Tuesday, 9 March 2010

မြေနီကုန်းလမ်းဆုံက ပုဏ္ဍက

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ သတိထားပြီး ဖတ်ရူကြပါ။)

(မှတ်ချက်။ ။
အကိုကြီး ကိုကျောက်ခဲ (ရွှေရတု မှတ်တမ်း) ဘလော့က ဒီပို့စ်
ကို ဖတ်ပြီး ကျနော်လည်း သိခဲ့တဲ့ အဖြစ်အပျက်တချို့ကို ပြန်ပြီး
ဖောက်သည်ချချင်တာနဲ့ ရေးတာပါ။)

၁၉၉၇ ခုနှစ်လား၊ ၁၉၉၈ ခုနှစ်လား သိပ်တော့ မသေချာတော့ပါ၊
၁၉၉၇ ခုနှစ် ဖြစ်ဖို့ များပါတယ်။ ရန်ကုန်၊ စမ်းချောင်း မြေနီကုန်း
မီးပွိုင့် လမ်းဆုံက တီဗွီအရောင်းဆိုင်တစ်ခုမှာ ပုဏ္ဍက တိုက်တယ်
ဆိုတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို လူ အတော်
များများ မှတ်မိကြ၊ သိကြမှာပါ။



ရန်ကုန်မြို့ထဲက လူတွေ မြေနီကုန်း မီးပွိုင့်က အဲဒီ ပုဏ္ဍက
တိုက်တယ်ဆိုတဲ့ တီဗွီအရောင်းဆိုင်ကို လာကြည့်တာ ဘယ်
လောက်တောင် များသလဲ ဆိုရင် လမ်းနံဘေးမှာ ဈေးသည်
တွေတောင် စည်ပင်ရဲက မနည်း မောင်းထုတ်ရပါတယ်။ ရပ်ကွက်
ထဲက ငယ်သူငယ်ချင်းတွေနဲ့ အဲဒီနားကို သုံး၊ လေးခေါက်
နီးပါး သွား စပ်စုခဲ့ပါတယ်။ ပထမနဲ့ ဒုတိယ အခေါက်တွေတုန်း
ကတော့ ပိတ်ထားတဲ့ အခန်းတံခါးကို တဒုန်းဒုန်းနဲ့ ထုပြီး အခန်း
ထဲက ပုဏ္ဍက သရဲကို လှမ်းအော်ပြီး စ’လိုက်၊ ထွက်ပြေးလိုက်နဲ့
ပျော်စရာပါ။ နောက် အခေါက်တွေကြတော့ လုံထိန်းရဲတွေ ချထား
လို့ အဲဒီ တီဗွီအရောင်းဆိုင်နံဘေးကို ကပ်လို့ မရတော့ပါဘူး။

ပထမတော့ ရိုးရိုးသရဲပါ၊ နောက်တော့ ၈၈ တုန်းက သေဆုံးခဲ့သူ
တွေရဲ့ ၀ိညာဉ်တွေ ခြောက်လန့်တယ်ဆိုတဲ့ အသံတွေပါ ရောထွက်
လာတော့ စစ်အစိုးရလည်း စစ်တပ်ကို နေ့ရော ညပါ အစောင့်ချ
ထားရတဲ့ VIP ပုဏ္ဍက သရဲ ဖြစ်လာပါတယ်။ ကျနော့် သူငယ်ချင်း
တချို့က အဲဒီအနားတ၀ိုက်မှာ နေထိုင်လို့ သူတို့ဆီမှ တဆင့် သတင်း
တချို့ ကြားရပါတယ်။ တီဗွီအရောင်းဆိုင်ရဲ့ ဆက်ဆံရေးကြောင့် ပြဿနာ
ဖြစ်ပွားခဲ့တယ်လို့ ပြောကြပါတယ်။

