Wednesday, 31 March 2010

မော်စီတုန်း၏ ဖြတ်သန်းမှု (၁၉၂၁- ၁၉၃၈) (အပိုင်း- ၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(မှတ်ချက်။ ။စာရေးသူ ကိုယ်တိုင် ယခုလက်ရှိ မြန်မာနိုင်ငံ
အပေါ် ထားရှိသော တရုတ်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒကို
လုံးဝ လက်မခံပါ။)

တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့ဟာ မြန်မာပြည်နဲ့ နယ်စပ်ချင်း
ထိစပ်လျှက်ရှိသလို သမိုင်းကြောင်း၊ ယဉ်ကျေးမှု အစဉ်အလာတွေ
နဲ့ ပက်သက်ပြီး ရောထွေးမှု များစွာလည်း ရှိခဲ့ပါတယ်။ ယခုခေတ်
ခြံစည်းရိုးမဲ့ နည်းပညာဟာ သမိုင်းအဆောက်အဦး၊ နယ်နိမိတ်တွေ
ပေါ်ကနေ ဖြတ်သန်း တိုက်ခတ်လာပါပြီ။ မုန်းသည် ဖြစ်စေ၊ ချစ်သည်
ဖြစ်စေ သူတို့သမိုင်း၊ သူတို့ ဘာသာစကား၊ သူတို့ ယဉ်ကျေးမှု၊
သူတို့ ဖြစ်ပေါ်တိုးတက်မှုတွေ အကြောင်း လေ့လာထားချက်တွေ
စုပေါင်းနိုင်ခဲ့ရင် တစုံတရာတော့ အကျိုးရှိမယ်လို့ ယူဆပါတယ်။

အာရှတိုက် နိုင်ငံရေး ခေါင်းဆောင်များအနက် နိုင်ငံတကာက
စိတ်ဝင်စားတဲ့ ခေါင်းဆောင် အတော်များများ ရှိပါတယ်။ အိန္ဒိယ
ခေါင်းဆောင် မဟတ္တမဂန္ဒီနှင့် တရုတ်ကွန်မြူနစ်ခေါင်းဆောင်
မော်စီတုန်းတို့ဟာ လူဦးရေ များပြားတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်
တွေဖြစ်လို့ နိုင်ငံတကာရှိ သမိုင်း စာမျက်နှာတွေပေါ်မှာ ထင်ထင်
ပေါ်ပေါ် အရှိဆုံးပါ။ မဟတ္တမဂန္ဒီ ထက်စာရင် တရုတ်ခေါင်းဆောင်
မော်စီတုန်းကို လူသိ ပိုများပါတယ်။ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံရေး
သိပ္ပံဘာသာရပ်ကို သင်ကြားပို့ချတဲ့ တက္ကသိုလ် အများစုနှင့် အာဏာ
ရအစိုးရကို ဆန့်ကျင်သော လက်နက်ကိုင် အင်အားစုများ၏ အခြေခံ
စစ်သင်တန်း၊ နိုင်ငံရေးသင်တန်းများတွင် မော်စီတုန်း အတွေးအခေါ်
နှင့် လုပ်နည်းလုပ်ဟန် တော်တော်များများ ထည့်သွင်း ပို့ချလေ့
ရှိပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို စတင် ထူထောင်ကြောင်း ကြေညာ
တဲ့ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ကနေ ကွယ်လွန်
တဲ့ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ (၉)နေ့အထိ သမိုင်းဆိုင်ရာ အဖြစ်
အပျက်တွေဟာ လူသိများပါတယ်။ မြန်မာပြည်မှာတော့ ၁၉၆၇ ခုနှစ်
မှာ ဖြစ်ပွားခဲ့တဲ့ တရုတ် ဗမာ အရေးအခင်း နောက်ပိုင်း တရုတ်
ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းနဲ့ ပက်သက်တဲ့ ရေးသားဖော်ပြ
မှု အမျိုးမျိုးကို ဟန့်တားခဲ့ပါတယ်။

မော်စီတုန်းဟာ တရုတ်ကွန်မြူနစ် ပါတီရဲ့ ပထမအကြိမ် ကွန်ဂရက်
(၁၉၂၁၊ ဇူလိုင်) ကနေ ယန်အန်း (Yan'an) ခြောက်ကြိမ်မြောက်
ဗဟိုကော်မတီ အစည်းအဝေး (၁၉၃၈၊ နိုဝင်ဘာ) ကြား ကာလများ
၌ ပါတီတွင်း ဂိုဏ်းဂဏကွဲ အုပ်စုများ၏ ပြင်းထန်တဲ့ အယူဝါဒရေးရာ
စိန်ခေါ်မှုတွေကို ရင်ဆိုင် ကျော်လွှားခဲ့ပါတယ်။ ယနေ့ခေတ် တရုတ်
ပြည်သူသမ္မတနိုင်ငံ၏ စတုတ္ထမျိုးဆက်များနှင့် ပင်လယ်ရပ်ခြားရောက်
တရုတ်လူ့အဖွဲ့အစည်း တော်တော်များများတွင် တရုတ်ခေါင်းဆောင်
မော်စီတုန်း၏ ဖြတ်သန်းမှု (၁၉၂၁- ၁၉၃၈) အတွေ့အကြုံ သင်ခန်း
စာများသည် နိုင်ငံရေး၊ စီးပွားရေး၊ စိတ်ဓါတ် မြင့်တင်ရေးများ၌ သြဇာ
သက်ရောက်ဆဲပါ။

၁၈၉၃ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ မော်စီတုန်းဘ၀အကျဉ်း ….

မော်စီတုန်းကို ၁၈၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် ဟူနန်နယ် ရှောက်
ရှန်း တောင်ကြားက ရွာလေးတစ်ရွာ ဖြစ်သည့် ရှောက်ရှန်း ရွာကလေး
၌ မွေးဖွားသည်။ နေအိမ်သည် ယနေ့ခေတ် တရုတ်ပြည်၏ ပြတိုက်
တစ်ခုဖြစ်သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၁၁)

မော်၏ အဖေသည် ကျောင်းကောင်းကောင်း မနေခဲ့ရ။ အသက် (၁၆)
နှစ် ရောက်သည့်အခါတွင် သူ့အဖေ (မော် အဖိုး)၏ အကြွေးများကို
ဆပ်ရန် တရုတ်ဘုရင် စစ်တပ်ထဲသို့ လိုက်သွားရသည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၁၃)

မော်၏ အဖေသည် လမ်းလျှောက်သော ကလေးအရွယ် ကျော်သည်
နှင့် သားတွေကို လယ်ထဲဆင်း၍ အလုပ်လုပ်ခိုင်းသည်။ ကောက်ရိတ်
ချိန်ကို တွေးပြီး အိပ်မပျော်တတ်သူ ဖြစ်သည်။ အသုံးအဖြုန်းကြီးလျှင်
ပျင်းရိလျှင် အိမ်တွင် ဆူပူကြိမ်းမောင်းတတ်သည်။ မော်စီတုန်းသည်
ချမ်းသာသည့် လယ်သမားတစ်ယောက်၏ သားအဖြစ် ကြီးပြင်းလာရ
ခြင်းမဟုတ်။ ငတ်ပြတ် ချို့တဲ့နေသည့် ဆင်းရဲသား လယ်သမားသား
တစ်ယောက်အနေဖြင့် ကြီးပြင်းလာခြင်း ဖြစ်သည်။ အသက် (၁၆)နှစ်
အရွယ်၌ မော်သည် တစ်လကို ကြက်ဥတစ်လုံးသာ စားရသည်။
အသားကို တစ်နှစ်မှ သုံးလေးကြိမ်သာ မြင်ရသည်။
(ဒီရေမြင့်သစ်- စာမျက်နှာ ၁၄)

