Thursday, 25 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင်အပိုင်း(၄)မှ အဆက် ….

ဘုန်းကြီးကျောင်းက ပြန်လာတဲ့ အဲဒီလူဟာ ဒေါ်လေးတို့အား
ကန်တော့ပွဲတစ်ခု ပြင်ဆင်ပေးဖို့ ပြောပါတယ်။ အဲဒီနောက် ကန်
တော့ပွဲနဲ့ ဘုန်းကြီးကျောင်းက ပြန်သယ်ဆောင်လာတဲ့ ခြေဆေး
ရေ ထည့်ထားတဲ့ ရေပုံးတွေကို ခြံထဲ သယ်သွားပါတယ်။ သူ
လုပ်နေတာတွေကို ဒီဖက်ခြံကနေ အားလုံး လိုက်ကြည့်နေကြပါ
တယ်။ အိမ်ကြီးနံဘေးရှိ သရက်ပင်တစ်ပင်ရဲ့အောက်မှာ ကန်တော့
ပွဲကိုထားပြီး တုတ်နဲ့ မြေကြီးကို စက်ဝိုင်းပုံသဏ္ဌာန် ရေးခြစ်နေ
ပါတယ်။ သူ့ထိုင်မယ့် နံဘေး ပတ်ပတ်လည်ကို ခြေဆေးရေတွေ
လောင်းပြီး မြေကြီးပေါ်မှာ တရားထိုင်သလို အကြာကြီး ထိုင်နေ
ပါတယ်။



တစ်နာရီလောက်အကြာမှာ ကန်တော့ပွဲကို ထားခဲ့ပြီး ဒီဖက်အိမ်
ကို သူပြန်လာပါတယ်။ ဒေါ်လေးတို့ဆီက ထမင်းတွေ ဟင်းတွေ
တောင်းပြီး လင်ဗန်းအကြီးကြီး တစ်ခုပေါ်တင်လို့ ခြံထဲကို ပြန်သွား
ပါတယ်။ ကန်တော့ပွဲထားခဲ့တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ အဲဒီ
လင်ဗန်းကြီး ချထားခဲ့ပါတယ်။

(ကိုဝက်) အကို၊ ခြံထဲမှာ အခြေအနေကောင်းလား …။

(အဲဒီလူ) ကျနော်လည်း သိပ်မပြောတတ်သေးဘူး၊ ည ၁၀ နာရီ
ကြရင် တစ်ခေါက်ထပ်သွားအုံးမယ်၊ အဲဒီက ပြန်လာရင်တော့
တစ်ခုခု ကျနော် ပြောနိုင်ပါပြီ …။

(ကိုအေး) အကိုကြီး၊ ကျနော် သိချင်လို့ တစ်ခုလောက် မေးပါရစေ
စိတ်မရှိပါနဲ့၊ အကိုက အထက်လမ်းဆရာလား၊ အောက်လမ်းနဲ့
အထက်လမ်း ဘယ်လို ခွဲလို့ရလဲ …။

(အဲဒီလူ) ရပါတယ် မေးပါ၊ ကျနော်က အောက်လမ်းတော့ မဟုတ်
ပါဘူး၊ အထက်လမ်းလားဆိုတော့လည်း ခင်ဗျားတို့ နားလည်အောင်
ကျနော် မရှင်းပြတတ်ဘူး၊ သူတပါး ဒုက္ခရောက်အောင်တော့ ကျနော်
သိထား တတ်ထားတာနဲ့ လုံးဝ မလုပ်ဘူးဗျာ၊ အောက်လမ်းနဲ့
အထက်လမ်း ဘယ်လိုခွဲသလဲ ဆိုတာ ပြောရခက်တယ်၊ ဒီခေတ်မှာ
အတုတွေများတော့ ဘယ်ဟာ အစစ်လဲဆိုတာ ပြဖို့ခက်တယ်၊
အထက်လမ်းဆရာ ဆိုသူတွေကို အလွယ်တကူ ရှာလို့တွေ့တယ်၊
ခင်ဗျားတို့ အောက်လမ်းဆရာကို တွေ့ဖူးလား၊ ဆရာစစ်စစ်ကို ပြော
တာနော်၊ ကျနော့်အထင်တော့ ဆရာအဆင့်ကို ရောက်ရင် … အင်း၊
ဆရာအဆင့်ဆိုတာလည်း ရှင်းပြဖို့ ခက်တယ်၊ ထားပါတော့ ဆရာ
အဆင့်ကို ရောက်တဲ့သူဟာ သူကြိုက်တဲ့ လမ်းကို ရွေးလို့ရတယ်၊
သူမှာ လောဘ မရှိဘူး၊ သူက လူတဖက်သားအပေါ် ကူညီရိုင်းပင်း
စိတ်ရှိတယ်၊ ဘာသာရေး အဆုံးအမကို နာခံလို စိတ်ရှိရင် အဲဒါ
အထက်လမ်းလို့ ပြောရမှာပေါ့၊ လောဘရှိတယ် လိုချင်မှုတွေ
အများကြီးရှိတဲ့သူဟာ အောက်လမ်းကို အချိန်မရွေး အသုံးပြု
နိုင်တယ်၊ အဲဒါဆို အောက်လမ်းဆရာလို့ ပြောရမယ် ….။

