Thursday, 25 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (အပိုင်း- ၄)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင် အပိုင်း(၃)မှ အဆက် ….

ကိုဝက်နဲ့ မောင်ထူးဟာ ဆရာဝန်ခေါ်ဖို့ သွားကြပါတယ်။ ချွေးထွက်
နေတဲ့ ရဲစိုးနဲ့ နောင်နောင်ကို အ၀တ်လဲပေးတော့ သူတို့အားလုံး
သတိထားမိလိုက်တာက ပရိတ်ကြိုးပါ။ သူတို့နှစ်ဦးရဲ့ လည်ပင်းမှာ
ပရိတ်ကြိုးတွေ မရှိပါဘူး၊ ဒါနဲ့ ဘယ်ရောက်သွားသလဲလို့ မေးလိုက်
တော့ ညနေ အပြင်က ပြန်ရောက်ပြီး ရေချိုးချိန်မှာ ရေစိုသွားလို့
နံရံပေါ်ရှိ သံချောင်းမှာ ချိတ်ထားကြောင်း ပြောပြပါတယ်။



ရုတ်တရက် ဒေါ်လေးတို့အိမ်ဖက်မှာ “အမေရေ လာပါအုံး” လို့
အော်ခေါ်သံတစ်ခုကို သူတို့အားလုံး ကြားလိုက်ရ ပါတယ်။ ဒီဖက်
အိမ်ကို ရောက်နေတဲ့ လူကြီးတွေ အပါအ၀င် သူတို့ထဲမှ တချို့လည်း
ရေးကြီးသုတ်ပြာ သွားကြည့်ကြပါတယ်။ ဒေါ်လေးရဲ့ သားငယ်ဖြစ်သူ
မောင်ဖြိုးဟာ ကြောက်လွန်းလို့ တုန်တုန်ယင်ယင် ဖြစ်နေပါတယ်။
ဖြစ်ပုံက ဒေါ်လေးတို့ အိမ်ကလူတွေ သူတို့အိမ်ဖက် လာရောက်
ချိန်မှာ အိပ်ခန်းအတွင်း အိပ်ပျော်နေတဲ့ ဒေါ်လေးသားငယ် မောင်ဖြိုး
ဟာ နိုးလာပါတယ်။ တဖက်အိမ်မှာ မီးတွေထွန်းပြီး ရုတ်ရုတ်သဲသဲ
ဖြစ်နေတာကို သူတို့အိမ် အပေါ်ထပ်ရှိ ပြတင်းပေါက်ကနေ လှမ်း
ကြည့်ပါတယ်။

အဲဒီအချိန် သူ့နားထဲမှာ လူတွေ ပြေးလွှားဆော့ကစားတဲ့ အသံတွေ
ကြားရလို့ ပြတင်းပေါက်ကနေ အခြားနေရာတွေကို လျှောက်ကြည့်
ပါတယ်။ ခြံထဲမှာ အလွန်ဝ’ပြီး လူပုံသဏ္ဌာန် မဲမဲမှောင်မှောင် ငါးခု
ပြေးလွှားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကလေးငယ်လည်း
အကြောက်လွန်ပြီး အသံကုန် အော်ဟစ်လိုက်တာလို့ သိရပါတယ်။
ဖြစ်ပျက်နေပုံတွေ ကြည့်ပြီး ကိုကုလား အပါအ၀င် သူတို့အားလုံးက
ဒေါ်လေးတို့ မိသားစုနဲ့ ခြံထဲရှိ လူတွေအားလုံး အခြားတနေရာဆီ
အမြန်ဆုံး ပြောင်းရွှေ့ နေထိုင်ဖို့ အကြံပေးကြပါတယ်။ ခြံနီးနားချင်း
တွေလည်း လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်းနဲ့ သူတို့ခြံထဲကို မီးထိုး
ပြီး ကြည့်နေကြပါတယ်။ ခြေရင်းဖက်ခြံမှာ နေထိုင်တဲ့ အငြိမ်းစား
ကျောင်းအုပ်ဆရာကြီးက လှမ်းပြောပါတယ် …
“ကျနော်လည်း အိပ်ယာထဲကနေ ခင်ဗျားတို့ ခြံဖက်က အသံတွေ
ကြားနေရတယ်၊ ခင်ဗျားတို့ ခြံထဲမှာ ညဖက်ကြီး ဘယ်သူတွေများ
ဘောလုံး ကန်တာတို့ လိုက်တမ်းပြေးတမ်း ကစားတာတို့ လုပ်နေ
သလဲလို့၊ ကျနော့်အိမ်မှာ အလှူပြီးတဲ့အထိ လာနေလိုက်ပါ၊ ခင်ဗျား
တို့ခြံထဲက အနေအထားဟာ သိပ်မကောင်းဘူး …”

