၁၉၉၃ ခုနှစ်၊ မြန်မာ့ရိုးရာ သင်္ကြန်အကြို့နေ့ ညနေခင်းမှာ ရန်ကုန်တိုင်း၊
ဗဟန်းမြို့နယ်၏ မ.၀.တ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးစံကြည် အပါအ၀င် အုပ်ချုပ်
ရေးပိုင်းမှ ပုဂ္ဂိုလ်တချို့ ဦးချစ်မောင်လမ်းပေါ်ရှိ သင်္ကြန်မဏ္ဍပ်တွေကို
လှည့်လည် စစ်ဆေးကြပါတယ်။ ဗဟန်းမြို့နယ်၊ ဆရာစံ အရှေ့မြောက်
ရပ်ကွက်ဖက်မှာ ရှိတဲ့ ဦးချစ်မောင်လမ်း အရှေ့ခြမ်းနဲ့ ဆရာစံ အနောက်
မြောက် ရပ်ကွက်ဖက်မှာ ရှိတဲ့ ဦးချစ်မောင်လမ်း အနောက်ခြမ်းရှိ
သင်္ကြန်မဏ္ဍပ် ခေါင်းစီး ဆိုင်းဘုတ်တွေကို ကြည့်ပြီး မ.၀.တ ဥက္ကဋ္ဌဖြစ်သူ
မျက်လုံးပြူး သွားပါတယ်။
(မ.၀.တ ဥက္ကဋ္ဌ) ခင်ဗျားတို့ ရပ်ကွက်က သင်္ကြန်ဆိုင်းဘုတ်တွေကို
ကြည့်ပါအုံး …။
(ရပ်မိရပ်ဖ တစ်ဦး) ဘာဖြစ်လို့လဲ ခင်ဗျာ …။
(မ.၀.တ ဥက္ကဋ္ဌ) … ဟိုမှာကြည့် …
“ချစ်စု” ….
“သဲသဲစု” ….
“စုစံစားစေ” ….
“အချစ်တွေကို စုထားတယ်” ….
“မေတ္တာတွေ စုစည်းမယ်” ….
“စုမေတ္တာ စုကမ္ဘာ” ….
“သင်္ကြန်မဏ္ဍပ်နာမည်မှာ “စု” ဆိုတဲ့ နာမည်မပါရင် ပေးလို့ မရတော့
ဘူးလား …”
(ရပ်မိရပ်ဖ တစ်ဦး) ဗိုလ်မှူးပြောမှ သတိထားမိတယ်၊ ကလေးတွေက
ငယ်သူတို့ ဘာသာဘာဝ ကြည်နူးစရာအဖြစ် ပေးထားပုံ ရပါတယ် …
(မ.၀.တ ဥက္ကဋ္ဌ) ခင်ဗျားတို့ အခုထိ သဘောမပေါက်သေးဘူး၊
ခင်ဗျားတို့ ရပ်ကွက်က သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ်တွေကို ဖြုတ်
မလား၊ မဏ္ဍပ်တွေကို ဖျက်မလား …။
ဆူဆူပူပူ ဆောင့်ဆောင့်အောင့်အောင့် ဖြစ်နေသော သူတို့အားလုံး
၏ ခြေလှမ်းတွေ မဏ္ဍပ်တစ်ခုရဲ့ အရှေ့မှာ အလိုလို ရပ်တန့်သွားပါ
တယ်။ မ.၀.တ ဥက္ကဋ္ဌ နံဘေးမှာ စီးကရက် ခဲထားတဲ့ ဗိုလ်ကြီးအဆင့်
ရှိသူရဲ့ နူတ်ခမ်းဟာ ပွင့်အာသွားပြီး စီးကရက်လည်း အောက်သို့
ပြုတ်ကျ သွားပါတယ်။ အဲဒီမဏ္ဍပ်၏ နောက်ခံဒီဇိုင်း အ၀တ်ပိတ်စ
ခပ်ကြီးကြီး တစ်ခုပေါ်မှာ စာတန်းတစ်ခု ရေးထိုး ထားပါတယ် …
ငါလူကြီး ဇွန်းကြီးကြီးနဲ့ စားမယ်
ဗိုလ်ကြီးဖြစ်သူက သူ့နောက်ဖက်မှာ ရပ်နေတဲ့ နယ်မြေခံ ထောက်လှမ်း
ရေး တာဝန်ခံအား …
“ဒီစာတန်း ရေးတဲ့သူကို ပြင်းပြင်းထန်ထန် အရေးယူပါ”
အဲဒီနောက်တော့ …
သင်္ကြန်အကြိုနေ့ ညနေခင်းကနေ သင်္ကြန်အကျနေ့ ညနေခင်းအထိ
ဦးချစ်မောင်လမ်းပေါ်ရှိ ဆရာစံ အနောက်မြောက်၊ အရှေ့မြောက်နဲ့
ဆရာစံတောင် ရပ်ကွက် သုံးခုစလုံး ရေလုံးဝ အဖြတ်ခံရပါတော့တယ်။
သင်္ကြန်အကျနေ့ ညနေခင်း၊ ဦးချစ်မောင်လမ်းပေါ်မှာ ဖြတ်သန်း