(ကိုကုလား) နောင်ကြီး ရှင်းပြတာ နားထောင်လို့ ကောင်းတယ်၊
ဒါပေမဲ့ ကျနော် နားမလည်ဘူးဗျာ …။

(အဲဒီလူ) လူတစ်ယောက်က သိုင်းတတ်တယ်ဗျာ၊ သူက တုတ်တွေ
ဓါးတွေ ကိုင်ထားတဲ့လူ လေး …ငါးယောက်ကို လက်နက်မပါဘဲ တိုက်
ခိုက်နိုင်တယ်ပေါ့၊ အဲဒီပညာနဲ့ သူတပါးကို တရားသဖြင့် ကယ်ရင်
အထက်လမ်းပေါ့၊ အဲဒီပညာနဲ့ ဓမြတိုက်စားရင် အောက်လမ်းပေါ့၊
ယှဉ်ပြိုင်နိုင်လောက်တဲ့ အဆင့်ကို ရောက်ရင် ဆရာအဆင့်လို့
သတ်မှတ်တယ်ဗျာ ရှင်းလား၊ တချို့ဆရာတွေရှိတယ် သူတို့ နာမည်
ကြီးအောင် အကြောင်းမဲ့သက်သက် သူတပါးကို တိုက်ခိုက်ပြတယ်၊
အဲဒါလည်း အထက်လမ်း မခေါ်ဘူး …။

အဲဒီညမှာ အရပ်ထဲက ကာလသား လူငယ်တချို့ပါ သူတို့နဲ့အတူ
ရှိနေကြပါတယ်။ ဘယ်အချိန်မှာ သူတို့ခြံထဲက ဘာတွေ ဖြစ်လာမလဲ
လို့ အားလုံးစောင့်ကြည့် နေပါတယ်။ ည (၉)နာရီလောက်မှာ အရင်
နေ့တွေက လုံးဝ မကြားရတဲ့ ခွေးအူသံတွေဟာ လမ်းတလျှောက်
ဆူညံစွာ ထွက်ပေါ်လာပါတယ်။ ခွေးအူသံတွေကြောင့် နဂိုက ကြောက်
စိတ်မရှိတဲ့ သူတွေတောင် ကျောချမ်းချင်သလို ဖြစ်နေပါတယ်။ ည
(၁၀)နာရီလောက်မှာ အဲဒီလူဟာ ခြံထဲကို ထပ်သွားဖို့ ပြင်ဆင်နေ
ပါတယ်။ ခြံထဲကို သူဝင်သွားတဲ့ အချိန်ကစ’ပြီး ပြန်ထွက်မလာခင်
အချိန်အထိ ခြံထဲကို ဘယ်သူမှ ပေးမ၀င်ဖို့နဲ့ ခြံထဲမှာ သူ တစ်ခုခု
ဖြစ်ပျက်နေတာ တွေ့ရင် လုံးဝ ၀င်မလာဖို့ အားလုံးကို အကြိမ်ကြိမ်
သတိပေးပြီး ထွက်ခွာသွားပါတယ်။ အဲဒီလူဟာ ခြံထဲကို အောင်လင်း
မီးအိမ်နဲ့ ပလပ်စတစ်အခင်းပိုင်းလေးပဲ ယူဆောင်ပြီး ၀င်ရောက်
သွားပါတယ်။ ညနေက သူထိုင်ခဲ့တဲ့ နေရာမှာပဲ တရားထိုင်သလိုမျိုး
ထိုင်နေပါတယ်။ သူထိုင်နေတဲ့ နေရာဟာ အိမ်ကြီး ခေါင်းရင်းဖက်
ဖြစ်နေလို့ မြင်ကွင်းကို သူတို့အားလုံး သဲသဲကွဲကွဲ မမြင်ရပါ။
ဒါကြောင့် ဦးလေးအပါအ၀င် သူတို့အားလုံး နောက်ဖေးခြံဖက်
ကနေ သွားကြည့်ကြပါတယ်။

နောက်ဖေးခြံထဲမှာ ရပ်ကွက်ထဲက အရန်မီးသတ်အချို့ပါ ရောက်နေ
ပါတယ်။ နောက်ဖက်ရှိ စိုက်ခင်းထဲကနေ လှမ်းကြည့်တော့ အိမ်ကြီး
ရဲ့ အနောက်ဖက် အနေအထားဟာ တကယ့်ကို ကြောက်စရာပါ။
ခြံစည်းရိုးနံဘေး မရောက်ခင် ခပ်လှမ်းလှမ်းကနေ သူတို့အုပ်စုလိုက်
လှမ်းကြည့်ကြပါတယ်။ သူတို့ခြံထဲက အဲဒီလူဟာ သရက်ပင်အောက်
မှာ တစ်ယောက်တည်း ထိုင်နေပါတယ်။ ရုတ်တရက် အိမ်ကြီးရဲ့ ခေါင်
မိုးပေါ်ကို ခဲနဲ့ ထုသလို တဒုန်းဒုန်းနဲ့ အသံတွေ ထွက်လာပါတယ်။
လေတွေလည်း တဝေါဝေါ တိုက်ခတ်လာပါတယ်။ ဘယ်သူလှမ်းပြစ်
နေမှန်း မသိတဲ့ သရက်သီးတွေ ခဲတွေဟာ အဲဒီလူကို ထိမှန်
နေပါတယ်။ ပထမ တစ်ချက်ချင်း လှမ်းပြစ်နေတာပါ။ နောက်တော့
သဲနဲ့ ပက်သလို ဝေါကနဲ ဝေါကနဲ ဖြစ်လာပါတယ်။