တနေ့တော့ တီဗွီဆိုင်ကို ဘိုးတော်လိုလို၊ ရသေ့လိုလို ပုဂ္ဂိုလ်တစ်ဦး
တီဗွီ လာဝယ်ပါတယ်။ ဆိုင်အနေနဲ့ လာဝယ်သူကို ဘောင်ချာပေး
ပါတယ်။ တစုံတရာ ပျက်စီးမှု၊ ချို့ယွင်းမှု ဖြစ်ခဲ့ရင် အဲဒီဈေးဝယ်
ဘောင်ချာနဲ့ အမြန်ဆုံး လာပြန်ပို့ပေးဖို့၊ ဆိုင်အနေနဲ့လည်း ပြင်ပေး
တာတို့၊ အသစ်နဲ့ လဲပေးတာတို့ လုပ်ပေးမှာ ဖြစ်ကြောင်း ပြောလိုက်
ပါတယ်။ နောက် တစ်လလောက် အကြာမှာ အဲဒီ ဈေးဝယ်တဲ့ ပုဂ္ဂိုလ်
ဆိုင်ကို ပြန်ရောက်လာပါတယ်။ သူ့လက်ထဲမှာ တီဗွီတစ်လုံးကို သယ်လာ
ပါတယ်။ ဒီဆိုင်မှာ ၀ယ်ထားတာဖြစ်ကြောင်း၊ ကြည့်ရူရာမှာ တီဗွီပေါ်
မှာ အစင်းစင်း လိုင်းကြောင်းတွေနဲ့ ကြည့်မကောင်းကြောင်း
ပြောပါတယ်။ ဒါနဲ့ ဆိုင်က ၀န်ထမ်းဖြစ်သူက ဘောင်ချာပြဖို့
ပြောတော့ သူ့ထံမှာ ဘောင်ချာ မရှိတော့ကြောင်း၊ ပျောက်ဆုံး
သွားပြီးဖြစ်ကြောင်း ပြောပါတယ်။

တီဗွီဆိုင်က ၀န်ထမ်းလည်း ဆိုင်စည်းကမ်းအရ ဘောင်ချာ
မပါတဲ့ ပစ္စည်းကို တာဝန်မယူနိုင်ကြောင်း ပြောပါတယ်။ အဲလို
ပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်က “မင်းတို့ဆိုင် ငါ့အကြောင်း၊
ကောင်းကောင်း သိစေရမယ်” လို့ ကြိမ်းဝါးပြီး ပြန်သွားပါတယ်။
အဲဒီနောက်တော့ ဇာတ်လမ်း စ’ပါတော့တယ်။ နေ့ခင်းဖက်
ဆိုင်ထဲမှာ ဈေးဝယ်သူရော၊ ဆိုင်ကလူတွေရော အစုံအလင်
ရှိနေချိန်မှာ နောက်ခန်းထဲမှာ ရှိတဲ့ ရေခဲသေတ္တာဟာ အလို
အလျှောက် ပွင့်သွားပြီး အထဲက အမောပြေသောက်တဲ့
အအေး ပုလင်းတွေ လေထဲမှာ လွင့်ပြီး ပြစ်ပေါက်သလို ဖြစ်လာ
ပါတယ်။ ပထမ စ’ဖြစ်တဲ့ ရက်က သိပ်မဆိုးသေးပါဘူး၊ ဒါနဲ့
ထုံးစံအတိုင်း ဘာသာရေးအရ အမျှအတန်း ပေးဝေတာတွေ
လုပ်ကြပါတယ်။ အဲဒီနောက်တော့ ပိုကြမ်းလာပါတယ်။ ညဖက်
မှာ စောင့်အိပ်ရတဲ့ အစောင့်လည်း ညဖက်ကြီး အခန်းထဲကနေ
ထွက်ပြေးရတဲ့အထိ ဖြစ်လာပါတယ်။