အသက် (၇)နှစ်တွင် မော်သည် နန်အန် မူလတန်းကျောင်းတွင် ကျောင်း
တက်ရသည်။ ကျောင်းဆရာမှာ ရှေးဆရာပုံစံဖြစ်သည်။ ကလေးတွေကို
အရိုက်ကြမ်းသဖြင့် တော်သည်ဟု ရွာနီးချုပ်စပ်က ချီးမွမ်းခံရသူ ဖြစ်
သည်။ ထိုခေတ်က ကျောင်းအပ်ထားသည့် ကလေးကို ပြင်းပြင်းထန်ထန်
ဆုံးမခြင်းမျိုး မရှိလျှင် ဆရာကောင်းပီသသည်ဟု မထင်ကြ။ ကျောင်းသား
က စာအံလျှင် အတန်းထဲမှထွက်၍ ဆရာ့ရှေ့တွင် မတ်တတ်ထ လက်ပိုက်
ပြီး စာအံရသည်။ မော်က ထိုသို့စာမအံနိုင်ဟု ညည်းသည်။ “ကျွန်တော်
ထိုင်နေရင်း စာအံရင်လည်း ကြားရသားဘဲ၊ ဘာဖြစ်လို့ ထပြီးစာအံရမှာလဲ”
ဟုဆိုကာ မော်က ထိုင်ရင်း စာအံသည်။ ဆရာက မျက်နှာကြီး နီလာကာ
စိတ်ဆိုးသည်။ ဤထုံးစံကို တရုတ်ပြည်တွင် ကျင့်သုံးလာသည်မှာ အနှစ်
တစ်ထောင်ရှိပြီ။ အနှစ်တစ်ထောင်အတွင်း ဤထုံးစံကို အံတုသူဟူ၍
တစ်ယောက်မျှ မပေါ်သေး။ ဆရာက (၇)နှစ်သား မော်ကို မတ်တတ်ရပ်
၍ စာအံရမည်ဟု အကျပ်ကိုင်သည်။ ထိုအခါတွင် မော်က သူ့ထိုင်ခုံကို
ဆရာ့အနီးသို့ ရွေ့လာပြီး ထိုင်၍စာအံသည်။ ဆရာက မတ်တတ်ရပ်ရ
မည်ဟုဆိုသည်။ မော်သည် မတ်တတ်တော့ ထရပ်ပါသည်။ သို့ရာတွင်
စာအံရန် ရပ်ခြင်းမဟုတ်။ ကျောင်းခန်းထဲမှ ထွက်သွားရန် ရပ်ခြင်းသာ
ဖြစ်သည်။ မော်သည် တောင်ရိုးပေါ်သို့ တက်ကာ သုံးရက်လောက်
ပျောက်နေသည်။ မော်ကို ပြန်တွေ့သည့်အခါတွင် မိဘတွေ ၀မ်းသာ
မဆုံးဖြစ်ကြသည်။ ထိုကတည်းက မော်သည် ကျောင်းတွင် အရိုက်
မခံရတော့။ “ကျုပ် ကန့်ကွက်ချက် အောင်တော့ ကျုပ်သိပ်ဝမ်းသာ
တာဘဲ၊ အောင်မြင်တဲ့ သပိတ်လို့ ဆိုရမှာပေါ့” ဟု မော်က ပြောသည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၂၀၊၂၁)

မော်အမေသည် အဖေထက် အသက်ကြီးသည်။ မော့်အမေသည်
၁၉၁၈ ခုနှစ်၊ အောက်တိုဘာလထဲတွင် ချောင်းဆိုးသွေးပါ ရောဂါဖြင့်
ဆုံးခဲ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၂၂)

မော်က သူ့သဘောတူညီချက်မပါဘဲ အိမ်ထောင်မပြုချင်။ သို့ရာတွင်
အဖေက အတင်းစီစဉ်ကာ ၁၉၀၈ ခုနှစ်တွင် သူ့ကို အိမ်ထောင်ပြုလိုက်
သည်။ မော်က ထိုမိန်းကလေးကို လက်မခံ။ အကြင်လင်မယားအဖြစ်
နေထိုင်ခြင်းမပြု။ မိန်းကလေးဘက်မှ ကြည့်လျှင် ဤကိစ္စသည် ရှက်စရာ
ဖြစ်သည်။ ယောက်ျားလေးက မယူဟု အငြင်းခံရသဖြင့် မိန်းကလေး
နာမည်ပျက်ရသည်။ ထို့ကြောင့် ယနေ့အထိ ထိုမိန်းကလေးသည်
မည်သူမည်ဝါဖြစ်ကြောင်း ရှောက်ရှန်းကလူများက ထုတ်မပြောကြ။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၃၀)

သူက စာဖတ်တတ် ရေးတတ်သည်။ စစ်သားအများစုက သေစာရှင်စာ
ကိုမျှ ရေးတတ်သည် မဟုတ်။ သူ့ကို သူ့အပေါင်းအဖော်များက လေး
စားကြသည်။ သူတို့အတွက် စာရေးပေးသည်။ သတင်းစာဖတ်ပြသည်။
(မော်သည် တစ်လကို ၇ ဒေါ်လာရသည့်အနက် အစားအသောက်အတွက်
၂ ဒေါ်လာသာကုန်၍ ကျန်ငွေကိုမူ သတင်းစာဝယ်သည်။) မော်သည်
စစ်သားတွေကြားထဲ ရောက်သည့်အခါတွင် “လူတန်းစား” ခြားနားမှု
၏ သဘောကို ပို၍ မြင်လာသည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၄၅)

သူ ဆယ်နှစ်မပြည့်မှီ တရုတ် ဂန္တ၀င်များကို ဖတ်ဘူးပြီ။ ၁၃ နှစ်သား
တွင် လက်နက်ကိုင် ပုန်ကန်မှုကြီးနှစ်ခုနှင့် အုံကြွမှုကြီး တစ်ခုကို
တွေ့ခဲ့ဘူးပြီ။ ၁၆ နှစ်သားတွင် ကျောင်းပြန်သွားရပြီး ၁၇ နှစ်သား
တွင် ငါးလလောက် စစ်သား လုပ်ခဲ့ဘူးသည်။ (၁၉၁၁ ခုနှစ်၊ အောက်
တိုဘာလမှ ၁၉၁၂ ခုနှစ်၊ ဖေဖ်ါဝါရီလ အထိ)
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၄၆)

မော်သည် ၁၉၁၁ ခုနှစ် တော်လှန်ရေးထဲတွင် ပါဝင်ရင်း “ဆီယန်မြစ်
နေ့စဉ်သတင်းစာ” ဆိုသည့် သတင်းစာ တစ်စောင်တွင် “ဆိုရှယ်လစ်”
ဆိုသည့် စကားလုံးကို ပထမဆုံးသွားတွေ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ-၄၇)

မော်စီတုန်းသည် ချန်ရှား နော်မန် ဆရာဖြစ်သင်တန်းတွင် ငါးနှစ်ကြာ
သည်။ ၁၉၁၃ ခုနှစ်မှ ၁၉၁၈ ခုနှစ်အထိဖြစ်သည်။ ထိုငါးနှစ်အတွင်း
မော်၏ နိုင်ငံရေး အယူအဆသည် ပီပြင်၍လာသည်။ မော်သည်
ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၅၁)