သူတို့ မျက်စိရှေ့မှာပဲ အဲဒီလူ ခေါင်းပေါက်ပြီး သွေးတွေ စီးကျ
နေပါတယ်။ အဲဒီအချိန်မှာ အိမ်ကြီးရဲ့ အပေါ်ထပ်ရှိ ပြတင်းပေါက်
တစ်ခုဟာ သူ့အလိုလို ပွင့်လာပါတယ်။ ပြတင်းပေါက် အထဲကနေ
ပစ္စည်းတစ်ခုကို တစုံတယောက် လှမ်းပြီး လွှတ်ပြစ်လိုက်သလို
သူတို့ရှေ့ကို ရောက်လာပါတယ်။ ပထမတော့ ကျလာတဲ့ ပစ္စည်း
ကို သူတို့အားလုံး စိုက်ကြည့်နေပါတယ်။ နောက်တော့ ဘယ်သူက
စ’ပြီး ပြောလိုက်သလဲ မသိပါ “ပြေး …ပြေး … အပေါ်က လှမ်းကြည့်
နေတယ်” ဆိုတဲ့ အသံကြောင့် သူတို့အားလုံး ပြေးကြပါတော့တယ်။
နောက်ဖေးခြံ ထိပ်ဝ’ မရောက်ခင် ခြံရှင်မိသားစုက “ဘာဖြစ်လို့လဲ”
လှမ်းမေးမှ သူတို့ ရပ်နားလိုက်ပါတယ်။ တွေ့ခဲ့ရတဲ့ အထုပ်ဟာ
သူတို့ သရဲစမ်းတုန်းက သွယ်တန်းခဲ့တဲ့ နိုင်လွန်ကြိုးခွေပါ။

အရန်မီးသတ်တွေရော နောက်ဖက်ခြံက လူတွေအပါအ၀င်
သူတို့အားလုံး အိမ်ကြီး၏ နောက်ဖေးခြံစည်းရိုး နံဘေးကို
ထပ်သွားကြပါတယ်။ ကျွတ်ကျပြီး ကျန်ခဲ့တဲ့ ဖိနပ်တွေကို ပြန်စီး
ကြပါတယ်။ သူတို့ခြံထဲက ဟိုလူ့ကို လှမ်းကြည့်တော့ သူ့အင်္ကျီ
မှာ သွေးတွေ စွန်းနေပါတယ်။ ပထမပုံစံ သဲနဲ့ ပက်သလိုမျိုး
မရှိတော့ပါ။ ခဲလိုလို သရက်သီးလိုလို အရာတွေ အဲဒီလူရဲ့
ခေါင်းနဲ့ ခန္ဓာကိုယ်တွေဆီ ထိမှန်နေဆဲပါ။ အိမ်ကြီးရဲ့ အပေါ်
ထပ် ပြတင်းပေါက်ကို သူတို့အားလုံး မ၀င့်မရဲ လှမ်းကြည့်
ကြပါတယ်။ ဘယ်သူမှ မတွေ့ရပါ။ အပေါ်က ကျလာတဲ့ ကြိုးခွေ
မှာ ချိတ်ခဲ့တဲ့ အမဲသား အစိမ်းတုံးတော့ မတွေ့ရပါ။ အဲဒီအချိန်မှာ
အရန်မီးသတ်တစ်ဦးက “နောက်တစ်ခု ပြုတ်ကျလာပြီ” အော်သံနဲ့
အတူ ပြတင်းပေါက်အတွင်းက ပစ္စည်းတစ်ခု သူတို့ဆီ ထပ်ကျလာ
ပါတယ်။ အဲဒီပစ္စည်းဟာ တိုက်တိုက်ဆိုင်ဆိုင် ရှေ့ဆုံးရှိ ကိုဝက်
ခေါင်းပေါ် တည့်တည့်ကျလာပါတယ်။ ကိုဝက်ရဲ့ “အောင်မလေးဗျ”
အော်သံဟာ တော်တော်လေး ကျယ်ပါတယ်။ ပြေးလို့ ဘယ်သူမှ
မပြောပါဘူး၊ သတိထားမိတဲ့အချိန်မှာ သူတို့ခြေလှမ်းတွေ ခြံထိပ်ဖက်
ရောက်အောင် ပြေးပြီးသွားပါပြီ။