သွားတဲ့ ရေပက်ခံ ကားတစ်စီးပေါ်ကနေ အိမ်ပေါက်ဝ’မှ ထိုင်နေသူ
အချို့ကို အော်ဟစ်လှောင်ပြောင် ကျီစယ်၍ …
“ရေမပက်တဲ့ အပျိုတွေ မုဆိုးဖိုနဲ့ ညားပါစေ”
အိမ်ရှေ့တနေရာမှာ ရေအလာကို စောင့်ပြီး ရေကစားချင်နေတဲ့
ကလေးငယ်တစ်ဦးက အားကျမခံ စိတ်တိုတိုဖြင့် …
“ရေဖြတ်တဲ့ မအေဘေးတွေ ရေနစ်ပြီး သေပါစေ …”
(ဤမျှသာ။)
(မှတ်ချက်။ ။
“ငါလူကြီး ဇွန်းကြီးကြီးနဲ့ စားမယ်”
စာတန်းရေးတဲ့သူအား အလုပ်ကြမ်းအပါအ၀င် ထောင်ဒဏ်သုံးနှစ်
မတရား ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
*ဖော်ပြပါ ဓါတ်ပုံသည် ဒီနေရာကပါ။)
6 comments:
ဆတ်ဆတ်ထိမခံ ဖြစ်နေကြတဲ့သူကိုးနော်... သင်္ကြန်မို့ ပျော်ကြပါစေဆိုပြီး မသိချင်ယောင်ဆောင်လိုက်လဲ ရတာပဲဟာ...
အွန်လိုင်းကနေ ခင်နေတဲ့မောင်လေးတစ်ယောက်ဆီ သူ့ကျောင်းစာတွေအတွက် အီးမေးလ်ပို့တော့ သူ့ရုံးလိပ်စာကို ပို့တာ... အစ်မ...စုချစ်သူနံမည်ကြီးနဲ့ မေးလ်မပို့ပါနဲ့တဲ့... ပြသနာဖြစ်မှာကြောက်တယ် ဆိုလို့ သူ့ဆီကို သူလိုချင်တဲ့ ကျောင်းစာဘာညာတွေ ရှာပေးပြီး ပို့ရင် နံမည်ရင်းမေးလ်နဲ့ ပို့ပေးရတယ်။
တလောကတော့ သူ့မိန်းမ ကလေးမွေးလို့ မြန်မာပြည်ပြန်သွားပြီးတော့ ပြန်လာခါစ အတန်းငယ်ကမောင်လေးတစ်ယောက်နဲ့ဆုံကြတာ ကျနော်ကတော့ အစ်မပေးထားတဲ့နံမည် သဘောကျလို့ ကျနော့်သမီးလေးကို စုချစ်လို့ နံမည်ပေးထားခဲ့သတဲ့...သာပေမဲ့ အိမ်နံမည်တဲ့....း-)
အောက်ဆုံးမှာ ကလေးပြောတဲ့ စကားကိုကြားမှ အသံထွက်ပြီး ရယ်မိတော့တယ်...
ထောင်ကျသွားသူအတွက်တော့ စိတ်မကောင်းပါခင်ဗျာ...
(မှတ်တမ်းအမှန်ကို မျှဝေပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုအောင်...
စိတ်ဝင်စားစရာ မှတ်ချက်တွေကို စုပြီး ပိုစ့်တပုဒ်တင်ဖို့ လည်း စိတ်ကူးထားပါတယ်... အဲဒီအတွက်လည်း ခွင့်ပြုဖို့ တောင်းဆိုပါရစေ..)
းဝ)
ကိုလူထွေး အဆင်ပြေသလို ဆောင်ရွက်ပါ၊ ကျေးဇူး။
အဲဒီ စာတန်းနဲ့ ထောင် ၃ နှစ် ဆိုတာ။ ပြောပြရင် ယုံနိုင်စရာ မကောင်းတဲ့ အဖြစ်အပျက်တွေပဲနော်။ ဒါပေမဲ့ ဖြစ်ခဲ့တယ်။
အဲဒီအချိန်တုန်းကတော့ ပြောမယုံ ကြုံဖူးမှ သိဆိုတာလိုပါပဲဗျာ။
စစ်တပ်က တွေ့မရှောင်အတင်းလိုက်တွန်းလိုက်တာ မဖြစ်သင့်တဲ့ အကျိုးဆက်တွေ ခုချိန်ထိ ဆက်နေတုန်းပါပဲ။
အဲဒီတုန်းက အဆုံးစွန်လုပ်ရပ်တွေကို ခု ထောင်ထဲရောက် တဲ့သူ ရောက် ၀ရမ်းပြေးတဲ့သူ ပြေး ဖြစ်နေတဲ့ ထလရ ဟောင်းတွေကို လွဲချပစ်တယ်။
ဒါပေမဲ့ တူတူပါပဲဗျာ။ ခုချိန်ထိလည်း အာဏာအတွက် လက်စောင်းထက်နေကြဆဲပါ။
Post a Comment