Tuesday 16 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (အပိုင်း- ၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင် အပိုင်း(၁)မှ အဆက် ….

ဦးဖူးညိုအိမ်မှာ စကားကောင်းနေသော သူတို့ အားလုံး ထမင်း
စားဖို့ အလှူအိမ်ရှိရာဆီ ပြန်လာခဲ့ကြပါတယ်။ အလှူအိမ် ခြံပေါက်
ဝ’ အရောက်မှာ ရပ်ကွက်ရုံးသွားပြီး ဧည့်စာရင်းတိုင်ဖို့ ပြောတာ
ကြောင့် ရပ်ကွက်ရုံးရှိရာသို့ ရောက်ခဲ့ကြပါတယ်။ ရပ်ကွက်ရုံးထဲ
မှာ ဧည့်စာရင်းဖောင် ဖြည့်နေစဉ် ကိုဝက်က သူ့အသိ ကိုကုလား
ဆိုသူနဲ့ မိတ်ဆက်ပေးပါတယ်။



ညစား စားပြီးနောက် အပျင်းပြေ လဖက်ရည်ဆိုင် ထိုင်ရန် ထွက်ခဲ့
ကြပါတယ် …..။

(ခင်ဇော်) ကိုဝက်၊ ခုနက ရုံးမှာ တွေ့တဲ့ အရန်မီးသတ် ကိုကုလား
ဒီအိမ်ကြီးအကြောင်းကို သိလား၊ သူက အရန်မီးသတ်ဆိုတော့
ရပ်ကွက်ထဲက အကြောင်းတွေ ပိုများ သိမလားလို့ပါ …။

(ကိုဝက်) သိတာပေါ့၊ သူ သိထားတဲ့ပုံစံနဲ့ အဘဦးဖူးညို ပြောပြပုံ
နဲ့တော့ မတူနိုင်ဘူး၊ ဒီကောင်ကို ပေါတောတော ဆိုပြီး သူပြောတဲ့
စကားကို အရပ်ထဲက လူတွေ မယုံတာ၊ ဒီကောင်လည်း ဒီရပ်ကွက်ထဲ
မှာ ကြီးလာတဲ့ သူပဲ၊ လဖက်ရည်ဆိုင်ကို သူလာမှာပါ …။

လဖက်ရည်ဆိုင်ရောက်ပြီး သိပ်မကြာခင်မှာပဲ အရန်မီးသတ် အလုပ်
ရော၊ အခကြေးငွေ ယူပြီး မီးကင်းစောင့်ပေးတဲ့ အလုပ်ပါ လုပ်သော
ကိုကုလား ရောက်လာပါတယ် …။

(ကိုအေး) ကိုကုလား၊ ဒီလဖက်ရည်ဆိုင်မှာ ကြိုက်တာသောက်၊
ရောင်းတဲ့အထဲက ကြိုက်တဲ့မုန့်ကို စား၊ ကျနော်တို့ ရှင်းပါ့မယ်၊
အခု ကျနော်တို့ အလည်လာတဲ့ ခြံအကြောင်း ပြောပြပါလား၊
အဲဒီခြံမှာ ခပ်ကြမ်းကြမ်း “ပုဏ္ဍက သရဲ” ခြောက်တယ်လို့ ပြော
နေကြလို့၊ အဲဒါ တကယ်လား …။