နောက်ဖက်မှာ ကျန်ရစ်ခဲ့သူ တစ်ဦးရဲ့ အပြောအရ နောက်တစ်ကြိမ်
ပြစ်ချလိုက်တဲ့ အထုပ်ဟာ အ၀တ်ဟောင်းတစ်ခုလို့ ဆိုပါတယ်။
သူတို့ ပြန်သွားကြည့်ဖို့ အားမရှိတော့ပါ။ နောက်ဖေးခြံကနေ လမ်းမ
ကြီးဖက် ထွက်ပြီး ပြန်ခဲ့ကြပါတယ်။ လမ်းမကြီးပေါ်ကနေ သူတို့လမ်း
ထဲ စ’၀င်တော့ ရဲစိုးက ရှေ့ဆုံးကပါ။ ရဲစိုးက ….
“ဟိုရှေ့က လူတွေ ဒီလမ်းထဲကလား ကိုကုလား၊ ဒီအချိန်ကြီး
ဘယ်အိမ်ကို သွားမလို့လဲ …”

(ကိုကုလား) ငါလည်း မသိဘူး၊ တစ်အိမ်အိမ်ကို လာတဲ့ ဧည့်သည်
တွေ ဖြစ်မှာပါ …။

သူတို့ရှေ့ ခပ်လှမ်းလှမ်းမှာ လူငါးယောက်ဟာ လမ်းထဲကို သွားနေ
ကြပါတယ်။ ဆရာကြီးခြံရှေ့ သူတို့ရောက်တဲ့ အချိန်မှာ အဲဒီလူတွေ
ဟာ သူတို့ခြံရှေ့မှာပါ။ သူတို့အားလုံး မျက်စိရှေ့မှာပဲ အဲဒီလူတွေ
ခြံထဲဝင်သွားပါတယ်။ ကိုကုလားက “ဟေ့လူတွေ … ဟေ့လူတွေ
…. ခဏနေအုံး ခင်ဗျားတို့ ဘယ်ကလဲ” လို့ အသံကျယ်ကျယ်နဲ့
အော်မေး ပါတယ်။ မယုံနိုင်လောက်စရာ … သူတို့ခြံအတွင်းကို ၀င်
သွားတဲ့ လူများကို ဒီဖက်ခြံထဲကနေ လှမ်းကြည့်တော့ မတွေ့ရပါ။
ဦးလေးလည်း စိတ်ညစ်တဲ့ လေသံဖြင့် “မောင်ဝက်ရေ၊ မနက်ဖြန်
ဆိုင်းဘုတ်တင်ကွာ၊ ခြံရောင်းရန် ရှိသည်” လို့ ….။

ည (၁၂)နာရီကျော်တဲ့အထိ သူတို့ခြံဖက်က အဲဒီပုဂ္ဂိုလ် ပြန်မလာ
လို့ အားလုံး စိတ်ပူနေကြပါတယ်။ မိုးမရွာခင် ဖားအော်တဲ့ အသံ
တွေ ခွေးအူသံတွေနဲ့ သူတို့အားလုံး ခြောက်ခြားနေကြပါတယ်။
ည (၁)နာရီ ကျော်တဲ့အချိန်မှာ အဲဒီလူ သူတို့ဆီကို ပြန်ရောက်
လာပါတယ်။ သူ့အင်္ကျီမှာ သွေးကွက်တွေ စွန်းနေလို့ လူတွေအားလုံး
သူ့အပေါ် သနားနေကြပါတယ်။ ဒေါ်လေးက ….
“မောင်လေးရယ်၊ မင်းကို ငါတို့ အားလုံး စိတ်ပူနေတာ၊ မင်း တစ်ခုခု
ဖြစ်နေသလားလို့၊ အခုမှာပဲ စိတ်အေးရတယ်၊ ခေါင်းက ဒဏ်ရာတွေ
ကို ဆရာဝန်ဆီ သွားပြမလား …”

(အဲဒီလူ) ရပါတယ်၊ ဒဏ်ရာက သိပ်မများပါဘူး၊ ဆေးခန်းသွားဖို့
မလိုပါဘူး၊ အနာလိမ်းဆေး တစ်ခုခု လိမ်းရင် ပျောက်သွားမှာပါ၊
ကျနော် အခု တော်တော်လေး သိခဲ့ပြီ …။

သူ အ၀တ်အစားလဲပြီး ဆေးလိမ်းနေချိန်မှာ …

(ဦးလေး) အကိုတို့လည်း အခုပဲ ပြောနေတာ၊ မနက်ဖြန်က စ’ပြီး
ဒီခြံမှာ ဆိုင်းဘုတ်ချိတ်တော့မလို့၊ ၀ယ်ခဲ့မိတာ အရမ်းမှားသွား
တယ် ….။

(အဲဒီလူ) ပြန်မရောင်းပါနဲ့၊ ပြဿနာက အရမ်းမခက်ပါဘူး၊ လပြည့်
လကွယ်ရောက်အောင်တော့ စောင့်ရမယ်၊ အဲဒီအချိန်ရောက်မှ
သူတို့ကို မောင်းထုတ်လို့ရမှာ၊ မနက်ဖြန် ညနေပိုင်းက စ’ပြီး ကိုယ်ခြံ
မှာ ပြန်နေလို့ရအောင် ကျနော်လုပ်ပေးပါ့မယ် ….။

(ဆရာကြီး) ဒီခြံရဲ့ လက်ရှိအနေအထားက အရာရာ ပြန်အဆင်ပြေ
မယ်လို့ မောင်ရင် မျှော်လင့်ထားသလား ….။