၁၉၁၇ ခုနှစ်၌ စစ်ဘုရင် ဆန့်ကျင်သည့် ကျောင်းသားကာကွယ်ရေး
တပ်များ ဖွဲ့သောအခါတွင် မော်သည် ဆရာဖြစ်သင်ကျောင်း တပ်ဖွဲ့
၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့နောက်မကြာမှီ စစ်ဘုရင်ဖူလျှံဆို
၏ တပ်များက ဆရာဖြစ်သင်ကျောင်း အဆောင်များကို သိမ်းလိုက်
သည်။ မော်သည် အနီးရှိ ပုလိပ်ဋ္ဌာနတစ်ခုသို့သွားကာ ပုလိပ်များ
နှင့် စကားပြောသည်။ ရင်းနှီးအောင်လုပ်သည်။ ၎င်းတို့၏ အကူအညီ
ဖြင့် ပုလိပ်ဋ္ဌာနမှ ရိုင်ဖယ်အစစ်များနှင့် အတုများကို ဌားခဲ့သည်။
ညအချိန်၌ မော်နှင့် သူ့ရဲဘော် ကျောင်းသားများသည် ကျောင်းခန်း
များပေါ်သို့တက်နေသည့် စစ်တပ်များကို ညာသံပေး၍ ၀ိုင်းသည်။
လက်နက်အချခိုင်းသည်။ စစ်ဘုရင်၏ စစ်သားများသည် မြေမကိုင်မိ
လက်မကိုင်မိဖြစ်ကာ လက်နက်ချအညံ့ခံကြသည်။ ဤသို့ဖြင့် ကျောင်း
သား ကာကွယ်ရေးတပ်ဖွဲ့သည် လက်နက်များရလိုက်ကြသည်။
ဤသည်မှာ မော်၏ ပထမဆုံးသော လျှပ်တပြက်ပြောက်ကျားတိုက်ပွဲ
အတွေ့အကြုံဖြစ်သည်။ ထိုကတည်းက မော်သည် စစ်သိပ္ပံပညာကို
လေ့လာခဲ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၅၆)

၁၉၁၇ ခုနှစ် နွေရာသီတွင် မော်စီတုန်းသည် ဟိုရှုဟင်း (၎င်းမှာ တရုတ်
ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့တစ်ဦးဖြစ်၍ ၁၉၃၅ ခုနှစ်တွင် ချန်ကေရှိတ်
၏ အသတ်ခံရသည်။) နှင့်အတူ ပြည်သူ့ဘ၀ လေ့လာရေးသစ်အဖွဲ့ကို
တည်ထောင်သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ-၆၁၊ ၆၂)

၁၉၁၈ ခုနှစ်အလွန်တွင် လီတာချို (Li Dazhao) ခေါင်းဆောင်ဖွဲ့စည်း
သည့် မတ်ဝါဒ (Marxism) လေ့လာရေး အဖွဲ့ထဲသို့ ၀င်သည်။
မော်သည် ပါမောက္ခ ယန်ချန်ချိ၏သမီး ယန်ခိုင်ဟွီးနှင့် ကြိုက်ကြသည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၇၁)

၁၉၁၉ ခုနှစ် ဧပြီလ၌ မော်စီတုန်းသည် ရှန်ဟဲဆိပ်ကမ်းတွင် ပြင်သစ်ပြည်
သွား သူ့မိတ်ဆွေများကို သွားရောက် နှုတ်ဆက်ခဲ့ပြီးနောက် ချန်ရှား
သို့ ပြန်လာခဲ့ကာ နိုင်ငံရေးကို ဇောက်ချလုပ်သည်။ နော်မန်ကျောင်းနှင့်
တွဲထားသည့် မူလတန်းကျောင်းတွင် ဆရာလုပ်ရသည်။ လခကနည်း
သည်။ ကျောင်းသားဘ၀မှ ကျောင်းဆရာဘ၀ ရောက်သည့်အထိ
စာအုပ်ဖိုး၊ သတင်းစာဖိုးများကြောင့် အစားအသောက်ချွေတာရသည်။
တနေ့လျှင် ထမင်းတစ်နပ်နှင့် ပဲပြားကိုသာ စားသည်။
၁၉၁၉ ခုနှစ်တွင် ဟူနန်ပြည်နယ် ပထမဆုံးသော မတ်ဝါဒအစုကို
ချန်ရှားတွင် တည်ထောင်သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၇၉၊၈၀)

၁၉၂၀ ခုနှစ် မေလထဲတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အမြုတေတစ်ခု
ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ၎င်းနှင့်အတူ ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ကိုလည်း
ဖွဲ့စည်းခဲ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၁)

၁၉၂၀ ခုနှစ် ဧပြီလတွင် ဆိုဗီယက်ယူနီယန် ကွန်မြူနစ် ပါတီဝင်
သုံးဦး ပီကင်းသို့ ရောက်လာကာ လီတာချိုနှင့် ဆွေးနွေးကြသည်။
၎င်းတို့မှာ ဗွိုင်တင်စကီး၊ ယန်မင်ချေးနှင့် စနီလီယက်(မာလင်း)
တို့ဖြစ်ကြသည်။ သူတို့ သုံးယောက်စလုံး ကွန်မြူနစ် အင်တာနေ
ရှင်နယ် အဖွဲ့ဝင်များ ဖြစ်ကြသည်။ ပီကင်းမှတဖန် ရှန်ဟဲသို့ သွား
ကာ ချန်တူရှူး စသူတို့နှင့် ဆွေးနွေးကြပြန်သည်။ ထိုနှစ်မေလတွင်
ချန်တူရှူးက ကွန်မြူနစ်ပါတီ အမြုတေကို စဖွဲ့ခဲ့သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၃)


၁၉၂၀ ခုနှစ် ဆောင်းရာသီတွင် မော်သည် ယန်ခိုင်ဟွီးနှင့် လက်ထက်
လိုက်သည်။ ယန်ခိုင်ဟွီးသည် ၁၉၂၂ ခုနှစ်တင် ကွန်မြူနစ်ပါတီဝင်
တစ်ဦးဖြစ်လာကာ လူငယ်လှုပ်ရှားမှုတွင် ခေါင်းဆောင်တစ်ဦး ဖြစ်
လာသည်။ ၁၉၃၀ ခုနှစ်တွင် ချန်ကေရှိတ်၏ အဖမ်းကို ခံခဲ့ရသည်။
လင်ယောက်ျားနှင့် ယုံကြည်ချက်ကို စွန့်လွှတ်ရန် ငြင်းဆန်သဖြင့်
ညှင်းပန်းသတ်ဖြတ်ခြင်း ခံသွားရသည်။ သားနှစ်ယောက် မွေးသည်။
အကြီး မော်အန်ယန်းသည် ၁၉၂၉ ခုနှစ်တွင် မွေးပြီး ၁၉၅၀ ခုနှစ်
ကိုရီးယားစစ်ပွဲတွင် အပျော်တမ်း တပ်သားတစ်ဦးအဖြစ် ကျဆုံးသွား
ခဲ့သည်။ အငယ် မော်အန်ချင်းမှာ ဘုံအဖွဲ့တစ်ခုတွင် စာရင်းကိုင်း
လုပ်နေသည်။ မော်က သူ့ဆွေမျိုးသားချင်းများကို ချီးမြှောက်လေ့
မရှိ။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၄)

၁၉၂၀ ခုနှစ်တွင် မော်သည် ဆိုရှယ်လစ်လူငယ်တပ်ဖွဲ့ ဟူနန်
ပြည်နယ်ဌာနကို ဖွဲ့စည်းသည်။ ၁၉၂၂ ခုနှစ်တွင် အဖွဲ့ဝင်ပေါင်း
၂၀၀၀ ရှိ၍ တရုတ်ပြည်တွင် အကြီးဆုံး လူငယ်စု တစ်ခု ဖြစ်
လာသည်။ ထိုအစုထဲတွင် ထိုစဉ်က ချန်ရှား ဆရာဖြစ်သင်ကျောင်း
တက်နေသည့် လျူရှောက်ချီလည်း ပါသည်။ နောင်တွင် လျူရှောက်
ချီသည် မော်၏ အစီအစဉ်ဖြင့် ရုရှားပြည်သို့ သွားရောက်လေ့လာ
သည့် ကျောင်းသားအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၁၉၂၀ ခုနှစ်
ဆောင်းရာသီတွင် လျူရှောက်ချီသည် ဗလာဒီဗော့စတော့သို့
ထွက်ခွာသွားသည်။ ၁၉၂၁ ခုနှစ်တွင် မော်စကိုသို့ ရောက်သည့်
အခါ၌ မော်စကိုတွင်ရှိသည့် ရုရှားပြည်က တရုတ်ပါတီအစုနှင့်
ဆက်သွယ်မိသည်။

