Saturday, 3 April 2010

မော်စီတုန်း၏ ဖြတ်သန်းမှု (၁၉၂၁- ၁၉၃၈) (အပိုင်း- ၂)

ယခင် အပိုင်း(၁)မှ အဆက် ….

ပထမအကြိမ် ကွန်ဂရက်

၁၉၂၁ ခုနှစ် မေလတစ်ည၌ မော်စီတုန်းနှင့် သူ့မိတ်ဆွေ ဟိုရှူဟင်း
တို့သည် ချန်ရှားမှ ရှန်ဟဲသို့ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။
နှစ်ဦးစလုံး ကုန်သည်ယောင်ဆောင်ကာ နာမည်ဝှက်များဖြင့် လာခဲ့
ကြသည်။ သူတို့နှစ်ယောက်သည် ပါတီဖွဲ့ရန် ရောက်လာကြသည့်
ကိုယ်စားလှယ်များထဲတွင် အစောဆုံးဖြစ်ကြသည်။

ပူအိုက်မဲမှောင်သော ည၌ ပါတီတည်ထောင်ရန် တိတ်တဆိတ် ရောက်
လာသူများမှာ အများအားဖြင့် လူငယ်တွေချည်းဖြစ်သည်။ အသက်
အစိတ် တ၀ိုက်လောက်မျှသာ ရှိကြဦးမည်။ အချို့ကလည်း မော့်လို
စည်းရုံးရေး အတွေ့အကြုံရှိသူများဖြစ်သည်။ အချို့က ဘာအတွေ့
အကြုံမျှ မရှိ။ မတ်ဝါဒကို မတောက်တခေါက် ဖတ်ဘူးကြသည်။ ထို
အထဲတွင် နောင် သစ္စာဖောက်မည့်သူများ၊ အချောင်သမား ဖြစ်မည့်
သူများလည်း ပါကြသည်။ သို့ရာတွင် ထိုစဉ်က မည်သူသိနိုင်မည်နည်း။
ထိုစဉ်က သူတို့ရှေ့ရေးကို မည်သူမျှ ကြိုတင်မသိ။ သူတို့ ကိုယ်တိုင်
လည်းမသိ။

မော်တို့ ရောက်ပြီး မကြာမှီ တုန်ပီဝူးလည်း ၀ူဟန်မှ ရောက်လာသည်။
လီတာချိုနှင့် ချန်တူရှူးတို့လည်း ရောက်လာလိမ့်မည်ဟု မျှော်လင့်ရ
သည်။ သို့ရာတွင် ၁၉၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ပထမ ကွန်ဂရက်
ကို တရားဝင် ဖွင့်လှစ်သည့်နေ့အထိ ရောက်မလာခဲ့ကြ။ ပထမ ကွန်
ဂရက်သို့ မတ်ဝါဒီ အစုများ ရှိကြသော ပြည်နယ်များမှ ကိုယ်စားလှယ်
နှစ်ဦးစီ လွှတ်ကြသည်။ ဂျပန်ပြည်တွင် ရှိသည့် တရုတ်ကျောင်းသား
များက ချောင်ဖူဟဲဆိုသည့် လူငယ်တစ်ယောက်ကို လွှတ်လိုက်သည်။
တရုတ်-ဂျပန် စစ်ပွဲဖြစ်သည့်အခါတွင် သူသည် ပါတီကို သစ္စာဖောက်
ကာ ဂျပန်နှင့် ပေါင်းသွားသည်။ ၀ူဟန်အစုမှ တုန်ပီဝူးနှင့် ချန်တန်ချူး
တို့ တက်ကြသည်။ ရှန်ဟဲအစုမှ လီဟန်ချွန်းနှင့် လီတာတို့ တက်ကြ
သည်။ ကွမ်ချောင်အစုမှ ချန်ကွန်ပိုးနှင့် ပေါင်ဟွီးဆင့်တို့ တက်ကြ
သည်။ ရှန်တောင်အစုမှ တန်အိမ်မင်းနှင့် ၀မ်ချွမ်းမေတို့ တက်ကြသည်။
သူတို့နှစ်ယောက်စလုံးမှာ ၁၉၂၈ ခုနှစ်က အသတ်ခံသွားကြရသည်။
ပီကင်းအစု (ဟိုပေ့ပြည်နယ်)မှ ကျန်းကို့ထောင်နှင့် လျူဂျင်ချွန်းတို့
တက်ကြသည်။ သူတို့အားလုံးအနက် မော်နှင့် ဟိုရှူဟင်းတို့သာလျှင်
ကျေးလက်မှ ဖြစ်ကြ၍ ကျန်လူများမှာ မြို့သားများ ဖြစ်ကြသည်။