ဒါနဲ့ သတင်းကို ဖုံးဖုံးဖိဖိ လုပ်ကြပါတယ်။ ဆိုင်ကို ခဏပိတ်ပြီး
ထားလိုက်ပါတယ်။ အခန်းထဲမှာ နေ့ရော ညပါ တ၀ုန်းဝုန်း ဖြစ်
သံတွေကို အရှေ့က ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားတဲ့
လူတောင် ကြားရတဲ့အထိ ဖြစ်လာတော့ သတင်းက ထိန်းထားလို့
မရတောပါဘူး၊ ဒါနဲ့ တမြို့လုံး ပွဲကြည့်သလို လာကြည့်တဲ့ အဖြစ်
ကို ရောက်သွားပါတယ်။ နောက် နှစ်လလောက် အကြာမှာ
ပြဿနာ ပြေလည်သွားတယ်လို့ သိရပါတယ်။ ဘယ်လို ပြေလည်
သွားသလဲလို့ မေးကြည့်တော့ တစ်ယောက် တမျိုးစီ ပြောကြ
ပါတယ်။ အများစု ပြောသံကတော့ အခန်းကို ပြန်ပြီး သန့်ရှင်း
ရေးလုပ်တော့ ဖယောင်းတိုင် အတိုအစတွေ အများကြီး တွေ့
ရတယ်လို့ ပြောပါတယ်။ အဲဒီ ဖယောင်းတိုင်တွေရဲ့ အပေါ်မှာ
အင်းကွက် ပုံစံ ရေးခြစ်ထားတယ်လို့ ပြောကြပါတယ်။ တချို့
ပြောပုံကတော့ အဲဒီ တီဗွီအရောင်းဆိုင်ကို အစိုးရနဲ့ နီးစပ်တဲ့
စီးပွားရေးသမားအချို့က ပြန်ဝယ်ချင်တာကို ကြည်ကြည်ဖြူဖြူ
ပြန်မရောင်းတာကြောင့် အောက်လမ်းဆရာတချို့နဲ့ ပေါင်းပြီး
အဲဒီလို ပုဏ္ဍက တိုက်အောင် စီရင်တာ ဖြစ်နိုင်ကြောင်း ပြောကြ
တဲ့ လူတွေလည်း ရှိပါတယ်။

အဲဒီဆိုင်ရဲ့ အခြေအနေဆိုးကို ပြေလည်အောင် ဖြေရှင်းပေးသူ
ဘယ်သူဘယ်ဝါဆိုတာကိုတော့ ယနေ့အထိ မသိသေးပါ။

(ပုဏ္ဍက တိုက်တယ်လို့ ယူဆရတဲ့ တခြားကိုယ်တွေ့ အဖြစ်
အပျက်တွေကို အားတဲ့အခါ ထပ်ပြီး ပို့စ်တင်ပါအုံးမယ်၊ ဒီတခါ
တော့ ဒီလောက်နဲ့ ကျေနပ်ပေးကြပါ။)


(ဤမျှသာ။)

14 comments:

Anonymous said...

အဲသည့်  အကြောင်း က တော်တော် လေးနာမည် ကြီး ခဲ့ဖူးတယ် ကိုအောင် ... သွားတော့ မကြည့်ဖူး ဘူး ...
ပု ... က တိုက် တယ် ဆို တာ ကြားသာ ကြားဖူးခဲ့တယ် ... တကယ် အဲ လို လုပ်လို့ ရတယ်လား..
မသိလို့ပါ ... ခု ကိုအောင် ရေးထားတာ ဖတ်ပြီး နောက်ဖေး မီးဖိုချောင် ထဲ မ၀င်ရဲ တော့ ဘူး ...ရေခဲသေတ္တာ ဖွင့်စရာရှိသေးတယ် ... ခု လောလောဆယ် ညဖက်ကြီး သားအမိနှစ်ယောက်တည်း ရှိနေလို့ ... ကြောက်တယ် )))))))

mie nge

PhotoVigor said...

I was in Rangoon when this happen :).

ကလူသစ် said...

ကောင်မလေးချောချောလေးတွေ နောက်ကတကောက်ကောက်လိုက်လာအောင် တိုက်တဲ့ပုံနကမျိုးရှိရင် အကြောင်းကြားပေးပါကွယ်

SHWE ZIN U said...

အင်း ထူးထူးဆန်းဆန်းတွေ အများသား

အိုးဝေအောင် said...

စိတ်ဝင်စားစရာတွေ သိပ်တင်တတ်တဲ့ဆရာသမား
ဒီတခါလည်း ဖတ်ကောင်းတယ် ဆက်ရေး အားပေးတယ်

မေဓာဝီ said...

အဲဒါ မြေနီကုန်းလမ်းဆုံမှာ ဖြစ်တာလား။
ကျမက လှည်းတန်းလမ်းဆုံ ထင်နေတာ။
နောက်ထပ် အဲဒါမျိုး ဇာတ်လမ်းလေးတွေရေးပါအုံး။ ဖတ်လို့ကောင်းတယ်။
တော်သေးတယ် မိုးလင်းမှ ဖတ်မိလို့။ :P

ကလူသစ်ကြီးက ဘာမှ မကြိုက်တတ်ပေလို့ပဲ ... ကောင်မလေးချောချောတွေလိုက်တဲ့ ပုဏ်ဏက တောင်းဆိုနေသေးတယ်။ တော်ကြာ ရေခဲသေတ္တာထဲက ဘီယာဗူးတွေ အလိုလိုပွင့်ကုန်ရင် ဒုက္ခနော်

Anonymous said...

