုင်းကုန်း(၂)ခု ရှိကြောင်း သိရပါတယ်။



ပထမဆုံး မြို့အ၀င်အ၀ရှိ သင်္ချိုင်းကုန်းမှာ စုံစမ်းကြည့်ပါတယ်။
သင်္ချိုင်းအနီးအနားရှိ နေထိုင်သူတွေကို မေးကြည့်တော့ အဲဒီ
သင်္ချိုင်းမှာ ညဖက်မှာ လာရောက် အိပ်စက်သော အရူးဆိုတာ
လုံးဝ မရှိကြောင်း သိရပါတယ်။ အဲဒီနောက် သူတို့အားလုံး
အနားယူ တည်းခိုဖို့ ထမင်းဆိုင်တစ်ဆိုင်မှာ သွားမေးကြည့်
ပါတယ်။ ထမင်းဆိုင်ပိုင်ရှင် မိသားစုဟာ သဘော ကောင်းရှာ
ပါတယ်။ ထမင်းဆိုင်ထက် နေရထိုင်ရတာ ပိုသက်သာအောင်
သူတို့နေအိမ်ဆီ ခေါ်ဆောင်သွားပြီး တည်းခိုခ ပေးစရာမလိုပဲ
အခမဲ့ တည်းခိုခွင့် ပြုကြပါတယ်။ ညနေခင်းမှာ ရန်ကုန်ကို ဖုန်း
ဆက် မေးကြည့်တော့ ၀ါဆိုဦးရဲ့ အော်ပရေရှင်း ပြီးသွားပြီလို့
သိရပါတယ်။ နှလုံးမှာ လာထောက်နေတဲ့ နံရိုးအကျိုး ဒုက္ခက
သက်သာသွားပေမဲ့ ဦးခေါင်းထိခိုက်မှုကို ဆက်လက်ကုသ
နေရကြောင်း သူ့မေမေက ပြောပြပါတယ်။

ထမင်းဆိုင်ပိုင်ရှင် အဘဦးထွန်းနဲ့ သူ့သား ကိုသိန်းဇော်တို့ပါ
သူတို့အားလုံးနဲ့ အတူ ဒုတိယ သင်္ချိုင်းကုန်းဖက်ဆီ လိုက်ပါ
ခဲ့ကြပါတယ်။ မြို့ကနေ ရွာတွေဖက်ကိုဆင်းတဲ့ လမ်းပေါ်မှာ တွေ့
ရပါတယ်။ လူနေအိမ်ခြေတွေနဲ့လည်း တော်တော်လေး လှမ်းပါ
တယ်။ သင်္ချိုင်းကုန်းကို အပြင်ကနေ လှမ်းကြည့်တော့ အထဲမှာ
ညောင်ပင်တွေ ကုက္ကိုပင်တွေ အပါအ၀င် သစ်ပင်ကြီးကြီးတွေ
အများအပြားပါ။ ဒီသင်္ချိုင်းမှာ သုဘရာဇာ အလုပ် လုပ်တဲ့သူတွေ
ရှိလာလို့ မေးကြည့်တော့ ကိုသိန်းဇော်က …
“ကျနော့်အထင် ကိုခင်မောင်တို့ သားအဖပဲ ရှိတယ်ဗျ၊ အသုဘ
ရှိလို့ မသာရေချိုးပေးတာတို့ ကြိုးတုပ်တာတို့ သူတို့ပဲ လုပ်တယ်၊
သူတို့က မင့်တို့ သွားမေးခဲ့တဲ့ မြို့အ၀င်က သင်္ချိုင်းကုန်း
နံဘေးမှာ နေကြတာ၊ အခေါင်းလည်း လုပ်တယ်၊ ဂူသွင်းတာ
တို့ ဘာတို့ လုပ်ချင်တဲ့ မသာရှင်တွေ ရှိရင်လည်း အုတ်ဂူ
လုပ်ပေးတယ်၊ သင်္ချိုင်းအကြောင်း အသိဆုံးဆိုရင် သူတို့ပဲ
ရှိတယ်၊ ဒီသင်္ချိုင်းမှာ လာချတဲ့ အသုဘကိစ္စတွေရှိလို့ မသာ
ကျင်းတူးတာတို့ ဘာတို့ ရှိရင်လည်း အရပ်ထဲက ကာလသား
တွေ ကျင်းတူးချင် တူး၊ တူးပေးမဲ့လူ မရှိရင် သူတို့ဆီ အပ်ရတာ …”

