Wednesday, 28 April 2010

စောလုံရဲ့ ကျိန်စာ

နေ’လည်း ကြတ်
လ’လည်း ကြတ်
သင်္ကြန်’လည်း ကြတ်

ငွေစက္ကူတွေလည်း ကျပ်
ဘတ်စ်ကားတွေလည်း ကျပ်
ဘ၀တွေလည်း ကျပ်



ရေသဘင်ပွဲမှာ ရှင်ဘုရင်သတ်လို့သေတာ
မင်းတစ်ယောက်တည်း မဟုတ်ဘူး
စောလုံ …

မယ်သုမန’ ကျောမှာ
ဒဏ်ရာတွေနဲ့ပါလားလို့
မေးမဲ့လူ မရှိတဲ့ ဒီနှစ်ကူးမှာတော့
အခါတော်ရေလဲ ဈေးကွက်တွေပျက် …

ပန်းပွတ်သည်ရဲ့မြေး တရုတ်ပြေးက
ဖိုထိုးကြပ်တင် သုံးကြိမ် သုံးခါနဲ့
ဒီပွဲတော်ကို ကန့်လန့်ကာဖွင့်ခဲ့
ဝိဋူဋူပ ပြန်ဝင်စားတဲ့ တရုတ်ချစ်က
ရက်စက်သောဗုံး သုံးကြိမ် သုံးခါနဲ့
ကန်တော်မဟာကို အရောင်ပြောင်းခဲ့…

“ငရဲပြည်ရောက် ဦးရူမောင် ခင်ဗျာ …
ခင်ဗျားရဲ့ မိစ္ဆာလက်သစ်တွေကြောင့်
ငယ်ချစ်နဲ့ ရွှေလက်တွဲဖို့
တည်ဆောက်ခဲ့သော ကရ၀ိတ်ကြီးမှာ
ကျိန်စာများ မပျောက်ပျက်သေး”

မာရ်နတ်ရဲ့
သွေးဆာနေသော သက္ကရာဇ်များထဲ
သုမုန္ဒြီနဲ့ ပုပ္ပါးစောရဟန်းတို့
အိုးမဲတွေ ပြိုင်သုတ်နေကြတုန်း …
စပါတာကတ်တစ်ယောက်
၃၅ လမ်းပေါ် မူးပြီးရစ်နေဆဲ …
စကြာမင်းကို ရေချပေးမယ့်
အလီကိုဟင် ဆီးရီးယားမှ ပြန်ရောက်မလာ …

ဒီမယ် စောလုံ
ကွမ်းကလပ်အပဲ့နဲ့ ကွမ်းစားပြတဲ့
ရာဇသင်္ကြံန်ကို ပြောလိုက်စမ်းပါ
အုတ်လှငယ်ရဲ့ ဗျတ္တိဟာ
ကျေးဇူးမေ့တတ်သူ အတွက်လား
ငါတို့ အတွက်လား ..… ။ ။


-စစ်ငြိမ်းဒီရေ

ကဗျာထဲမှ အသုံးအနှုန်းတချို့*

စောလုံ* = ပုဂံခေတ်၊ ပထမဆုံး သင်္ကြန်ပွဲတော်တွင် အသတ်
ခံရသော နရသီဟပတေ့မင်း၏ မိဖုရား။
မယ်သုမန* = ငါးရာငါးဆယ် နိပါတ်တော်မှ မယ်သုမန။
ပန်းပွတ်သည်ရဲ့မြေး တရုတ်ပြေး* = ပုဂံခေတ် နောက်ဆုံး
ဘုရင်ဖြစ်သည့် နရသီဟပတေ့မင်း (၆၁၆ -၆၄၉)။
ဝိဋူဋူပ* = ဂေါတမဗုဒ္ဓ ဘုရားရှင်၏ အမျိုးအနွယ်ဖြစ်သော
သာကီဝင်အပေါင်းတို့ရဲ့ လည်ချောင်းသွေးကို ခြေဖြင့် ဆေးသူ
(ငါးရာငါးဆယ် နိပါတ်တော်)။
ဦးရူမောင်* = မ.ဆ.လ ခေတ် (၁၉၆၂ -၁၉၈၈) တွင် မြန်မာနိုင်ငံ
အား အုပ်ချုပ်ခဲ့သော ဦးနေ၀င်း၏ ငယ်အမည်။
ကျိန်စာများ* = ရန်ကုန် ကန်တော်ကြီး ကရ၀ိတ်ဖောင်ပေါ်တွင်
ဦးနေ၀င်းနဲ့ ဒေါ်ရတနာနတ်မယ် မင်္ဂလာဆောင်ပြီးသည့် နောက်ပိုင်း
ကွဲတတ်သည်ဟု ရန်ကုန်မြို့နေ လူထု၏ ယုံကြည်မှု။
သုမုန္ဒြီ* = မြန်မာ သက္ကရာဇ်ကို ဖြိုချပြီး အစမှ ပြန်ရေတွက်သော
သရေခေတ္တရာခေတ် သုမုန္ဒြီမင်း။
ပုပ္ပါးစောရဟန်း*= မြန်မာသက္ကရာဇ်ကို ဖြိုချပြီး အစမှ ပြန်ရေတွက်
သော ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်း။
စပါတာကတ်* = ရောမခေတ် “ကျွန်” လွတ်မြောက်ရေး ခေါင်းဆောင်။
စကြာမင်း* = ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း၏ အချစ်
ဆုံး မြေးဖြစ်သူ စကြာမင်းသား၊ နောင်တွင် ရေထဲနစ်ပြီး အသတ်ခံရသူ။
အလီကိုဟင်* = အစ္စရေးနိုင်ငံ၊ မော့ဆက် ထောက်လှမ်းအဖွဲ့၏ သူလျှို
အဖြစ် ဆီးရီးယားနိုင်ငံ၌ သေဒဏ်ပေးခံရသည့် သူရဲကောင်း။
ရာဇသင်္ကြံန်* = ပုဂံခေတ်တွင် အကိုဖြစ်သူ သီဟသူ ဘုရင်အား နန်းချ
ပြီး ညီဖြစ်သူ နရသီဟပတေ့မင်းအား နန်းတင်ပေးခဲ့သည့် အမတ်ကြီး။
အုတ်လှငယ်* = ရာဇသင်္ကြံန်အမတ်ကြီး၏ ဒုတိယမြောက် သားတော်၊
အရှင်သခင်အတွက် “ဦးဆွေးဆံမြည့်” ထမ်းရွက်သူ။
Read more »

Sunday, 25 April 2010

နှောင်ကြိုးမိသူ (အပိုင်း- ၄)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင်အပိုင်း(၃)မှ အဆက် ….

အန်ကယ်ကတော့ .…မြို့ရှိ သင်္ချိုင်းကုန်းကို သွားရှာချင်စိတ်တွေ
ပြင်းထန်နေပါတယ်။ ညနေပိုင်း ရန်ကုန်ကို ပြန်ရောက်တော့
ဝါဆိုဦးနဲ့ ကိုမင်းလွင်တို့ရှိရာ ဆေးရုံးဆီ မရောက်ခဲ့ကြပါ။
နောက်တနေ့မနက် အစောကြီးမှာပဲ အန်ကယ်နဲ့ မိန်းကလေး
သူငယ်ချင်းတွေ အပါအ၀င် သူတို့တအုပ်စုလုံး … မြို့ဆီသို့ ခရီး
ထွက်ခဲ့ကြပါတယ်။ အဲဒီမြို့ကို နေ့လည် (၂)နာရီကျော်ခန့်မှာ
ရောက်ခဲ့ကြပါတယ်။ မြင်းလှည်းဂိတ်တွေ၊ ဆိုက်ကားဂိတ်တွေမှာ
စုံစမ်းကြည့်တော့ သူတို့မြို့မှာ လက်ရှိအသုံးပြုနေဆဲ ဗုဒ္ဓဘာသာ
သင်္ချိုင်းကုန်း(၂)ခု ရှိကြောင်း သိရပါတယ်။



ပထမဆုံး မြို့အ၀င်အ၀ရှိ သင်္ချိုင်းကုန်းမှာ စုံစမ်းကြည့်ပါတယ်။
သင်္ချိုင်းအနီးအနားရှိ နေထိုင်သူတွေကို မေးကြည့်တော့ အဲဒီ
သင်္ချိုင်းမှာ ညဖက်မှာ လာရောက် အိပ်စက်သော အရူးဆိုတာ
လုံးဝ မရှိကြောင်း သိရပါတယ်။ အဲဒီနောက် သူတို့အားလုံး
အနားယူ တည်းခိုဖို့ ထမင်းဆိုင်တစ်ဆိုင်မှာ သွားမေးကြည့်
ပါတယ်။ ထမင်းဆိုင်ပိုင်ရှင် မိသားစုဟာ သဘော ကောင်းရှာ
ပါတယ်။ ထမင်းဆိုင်ထက် နေရထိုင်ရတာ ပိုသက်သာအောင်
သူတို့နေအိမ်ဆီ ခေါ်ဆောင်သွားပြီး တည်းခိုခ ပေးစရာမလိုပဲ
အခမဲ့ တည်းခိုခွင့် ပြုကြပါတယ်။ ညနေခင်းမှာ ရန်ကုန်ကို ဖုန်း
ဆက် မေးကြည့်တော့ ၀ါဆိုဦးရဲ့ အော်ပရေရှင်း ပြီးသွားပြီလို့
သိရပါတယ်။ နှလုံးမှာ လာထောက်နေတဲ့ နံရိုးအကျိုး ဒုက္ခက
သက်သာသွားပေမဲ့ ဦးခေါင်းထိခိုက်မှုကို ဆက်လက်ကုသ
နေရကြောင်း သူ့မေမေက ပြောပြပါတယ်။

ထမင်းဆိုင်ပိုင်ရှင် အဘဦးထွန်းနဲ့ သူ့သား ကိုသိန်းဇော်တို့ပါ
သူတို့အားလုံးနဲ့ အတူ ဒုတိယ သင်္ချိုင်းကုန်းဖက်ဆီ လိုက်ပါ
ခဲ့ကြပါတယ်။ မြို့ကနေ ရွာတွေဖက်ကိုဆင်းတဲ့ လမ်းပေါ်မှာ တွေ့
ရပါတယ်။ လူနေအိမ်ခြေတွေနဲ့လည်း တော်တော်လေး လှမ်းပါ
တယ်။ သင်္ချိုင်းကုန်းကို အပြင်ကနေ လှမ်းကြည့်တော့ အထဲမှာ
ညောင်ပင်တွေ ကုက္ကိုပင်တွေ အပါအ၀င် သစ်ပင်ကြီးကြီးတွေ
အများအပြားပါ။ ဒီသင်္ချိုင်းမှာ သုဘရာဇာ အလုပ် လုပ်တဲ့သူတွေ
ရှိလာလို့ မေးကြည့်တော့ ကိုသိန်းဇော်က …
“ကျနော့်အထင် ကိုခင်မောင်တို့ သားအဖပဲ ရှိတယ်ဗျ၊ အသုဘ
ရှိလို့ မသာရေချိုးပေးတာတို့ ကြိုးတုပ်တာတို့ သူတို့ပဲ လုပ်တယ်၊
သူတို့က မင့်တို့ သွားမေးခဲ့တဲ့ မြို့အ၀င်က သင်္ချိုင်းကုန်း
နံဘေးမှာ နေကြတာ၊ အခေါင်းလည်း လုပ်တယ်၊ ဂူသွင်းတာ
တို့ ဘာတို့ လုပ်ချင်တဲ့ မသာရှင်တွေ ရှိရင်လည်း အုတ်ဂူ
လုပ်ပေးတယ်၊ သင်္ချိုင်းအကြောင်း အသိဆုံးဆိုရင် သူတို့ပဲ
ရှိတယ်၊ ဒီသင်္ချိုင်းမှာ လာချတဲ့ အသုဘကိစ္စတွေရှိလို့ မသာ
ကျင်းတူးတာတို့ ဘာတို့ ရှိရင်လည်း အရပ်ထဲက ကာလသား
တွေ ကျင်းတူးချင် တူး၊ တူးပေးမဲ့လူ မရှိရင် သူတို့ဆီ အပ်ရတာ …”

(အန်ကယ်) ဒါဆို သူတို့ဆီမှာ သွားပြန်မေးရမလို ဖြစ်နေပြီ၊
အန်ကယ်တို့ တွေ့ချင်တဲ့ အရူးကြီးက ဒီမြို့မှာရှိတဲ့ သင်္ချိုင်းကုန်း
မှာ နေတယ်လို့ပဲ သိထားတာ၊ သူက ညနေခင်းရောက်မှ သင်္ချိုင်း
မှာ လာအိပ်တယ်တဲ့၊ အန်ကယ်တို့က အဲဒီ ရူးနေတဲ့လူနဲ့ အမြန်
ဆုံး တွေ့ချင်တာပဲ သိပါတယ်ကွယ်၊ ကူညီနိုင်ရင် ကူညီပါအုံး …။

သူတို့အားလုံးကို ဒုတိယမြောက် သင်္ချိုင်းကုန်းရှေ့မှာ ထားခဲ့ပြီး
ကိုသိန်းဇော်၊ မော်ကြီးနဲ့ ကျော်ထွန်းတို့ဟာ သုဘရာဇာလုပ်ငန်း
လုပ်တဲ့ ကိုခင်မောင်တို့ ရှိရာဆီ သွားကြပါတယ်။ တစ်နာရီနီးပါး
အကြာမှ သူတို့ ပြန်ရောက်လာပါတယ်။ မော်ကြီးက တော်တော်
လေး သိလာသော ပုံစံဖြင့် …
“အန်ကယ်၊ ကျနော်တို့ သိခဲ့ပြီ၊ ဒီသင်္ချိုင်းမှာ ညဖက် လာအိပ်တဲ့
အရူးကြီးတစ်ယောက် ရှိတယ်တဲ့၊ ဘယ်ကလာလဲ ဆိုတာတော့
သူတို့လည်း သေသေချာချာ မသိဘူး၊ (၁)နှစ်မှာ သုံး … လေးလ
လောက် တွေ့ရတယ် ပြီးရင် ဘယ်ကို ထွက်သွားလဲ မသိဘူးတဲ့၊
လွန်ခဲ့တဲ့ ငါးရက်လောက် ဒီသင်္ချိုင်းမှာ အသုဘကိစ္စရှိလို့ သူတို့
လာတုန်းက ဇရပ်ပေါ်မှာ တွေ့ရတယ်လို့ ပြောပြတယ် အန်ကယ်၊
စိတ်မပူနဲ့တော့ ကျနော်တို့ ထပ်ရှာစရာ မလိုတော့ဘူး …”

(နှင်းနှင်း) ငါးနာရီ ထိုးတော့မယ်၊ ဘယ်သူမှလည်း မတွေ့ရဘူး၊
အထဲမှာ ၀င်ရှာကြည့်ပါလား၊ မိုးချုပ်တဲ့အထိ ဘယ်သူမှ ပေါ်မလာ
ရင် အချိန်ကုန်တာပဲ အဖက်တင်နေအုံးမယ် …။

သင်္ချိုင်းကုန်းထဲကို သူတို့အားလုံး ၀င်ခဲ့ကြပါတယ်။ ဇရပ်တစ်ခု
ကို တွေ့ရပါတယ်။ ပတ်ဝန်းကျင်က ပုံစံမျိုးစုံ အုတ်ဂူတွေကြောင့်
သူတို့အားလုံးရဲ့ လှုပ်ရှားမှုဟာ သွက်သွက်လက်လက် သိပ်မရှိပါ။
ဇရပ်ထဲမှာ ဘယ်သူကိုမှ မတွေ့ရ။ ဇရပ်နံဘေးရှိ ညောင်မုတ်ဆိတ်
ပင်ရဲ့ တွဲလောင်းကျနေတာကို ကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက်
မျက်ခုံးတွေ ပင့်ပြ ကြပါတယ်။ နာရီဝက်လောက် ဟိုကြည့်လိုက်
ဒီကြည့်လိုက်ဖြင့် စောင့်နေခဲ့ကြပါတယ်။ လူ အရိပ်အခြေ လှုပ်ရှား
မှု မတွေ့ရပါ။ ဒီလိုနဲ့ သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြင့်
သင်္ချိုင်းကုန်းထဲကနေ ထွက်ခဲ့ကြပါတယ်။ အပေါက်ဝ’ကို ရောက်ဖို့
အနည်းငယ်အလိုမှာ သင်္ချိုင်းရှေ့ဖက်ကနေ သီချင်းဆိုပြီး လူ
တစ်ယောက် ၀င်လာပါတယ်။ သူတို့အားလုံးရဲ့ ခြေလှမ်းတွေ
ရုတ်တရက် ရပ်တန့်သွားပြီး ၀င်လာသူထံ လှမ်းကြည့်နေကြပါ
တယ်။ ဦးခေါင်းမှာ အိမ်တွင်းနတ်စင်တွင် ယက်ခတ်သော ယက်
တောင်ပုံစံတစ်ခုကို ကြိုးဖြင့် ပတ်ချည်ထားသော အရူးကြီး
တစ်ယောက်ပါ။