ဇွန်လ ၃၀ ရက်နေ့က ကျင်းပသည့် ပထမ ကွန်ဂရက်သို့ အင်တာ
နေရှယ်နယ် ကွန်မြူနစ်အဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦး တက်ကြ
သည်။ တစ်ဦးက စနီလိယာက်(မာလင်း) ဖြစ်၍ တစ်ယောက်က
လီဇူစကီဆိုသူ ဖြစ်သည်။ သို့ရာတွင် တရုတ် ကွန်မြူနစ်ပါတီက
ယနေ့အထိ တရုတ်တော်လှန်ရေး သမိုင်းကို တရားဝင် ရေးသား
ခြင်း မရှိသေးသည့်အတွက် သူတို့နှစ်ယောက် ကိစ္စက မသေချာ။
အကယ်၍ ဇွန်လ ၃၀ ရက်နေ့ ပဏာမအစည်းအဝေးတွက် တက်
သည့်တိုင် ကျန်ရက်များတွင် တက်ပုံမရ။ အထူးသဖြင့် ကွန်ဂရက်
ကျင်းပနေစဉ် နေရာပြောင်းရသဖြင့် သူတို့ တက်နိုင်ဟန်မရှိ။

ထိုစဉ်က တရုတ်တစ်ပြည်လုံးတွင် မတ်ဝါဒီဟူ၍ (၅၇) ယောက်
မျှသာ ရှိသေးသည်။ ၎င်းတို့အနက် ဟူနန်ပြည်နယ်က (၁၆)
ယောက် ရှိသည်။ ပထမ ကွန်ဂရက်ကို တက်ရောက်သူဆို၍
မော်စီတုန်းနှင့် တုန်ပီဝူးတို့သာ ကျန်ခဲ့သည်။ ဟိုရှူးဟင်း၊
ဝမ်ချွမ်းမေ၊ လီဟန်ချွန်းနှင့် တိန်အန်မင်းတို့က အသတ်ခံသွား
ကြရသည်။ လီတာသည် ပါတီမှ အစောကြီး ထွက်သွားပုံရသည်။
၁၉၆၈ ခုနှစ် ရှန်ဟဲတွင် ကွယ်လွန်သွားခဲ့သည်။ ကျန်လူများက
၁၉၂၁ ခုနှစ် ဇူလိုင်လတွင် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသော
ပါတီကို သစ္စာဖောက်သွားကြသည်။ ချန်ကွန်ပိုးသည် နောင်တွင်
ချန်ကေရှိတ်၏ လူဖြစ်သွားသည်။ ကျန်းကို့ထောင်သည် ၁၉၃၈
ခုနှစ်တွင် ပါတီကို သစ္စာဖောက်၍ ချန်ကေရှိတ် ဖက်သို့ ကူးပြောင်း
သွားပြီး ကနေဒါနိုင်ငံတွင် အသက်ဆုံးတိုင် နေထိုင်သွားသည်။

အစက ပထမ ကွန်ဂရက်၏ သဘာပတိအဖြစ် ချန်တူရှူးကို
ရွေးချယ်သတ်မှတ်ထားသည်။ သို့ရာတွင် ချန်တူရှူး တက်ရောက်
ခြင်း မရှိပဲ သူ့ကိုယ်စားလှယ် လီဟန်ချွန်းမှတဆင့် သ၀ဏ်လွှာ
ပို့သည်။ ပထမ ကွန်ဂရက်၏ မှတ်တမ်းများ ပျောက်ကုန်ပြီ။
ပထမ ကွန်ဂရက်အကြောင်းကို ၁၉၃၆ ခုနှစ်တွင် တုန်ပီဝူးက
ယန်အန်းသို့ ရောက်လာသည့် အဂ္ဂါစနိုး၏ပထမဇနီး နင်းမ်ဝေးလ်စ်
ကို ပြောသည့် စကားအရသာ သိရသည်။