လမ်းထဲက လူကြီးတချို့နဲ့ ပတ်ဝန်းကျင်မှ လူတွေလည်း ဒေါ်လေး
တို့ခြံထဲကို ရောက်လာကြပါတယ်။ အလှူကိစ္စလည်း အဆင်ပြေ
အောင်၊ နေထိုင်ရေးအတွက် သင့်တော်တဲ့ နံဘေးချင်း ကပ်လျက်
အိမ်ဆီ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့အိမ်ဟာ တော်
တော်လေး ကျယ်ဝန်းပါတယ်။ အဲဒီဖက်ကို အိပ်ယာတွေ၊ အလှူ
အတွက် ချက်ပြုတ်ထားတဲ့ ထမင်းအိုး၊ ဟင်းအိုးတွေ သယ်ဆောင်
နေစဉ်မှာပဲ ဆရာဝန်သွားခေါ်တဲ့ ကိုဝက်နဲ့မောင်ထူးတို့ဟာ
ဆရာဝန်နဲ့အတူ ရောက်လာပါတယ်။ ခေတ္တ ရွှေ့ပြောင်းလာသူ
အားလုံးကို အိမ်ရှင် ဆရာကြီးက …
“ကျနော်က ခင်ဗျားတို့ခြံအကြောင်း ကောင်းကောင်းသိပါတယ်၊
သို့ပေမဲ့ ဒီအကြောင်းတွေကို ပတ်ဝန်းကျင်မှာတော့ လျှောက်ပြော
လေ့ မရှိပါဘူး၊ ဘာဖြစ်လိုလဲဆိုတော့ ခင်ဗျားတို့လည်း တန်ရာ
တန်ကြေးပေးပြီး ၀ယ်ထားတာ မဟုတ်လား၊ ဒီသတင်းက လိုအပ်
တာထက် ပိုပြီး လျှောက်ပြောရင် ခင်ဗျားတို့ခြံ နာမည်ပျက်မှာ
ဆိုးလို့ပါ …”

(ဦးလေး) ဟုတ်ကဲ့ အကိုကြီးရယ်၊ ကျေးဇူးတင်ပါတယ်၊ ကျနော်
တို့လည်း အခုကိစ္စကို ဘယ်လို လုပ်ရမှန်းကို နားမလည်နိုင်
လောက်အောင် ဖြစ်နေတယ်၊ သားသမီးတွေကလည်း အသက်
ငယ်တဲ့ ကလေးတွေဆိုတော့ ပိုပြီး စိတ်ခြောက်ချားတာပေါ့ …။

(ဆရာကြီး) ဒီကာလရောက်တိုင်း ခင်ဗျားတို့ခြံမှာ အဲလိုပြဿနာ
တွေ ဖြစ်နေကြဗျ၊ အရင်လူတွေလည်း ဘာသာရေး အလှူအတန်း
တွေ လုပ်ကြပါတယ်၊ ပျောက်မသွားဘူးဗျ၊ တော်တော်ဆန်းတယ်၊
တစ်ရက် … နှစ်ရက်လောက် စောင့်ကြည့်ပေါ့၊ မရဘူးဆိုရင် ပြော၊
ကျနော်မှာ အသိတစ်ယောက်ရှိတယ်၊ သူက လူလတ်ပိုင်း ဆိုပါ
တော့၊ သူ့အဖေတော့ ဆုံးသွားပြီ၊ သူ့အဖေက ပရောဂ လေး
ဘာလေး ကုပေးတယ်၊ သူ့အဖေက တကယ်စွမ်းတဲ့ ဆရာအစစ်ပါ၊
အတု မဟုတ်ပါဘူး၊ အဖိုးအခဆိုပြီး မသတ်မှတ်ပါဘူး၊ သဒ္ဒါကြေး
လောက်ပဲ ယူပါတယ်၊ ပေးချင်တဲ့ဆန္ဒ မရှိရင် လုံးဝ မယူဘူး၊
သူတို့ .....မြို့မှာ နေတယ်၊ လိုအပ်ရင် ပြောပါ၊ ကျနော် ဆက်သွယ်
ပေးပါ့မယ် ….။