(ကိုကုလား) ခင်ဗျားတို့ မြို့ကလူတွေ ကြားရင် ယုံမှာ မဟုတ်
ဘူး၊ ကျနော်ကိုယ်တိုင်လည်း အရင်က သိပ်မယုံဘူး၊ ကျနော့်အမေ
က ဒီခြံရဲ့ အရင်ပိုင်ရှင် ဒေါ်တင်တို့ ရှိစဉ်ကတည်းက သူတို့အိမ်
မှာ အ၀တ်လျှော် ပေးတဲ့ အလုပ်ကို လုပ်ခဲ့တာ၊ သရဲခြောက်တဲ့
အိမ်ဟောင်းကြီးရဲ့ နောက်ကျောမှာ ရေတွင်း တစ်ခုရှိ၊ အဲဒီ
ရေတွင်းက အခုထိ အကောင်းပဲ၊ ရေတွင်းနံဘေးမှာ ကျောက်ပြား
တွေ လေး …. ငါးချပ်ကို ညီအောင် ခင်းထားတယ်၊ ကျနော့်အမေ
ပြောပြတာက တခါတလေ မနက်စောစော အ၀တ်လျှော်ဖို့ အဲဒီ
အိမ်သွားရင် အိမ်ပိုင်ရှင် ဒေါ်တင်က အဲဒီကျောက်ပြားပေါ်မှာ ရှိတဲ့
အစားအသောက် အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ခိုင်းတယ်၊
အဲဒါနဲ့ ကျနော့်အမေက ဒီအစားအသောက်တွေ ကျောက်ပြားပေါ်
မှာ ဘယ်သူ လာပုံထားသလဲလို့ မေးတော့ ပြန်မဖြေဘူး၊ သူတို့
အိမ်မှာ အိမ်ဖော်လုပ်တဲ့ အလုပ်သမားကို တိုးတိုးတိတ်တိတ် မေး
ကြည့်တော့ ငါးရက် တခါလောက် အိမ်ရှင်က “ခေါစာ” ကျွေးတယ်
ဆိုပဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘာကို ကျွေးသလဲတော့ ကျနော့်အမေ
လည်း မသိဘူး၊ သူတို့အိမ်က လူတွေ တစ်နှစ်တခါ ဆက်တိုက်
သေတော့ အရပ်ထဲမှာ ဒီအိမ်ကြီး “ခိုက်”တယ်လို့ နာမည်ကြီး
လာတာ ….။

(မောင်အောင်) ကိုကုလား ကိုယ်တိုင်ရော အခြောက်ခံရဖူးလား …။

(ကိုကုလား) ဟာ …. ခုနက ပြောပြနေတာက အရင် ရာဇ၀င်ကို
ရှင်းပြနေတာ၊ အဲဒီခြံမှာ ပုဏ္ဍက ဘယ်လို တိုက်တယ် ထင်လဲ၊ ရှိသမျှ
ပြတင်းပေါက်တွေ လေလည်း မတိုက်၊ ဘယ်သူမှလည်း အဖွင့်အပိတ်
မလုပ်ပဲနဲ့ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတာ၊ အဲဒါ တစ်ရက်တည်း မဟုတ်
ဘူးနော် တစ်လလုံး၊ အဲဒီအိမ်ကြီး နံဘေးက သစ်ပင်ကြီးတွေ တွေ့
လား၊ အုန်းပင်က သုံး … လေးပင် ပဲရှိတာ၊ ကျန်တာတွေက သရက်
ပင်တွေ၊ ညဖက်ဆိုရင် တစ်ပင်နဲ့ တစ်ပင်ကို မျောက်လို ခုန်ပြီး ကူးပြ
တာ၊ မည်းမည်းကြီး၊ လက်နှိပ်ဓါတ်မီး ထိုးကြည့်ရင် ကိုယ့်မျက်စိရှေ့
မှာတင် ပျောက်သွားတာ၊ ပြီးတော့ သရက်သီးတွေ ခဲတွေနဲ့ အိမ်ကို
ထုတာ၊ ရပ်ကွက်ရုံးက လူတွေရော စခန်းက ရဲတွေပါ သွားစောင့်
ပေးဖူးတယ်၊ ကြောက်လို့ ငယ်သံပါအောင် အော်ပြီး ပြေးတာ၊ ဘုန်းကြီး
ကြွလာလည်း ခဏပဲ ရတယ်၊ ဘုန်းကြီး ပြန်ကြွသွားတာနဲ့ ပြန်ပြီး
သောင်းကျန်းတာ၊ ကျနော်တို့ မျက်စိ ရှေ့မှာ ဖယောင်းတိုင် တစ်တိုင်
ဘယ်သူမှ မပါဘဲ လှေကားထစ်တွေပေါ် ခုန်ခုန်ပြီး တက်သွားတာ၊
ဖိနပ် စီးချိန်တောင် မရဘူး၊ ကျနော်တို့လည်း ပြေးတာ တန်းနေ
တာပဲ ….။