အရူးကြီးကို မြင်လိုက်ရတဲ့ ၀ါဆိုဦးရဲ့ဖေဖေဖြစ်သူ အန်ကယ်
မျက်နှာဟာ အောင်ဘာလေ ထီဖွင့်ပွဲမှာ ပထမဆုကို ပေါက်
သွားသလို တော်တော်လေး ၀မ်းသာသွားတဲ့ ပုံစံပါ။ အရူးကြီးဟာ
သူတို့ကို တွေ့တွေ့ချင်း ရုတ်တရက် ရပ်လိုက်ပြီး …
“အရူးတွေ အရူးတွေ၊ ငါ့အိမ်ကို ငါ့ ခွင့်ပြုချက်မရဘဲ ဇွတ်အတင်း
လာလည်တဲ့ သူတွေ၊ ထွက်သွား … ထွက်သွားကြ … အခုချက်ချင်း
ထွက်သွားကြ၊ မင်းတို့ ထွက်မသွားရင် ငါ့သူငယ်ချင်း သရဲ သဘက်
တွေ ခေါ်လိုက်ရမလား … ဟားဟားဟား …”

အန်ကယ်ဟာ အရူးကြီးရဲ့ ရှေ့တည့်တည့်ကို သွားပြီး ခခယယ
လေသံဖြင့် …
“အကိုကြီးရယ်၊ ကျနော်တို့ကို ပဲခူးက အကိုကြီးမိတ်ဆွေ ဆရာ…
က လမ်းညွန်လိုက်တာပါ၊ အခု ကျနော့်သမီးလေး အင်မတန် ဒုက္ခ
ရောက်နေပါတယ်ဗျာ၊ ကယ်ပါအုံးဗျာ …”

(အရူးကြီး) ဘာတွေ လာပြောနေတာလဲ၊ ငါ ဗိုက်ဆာနေတယ်၊
မင့်ဆီမှာ စားစရာပါလား … အလကားလူ … လူမိုက် လူမိုက် …။

(အန်ကယ်) အကိုကြီး စားချင်တာရှိရင် ပြောပါ၊ ကျနော် ကျွေးပါ့
မယ်၊ ကျနော့်သမီးလေးကို ကယ်ပါအုံးဗျာ …။

(အရူးကြီး) ငါ စားချင်တာကို ကျွေးမယ်တဲ့၊ ဟုတ်လည်း မဟုတ်
ပဲနဲ့၊ ငါက ပန်းတစ်ပွင့်ကို စားချင်တာ … ပန်းတစ်ပွင့်ကို စားချင်
တယ်၊ ဗိုက်ဆာတယ် … မြန်မြန်ကျွေး …။

ရုတ်တရက် အောင်ခိုင်က …
“အရူးကြီးရယ်၊ အရူးကြီးရဲ့ မိတ်ဆွေ ပဲခူးက ဆရာ…. လမ်းညွန်
လို့ ကျနော်တို့ ဒီနေရာကို ရောက်လာတာပါ၊ ကူညီပါဗျာ …”

(အရူးကြီး) ငါ့ကိုယ်များ မင့်းက အရူးတဲ့၊ တော်တော်ဟုတ်တဲ့
ကောင်၊ မင့်ကမှ တကယ့်အရူးအစစ်၊ အချစ်ရူး … တဖက်သက်
လိုက်ကြိုက်နေတဲ့ အရူး … ဟားဟားဟား …။

နောက်ကနေ ရပ်ကြည့်နေတဲ့ ကျော်ထွန်းက …
“အောင်ခိုင်၊ ပဲခူးကို သွားတုန်းက ဟိုဆရာ ၀ါဆိုဦးကို ပန်းလေး
တစ်ပွင့် ပေးလိုက်တယ်လေ မင်းမှတ်မိလား၊ အခု သူပြော
နေတာ အဲဒီ ပန်းပွင့်ကို ပြောတာလား မသိဘူး …”

အရူးကြီးဟာ သူတို့ကြားက ဖြတ်ပြီး ဇရပ်ပေါ်ကို တက်သွားပါ
တယ်။ ကျော်ထွန်းနံဘေးနား ဖြတ်အသွားမှာ ပခုံးကို ပုတ်ပြီး
“မင်းမဆိုးဘူး၊ ငါက အားလုံးကို အရူးလို့ ထင်နေတာ၊ မင်း
တော်တယ်၊ ဟားဟားဟား …”

(အောင်ခိုင်) အန်ကယ်၊ မနှစ်က ကျနော်တို့တတွေ ပဲခူးသွားတုန်း
ဆရာ… က ၀ါဆို့ကို နှင်းဆီပန်းတစ်ပွင့် ပေးလိုက်တယ်၊ အဲဒီပန်း
အခု အန်ကယ်တို့အိမ်မှာ ရှိသေးလား၊ အန်ကယ်ရော သိလား …။

(အန်ကယ်) ဟာ … သိပြီ၊ ဟိုတစ်နေ့ … သမီး ကားအက်စီဒင့်
မဖြစ်ခင်တစ်ရက်က ပြောနေတာ ကြားရတယ်၊ အဲဒီနေ့က သူ့
အ၀တ်အစားအဟောင်းတွေကို အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေး
ဝတ်ဖို့ ထုတ်ပေးရင် ပြောနေကြတာ၊ ပလပ်စတစ်အိတ်ထဲမှာ
ပန်းခြောက်တစ်ခုကို လေလုံအောင် ထည့်ပိတ်ထားတာ သွား
တွေ့တယ်၊ အဲဒါ ဘယ်သူပေးတဲ့ ပန်းခြောက်လဲလို့ မေးကြည့်
တော့ ဟိုအရင် ပဲခူးမှာ ဗေဒင်သွားတွက်ရင်းနဲ့ ဗေဒင်ဆရာက
ဆောင်ထားဖို့ ပေးလိုက်တဲ့ ပန်းခြောက်လို့ သူတို့တတွေ ပြော
တဲ့အသံကို အန်ကယ် ကြားလိုက်တယ် …။

(အောင်ခိုင်) ဟုတ်တယ် အန်ကယ်၊ ဒီအရူးကြီး ခုနက စားချင်
တယ်လို့ ပြောတဲ့ ပန်းတစ်ပွင့်ဆိုတာ အဲဒီပန်းကို ပြောတာနဲ့
တူတယ်၊ ပဲခူးက ဆရာ… ၀ါဆို့ကို ပေးရင်း မှာလိုက်တာ၊ အဲဒီပန်း
ကို ပြပြီး ဒီအရူးကြီးဆီမှာ အကူအညီတောင်းရမှာ အန်ကယ် …။

သူတို့အားလုံး ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေချိန်မှာ သူတို့နဲ့
အတူ ပါလာတဲ့ ထမင်းဆိုင်ပိုင်ရှင် အဘဦးထွန်းဟာ ဇရပ်ပေါ်
ကို ရှေ့ဆုံးကနေ ဦးဆောင်ပြီး တက်သွားပါတယ်။ သူတို့လည်း
အဘဦးထွန်းရဲ့ နောက်ကနေ လိုက်သွားကြပါတယ်။ ဇရပ်ပေါ်
ရောက်တော့ အဘဦးထွန်းက …
“သူတို့ ရန်ကုန်ကနေ ဒီအထိ အဝေးကြီး လာရတာပါဗျာ၊
ခင်ဗျား ကူညီနိုင်ရင် ကူညီလိုက်ပါ၊ အသက်တစ်ချောင်း ကယ်
ကောင်းပါတယ် …”

(အရူးကြီး) အရူးတွေကို ကယ်မိလို့ ရူးသွားတဲ့လူကိုရော ဘယ်သူ
ကယ်မလဲ၊ ပြောပြစမ်းပါ၊ သတိပေးထားတာကို မလိုက်နာပဲ ကိုယ်
လုပ်ချင်ရာကို ဇွတ်အတင်း လုပ်တဲ့ လူတွေလောက် ရူးတဲ့လူ
ရှိအုံးမလား … ဟားဟားဟား …။

(အန်ကယ်) ခုနက ပြောတဲ့ ပန်းပွင့်ကို ကျနော်တို့ ပြန်ယူချင်
ပါတယ်၊ ခရီးက ဝေးတာရော၊ ကျနော့်သမီးလေးက အခုဆေးရုံး
ပေါ် ရောက်နေလို့ပါ၊ ကူညီနိုင်ရင် ကူညီပါအုံးဗျာ၊ တောင်းပန်
ပါတယ် …။

(အရူးကြီး) ငါ ပြောမယ် သေသေချာချာနားထောင်၊ ဒီည (၁၂)
နာရီ တိတိ ဒီသင်္ချိုင်းကုန်းကို ပြန်လာခဲ့၊ ငါလိုချင်တဲ့ ပစ္စည်းတွေ
ရအောင်ရှာပြီး ယူလာခဲ့၊ ကလေး ကစားစရာ အရုပ်မ တစ်ရုပ်နဲ့
အသုဘမှာ အသုံးပြုပြီးသာ ကျောက်ဖရုံသီးတစ်လုံး ယူလာခဲ့၊
အရုပ်က အထီးမဟုတ်ဘူးနော် အမ၊ ည(၁၂)နာရီ ထိုးမှ သင်္ချိုင်းထဲ
ကို ၀င်ခဲ့နော်၊ ကြိုပြီး ၀င်မလာနဲ့၊ အရုပ်အပေါ်မှာ ရေးဖို့ ခဲတံဖြစ်
ဖြစ် ဘော့ပန်ဖြစ်ဖြစ် တစ်ချောင်းလောက်ပါ ယူခဲ့၊ ပြဿနာ တွေ့
ကြုံ နေရသူရဲ့ မွေးနေ့ သက္ကရာဇ်နဲ့ ဓါတ်ပုံပါ ပါအောင်ယူခဲ့ကြ၊
ကဲ … အချိန်မရှိဘူး၊ မင်းတို့ ပြန်ပြီး ငါလိုချင်တာတွေ ရအောင်
လိုက်ရှာတော့၊ တွေ့အောင် လိုက်ရှာနော်၊ မရရင်တော့ မင်းတို့
ထိုက်နဲ့ မင်းတို့ကံပဲ …။

သူတို့အားလုံး တည်းခိုရာ အိမ်သို့ အမြန်ဆုံးပြန်ခဲ့ကြပါတယ်။
အဲဒီနောက် မြို့အ၀င်အ၀ သင်္ချိုင်းနံဘေးမှာ နေထိုင်သော
ကိုခင်မောင်ထံ သွားကြပါတယ်။ ကိုခင်မောင်ဆီမှ ဒီမြို့ရှိ
အသုဘနာရေး ဖြစ်နေသော သတင်းကို စုံစမ်းရပါတယ်။
ရပ်ကွက်တစ်ခုထဲတွင် လောလောလတ်လတ် ကွယ်လွန်သွား
သော အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦး၏ နာရေးအိမ်သို့
သွားရောက်ပြီး ကျန်ရစ်သူမိသားစုထံမှ အလောင်းအောက်ခြေ
တွင် အနံ့စုတ်ရန် အသုံးပြုထားသော ကျောက်ဖရုံသီးတစ်လုံး
ကို တောင်းယူခဲ့ပါတယ်။

ည (၁၁) နာရီခွဲ ပတ်ဝန်းကျင်လောက်မှာ ရန်ကုန်မှ ယူဆောင်လာ
သော ၀ါဆိုတို့အိမ်က ကားဖြင့် သင်္ချိုင်းရှိရာသို့ သွားခဲ့ကြပါတယ်။
ညဖက် သင်္ချိုင်းသို့ သွားရောက်ရာတွင် ရန်ကုန်မှ လာခဲ့သော
သူတို့အားလုံး လိုက်ပါခဲ့ကြပါတယ်။ ယုယု၊ နှင်းနှင်း၊ ၀င်းမာနဲ့
အငယ်လေးတို့ကို တည်းခိုရာအိမ်တွင် နေရစ်ခဲ့ရန် အန်ကယ်က
အမျိုးမျိုး ပြောသော်လည်း သူတို့က အင်မတန် စပ်စုချင်နေသော
ကြောင့် ခေါ်ဆောင်ခဲ့ရပါတယ်။ ရန်ကုန်က လာသော သူတို့အုပ်စု
ထဲမှာ ယောက်ျား သူငယ်ချင်း ငါးယောက်၊ အန်ကယ်နဲ့ ကား
မောင်းသူ ဦးလေးကြီး အပါအ၀င် ယောက်ျားလေးက စုစုပေါင်း
(၇)ယောက်ပါ။ တည်းခိုရာနေအိမ်ရှိ အဘဦးထွန်း၊ ကိုသိန်းဇော်
တို့ သားအဖနဲ့ သူတို့ ထမင်းဆိုင်က အလုပ်သမားများ၊ သူတို့
အသိ ရပ်ကွက်ရုံးမှ လူကြီးနှစ်ဦးခန့်ပါ လိုက်ပါခဲ့ကြပါတယ်။ လူ
(၂၀) ကျော် ပါဝင်တဲ့ သူတို့အုပ်စုဟာ ည(၁၁) နာရီ ခွဲလောက်
မှာ စတင် ထွက်ခွာ ခဲ့ကြပါတယ်။

သင်္ချိုင်းရှေ့တွင် ကားရပ်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ
လရောင်က လွှဲရင် ဘာအလင်းရောင်မှ မရှိပါ။ ကိုသိန်းဇော်နဲ့ သူ့
အလုပ်သမားတွေ လက်ထဲမှာ အရေးအကြောင်း ရှိလာရင် အသုံး
ပြုဖို့ တုတ်တစ်ချောင်းစီနဲ့ လက်နှိပ်ဓါတ်မီးတွေ ယူဆောင်လာပါ
တယ်။ သင်္ချိုင်းထဲက ထွက်ပေါ်လာတဲ့ ခွေးအူသံများဟာ သူတို့
ယခင်က ကြားဖူးနေကြ ခွေးအူသံများနဲ့ လုံးဝ ခြားနားပါတယ်။
အသံရှည်ကို ဆွဲဆွဲငင်ငင် အူတဲ့အသံမျိုးပါ။ အန်ကယ့်လက်ထဲမှာ
Emergency Light တစ်ခုကို ကိုင်ဆောင်ထားပါတယ်။ ကိုသိန်းဇော်
က ရန်ကုန်မှ လာတဲ့ သူတို့အားလုံးကို အရေးအကြောင်းရှိရင်
အသုံးပြုဖို့ မတိုမရှည် ၀ါလုံးတစ်ချောင်းစီ လိုက်ပေးပါတယ်။
ည (၁၂)နာရီ ထိုးတဲ့အချိန်မှာ အဘဦးထွန်းနဲ့ အန်ကယ်တို့
ဦးဆောင်ပြီး သူတို့အားလုံး သင်္ချိုင်းထဲကို စတင် ၀င်ရောက်
ခဲ့ပါတယ်။

လရောင်အောက်မှာ သင်္ချိုင်းကုန်းတစ်ခုကို ညဖက် မြင်တွေ့
လိုက်ရတဲ့ မြင်ကွင်းဟာ တော်တော် ထိတ်လန့်စရာ ကောင်းတဲ့
မြင်ကွင်းမျိုးပါ။ လေတိုက်တဲ့အခါ လှုပ်ရှားသွားတဲ့ သစ်ပင်တွေ
ကို မရဲတရဲနဲ့ လှမ်းကြည့်ကြပါတယ်။ လက်နှိပ်ဓါတ်မီးရောင်တွေ
ကြောင့် တချက်တချက် လှမ်းမြင်ရတဲ့ အုတ်ဂူဖြူဖြူတွေ ကြားက
နေ တစုံတယောက်များ ထွက်လာမလားလို့ စိတ်ထဲ တထင့်ထင့်
နဲ့ပါ။ ဇရပ်ပေါ်က ခပ်မှိန်မှိန် မီးရောင်နဲ့အတူ အသံတသံ ထွက်
ပေါ် လာပါတယ် …
“ငါ့ထက်ရူးတဲ့လူတွေ ငါ့ဆီ လာနေကြပြီ၊ ပုထုဇန္နော ဥမ္မာတကော
ဆိုတာ တယ်မှန်ပါလား၊ လူတွေအားလုံး အရူးတွေ၊ ဘယ်သူက
ဘယ်သူထက် ပိုရူးကြလဲ …. ဟားဟားဟား ….”