ပထမ ကွန်ဂရက်ကို ရှန်ဟဲ ပြင်သစ်ပိုင်နက်တွင် ရှိသည့် ပိုးအိ
မိန်းကလေးကျောင်း အဆောက်အဦးတွင် ကျင်းပသည်။ နွေရာသီ
ကျောင်းပိတ်ချိန်ဖြစ်၍ ကျောင်းတွင် မည်သူမျှမရှိ။ ဒရ၀မ် ထမင်း
ချက် တစ်ဦးသာ ရှိသည်။ ကျောင်းအပေါ်ထပ်တွင် အစည်းအဝေး
လုပ်၍ အစားအသောက်ကို ဒရ၀မ်က ချက်ကျွေးသည်။ သူတို့
ပြောသည့် စကားလုံးများကို ဒရ၀မ်က ကောင်းကောင်းနားမလည်။
ထို့အပြင် ဘာသာစကားကလည်း အမျိုးမျိုးဖြစ်သည်။ ကြိုတင်
ကာကွယ်မှုများ ပြုလုပ်ထားသော်လည်း အ၀င်အထွက်ကိုမှု
ဖုံးဖိ၍မရ။ ဤတွင် ကူမင်တန် လျှို့ဝှက်ပုလိပ်များက အနံ့ရသွား
ကြသည်။ ရှန်ဟဲတွင် ကွန်ဂရက်ကို (၆)ရက်ကြာ ကျင်းပခဲ့သည်ဟု
ချန်တန်ချူက ကွန်မြူနစ်အင်တာနေရှယ်နယ် တွင် (၁၉၃၆)ခုနှစ်
က ရေးခဲ့ဘူးသည်။

ကွန်ဂရက် စတုတ္ထမြောက်နေ့၌ ကိုယ်စားလှယ်များသည် လီဟန်
ချွန်း၏ အခန်းတွင် ထိုင်၍ ဆွေးနွေးနေကြသည်။ အစည်းအဝေး
မစသေး။ ထိုအခိုက် တရုတ်အင်္ကျီရှည် အနက် ၀တ်ထားသည့်
မသင်္ကာစရာ လူတစ်ယောက် ကပ်လျက် အခန်းထဲသို့ ၀င်လာသည်။
သူက လူမှုရေး အသင်းများအဖွဲ့ချုပ်နှင့် ၎င်းဥက္ကဋ္ဌ ၀မ် ဆိုသူကို လာ
ရှာသည်ဟု ဆိုသည်။ စင်စစ်ဥက္ကဋ္ဌသည် ထိုနာမည်မဟုတ်။ အသင်း
တည်ရာ အခန်းကလည်း သုံးခန်းကျော်ဖြစ်သည်။ ကိုယ်စားလှယ်များ
သည် အခန်းမှ ချက်ချင်း လူစု ခွဲပစ်လိုက်ကြသည်။ မိနစ်အနည်းငယ်
ကြာသောအခါ ပုလိပ်များနှင့် အရပ်ဝတ်အရပ်စား စုံထောက် ကိုး
ယောက် ရောက်လာကြသည်။ လီဟန်ချွန်း၏ အခန်းကို ရှာကြသည်။
သို့ရာတွင် ဘာမျှရှာမတွေ့။ စာရွက်စာတမ်းများကို ဖျောက်ဖျက်ပြီးပြီ။
ကိုယ်စားလှယ်များသည် မိန်းကလေးကျောင်းသို့ မလာရဲကြတော့။
ရှန်ဟဲမှ လူစုခွဲလိုက်ကြရတော့သည်။ ကွန်ဂရက်ကို ဆက်လက်
ကျင်းပရန် စီစဉ်ရသည်။ ရှန်ဟဲမှ မိုင် (၈၀) ကျော်အကွာတွင် နာမည်
ကျော် ဒက္ခိဏကန် ရှိသည်။ ဘေးတွင် တောင်တန်းများ၊ မိုးမခပင်များ
ဖြင့် လှပသည့် ရူခင်းများရှိသည်။ ပညာတတ် အများအပြား ဒက္ခိဏ
ကန်သို့ ပျော်ပွဲစား ထွက်လေ့ရှိကြသည်။ နာမည်ကျော် ချီဆင့်ဝိုင်
အရက်ကို မြည်းလေ့ရှိကြသည်။ ဤကန်တွင် လှေတစ်စင်း ဌားကာ
လှေပေါ်တွင် ကွန်ဂရက်ကို ဆက်လက်ကျင်းပရန် တစ်ယောက်အကြံ
ပေးသည်။ သို့ဖြင့် ကိုယ်စားလှယ်များသည် ဒက္ခိဏကန်သို့ တစ်လမ်း
စီခွဲ၍ ရောက်လာခဲ့ကြသည်။