(ခင်ဇော်) နေ့ခင်းဖက်ရော ခြောက်လား၊ အဲလို ဖြစ်တာ ဘယ်နှစ် နှစ်
လောက် ရှိပြီးလဲ ….။

(ကိုကုလား) လူတွေသေပြီး ဒီခြံကို တရုတ်တွေ ၀ယ်လိုက်တဲ့ နှစ်ကနေ
စ’ပြီး ခြောက်တာ၊ တရုတ်တွေလည်း ဗုဒ္ဓဘာသာပဲလေ၊ သူတို့လည်း
ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်တာပေါ့၊ မရဘူး၊ စ’ဖြစ်တဲ့ နှစ်ကဆိုရင် နေ့ခင်း
ဖက်ကြီး အိမ်ထဲက လူတွေကို ပထမ ရေနဲ့ လိုက်ပက်တယ်၊ နောက်တော့
ပစ္စည်းတွေ သူ့အလိုလို ဟိုရွေ့ ဒီရွေ့ လုပ်ပြတယ်၊ ဒါနဲ့ တရုတ်တွေလည်း
ဘာပစ္စည်းမှ မယူနိုင်ဘူး မျက်နှာငယ်လေးတွေနဲ့ ခြံရှေ့ကို ပြေးထွက်လာ
ကြတာ၊ အရပ်ထဲက လူတွေ စုပေါင်းပြီး သွားကြည့်တာ အောက်ထပ်က
ဧည့်ခံထဲမှာ မိန်းမတစ်ယောက် ဆံပင်ဖျားလျား ချပြီး ခေါက်တုတ်
ခေါက်ပြန် လမ်းလျှောက်နေတယ်၊ ခေါင်းငုံ့ထားတယ်၊ လူတွေက
အိမ် အပေါက်ဝ’ကနေ “နင်ဘယ်သူလဲ” မေးလိုက်တော့ ခေါင်းမော့
လာတယ်၊ သူ့ မျက်နှာမှာ မျက်စိတို့ နားခေါင်းတို့ ပါးစပ်ပေါက်တို့
မရှိဘူး၊ ပြားပြားကြီး၊ ဘာပြော ကောင်းမလဲ တစ်ရပ်ကွက်လုံး
အုတ်အော်သောင်းနင်း ပြေးလိုက်ကြတာ၊ အဲဒါနဲ့ ဘုန်းကြီးပင့်ပြီး အထဲ
ကို ၀င်တာ အောက်ထပ်ရောက်ရင် အပေါ်ထပ်က သောင်းကျန်းပြတယ်၊
အပေါ်ထပ် တက်တော့ အောက်ထပ်က ပစ္စည်းတွေကို ရွေ့ပြစ်တာ
ဝုန်းဒိုင်းကြဲပဲ၊ ဘုန်းကြီး ဘုရားစာ ရွတ်တော့ ခဏ ငြိမ်သွားတယ်၊
ဘုန်းကြီး ပြန်ကြွသွားတော့ ကျန်ခဲ့တဲ့ လူတွေကို တစ်ယောက်ပြီး
တစ်ယောက် လည်ပင်းအညှစ် ခံရသလို ဖြစ်လာတာ၊ ဘာမှလည်း
မတွေ့ရဘူး …။

(ကိုဝက်) ဘုန်းကြီး ကြားသွားရင် မင်းကို ဒေါကန်နေအုံးမယ်၊ ကလေး
တွေ ကြောက်အောင် လျှောက်ပြောနေပြန်ပြီ …။