(ဆက်ရန်။)

Read more »

Tuesday, 20 April 2010

ပျားရည်မြစ်ထဲမှာ (ဗွီဒီယိုဇာတ်လမ်း ဝေဖန်ရေး)

ရေးသူ- စစ်ငြိမ်းဒီရေ

အင်တာနက်ပေါ်ရှိ ရုပ်ရှင်အခမဲ့ ကြည့်ရူနိုင်သော ၀က်ဆိုဒ်များ
၏ ကောင်းမှုကြောင့် မြန်မာပြည်က ရုပ်ရှင် ဗွီဒီယိုဇာတ်လမ်း
များကို ကြည့်ရူခွင့်ရတာ တကယ့်ကို ကျေးဇူးတင်စရာပါ။

စာရေးဆရာမ ပုညခင် ရဲ့ ၀တ္ထုကို သမီးမြတ်ကျော် ဇာတ်ညွှန်း
ရေးပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့
ပျားရည်မြစ်ထဲမှာ” ဗွီဒီယို ဇာတ်လမ်းကို ကြည့်ရူ ရပါတယ်။
(၂-၄-၂၀၁၀) နေ့က စတင် ထုတ်လုပ် ဖြန့်ချီတယ်လို့ သိရပါ
တယ်။ ကျော်ရဲအောင်၊ တင့်တင့်ထွန်းနဲ့ အေးမြတ်သူတို့ ပါဝင်
သရုပ်ဆောင်ထားပါတယ်။



ဒီဇာတ်လမ်းဟာ မြန်မာ့ ယဉ်ကျေးမှုအဆောက်အဦးရဲ့ ယနေ့ခေတ်
မြင်ကွင်းတွေအပေါ် စာရေးဆရာတွေနဲ့ ဒါရိုက်တာတွေက ဘယ်လို
လက်ခံပြီး ဘယ်လို ရိုက်ကူးလိုက်သလဲ မပြောတတ်ပါ။ မယားငယ်
ဖြစ်လိုသူ (သို့မဟုတ်) အိမ်ထောင်ရေး ဖောက်ပြန်လိုသူတွေ အပေါ်
သနားညှာတာသွားအောင် တင်ပြထားတဲ့ အနုပညာဖန်တီးမှု
တစ်ခုလို့ပဲ ခေါင်းစဉ် တပ်ရမလား …

စိတ်ခံစားမှုကို ဗန်းပြပြီး စည်းမဲ့ကမ်းမဲ့ ဗရမ်းဗတာ ထင်ရာဆိုင်းမှု
ကို မြှောက်ပင့်ပေးတာလား ….

လစ်ရင် လစ်သလို ခိုးစားတတ်ဖို့၊ အိမ်ထောင်ရှိကြောင်း ကွယ်ဝှက်
ပြီး တွေ့သမျှကို ပေါက်ကရလုပ်တတ်ဖို့ သင်ကြားပေးတာလား …

မေးခွန်းထုတ်မယ်ဆိုရင် ပြီးမယ်လို့တောင် မထင်ပါဘူး။ ဆူလွယ်
နယ်လွယ် မြန်မာ့ ဗွီဒီယို ရုပ်ရှင်လောကရဲ့ ပရိတ်သတ်အပေါ်
အထင်သေး၊ သောက်ဂရုမစိုက်ဘူးဆိုတဲ့ အချိုးမျိုးနဲ့ ရိုက်ကူးထား
တဲ့ ဗွီဒီယို ဇာတ်လမ်းတစ်ခုပါ။

လူ (၁၅) ယောက် + ကား (၃)စီး + ဆိုက်ကယ် (၁)စီး + အိမ်(၃)
အိမ်+ ဆောက်လုပ်ရေး လုပ်ငန်းခွင် (၁) ခု + ဈေးဆိုင် (၁)ဆိုင် +
စားသောက်ဆိုင် (၂) ဆိုင် =
ပျားရည်မြစ်ထဲမှာ

ကြည့်မိတဲ့ ကျနော်တို့ပဲ မှားသလားဆိုတာ မပြောတတ်တော့ပါ …


Read more »

Sunday, 18 April 2010

နှောင်ကြိုးမိသူ (အပိုင်း- ၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင်အပိုင်း(၂)မှ အဆက် ….

(၆)

ပထမနှစ် စာမေးပွဲဖြေဖို့ သိပ်မဝေးတော့ပါ။ ဗေဒင်ဆရာဆီမှ ပြန်
လာပြီးကတည်းက အောင်ခိုင်နဲ့ သူတို့အားလုံး မတွေ့ဖြစ်ကြပါ။
အောင်ခိုင်တစ်ယောက် ဒုလ္လဘ ရဟန်းခံလိုက်တဲ့ သတင်းတော့
သူငယ်ချင်းအားလုံး ကြားလိုက်ပါတယ်။ နယ်မှာ ပြုလုပ်သောကြောင့်
ကျော်ထွန်းမှလွှဲ၍ ကျန်သူငယ်ချင်းများ ရဟန်းခံ အလှူပွဲသို့ မရောက်
ခဲ့ကြပါ။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ၀ါဆိုဦးတစ်ယောက်လည်း သူ့
မိသားစုနဲ့အတူ မန္တလေးဖက်က အလှူတစ်ခုကို လိုက်ပါသွားလို့
အောင်ခိုင်ရော ၀ါဆိုဦးပါ သုံးပတ်နီးပါး ပျောက်နေခဲ့ကြပါတယ်။



ဝါဆိုဦး ကျောင်းပြန်တက်တဲ့နေ့ စကားတွေ ပြောဖြစ်ကြတော့ …

(နှင်းနှင်း) အောင်ခိုင်တော့ ဘုန်းကြီးလူထွက်လို့ ကတုံးကြီး
ဖြစ်နေပြီ၊ နင့်တို့နှစ်ယောက်စလုံး ပျောက်နေလို့ ငါတို့တောင်
သို့လော သို့လော ဖြစ်နေကြတယ် ၀ါဆို …။

(ယုယု) အိပ်မက်တွေရော မက်သေးလား ၀ါဆို၊ ဘာထူးသေးလဲ …။

(၀ါဆိုဦး) ပဲခူးကနေ ပြန်ရောက်တော့ ဖေဖေနဲ့မေမေ့ကို ဖြစ်သမျှ
တွေ ပြောပြလိုက်တယ်၊ အိမ်ကလူတွေ ကိုအောင်ခိုင်နဲ့ တွေ့ချင်တယ်
ဆိုလို့ သူ့ဆီ ဖုန်းဆက်ပြီး အိမ်အလည် ခေါ်လိုက်တယ်၊ ဖေဖေက
ပြောတယ် ကိုအောင်ခိုင်က မဆိုးပါဘူးတဲ့၊ သူငယ်ချင်း စိတ်ဓါတ်တော့
တော်တော် ရှိတယ်တဲ့၊ ပဲခူး … ဗေဒင်ဆရာ ပြောလိုက်တဲ့ အကြောင်း
တွေ ပြန်ပြောပြတော့ ဖေဖေက လုံးဝ လက်မခံဘူး၊ ထူးဆန်းတာက
ပဲခူးကနေ ပြန်လာတဲ့နေ့ကစပြီး ဟိုအိပ်မက် မမက်တာ ဒီနေ့အထိပဲ၊
အဲဒီထက်ပိုပြီး ထူးဆန်းတာက ၀ါဆိုတို့မိသားစု မန်းတလေးက
အလှူကို သွားတော့ ဖေဖေ့ ငယ်သူချင်း မိသားစုတွေနဲ့ တွေ့တယ်၊
အဲဒီမှာ ….။

(၀င်းမာ) အဲဒီမှာ ဘာဖြစ်ခဲ့လဲ ၀ါဆို …။

(၀ါဆိုဦး) သူနဲ့ ဆုံခဲ့တယ်၊ သူ့ဖေဖေနဲ့ ၀ါဆို့ဖေဖေက ငယ်သူချင်း
တွေ၊ အခု သူတို့မိသားစုနဲ့ ၀ါဆိုတို့ မိသားစုလည်း အရမ်းကို ရင်းနှီး
နေကြပြီ၊ သူနဲ့ ၀ါဆိုလည်း …။

(ယုယု) သူဆိုတာ ဘယ်သူလဲ၊ အဲဒီသူက ၀ါဆိုဆီမှာ ၀ဲနေလို့လား …။

(၀ါဆိုဦး) သူဆိုတာ ဘယ်သူလဲလို့ ယုတို့သိရင် အရမ်းအံသြသွားမှာ၊
သူ့မိဘတွေနဲ့ ၀ါဆို့မိဘတွေက ၀ါဆိုတို့နှစ်ယောက်ကို ရင်းရင်းနှီးနှီး
ခင်ခင်မင်မင်နေဖို့ တိုက်တွန်းကြတယ် ….။

(နှင်းနှင်း) အောင်ခိုင်တစ်ယောက်တော့ ကျန်ရစ်ဖြစ်တော့မယ်နဲ့
တူတယ်၊ ၀ါဆိုပြောနေတဲ့ သူဆိုတာ ဘယ်သူလဲဟင်း …။

(၀ါဆိုဦး) သူဆိုတာ ၀ါဆိုတို့ ပဲခူးသွားတုန်းက ကားတွန်းပေးခဲ့တဲ့
ကိုမင်းလွင်လေ၊ မန်းတလေး အလှူမှာ ရုတ်တရက် တွေ့လိုက်ရ
တော့ ၀ါဆို အရမ်းလန့်သွားတယ်၊ အိမ်က လူတွေတောင် နောက်
နေကြတယ်၊ အတိတ်ဘ၀က ရေစက်တဲ့၊ ပထမတော့ ၀ါဆိုလည်း
သူ့ကို အရမ်းကြောက်နေတာ မိတ်ဆက်ပေးတော့ စကားတောင်
ပြန်မပြောရဲဘူး၊ ဖေဖေက သမီးရယ် ဥပါဒ်ဒဏ်ကြောင့် ဥပါဒ် ဖြစ်
နေလိမ့်မယ် သိပ်မစွဲလန်းနဲ့လို့ ပြောတယ်၊ အလှူပြီးလို့ သူတို့
မိသားစုနဲ့ ၀ါဆိုတို့မိသားစု အတူတူ လျှောက်လည်တာရယ်၊
အလှူလုပ်တဲ့အိမ်မှာ နှစ်မိသားစုလုံး အတူတူ တည်းခိုခဲ့တာ
ကြောင့်လည်း ဖြစ်မှာပါ၊ မေမြို့နဲ့ အမရပူရ ဖက်ကို လျှောက်
လည်တော့မှ သူနဲ့စပြီး စကားပြောဖြစ်တာ၊ သူက အရမ်းခင်ဖို့
ကောင်းတယ်၊ သဘောလည်း ကောင်းတယ်၊ စိတ်ထားလည်း
အရမ်းဖြူစင်တာ၊ ဆရာဝန်လောင်းမို့ ဘ၀င်လည်း မမြင့်
တတ်ပါဘူး …။

(ယုယု) ၀ါဆို ပြောလိုသာ ကြားနေရတယ်၊ ဒီလောက် ရက်တိုတို
အတွင်း ၀ါဆိုတို့ ရင်းနှီးတာ အရမ်းမြန်လိုက်တာ၊ ရုပ်ရှင်
ကြနေတာပဲ …။

(၀င်းမာ) ၀ါဆို သတိထားနော်၊ ပဲခူးက ဗေဒင်ဆရာကြီးက
ဝါဆို့ကို သေသေချာချာ ပြောထားတာ၊ ၀ါဆိုမို့လို့ ကြံကြံဖန်ဖန်
ဆုံတတ်တယ်၊ ၀င်းမာသာ ၀ါဆိုနေရာမှာဆိုရင် တွေ့တာနဲ့ သတိ
တောင် လစ်သွားမလား မသိဘူး၊ ဒါနဲ့ သင်္ချိုင်းကုန်းမှာနေတဲ့
အရူးကြီးဆီ ဘယ်တော့ သွားဖြစ်မလဲ ၀ါဆို …။

(၀ါဆိုဦး) မသွားတော့ဘူးလို့ ၀ါဆို စိတ်ကူးထားတယ်၊ မေမေက
ပြောတယ် တခြားဆရာတစ်ယောက်ဆီမှာ မေးမြန်းပြီး ယတြာတို့
ဘာတို့ ချေလိုက်ရင် ပြီးသွားမှာပါတဲ့၊ ဖေဖေက ခေတ်ဟောင်း
အယူဝါဒတွေ သိပ်လက်မခံဖို့ ပြောတယ် …။

(နှင်းနှင်း) ၀ါဆို မန်းတလေးက ပြန်လာမှ ပုံစံတွေ အရမ်းပြောင်းလဲ
သွားတယ်နော်၊ အရင်နဲ့ လုံးဝ မတူတော့ဘူး၊ တစ်ခုခု ဖြစ်လာမှာကို
တွေးပြီး မကြောက်တော့သလိုပဲ …။

(၀ါဆိုဦး) ဟုတ်တယ်၊ ၀ါဆိုလည်း ကိုယ့်ကိုယ်ကို သတိထားမိတယ်၊
အိပ်မက်ဆိုးတွေလည်း မမက်တော့ဘူး၊ စိတ်ထဲမှာ အရမ်းကို ပေါ့ပါး
နေသလို ခံစားနေရတယ်၊ ကြောက်စိတ်တွေ ဘယ်လိုပျောက်သွား
သလဲဆိုတာ စဉ်းစားလို့ကို မရဘူး၊ အိမ်ကလူတွေတောင် ၀ါဆို့ကို
ကြည့်ပြီး အံသြနေကြတယ် …။

(ယုယု) အောင်ခိုင်လည်း ၀ါဆို့အပေါ် တော်တော်ကြွေနေတာ …။

(၀ါဆိုဦး) ကိုအောင်ခိုင်ကို သူငယ်ချင်းတစ်ယောက်လို ၀ါဆို ခင်ပါတယ်၊
ဒါပေမဲ့ သူနဲ့ပက်သက်ပြီး စိတ်တော့ မလှုပ်ရှားဘူး …။

(သူငယ်ချင်းများ) ရင်မခုန်ဘူး ဆိုပါတော့၊ ဟားဟားဟား … (ရယ်သံများ)

သူတို့ရှိရာဆီ ကျော်ထွန်းနဲ့ မော်ကြီးတို့ ရောက်လာကြပါတယ်။
ဝင်းမာက …
“ဟဲ့ ဖိုးကျော်၊ ပွဲစားကတုံး (အောင်ခိုင်)နဲ့ တွေ့သေးလား …”

(ကျော်ထွန်း) အီကို(Eco: )ဖက်က ဟာမိုနီ အ၀င်အ၀မှာ သူ့အသိ
တစ်ယောက်နဲ့အတူ ကဗျာစာအုပ်တွေ လိုက်ရောင်းနေတယ်ဟ …။

(၀င်းမာ) သူ့ ပွဲစားအလုပ်က အဆင်မပြေလို့ ကဗျာဆရာတွေနဲ့
ပေါင်းပြီး ကဗျာလိုင်းထဲ ၀င်မလို့လား …။

(ကျော်ထွန်း) မဟုတ်ပါဘူး၊ ဒီလိုပဲ လိုက်ကူညီပြီး ရောင်းပေးနေတာ
ဖြစ်မှာပေါ့ …။

သိပ်မကြာခင် ကဗျာစာအုပ်တချို့ကို ကိုင်ဆောင်ထားတဲ့ အောင်ခိုင်
တစ်ယောက် သူတို့ဆီ ရောက်လာပါတယ် …။

(နှင်းနှင်း) ဘယ်လိုလဲ ပွဲစားကြီး၊ ရည်စားတောင် မထားဘူးပဲနဲ့၊
ကဗျာဆရာ လုပ်တော့မလို့လား …။