မောင်အောင်
ပဲခူးမှာ ထူးကြီးတို့အမေ အလှူလုပ်တော့ နံဘေးအိမ်မှာ
သရဲ ခြောက်တာကို စမ်းတဲ့အကြောင်း ဖိုးကျော် စင်္ကာပူက မပြန်ခင်တုန်းက ခဏခဏ ပြောတယ်။
ကိုစိုး

Anonymous said...

ကိုအောင်ရေ

အဲဒီတုန်းက အဲဒီနေရာကို ကျနော်တို့လည်း တမင်တကာ ရောက်အောင်ကို သွားကြည့်ခဲ့ပါတယ်။ စဖြစ်စက တော်တော်ဆိုးတယ်။ လမ်းသွားလမ်းလာနဲ့ ကားပေါ်က ဖြတ်သွားရင်တောင် ကြားနေရတယ် ဘာညာကြားတော့လည်း သွားကြည့်တာပေါ့ဗျာ။ ကျနော်တို့ရောက်တော့ လမ်းတွေ ပိတ်ထားကုန်ပါပြီ။ ပြည်လမ်းဘက်က ၀င်မရတော့ မြေနီကုန်းထဲ ဖောက်ဝင်၊ အဲဒီကနေ ပဒုမ္မာကွင်း အခု ဘီယာဆိုင်တန်းတွေ ဖြတ်လျှောက်ပြီးမှ လမ်းသွယ်ထဲက ပြန်ထွက် ဗားကရာဘုန်းကြီးကျောင်းတွေ ဘက်ကနေ နောက်က ပတ်သွားခဲ့ရတယ်ဗျ။

အဲဒီအိမ်နားက ရုပ်ရှင်ရုံ (ရွှေမန်းထင်တယ်) နားထိ ရောက်ပါတယ်။ ဒါပေမဲ့ ရဲတွေ ထောက်လှမ်းရေးတွေက ဆိုင်ကယ်တ၀ီဝီနဲ့ လာသမျှ လူတွေကို အကုန်ပြန်နှင်နေလေတော့ အနားကို မကပ်နိုင်ပါဘူး။ ကြားတာတော့ တံခါးကို ထုသလိုလို ၀ုန်း ၀ုန်းဆို အပြင်က ကြားမိတာပဲ။ မီးလည်း မှောင်နေတာ့ အထဲက ထုတာလား အပြင်က ထုတာလား မရှင်းလင်း မသဲကွဲလှပါဘူး။

ကြားရတဲ့ ကောလဟလတွေကလည်း မျိုးစုံပါဘဲ။ အဲဒီ အီလက်ထရွန်းနစ် ရှိုးရွမ်းက ၈၈ တောခိုပြန်ကျောင်းသားတွေကို ထောက်လှမ်းရေးက နှစ်သိမ့်ပြီး လုပ်ခွင့်ပေးထားရာက နေရာပြန်ယူချင်လို့ လုပ်သလိုလိုလည်း ပြောကြတယ်။ အဲဒီ ကျောင်းသားတွေကလည်း အဲဒီခေတ်က မြက်ခင်းသစ်အဖွဲ့နဲ့ ဆက်နေသလိုလို၊ နောက်ပြီး မြေပေါ်ကျောင်းသားပါတီတွေနဲ့ ချိတ်ပြီး နှစ်ဖက်လွှ လုပ်နေတယ်လည်း ပြောကြတယ်။

တချို့ကျပြန်တော့ အဲတာက ထောက်လှမ်းရေးက သက်သက်ဖန်တီးတာလို့ ပြောပါတယ်။ အချိန်ကာလကလည်း ဒေါ်စုကိုယ်တိုင် ၅၄ ခြံရှေ့ထွက်ပြီး မိန့်ခွန်းတွေ ပြောရာမှ ပရိတ်သတ်က သောင်းသောင်းဖြဖြ အားပေးနေချိန်ဆိုတော့ အနုနည်းနဲ့ လူစုခွဲချင်လို့ ပုဏ္ဏက ဘက်လှည့်ပြီး အာရုံပြောင်းတယ်လို့ ပြောကြတာပဲ။