(ဦးလေး) ဟုတ်ကဲ့ အကိုကြီး …။

(ဒေါ်လေး) မောင်ရဲစိုးနဲ့ နောင်နောင် ဘယ်လို စ’ဖြစ်တာလဲ …။

(ရဲစိုး) ကိုဝက်ပြောလို့ ကျနော်က တံခါးကို တွန်းဖွင့်လိုက်တာ၊
မိန်းမတစ်ယောက် ဆံပင်ဖျားလျားနဲ့ ပြတင်းပေါက်ရှေ့မှာ မတ်တပ်
ရပ်နေတာကို ဘွားကနဲ ကျနော် တွေ့လိုက်ရတယ်၊ သူက သူ့လက်
နဲ့ ကျနော့်ရင်ဘက်ကို စောင့်တွန်းလိုက်တာ ကျနော်လည်း လန့်ပြီး
ဘာမှ သတိမရတော့ဘူး …။

(နောင်နောင်) ကျနော်က ရဲစိုးအော်လို့ ကိုအေးတို့နဲ့ အတူ
ထ’ကြည့်တာ၊ တော်တော်ဝ’တဲ့ လူကြီး တစ်ယောက် ပြတင်းပေါက်
ကနေ အထဲကို ခုန်ဝင်လာတယ်၊ ပြီးတော့ ကျနော့်ဂုတ်ပေါ် ခွစီး
လိုက်တာ ကျနော်လည်း ဘာမှ မသိတော့ဘူး …။

နေမကောင်းဖြစ်နေသော ရဲစိုး၊ နောင်နောင်နှင့် ဒေါ်လေးတို့
တမိသားစုလုံး အပေါ်ထပ်မှာ တက်အိပ်ကြပါတယ်။ အောက်ထပ်
မှာ အိမ်ရှင် ဆရာကြီး အပါအ၀င် ဦးလေးနဲ့ သူတို့အားလုံး စကား
တပြောပြောဖြင့် တော်တော်နှင့် မအိပ်ကြသေးပါ။ ကိုကုလားတို့
မီးကင်းတဲမှ ည(၁၁) နာရီ သံချောင်းခေါက်ပြီးချိန်မှာ မိုးရောလေပါ
တဝေါဝေါ ရွာချလာပါတယ်။ သူတို့ စကားဝိုင်း မပြီးသေးတာကို
သိတဲ့ ကိုကုလားဟာ မိုးကာလေး ခြုံပြီး သူတို့ဆီ ပြန်ရောက်
လာပါတယ်။ ရုတ်တရက် ကိုဝက်က …
“ကျနော့် နားထဲမှာ ရန်ဖြစ်သံ လိုလို၊ အော်ပြောသံလိုလို တစ်ခုခုကို
ကြားနေရသလိုပဲ …”