(အန်ကယ်) ဒါဆို သူတို့ဆီမှာ သွားပြန်မေးရမလို ဖြစ်နေပြီ၊
အန်ကယ်တို့ တွေ့ချင်တဲ့ အရူးကြီးက ဒီမြို့မှာရှိတဲ့ သင်္ချိုင်းကုန်း
မှာ နေတယ်လို့ပဲ သိထားတာ၊ သူက ညနေခင်းရောက်မှ သင်္ချိုင်း
မှာ လာအိပ်တယ်တဲ့၊ အန်ကယ်တို့က အဲဒီ ရူးနေတဲ့လူနဲ့ အမြန်
ဆုံး တွေ့ချင်တာပဲ သိပါတယ်ကွယ်၊ ကူညီနိုင်ရင် ကူညီပါအုံး …။

သူတို့အားလုံးကို ဒုတိယမြောက် သင်္ချိုင်းကုန်းရှေ့မှာ ထားခဲ့ပြီး
ကိုသိန်းဇော်၊ မော်ကြီးနဲ့ ကျော်ထွန်းတို့ဟာ သုဘရာဇာလုပ်ငန်း
လုပ်တဲ့ ကိုခင်မောင်တို့ ရှိရာဆီ သွားကြပါတယ်။ တစ်နာရီနီးပါး
အကြာမှ သူတို့ ပြန်ရောက်လာပါတယ်။ မော်ကြီးက တော်တော်
လေး သိလာသော ပုံစံဖြင့် …
“အန်ကယ်၊ ကျနော်တို့ သိခဲ့ပြီ၊ ဒီသင်္ချိုင်းမှာ ညဖက် လာအိပ်တဲ့
အရူးကြီးတစ်ယောက် ရှိတယ်တဲ့၊ ဘယ်ကလာလဲ ဆိုတာတော့
သူတို့လည်း သေသေချာချာ မသိဘူး၊ (၁)နှစ်မှာ သုံး … လေးလ
လောက် တွေ့ရတယ် ပြီးရင် ဘယ်ကို ထွက်သွားလဲ မသိဘူးတဲ့၊
လွန်ခဲ့တဲ့ ငါးရက်လောက် ဒီသင်္ချိုင်းမှာ အသုဘကိစ္စရှိလို့ သူတို့
လာတုန်းက ဇရပ်ပေါ်မှာ တွေ့ရတယ်လို့ ပြောပြတယ် အန်ကယ်၊
စိတ်မပူနဲ့တော့ ကျနော်တို့ ထပ်ရှာစရာ မလိုတော့ဘူး …”

(နှင်းနှင်း) ငါးနာရီ ထိုးတော့မယ်၊ ဘယ်သူမှလည်း မတွေ့ရဘူး၊
အထဲမှာ ၀င်ရှာကြည့်ပါလား၊ မိုးချုပ်တဲ့အထိ ဘယ်သူမှ ပေါ်မလာ
ရင် အချိန်ကုန်တာပဲ အဖက်တင်နေအုံးမယ် …။

သင်္ချိုင်းကုန်းထဲကို သူတို့အားလုံး ၀င်ခဲ့ကြပါတယ်။ ဇရပ်တစ်ခု
ကို တွေ့ရပါတယ်။ ပတ်ဝန်းကျင်က ပုံစံမျိုးစုံ အုတ်ဂူတွေကြောင့်
သူတို့အားလုံးရဲ့ လှုပ်ရှားမှုဟာ သွက်သွက်လက်လက် သိပ်မရှိပါ။
ဇရပ်ထဲမှာ ဘယ်သူကိုမှ မတွေ့ရ။ ဇရပ်နံဘေးရှိ ညောင်မုတ်ဆိတ်
ပင်ရဲ့ တွဲလောင်းကျနေတာကို ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက်
မျက်ခုံးတွေ ပင့်ပြ ကြပါတယ်။ နာရီဝက်လောက် ဟိုကြည့်လိုက်
ဒီကြည့်လိုက်ဖြင့် စောင့်နေခဲ့ကြပါတယ်။ လူ အရိပ်အခြေ လှုပ်ရှား
မှု မတွေ့ရပါ။ ဒီလိုနဲ့ သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြင့်
သင်္ချိုင်းကုန်းထဲကနေ ထွက်ခဲ့ကြပါတယ်။ အပေါက်ဝ’ကို ရောက်ဖို့
အနည်းငယ်အလိုမှာ သင်္ချိုင်းရှေ့ဖက်ကနေ သီချင်းဆိုပြီး လူ
တစ်ယောက် ၀င်လာပါတယ်။ သူတို့အားလုံးရဲ့ ခြေလှမ်းတွေ
ရုတ်တရက် ရပ်တန့်သွားပြီး ၀င်လာသူထံ လှမ်းကြည့်နေကြပါ
တယ်။ ဦးခေါင်းမှာ အိမ်တွင်းနတ်စင်တွင် ယက်ခတ်သော ယက်
တောင်ပုံစံတစ်ခုကို ကြိုးဖြင့် ပတ်ချည်ထားသော အရူးကြီး
တစ်ယောက်ပါ။