(ကိုကုလား) မင်းတို့ အဲဒါကြောင့် ခက်တာပေါ့၊ အရင် တရုတ်သူဋ္ဌေး
က ဘာမှ မလုပ်ဘူး ထင်လို့လား၊ နည်းလမ်းကို စုံနေတာပဲ လျှောက်
လုပ်တာ၊ သူ့ခြံကို ဈေးလျှော့ပြီး ရောင်းသွားချင်တာ မဟုတ်ဘူး၊ သူ
လည်း လုပ်တာပဲ၊ လုပ်လို့ မရလို့ လက်လျှော့သွားတာ၊ ညီလေးတို့
… မင်းတို့ အလည်ရောက်နေတဲ့ ခြံနဲ့ မျက်နှာချင်းဆိုင် ခြံမှာ ငါ့အကို
ဝမ်းကွဲ မိသားစု ရှိတယ်၊ မင်းတို့ အုပ်စု ငါ့အကိုအိမ်မှာ သွားအိပ်လို့
ရတယ်၊ စားရေး သောက်ရေးလည်း မပူနဲ့၊ ငါ ကြိုပြောထားပေး
မယ် …။

(ကိုဝက်) မနက်ဖြန် စနေနေ့ ဘုန်းကြီးကျောင်းက ဆရာတော်
ကြွလာပြီး တစ်ခြံလုံးကို ပရိတ်ရည်တွေ လိုက်ဖြန်းပေးမယ်၊ တစ်ခြံလုံး
ကိုလည်း ပရိတ်ကြိုးတွေ ပတ်ပြီး ချည်ပေးမယ် ပြောတယ်၊ အိမ်က
လူတွေ တစ်ယောက်ချင်းစီအတွက်လည်း ပရိတ်ကြိုးတွေ ဆွဲပေး
မယ် ပြောတယ်၊ သိပ်ကြောက်စရာ မလိုပါဘူးကွာ …။

(ကိုကုလား) အေး … ကြည့်သေးတာပေါ့၊ ငါ့အထင်တော့ ဒါ ပိုဆိုး
သွားမယ်၊ နည်းနည်းပါးပါး ခြောက်လှန့်လို့ အဲလိုလုပ်တာ ပြဿနာ
မရှိဘူး၊ အခုဟာ ဘယ်အချိန် ဘယ်ကာလ ကတည်းက ရှိနေမှန်း
လည်းမသိဘူး၊ တော်တော်လေး ကြမ်းတဲ့ အမျိုးအစားတွေ၊ သူတို့ကို
ပရိတ်ရည်ဖြန်းတော့မှ သူတို့ နေရတာ ထိုင်ရတာ ခက်တယ်ဆိုပြီး
ပိုသောင်းကျန်းလာရင် ဘယ်နဲ လုပ်မလဲ၊ ငါကတော့ လမ်းထိပ်က
ဦးပွားပေးတဲ့ အကြံပဲ သဘောကျတယ်၊ “ခေါစာ” ပြစ်၊ တောင်းပန်
ပြီး အခြား တစ်နေရာကို ရွေ့ပေးနိုင်ရင် ဒီကိစ္စ ပြီးသွားမှာ …။