(ဦးလေး) အေး၊ ငါလည်း တချက် တချက် ကြားနေရတယ်၊ အသံက
ဘယ်ဖက်ကမှန်း မသိဘူး ….။

(မောင်ထူး) ကျနော်တို့ ခြံဖက်ကလား၊ အပြင်ထွက်ပြီး လှမ်းကြည့်
ရအောင် …။

သူတို့အားလုံး ဆရာကြီးခြံစည်းရိုး နံဘေးကနေ သူတို့ခြံထဲကို လှမ်း
ကြည့်ကြပါတယ်။ သူတို့လှမ်းကြည့်တဲ့ နေရာက ခြံထိပ်ပိုင်း ဒေါ်လေး
တို့ အိမ်နဲ့ နီးတဲ့ နေရာပါ။ သူတို့ခြံအတွင်းဖက်ထဲကနေ အသံတွေ
ကြားနေရပါတယ်။ ကလေးတွေ အုပ်စုလိုက် ဆော့နေတဲ့ အသံမျိုးပါ။
“ဟေးဟေး …” လို့ အားလုံး ကြားနေရပါတယ်။ ဒေါ်လေးတို့အိမ်နဲ့
သူတို့ တည်းခိုခဲ့တဲ့ အိမ်ကြားက လူသွားလမ်းပေါ်မှာ မိုးရေကြောင့်
ချိုင့်ခွက်လေးဟာ ရေအိုင်ဖြစ်နေပါတယ်။ သူတို့မျက်စိရှေ့မှာပဲ အဲဒီ
ရေအိုင်ဟာ တစုံတစ်ယောက် ဖြတ်ပြီး ပြေးသွားသလို လှုပ်ခတ်သွား
ပါတယ်။ သူတို့အားလုံး ဆရာကြီးတို့ခြံ အတွင်းပိုင်း နောက်ဖက်ကို
သွားပြီး သူတို့ ခြံနောက်ဖက်ရှိ အိမ်ကြီးကို လှမ်းကြည့်ပါတယ်။ ခုနက
ကလေးတွေ ဆော့နေတဲ့ အသံကို ပိုပြီး သဲသဲကွဲကွဲ ကြားရပါတယ်။

သူတို့လက်ထဲက လက်နှိပ်ဓါတ်မီး လေး …ငါးလက် အလင်းရောင်နဲ့
ဟိုဖက်ထဲကို လှမ်းထိုးကြည့်ပါတယ်။ အိမ်ကြီးရဲ့ အောက်ထပ်မှာ
မီးထွန်းထားသလို မီးရောင်တချို့ကို လှမ်းတွေ့နေရပါတယ်။ မိုးသံ၊
လေတိုက်သံနဲ့ လူသံတွေလည်း ကြားနေရပါတယ်။ မိန်းမနှစ်ယောက်
ရန်ဖြစ်ပြီး အငြင်းပွားနေတဲ့ အသံပါ။ ကိုကုလားက သူ့လက်ထဲရှိ
လောက်လေးခွနဲ့ လှမ်းပြစ်ဖို့ ရွယ်လိုက်ပါတယ်။ ဦးလေးက ခေါင်းခါး
ပြပါတယ်။ “ဟေးဟေး ….” လို့ အော်တဲ့ အသံဟာ ပိုကျယ်လာ
ပါတယ်။ “၀ုန်း” ဆိုတဲ့ သစ်ကိုင်း ကျိုးကျသွားတဲ့ အသံကို သူတို့ ကြား
လိုက်ရပါတယ်။ ဘယ်သစ်ပင်က သစ်ကိုင်း ကျိုးကျသွားသလဲ ဆိုတာ
သူတို့ မမြင်ရပါ …။

(ကိုဝက်) ဟိုမှာ … ဟိုမှာ … ဦးလေး၊ ဟိုအိမ်ကြီးရှေ့ကို ဘာကြီးလဲ
မသိဘူး၊ ရွှေ့လာတယ် …။

(ထွန်းထွန်း) သစ်ကိုင်းကြီးဗျ၊ ဘယ်သူမှလဲ မပါဘဲနဲ့ သူ့အလိုလို
ရွှေ့လာတယ်၊ ဘယ်လိုလုပ်ကြမလဲ ဦးလေး …။

(ဆရာကြီး) မကြောက်ပါနဲ့၊ သူတို့ ဒီဖက်ကို မလာပါဘူး၊ သူတို့
ပိုင်နက်ထဲမှာ သူတို့နေတာပါ …။

(ဦးလေး) ကျနော်တော့ ဒီခြံကို တော်တော် စိတ်ကုန်နေပြီ အကို
ကြီးရယ်၊ ရတဲ့ဈေးနဲ့တောင် ပြန်ရောင်းပြစ်ချင်ပြီ …။