(အောင်ခိုင်) အချစ်ဆိုတာ လူတိုင်းမှာ ရှိပါတယ်ဟာ၊ မဖော်ပြ
တတ်တဲ့ သူနဲ့ ဖော်ပြခွင့် မရတဲ့သူတွေတော့ ရှိတာပေါ့ …။

(ယုယု) ကတုံးက အလာကြီးပါလား၊ ကဗျာစာအုပ် ကူရောင်းပေးရင်
နဲ့ အထဲက စာသားတွေ အလွတ်ကျက်ထားတယ်ပေါ့၊ ငါတို့ကို
ကဗျာတစ်ပုဒ်ဖြစ်ဖြစ်၊ တစ်ပိုဒ်လောက်ဖြစ်ဖြစ် ရွတ်ပြပါအုံး ….။

(အောင်ခိုင်) အခုလိုက်ရောင်းနေတဲ့ ကဗျာစာအုပ်ထဲက ကဗျာ
တွေ ငါကိုယ်တိုင်တောင် သေသေချာချာ မဖတ်ရသေးဘူး၊
ငါ အလွတ်ရတဲ့ ကဗျာတစ်ပိုဒ်တော့ ရှိတယ်၊ ရေးတဲ့သူက သာမန်
လူတွေထဲက မဟုတ်ဘူး၊ မဃဒေ၀ ဆရာတော်၊ စာသားက …

“မျောက်ကို ချစ်ညား
ခြူဆွဲမှားသို့
နားမချမ်းသာ
ရှိတတ်ရာ၏၊
ကြက်မှာကြက်ကြိုး
ဆင်ကြိုးဆင်သာ
ရှိသင့်စွာ၏ …”

(နှင်းနှင်း) အဲဒါ ဘာအဓိပ္ပါယ်လဲ …။

(အောင်ခိုင်) လူ့ဘ၀ဆိုတာ သူ့နေရာနဲ့ သူပေါ့၊ ဒူးနေရာ ဒူး၊
တော်နေရာ တော် ဆိုတဲ့ သဘောပေါ့ဟာ၊ မျောက်လေးတစ်ကောင်
ကို ချစ်လို့ ခြူဆွဲပေးရင် နားငြီးတာပဲ အဖက်တင်တယ်လေ၊ မျောက်
က ငြိမ်ငြိမ် မနေနိုင်ဘူး၊ ဒီလိုပဲ ကြက်ကို ချည်တဲ့ ကြိုးနဲ့ ဆင်မှာ
သွားချည်လို့ မရဘူးလေ …။

(နှင်းနှင်း) လူတစ်ယောက်က အသဲကွဲသွားရင် သူ့နူတ်ဖျားကနေ
ကဗျာတွေ ထွက်ကျတတ်တယ်ဆိုတာ တကယ်လား အောင်ခိုင် …။

(အောင်ခိုင်) မသိဘူးလို့ပဲ ပြောပါရစေ …။

(သူငယ်ချင်းများ) ဟားဟားဟား …. (ရယ်သံများ)


(၇)

ဒုတိယနှစ် ကျောင်းတွေ ပြန်ဖွင့်တော့ ကိုမင်းလွင်နဲ့ ၀ါဆိုဦးတို့
နှစ်ဦး သူတို့အုပ်စုရှိရာဆီ မကြာခဏ ရောက်လာလေ့ ရှိပါတယ်။
သူတို့နှစ်ဦး ချစ်သူတွေအဆင့်ထိ မရောက်သေးဘူးလို့ ၀ါဆိုဦးက
ဆိုပါတယ်။ သူငယ်ချင်းတွေ အမြင်မှာတော့ စစ်ဆရာဝန်ဖြစ်မယ့်
ကိုမင်းလွင်ဟာ ပွဲစားအလုပ်တဖက်ဖြင့် ကျောင်းတက်နေရသော
အောင်ခိုင်နဲ့ ယှဉ်လိုက်ရင် အစစအရာရာသာလို့ ၀ါဆိုဦးက
ရွေးချယ်တာ ဖြစ်နိုင်ကြောင်း ကွယ်ရာမှာ မှတ်ချက်တွေ ပေးကြ
ပါတယ်။

ဒီလိုနဲ့ တနေ့တော့ သူတို့အားလုံး သတင်းဆိုးတစ်ခုကို ကြား
ရပါတယ် …
“ကားလမ်းကို ဖြတ်အကူး၊ အဝေးပြေး ဟိုင်းလက်ကားက ၀င်တိုက်
တာ နှစ်ယောက်စလုံး လွှင့်ထွက်သွားတယ်၊ သူ့ရည်စား(ကိုမင်းလွင်)
က လွှင့်သွားပြီး ပြန်အကျ၊ တဖက်ကနေ မောင်းဝင်လာတဲ့ ကုန်ကား
ကြီးက နောက်တခါ တက်ကြိတ်သွားလို့ အခု ဆေးရုံးပေါ်မှာ နှစ်ယောက်
စလုံး အတွင်းလူနာ ဖြစ်နေတယ် ….”
“ကားလာနေတာကို နှစ်ယောက်စလုံး မမြင်ကြဘူးလား …”
“ဂွေ့မှာ ဖြစ်တာတဲ့ …”
“သူ့ရည်စား(ကိုမင်းလွင်) ဒဏ်ရာက မသေးဘူး၊ ခြေထောက်
ပေါ် ကုန်ကားကြီး တက်ကြိတ်သွားတာ ….”
“လောလောဆယ်အချိန်အထိ နှစ်ယောက်စလုံး သတိမရသေးဘူး
လို့ ကြားတယ် …”

သူတို့အားလုံး ဆေးရုံးကို အလျင်အမြန် ရောက်ခဲ့ကြပါတယ်။
ကိုမင်းလွင်ရော ၀ါဆိုဦးပါ အတွင်းလူနာပါ။ သူတို့ ရောက်ရောက်
ချင်း ၀ါဆိုဦး’ ဖေဖေ အန်ကယ်က …
“မောင်အောင်ခိုင်ရယ်၊ ဖြစ်နိုင်ရင် မောင်အောင်ခိုင်တို့ တခါက
သွားခဲ့ဖူးတဲ့ ပဲခူးက ဗေဒင်ဆရာ လမ်းညွန်တဲ့ နေရာဆီ အန်ကယ်
သွားချင်တယ်၊ အန်ကယ့်သမီးလေးရဲ့ အဖြစ်ကို ကြည့်ပြီး အန်ကယ်
တို့ တမိသားစုလုံး အရမ်း စိတ်ပူနေတယ်၊ အခုလည်း နံရိုးကျိုးပြီး
ကျိုးသွားတဲ့ နံရိုးက နှလုံးမှာ လာထောက်နေလို့ အော်ပရေရှင်း
လုပ်မယ်လို့ ဆရာဝန်က ပြောတယ်၊ အသက်အန္တရယ် စိုးရိမ်း
ရတယ်၊ ကူညီနိုင်ရင် ကူညီကြပါအုံးကွယ် …”

(အောင်ခိုင်) ကျနော်တို့ သွားခဲ့တဲ့ အဲဒီဆရာက သူ့မိတ်ဆွေ
ဆရာတစ်ယောက်ဆီ လမ်းညွန်ပေးတာ၊ သူပြောတဲ့ အချိန်တုန်းက
သွားခဲ့ရင်တော့ သူ့မိတ်ဆွေက အဲဒီ သင်္ချိုင်းကုန်းမှာ ရှိချင် ရှိမှာ
ပေါ့၊ အခုချိန် သွားကြည့်လို့ မရှိတော့ဘူးဆိုရင် ကျနော်တို့အားလုံး
အလုပ် ပိုရှုပ်ကုန်မယ်၊ ပဲခူးကို အရင်သွားကြည့်မလား အန်ကယ် …။


ဒီလိုနဲ့ အန်ကယ်အပါအ၀င် အောင်ခိုင်နဲ့ ယောက်ျားလေး
သူငယ်ချင်းတချို့ ပဲခူးမြို့ဆီ သွားခဲ့ကြပါတယ်။ အရင်တခါ
က ဟောခဲ့ဖူးတဲ့ အိမ်ဆီ ရောက်ခဲ့ကြပါတယ်။ သို့ပေမဲ့ သူတို့ကို
လမ်းညွန်ပေးခဲ့တဲ့ ဆရာဟာ အဲဒီနေရာကနေ တခြားတနေရာ
ကို ပြောင်းရွှေ့သွားပါပြီ။ ပြောင်းသွားတဲ့ လိပ်စာကို လိုက်စုံစမ်း
မေးမြန်းကြည့်တော့ ဘယ်သူမှ သေသေချာချာ မပြောပြနိုင်ပါ။


(ဆက်ရန်။)

Read more »

Friday, 16 April 2010

ကြားဖြတ်သတင်း

ယနေ့ မဟာသင်္ကြန်အတက်နေ့တွင် န.အ.ဖ စစ်အစိုးရ
အဖွဲ့ဝင်များ၏ သားသမီး မြေးမြစ်များ၊ ဆွေမျိုးများနှင့် စစ်အစိုးရ
သြဇာခံ စီးပွားရေးလုပ်ငန်းများရှင်များ၏ မိသားစုဝင်များအား
ရေကစားမှု မပြုလုပ်ရန် နေပြည်တော်မှ သတိပေးထားတယ်လို့
သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယမန်နေ့ (သင်္ကြန်အကြတ်နေ့)
က ရန်ကုန် ကန်တော်ကြီးစောင်း ဗုံးပေါက်ကွဲမှုနဲ့ ပက်သက်ပြီး
မဟာရန်ကုန် ဧရိယာအတွင်းရှိ မြို့နယ်များအတွင်း (၅၄) မသင်္ကာပုဒ်မ
ဖြင့် နယ်မြေရဲစခန်းများက လူဖမ်းပွဲ စ’တင်နေကြောင်း သိရပါတယ်။

မဟာရန်ကုန် ဧရိယာအတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာ
နယ်မြေရဲစခန်းများမှ “နယ်ထိန်း” ရဲတာဝန်ခံများအနေဖြင့် ရပ်ကွက်
အလိုက် တစ်ရပ်ကွက်လျှင် အနည်းဆုံး မသင်္ကာသူ (၄)ဦးစီ ဖမ်း
ပေးဖို့ နေပြည်တော် ကြပ်ပြေးရှိ ပြည်ထဲရေးဝန်ကြီးဌာနမှ အရေးပေါ်
အမိန့် ထုတ်ပြန်ထားကြောင်း ဆိုပါတယ်။ “နယ်ထိန်း” ရဲတာဝန်ခံများ
အနေဖြင့် လူဖမ်းရာတွင် လူဦးရေ အရေအတွက် မလုံလောက်ပါက
“ကျော်ကြား” စာရင်းဝင် နိုင်ငံရေးလှုပ်ရှားသူများကိုပါ အပြစ်မဲ့စွာ
ဖမ်းဆီး လာနိုင်ကြောင်း ရန်ကုန်ဒေသခံအချို့က စိုးရိမ်း ပူပန်လျက်
ရှိပါတယ်။

ယမန်နေ့ နေ့လည်ခင်းမှ စ၍ ရန်ကုန် ဘူတာကြီး၊ အဝေးပြေးကား
ဂိတ်များတွင် အပြစ်မဲ့ ပြည်သူများအား မသင်္ကာဟု အကြောင်းပြ
ချက်ဖြင့် စ’တင် ရှာဖွေ ဖမ်းဆီးနေကြောင်း ရန်ကုန် ဒေသခံများ
က ဆိုပါတယ်။
Read more »

Thursday, 15 April 2010

ရန်ကုန်သင်္ကြန် ပေါက်ကွဲမှုဖြစ်

ရန်ကုန်သင်္ကြန်၊ ကန်တော်ကြီးစောင်းရှိ X20 မဏ္ဍပ်
တွင် ဗုံးပေါက်ကွဲတယ်လို့ အင်တာနက် သတင်းအရ
သိရပါတယ်။ ပြည်ပရောက် ရန်ကုန်သားတွေ တယ်လီဖုန်း
ဘယ်လောက်တောင် ခေါ်နေလဲ မသိဘူး။ တယ်လီဖုန်းလိုင်း
တွေ ဂျမ်းဖြစ်နေဆဲပါ။

ညီလင်းဆက်လင့်ခ် (ဤနေရာမှာ)
ALertnet (ဤနေရာမှာ)

ဖတ်ရူကြပါ။

ပေါက်ကရတွေပြောတတ်တဲ့ န.အ.ဖ မီဒီယာရဲ့ သတင်း

Read more »

Tuesday, 13 April 2010

အကိုကြီး ကိုဝင်းမော်အတွက် ၀မ်းနည်း ၀မ်းသာ

ရေးသူ- စစ်ငြိမ်းဒီရေ

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ နှစ်စဉ် ကျင်းပ ပြုလုပ်နေကြ
မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ကူးပွဲတော် အထိန်းအမှတ်
၂၀၁၀ ခုနှစ် ဆုပေးပွဲမှာ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးလည်း
ဖြစ်၊ လက်ရှိ နိုင်ငံရေး အကျဉ်းသားတစ်ဦးအဖြစ်နဲ့လည်း အကျဉ်း
ကျနေဆဲ အကိုကြီး ကိုဝင်းမော်(ရွှေသံစဉ်)အား ဂီတပညာရှင်ဆု
ပေးအပ်ဖို့ ရွေးချယ်ထားကြောင်း သိရပါတယ်။



Burma VJ ဇာတ်ကားက အော်စကာဆု ရ မရတော့
မသိဘူးဗျာ၊ မှတ်တမ်းဗွီဒီယိုတွေကို ဘ၀နဲ့ လဲပြီး ရိုက်ကူးခဲ့
တဲ့ ကိုဝင်းမော်တော့ တောင်ငူထောင်မှာ ထောင်ဝင်စာတောင်
မှန်ရဲ့လား မသိဘူး

ဆိုတဲ့ စိုးရိမ်းသံတွေကြားကနေ အကိုကြီး ကိုဝင်းမော်ရဲ့ မိသားစု
နဲ့အတူ ထပ်တူထပ်မျှ ၀မ်းနည်း ၀မ်းသာ ဖြစ်မိပါတယ်။ ဆုတံဆိပ်
ကို ချီးမြှင့်ဖို့ ရွေးချယ်ခဲ့တဲ့ အင်္ဂလန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး
လှုပ်ရှားသူအပေါင်းရဲ့ စေတနာကို ချီးကျူးလေးစားမိပါတယ်။

အကိုကြီး ကိုဝင်းမော်နဲ့ ပက်သက်ပြီး လက်ရှိ နော်ဝေးလ်နိုင်ငံ
မှာ နေထိုင်နေဆဲ ကဗျာဆရာ အာကာသြရ (၁၉၆၅- …..)
ရေးသားတဲ့ “သူ” ဆိုတဲ့ ပို့စ်ကို ကျနော့် စာမျက်နှာမှာ
၂၀၀၈ ခုနှစ် ဒီဇင်ဘာလက ဖော်ပြထားပါတယ်။

မှတ်ချက်။ ။
ယခုအခါ ကိုဝင်းမော်တစ်ယောက် တောင်ငူထောင်မှ သံတွဲထောင်(ရခိုင်ပြည်နယ်)
သို့ ရောက်ရှိနေပါသည်။
Read more »

Monday, 12 April 2010

နှစ်သစ်ကူးချိန် အခါသမယ (ဒိန်းမတ်)

ရိုက်ကူးသူ- အောင်ခင်မြင့်

(ဒိန်းမတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိလာသော
တေးသံရှင် အန်တီ ဒေါ်မာမာအေး၏ သီဆိုဖျော်ဖြေမှု
နှင့်တွဲဖက်၍ အမကြီး မအေးမြင့်၏ မြန်မာ့ရိုးရာ အက။)



(မြန်မာ့ရိုးရာ နှစ်သစ်ကူး အထိန်းအမှတ်အဖြစ် သက်ကြီးပွဲဇော်
ကန်တော့ပွဲပြုလုပ်အပြီး အမျိုးသား စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်
များအား တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်သွားရန်
တေးသံရှင် ဒေါ်မာမာအေးမှ ဒိန်းမတ်နိုင်ငံရောက် မြန်မာအသိုင်းအ၀ိုင်း
အား မေတ္တာရပ်ခံစကား ပြောကြားနေစဉ်။)