အဲဒီဖြစ်ရပ်ထက် ပိုထူးဆန်းတာကတော့ ၂၀၀၃- ၂၀၀၄ ခုနှစ်လောက်က ရန်ကုန် ၁၂၇ လမ်း မင်္ဂလာတောင်ညွန့်မှာ တိုက်တဲ့ ပုဏ္ဏက ကမှ ပိုပြီး ဟိုလေးတကျော်ဖြစ်သွားပါတယ်။ ကျနော်ကိုယ်တိုင်လည်း မျက်မြင်ကိုယ်တွေ့ ရှိခဲ့လို့ စိတ်ဝင်စားစရာ တယ်ကောင်းပဲဗျာ

စာမူလိုချင်တယ်ဆို ပြောနော် အားမနာနဲ့ ဟဲ ဟဲ

လေးစားခင်မင်လျက်

မောင်ထွန်း

Anonymous said...

ကိုအောင် ဆိုလို့ ဘယ်သူများလဲ အောင့်မေ့တယ်၊
နင် လှိုင်းကျောင်းတုန်းက သူငယ်ချင်းတွေ ဗရုတ်လျှောက်ကြခဲ့တာတွေ ဇွတ်ရေးမနေနဲ့နော် အကုန်လုံး ကလေးအဖေတွေ၊ အမေတွေ ဖြစ်ကုန်ပြီ၊
သာမညတောင်ဆရာတော်ကြီးဆီက အပြန် ကျိုက်ထီးရိုး
ဘုရားကို အသွား သံလွင်မြစ်လယ်ခေါင်းမှာ သောင်ထွန်း
ပြီး ရေပေါ် ပေါ်နေတဲ့သောင်ပေါ်ကို လှေသွားတင်တဲ့
အကြောင်း အားရင် ရေးပါအုံး၊ နင် အိမ်ထောင်ကျသွားပြီလား၊ ငါ့သားတောင် ငါးနှစ်ပြည်ပြီ။

နှင်းနှင်း

ကိုအောင် said...

ကိုမောင်ထွန်းရေ

ကျနော် အဲဒီ မြေနီကုန်းလမ်းဆုံကို သတင်းစဖြစ်တဲ့ နေ့
ညနေစောင်းမှာ ရောက်ပါတယ်၊ အဲဒီ ခင်ဗျားပြောတဲ့
(အီလက်ထရွန်းနစ် ရှိုးရွမ်း)က တံခါးပိတ်ထားတာ၊
တံခါးက သစ်သားတံခါးကြီး၊ အဲဒီခေတ်က ကျနော်တို့အရွယ်
လူငယ်အားလုံး အဲဒီသစ်သားတံခါးကို တဒုန်းဒုန်းနဲ့
ဝိုင်းထုကြတာ၊ အထဲကနေ ပြန်လည်ထုရော လှည့်ပြေးလိုက်ကြတာ ဘာပြောကောင်းမလဲ၊
နောက်တနေ့ထပ်ရောက်သေးတယ်၊ အနား ကပ်လို့
ရသေးတယ်၊ လာကြည့်တဲ့လူ အရမ်းများလို့ ဈေး
လာရောင်းတဲ့ လမ်းဘေးဈေးသည်တွေဆိုတာ နည်း
တာ မဟုတ်ဘူး၊ လမ်းပိတ်နေလို့ စည်ပင်ရဲ (ရန်ကုန် အခေါ် ဂဠုန်) လိုက်မောင်းထုတ်နေရတယ်၊
အဲဒီ ပြဿနာ ဖြစ်တဲ့ အချိန်က ဒေါ်အောင်ဆန်းစုကြည်
ခြံရှေ့ တရားပွဲတွေ စည်းကားတဲ့ အချိန်နဲ့ တော်တော် လှမ်းသွားပြီး၊ ဒေါ်စု တရားပွဲက 96 နှစ်လယ်လောက်ကတည်းက စစ်အစိုးရ အဓမ္မလိုက်ပိတ်တာ၊ ခင်ဗျားပြောတဲ့ မင်္ဂလာတောင်ညွန့် ၁၂၇ လမ်းက ပုဏ္ဍက အတိုက်ခံရတဲ့ ဇာတ်လမ်းကို စိတ်ဝင်းစားပါတယ်၊
ကျနော့် အီးမေးလ် ko.aungdk@gmail.com
ကို ပို့နိုင်ပါတယ်၊ ဖော်ပြဖြစ်ရင် ကိုမောင်ထွန်းနာမည်
နဲ့ပဲ ဖော်ပြမှာပါ၊ အခုလို့ ကော်မန့်လာရေးတာ ကျေးဇူး။