ဒီလိုနဲ့ သူတို့အားလုံး ဆရာကြီးအိမ်ရဲ့ အောက်ထပ်မှာပဲ ညတစ်ည
ကို အိပ်ပျော်သွားလိုက် ပြန်နိုးလာလိုက်ဖြင့် ဖြတ်သန်းခဲ့ကြပါတယ်။
မနက်စောစော ဆရာတော်တွေ ကြွလာပါတယ်။ ဆရာတော်များသာ
မက ဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္ဇင်းအချို့ပါ ကြွလာပါတယ်။
ဒေါ်လေးတို့ အိမ်မှာပဲ ဆွမ်းဘုန်းပေးဖို့ စီစဉ်ကြပါတယ်။ အရပ်ထဲက
လူတွေနဲ့ သူတို့အားလုံး ဆရာတော်တွေ နောက်ကနေ ဦးလေး
တို့ ခြံထဲကို လိုက်ပါ ကြပါတယ်။ လမ်းလျှောက်နေရင်း ဦးလေးက
ညက အဖြစ်အပျက်ကို ဆရာတော်တွေထံ လျှောက်နေပါတယ်။
ခြံထဲက ပစ္စည်း အတော်များများ ဖရိုဖရဲ ဖြစ်နေပါတယ်။ ပန်းအိုးတွေ
လည်း လမ်းပေါ် ရောက်နေပါတယ်။ ခြံနောက်ဆုံးမှ အိမ်ကြီးရှိရာသို့
သွားမယ့် လမ်းတလျှောက်မှာ သစ်ကိုင်းတွေ၊ အမှိုက်တွေ ရှုပ်ရှက်
ခတ်နေပါတယ်။ အိမ်ကြီးရဲ့ အပေါက်ဝ’ ရှေ့တည့်တည့်မှာ ညက
သူတို့ မြင်လိုက်ရတဲ့ သစ်ကိုင်းအကြီးကြီးတစ်ခု ကန့်လန့်ဖြတ်
ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။

အိမ်ကြီးရဲ့ အောက်ထပ်တံခါးကို ဖွင့်လိုက်တော့ သူတို့ အရမ်းအံသြ
သွားပါတယ်။ အပေါ်ထပ်က ဆရာတော်များ ထိုင်ရန် ခင်းထားတဲ့
ကော်ဇောလိပ်တွေ အောက်ထပ်ကို ရောက်နေပါတယ်။ အောက်ထပ်
ထစ်ထပ်လုံး အမှိုက်တွေ ပွနေပါတယ်။ ဦးပဉ္ဇင်းတချို့နဲ့ လူတချို့
လည်း အိမ်ထဲကို မ၀င်သေးဘဲနဲ့ အိမ်ကြီး ပတ်ဝန်းကျင်မှာ လျှောက်
ကြည့်နေပုံ ရပါတယ်။ “ဒီမှာ လာကြည့်ကြပါအုံး …” လို့ အပြင်
ဖက်မှ အော်ခေါ်သံ တစ်ခုကို ကြားလိုက်ရပါတယ်။ အိမ်ကြီးရဲ့
နောက်ဖေးမှာ လူတွေ စုပြုံးပြီး တစ်ခုခုကို ၀ိုင်းကြည့်နေပါတယ်။
ဆရာတော် ကြွလာလို့ လူတွေချဲသွားမှ ရေတွင်းတစ်ခုကို မြင်လိုက်
ရပါတယ်။ ရေခပ်တဲ့ ကြိုးချည်ရေပုံးနဲ့ ရေတွင်းထဲက ပစ္စည်းတစ်ခု
ကို ဆယ်လာပါတယ်။ လူ့အရိုးခေါင်းတစ်ခုပါ။ ကြည့်နေသူတွေ
အားလုံး ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြပါတယ်။

အပေါ်ထပ်မှာ အရင်နေ့ကအတိုင်း ဆရာတော်များက ပရိတ်တရား
ရွတ်ဖတ်ပါတယ်။ ဆရာတော်တွေ ရွတ်ဖတ်လို့ ပြီးခါနီးမှာ အိမ်
အောက်ထပ်မှ ဆူညံသံတွေ ကြားရပါတယ်။ အောက်ထပ်မှာ
ရှိနေတဲ့ လူအများကြီးထဲမှ ရပ်ကွက်ထဲက အမျိုးသမီးကြီးတစ်ဦး
ဟာ သရဲဝင်ပူးသလို စကားတွေကို ပေါက်ကရ ပြောလိုက်၊ ငိုလိုက်
ဖြစ်နေပါတယ်။ ဆရာတော်တွေနဲ့ လူကြီးတွေက “နင် ဘယ်သူလဲ”
လို့ မေးကြပါတယ်။ တုန်တုန်ယင်ယင် ဖြစ်နေတဲ့ မိန်းမကြီးက …
“ကျမ သမီးလေးနဲ့ ကျမ တွေ့ပါရစေ၊ ကျမ ယောက္ခမတွေဆီ
မှာ ကျမ သမီးလေး ရောက်နေတယ်၊ သူ့မိထွေးနဲ့ သူနဲ့ မတည့်
ဘူး၊ ကျမ သမီးလေးနဲ့ တွေ့ပါရစေ …” လို့ အထပ်ထပ် ပြော
ပါတယ်။ ခဏလောက်နေတော့ တက်သွားတဲ့ပုံစံ သတိမေ့မျှော
သွားပါတယ်။