(နောင်နောင်) ဘယ်လို … နေရာရွေ့ပေးလို့ ရတယ် … ဟုတ်လား
ကိုကုလား …။

(ကိုကုလား) ဦးပွားဆိုတာ လမ်းထိပ် ဗွီဒီယိုရုံကွ၊ တရုတ်တွေ ပြောင်း
လာပြီး ဒီခြံမှာ ပြဿနာ ဖြစ်တော့ နည်းမျိုးစုံနဲ့ လုပ်တာ မရဘူး၊ အဲဒီ
အချိန်မှာ ဦးပွားက ခြံရှင် တရုတ်ကို အကြံပေးတယ်၊ ခြံထဲမှာ
“ခေါစာ” ကို သေသေချာချာ ကျကျနန ကောင်းကောင်းမွန်မွန်
ကျွေး၊ ပြီးတော့ ခြံထဲက မမြင်ရတဲ့ သတ္တ၀ါတွေကို ဒီခြံထက် ပိုပြီး
ကောင်းတဲ့ နေရာဘုံဌာနကို ပြောင်းပေးမယ်လို့ သေသေချာချာ ပြော၊
အဲဒီနည်းနဲ့ ခေါ်ထုတ်ပြီး နေရာ ပြောင်းခိုင်းတာ၊ ခြံရှင် တရုတ်လည်း
စိတ်ညစ်ညစ်နဲ့ လိုက်လုပ်ပါတယ်၊ ခြံဒေါင့်တွေမှာ “ခေါစာ” ကို (၇)
ရက် ဆက်တိုက်ကျွေးတယ်၊ ၇- ရက်ပြည့်တော့ ညဖက်ကြီး သူ့ကုန်တင်
ကား နောက်ဖုံးဖွင့်ပြီး ဒီခြံထဲက မကျွတ်မလွတ်တဲ့ ဟာတွေ နင်တို့ကို
နေရာ ပြောင်းပေးမယ် ဒီကားပေါ်ကို တက်ကြ ဆိုပြီး ကားနဲ့ ခေါ်ထုတ်
သွားတာ၊ ပထမတော့ ကောင်းကောင်းမွန်မွန်ပဲ မောင်းနေတာပေါ့၊ ရဲ
စခန်းရှေ့ ရောက်တော့ ကားခေါင်းခန်းထဲမှာ ရှိတဲ့ နောက်ကြည့်မှန်က
နေ နောက်ခန်းထဲကို မသိမသာ လှမ်းကြည့်လိုက်တာ ဘာမြင်ရလဲ
မပြောတတ်ဘူး၊ ကားဘရိတ် စောင့်နင်းပြီး ကားပေါ်က ဆင်းပြေးတာ၊
ပုဆိုးတောင် မပါဘူး၊ ကွင်းလုံးကျွတ်ပြီး ကားပေါ်မှာ ကျန်ခဲ့တယ်၊
ကြောက်ဖျား ဖျားပြီး ဆေးရုံးတောင် တင်လိုက်ရတယ်၊ ဆေးရုံးက
ပြန်ဆင်းလာတော့ ရတဲ့ဈေးနဲ့ ဒီခြံရော အိမ်တွေပါ ရောင်းမယ်
ဖြစ်သွားတာပဲ ….။

(လူငယ်များ) ……. (ရယ်သံများ)

…. လဖက်ရည်ဆိုင်အတွင်း သူတို့အုပ်စု၏ ရယ်မောသံများကြောင့်
အခြား စာပွဲဝိုင်းများရှိ ထိုင်နေသူ အားလုံး သူတို့ကို ပြုံးပြီး ကြည့်
နေကြပါတယ် …။

သူပြောတဲ့ စကားကို လှောင်ပြောင် ရယ်မောကြသောကြောင့်
ကိုကုလားရဲ့ မျက်နှာဟာ ရူတည်တည် ဖြစ်သွားပါတယ်၊ အရေး
အကြောင်းရှိရင် မီးကင်းတဲမှာ သူ ရှိကြောင်း ပြောပြီး ထွက်ခွာသွား
ပါတယ်။

သူတို့အုပ်စုကို တည်းခိုဖို့ ပေးထားတဲ့ အိမ်က တစ်ထပ် တိုက်ပု
လေးပါ။ အပေါ်မှာ ထပ်ခိုး သေးသေးလေး ရှိပါတယ်။ နယ်မြို့များ
ရဲ့ ထုံးစံအရ အဝေးပြေးလမ်းမကြီး ရှိတဲ့ လမ်းကလွဲရင် လမ်းသွယ်
အတော်များများဟာ ည ရှစ်နာရီ ကိုးနာရီမှာ လူသွား လူလာ မရှိ
သလောက်ပါ။ အပြင်ဖက်မှာ အရာရာဟာ တိတ်ဆိတ် နေပါတယ်။
ကိုဝက်လည်း သူတို့ အုပ်စုနဲ့ အတူတူ လာအိပ်ပေးပါတယ်။
ကိုဝက်တစ်ယောက် တခေါခေါ အိပ်ပျော်နေချိန်မှာ သူတို့ အိပ်မပျော်
သေးပါ။ နောင်နောင်နဲ့ ရဲစိုးဟာ ပြတင်းပေါက်ကနေ ခြံထိပ်ဖက်ကို
ကုန်းကုန်းကွကွနဲ့ ကြည့်နေပါတယ်။

(နောင်နောင်) ဟေ့ကောင်တွေ၊ ဧည့်စာရင်း လာစစ်လား မသိဘူး၊
ခြံထဲကို လူငါးယောက် ၀င်လာတယ် …။