ကွန်ဂရက်ကို လှေပေါ်တွင် ရက်ပေါင်းများစွာ ကျင်းပသည်။ အငြင်း
ပွားကြရသည်။ စင်စစ် တရုတ်ကွန်မြူနစ်ပါတီသည် စတင်တည်
ထောင် ကတည်းက လူတစ်ယောက်တည်းလို ညီညွတ်သိပ်သည်း
ခဲ့သည်မဟုတ်။ ကွန်ဂရက် ကိုယ်စားလှယ်များကို လုပ်နည်းလုပ်ဟန်
ပေါ်လစီများဖြင့် ခွဲကြည့်လျှင် သုံးစု ကွဲနေသည်။

ပထမအစုက ချန်တူရှူး၏ ကိုယ်စားလှယ် လီဟန်ချွန်း ခေါင်းဆောင်
သည့်အစု ဖြစ်၍ နောင်တွင် “လက်ျာဂိုဏ်း” ဟု အမည်တွင်သည်။
သူတို့အစုက တရုတ်ပြည် အလုပ်သမား လူတန်းစားသည် နုနယ်
သေးသည်၊ အလုပ်သမား လူတန်းစား၏ တပ်ဦးဖြစ်သည့် ကွန်မြူနစ်
ပါတီတစ်ရပ် ထူထောင်ဖို့ အသင့်မဖြစ်သေး၊ ခေတ်နောက်ကျနေ
သည်ဟု ယူဆသည်။ ချန်တူရှူးက အကြံပေးသည့် အတိုင်း “ပစ္စည်း
မဲ့ လူတန်းစား အာဏာရှင်စနစ်” ဟူသည့် စကားကို မသုံးရန် အဆို
ပြုသည်။ ချန်တူရှူး၏ အမြင်အရဆိုလျှင် မတ်ဝါဒီ ကလပ်မျိုးသာ
ဖွဲသင့်သည်ဟု ယူဆသည်။ ကွန်ဂရက်တွင် လီတာနှင့် ချန်ကွန်ပိုး
တို့က ဤလမ်းစဉ်ကို တင်လာကြသည်။ ချန်တူရှူးက ပါတီဖွဲ့ရန်
မလို၊ ကလပ်သဘော (၂၂) ယောက်သာ ရှိသင့်သည်ဟု ဆိုခဲ့သည်။


နောက်တစုမှာ နုနယ်သော ပါတီကို အချိန်အတော်ကြာ စွဲကပ်ခဲ့
သည့် “အလွန်အကျွံလက်ဝဲ” အစုဖြစ်သည်။ ထိုအစုကို လျူဂျင်
ချွန်နှင့် ကျန်းကို့ထောင်တို့က ကိုယ်စားပြုသည်။ သူတို့က “ပစ္စည်း
မဲ့ လူတန်းစား အာဏာရှင်စနစ်” ကို ချက်ချင်း ထူထောင်ရမည်ဟု
ဆိုကာ ဥပဒေတွင်း တိုက်ပွဲများအားလုံးကို ဆန့်ကျင်သည်။ သူတို့
က “တံခါးပိတ် ၀ါဒ” ကို ကျင့်သုံးကြသည်။ မည်သည့် အဖွဲ့အစည်း
နှင့် တပ်ပေါင်းစု မဖွဲ့ရ။ တရုတ် ပစ္စည်းမဲ့ လူတန်းစားကို လုံးဝမှီခို
အားထားသည့် အထီးကျန် ဖြစ်နေသော အစုကလေးမျိုး ထူထောင်
ချင်ကြသည်။ အခြားမည်သူ့ကိုမျှ လက်မခံ။ ပေါင်ဟွီးဆင့်က ထို
လမ်းစဉ်ကို ထောက်ခံသည်။

မော်သည် ထိုလမ်းစဉ် နှစ်ရပ်စလုံးကို ဆန့်ကျင်ခဲ့သည်။ ညီညွတ်ရေး
တပ်ပေါင်းစု လမ်းစဉ်ဖက်ကို တိမ်းသည်။ စကတည်းက ကျန်းကို့
ထောင်၏ အာဃာတ ထားခြင်းကို ခံခဲ့ရသည်။ မော်က ကွန်ဂရက်တွင်
ဆုံးဖြတ်ချက်ကို ဆန့်ကျင်မဲပေးခဲ့သည်။ ကျန်းကို့ထောင်က “အ၀ါ
ပညာတတ် လူတန်းစား” ဟူသော ဝေါဟာရတစ်လုံးကို ထွင်ခဲ့သည်။
ဤအလွန်အကျွံ လမ်းစဉ်ကြောင့် ပါတီ၏ ပထမ (၂)နှစ် အတွင်းတွင်
ပညာတတ်များကို မစည်းရုံးနိုင်အောင် ဖြစ်ခဲ့ရသည်။ မော်က ဤအစွန်း
နှစ်ခုလုံးကို ဆန့်ကျင်၍ လီနင်ဝါဒ လမ်းစဉ်ဖက်က ရပ်ခဲ့သည်။ သို့ရာ
တွင် မော်သည် ကွန်ဂရက်တွင် အနည်းစုဖြစ်နေသည်။ ကျန်းကို့ထောင်
က လွှမ်းသွားသည်။