မော်သည် ချန်ရှားတွင် “ယဉ်ကျေးမှု စာအုပ်ဆိုင်” အမည်ဖြင့်
စာအုပ်ဆိုင်တစ်ဆိုင်ကိုလည်း ဖွင့်သည်။
(ဒီရေမြင့်သစ်၊ စာမျက်နှာ- ၉၅)


(ဒီရေမြင့်သစ်စာအုပ်ကို ဘာသာပြန်သူမှာ ကွယ်လွန်သူ ဆရာ
မြသန်းတင့် ဖြစ်၍ မူရင်း စာရေးသူမှာ Han Suyin ဖြစ်သည်။)

(ဆက်ရန်။)


Read more »

Monday, 29 March 2010

ခင်ချောစုယဉ် အသက် (၁၆)နှစ်နှင့် တွေ့ဆုံခြင်း

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့် ကြောက်ရွံ့တတ်သူများ မဖတ်သင့်ပါ။)

ခင်ချောစုယဉ် ဆိုသော အမည်တွင် နောက်ဆုံး စာလုံးပေါင်းနှစ်ခုမှာ
စုယဉ်လား၊ ဆုယဉ်လား၊ စုရင်လား၊ ဆုရင်လား ဟူသော အမည်မှန်ကို
မမှတ်မိတော့ပါ။ ဒီဇာတ်လမ်းဟာ လွန်ခဲ့သော နှစ်(၂၅) ကျော် အချိန်
ခန့်က မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သော အသံလွှင့် ဇာတ်လမ်းလား၊
ဝတ္တုတစ်ပုဒ်လား၊ ရုပ်ရှင်ရော ရှိသေးလား၊ ဒဏ္ဍာရီ ဆန်ဆန် ယုံတမ်း
စကား တစ်ခုလား မပြောတတ်ပါ။ လူအများစုရဲ့ နူတ်ဖျားမှာ စွဲပြီး
ကျန်ရစ်ခဲ့ပါတယ်။



မှတ်မိသလောက် ဒီဇာတ်လမ်းထဲမှာ ….
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ ညနေခင်းတစ်ခု။
ဆရာဝန်တစ်ဦးဟာ အလုပ်ကိစ္စတစ်ခုကနေ သူ့ကိုယ်ပိုင်ကားကို
မောင်းနှင်းပြီး အိမ်ကိုအပြန်။ ရန်ကုန် ကန်တော်ကြီးစောင်း ပန်ကန်လုံး
ကျွန်း ထိပ်ဝရဲ့ ကားလမ်းနံဘေးကို ရောက်တော့ မိုးရေထဲမှာ ထီးမပါဘဲ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ မိန်းကလေးတစ်ဦးကို တွေ့ရပါတယ်။
အဲဒါနဲ့ ဆရာဝန်ဖြစ်သူလည်း သူ့ကားကို မိန်းကလေးနံဘေး ထိုးရပ်ပြီး
အိမ်အထိ လိုက်ပို့ပေးမယ်လို့ ကမ်းလှမ်းပါတယ်။ ဒီလိုနဲ့ အဲဒီ
မိန်းကလေး ကားပေါ်ရောက်လာတော့ ချမ်းလွန်းလို့ တုန်နေဆဲပါ။

ဆရာဝန်ဖြစ်သူက သူ့ဝတ်ထားတဲ့ ဂျာကင်အင်္ကျီကို ချွတ်ပြီး ချမ်းနေ
ရှာတဲ့ မိန်းကလေးဝတ်ဖို့ ပေးပါတယ်။ ကားပေါ်မှာ အနီးကပ်ကြည့်
လိုက်တော့ မိန်းကလေးငယ်ဟာ ချောချောမောမော သန့်သန့်ပြန့်ပြန့်
လေးပါ။ ဆရာဝန်ဖြစ်သူက သူမ နေထိုင်ရာ ခြံဝအထိ လိုက်ပို့ခဲ့ပါတယ်။
ကားပေါ်က ဆင်းခါနီး သူ့နာမည် ခင်ချောစုယဉ် ဖြစ်ကြောင်း၊ လမ်းကြုံ
ရင် အလည်လာဖို့နဲ့ ကျေးဇူးများစွာတင်ကြောင်း ပြောသွားပါတယ်။

ဆရာဝန်လည်း သူ့ကူညီမှုအတွက် ပီတိဖြစ်စွာနဲ့ အဲဒီခြံဝကနေ ပြန်
လာခဲ့တယ်။ အိမ်မရောက်ခင် မီးပွိုင့်တစ်ခုမှာ မီးနီမိတော့ မိုးရေထဲ
ဖြတ်သွားသူတွေကို လျှောက်ကြည့်မိပါတယ်။ ရုတ်တရက် သူ သတိ
ရလိုက်တာက သူ့ရဲ့ ဂ်ာကင္အက်ႌပါ။ အဲဒီအက်ႌ အတွင်းအိတ်ထဲမှာ
သူ့ရဲ့ ဆရာဝန်ကဒ်ပြားတချို့ ထည့်ထားနေကြပါ။ သို့ပေမဲ့ ဂျာကင်
ပြန်ယူဖို့ ကားကို နောက်ပြန် မလှည့်ခဲ့ပါဘူး။ နောက်နေ့ကျမှ သွားယူ
လိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

နောက်တနေ့ ညနေစောင်းမှာ အဲဒီခြံဆီ သူ ရောက်ခဲ့ပါတယ်။ ခြံထိပ်ဝ
က လူခေါ်ခေါင်းလောင်းနှိပ်အပြီး လူတစ်ယောက် ထွက်လာပါတယ်။
“မခင်ချောစုယဉ် ရှိပါသလား၊ ကျနော် သူနဲ့ တွေ့ချင်လို့ပါ”
လို့ မေးလိုက်တော့ ခြံထဲက ထွက်လာသူက …
“ခင်ဗျား စိတ်ရော ကောင်းသေးရဲ့လား”
လို့ပြောပြီး သူ့ကို စိုက်ကြည့်နေပါတယ်။ မနေ့က အဖြစ်အပျက်တွေ
ကို ပြောပြတော့ ခြံထဲက အိမ်ဆီ ခေါ်ဆောင်သွားပါတယ်။ ခြံပိုင်ရှင်
လင်မယားကို မနေ့က ဒီခြံအ၀အထိ မိန်းကလေးတစ်ဦးကို သူ လိုက်ပို့
ခဲ့ကြောင်း၊ အဲဒီမိန်းကလေးကို ကန်တော်ကြီးစောင်း မိုးရေထဲမှာ စ’တွေ့
ခဲ့ကြောင်း၊ သူမဟာ ချမ်းလို့ တုန်နေတာကြောင့် သူ့ဂျာကင် အင်္ကျီချွတ်
ပြီး ၀တ်ဖို့ပေးခဲ့ကြောင်း၊ အဲဒီဂျာကင်ထဲမှာ သူ့စာရွက်စာတမ်းများ ပါ
သွားကြောင်း ပြောပြလိုက်ပါတယ်။