ဆရာတော်တွေ ပြန်ကြွသွားတာနဲ့ ခြံထဲရှိ အိမ်အားလုံးကို
သော့ခတ်ပြီး နံဘေးခြံကို ပြန်လာခဲ့ပါတယ်။ အရန်မီးသတ်တချို့
ကို သူတို့ခြံရဲ့ နောက်ဖေးခြံကနေ စောင့်ကြည်ဖို့ စီစဉ်ထား
ကြောင်း ရပ်ကွက်ရုံးက ပြောပြပါတယ်။ သူတို့ခေတ္တတည်းခိုနေ
တဲ့ ကျောင်းဆရာကြီးအိမ်မှာပဲ အလှူအကျွေးအမွေးကို လုပ်ကြ
ပါတယ်။ ခြံစည်းရိုးကနေ အိမ်ကြီးဆီကို လူတွေ အများကြီး လှမ်း
ကြည့်ကြပါတယ်။ အားလုံးရဲ့ မျက်စိရှေ့မှာ အပေါ်ထပ် ပြတင်း
ပေါက် တံခါးများဟာ သူ့အလိုလို ပွင့်လာလိုက်၊ ပြန်ပိတ်သွားလိုက်
တွေ့နေရပါတယ်။ ကလေးတွေ ဆော့သံလိုလို၊ အုပ်စုလိုက် ပြေး
လွှားသံလိုလို အသံတွေကို နေ့ခင်းဖက်မှာတောင် ကြားနေရ
ပါတယ်။

နေ့လည်ပိုင်းမှာ သူတို့တည်းခိုနေတဲ့ အိမ်က ကျောင်းဆရာကြီး
ဦးဆောင်ပြီး ဦးလေးနဲ့ ကိုဝက်တို့ဟာ အပြင်ကို ထွက်သွားကြ
ပါတယ်။ ရဲစိုးနဲ့ နောင်နောင်ဟာ နေပြန်ကောင်းသွားပေမယ့်
ဒေါ်လေးသား ကိုဖြိုးကတော့ ကိုယ်ပူ နေဆဲပါ။ ညနေ လဖက်ရည်
ဆိုင်ကနေ သူတို့ပြန်လာချိန်မှာ ဦးလေးနဲ့ ကျောင်းဆရာကြီးတို့
အိမ်ကို ပြန်ရောက်နေကြပါပြီ။ သူတို့နဲ့ အတူ အသက်လေးဆယ်
ကျော်အရွယ် လူတစ်ယောက်လည်း ပါလာပါတယ်။ ကိုဝက်ကို
ကပ်ပြီး မေးကြည့်တော့ ပရောဂ ကုတတ်တဲ့ ဆရာလို့ ပြောပြ
ပါတယ်။ စကားဝိုင်းမှာ ဒေါ်လေးက …
“ငါ့မောင်က အခု ဘာအလုပ်လုပ်လဲ၊ အမတို့ခြံရဲ့ ပြဿနာ
ကို မောင်လေး လုပ်ပေးနိုင်ရင် ကူညီပါအုံးကွယ်၊ အမတို့လည်း
အလှူအတန်းတွေ လုပ်နေတာပဲ၊ အခုတောင် အမသားလေး
လန့်ပြီး ဖျားနေတယ် …”