(မောင်ထူး) ကိုဝက် ထ’စမ်းပါအုံးဗျာ၊ ဧည့်စာရင်း လာစစ်နေပြီတဲ့။

(ရဲစိုး) မောင်ထူး၊ မင်းတို့ အဒေါ် အိမ်ဖက်ကို အရင် သွားစစ်နေပုံ
ရတယ် …။

(ကိုဝက်) ဟုတ်ရော ဟုတ်ရဲ့လားကွာ၊ ဧည့်စာရင်း လိုက်စစ်မယ်
ဆိုရင် ကုလား စကားပြောတဲ့ အသံကို နှစ်ခြံကျော်လောက်ကနေ
ကြားနေရတာ …။

သူတို့အားလုံး ဟိုဖက်အိမ်ကို လှမ်းကြည့်လိုက်တော့ မီးတွေဖွင့်
ပြီး နိုးနေပုံ မရပါ။ ဒါနဲ့ အိပ်ချင်မူးတူး ဖြစ်နေသော ကိုဝက် အပါ
အ၀င် သူတို့ အားလုံး နံဘေးအိမ်ဆီ သွားခဲ့ကြပါတယ်။ ကိုဝက်ရဲ့
တံခါးကို တဒုန်းဒုန်းထုသံကြောင့် မောင်ထူးတို့ အဒေါ် မိသားစု
လည်း နိုးလာပါတယ်၊ ကိုဝက်က ….
“ဒေါ်လေးတို့အိမ်ကို ဧည့်စာရင်း လာစစ်လား၊ ခြံထဲကို လူတွေ
ဝင်လာတယ်လို့ သူတို့ပြောလို့ …”

(ဒေါ်လေး) အဒေါ်တို့က အိပ်နေတာ ကြာပြီး၊ မင်းဦးလေးက စိတ်
ပုတီး စိတ်နေတာ၊ မင်းတို့ ဦးလေး လာနိုးလို့ အဒေါ်တို့လည်း အခုပဲ
နိုးလာတာ၊ ဒို့အိမ်ဖက်တော့ ဘယ်သူမှ မလာဘူး၊ ဧည့်စာရင်းလည်း
လာမစစ်ဘူး ….။

ဒေါ်လေး စကားမဆုံးခင် ဦးလေးက ကြားဖြတ်ပြီး ..…

“ငါက မင်းတို့ ဒီအချိန်ရောက်မှ အပြင်က ပြန်လာတယ် အောင့်မေ့
လို့၊ ခြံတံခါးကို ဖွင့်သံ၊ လူတွေ အုပ်စုလိုက် စကားပြောပြီး လမ်း
လျှောက်လာတဲ့ အသံတွေတော့ ကြားတယ်၊ မင်းတို့ဘဲ ထင်ပြီး ဆက်
ပုတီးစိတ်နေတာ၊ မင်းတို့ မဟုတ်ဘူးလား၊ ဧည့်စာရင်း လာစစ်ရင်
ခြံပေါက်ဝ’ကနေ လှမ်းအော်တယ်၊ ခြံထဲကို တခါတည်း တန်းပြီး
ဝင်မလာတတ်ဘူး၊ ဒါဆိုရင် … အင်း …။

(ကိုအေး) ဒါဆို သူခိုးတွေနဲ့ တူတယ်၊ ကိုဝက် လောက်လေးခွ ရှိလား၊
ဟေ့ကောင်တွေ တုတ်တွေ ရှာကြ ….။

(မောင်အောင်) ကိုအေးကလည်း ကွိုင်ပဲ၊ သူခိုးဆိုရင် ခြံထိပ်ကနေ
အုပ်စုလိုက် တံခါးဖွင့်ပြီး ၀င်လာမလား၊ မီးကင်းစောင့်တဲ့ ကိုကုလား
တို့ဆီ သွားမေးရအောင်၊ သူတို့ရော တွေ့လိုက်လားလို့ …။