သူ့စကားတွေ အဆုံးမှာ ခြံပိုင်ရှင်အမျိုးသမီးကြီးဟာ ရှိုက်ကြီးတငင်ငင်
ငိုကြွေးပါတော့တယ်။ ဆရာဝန်က ….
“ကျနော် ပြောတဲ့အထဲမှာ ဘာများ အမှားပါလို့လဲ ခင်ဗျာ …”
လို့ ပြောလိုက်တော့ ခြံပိုင်ရှင် အမျိုးသားကြီးက …
“မောင်ရင် အခုပြောနေတဲ့ ခင်ချောစုယဉ်ဆိုတာ လွန်ခဲ့တဲ့ (၁၀)နှစ်က
ဆုံးသွားပြီ၊ မနေ့က သမီးလေးဆုံးတာ (၁၀)နှစ်ပြည့်ပေါ့၊ ကန်တော်
ကြီးစောင်းနံဘေးမှာ မိုးရေထဲ လမ်းဖြတ်ကူးတုန်း ကားတိုက်ခံရတာ …”

(ဆရာဝန်) ကျနော်ကိုယ်တိုင် သေသေချာချာ ဒီခြံဝအထိ လိုက်ပို့ခဲ့
တာပါ အန်ကယ်၊ တကယ်ပြောတာပါ …။

(ခြံပိုင်ရှင် အမျိုးသားကြီး) မောင်ရင်ကို ဆုံးသွားတဲ့ ဦးတို့ရဲ့ တစ်ဦး
တည်းသော သမီးလေး ဓါတ်ပုံပြမယ် ….။

ဓါတ်ပုံထဲက ခင်ချောစုယဉ်ဆိုတဲ့ မိန်းကလေးဟာ မနေ့က သူကိုယ်တိုင်
ဒီခြံအ၀အထိ လိုက်ပို့ခဲ့သော မိန်းကလေးပါ။ ဓါတ်ပုံကို ကြိမ်ဖန်များ
စွာ ကြည့်ပြီးတဲ့ အချိန်အထိ ဆရာဝန်ဟာ ဒီအဖြစ်အပျက်ကို လွှဲချော်မှု
တစ်ခုလို့ ထင်နေဆဲပါ။ သူတို့ပြောပြတာကို ငြင်းဆန်နေတဲ့ ဆရာဝန်
ဖြစ်သူအား ခြံပိုင်ရှင် လင်မယားက ခြံထဲမှာ တစ်ခုခုလိုက်ပြမယ်ဆိုပြီး
ခြံရဲ့ နောက်ဖက်တစ်နေရာဆီ ခေါ်ဆောင်သွားပါတယ်။

ခြံကြီးရဲ့ နောက်ဖက်မှာ အုတ်ဂူပုံသဏ္ဌာန် တစ်ခုကို လှမ်းမြင်နေရ
ပါတယ်။ ခြံပိုင်ရှင် အမျိုးသားကြီးက …
“ဦးတို့က သမီးလေးကို ချစ်လွန်းလို့ သူ့အလောင်းကို ဒီခြံထဲမှာပဲ
ဂူသွင်းထားတာ ….”
အုတ်ဂူနံဘေးကို ခြံပိုင်ရှင် လင်မယားနဲ့ ဧည့်သည် ဆရာဝန်တို့
ရောက်ရှိသွားချိန်မှာ အုတ်ဂူပေါ်တွင် ပစ္စည်းတစ်ခုကို တွေ့လိုက်
ရပါတယ်။ ရုတ်တရက် ဆရာဝန်က …
“အဲဒါ … အဲဒါ … ကျနော့် ဂျာကင် …”

ဆရာဝန်နဲ့ ခင်ချောစုယဉ်ရဲ့ မိဘနှစ်ပါး ဘာစကားမှ ဆက်မပြော
နိုင်တော့ပါ …။
…… ….. ….. …

ဒီဇာတ်လမ်းအကြောင်းကို ဆင်ခြေဖုံးရပ်ကွက်လေး တစ်ခုမှာ နေထိုင်
တဲ့ လေးဘီးအဌားကားမောင်းသူ တစ်ဦးက မယုံကြည်ခဲ့ပါ …။

“လူတွေ အားအားယားယား ပေါက်ကရ လျှောက်ပြောတာ၊ ငါ လုံးဝ
မယုံဘူး …” လို့ လေးဘီး အဌားကားမောင်းတဲ့ ကိုမြင့်လွင်က ပြောလေ့
ရှိပါတယ်။ ကိုမြင့်လွင်ဟာ သူ့အဌားကားပေါ် အမျိုးသမီးများသာ ဦးစား
ပေးပြီး တင်ဆောင်လေ့ရှိပါတယ်။ တနေ့တော့ ကိုမြင့်လွင်တစ်ယောက်
ခရီးသည်တစ်ဦးကို ကုက္ကိုင်းရေကူးကန်လမ်းထဲသို့ လိုက်ပို့ခဲ့ပါတယ်။
လမ်းထဲကနေ ပြန်ထွက်ဖို့ ကားကွေ့နေစဉ် ရှေ့ခပ်လှမ်းလှမ်းမှာ
မိန်းကလေးငယ်တစ်ဦးက လက်ပြပြီး ကားဌားဖို့ စောင့်နေပါတယ်။

(ကိုမြင့်လွင်) ညီမလေး၊ ဘယ်သွားမလို့လဲ …။

(ကားဌားသူ) ကန်တော်ကြီး၊ ပန်ကန်လုံးကျွန်းကို သွားချင်လို့ အကို …။

ကားခေါင်းခန်း တံခါးကို ဖွင့်ပေးပြီး မောင်းနှင်းထွက်ခွာလာပါတယ်။
ကုက္ကိုင်း ရေကူးကန်လမ်းထိပ်အရောက် ဆရာစံလမ်းမပေါ်သို့ မောင်းနှင်း
ရန်အတွက် ယာဉ်အသွားအလာကို ရှင်း မရှင်းကို ကြည့်နေပါတယ်။ အဲဒီ
အချိန်မှာ သူ့ရပ်ကွက်ထဲက ကလေးငယ် တစ်အုပ်စုကို တွေ့လိုက်ရလို့ …
“ဟေ့ကောင်တွေ၊ ဘယ်က ပြန်လာလဲ၊ မင်းတို့ ဒီဖက်အထိ လာဆော့
ရသလား၊ တော်တော်ဆိုးတဲ့ ကောင်တွေ …”

(ကလေးငယ်များ) ကိုမြင့်လွင်၊ ဘယ်သွားမလို့လဲ၊ နေ့တွက်ကိုက်ရင်
မုန့်ဝယ်ကျွေးအုံး …။

(ကိုမြင့်လွင်) ဒီမှာ ခရီးသည်နဲ့ကွ၊ လမ်းထိပ်က စောင့်နေ၊ ငါ ပြန်လာ
ရင် မုန့်ဝယ်ကျွေးမယ် …။

(ကလေးငယ်များ) ခင်ဗျားကလည်း ကားပေါ်မှာ ဘယ်သူမှ မရှိပဲနဲ့
လျှောက်ရွှီးနေတယ် ….။

ကလေးတွေ ပြောစကားကို ရယ်မောပြီး သူ့နံဘေးမှ ခရီးသည်ကို
ကိုမြင့်လွင် လှည့်ကြည့်လိုက်ပါတယ်။ သူ့နံဘေးမှာ ဘယ်သူမှ
မရှိတော့ပါ။ ကားတံခါးကို ဇွတ်အတင်းဖွင့်ပြီး ဆင်းပြေးသွားသော
ကိုမြင့်လွင်အား ကလေးငယ်များက …
“ကိုမြင့်လွင်၊ ကားကို လမ်းပေါ်မှာထားပြီး ဘာဖြစ်လို့ ဆင်းပြေးတာလဲ”
“ဒီလူကြီး ဂေါက်များ ဂေါက်သွားပြီလား မသိဘူး …”

အဲဒီနေ့မှစ၍ လေးဘီး အဌားကားမောင်းသူ ကိုမြင့်လွင်တစ်ယောက်
ကုက္ကိုင်းရေကူးကန်လမ်းထဲသို့ ခရီးသည်ပို့ဆောင်မှု မလုပ်ရဲတော့ပါ။



(ပြီးပါပြီ။)

Read more »

Sunday, 28 March 2010

ရုပ်ရှင်ရုံ



Independence Day ရုပ်ရှင်လို
မိုးပေါ်မှာ မီးလောင်နေတုန်း
Hero ရုပ်ရှင်လို
သူ ယုံအောင် ပုံပြင်ပြောပြပြီး
The Godfather ရုပ်ရှင်လို
လက်ဖမိုးပေါ် နမ်းရှိုက်ရဲသူတို့
Cold Mountain ရုပ်ရှင်လို
မသတ်ခင် သီချင်းတစ်ပုဒ် ဆိုပြမယ် …။ ။


-စစ်ငြိမ်းဒီရေ

Read more »

Thursday, 25 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင်အပိုင်း(၄)မှ အဆက် ….