အရူးကြီးကို မြင်လိုက်ရတဲ့ ၀ါဆိုဦးရဲ့ဖေဖေဖြစ်သူ အန်ကယ်
မျက်နှာဟာ အောင်ဘာလေ ထီဖွင့်ပွဲမှာ ပထမဆုကို ပေါက်
သွားသလို တော်တော်လေး ၀မ်းသာသွားတဲ့ ပုံစံပါ။ အရူးကြီးဟာ
သူတို့ကို တွေ့တွေ့ချင်း ရုတ်တရက် ရပ်လိုက်ပြီး …
“အရူးတွေ အရူးတွေ၊ ငါ့အိမ်ကို ငါ့ ခွင့်ပြုချက်မရဘဲ ဇွတ်အတင်း
လာလည်တဲ့ သူတွေ၊ ထွက်သွား … ထွက်သွားကြ … အခုချက်ချင်း
ထွက်သွားကြ၊ မင်းတို့ ထွက်မသွားရင် ငါ့သူငယ်ချင်း သရဲ သဘက်
တွေ ခေါ်လိုက်ရမလား … ဟားဟားဟား …”

အန်ကယ်ဟာ အရူးကြီးရဲ့ ရှေ့တည့်တည့်ကို သွားပြီး ခခယယ
လေသံဖြင့် …
“အကိုကြီးရယ်၊ ကျနော်တို့ကို ပဲခူးက အကိုကြီးမိတ်ဆွေ ဆရာ…
က လမ်းညွန်လိုက်တာပါ၊ အခု ကျနော့်သမီးလေး အင်မတန် ဒုက္ခ
ရောက်နေပါတယ်ဗျာ၊ ကယ်ပါအုံးဗျာ …”

(အရူးကြီး) ဘာတွေ လာပြောနေတာလဲ၊ ငါ ဗိုက်ဆာနေတယ်၊
မင့်ဆီမှာ စားစရာပါလား … အလကားလူ … လူမိုက် လူမိုက် …။

(အန်ကယ်) အကိုကြီး စားချင်တာရှိရင် ပြောပါ၊ ကျနော် ကျွေးပါ့
မယ်၊ ကျနော့်သမီးလေးကို ကယ်ပါအုံးဗျာ …။

(အရူးကြီး) ငါ စားချင်တာကို ကျွေးမယ်တဲ့၊ ဟုတ်လည်း မဟုတ်
ပဲနဲ့၊ ငါက ပန်းတစ်ပွင့်ကို စားချင်တာ … ပန်းတစ်ပွင့်ကို စားချင်
တယ်၊ ဗိုက်ဆာတယ် … မြန်မြန်ကျွေး …။

ရုတ်တရက် အောင်ခိုင်က …
“အရူးကြီးရယ်၊ အရူးကြီးရဲ့ မိတ်ဆွေ ပဲခူးက ဆရာ…. လမ်းညွန်
လို့ ကျနော်တို့ ဒီနေရာကို ရောက်လာတာပါ၊ ကူညီပါဗျာ …”

(အရူးကြီး) ငါ့ကိုယ်များ မင့်းက အရူးတဲ့၊ တော်တော်ဟုတ်တဲ့
ကောင်၊ မင့်ကမှ တကယ့်အရူးအစစ်၊ အချစ်ရူး … တဖက်သက်
လိုက်ကြိုက်နေတဲ့ အရူး … ဟားဟားဟား …။