(နောင်နောင်) မင်းကလည်း ငါတို့ပြောတာကို မယုံလို့လား၊ ငါတို့
မျက်စိနဲ့ သေသေချာချာ တွေ့လိုက်တာ၊ ဦးလေးတောင် အိမ်ပေါ်
ကနေ အသံတွေ ကြားလိုက်သေးတယ် …။

(ရဲစိုး) ဦးလေးတို့မိသားစု အိမ်ထဲမှာဘဲ နေ၊ ကျနော်တို့ မီးကင်း
တဲက ကိုကုလားတို့ကို သွားခေါ်လိုက်မယ်၊ ခြံထဲကို သူခိုး ကပ်တာ
လား မသိဘူး …။

(ကိုဝက်) အင်း … ညီလေးတို့ ကုလားကို သွားခေါ်မနေနဲ့၊ ဦးလေး
တို့လည်း ပြန်ပြီး အိပ်တော့၊ ဘာမှ မဟုတ်ဘူးလို့ စိတ်ထဲမှာ ထား
လိုက်ပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ပြန်လာတုန်းက ကျနော်
ကိုယ်တိုင် ခြံတံခါးသော့ကို ပိတ်ခဲ့တာ …။

(နောင်နောင်) ဟာ … ဟုတ်သားပဲ၊ ဒါဆို ခုနက လူတွေက ဘယ်သူ
တွေလဲ ….။

မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေသော သူတို့အားလုံး အူကြောင်ကြောင်
နဲ့ အိမ်ထဲကို ပြန်ဝင်ခဲ့ကြပါတယ်။ အိမ်ထဲပြန်ရောက်တော့ စ’တွေ့တဲ့
ရဲစိုးနဲ့ နောင်နောင်ဟာ တော်တော်လန့်နေကြပါပြီ။ အိပ်လိုက် နိုးလိုက်
ဖြင့် ညတစ်ညကို ဖြတ်သန်းခဲ့ကြပါတယ်။

မနက်စောစော ဒေါ်လေးတို့ အိမ်ဖက်မှ ကိုဝက်နာမည် လာခေါ်သံ
ကြောင့် သူတို့ အားလုံး အိပ်ယာက နိုးခဲ့ပါတယ်။ ခြံထဲမှာ အလှူ
အတွက် ချက်ပြုတ် ကူညီပေးဖို့ ကိုကုလားအပါအ၀င် အရပ်ထဲမှ လူ
အတော်များများ ရောက်နေကြပါပြီ။ ခြံနောက်ဆုံးက ပရိတ်တရားနာ
မယ့် အိမ်ကြီးရှိရာဆီ သန့်ရှင်းရေး လုပ်ဖို့ လူတွေ သွားလာနေကြပါ
တယ်။ မနက်စား အဆာပြေစားအပြီး ကိုကုလားတို့ သန့်ရှင်းရေး
လုပ်နေသော အိမ်ကြီးဖက်ကို သူတို့အုပ်စု သွားကြပါတယ်။


(ဆက်ရန်။)

13 comments:

Anonymous said...

ငနောင်တို့ ရဲစိုးတို့ သတိလစ်တဲ့ အထိ ရောက်ပြီလားလို့ လာလာဖတ်တယ်၊
နေကောင်းလားဟေ့။

ကိုစိုး

ကိုလူထွေး said...

ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်လျှက်ပါ...

းဝ)

ZT said...

မြန်မြန်ဆက်ပါဗျို့။ :)

မြစ်ကျိုးအင်း said...

၁ ရော ၂ ရော ဖတ်သွားတယ် ဖတ်ရင်းနဲ့ တကယ်ကို တထိတ်ထိတ် ဖြစ်ရတာဗျ
ဒီမှာက ညသန်းခေါင် ရှိနေပြီလေး)

အဆက်လေးလည်း မြန်မြန်ဖတ်ချင်သေးတယ်။

yawnetthan said...

စောင့်နေပါတယ်ဗျို့။

ရွှေရတုမှတ်တမ်း said...

ကိုအောင်..ကိုအောင်..အမြဲတမ်းဂလိုချည့်ပဲ..

မေဓာဝီ said...