ဘုန်းကြီးကျောင်းက ပြန်လာတဲ့ အဲဒီလူဟာ ဒေါ်လေးတို့အား
ကန်တော့ပွဲတစ်ခု ပြင်ဆင်ပေးဖို့ ပြောပါတယ်။ အဲဒီနောက် ကန်
တော့ပွဲနဲ့ ဘုန်းကြီးကျောင်းက ပြန်သယ်ဆောင်လာတဲ့ ခြေဆေး
ရေ ထည့်ထားတဲ့ ရေပုံးတွေကို ခြံထဲ သယ်သွားပါတယ်။ သူ
လုပ်နေတာတွေကို ဒီဖက်ခြံကနေ အားလုံး လိုက်ကြည့်နေကြပါ
တယ်။ အိမ်ကြီးနံဘေးရှိ သရက်ပင်တစ်ပင်ရဲ့အောက်မှာ ကန်တော့
ပွဲကိုထားပြီး တုတ်နဲ့ မြေကြီးကို စက်ဝိုင်းပုံသဏ္ဌာန် ရေးခြစ်နေ
ပါတယ်။ သူ့ထိုင်မယ့် နံဘေး ပတ်ပတ်လည်ကို ခြေဆေးရေတွေ
လောင်းပြီး မြေကြီးပေါ်မှာ တရားထိုင်သလို အကြာကြီး ထိုင်နေ
ပါတယ်။



တစ်နာရီလောက်အကြာမှာ ကန်တော့ပွဲကို ထားခဲ့ပြီး ဒီဖက်အိမ်
ကို သူပြန်လာပါတယ်။ ဒေါ်လေးတို့ဆီက ထမင်းတွေ ဟင်းတွေ
တောင်းပြီး လင်ဗန်းအကြီးကြီး တစ်ခုပေါ်တင်လို့ ခြံထဲကို ပြန်သွား
ပါတယ်။ ကန်တော့ပွဲထားခဲ့တဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ အဲဒီ
လင်ဗန်းကြီး ချထားခဲ့ပါတယ်။

(ကိုဝက်) အကို၊ ခြံထဲမှာ အခြေအနေကောင်းလား …။

(အဲဒီလူ) ကျနော်လည်း သိပ်မပြောတတ်သေးဘူး၊ ည ၁၀ နာရီ
ကြရင် တစ်ခေါက်ထပ်သွားအုံးမယ်၊ အဲဒီက ပြန်လာရင်တော့
တစ်ခုခု ကျနော် ပြောနိုင်ပါပြီ …။

(ကိုအေး) အကိုကြီး၊ ကျနော် သိချင်လို့ တစ်ခုလောက် မေးပါရစေ
စိတ်မရှိပါနဲ့၊ အကိုက အထက်လမ်းဆရာလား၊ အောက်လမ်းနဲ့
အထက်လမ်း ဘယ်လို ခွဲလို့ရလဲ …။

(အဲဒီလူ) ရပါတယ် မေးပါ၊ ကျနော်က အောက်လမ်းတော့ မဟုတ်
ပါဘူး၊ အထက်လမ်းလားဆိုတော့လည်း ခင်ဗျားတို့ နားလည်အောင်
ကျနော် မရှင်းပြတတ်ဘူး၊ သူတပါး ဒုက္ခရောက်အောင်တော့ ကျနော်
သိထား တတ်ထားတာနဲ့ လုံးဝ မလုပ်ဘူးဗျာ၊ အောက်လမ်းနဲ့
အထက်လမ်း ဘယ်လိုခွဲသလဲ ဆိုတာ ပြောရခက်တယ်၊ ဒီခေတ်မှာ
အတုတွေများတော့ ဘယ်ဟာ အစစ်လဲဆိုတာ ပြဖို့ခက်တယ်၊
အထက်လမ်းဆရာ ဆိုသူတွေကို အလွယ်တကူ ရှာလို့တွေ့တယ်၊
ခင်ဗျားတို့ အောက်လမ်းဆရာကို တွေ့ဖူးလား၊ ဆရာစစ်စစ်ကို ပြော
တာနော်၊ ကျနော့်အထင်တော့ ဆရာအဆင့်ကို ရောက်ရင် … အင်း၊
ဆရာအဆင့်ဆိုတာလည်း ရှင်းပြဖို့ ခက်တယ်၊ ထားပါတော့ ဆရာ
အဆင့်ကို ရောက်တဲ့သူဟာ သူကြိုက်တဲ့ လမ်းကို ရွေးလို့ရတယ်၊
သူမှာ လောဘ မရှိဘူး၊ သူက လူတဖက်သားအပေါ် ကူညီရိုင်းပင်း
စိတ်ရှိတယ်၊ ဘာသာရေး အဆုံးအမကို နာခံလို စိတ်ရှိရင် အဲဒါ
အထက်လမ်းလို့ ပြောရမှာပေါ့၊ လောဘရှိတယ် လိုချင်မှုတွေ
အများကြီးရှိတဲ့သူဟာ အောက်လမ်းကို အချိန်မရွေး အသုံးပြု
နိုင်တယ်၊ အဲဒါဆို အောက်လမ်းဆရာလို့ ပြောရမယ် ….။

(ကိုကုလား) နောင်ကြီး ရှင်းပြတာ နားထောင်လို့ ကောင်းတယ်၊
ဒါပေမဲ့ ကျနော် နားမလည်ဘူးဗျာ …။

(အဲဒီလူ) လူတစ်ယောက်က သိုင်းတတ်တယ်ဗျာ၊ သူက တုတ်တွေ
ဓါးတွေ ကိုင်ထားတဲ့လူ လေး …ငါးယောက်ကို လက်နက်မပါဘဲ တိုက်
ခိုက်နိုင်တယ်ပေါ့၊ အဲဒီပညာနဲ့ သူတပါးကို တရားသဖြင့် ကယ်ရင်
အထက်လမ်းပေါ့၊ အဲဒီပညာနဲ့ ဓမြတိုက်စားရင် အောက်လမ်းပေါ့၊
ယှဉ်ပြိုင်နိုင်လောက်တဲ့ အဆင့်ကို ရောက်ရင် ဆရာအဆင့်လို့
သတ်မှတ်တယ်ဗျာ ရှင်းလား၊ တချို့ဆရာတွေရှိတယ် သူတို့ နာမည်
ကြီးအောင် အကြောင်းမဲ့သက်သက် သူတပါးကို တိုက်ခိုက်ပြတယ်၊
အဲဒါလည်း အထက်လမ်း မခေါ်ဘူး …။