(အဲဒီလူ) ကျနော်က အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတယ်၊ အဖေ
ရှိတုန်းကတော့ အဖေက တိုင်းရင်း ဆေးဆရာလည်း လုပ်တယ်၊
ပရောဂတို့ ဘာတို့လည်း ကုပေးတယ်၊ ကျနော်က အဖေ့ဆီက
နည်းနည်းပါးပါး သင်ထားတာပါ၊ ကျနော်က တခါတလေ အသိ
သိုင်းဆရာတွေဆီမှာ သိုင်းဆေး ပေါက်ပေးတဲ့ ဆေးပေါက်တဲ့
အလုပ်ကို လုပ်ပါတယ်၊ အမတို့ကို ကူညီချင်ပါတယ်၊ ကျနော်
ပထမဆုံး လုပ်ရမှာက အမတို့ အလှူမှာ ပင့်ဖိတ်ထားတဲ့
ဘုန်းကြီးကျောင်းက ဆရာတော်ဆီမှာ ခွင့်တောင်းဖို့ပါ၊ ဆရာတော်
တွေ ခွင့်မပြုပဲနဲ့ ကျနော် လုပ်ခွင့်မရှိဘူး၊ အခြေအနေကို လေ့လာ
ပြီး ကျနော်တတ်နိုင်ရင်တော့ ကူညီပါ့မယ်၊ မတတ်နိုင်ရင်တော့
တမျိုးပေါ့၊ အမကြီးသား လန့်ပြီးဖျားတာက ရိုးရိုးပါ၊ ဆရာဝန်ပေး
တဲ့ဆေး သောက်ရင် သက်သာသွားမှာပါ …။

(ကိုကုလား) နောင်ကြီးက သိုင်းဆေး ပေါက်ပေးတယ် ဆိုတော့
ဘယ်လိုလဲဗျ ကျနော် နားမလည်ဘူး …။

(အဲဒီလူ) သိုင်းဆေးပေါက်ပေးတယ် ဆိုတာက တချို့က အာဠာဝက
လို့ ခေါ်တဲ့ ဘီလူးဆေးလို့ ပြောကြပါတယ်၊ တကယ်တော့ ရန်မဖြစ်
ရဲတဲ့လူကို ရန်ဖြစ်ရဲအောင် အာဠာဝကဆေး ပေါက်ပေးလို့ မရပါဘူး၊
သိုင်းဆရာ တစ်ယောက်က သူ့ပညာကို သင်ပေးတဲ့ အချိန်မှာ
ပွဲပေးပြီး အသင်ခံရတဲ့ သူတွေကို သစ္စာ ဆိုခိုင်းပါတယ်၊ အဲဒီ
ပညာနဲ့ သူတပါးကို နိုင်ထက်စီးနင်း မလုပ်ရဘူး၊ မျက်ရည်ပေါက်
ကြီးငယ် ကျအောင် အနိုင်မကျင့်ရဘူး စသဖြင့်ပေါ့၊ ပညာယူမယ့်
လူတွေက သစ္စာဆိုပြီးရင် ဆေးပေါက်ပေးရပါတယ်၊ တကယ်လို့
အဲဒီပညာနဲ့ သူ့တပါးအပေါ် အနိုင်ကျင့်ခဲ့ရင် ဆေးပေါက်ခံရတဲ့
အတွက် ဘ၀မှာ ဘေးဒုက္ခအမျိုးမျိုးကို တွေ့ကြုံရတယ်လို့ သိုင်း
ဆရာတွေ ယုံကြည်တဲ့ သဘောပါ၊ တချို့ သိုင်းဆရာတွေရဲ့
လက်ဖျံပေါ်မှာ အတက်အဆင်း “ဂေါက်” တွေ ရှိပါတယ်၊ အဲဒါ
က လေးကွက်ချွန်၊ ခြောက်ကွက်ချွန် ပညာတွေကို ဆေးမှင်ကြောင်
နဲ့ မှတ်သားထားတာပါ၊ အာဠာဝက မဟုတ်ပါဘူး …။

ခဏလောက်အကြာမှာ ဦးလေးနဲ့ အဲဒီလူဟာ ဘုန်းကြီး
ကျောင်းက ဆရာတော်ထံ သွားလျှောက်ဖို့ ထွက်သွားကြ
ပါတယ်။ အိမ်ကနေ ထွက်မသွားခင်မှာ အဲဒီလူက ရေပုံးနှစ်ပုံး
တောင်းပါတယ်။ “ဘာလုပ်မလို့လဲ” မေးတော့ ဆရာတော်
တွေထံက ခြေဆေးရေ တောင်းခံဖို့လို့ ပြောပါတယ်။


(ဆက်ရန်။)

17 comments:

Anonymous said...