ကျမလဲ အိပ်ခါနီးလာဖတ်တာ မျက်စိတောင်ကျယ်သွားတယ်။ တထိတ်ထိတ်နဲ့ ဖတ်ရတာ .. ဖတ်လို့လဲ ကောင်းတယ်၊ လန့်လဲလန့်တယ်။
အပိုင်း ၃ မှာ ဇာတ်သိမ်းမှာလား။ မြန်မြန်ဆက်ရေးပါအုံး ကိုအောင်ရေ။

Zaw Myo Lwin said...

နားရက်ကလေးနှစ်ရက်သာ ရပါတယ်။ မြန်မြန်လေး ဆက်ရေးပေးပါ။ ဘယ်တော့များမှ ဆွန်ဂိုင်းပလို့ ရောက်မယ်မသိဘူး။ မြန်မာ့အသံလို ကြော်ငြာဝင်မခံတာ တော်သေးရဲ့။ စောင့်မျှော်အားပေးဖတ်ရှုနေကြောင်းပါ။

မောင်မိုး said...

စိတ်ဝင်စားလို့စောင့်ဖတ်နေပါတယ်။ မြန်မြန်ရေးပါဗျ။

မယ်ကိုး said...

ကြောက်ကြောက်နဲ့ ဖတ်သွားပါတယ်။

SHWE ZIN U said...

မြန်မြန်ဆက်ပါဗျို့ ဖတ်ချင်လှပါပြီ

ရွှေစင်

Anonymous said...

အဟုတ်ပဲ ကိုအောင်ရေ---

ကျနော် ပြောဖူးတဲ့ ကန်တော်ကလေး ပုဏ္ဍက တုန်းကလဲ အဲလိုပဲ။ ပုဏ္ဍကတိုက်တဲ့ အိမ်ထဲကို တောင်ညွန့် ရဲစခန်းက ရဲတွေ ၁၀ ယောက်လောက် လိုက်လာပြီး လက်နှိပ်ဓာတ်မီး တ၀င်းဝင်းနဲ့ ၀င်စစ်ကြတယ်။ အိမ်သားတွေကတော့ ကြောက်လို့ ဘေးအိမ် ပြေးတဲ့သူပြေး၊ ခပ်လှမ်းလှမ်းအသိ အိမ်တွေ ပြောင်းတဲ့သူပြောင်းပေါ့။

အောက်ထပ်ခန်းထဲရောက်တော့ ရဲတွေက မီးဖွင့်တယ်။ မရဘူး။ မီးခလုတ်ကို ပြန်ပြန် ပိတ်သတဲ့။ အဲတာနဲ့ လက်နှိပ်ဓာတ်မီး ထွန်းပြီး အခန်းထဲ လျှောက်ရှာကြတာပေါ့လေ။ မသင်္ကာစရာတော့ မတွေ့ဘဲ မီးဖိုခန်းထဲက အသံလိုလို ကြားလို့ ရဲသား ၂ ယောက် ၀င်စစ်ကြတယ်။ မီးဖိုခန်းထဲ ခြေရာလက်ရာမပျက်လို့ ရေချိုးခန်း အိမ်သာ တွဲထားတဲ့ အခန်းကို ဖွင့်လိုက်တော့ လက်နှိပ် ဓာတ်မီးရောင်အောက်မှာ ဆံပင်ဖားလျား အမွှေးရှည်ရှည် မည်းမည်းအကောင်ကြီး ထိုင်နေပါရောတဲ့။ ရဲတယောက်က ပစ်မယ်ဆိုပြီး ခါးချိတ်ထားတဲ့ ခြောက်လုံးပြူးဆွဲထုတ်တာ ထုတ်လို့ကို မရဘူးဆိုပဲ။ အဲတာနဲ့ ရဲသားတွေလည်း ကြောက်လန့်ပြီး လစ်ပြေးကြတာ ပြည်သူ့ရဲမနိုင် ခုနှစ်ဆောင်ပြိုင်ပွဲကြီး ဖြစ်သွားပါလေရောဗျာ။

အပိုင်း (၃) ကိုမျှော်လင့်လျက် ကြုံဖူးတာတွေ ဖလှယ်မဲ့

မောင်ထွန်း

khin oo may said...

မကြောက်သေးဘူး။