အဲဒီညမှာ အရပ်ထဲက ကာလသား လူငယ်တချို့ပါ သူတို့နဲ့အတူ
ရှိနေကြပါတယ်။ ဘယ်အချိန်မှာ သူတို့ခြံထဲက ဘာတွေ ဖြစ်လာမလဲ
လို့ အားလုံးစောင့်ကြည့် နေပါတယ်။ ည (၉)နာရီလောက်မှာ အရင်
နေ့တွေက လုံးဝ မကြားရတဲ့ ခွေးအူသံတွေဟာ လမ်းတလျှောက်
ဆူညံစွာ ထွက်ပေါ်လာပါတယ်။ ခွေးအူသံတွေကြောင့် နဂိုက ကြောက်
စိတ်မရှိတဲ့ သူတွေတောင် ကျောချမ်းချင်သလို ဖြစ်နေပါတယ်။ ည
(၁၀)နာရီလောက်မှာ အဲဒီလူဟာ ခြံထဲကို ထပ်သွားဖို့ ပြင်ဆင်နေ
ပါတယ်။ ခြံထဲကို သူဝင်သွားတဲ့ အချိန်ကစ’ပြီး ပြန်ထွက်မလာခင်
အချိန်အထိ ခြံထဲကို ဘယ်သူမှ ပေးမ၀င်ဖို့နဲ့ ခြံထဲမှာ သူ တစ်ခုခု
ဖြစ်ပျက်နေတာ တွေ့ရင် လုံးဝ ၀င်မလာဖို့ အားလုံးကို အကြိမ်ကြိမ်
သတိပေးပြီး ထွက်ခွာသွားပါတယ်။ အဲဒီလူဟာ ခြံထဲကို အောင်လင်း
မီးအိမ်နဲ့ ပလပ်စတစ်အခင်းပိုင်းလေးပဲ ယူဆောင်ပြီး ၀င်ရောက်
သွားပါတယ်။ ညနေက သူထိုင်ခဲ့တဲ့ နေရာမှာပဲ တရားထိုင်သလိုမျိုး
ထိုင်နေပါတယ်။ သူထိုင်နေတဲ့ နေရာဟာ အိမ်ကြီး ခေါင်းရင်းဖက်
ဖြစ်နေလို့ မြင်ကွင်းကို သူတို့အားလုံး သဲသဲကွဲကွဲ မမြင်ရပါ။
ဒါကြောင့် ဦးလေးအပါအ၀င် သူတို့အားလုံး နောက်ဖေးခြံဖက်
ကနေ သွားကြည့်ကြပါတယ်။

နောက်ဖေးခြံထဲမှာ ရပ်ကွက်ထဲက အရန်မီးသတ်အချို့ပါ ရောက်နေ
ပါတယ်။ နောက်ဖက်ရှိ စိုက်ခင်းထဲကနေ လှမ်းကြည့်တော့ အိမ်ကြီး
ရဲ့ အနောက်ဖက် အနေအထားဟာ တကယ့်ကို ကြောက်စရာပါ။
ခြံစည်းရိုးနံဘေး မရောက်ခင် ခပ်လှမ်းလှမ်းကနေ သူတို့အုပ်စုလိုက်
လှမ်းကြည့်ကြပါတယ်။ သူတို့ခြံထဲက အဲဒီလူဟာ သရက်ပင်အောက်
မှာ တစ်ယောက်တည်း ထိုင်နေပါတယ်။ ရုတ်တရက် အိမ်ကြီးရဲ့ ခေါင်
မိုးပေါ်ကို ခဲနဲ့ ထုသလို တဒုန်းဒုန်းနဲ့ အသံတွေ ထွက်လာပါတယ်။
လေတွေလည်း တဝေါဝေါ တိုက်ခတ်လာပါတယ်။ ဘယ်သူလှမ်းပြစ်
နေမှန်း မသိတဲ့ သရက်သီးတွေ ခဲတွေဟာ အဲဒီလူကို ထိမှန်
နေပါတယ်။ ပထမ တစ်ချက်ချင်း လှမ်းပြစ်နေတာပါ။ နောက်တော့
သဲနဲ့ ပက်သလို ဝေါကနဲ ဝေါကနဲ ဖြစ်လာပါတယ်။

သူတို့ မျက်စိရှေ့မှာပဲ အဲဒီလူ ခေါင်းပေါက်ပြီး သွေးတွေ စီးကျ
နေပါတယ်။ အဲဒီအချိန်မှာ အိမ်ကြီးရဲ့ အပေါ်ထပ်ရှိ ပြတင်းပေါက်
တစ်ခုဟာ သူ့အလိုလို ပွင့်လာပါတယ်။ ပြတင်းပေါက် အထဲကနေ
ပစ္စည်းတစ်ခုကို တစုံတယောက် လှမ်းပြီး လွှတ်ပြစ်လိုက်သလို
သူတို့ရှေ့ကို ရောက်လာပါတယ်။ ပထမတော့ ကျလာတဲ့ ပစ္စည်း
ကို သူတို့အားလုံး စိုက်ကြည့်နေပါတယ်။ နောက်တော့ ဘယ်သူက
စ’ပြီး ပြောလိုက်သလဲ မသိပါ “ပြေး …ပြေး … အပေါ်က လှမ်းကြည့်
နေတယ်” ဆိုတဲ့ အသံကြောင့် သူတို့အားလုံး ပြေးကြပါတော့တယ်။
နောက်ဖေးခြံ ထိပ်ဝ’ မရောက်ခင် ခြံရှင်မိသားစုက “ဘာဖြစ်လို့လဲ”
လှမ်းမေးမှ သူတို့ ရပ်နားလိုက်ပါတယ်။ တွေ့ခဲ့ရတဲ့ အထုပ်ဟာ
သူတို့ သရဲစမ်းတုန်းက သွယ်တန်းခဲ့တဲ့ နိုင်လွန်ကြိုးခွေပါ။

အရန်မီးသတ်တွေရော နောက်ဖက်ခြံက လူတွေအပါအ၀င်
သူတို့အားလုံး အိမ်ကြီး၏ နောက်ဖေးခြံစည်းရိုး နံဘေးကို
ထပ်သွားကြပါတယ်။ ကျွတ်ကျပြီး ကျန်ခဲ့တဲ့ ဖိနပ်တွေကို ပြန်စီး
ကြပါတယ်။ သူတို့ခြံထဲက ဟိုလူ့ကို လှမ်းကြည့်တော့ သူ့အင်္ကျီ
မှာ သွေးတွေ စွန်းနေပါတယ်။ ပထမပုံစံ သဲနဲ့ ပက်သလိုမျိုး
မရှိတော့ပါ။ ခဲလိုလို သရက်သီးလိုလို အရာတွေ အဲဒီလူရဲ့
ခေါင်းနဲ့ ခန္ဓာကိုယ်တွေဆီ ထိမှန်နေဆဲပါ။ အိမ်ကြီးရဲ့ အပေါ်
ထပ် ပြတင်းပေါက်ကို သူတို့အားလုံး မ၀င့်မရဲ လှမ်းကြည့်
ကြပါတယ်။ ဘယ်သူမှ မတွေ့ရပါ။ အပေါ်က ကျလာတဲ့ ကြိုးခွေ
မှာ ချိတ်ခဲ့တဲ့ အမဲသား အစိမ်းတုံးတော့ မတွေ့ရပါ။ အဲဒီအချိန်မှာ
အရန်မီးသတ်တစ်ဦးက “နောက်တစ်ခု ပြုတ်ကျလာပြီ” အော်သံနဲ့
အတူ ပြတင်းပေါက်အတွင်းက ပစ္စည်းတစ်ခု သူတို့ဆီ ထပ်ကျလာ
ပါတယ်။ အဲဒီပစ္စည်းဟာ တိုက်တိုက်ဆိုင်ဆိုင် ရှေ့ဆုံးရှိ ကိုဝက်
ခေါင်းပေါ် တည့်တည့်ကျလာပါတယ်။ ကိုဝက်ရဲ့ “အောင်မလေးဗျ”
အော်သံဟာ တော်တော်လေး ကျယ်ပါတယ်။ ပြေးလို့ ဘယ်သူမှ
မပြောပါဘူး၊ သတိထားမိတဲ့အချိန်မှာ သူတို့ခြေလှမ်းတွေ ခြံထိပ်ဖက်
ရောက်အောင် ပြေးပြီးသွားပါပြီ။