(သက်ကြီး ပူဇော်ကန်တော့ပွဲအပြီး ချစ်သူ နယ်မြေ တေးသီချင်း
ဖြင့် အန်တီ ဒေါ်မာမာအေးမှ သီဆိုပါတယ်။ မယ်ဒလင် တီးခတ်
သူ ကိုအောင်မြင့်သိန်း အနေဖြင့် အနောက်တိုင်း သံစဉ်(၁၂) မျိုး
ရှိသည့်အနက် “ချစ်သူ နယ်မြေ” သီချင်း၏ “စီရှပ်” ကုတ်ကို
အတတ်နိုင်ဆုံး အဆင်ပြေအောင် တွဲဖက် တီးခတ်ဖျော်ဖြေမှု။)



(မြန်မာ့ရိုးရာ နှစ်သစ်ကူးချိန် အခါသမယ၌ ဒိန်းမတ်နိုင်ငံရှိ ဗုဒ္ဓရံသီ
မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းတော်တင်ရန် အတွက်
မုန့်လုံးရေပေါ် ၀ိုင်းလုံးပေးနေသော ဧည့်သည်တော် အန်တီ
ဒေါ်မာမာအေး။)



မှတ်ချက်။ ။
မှတ်တမ်း ဗွီဒီယိုများအား ကျနော့်အနေဖြင့် ရိုက်ကူးရာတွင်
လိုအပ်ချက်များ၊ တုန်ခါမှုများရှိခဲ့ပါလျှင် ခွင့်လွှတ်ကြပါ။
မုန့်လုံးရေပေါ် မှတ်တမ်းကို လက်ကိုင်ဖုန်းဖြင့် အဆင်ပြေ
သလို ရိုက်ကူးထားပါတယ်။ မည်သူမဆို ထပ်ဆင့်ကူးယူ
ဖော်ပြနိုင်ပါတယ်။ ခွင့်တောင်းဖို့ မလိုပါ။


Read more »

Saturday, 10 April 2010

ဒိန်းမတ်နိုင်ငံရောက် မြန်မာပြည်သားများ၏ သင်္ကြန်ပွဲတော် (၁၀/၄/၂၀၁၀)

ရိုက်ကူးသူ- အောင်ခင်မြင့်

(ဒိန်းမတ်နိုင်ငံရောက် မြန်မာပြည်သားများ၏ မြန်မာ့ရိုးရာ
အတာသင်္ကြန်ပွဲသို့ ဧည့်သည်တော်အဖြစ် ရောက်ရှိ
လာသော တေးသံရှင် ဒေါ်မာမာအေး၏ သီဆို ဖျော်ဖြေမှု။)



(ဒိန်းမတ်နိုင်ငံရောက် မျိုးဆက်သစ် မြန်မာများနှင့် ဒိန်းမတ်
မျိုးဆက်သစ်များ ပူးတွဲဖျော်ဖြေသော မြန်မာ့ရိုးရာ အက။)



(မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်အတွက်
မျိုးဆက်သစ်များ၏ အင်တာနေရှင်နယ် အက။)



(အားလုံး၏ စုပေါင်းအက)



(တကိုယ်တော် သီဆိုဖျော်ဖြေသူများ။)



မှတ်ချက်။ ။
မည်သူမဆို ထပ်ဆင့်ကူးယူ ဖော်ပြနိုင်ပါသည်၊ ခွင့်တောင်းခံဖို့
မလိုပါ။

“နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ”

Read more »

နှောင်ကြိုးမိသူ (အပိုင်း- ၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင်အပိုင်း(၁)မှ အဆက် ….

(နှင်းနှင်း) အိပ်မက်က တစ်ပတ်ကို တစ်ခါလောက် မက်နေတာ
ဆိုတော့ ဘယ်နေ့တွေ မက်သလဲ ၀ါဆို၊ အိမ်က လူကြီးတွေ
ရော ဘာပြောသေးလဲ …။

(၀ါဆိုဦး) အပတ်တိုင်းတော့ မဟုတ်ဘူးဟ၊ တချို့လတွေမှာ
တစ်ပတ်ကို တစ်ခါလောက် မက်တယ်၊ မွေးလ ပတ်ဝန်းကျင်
ရောက်ရင် တစ်ပတ်ကို နှစ်ခါလောက် မက်တယ်၊ အိပ်မက်
ပုံစံက ပြောင်းမသွားဘူး၊ အဖေက စိတ် အစွဲအလန်းလို့တော့
ပြောတယ်၊ ၀တ္တုစာအုပ်တို့ ရုပ်ရှင်ဇာတ်လမ်းတစ်ခုခု တို့ကို
မသိစိတ်ထဲမှာ စွဲလန်းရင် အဲလို ဖြစ်တတ်တယ်တဲ့၊ အမေက
ဆရာတော် တစ်ပါးဆီမှာ သွားလျှောက်ဖူးတယ်၊ ဆရာတော်ဆီ
က အဆောင်တစ်ခုရတယ်၊ အဲဒီအဆောင်လည်း ဘယ်လိုပျောက်
ဆုံးသွားမှန်းမသိဘူး၊ ပေးခဲ့တဲ့ ဆရာတော်လည်း မရှိတော့ဘူး၊
ပျံလွန်တော်မူသွားပြီ၊ အဲဒီအဆောင်ကို ဆောင်ထားတုန်းက
လေး … ငါးလလောက် အိပ်မက် မမက်ဘူး၊ အမေကတော့ စိတ်
ပူပြီး ဗေဒင်မေးလိုက် ယတြာချေလိုက် လုပ်နေတာပဲ၊ အိပ်မက်က
အခု ပြန်ပြန်မက်နေလို့၊ အရမ်းစိတ်ညစ်နေတာ ….။



(အောင်ခိုင်) ကျနော်က ဘယ်လို ကူညီရမှာလဲ …။

(ယုယု) နင့် အသိတွေထဲမှာ အဲလိုပရောဂတို့ ဘာတို့ကို
သေသေချာချာ ကုစားတတ်တဲ့ ဆရာမျိုးရှိရင် စုံစမ်းပေးဖို့ပါ၊
ကုပေးမယ့် ဆရာက အလိမ်အညာ မဖြစ်စေချင်ဘူး၊ တကယ့်ကို
စစ်စစ်မှန်မှန် ကုတတ်တဲ့ ဆရာမျိုးနဲ့ တွေ့ချင်တယ်ဟာ၊ အဲဒါ
နင် စုံစမ်းကြည့်ပေးပါလား …။

(၀ါဆိုဦး) ယု ပြောသလိုပါပဲ ကိုအောင်ခိုင်၊ ၀ါဆိုကို ကူညီပါအုံး၊
ပရောဂ ကုပေးနိုင်တဲ့ဆရာကို လိုက်ရှာရလို့ ကုန်ကျစရိတ်ရှိရင်
လည်း ပြောပါနော်၊ အားမနာပါနဲ့ ….။

(၃)

ကျောင်းတဖက် အလုပ်တဖက်ဖြင့် မောပန်းနေသော အောင်ခိုင်
တစ်ယောက် အိပ်ယာထဲသို့ စောစောဝင်ခဲ့ပါတယ်။ ပင်ပန်းပြီး
ကိုက်ခဲနေသောကြောင့် ချက်ချင်း အိပ်မပျော်သေးပါ။ အိပ်ယာ
ပေါ်မှာ ပက်လက် အနေအထားဖြင့် အိပ်ပျော်သလို နိုးသလို
ဖြစ်နေစဉ် အိပ်မက်တစ်ခုကို မက်ပါတယ်။ အိပ်မက်ထဲတွင်
သူ အိပ်နေသော အခန်းထဲသို့ ရုပ်ဆိုးဆိုး ဗလတောင့်တောင့်
လူကြီးတစ်ဦး ၀င်ရောက်လာပါတယ်။ ခေါင်းမှာ သျှောင်ထုံးနဲ့ပါ။
အဲဒီလူကြီးက သူ့အား …
“ကိုယ့်လမ်း ကိုယ်သွားပါ၊ ငါတို့နဲ့ မပက်သက်ပါနဲ့ လူလေး”
လို့ သူ့ကို ပြောပါတယ်။ သူက ခေါင်းခါပြသော အခါ အဲဒီလူကြီး
က စိတ်ဆိုး ဒေါသထွက်သွားပြီး “ဒီမှာကြည့်” လို့ ပြောပြီး
လက်တဖက်ကို အပေါ်သို့ မြှောက်ပြပါတယ်။ အဲဒီလူကြီး လက်ထဲ
တွင် ကိုင်ဆောင်ထားသော ပစ္စည်းကို မြင်လိုက်ရသည့် အောင်ခိုင်
တစ်ယောက် စူးစူးဝါးဝါး အော်ဟစ်လိုက်ပါတယ်။ အိပ်မက်က
လန့်နိုးလာသော အောင်ခိုင်တစ်ယောက် ဇောချွေးတွေနဲ့ပါ။

စာသင်ချိန် မစ’ခင် အစောကြီးရောက်နေတဲ့ အောင်ခိုင်ကို ကြည့်
ပြီး သူငယ်ချင်းအားလုံး အထူးအဆန်း ဖြစ်နေကြပါတယ်။ ၀ါဆိုဦး
အလာကို စောင့်ရင်း ညက အောင်ခိုင် မက်ခဲ့တဲ့ အိပ်မက်အကြောင်း
ကို ကြားလိုက်ရသောအခါ သူတို့အားလုံး မျက်လုံးပြူး သွားကြ
ပါတယ်။

(၀င်းမာ) အိပ်မက်ထဲက အဲဒီလူကြီး ကိုင်ထားတဲ့ဟာက
ဘာကြီးလဲ …။

(အောင်ခိုင်) ခြေထောက် အပြတ်ကြီး တစ်ခုဟ …။

(မော်ကြီး) အဲဒီခြေပြတ်ကြီးက ဘယ်သူခြေထောက်လဲ၊ ၀ါဆို’
ခြေထောက်လား …။

(အောင်ခိုင်) ၀ါဆိုတော့ မဖြစ်နိုင်ဘူး၊ ယောက်ျားတစ်ယောက်
ရဲ့ ခြေထောက်လို့ ထင်တာပဲ၊ ခြေသလုံးပေါ်မှာ ခြေသလုံးမွှေး
တွေ တွေ့လိုက်ရတယ် …။

(ယုယု) နင် နောက်ဆုတ်တော့မှာလား အောင်ခိုင်၊ ၀ါဆို သနား
ပါတယ်ဟာ …။

(အောင်ခိုင်) ငါ သူ့ကို ကူညီမှာပါ …။

(နှင်းနှင်း) အောင်ခိုင်၊ ၀ါဆိုက ချောတယ်နော်၊ ပွဲခ ဘယ်လောက်
တောင်းဖို့ စဉ်းစားထားလဲ၊ ၁၅၀၀ လား …။

(သူငယ်ချင်း) ဟားဟားဟား …. (ရယ်သံများ)။

(၄)

စာသင်ချိန် အကူအပြောင်းကြားမှာ ကန်တီးန်ဆီ သူတို့အားလုံး
ရောက်ခဲ့ကြပါတယ် ….။

(နှင်းနှင်း) ၀ါဆို၊ နင် ဘယ်သူကို လိုက်ရှာနေတာလဲ ….။

(၀ါဆိုဦး) ကိုအောင်ခိုင်တစ်ယောက် ဒီနေ့ ကျောင်းမလာသေး
ဘူးလား၊ သူ့ကို မတွေ့လို့ …။

(မော်ကြီး) ဒီတချိန် ပြန်တက်ရင် သူလာမယ် ထင်တာပဲ၊ သူက
အလုပ်တဖက်နဲ့ ဆိုတော့ ပထမအချိန် မမှီဘူးဟ၊ ကားတိုးစီး
ပြီး ကျောင်းလာရတာ မသက်သာဘူး ....။

(ကျော်ထွန်း) ၀ါဆို ဘာကိစ္စရှိလို့လဲ၊ ကိစ္စတစ်ခုခု ရှိရင် ပြောပါ၊
အားမနားနဲ့၊ အားလုံးက ဘော်ဒါတွေပဲဟာ …။

(၀ါဆိုဦး) ဟိုအိပ်မက်ကို ညက မက်လို့ ….။

ဝါဆိုဦးစကားကြောင့် သူတို့အားလုံး ခေတ္တငြိမ်သက်သွားပါတယ်။
အချင်းချင်း အားပေးစကားတွေ ပြောနေပေမဲ့ အသံတွေက ခပ်ပျော့
ပျော့ပါ။ ကန်တီးန်က စာပွဲထိုးကောင်လေးကို လှမ်းခေါ်ပြီး ပိုက်ဆံ
ရှင်းဖို့ လုပ်နေချိန်မှာ အောင်ခိုင်တစ်ယောက် သူတို့ စာပွဲဝိုင်းဆီ
ရောက်လာပါတယ်။

(ယုယု) အောင်ခိုင် ဘာထူးသေးလဲ၊ ဒီမှာ ၀ါဆိုက ပြောနေ
တယ်၊ ညက ဟိုအိပ်မက်ကို သူ ထပ်မက်လို့တဲ့ …။

(အောင်ခိုင်) ပဲခူးဖက်က ဆရာတစ်ယောက် သတင်းတော့
ရထားတယ်၊ အဲဒီဆရာက တော်တော်စွမ်းတဲ့ ပြောတာပဲ …။

(၀င်းမာ) စွမ်းတယ် ဆိုတာပဲ မလုပ်နဲ့လေ၊ ဘယ်လို စွမ်းတယ်၊
ဘယ်လို နာမည်ကြီးလာတယ်၊ ဘယ်လောက်တော်တယ် ဆိုတာ
လည်း ပြောပြအုံးလေ …။

(အောင်ခိုင်) အဲဒီဆရာက ဗေဒင်ဆရာလား၊ အကြားအမြင်
ဆရာလားတော့ မပြောတတ်ဘူး၊ သူ့စားပွဲပေါ်မှာ ကျောက်သင်ပုန်း
တစ်ချပ်ကို မှောက်ထားတယ်၊ မှောက်ထားတဲ့ ဖက်မှာ စာရေး
ထားတယ်၊ ဥပမာ … “မင်္ဂလာဆောင်ကိစ္စ” “အိမ်အရောင်းအ၀ယ်
ကိစ္စ” “ကျန်းမာရေးကိစ္စ”စသဖြင့်ပေါ့၊ သူ့ဆီမှာ လာမေးတဲ့ လူတွေ
ကို ဘာမှ စ’မဟောခင် အဲဒီကျောက်သင်ပုန်းကို လှန်ပြီး စာဖတ်ခိုင်း
တယ်၊ သူရေးထားတာနဲ့ တိုက်ဆိုင်မှ ဆက်ပြီး ဟောပေးတာ၊
သူက စာတစ်ကြောင်းပဲ ရေးထားတယ်လို့ ပြောတာပဲ …။

(၀ါဆိုဦး) ဒါဆို မနက်ဖြန်မနက် ပဲခူးကို သွားရအောင် ကိုအောင်ခိုင်၊
ဝါဆိုတို့ အိမ်က ကားကို ယူလာခဲ့မယ်၊ သူငယ်ချင်းအားလုံး ပဲခူး
ကို လိုက်ခဲ့ကြပါနော် ….။

သူငယ်ချင်းအားလုံးက လိုက်ပါဖို့ သဘောတူကြောင်း ခေါင်းငြိမ့်
ပြပါတယ် ….။

(၅)

ဝါဆိုဦးတို့ အိမ်မှ တိုယိုတာ လိုက်အိပ်စ်ပစ်ကပ်ကား ဟာ
သူတို့အုပ်စု လူဦးရေနဲ့ အံကိုက်ပါ။ သူတို့အုပ်စုကို ရုတ်တရက်
ကြည့်လိုက်ရင် ဗေဒင်သွားမေးတာနဲ့ မတူပဲ အပျင်းပြေ ပျော်ပွဲစား
ထွက်လာပုံနဲ့ တူနေပါတယ်။ ရန်ကုန်မှအထွက် မင်္ဂလာဒုံ
တိုင်းခန်းမအနီး မုန့်ဟင်းခါးနဲ့ လဖက်ရည်ဆိုင်တွဲထားတဲ့ ဆိုင်
တစ်ဆိုင်မှာ ခဏနားကြပါတယ်။ တစ်အုပ်စုလုံး ပျော်ပျော်ပါးပါး
ဆူဆူညံညံနဲ့ လိုချင်တာတွေ မှာစားနေတဲ့ အခိုက် …