နောက်ကနေ ရပ်ကြည့်နေတဲ့ ကျော်ထွန်းက …
“အောင်ခိုင်၊ ပဲခူးကို သွားတုန်းက ဟိုဆရာ ၀ါဆိုဦးကို ပန်းလေး
တစ်ပွင့် ပေးလိုက်တယ်လေ မင်းမှတ်မိလား၊ အခု သူပြော
နေတာ အဲဒီ ပန်းပွင့်ကို ပြောတာလား မသိဘူး …”

အရူးကြီးဟာ သူတို့ကြားက ဖြတ်ပြီး ဇရပ်ပေါ်ကို တက်သွားပါ
တယ်။ ကျော်ထွန်းနံဘေးနား ဖြတ်အသွားမှာ ပခုံးကို ပုတ်ပြီး
“မင်းမဆိုးဘူး၊ ငါက အားလုံးကို အရူးလို့ ထင်နေတာ၊ မင်း
တော်တယ်၊ ဟားဟားဟား …”

(အောင်ခိုင်) အန်ကယ်၊ မနှစ်က ကျနော်တို့တတွေ ပဲခူးသွားတုန်း
ဆရာ… က ၀ါဆို့ကို နှင်းဆီပန်းတစ်ပွင့် ပေးလိုက်တယ်၊ အဲဒီပန်း
အခု အန်ကယ်တို့အိမ်မှာ ရှိသေးလား၊ အန်ကယ်ရော သိလား …။

(အန်ကယ်) ဟာ … သိပြီ၊ ဟိုတစ်နေ့ … သမီး ကားအက်စီဒင့်
မဖြစ်ခင်တစ်ရက်က ပြောနေတာ ကြားရတယ်၊ အဲဒီနေ့က သူ့
အ၀တ်အစားအဟောင်းတွေကို အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေး
ဝတ်ဖို့ ထုတ်ပေးရင် ပြောနေကြတာ၊ ပလပ်စတစ်အိတ်ထဲမှာ
ပန်းခြောက်တစ်ခုကို လေလုံအောင် ထည့်ပိတ်ထားတာ သွား
တွေ့တယ်၊ အဲဒါ ဘယ်သူပေးတဲ့ ပန်းခြောက်လဲလို့ မေးကြည့်
တော့ ဟိုအရင် ပဲခူးမှာ ဗေဒင်သွားတွက်ရင်းနဲ့ ဗေဒင်ဆရာက
ဆောင်ထားဖို့ ပေးလိုက်တဲ့ ပန်းခြောက်လို့ သူတို့တတွေ ပြော
တဲ့အသံကို အန်ကယ် ကြားလိုက်တယ် …။

(အောင်ခိုင်) ဟုတ်တယ် အန်ကယ်၊ ဒီအရူးကြီး ခုနက စားချင်
တယ်လို့ ပြောတဲ့ ပန်းတစ်ပွင့်ဆိုတာ အဲဒီပန်းကို ပြောတာနဲ့
တူတယ်၊ ပဲခူးက ဆရာ… ၀ါဆို့ကို ပေးရင်း မှာလိုက်တာ၊ အဲဒီပန်း
ကို ပြပြီး ဒီအရူးကြီးဆီမှာ အကူအညီတောင်းရမှာ အန်ကယ် …။

သူတို့အားလုံး ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေချိန်မှာ သူတို့နဲ့
အတူ ပါလာတဲ့ ထမင်းဆိုင်ပိုင်ရှင် အဘဦးထွန်းဟာ ဇရပ်ပေါ်
ကို ရှေ့ဆုံးကနေ ဦးဆောင်ပြီး တက်သွားပါတယ်။ သူတို့လည်း
အဘဦးထွန်းရဲ့ နောက်ကနေ လိုက်သွားကြပါတယ်။ ဇရပ်ပေါ်
ရောက်တော့ အဘဦးထွန်းက …
“သူတို့ ရန်ကုန်ကနေ ဒီအထိ အဝေးကြီး လာရတာပါဗျာ၊
ခင်ဗျား ကူညီနိုင်ရင် ကူညီလိုက်ပါ၊ အသက်တစ်ချောင်း ကယ်
ကောင်းပါတယ် …”

(အရူးကြီး) အရူးတွေကို ကယ်မိလို့ ရူးသွားတဲ့လူကိုရော ဘယ်သူ
ကယ်မလဲ၊ ပြောပြစမ်းပါ၊ သတိပေးထားတာကို မလိုက်နာပဲ ကိုယ်
လုပ်ချင်ရာကို ဇွတ်အတင်း လုပ်တဲ့ လူတွေလောက် ရူးတဲ့လူ
ရှိအုံးမလား … ဟားဟားဟား …။