(အဲဒီလူ) ပြေမှာပါ၊ ပထမတော့ ကျနော် စဉ်းစားထားတာက ကျနော့်
အတတ်နိုင်ဆုံး လုပ်ကြည့်မယ်၊ ကျနော် မနိုင်ရင် ဘုရားကု ကုမယ်လို့
စဉ်းစားထားတာ၊ အခု စမ်းကြည့်တော့ အခြေအနေက ဆိုးတော့ ဆိုး
တယ်၊ ပြန်ကောင်းလာအောင် ကျနော် လုပ်ပေးနိုင်ပါတယ် …။

(ကိုဝက်) အဲလိုဖြစ်အောင် ဘယ်လိုများ လုပ်ထားသလဲဗျာ၊ ကျနော်
အရမ်း သိချင်တာပဲ …။

(အဲဒီလူ) ဒီလိုဗျ၊ ကျနော်အခု ခြံထဲသွားပြီး မေတ္တာပို့ကြည့်တော့
ပထမ ကျနော့်ကို နှောက်ယှက်ကြတယ်၊ ကျနော်က စည်းတားပြီး
ဆက်မေတ္တာပို့နေတော့ သူတို့ ခဲတွေ သရက်သီးတွေနဲ့ ကျနော့်
ကို ထုကြတယ်၊ အဲဒီမှာ ကျနော် ခေါင်းပေါက်သွားတာ၊ အဲဒါလည်း
ကျနော်မထ’ဘဲနဲ့ ဆက်လုပ်နေတော့ စည်းအပြင်ကနေ ကျနော့်ကို
လာပြီး ၀ိုင်းကြည့်နေကြတယ်၊ တော်တော်များတယ်ဗျ၊ ဒီခြံကို ဘယ်
အချိန်က စ’ရောက်နေသလဲ မေးတော့၊ ပထမ အသံ ထွက်မလာ
ဘူး၊ နောက် တော်တော်လေး ကြာတော့၊ ငါတို့က ဒီနေရာကနေ
အပြင်ကို ထွက်လို့ မရဘူးတဲ့၊ “အင်း” နဲ့ ချုပ်ထားပြီလို့ သိလိုက်
တယ်၊ ဒါနဲ့ မင်းတို့ကို ငါ ဒီနေရာကနေ လွတ်မြောက်အောင်
လုပ်ပေးမယ် မင်းတို့ ဘာလိုချင်လဲ မေးတော့၊ သူတို့ကို အရင်က
လပြည့် လကွယ်တိုင်း “ခေါစာ” ကျွေးတယ်၊ ခုနှစ်ရက်တခါ စပါးလင်
ပေါ် ရေ (သွေး)တိုက်တယ်လို့ ပြောတယ်၊ အခု အဲလို မလုပ်ပေးတာ
ကြာပြီလို့ ဒေါသသံနဲ့ ပြောတယ်၊ အဲဒီတော့မှ ကျနော်လည်း သဘော
ပေါက်သွားတယ်၊ မနက်ဖြန်ကျရင် ငါလုပ်ပေးမယ်၊ မင်းတို့လည်း
ငါတို့အားလုံးကို မနှောက်ယှက်ပါနဲ့လို့ မေတ္တာရပ်ခံခဲ့တယ် …။

(ကိုကုလား) နောင်ကြီး၊ သူတို့က တစ္ဆေတွေလား၊ ဘာတွေလဲ …။

(အဲဒီလူ) အောက်လမ်းဆရာတွေ “ကြတ်ကုန်း” ကနေ ခေါ်ခဲ့တဲ့
ပြိတ္တာတွေပါ၊ မကျွတ်မလွတ်ပဲ သက်တမ်းရင့်လာတော့ တချို့လည်း
“သဘက်” အဆင့်ရောက်သွားတာပေါ့၊ အမျှအတန်းပေးဝေတာကို
သာဓု မခေါ်နိုင်တဲ့ ၀ဋ်ကို ခံနေရရှာတာ အရမ်းသနားဖို့ ကောင်း
ပါတယ် …။

(ကိုအေး) သူတို့ကို ချုပ်ထားတဲ့ “အင်း” ရော ပြန်ထုတ်လို့ ရလား၊
အဲဒီအိမ်ကြီးပေါ်က ခြောက်လှန့်နေတာရော အတူတူပဲလား …။

(အဲဒီလူ) အိမ်ကြီးပေါ်မှာ သိပ်မရှိပါဘူး၊ သုံးယောက်ပဲ တွေ့ရတယ်၊
ခြံထဲကဟာတွေ ထွက်သွားရင် သူတို့လည်း ထွက်သွားမှာပါ၊ သူတို့
ကို ရည်စူးပြီး သင်္ကန်း လှူပေးရင် ကျွတ်သွားနိုင်ပါတယ်၊ မနက်ဖြန်
နေ့ထွက်ချိန်မှာ ခြံထဲမှာ မြုပ်ထားတဲ့ “အင်း”ကို ဖော်လို့ ရအောင်
လုပ်ရမယ်၊ အဲဒီဟာက သာမန် မဟုတ်ဘူး၊ “မွေးအင်း” လို့ခေါ်တယ်၊
မြေကြီးထဲ လျှောက်ပြေးနေတာ၊ စိတ်မပူပါနဲ့၊ အားလုံးဘဲ စိတ်ကို
ဒုန်းဒုန်းချပြီး အိပ်ကြတော့ မိုးလင်းတော့မယ် …။