(၀ါဆိုဦး) ယုယု၊ ဟိုး … ဖက်ဒေါင့်က စားပွဲမှာ ထိုင်နေတဲ့ ရှပ်အင်္ကျီ
နက်ပြာ ၀တ်ထားတဲ့ လူကို ၀ါဆို တွေ့ဖူးသလိုပဲ၊ ဘယ်မှာ တွေ့ဖူး
သလဲဆိုတာ ၀ါဆို စဉ်းစားလို့ မရဘူး …။

ဝါဆိုဦး စကားကြောင့် ဆိုင်ရဲ့ အတွင်းဒေါင့်တစ်နေရာမှာ ထိုင်နေ
သူနှစ်ဦးကို သူတို့အားလုံး ၀ိုင်းကြည့်လိုက်ပါတယ်။ အဲဒီနှစ်ယောက်
ဟာ ဆံပင်ခပ်တိုတို ညှပ်ထားတဲ့ ကျောင်းသားပုံစံမျိုးပါ။

(နှင်းနှင်း) အောင်ခိုင်ရေ နင့်ခေါင်းထဲက ပွဲစား အိုင်ဒီယာ
နည်းနည်းလောက် ထုတ်ပါအုံး၊ သူတို့ ဘယ်သူတွေလဲလို့ …။

အောင်ခိုင်ဟာ သူ့လက်ထဲမှာ စီကရက်တစ်လိပ်ကို ကိုင်ပြီး
ဆိုင်အတွင်းဒေါင့်ရှိ စားပွဲဆီ ထွက်သွားပါတယ်။ ခဏလောက်
အကြာမှာ ပြန်လာပြီး …
“သူတို့ဆီမှာ အခြစ်(မီးခြစ်) မပါဘူး၊ ဆေးလိပ်လည်း မသောက်
တတ်ဘူးတဲ့၊ သူတို့ နှစ်ယောက်စလုံး မင်္ဂလာဒုံ စစ်ဖက်ဆိုင်ရာ
ဆေးတက္ကသိုလ်က ကျောင်းသားတွေနဲ့ တူတယ်၊ စားပွဲပေါ်မှာ
ချထားတဲ့ စာအုပ် မျက်နှာဖုံးကို လှမ်းကြည့်လိုက်တော့ မင်းလွင်
အပိုင်း(က) (Min Lwin, part- 1) လို့တော့ ရေးထားတယ် …”

(မော်ကြီး) သြော် … သူတို့က “ပဲချစ်သူတွေ” လား၊ မုန့်ဟင်းခါး
စားလေ ဘာလေး ကြွခိုင်းလိုက်ရင် ကောင်းမယ် ….။

လဖက်ရည်ဆိုင်မှ အထွက် သူတို့တသိုက် ကားနံဘေးမှာ
ကားပျက်ချင်ယောင်ဆောင်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်
လုပ်နေကြပါတယ်။ သိပ်မကြာခင် ဆိုင်ဒေါင့်စားပွဲကနေ ဟိုပုဂ္ဂိုလ်
နှစ်ဦး ဆိုင်အပြင်ကို ထွက်လာကြပါတယ်။

(ကျော်ထွန်း) အကိုတို့ ကျနော်တို့ကို တချက်လောက် ကူညီ
ပါဗျာ၊ ကားစက်နိုးတာ မရလို့ နည်းနည်းလောက် ကူညီပြီး ၀ိုင်း
တွန်းပေးကြပါ၊ မုန့်ဟင်းခါး စားလေးပေါ့ … ဟဲဟဲ …။

ဓါတ်တိုင် တစ်တိုင်စာ အကွာအဝေး ကျော်ကျော်လောက်မှာ
စက်သေချင်ယောင်ဆောင်ထားတဲ့ ကားစက်ကို နိုးလိုက်ပါတယ်။
ကျေးဇူးတင် စကားတွေဆိုပြီး ကားကို မောင်းထွက်ခဲ့ပေမယ့်
ရယ်ချင်တဲ့ စိတ်ကို အောင့်အီးလို့ မရခဲ့ပါ။ ဘယ်သူက စ’ပြီး
ရယ်လိုက်လဲ မသိပါ၊ ရယ်သံတွေ ထွက်ပေါ်လာပါတယ်။ ရုတ်တရက်
ဝါဆိုဦးဆီမှ “သူ …. သူ …” ဆိုတဲ့ အသံကြောင့် သူတို့အားလုံးရဲ့
ရယ်မောမှုတွေ ရပ်တန့်သွားပါတယ်။

(ယုယု) ၀ါဆို၊ ဘာဖြစ်တာလဲ … သူက ဘယ်သူလဲ၊ ၀ါဆို့ အသိ
လား ….။

(၀ါဆိုဦး) ခုနက ရှပ်အင်္ကျီ နက်ပြာ ၀တ်ထားတဲ့လူက ၀ါဆို့
အိပ်မက်ထဲမှာ ၀ါဆိုနဲ့အတူ ခေါ်သွားခံရတဲ့ တစ်ယောက်၊
ဟုတ်တယ် သူမှ သူအစစ်ပဲ၊ ဘုရား …. ဘုရား …။

“နောက်မှ သူ့ကို စုံစမ်းကြည့်မယ်” လို့ ယုယုရဲ့ ပြောသံနဲ့
အတူ သူတို့ကားကို တွန်းပေးခဲ့တဲ့ စစ်ဖက်ဆိုင်ရာ ဆေးတက္ကသိုလ်
မှ ကျောင်းသားနှစ်ဦးဟာ ခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပါပြီ …။

ပဲခူးမြို့စွန်းက အိမ်တစ်အိမ်ဆီ သူတို့ ရောက်ခဲ့ပါတယ်။
အောက်ထပ်က ဟောခန်းမှာ တစ်နာရီနီးပါး စောင့်ပြီးတဲ့
နောက် သူတို့အလှည့်ကို ရောက်လာပါတယ်။ အခန်းထဲကို
ဝင်ဝင်ချင်း ယုယုက တစ်ခုခု ပြောတော့မယ့် အချိန်မှာ ဟော
မယ့် ဆရာဖြစ်သူလို့ ယူဆနိုင်တဲ့ လူကြီးက သူတို့အားလုံးကို
ပြုံးပြပြီး သူ့စားပွဲပေါ်ရှိ ကျောက်သင်ပုန်းကို လက်ညှိုးထိုးပြ
ပါတယ်။ ၀ါဆိုဦးနဲ့ အောင်ခိုင်တို့ဟာ စားပွဲရှေ့ရှိ ထိုင်ခုံတွေမှာ
ဝင်ထိုင်ရင်း ကျောက်သင်ပုန်းကို လှန်လိုက်ပါတယ် …

(၀ါဆိုဦး) ဆရာ၊ ဒီမှာ ဗလာဖြစ်နေတယ်၊ ဘာမှ မရေးထားဘူး၊
သမီးတို့ …. … ..

ဝါဆိုဦး စကားမဆုံးခင် ဆရာဖြစ်သူက ကြားဖြတ်ပြီး …
“ကလေးမ ကိစ္စကို ဦးအနေနဲ့ မတတ်နိုင်ပါဘူးကွယ်၊ ဒီကိစ္စက
အင်မတန် ခက်ခဲတဲ့ အနှောင်အဖွဲ့တစ်မျိုးပါ၊ ဒါပေမဲ့ ဦး… ကူညီ
နိုင်တာ တစ်ခုတော့ ရှိပါတယ်၊ ဦးရဲ့ မိတ်ဆွေ ဆရာတစ်ယောက်
ရှိပါတယ်၊ သူ့ဆီမှာ အကူအညီ တောင်းကြည့်ပါ …”

(အောင်ခိုင်) ဦးရဲ့ မိတ်ဆွေက ဘယ်မှာ ဟောခန်းဖွင့်ထားသလဲ
ခင်ဗျာ၊ ကျနော်တို့ပြဿနာက နည်းနည်းကြီးနေလို့ပါ …။

(ဦး…) မောင်ရင်တို့ ဦးရဲ့မိတ်ဆွေနဲ့ တွေ့ရင် မောင်ရင်တို့
စိတ်ထဲမှာ ယုံကြည်မှာ မေးမြန်းကြည့်ပေါ့၊ သူ့လိပ်စာကို ဦး…
ပေးပါ့မယ်၊ ဒီကလေးမ (၀ါဆိုဦးကို လက်ညှိုးထိုးပြီး)ကို ကယ်နိုင်
တဲ့လူဆိုလို့ သူပဲ တတ်နိုင်တယ်လို့ ဦး… ထင်တယ် ...။

(၀ါဆိုဦး) ကူညီပါအုံး ဆရာရယ် (ငိုသံဖြင့်) ….။

ဆရာဆိုသူက သူ့စားပွဲပေါ်ရှိ ပန်းအိုးထဲမှ နှင်းဆီပန်း တစ်ပွင့်
ကို ယူပြီး ၀ါဆိုဦးဆီ ပေးရင်း …
“….မြို့က သင်္ချိုင်းကုန်းကို သွားပါ၊ အဲဒီမှာ အရူးကြီး တစ်ယောက်
ရှိတယ်၊ သူက အဲဒီသင်္ချိုင်းကုန်းကို ညနေစောင်းမှ အပြင်ကနေ
ပြန်လာလေ့ ရှိတယ်၊ သူနဲ့ တွေ့ရင် ဒီနှင်းဆီပန်းလေးကို ပြပြီး
အကူအညီတောင်းပါ၊ သူ့နဲ့ စကားပြောရင် အရူးကြီးလို့ပဲ ခေါ်ပါ၊
သူ စိတ်မဆိုးပါဘူး၊ သူအနေနဲ့ ကူညီမယ်ဆိုရင် ကလေးမကိစ္စ
အဆင်ပြေမယ်လို့ ဦး…. ထင်ပါတယ်၊ ကလေးမ အကူအညီရဖို့
ဦးအနေနဲ့ သူ့ဆီကို နေ့စဉ် မေတ္တာ လှမ်းပို့ပါ့မယ် …”

(အောင်ခိုင်) ဆရာ ကျနော်တို့ကို ဒီထက်ပိုပြီး နည်းနည်း
လောက် ပြောပြလို့ ရအုံးမလား ခင်ဗျာ …။

(ဦး…) မောင်ရင်လည်း သတိထား၊ ဒီကပြန်ရင် တစ်ပတ်တိတိ
ရဟန်းဝတ်ပါ၊ ရဟန်းဝတ်ပြီးလို့ ဒီကလေးမအပေါ် ကူညီချင်ရင်
ဆက်ပြီး ကူညီပေါ့၊ ရဟန်းဝတ်တာကို အရင်လုပ်ပါ၊ ဦး….
ပြောတာကို လက်မခံလို့ တစ်ခုခု ထပ်ဖြစ်လာမှ နောင်တ
မရနဲ့ …။

(၀ါဆိုဦး) ဆရာရယ် အကူအညီ သွားတောင်းရမယ့်လူက
အရူးကြီးဆိုတော့ ဖြစ်ပါ့မလား …။

(ဦး…) အဲဒီအရူးကြီးက တကယ့်ဆရာတစ်ဦးပါ၊ တချိန်က
နာမည်ကြီး အသိုင်းအ၀ိုင်းတစ်ခုက လူငယ်နှစ်ဦး ခိုးရာ လိုက်
ပြေးကြတယ်၊ မိဘဖြစ်သူတွေက သူတို့သမီးနဲ့ အဲဒီလူငယ်ကို
မကွဲ ကွဲအောင် လုပ်ပေးဖို့ သူ့ဆီမှာ အကူအညီ လာတောင်း
တယ်၊ အကူအညီလာတောင်းတဲ့ နာမည်ကြီးအသိုင်းအ၀ိုင်းရဲ့
အရှိန်သြဇာကြောင့် အဲဒီကိစ္စကို သူ ကူညီခဲ့တယ်၊ နောက်တော့
သူတပါး ချစ်ချင်းကို သေကွဲ ကွဲအောင်လုပ်မိလေခြင်းဆိုပြီး
နောင်တ ရသွားတယ်၊ အဲဒီနောက် တစ်နှစ်မှာ သုံးလတိတိ
အရူးဘ၀နဲ့ နေတာပေါ့ကွယ်၊ မကြောက်ပါနဲ့ ကလေးမတို့
အပေါ် လုံးဝအန္တရယ် မပြုပါဘူး ….။

(၀ါဆိုဦး) ဆရာရယ်၊ သမီးတို့ ဒီကို အလာမှာ ….

ဦး…. က ၀ါဆိုဦး စကားဆုံးတဲ့အထိ မစောင့်ပဲ ….
“ကလေးမနဲ့ သူက နောင်ထပ် သုံးဘ၀ ကျန်သေးတယ်၊
သူက ကလေးမရဲ့ အရင်ဘ၀က ချစ်သူပါ၊ ဒါကြောင့် ဒီကိစ္စ
ကို အရမ်းခက်တယ်လို့ ဦး… ပြောတာပါ၊ သူ့ကို မေ့ပြစ်
လိုက်ပါ ကလေးမရယ် …..”

သူတို့အားလုံး စိတ်မော လူမောဖြင့် ပဲခူးကနေ ရန်ကုန်ကို
နေ့လည်ပိုင်းမှာ ပြန်လာခဲ့ကြပါတယ် …။


(ဆက်ရန်။)

Read more »

Wednesday, 7 April 2010

နှောင်ကြိုးမိသူ (အပိုင်း- ၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ သတိဖြင့် ဖတ်ရူပါ။)

(၁)
၁၉၉၄ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ ကျောင်းဝန်းထဲရှိ
စားသောက်ဆိုင် ကန်တီးန် တစ်နေရာ ….

(ကျော်ထွန်း) အလုပ်အကိုင် အဆင်ပြေလား သူငယ်ချင်း၊ ယုယုကို
မင်း မှတ်မိလား၊ ဆယ်တန်းတုန်းက ဘိုင်အို ဒေါ်လဲ့လဲ့မြင့် ကျူရှင်
မှာ မင်းနဲ့ ရန်ဖြစ်နေကြ တစ်ယောက်လေ၊ အခု ငါတို့နဲ့ မေဂျာ
အတူတူပဲ ….။

(အောင်ခိုင်) အလုပ်တွေ အဆင်မပြေပါဘူးကွာ၊ ကုန်သွယ်ရေး
ဝန်ကြီးဌာနက ကားပါမစ်တွေ ပိတ်လိုက် ဖွင့်လိုက်ဆိုတော့ ထီးဖြူ
ဖိနပ်ပါး ပွဲစားပေါ့၊ ဒီဂေါ်လီမနဲ့ ရေစက် မကုန်နိုင်သေးပါလား၊ ဘိုင်အို
ဒေါ်လဲ့လဲ့မြင့်တို့ ဓါတုဗေဒ ဘိုဋ္ဌေးတို့ ဆီမှာ ကျူရှင်တက်တုန်းက
ဆိုရင် ဆရာ ဆရာမတွေကလည်း ဟော့ရှော့၊ သူကလည်း နားမှာ
အပေါက်တွေ ဖောက်ထားတာများ နှစ်ဖက်ပေါင်းရင် ခုနှစ်ပေါက် …
ရှစ်ပေါက် အနည်းဆုံးပဲ …။



သိပ်မကြာခင် အချိန်လောက်မှာ သူတို့ နှစ်ဦးရဲ့ စားပွဲဆီ ဆယ်တန်း
တုန်းက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ
ကြပါတယ်။ ဆယ်တန်းကျောင်းသားဘ၀ ရန်ကုန် ကျူရှင်လောကရှိ
ဆရာ ဆရာမ အကြောင်းတွေ ပြောလိုက် ဟားတိုက်လိုက်ဖြင့် ပျော်
စရာပါ။ ဘယ် ကျူရှင်ဆရာမက ဂါဝန်ကြီး ၀တ်ပြီး ဆယ်တန်း အထူး
ထုတ် စာအုပ်မျက်နှာဖုံးမှာ သူ့ဓါတ်ပုံ ထည့်တယ်၊ ဘယ်ကျူရှင် ဆရာ
သူ့အထူးထုတ် စာအုပ်မှာ မင်းသားစတိုင် ဓါတ်ပုံထည့်တဲ့ အကြောင်း
များသည် အခုတော့ လွမ်းစရာလိုလို ရယ်စရာလိုလို …။