ကိုစိုးရေ ..
အဲဒီ ပဲခူးက သရဲခြောက်တာကို သွားစမ်းတဲ့ကိစ္စ
ကျနော် အားရင် ရေးပါ့မယ်၊ ဖိုးကျော် ဆိုရင် ကြောက်လိုက်တာ၊ ဘာပြောကောင်းမလဲ စကားမေး
တောင် မရဘူး၊ နေကောင်းလား ကိုစိုး၊ အလုပ်အဆင်ပြေလား၊ အားရင် အွန်လိုင်းပေါ် လာခဲ့ပါ။

နှင်းနှင်း
ငါ့အီမေးလ်ကို ဆက်သွယ်ပါ သူငယ်ချင်း၊ နင့်ယောက်ျား ငနိုင်ရော အလုပ်အဆင်ပြေလား၊
အားလုံးကို အမြဲသတိရပါတယ်။

Anonymous said...

ကျေးဇူးပါ အကိုအောင်----

ဒီနေ့မှ ကျနော်လာလည်ဖြစ်ရင်း စာတွေလိုက်ဖတ်နေတာ၊ အကိုနဲ့ ကျနော် အသက်ချင်း သိပ်မကွာပါဘူး။ အကသ အတွေ့အကြုံတွေ ဖတ်ရင်း လွမ်းလိုက်တာဗျာ။

ဟာ--- ကျနော့်နာမည်နဲ့တော့ မလုပ်ပါနဲ့။ ကျနော်ကလည်း ဇာတ်လမ်းကျောရိုးလောက်ပဲ ရေးတတ်တာပါ။ စာလည်း ဖြစ်မြောက်အောင် ရေးတတ်တဲ့ကောင် မဟုတ်ပါဘူး။ sketch လေးရေးပြီး အကို့အီးမေလ်းကို ပို့လိုက်ပါ့မယ်။

ကိုအောင် ပြောတာ ဟုတ်တယ်ဗျ။ ကျနော်တို့လည်း အဲဒီ showroom သစ်သားတံခါးကြီး ထုနေသံကိုပဲ အပြင်က ကြားနေရတာလေ။ ပုံမှန်ဆို ကျတော်တို့ ထိုင်နေကျ ရုပ်ရှင်ရုံအောက်က ၀က်သားတုတ်ထိုးဆိုင် (ပိတ်ထားတဲ့နေရာ) နား ကပ်နေလျက်က ကြားနေရတာပဲ။ နောက်တော့ လက်နှိပ်ဓာတ်မီး တ၀င်းဝင်းနဲ့ ၇ ပဲတစ်ကောင်က အတင်းလိုက်မောင်းလို့ အသာ ပြန်ဆုတ်ခဲ့ရတယ်။ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်တွေပေါ့ခင်ဗျာ။

လေးစားခင်မင်လျက်

မောင်ထွန်း

မြစ်ကျိုးအင်း said...

ကိုအောင်ရေ ကျနော်လည်း ဂမ္ဘီရ ဆန်ဆန်တွေ စိတ်ဝင်စားတယ်ဗျ။ တကယ့်အဖြစ်တွေကို ဇာတ်ကောင်လေးတွေ ထည့်ပြီးရေးရင် ပိုပြီး ကောင်းမှာပဲ။ အခုတောင် တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ။ ရှိသေးရင် ထပ်တင်ပါအုံး

Younggun said...

ဟုတ်ပါတယ် ပုဏ္ဍက အစစ်ပါပဲ...။ တိုက်လို့လဲ ရပါတယ်။ ဖိုက်လို့လဲ ရပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ဖြစ်ပျက်ခဲ့ဖူးပါတယ်။

kiki said...

စိတ်ဝင်စားစရာကောင်းတဲ့ တကယ့် အဖြစ်တွေပဲ နော် ။ ကိုယ်တိုင်တောင် ကြုံကြည့်ချင်တယ် ။ လူများများရှိနေတဲ့ အချိန်မျိုးမှာ ပြောတာပါ ။ တယောက်ထဲရှိတဲ့အချိန်ဆိုရင်တော့ ကြောက်တယ် ။ နောက်ထပ် ရေးပေးပါအုံး ...