(အန်ကယ်) ခုနက ပြောတဲ့ ပန်းပွင့်ကို ကျနော်တို့ ပြန်ယူချင်
ပါတယ်၊ ခရီးက ဝေးတာရော၊ ကျနော့်သမီးလေးက အခုဆေးရုံး
ပေါ် ရောက်နေလို့ပါ၊ ကူညီနိုင်ရင် ကူညီပါအုံးဗျာ၊ တောင်းပန်
ပါတယ် …။

(အရူးကြီး) ငါ ပြောမယ် သေသေချာချာနားထောင်၊ ဒီည (၁၂)
နာရီ တိတိ ဒီသင်္ချိုင်းကုန်းကို ပြန်လာခဲ့၊ ငါလိုချင်တဲ့ ပစ္စည်းတွေ
ရအောင်ရှာပြီး ယူလာခဲ့၊ ကလေး ကစားစရာ အရုပ်မ တစ်ရုပ်နဲ့
အသုဘမှာ အသုံးပြုပြီးသာ ကျောက်ဖရုံသီးတစ်လုံး ယူလာခဲ့၊
အရုပ်က အထီးမဟုတ်ဘူးနော် အမ၊ ည(၁၂)နာရီ ထိုးမှ သင်္ချိုင်းထဲ
ကို ၀င်ခဲ့နော်၊ ကြိုပြီး ၀င်မလာနဲ့၊ အရုပ်အပေါ်မှာ ရေးဖို့ ခဲတံဖြစ်
ဖြစ် ဘော့ပန်ဖြစ်ဖြစ် တစ်ချောင်းလောက်ပါ ယူခဲ့၊ ပြဿနာ တွေ့
ကြုံ နေရသူရဲ့ မွေးနေ့ သက္ကရာဇ်နဲ့ ဓါတ်ပုံပါ ပါအောင်ယူခဲ့ကြ၊
ကဲ … အချိန်မရှိဘူး၊ မင်းတို့ ပြန်ပြီး ငါလိုချင်တာတွေ ရအောင်
လိုက်ရှာတော့၊ တွေ့အောင် လိုက်ရှာနော်၊ မရရင်တော့ မင်းတို့
ထိုက်နဲ့ မင်းတို့ကံပဲ …။

သူတို့အားလုံး တည်းခိုရာ အိမ်သို့ အမြန်ဆုံးပြန်ခဲ့ကြပါတယ်။
အဲဒီနောက် မြို့အ၀င်အ၀ သင်္ချိုင်းနံဘေးမှာ နေထိုင်သော
ကိုခင်မောင်ထံ သွားကြပါတယ်။ ကိုခင်မောင်ဆီမှ ဒီမြို့ရှိ
အသုဘနာရေး ဖြစ်နေသော သတင်းကို စုံစမ်းရပါတယ်။
ရပ်ကွက်တစ်ခုထဲတွင် လောလောလတ်လတ် ကွယ်လွန်သွား
သော အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး၏ နာရေးအိမ်သို့
သွားရောက်ပြီး ကျန်ရစ်သူမိသားစုထံမှ အလောင်းအောက်ခြေ
တွင် အနံ့စုတ်ရန် အသုံးပြုထားသော ကျောက်ဖရုံသီးတစ်လုံး
ကို တောင်းယူခဲ့ပါတယ်။