သူတို့စကားနေဆဲမှာပဲ ချောမောလှပပြီး ခေတ်ဆန်ဆန် ၀တ်ဆင်
ထားတဲ့ ကျောင်းသူနှစ်ဦး သူတို့ထံ ရောက်ရှိလာပါတယ်။ ယုယုက
သူ့သူငယ်ချင်းနဲ့ အားလုံးကို မိတ်ဆက်ပေးပါတယ် …
“ဒါ ငါ့အချစ်ဆုံး ငယ်သူငယ်ချင်း ၀ါဆိုဦး၊ ၀ါဆိုနဲ့ငါက အခု ခုံနံပါတ်
ရှေ့ဆင့် နောက်ဆင့်၊ ဟဲ့ငအောင် နင် ပွဲစားလုပ်နေတယ်ဆို၊ လာဘ်
ပေး လာဘ်ယူ ဒို့ရန်သူနော်၊ တော်ကြာ သတင်းစာထဲ စာလုံးမည်း
ကြီးနဲ့ ပါနေအုန်းမယ် …”

(အောင်ခိုင်) ဟုတ်တယ် ငါက ပွဲစား၊ နင် ဘာသိချင်လဲ ဘာလုပ်ချင်လဲ
အကုန် စုံစမ်းပေးမယ်၊ နင့်အဖေ ခေါင်းမှာ ဆံပင်အမွှေးမရှိပဲနဲ့၊ ဘယ်
ခေါင်းလျှော်ရည်ဆိုင်က ကောင်မလေးတွေဆီ သွားလျှော်တတ်သလဲ
ဆိုတာကအစ နင် သိချင်ရင် ငါ စုံစမ်းပေးမယ် …။

(ယုယု) မ…ာ ….ေ..း..ျင်း..ိုး (ဆဲသံ)
(သူငယ်ချင်းများ) ဟားဟားဟား …. (ရယ်သံများ)

(ကျော်ထွန်း) ကဲ့ … မင်းတို့ နှစ်ယောက်ကလည်း ခွေးနဲ့ ကြောင်
ကြနေတာပဲ၊ တွေ့တာနဲ့ ကိုက်နေကြတာ၊ မ၀ါဆိုဦး စိတ်မညစ်ပါနဲ့၊
ကျနော်တို့အားလုံး ဆယ်တန်းမှာ ကျူရှင်အတူတူ တက်ခဲ့တဲ့ သူငယ်
ချင်းတွေပါ၊ အခု မေဂျာတူ အခန်းတူဆိုတော့ ဘာပြောကောင်းမလဲ
တော်တော်မျက်စိနှောက်ဖို့၊ ပျော်ဖို့ကောင်းမယ် ထင်တာပဲ…။

ချောမောလှပပြီး ခပ်အေးအေးနေတတ်သော ၀ါဆိုဦးတစ်ယောက်
သူတို့အုပ်စုထဲနဲ့ စတင် ရင်းနှီးခဲ့ပါတယ် …။

(၂)
“လူတစ်ယောက်မှာ အတိတ်ဘ၀က အနှောင်အဖွဲ့တို့ ဘာတို့
ဆိုတာ နင်တို့ ယုံလား …”
ယုယုရဲ့ စကားကြောင့် သူတို့အားလုံးရဲ့ မျက်လုံးတွေ ယုယုဆီ
ရောက်သွားပါတယ်။ ကိုစိုင်း၊ မော်ကြီး၊ နှင်းနှင်း၊ ၀င်းမာ၊ ကျော်ထွန်း
တို့ တစ်ယောက် တစ်မျိုးစီ ထင်ကြေးတွေ ပေးကြပါတယ်။ အတန်
ကြာအောင် ငြင်းခုံပြီးနောက် ကျော်ထွန်းက ရွှတ်နောက်နောက်ဖြင့် …
“ယုယု၊ နင် အောင်ခိုင်ကို မေးကြည့်ပါလား၊ ဒီကောင်က ပွဲစား
ဆိုတော့ လိုင်းစုံတယ်၊ နင့် အိပ်မက်ထဲမှာ ရွှေလေး ငွေလေး
လာပေးရင် ငါတို့ကို မမေ့နဲ့နော် …”

(ယုယု) ငါ မဟုတ်ဘူးဟ၊ ၀ါဆို …၊ သူ ငါ့ကို ပြောပြတယ်၊
သူ ဆယ်တန်းအောင်တဲ့ အချိန်ကစပြီး အိပ်မက်တစ်ခုကို
တစ်ပတ် တစ်ခါလောက် မက်နေတယ်တဲ့၊ အပြင်မှာ သူ လုံးဝ
မတွေ့ဖူးတဲ့ လူတွေက သူ တခါမှ မရောက်ဖူးတဲ့ နေရာတစ်ခု
ဆီ သူ့ကို ခေါ်သွားတယ်လို့ အိပ်မက် မက်တယ်၊ ခက်တာက
ဝါဆိုတို့ မိဘတွေကလည်း ဒါမျိုးတွေ သိပ်အယုံအကြည် မရှိ
ဘူး၊ သူကိုယ်တိုင်လည်း ပထမတော့ သိပ်မယုံဘူး၊ ဆရာဝန်
ကို ပြကြည့်တယ်၊ အိပ်မက်က ရပ်မသွားဘူး၊ ငါ စဉ်းစားကြည့်
တယ် ဒါ … အတိတ်ဘ၀က အနှောင်အဖွဲ့ တစ်ခုလားလို့ …။

(ကိုစိုင်း) ဒီနေ့ ၀ါဆို … ကျောင်းမတက်ဘူးလား၊ အောင်ခိုင်
ကို အတန်းထဲမှာ မတွေ့သေးဘူး…။

(ယုယု) ၀ါဆို… ဒီနေ့ ဘုရားသွားတယ်၊ ဘုရားက အပြန်
ကျောင်းကို လာမယ် ထင်တယ် …။

စာသင်ချိန် ဘဲလ်တီးသံအချို့ ကျော်လွန်သောအခါ သူတို့
အားလုံး ကန်တီးန်ဆီ ရောက်ခဲ့ပြန်ပါတယ်။ အောင်ခိုင်မှ
လွဲ၍ သူတို့အားလုံး ၀ါဆိုဦးကို မေးခွန်းတွေ မေးနေကြ
ပါတယ်။ … ဘယ်တုန်းက စပြီး အိပ်မက် မက်လဲ … အိပ်မက်
ထဲမှာ ဘယ်လို လူတွေ တွေ့ရသလဲ …။ သူတို့ ကန်တီန်း
ရောက်ပြီး သိပ်မကြာခင်မှာ အောင်ခိုင် ရောက်လာပါတယ်။
မော်ကြီးက စ’ပြီး …
“ပွဲစားရေ၊ အလုပ်မကောင်းလို့ စိတ်မပျက်နဲ့၊ ဒီမှာ အလုပ်သစ်
ရှိတယ်နော်၊ ပွဲခရရင် ငါတို့ကို ရှယ်ယာ ခွဲပေးမလား …”

(အောင်ခိုင်) မင်းတို့ဆီမှာ ကားပါမစ် လျှောက်မယ့်အသိတွေ
ဘာတွေ ရှိလား၊ ပါမစ်တစ်စောင်ကို အပ်ရင် သူများတွေထက်
ဈေးလျှော့ပြီး လုပ်ပေးပါ့မယ်ကွာ၊ ပါမစ် ကျ မကျတော့ ငါလည်း
မပြောတတ်ဘူး၊ ကုန်သွယ်ရေးဝန်ကြီးဌာနက လောလောဆယ်
ကားပါမစ် ချမပေးဘူး၊ ညစ်သလားလို့ မနေနဲ့ …။

(ယုယု) ပွဲစား … နင် တကယ် ပိုက်ဆံလိုချင်လား၊ အခု ငါတို့ဆီ
မှာ ပြဿနာ တစ်ခုရှိတယ်၊ အဲဒါကို နင် ဖြေရှင်ပေးနိုင်ရင် နင်
ပွဲခ များများရမယ်၊ ကားပါမစ်တော့ မဟုတ်ဘူး၊ တခြားကိစ္စ …။

(အောင်ခိုင်) တယ်ဟုတ်ပါလား၊ မဟုတ်မှ လွဲရော နင့်ဖာသားကြီး
နောက်ကို ငါ လိုက်ပြီး ချောင်းပေးရမှာလား ….။

(ယုယု) မ…ာ ….ေ..း..ျင်း..ိုး (ဆဲသံ)

(၀င်းမာ) အောင်ခိုင်၊ နင်ကလည်း ယုယုကို မြင်တာနဲ့ စ’ချင်နေ
တာပဲ၊ ငါတို့ တကယ်ပြောနေတာ၊ အခု ပြဿနာ တစ်ခုဖြစ်နေ
လို့၊ နင်က ပွဲစားဆိုတော့ နင့်ကို စုံစမ်းခိုင်းမလို့ ….။

(၀ါဆိုဦး) အဲဒီကိစ္စကို ဖြေရှင်းပေးနိုင်မဲ့သူ ရှိရင် ကျမ အမြန်ဆုံး
သိချင်တယ်၊ ကိုအောင်ခိုင် ကူညီပေးနိုင်မလား ….။

ဝါဆိုဦး စကားကြောင့် ယုယုနဲ့ အောင်ခိုင်တို့၏ စကားစစ်ထိုး
ပွဲ ရပ်တန့်သွားပါတယ်။ ၀ါဆိုဦး မျက်နှာဟာ တစ်ခုခုကို စိုးရိမ်း
ထိတ်လန့်နေပုံ ရပါတယ်။ ၀ါဆိုဦး ပြောပြတဲ့ သူ့အိပ်မက်က ….

ယောက်ျားကြီး သုံးဦးနဲ့ မိန်းမကြီး နှစ်ဦးဟာ သူ့ကို အိမ်ကနေ
ခေါ်ဆောင်သွားပါတယ်။ အဲဒီနောက် သူတို့ဟာ အိမ်ကြီးတစ်အိမ်
ရဲ့ အရှေ့ကို သွားကြပါတယ်။ အဲဒီအိမ်ထဲကနေ ၀ါဆိုဦးနဲ့ မတိမ်းမရိမ်း
အရွယ် အမျိုးသားတစ်ဦးကိုပါ ထပ်မံ ခေါ်ထုတ်လာပါတယ်။ လယ်ကွင်း
တွေ၊ တောတွေ အများကြီး ကျော်ဖြတ်ပြီးတဲ့အခါ ရေတံခွန်ကြီး တစ်ခုရဲ့
အနားကို ရောက်သွားပါတယ်။ အဲဒီအနားမှာ ထုံးအဖြူရောင် သုတ်ထား
တဲ့ စေတီငယ် တစ်ဆူကို တွေ့ရပါတယ်။ အဲဒီစေတီရဲ့နံဘေးမှာ
လင်မယားနှစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူတို့နှစ်ယောက်
ကို မြင်လိုက်တဲ့ အဲဒီ လင်မယားဟာ ရှိုက်ကြီးတငင်ငင် ငိုကြွေးပြီး
ပြေးဖက်ကြပါတယ်။ ပါးစပ်ကလည်း … သားနဲ့သမီးကို အဖေတို့
အမေတို့ စောင့်နေတာ ကြာပြီ” လို့ ပြောပါတယ်။ ပထမဆုံး လာခေါ်
တဲ့ လူကြီးငါးယောက်ဟာ အဲဒီစေတီနံဘေးမှာ နေရစ်ခဲ့ပါတယ်။
ခေါ်ဆောင်ခံရတဲ့ သူတို့နှစ်ဦးနဲ့ အဲဒီလင်မယားဟာ ရေတံခွန်
နံဘေးက လှိုဏ်ဂူထဲကို သွားကြပါတယ်။ လှိုဏ်ဂူထဲမှာ အိမ်ပုံစံ
အခန်းတွေ အများအပြား ရှိပါတယ်။

ဝါဆိုဦး ပြောပြတဲ့ သူ့အိပ်မက်အကြောင်းကို သူတို့အားလုံး
တအံတသြ နားထောင်နေကြပါတယ်။


(ဆက်ရန်။)

Read more »

Sunday, 4 April 2010

Life for a daughter of a political prisoner

Read more »

Saturday, 3 April 2010

မော်စီတုန်း၏ ဖြတ်သန်းမှု (၁၉၂၁- ၁၉၃၈) (အပိုင်း- ၂)

ယခင် အပိုင်း(၁)မှ အဆက် ….

ပထမအကြိမ် ကွန်ဂရက်

၁၉၂၁ ခုနှစ် မေလတစ်ည၌ မော်စီတုန်းနှင့် သူ့မိတ်ဆွေ ဟိုရှူဟင်း
တို့သည် ချန်ရှားမှ ရှန်ဟဲသို့ တိတ်တဆိတ် ထွက်လာခဲ့ကြသည်။
နှစ်ဦးစလုံး ကုန်သည်ယောင်ဆောင်ကာ နာမည်ဝှက်များဖြင့် လာခဲ့
ကြသည်။ သူတို့နှစ်ယောက်သည် ပါတီဖွဲ့ရန် ရောက်လာကြသည့်
ကိုယ်စားလှယ်များထဲတွင် အစောဆုံးဖြစ်ကြသည်။

ပူအိုက်မဲမှောင်သော ည၌ ပါတီတည်ထောင်ရန် တိတ်တဆိတ် ရောက်
လာသူများမှာ အများအားဖြင့် လူငယ်တွေချည်းဖြစ်သည်။ အသက်
အစိတ် တ၀ိုက်လောက်မျှသာ ရှိကြဦးမည်။ အချို့ကလည်း မော့်လို
စည်းရုံးရေး အတွေ့အကြုံရှိသူများဖြစ်သည်။ အချို့က ဘာအတွေ့
အကြုံမျှ မရှိ။ မတ်ဝါဒကို မတောက်တခေါက် ဖတ်ဘူးကြသည်။ ထို
အထဲတွင် နောင် သစ္စာဖောက်မည့်သူများ၊ အချောင်သမား ဖြစ်မည့်
သူများလည်း ပါကြသည်။ သို့ရာတွင် ထိုစဉ်က မည်သူသိနိုင်မည်နည်း။
ထိုစဉ်က သူတို့ရှေ့ရေးကို မည်သူမျှ ကြိုတင်မသိ။ သူတို့ ကိုယ်တိုင်
လည်းမသိ။

မော်တို့ ရောက်ပြီး မကြာမှီ တုန်ပီဝူးလည်း ၀ူဟန်မှ ရောက်လာသည်။
လီတာချိုနှင့် ချန်တူရှူးတို့လည်း ရောက်လာလိမ့်မည်ဟု မျှော်လင့်ရ
သည်။ သို့ရာတွင် ၁၉၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ ပထမ ကွန်ဂရက်
ကို တရားဝင် ဖွင့်လှစ်သည့်နေ့အထိ ရောက်မလာခဲ့ကြ။ ပထမ ကွန်
ဂရက်သို့ မတ်ဝါဒီ အစုများ ရှိကြသော ပြည်နယ်များမှ ကိုယ်စားလှယ်
နှစ်ဦးစီ လွှတ်ကြသည်။ ဂျပန်ပြည်တွင် ရှိသည့် တရုတ်ကျောင်းသား
များက ချောင်ဖူဟဲဆိုသည့် လူငယ်တစ်ယောက်ကို လွှတ်လိုက်သည်။
တရုတ်-ဂျပန် စစ်ပွဲဖြစ်သည့်အခါတွင် သူသည် ပါတီကို သစ္စာဖောက်
ကာ ဂျပန်နှင့် ပေါင်းသွားသည်။ ၀ူဟန်အစုမှ တုန်ပီဝူးနှင့် ချန်တန်ချူး
တို့ တက်ကြသည်။ ရှန်ဟဲအစုမှ လီဟန်ချွန်းနှင့် လီတာတို့ တက်ကြ
သည်။ ကွမ်ချောင်အစုမှ ချန်ကွန်ပိုးနှင့် ပေါင်ဟွီးဆင့်တို့ တက်ကြ
သည်။ ရှန်တောင်အစုမှ တန်အိမ်မင်းနှင့် ၀မ်ချွမ်းမေတို့ တက်ကြသည်။
သူတို့နှစ်ယောက်စလုံးမှာ ၁၉၂၈ ခုနှစ်က အသတ်ခံသွားကြရသည်။
ပီကင်းအစု (ဟိုပေ့ပြည်နယ်)မှ ကျန်းကို့ထောင်နှင့် လျူဂျင်ချွန်းတို့
တက်ကြသည်။ သူတို့အားလုံးအနက် မော်နှင့် ဟိုရှူဟင်းတို့သာလျှင်
ကျေးလက်မှ ဖြစ်ကြ၍ ကျန်လူများမှာ မြို့သားများ ဖြစ်ကြသည်။