ပထမ ကွန်ဂရက်က တင်သည့် ဗဟိုကော်မတီတွင် ချန်တူရှူးက
အထွေထွေ အတွင်းရေးမှူးဖြစ်၍ ကျန်းကို့ထောင်နှင့် လီတာတို့က
လက်ထောက်များ ဖြစ်ကြသည်။ ဤသုံးယောက်သည် ပေါလစ်
ဗျူရိုသဘောဖြစ်သည်။ ဌာနချုပ်ကို ရှန်ဟဲက ပြင်သစ်ပိုင်နက်တွင်
ထားရန် ဆုံးဖြတ်ကြသည်။

၁၉၂၁ ခုနှစ် ဇူလိုင်လကုန်၌ မော်သည် ဟူနန်ပြည်နယ်သို့ ပြန်လာ
ကာ သြဂုတ်လထဲတွင် ပထမဆုံး ကွန်မြူနစ် အလုပ်သမား သမဂ္ဂ
ကို ဖွဲ့စည်းသည်။ အောက်တိုဘာလ၌ မော်သည် ဟူနန်ပြည်နယ်
ပါတီ၏ အတွင်းရေးမှူး ဖြစ်၍ ၁၉၂၂ ခုနှစ်တွင် ဟူနန်ပြည်နယ်
အလုပ်သမားအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။

လီလီစန်သည် မော်၏ “ပြည်သူ့ဘ၀သစ် လေ့လာရေးအဖွဲ့” ကို
စိတ်မပါတပါ ၀င်ခဲ့ဘူးသည့် ဟူနန်ပြည်နယ်သား ဖြစ်သည်။ မော်၏
ဦးဆောင်မှုကို မကျေနပ်သော လီလီစန်သည် ၁၉၂၂ ခုနှစ်
နှစ်ဦးတွင် တရုတ်ပြည်လုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အတွင်း
ရေးမှူးအဖွဲ့တွင် တာဝန်ကျသည်။ လီလီစန်နှင့် လျူရှောက်ချီတို့
သည် မော့်ကို ဆန့်ကျင်ကြသည်။


(ဆက်ရန်။)

မှီငြမ်း။ ။
-ဒီရေမြင့်သစ် စာအုပ်ပါ အချက်အများစုကို မှီငြမ်းပါသည်။
(ဒီရေမြင့်သစ်စာအုပ်ကို ဘာသာပြန်သူမှာ ကွယ်လွန်သူ ဆရာ
မြသန်းတင့် ဖြစ်၍ မူရင်း စာရေးသူမှာ Han Suyin ဖြစ်သည်။)
-အင်တာနက်ပေါ်ရှိ Wikipedia စာမျက်နှာ။


2 comments:

Younggun said...

မော်ကြီးအကြောင်း အခုမှ ဖတ်ဖြစ်တယ် သူလည်း .. ခေသူ မဟုတ်.။

kiki said...

တရုပ်ခေါင်းဆောင်ကြီးတယောက် အကြောင်း ခုမှ သေချာ ဖတ်ဖူးပါတယ် အပိုင်း ၁ နဲ့ ၂ ထိ မော့် ကို သဘောကျ တဲ့ အချက် ကတော့
“ မော်က သူ့ဆွေမျိုးသားချင်းများကို ချီးမြှောက်လေ့ မရှိ။ ”
ရွှေနိုင်ငံမှ ဘဘကြီးတွေ နဲ့  ကွာခြားချက် တခုပါပဲ ။ တနေ့  တနပ် ပဲပြားဟင်း နဲ့သာ တင်းတိမ် နိုင်တဲ့ စိတ်ဓါတ်လည်း ချီးကျူးထိုက်တယ် ။

။ တင်ပြပေးတာ ကျေးဇူးတင်ပါတယ် ကိုအောင်ရေ ။ ဆက်လက် စောင့်မျှော် ဖတ်ပါအုံးမယ် ။