ည (၁၁) နာရီခွဲ ပတ်ဝန်းကျင်လောက်မှာ ရန်ကုန်မှ ယူဆောင်လာ
သော ၀ါဆိုတို့အိမ်က ကားဖြင့် သင်္ချိုင်းရှိရာသို့ သွားခဲ့ကြပါတယ်။
ညဖက် သင်္ချိုင်းသို့ သွားရောက်ရာတွင် ရန်ကုန်မှ လာခဲ့သော
သူတို့အားလုံး လိုက်ပါခဲ့ကြပါတယ်။ ယုယု၊ နှင်းနှင်း၊ ၀င်းမာနဲ့
အငယ်လေးတို့ကို တည်းခိုရာအိမ်တွင် နေရစ်ခဲ့ရန် အန်ကယ်က
အမျိုးမျိုး ပြောသော်လည်း သူတို့က အင်မတန် စပ်စုချင်နေသော
ကြောင့် ခေါ်ဆောင်ခဲ့ရပါတယ်။ ရန်ကုန်က လာသော သူတို့အုပ်စု
ထဲမှာ ယောက်ျား သူငယ်ချင်း ငါးယောက်၊ အန်ကယ်နဲ့ ကား
မောင်းသူ ဦးလေးကြီး အပါအ၀င် ယောက်ျားလေးက စုစုပေါင်း
(၇)ယောက်ပါ။ တည်းခိုရာနေအိမ်ရှိ အဘဦးထွန်း၊ ကိုသိန်းဇော်
တို့ သားအဖနဲ့ သူတို့ ထမင်းဆိုင်က အလုပ်သမားများ၊ သူတို့
အသိ ရပ်ကွက်ရုံးမှ လူကြီးနှစ်ဦးခန့်ပါ လိုက်ပါခဲ့ကြပါတယ်။ လူ
(၂၀) ကျော် ပါဝင်တဲ့ သူတို့အုပ်စုဟာ ည(၁၁) နာရီ ခွဲလောက်
မှာ စတင် ထွက်ခွာ ခဲ့ကြပါတယ်။

သင်္ချိုင်းရှေ့တွင် ကားရပ်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ
လရောင်က လွှဲရင် ဘာအလင်းရောင်မှ မရှိပါ။ ကိုသိန်းဇော်နဲ့ သူ့
အလုပ်သမားတွေ လက်ထဲမှာ အရေးအကြောင်း ရှိလာရင် အသုံး
ပြုဖို့ တုတ်တစ်ချောင်းစီနဲ့ လက်နှိပ်ဓါတ်မီးတွေ ယူဆောင်လာပါ
တယ်။ သင်္ချိုင်းထဲက ထွက်ပေါ်လာတဲ့ ခွေးအူသံများဟာ သူတို့
ယခင်က ကြားဖူးနေကြ ခွေးအူသံများနဲ့ လုံးဝ ခြားနားပါတယ်။
အသံရှည်ကို ဆွဲဆွဲငင်ငင် အူတဲ့အသံမျိုးပါ။ အန်ကယ့်လက်ထဲမှာ
Emergency Light တစ်ခုကို ကိုင်ဆောင်ထားပါတယ်။ ကိုသိန်းဇော်
က ရန်ကုန်မှ လာတဲ့ သူတို့အားလုံးကို အရေးအကြောင်းရှိရင်
အသုံးပြုဖို့ မတိုမရှည် ၀ါလုံးတစ်ချောင်းစီ လိုက်ပေးပါတယ်။
ည (၁၂)နာရီ ထိုးတဲ့အချိန်မှာ အဘဦးထွန်းနဲ့ အန်ကယ်တို့
ဦးဆောင်ပြီး သူတို့အားလုံး သင်္ချိုင်းထဲကို စတင် ၀င်ရောက်
ခဲ့ပါတယ်။

လရောင်အောက်မှာ သင်္ချိုင်းကုန်းတစ်ခုကို ညဖက် မြင်တွေ့
လိုက်ရတဲ့ မြင်ကွင်းဟာ တော်တော် ထိတ်လန့်စရာ ကောင်းတဲ့
မြင်ကွင်းမျိုးပါ။ လေတိုက်တဲ့အခါ လှုပ်ရှားသွားတဲ့ သစ်ပင်တွေ
ကို မရဲတရဲနဲ့ လှမ်းကြည့်ကြပါတယ်။ လက်နှိပ်ဓါတ်မီးရောင်တွေ
ကြောင့် တချက်တချက် လှမ်းမြင်ရတဲ့ အုတ်ဂူဖြူဖြူတွေ ကြားက
နေ တစုံတယောက်များ ထွက်လာမလားလို့ စိတ်ထဲ တထင့်ထင့်
နဲ့ပါ။ ဇရပ်ပေါ်က ခပ်မှိန်မှိန် မီးရောင်နဲ့အတူ အသံတသံ ထွက်
ပေါ် လာပါတယ် …
“ငါ့ထက်ရူးတဲ့လူတွေ ငါ့ဆီ လာနေကြပြီ၊ ပုထုဇန္နော ဥမ္မာတကော
ဆိုတာ တယ်မှန်ပါလား၊ လူတွေအားလုံး အရူးတွေ၊ ဘယ်သူက
ဘယ်သူထက် ပိုရူးကြလဲ …. ဟားဟားဟား ….”