နောက်နေ့မနက် သူတို့အားလုံး အိပ်ယာက ထ’တော့ တော်တော်
နေမြင့်နေပါပြီ။ ဒေါ်လေးတို့ခြံဖက် ကြည့်လိုက်တော့ လူတွေအများ
ကြီး ခြံထဲ ရောက်နေတာကို တွေ့ရပါတယ်။ ဆရာတော်တွေ ပရိတ်
တရား ချီးမြှင့်ပြီးပြီလို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့ ညတွေများတော့
သူတို့လည်း မဟန်နိုင်တော့ပါ။ ခြံထဲရောက်သွားတော့ ကိုဝက်က
ခြံဒေါင့်တွေဖက် မသွားကြဖို့ လှမ်းပြောပါတယ်။ အဲဒီအချိန်မှာ ဟို
ပုဂ္ဂိုလ်က “သွားလို့ရပါတယ်၊ ကျနော် မြေကြီးပေါ်မှာ ဆွဲထားတဲ့
“အင်း” တွေ ပြန်ဖျက်ပြီးပြီ” လို့ လှမ်းပြောပါတယ်။ ကိုအေးက
ဘာကြောင့် မြေကြီးပေါ်မှာ “အင်း” ဆွဲရသလဲလို့ မေးမြန်းစပ်စု
ပါတယ်။ အဲဒီလူ ပြောပြပုံက ….
“မြေကြီးထဲက မကောင်းတဲ့ “အင်း” ကြောင့် သူနဲ့ ဆန့်ကျင်ဖက်
“အင်း” ကို မြေပေါ်မှာ ဆွဲရတယ်၊ အဲဒီတော့မှ အထဲက “အင်း”
ထွက်လာတယ်”
လို့ ရှင်းပြပါတယ်။

ဒီလိုနဲ့ အလှူပြီးတဲ့အထိ ဒေါ်လေးတို့ခြံထဲမှာ ထူးထူးခြားခြား ဖြစ်စဉ်
တွေ ရပ်တန့်သွားပါတယ်။ နောက်ဖက်က အိမ်ကြီးဆီတော့ ဘယ်သူ
မှ မသွားရဲသေးပါ။ အဲဒီလူ တစ်ယောက်တည်း အပေါ်ထပ်က ဘုရားခန်း
မှာ သွားအိပ်ပါတယ်။ အလှူပြီးလို့ နှစ်ရက်လောက်အကြာမှာ လပြည့်နေ့
ဖြစ်လို့ နံဘေးက ကျောင်းဆရာကြီးခြံမှာ တစ်ညသွားပြန်အိပ်ဖို့ အဲဒီ
လူက ပြောပါတယ်။ အဲဒီညမှာ ခြံပေါက်ဝ’က တံခါးမကြီးကို တစ်ညလုံး
ဖွင့်ထားပါတယ်။ သူတို့ခြံဖက်ကို လှမ်းကြည့်ပြီး ဘယ်အချိန်မှာ ဘာသံ
တွေ ကြားရမလဲလို့ စောင့်မျှော်နေကြပါတယ်။ ဘာသံမှ ထွေးထွေးထူးထူး
မကြားခဲ့ရပါ။ နောက်နေ့မနက်မှာ ဒေါ်လေးတို့ခြံဖက်ဆီ ပြန်လာတဲ့
အခါ သွေးနဲ့လောင်းပြီး စိုက်ပျိုးထားတယ်လို့ လူပြောများတဲ့ စပါးလင်
ပင်တွေကို အဲဒီလူကိုယ်တိုင် လိုက်တူးပြီး လွှတ်ပြစ်နေပါတယ်။ ပြီးတော့
ခြံထဲမှာ အနှောက်အယှက်အားလုံး ကင်းသွားပြီးလို့ ပြောပါတယ်။ သူ့
အတွက် ခရီးစရိတ်ကားခ တောင်းပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပါတယ်။
ဦးလေးက ဆရာကြေး ဘယ်လောက် ကန်တော့ရမလဲလို့ ဇွတ်အတင်း
တောင်းတောင်းပန်ပန်နဲ့ လိုက်မေးပါတယ်။ အဲဒီလူက သူ လုံးဝ
လက်မခံကြောင်း ပြောပြီး ထွက်ခွာသွားပါတယ်။

နောင်အခါမှာ ဒေါ်လေးတို့မိသားစုက ကျေးဇူးဆပ်တဲ့အနေနဲ့
အဲဒီလူ နေထိုင်ရာမြို့ကို သွားလည်ပြီး သူ့ဇနီးသည်ထံ ငွေတစ်သိန်း
ဇွတ်အတင်း ပေးခဲ့တယ်လို့ မောင်ထူးဆီမှ သိရပါတယ် ….။


(ပြီးပါပြီ။)

36 comments:

Anonymous said...