ဇွန်လ ၃၀ ရက်နေ့က ကျင်းပသည့် ပထမ ကွန်ဂရက်သို့ အင်တာ
နေရှယ်နယ် ကွန်မြူနစ်အဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦး တက်ကြ
သည်။ တစ်ဦးက စနီလိယာက်(မာလင်း) ဖြစ်၍ တစ်ယောက်က
လီဇူစကီဆိုသူ ဖြစ်သည်။ သို့ရာတွင် တရုတ် ကွန်မြူနစ်ပါတီက
ယနေ့အထိ တရုတ်တော်လှန်ရေး သမိုင်းကို တရားဝင် ရေးသား
ခြင်း မရှိသေးသည့်အတွက် သူတို့နှစ်ယောက် ကိစ္စက မသေချာ။
အကယ်၍ ဇွန်လ ၃၀ ရက်နေ့ ပဏာမအစည်းအဝေးတွက် တက်
သည့်တိုင် ကျန်ရက်များတွင် တက်ပုံမရ။ အထူးသဖြင့် ကွန်ဂရက်
ကျင်းပနေစဉ် နေရာပြောင်းရသဖြင့် သူတို့ တက်နိုင်ဟန်မရှိ။

ထိုစဉ်က တရုတ်တစ်ပြည်လုံးတွင် မတ်ဝါဒီဟူ၍ (၅၇) ယောက်
မျှသာ ရှိသေးသည်။ ၎င်းတို့အနက် ဟူနန်ပြည်နယ်က (၁၆)
ယောက် ရှိသည်။ ပထမ ကွန်ဂရက်ကို တက်ရောက်သူဆို၍
မော်စီတုန်းနှင့် တုန်ပီဝူးတို့သာ ကျန်ခဲ့သည်။ ဟိုရှူးဟင်း၊
ဝမ်ချွမ်းမေ၊ လီဟန်ချွန်းနှင့် တိန်အန်မင်းတို့က အသတ်ခံသွား
ကြရသည်။ လီတာသည် ပါတီမှ အစောကြီး ထွက်သွားပုံရသည်။
၁၉၆၈ ခုနှစ် ရှန်ဟဲတွင် ကွယ်လွန်သွားခဲ့သည်။ ကျန်လူများက
၁၉၂၁ ခုနှစ် ဇူလိုင်လတွင် ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ရသော
ပါတီကို သစ္စာဖောက်သွားကြသည်။ ချန်ကွန်ပိုးသည် နောင်တွင်
ချန်ကေရှိတ်၏ လူဖြစ်သွားသည်။ ကျန်းကို့ထောင်သည် ၁၉၃၈
ခုနှစ်တွင် ပါတီကို သစ္စာဖောက်၍ ချန်ကေရှိတ် ဖက်သို့ ကူးပြောင်း
သွားပြီး ကနေဒါနိုင်ငံတွင် အသက်ဆုံးတိုင် နေထိုင်သွားသည်။

အစက ပထမ ကွန်ဂရက်၏ သဘာပတိအဖြစ် ချန်တူရှူးကို
ရွေးချယ်သတ်မှတ်ထားသည်။ သို့ရာတွင် ချန်တူရှူး တက်ရောက်
ခြင်း မရှိပဲ သူ့ကိုယ်စားလှယ် လီဟန်ချွန်းမှတဆင့် သ၀ဏ်လွှာ
ပို့သည်။ ပထမ ကွန်ဂရက်၏ မှတ်တမ်းများ ပျောက်ကုန်ပြီ။
ပထမ ကွန်ဂရက်အကြောင်းကို ၁၉၃၆ ခုနှစ်တွင် တုန်ပီဝူးက
ယန်အန်းသို့ ရောက်လာသည့် အဂ္ဂါစနိုး၏ပထမဇနီး နင်းမ်ဝေးလ်စ်
ကို ပြောသည့် စကားအရသာ သိရသည်။

ပထမ ကွန်ဂရက်ကို ရှန်ဟဲ ပြင်သစ်ပိုင်နက်တွင် ရှိသည့် ပိုးအိ
မိန်းကလေးကျောင်း အဆောက်အဦးတွင် ကျင်းပသည်။ နွေရာသီ
ကျောင်းပိတ်ချိန်ဖြစ်၍ ကျောင်းတွင် မည်သူမျှမရှိ။ ဒရ၀မ် ထမင်း
ချက် တစ်ဦးသာ ရှိသည်။ ကျောင်းအပေါ်ထပ်တွင် အစည်းအဝေး
လုပ်၍ အစားအသောက်ကို ဒရ၀မ်က ချက်ကျွေးသည်။ သူတို့
ပြောသည့် စကားလုံးများကို ဒရ၀မ်က ကောင်းကောင်းနားမလည်။
ထို့အပြင် ဘာသာစကားကလည်း အမျိုးမျိုးဖြစ်သည်။ ကြိုတင်
ကာကွယ်မှုများ ပြုလုပ်ထားသော်လည်း အ၀င်အထွက်ကိုမှု
ဖုံးဖိ၍မရ။ ဤတွင် ကူမင်တန် လျှို့ဝှက်ပုလိပ်များက အနံ့ရသွား
ကြသည်။ ရှန်ဟဲတွင် ကွန်ဂရက်ကို (၆)ရက်ကြာ ကျင်းပခဲ့သည်ဟု
ချန်တန်ချူက ကွန်မြူနစ်အင်တာနေရှယ်နယ် တွင် (၁၉၃၆)ခုနှစ်
က ရေးခဲ့ဘူးသည်။

ကွန်ဂရက် စတုတ္ထမြောက်နေ့၌ ကိုယ်စားလှယ်များသည် လီဟန်
ချွန်း၏ အခန်းတွင် ထိုင်၍ ဆွေးနွေးနေကြသည်။ အစည်းအဝေး
မစသေး။ ထိုအခိုက် တရုတ်အင်္ကျီရှည် အနက် ၀တ်ထားသည့်
မသင်္ကာစရာ လူတစ်ယောက် ကပ်လျက် အခန်းထဲသို့ ၀င်လာသည်။
သူက လူမှုရေး အသင်းများအဖွဲ့ချုပ်နှင့် ၎င်းဥက္ကဋ္ဌ ၀မ် ဆိုသူကို လာ
ရှာသည်ဟု ဆိုသည်။ စင်စစ်ဥက္ကဋ္ဌသည် ထိုနာမည်မဟုတ်။ အသင်း
တည်ရာ အခန်းကလည်း သုံးခန်းကျော်ဖြစ်သည်။ ကိုယ်စားလှယ်များ
သည် အခန်းမှ ချက်ချင်း လူစု ခွဲပစ်လိုက်ကြသည်။ မိနစ်အနည်းငယ်
ကြာသောအခါ ပုလိပ်များနှင့် အရပ်ဝတ်အရပ်စား စုံထောက် ကိုး
ယောက် ရောက်လာကြသည်။ လီဟန်ချွန်း၏ အခန်းကို ရှာကြသည်။
သို့ရာတွင် ဘာမျှရှာမတွေ့။ စာရွက်စာတမ်းများကို ဖျောက်ဖျက်ပြီးပြီ။
ကိုယ်စားလှယ်များသည် မိန်းကလေးကျောင်းသို့ မလာရဲကြတော့။
ရှန်ဟဲမှ လူစုခွဲလိုက်ကြရတော့သည်။ ကွန်ဂရက်ကို ဆက်လက်
ကျင်းပရန် စီစဉ်ရသည်။ ရှန်ဟဲမှ မိုင် (၈၀) ကျော်အကွာတွင် နာမည်
ကျော် ဒက္ခိဏကန် ရှိသည်။ ဘေးတွင် တောင်တန်းများ၊ မိုးမခပင်များ
ဖြင့် လှပသည့် ရူခင်းများရှိသည်။ ပညာတတ် အများအပြား ဒက္ခိဏ
ကန်သို့ ပျော်ပွဲစား ထွက်လေ့ရှိကြသည်။ နာမည်ကျော် ချီဆင့်ဝိုင်
အရက်ကို မြည်းလေ့ရှိကြသည်။ ဤကန်တွင် လှေတစ်စင်း ဌားကာ
လှေပေါ်တွင် ကွန်ဂရက်ကို ဆက်လက်ကျင်းပရန် တစ်ယောက်အကြံ
ပေးသည်။ သို့ဖြင့် ကိုယ်စားလှယ်များသည် ဒက္ခိဏကန်သို့ တစ်လမ်း
စီခွဲ၍ ရောက်လာခဲ့ကြသည်။

ကွန်ဂရက်ကို လှေပေါ်တွင် ရက်ပေါင်းများစွာ ကျင်းပသည်။ အငြင်း
ပွားကြရသည်။ စင်စစ် တရုတ်ကွန်မြူနစ်ပါတီသည် စတင်တည်
ထောင် ကတည်းက လူတစ်ယောက်တည်းလို ညီညွတ်သိပ်သည်း
ခဲ့သည်မဟုတ်။ ကွန်ဂရက် ကိုယ်စားလှယ်များကို လုပ်နည်းလုပ်ဟန်
ပေါ်လစီများဖြင့် ခွဲကြည့်လျှင် သုံးစု ကွဲနေသည်။

ပထမအစုက ချန်တူရှူး၏ ကိုယ်စားလှယ် လီဟန်ချွန်း ခေါင်းဆောင်
သည့်အစု ဖြစ်၍ နောင်တွင် “လက်ျာဂိုဏ်း” ဟု အမည်တွင်သည်။
သူတို့အစုက တရုတ်ပြည် အလုပ်သမား လူတန်းစားသည် နုနယ်
သေးသည်၊ အလုပ်သမား လူတန်းစား၏ တပ်ဦးဖြစ်သည့် ကွန်မြူနစ်
ပါတီတစ်ရပ် ထူထောင်ဖို့ အသင့်မဖြစ်သေး၊ ခေတ်နောက်ကျနေ
သည်ဟု ယူဆသည်။ ချန်တူရှူးက အကြံပေးသည့် အတိုင်း “ပစ္စည်း
မဲ့ လူတန်းစား အာဏာရှင်စနစ်” ဟူသည့် စကားကို မသုံးရန် အဆို
ပြုသည်။ ချန်တူရှူး၏ အမြင်အရဆိုလျှင် မတ်ဝါဒီ ကလပ်မျိုးသာ
ဖွဲသင့်သည်ဟု ယူဆသည်။ ကွန်ဂရက်တွင် လီတာနှင့် ချန်ကွန်ပိုး
တို့က ဤလမ်းစဉ်ကို တင်လာကြသည်။ ချန်တူရှူးက ပါတီဖွဲ့ရန်
မလို၊ ကလပ်သဘော (၂၂) ယောက်သာ ရှိသင့်သည်ဟု ဆိုခဲ့သည်။


နောက်တစုမှာ နုနယ်သော ပါတီကို အချိန်အတော်ကြာ စွဲကပ်ခဲ့
သည့် “အလွန်အကျွံလက်ဝဲ” အစုဖြစ်သည်။ ထိုအစုကို လျူဂျင်
ချွန်နှင့် ကျန်းကို့ထောင်တို့က ကိုယ်စားပြုသည်။ သူတို့က “ပစ္စည်း
မဲ့ လူတန်းစား အာဏာရှင်စနစ်” ကို ချက်ချင်း ထူထောင်ရမည်ဟု
ဆိုကာ ဥပဒေတွင်း တိုက်ပွဲများအားလုံးကို ဆန့်ကျင်သည်။ သူတို့
က “တံခါးပိတ် ၀ါဒ” ကို ကျင့်သုံးကြသည်။ မည်သည့် အဖွဲ့အစည်း
နှင့် တပ်ပေါင်းစု မဖွဲ့ရ။ တရုတ် ပစ္စည်းမဲ့ လူတန်းစားကို လုံးဝမှီခို
အားထားသည့် အထီးကျန် ဖြစ်နေသော အစုကလေးမျိုး ထူထောင်
ချင်ကြသည်။ အခြားမည်သူ့ကိုမျှ လက်မခံ။ ပေါင်ဟွီးဆင့်က ထို
လမ်းစဉ်ကို ထောက်ခံသည်။

မော်သည် ထိုလမ်းစဉ် နှစ်ရပ်စလုံးကို ဆန့်ကျင်ခဲ့သည်။ ညီညွတ်ရေး
တပ်ပေါင်းစု လမ်းစဉ်ဖက်ကို တိမ်းသည်။ စကတည်းက ကျန်းကို့
ထောင်၏ အာဃာတ ထားခြင်းကို ခံခဲ့ရသည်။ မော်က ကွန်ဂရက်တွင်
ဆုံးဖြတ်ချက်ကို ဆန့်ကျင်မဲပေးခဲ့သည်။ ကျန်းကို့ထောင်က “အ၀ါ
ပညာတတ် လူတန်းစား” ဟူသော ဝေါဟာရတစ်လုံးကို ထွင်ခဲ့သည်။
ဤအလွန်အကျွံ လမ်းစဉ်ကြောင့် ပါတီ၏ ပထမ (၂)နှစ် အတွင်းတွင်
ပညာတတ်များကို မစည်းရုံးနိုင်အောင် ဖြစ်ခဲ့ရသည်။ မော်က ဤအစွန်း
နှစ်ခုလုံးကို ဆန့်ကျင်၍ လီနင်ဝါဒ လမ်းစဉ်ဖက်က ရပ်ခဲ့သည်။ သို့ရာ
တွင် မော်သည် ကွန်ဂရက်တွင် အနည်းစုဖြစ်နေသည်။ ကျန်းကို့ထောင်
က လွှမ်းသွားသည်။

ပထမ ကွန်ဂရက်က တင်သည့် ဗဟိုကော်မတီတွင် ချန်တူရှူးက
အထွေထွေ အတွင်းရေးမှူးဖြစ်၍ ကျန်းကို့ထောင်နှင့် လီတာတို့က
လက်ထောက်များ ဖြစ်ကြသည်။ ဤသုံးယောက်သည် ပေါလစ်
ဗျူရိုသဘောဖြစ်သည်။ ဌာနချုပ်ကို ရှန်ဟဲက ပြင်သစ်ပိုင်နက်တွင်
ထားရန် ဆုံးဖြတ်ကြသည်။

၁၉၂၁ ခုနှစ် ဇူလိုင်လကုန်၌ မော်သည် ဟူနန်ပြည်နယ်သို့ ပြန်လာ
ကာ သြဂုတ်လထဲတွင် ပထမဆုံး ကွန်မြူနစ် အလုပ်သမား သမဂ္ဂ
ကို ဖွဲ့စည်းသည်။ အောက်တိုဘာလ၌ မော်သည် ဟူနန်ပြည်နယ်
ပါတီ၏ အတွင်းရေးမှူး ဖြစ်၍ ၁၉၂၂ ခုနှစ်တွင် ဟူနန်ပြည်နယ်
အလုပ်သမားအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။

လီလီစန်သည် မော်၏ “ပြည်သူ့ဘ၀သစ် လေ့လာရေးအဖွဲ့” ကို
စိတ်မပါတပါ ၀င်ခဲ့ဘူးသည့် ဟူနန်ပြည်နယ်သား ဖြစ်သည်။ မော်၏
ဦးဆောင်မှုကို မကျေနပ်သော လီလီစန်သည် ၁၉၂၂ ခုနှစ်
နှစ်ဦးတွင် တရုတ်ပြည်လုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အတွင်း
ရေးမှူးအဖွဲ့တွင် တာဝန်ကျသည်။ လီလီစန်နှင့် လျူရှောက်ချီတို့
သည် မော့်ကို ဆန့်ကျင်ကြသည်။


(ဆက်ရန်။)

မှီငြမ်း။ ။
-ဒီရေမြင့်သစ် စာအုပ်ပါ အချက်အများစုကို မှီငြမ်းပါသည်။
(ဒီရေမြင့်သစ်စာအုပ်ကို ဘာသာပြန်သူမှာ ကွယ်လွန်သူ ဆရာ
မြသန်းတင့် ဖြစ်၍ မူရင်း စာရေးသူမှာ Han Suyin ဖြစ်သည်။)
-အင်တာနက်ပေါ်ရှိ Wikipedia စာမျက်နှာ။


Read more »