(ဆက်ရန်။)

14 comments:

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေ....ဇတ်လမ်းကတော့ဇတ်ရှိန်တော်တော်တက်နေပြီ...
ချက်ချင်းဇတ်သိမ်းမပစ်နဲ့

မေဓာဝီ said...

ဖတ်လို့ကောင်းနေတုန်း ရပ်လိုက်ပြန်ပြီ။

ကျမတို့လဲ ကိုအောင့်ရဲ့ နှောင်ကြိုးထဲ မိနေကြသူတွေထင်ပါရဲ့။
ဒါမပြီးမချင်း နှောင်ကြိုးမိနေကြအုံးမှာ။

စုချစ် said...

ဆရာအောင်ရေ... ဖတ်လို့ အရှိန်ရတုန်း ရပ်လိုက်ရပါသကော...
နောက်ထပ်...အဆက်ကလေးမြန်မြန်....
ကျေးဇူး
း-)

SHWE ZIN U said...

မျှော်ပါတယ် မျှော်ပါတယ်

ရွှေစင်

Anonymous said...

ကိုအောင်ရေ....ဇတ်လမ်းကတော့ဇတ်ရှိန်တော်တော်တက်နေပြီ...
ချက်ချင်းဇတ်သိမ်းမပစ်နဲ့

hote tae..

one sentence by sentence is better .
so,u can get many posts.

ကျမတို့လဲ ကိုအောင့်ရဲ့ နှောင်ကြိုးထဲ မိနေကြသူတွေထင်ပါရဲ့။
ဒါမပြီးမချင်း နှောင်ကြိုးမိနေကြအုံးမှာ။
yes , we r trapped by ko aung's post.

I cannot patient,ko aung. plz write more.

MN

ယောနက်သန် said...

မျှော်နေပါတယ်...

မြစ်ကျိုးအင်း said...

ဖတ်ကောင်းရင် လုပ်ပြီး)
ညန်ညန်လေးဗျနော်

ZT said...

ဖတ်သွားပါတယ်။ မျှော်နေပါတယ်။ :)

ဆောင်း said...

ကိုအောင်ရေ ဇတ်လမ်းအဆုံးကိုဟိုတပုဒ်လို ဖြစ်သလို မရေးနဲ့ နော် ဟိုသရဲအိမ်က အဆုံးပိုင်း အသေးစိတ် မရေးတော့ (ဖတ်သူကြောက်မှာ စိုးလို့ စာရေးဆရာ ညှာရေးတယ် ထင်တာ ဘဲ) သိပ်ကြောက် စရာ မကောင်းလိုက်ဘူး။ တဖြည်းဖြည်းနဲ့  ဇတ်ရှိန်တက်လာပီ လက်လည်း ညောင်းလှပီ (လာလာ ချောင်းရလို့ )
saundoo.blogspot.com

bunny said...

ကိုအောင် ရေ တစ်ခုတော့ ခေါင်းပေးစားပါဦးမယ် ကိုာ်ပိုင်wedsite domain ဥပမာ pyustate.com လို domain တစ်ခုလုပ်ချင်လို့ ကူညီပါဦး ကျေးဇူးမမေ့ပါဘူး မြန်မာနိုင်ငံမှာ အဆင်မပြေလို့ 

နှင်းဟေမာ said...

ကိုအောင်ရေ...
အခန်းဆက်လေး လာဖတ်သွားပြီ
ဇာတ်ရှိန်မြင့်နေတုန်း နှောင်ကြိုးကို ဖြေမပေးလိုက်နဲ့ဦးနော်း)
အခုတစ်ခါပဲ ကွန်မန့်ပေးလို့ အဆင်ပြေတော့တယ် အင်တာနက် ညံ့နေလို့ ...။
ခင်မင်လေးစားလျှက်
ညီမလေး နှင်း

sweetpeony said...

ရပ်သွားပြန်ပြီ....း(

ကိုအောင်(ပျူနိုင်ငံ) said...

bunny ရေ
ိdomain ကိစ္စ ကျနော့်မေးလ်ကို ဆက်သွယ်ပါ ...

ni said...

Ko Aung

may i know, when we can read Hnaung Kyoe Mi Thu(Part 5).Very interest of your story.want to be read your Hnaung Kyoe Mi Thu(Part 5).I received this your Hnaung Kyoe Mi Thu mail from my friend.I want to read more your writing so if you have a time please send to me my direct mail.Waiting for your mail reply.Have a nice day Ko Aung.


Thanks