နောက်ဆုံးပိုင်း တက်တာ မြန်တယ် ...း)
ကျေးဇူးကမ္ဘာဗျာ ကိုအောင်

AEO

TNS said...

ကိုအောင်..
အခုမှဘဲ သက်ပြင်းချနိုင်တော့တယ်ဗျာ....
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.


ကျေးဇူး ကိုအောင်

sosegado said...

တစ်ဝကြီးစိတ်ဝင်စားဖွယ် ဖတ်လိုက်ရတယ် ကျေးဇူးပါ၊ ငယ်ငယ်က သရဲလုပ်တမ်းသစားတာကို ပြန်သတိရပြီး ကြောက်လာသလို ၊

khin oo may said...

ကောင်းတယ်။

မြစ်ကျိုးအင်း said...

တထိတ်ထိတ်နဲ့ဗျာ တကယ်မောပါ့
ဖတ်ရတာလည်း ကောင်းလိုက်တာ
ရှိသေးရင် ထပ်တင်ပေးအုံးဗျ
တကယ့်ရသ ပါပဲဗျာ

Anonymous said...

ကျေးဇူးအရမ်းကိုတင်ပါတယ် နောက်ဆုံးပိုင်းကိုခုလိုမြန်မြန်လေးတင်ပေးတဲ့အတွက်...
နောက်ထပ်အဲလိုအကြောင်းအရာလေးရှိရင်တင်ပေးပါဦးနော်...

Anonymous said...

ကျေးဇူးအရမ်းတင်ပါတယ် ..နောက်ဆုံးပိုင်းကိုခုလို
မြန်မြန်တင်ပေးတဲ့အတွက်..
နောင်လည်းခုလို အကြောင်းအရာတွေရှိရင်တင်ပေးပါအုံးနော်...
ပြီးတော့လည်းဟာတာတာကြီး...ဆက်ဖတ်ချင်နေသေးတယ် ..မပြီးတော့လည်းမျှော်တလင့်လင့်နဲ့ :)

ကိုလူထွေး said...

ပရိတ်သတ်ကို မထိတ်သာ မလန့်သာနဲ့ အဆုံးအထိရောက်အောင် ဆွဲခေါ်သွားတာ အားကျမိတယ်....

ဒီစာရေးနေတုန်းမှာတော့ ကိုအောင် ခဏခဏ အပေါ့သွားခဲ့ရတယ် မဟုတ်လား...

မှန်မှန်ပြောဘာ...

းဝ)

မေဓာဝီ said...

ကျေးဇူးပဲ ကိုအောင်ရေ ...
အကြာကြီး မျှော်ရမယ်ထင်နေတာ။ မြန်မြန်တင်ပေးလို့ ၀မ်းသာသွားတာပဲ။

အဲဒီလူပြောသလိုပဲ တကယ်တော့ သူတို့ဘ၀က သနားစရာပါနော်။
တခါတုန်းက ကျမကိုယ်တိုင် ကြုံဖူးတာလေးလဲ ရှိသေးတယ်။ ရေးဖို့ အချိန်မရှိလို့ ခဏအောင့်ထားသေးတာ။ :)

ZT said...

ကျေးဇူးတင်ပါတယ်။ Bravo. အရင်အပိုင်းတွေတုန်းက ကျောထဲက စိမ့်လာတယ်။ ဒီအပိုင်းတော့ သိပ်ကြောက်စရာ မကောင်းသလိုပဲ။

momiji said...

နောက်ဆုံးပိုင်းဆန်ဆနတွေဖတ်ဘူးလို့ကြောက်ဖူး

များများေ၇းပါ

ရွှေရတုမှတ်တမ်း said...

ဇတ်သိမ်းကြမှမြန်လိုက်တာကိုအောင်ရာ..

ကိုအောင်(ပျူနိုင်ငံ) said...

အကိုတို့အားလုံး ဇာတ်ကို မြန်မြန်သိမ်းစေချင်သလား
လို့ ကျနော်က သိမ်းလိုက်တာ၊ ခြံထဲမှာ ပြန်နေလို့
ရတဲ့ နေရာကနေ အလှူမပြီးခင်ကြားကာလတွေကို
ကျော်ပြစ်လိုက်တာပါ ....း)

Anonymous said...

နောက်ထပ်အဲလိုအကြောင်းအရာလေးရှိရင်တင်ပေးပါဦး

nyimg said...

ဟူး ... အခုမှပဲ အစအဆုံးတခေါက်ပြန်ဖတ်ပြီး နောက်ကျောမလုံသလိုဖြစ်လာတယ်။

shwezinu said...

ကိုအောင်ရေ

ကျေးဇူးပါဗျာ..


ခင်တဲ့
ရွှေစင်

sweetpeony said...

HUUUUUUUUU......

သမီးကြီး said...

ကိုအောင်ရေ အဲဒီကျော်ပြစ်တဲ့ အပိုင်းတွေ ပြန်တင်ပေးအုန်းနော်။

သမီးကြီး said...

ကိုအောင်ရေ အဲဒီကျော်ပြစ်တဲ့ အပိုင်းတွေ ပြန်တင်ပေးအုန်းနော်။

ပန်းခရမ်းပြာ said...