ဖတ်လို့ ကောင်းတယ်ဗျာ၊ ကိုအောင် ရေးနေပုံကိုကြည့်ရင် ဇာတ်သိမ်းတော့မယ် ထင်တယ်။

Anonymous said...

အင်တာနက်ပေါ်မှာ ဒီလိုဇာတ်လမ်းမျိုးတွေ ရေးတဲ့လူ
တော်တော်ရှားတယ်၊ အားပေးပါတယ်။

မအိ

ဆောင်း said...

ဇတ်လမ်းမှာ (သရဲ)ဇတ်ကောင် တယ်များ တာဘဲ။ မနဲဘူး ဘောလုံးတောင် ကန်နိုင် အောင် အဖွဲ့ တောင့်နေတာကိုး။
တကယ်ကြုံရရင် ကြောက်စရာကြီးဘဲ

Anonymous said...

သရဲတွေက အုပ်စုလိုက်ပဲ ကြံ့ဖွတ်လား အောင့်မေ့ရတယ်။

ကိုချို

ရွှေရတုမှတ်တမ်း said...

ကိုချိုပြောတာဟုတ်လောက်တယ်..
ကိုအောင်ရေ အပိုင်း၁၀ ရောက်အောင်ရေးနော်

ZT said...

သရဲနီတွေလား မသိဘူး။ ဘောလုံးကန်ကြတယ် ဆိုတော့။ မန်ယူ သရဲ နေမှာပေါ့။ :D ဘယ်နှစ်ပိုင်း ကျန်သေးလဲ။

Anonymous said...

တစ်ခါတည်းအပြီးရေးလို့မရဘူးလားဟင်...ဖတ်ရတာဆန့်
တငင်ငင်နဲ့...ကိုးရီးယားကားကြည့်ရတာထကိဆိုးတယ် =( ..

Anonymous said...

ထပ်ဆင့်ကူးယူ ဖော်ပြတဲ့သူတွေ၊ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘလော့ရေးနေသူပေါင်းများစွာထဲမှာ
အခုလို စိတ်ဝင်စားစရာတွေ ရေးတာ ဖတ်လို့
ကောင်းတယ်ဗျာ၊ လေးစားတယ်။

AEO

ပန်းခရမ်းပြာ said...

နောက်တပိုင်းမှာ ဇာတ်သိမ်းအထိ ရေးပါလား ကိုအောင်ရေ။ ဇာတ်လမ်းကောင်းတုန်း မီးပျက်သွားသလိုပဲ။ ဒီတခါ သူရဲတွေမှ အများကြီး။

မချို

မေဓာဝီ said...

စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။
အဲလောက်များပြီး သောင်းကျန်းတဲ့သရဲ ဘယ်လိုနှိပ်ကွပ်လိုက်သလဲ သိချင်လှပြီ။ မြန်မြန်ဆက်ပါအုံးနော်။

နန်းညီ said...

မခံစားနိုင်တော့ဘူးဗျ.. အမြန်တင်ပါ.. ၅ မှာပီးမလား ၆ မှာပီးမလား.. တခါထဲပီးမှ လာတော့မယ်..း(

sweetpeony said...

hint~~~~
still to be continued????
haiz~~~~~~~~~~
;((((((((

shwezinu said...

ကိုအောင်

ဖတ်သွားပြီနော်
ကျေးဇူး

ခင်တဲ့
ရွှေစင်
ဒီတခါတော့ မြန်မြန်ရေးဘို့ မပူစာရဲတော့ပါဘူး

momiji said...

အမြန်ဆက်ပါ..အဲလိုမဆက်တာ ညအိပ်တော့ပိုတွေးရတယ်..ဘာဆက်ဖြစ်မလဲဆိုပီး
အဲဒါပိုကြောက်ရတယ်..မြန်မြန်ပီးမြန်မြန်အေးရော
အမြန်ဆက်ပါဗျို့

ကိုလူထွေး said...

ဇာတ်သိမ်းပိုင်းကို သွားပြီဗျို့...

းဝ)

Anonymous said...

မြန်မြန်ဆက်ရေးပေးပါ

Anonymous said...

ကောင်းပါတယ်