ဇာတ်သိမ်းပိုင်း အပြီးတင်ပေးတဲ့ အတွက် ကျေးဇူးပါ ကိုအောင်။
စည်းဝိုင်း အပြင်ကနေ လာဝိုင်းကြည့်နေကြတယ် ဆိုလို့ ကျောချမ်းလိုက်တာ။ ငါဘုရားရှိခိုးနေတုန်း အဲလို လာကြည့်နေကြတာများ ရှိခဲ့သလားလို့။ ကြံဖန် ကြောက်တာ။

မချို

ဆောင်း said...

ကျေးဇူးတင်ပါတယ်

ဆောင်း said...

မွေးအင်းပေါ်လာတာရော တွေ့ လိုက်လား

ကိုအောင်(ပျူနိုင်ငံ) said...

စာလာဖတ်တဲ့ ညီအကိုမောင်နှမ အားလုံးကို ကျေးဇူး
တင်ပါတယ်၊ အဖြစ်အပျက်တွေရဲ့ အကြောင်း နောင်
အခွင့်ကြုံရင် ဖော်ပြပါ့မယ်၊ အားလုံး အဆင်ပြေကြပါစေ။

ဆောင်းနှင်းရွက် said...

ဖတ်လို့ ကောင်းလိုက်တာ ..
ဖတ်ရင်း ဖတ်ရင်း
ပိုပြီး စိတ်ဝင်စားလာတယ် ..

ခေါင်းစဉ်စမြင်ကတည်းက
တော်တော် ဖတ်ချင်သွားတယ် ..
ကြောက်တော့ ကြောက်တယ် ..
ကြောက်လည်း ကြောက်ဖူးပေါ့ .. :D

ပထမဆုံး လာလည်ရင်းနဲ့
ပထမဆုံး ဖတ်ဖူးတဲ့ ဒီပို့စ်နဲ့ တင်
တော်တော် ကြိုက်သွားပြီ ..
နောင် အမြဲ လာအားပေးနေမယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

YoungGun said...

မြေကြီးထဲ လျှောက်ပြေးနေတဲ့ အင်းအရှင်တွေ ရှိတယ်။ လေထဲ ပျံဝဲလာတဲ့ အင်းပျံတွေ ရှိတယ်။ ပုတီး၊ ဆန်မန်းပေါက်ပေါက်တွေနဲ့ ဝိုင်းဆော်လိုက်မှ အင်းက အသက်မဲ့သွားတယ်။ ဒီပို့စ်တွေကနေ အရင်လို သွေးမျိုးကို လှုပ်နိုးပေးတယ်ဗျာ။ ကျေးဇူးပါ။

ကလူသစ် said...

နောက်ဆုံးပိုင်းက ပေါ့တယ်ဗျာ။ အတိအကျတင်ပေးပါဗျ။

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော် ဒီပြင်ခေါင်းစဉ်တစ်ခုနဲ့ ချန်ခဲ့တဲ့ နေရာတွေလေ
ဖြည့်ရေးပေးမယ်လေ ဟုတ်ပြီလား ကိုလူသစ်။

ကိုချစ်ဖေ said...

ကိုအောင်ရေ
ဇာတ်သိမ်းခန်းက မြန်ပါ့ဗျာ
နောက်ဘယ်လိုအဆင်ပြေသွားတယ် ခုလက်ရှိဘယ်လိုဆိုတာလေးပါ ပြောပြပါဦးဗျာ
အင်းတွေကော ဘယ်လိုပေါ်လာထွက်လာတယ်ဆိုတာလဲ သိလိုပါတယ်ဗျာ

စံလင်းထွန်း said...

စာဖတ်ရောက်လာပါတယ်ခင်ဗျာ ...။

လေးစားလျက် ...
စံလင်းထွန်း

နန်းညီ said...

ဟင်.. သူလုပ်လိုက်တော့လည်း လွယ်နေသလိုလို..

pandora said...

ကိုအောင့်ဝတ္ထုကို ညကြီးမင်းကြီး အစအဆုံးဖတ်သွားတယ်။
ဟီး ဟီး..(ရယ်တာမဟုတ်.. တုန်လှုပ်သံ)

Shwe said...

ဖတ်လဲဖတ်ချင်တယ် ... ကြောက်လဲကြောက်တယ် ...

Shwe said...

ဖတ်လဲဖတ်ချင်တယ် ... ကြောက်လဲကြောက်တယ် ...
တကယ့်ဟာပေါ့နော် ...

shwekhaing said...

ဖတ်လဲဖတ်ချင်တယ် ... ကြောက်လဲကြောက်တယ် ...
တကယ့်ဟာပေါ့နော် ...

rose said...

သွေးပျက်ဖွယ်ရာ အိမ်ကြီး အကြောင်း အစ အဆုံး လာဖတ်သွားတယ် ကိုအောင်။ လူတွေလည်း ထူးထူးဆန်းဆန်းနော်... သရဲပဲ မွေးရသေးတယ် ဒုက္ခပါပဲ။

Anonymous said...

ဒီထက်ပိုကြောက်ဖို့ကောင်းတဲ့ဟာတွေဖတ်ချင်ပါတယ်