နောက်ဖက်မှာ ကျန်ရစ်ခဲ့သူ တစ်ဦးရဲ့ အပြောအရ နောက်တစ်ကြိမ်
ပြစ်ချလိုက်တဲ့ အထုပ်ဟာ အ၀တ်ဟောင်းတစ်ခုလို့ ဆိုပါတယ်။
သူတို့ ပြန်သွားကြည့်ဖို့ အားမရှိတော့ပါ။ နောက်ဖေးခြံကနေ လမ်းမ
ကြီးဖက် ထွက်ပြီး ပြန်ခဲ့ကြပါတယ်။ လမ်းမကြီးပေါ်ကနေ သူတို့လမ်း
ထဲ စ’၀င်တော့ ရဲစိုးက ရှေ့ဆုံးကပါ။ ရဲစိုးက ….
“ဟိုရှေ့က လူတွေ ဒီလမ်းထဲကလား ကိုကုလား၊ ဒီအချိန်ကြီး
ဘယ်အိမ်ကို သွားမလို့လဲ …”

(ကိုကုလား) ငါလည်း မသိဘူး၊ တစ်အိမ်အိမ်ကို လာတဲ့ ဧည့်သည်
တွေ ဖြစ်မှာပါ …။

သူတို့ရှေ့ ခပ်လှမ်းလှမ်းမှာ လူငါးယောက်ဟာ လမ်းထဲကို သွားနေ
ကြပါတယ်။ ဆရာကြီးခြံရှေ့ သူတို့ရောက်တဲ့ အချိန်မှာ အဲဒီလူတွေ
ဟာ သူတို့ခြံရှေ့မှာပါ။ သူတို့အားလုံး မျက်စိရှေ့မှာပဲ အဲဒီလူတွေ
ခြံထဲဝင်သွားပါတယ်။ ကိုကုလားက “ဟေ့လူတွေ … ဟေ့လူတွေ
…. ခဏနေအုံး ခင်ဗျားတို့ ဘယ်ကလဲ” လို့ အသံကျယ်ကျယ်နဲ့
အော်မေး ပါတယ်။ မယုံနိုင်လောက်စရာ … သူတို့ခြံအတွင်းကို ၀င်
သွားတဲ့ လူများကို ဒီဖက်ခြံထဲကနေ လှမ်းကြည့်တော့ မတွေ့ရပါ။
ဦးလေးလည်း စိတ်ညစ်တဲ့ လေသံဖြင့် “မောင်ဝက်ရေ၊ မနက်ဖြန်
ဆိုင်းဘုတ်တင်ကွာ၊ ခြံရောင်းရန် ရှိသည်” လို့ ….။

ည (၁၂)နာရီကျော်တဲ့အထိ သူတို့ခြံဖက်က အဲဒီပုဂ္ဂိုလ် ပြန်မလာ
လို့ အားလုံး စိတ်ပူနေကြပါတယ်။ မိုးမရွာခင် ဖားအော်တဲ့ အသံ
တွေ ခွေးအူသံတွေနဲ့ သူတို့အားလုံး ခြောက်ခြားနေကြပါတယ်။
ည (၁)နာရီ ကျော်တဲ့အချိန်မှာ အဲဒီလူ သူတို့ဆီကို ပြန်ရောက်
လာပါတယ်။ သူ့အင်္ကျီမှာ သွေးကွက်တွေ စွန်းနေလို့ လူတွေအားလုံး
သူ့အပေါ် သနားနေကြပါတယ်။ ဒေါ်လေးက ….
“မောင်လေးရယ်၊ မင်းကို ငါတို့ အားလုံး စိတ်ပူနေတာ၊ မင်း တစ်ခုခု
ဖြစ်နေသလားလို့၊ အခုမှာပဲ စိတ်အေးရတယ်၊ ခေါင်းက ဒဏ်ရာတွေ
ကို ဆရာဝန်ဆီ သွားပြမလား …”

(အဲဒီလူ) ရပါတယ်၊ ဒဏ်ရာက သိပ်မများပါဘူး၊ ဆေးခန်းသွားဖို့
မလိုပါဘူး၊ အနာလိမ်းဆေး တစ်ခုခု လိမ်းရင် ပျောက်သွားမှာပါ၊
ကျနော် အခု တော်တော်လေး သိခဲ့ပြီ …။

သူ အ၀တ်အစားလဲပြီး ဆေးလိမ်းနေချိန်မှာ …

(ဦးလေး) အကိုတို့လည်း အခုပဲ ပြောနေတာ၊ မနက်ဖြန်က စ’ပြီး
ဒီခြံမှာ ဆိုင်းဘုတ်ချိတ်တော့မလို့၊ ၀ယ်ခဲ့မိတာ အရမ်းမှားသွား
တယ် ….။

(အဲဒီလူ) ပြန်မရောင်းပါနဲ့၊ ပြဿနာက အရမ်းမခက်ပါဘူး၊ လပြည့်
လကွယ်ရောက်အောင်တော့ စောင့်ရမယ်၊ အဲဒီအချိန်ရောက်မှ
သူတို့ကို မောင်းထုတ်လို့ရမှာ၊ မနက်ဖြန် ညနေပိုင်းက စ’ပြီး ကိုယ်ခြံ
မှာ ပြန်နေလို့ရအောင် ကျနော်လုပ်ပေးပါ့မယ် ….။

(ဆရာကြီး) ဒီခြံရဲ့ လက်ရှိအနေအထားက အရာရာ ပြန်အဆင်ပြေ
မယ်လို့ မောင်ရင် မျှော်လင့်ထားသလား ….။

(အဲဒီလူ) ပြေမှာပါ၊ ပထမတော့ ကျနော် စဉ်းစားထားတာက ကျနော့်
အတတ်နိုင်ဆုံး လုပ်ကြည့်မယ်၊ ကျနော် မနိုင်ရင် ဘုရားကု ကုမယ်လို့
စဉ်းစားထားတာ၊ အခု စမ်းကြည့်တော့ အခြေအနေက ဆိုးတော့ ဆိုး
တယ်၊ ပြန်ကောင်းလာအောင် ကျနော် လုပ်ပေးနိုင်ပါတယ် …။

(ကိုဝက်) အဲလိုဖြစ်အောင် ဘယ်လိုများ လုပ်ထားသလဲဗျာ၊ ကျနော်
အရမ်း သိချင်တာပဲ …။

(အဲဒီလူ) ဒီလိုဗျ၊ ကျနော်အခု ခြံထဲသွားပြီး မေတ္တာပို့ကြည့်တော့
ပထမ ကျနော့်ကို နှောက်ယှက်ကြတယ်၊ ကျနော်က စည်းတားပြီး
ဆက်မေတ္တာပို့နေတော့ သူတို့ ခဲတွေ သရက်သီးတွေနဲ့ ကျနော့်
ကို ထုကြတယ်၊ အဲဒီမှာ ကျနော် ခေါင်းပေါက်သွားတာ၊ အဲဒါလည်း
ကျနော်မထ’ဘဲနဲ့ ဆက်လုပ်နေတော့ စည်းအပြင်ကနေ ကျနော့်ကို
လာပြီး ၀ိုင်းကြည့်နေကြတယ်၊ တော်တော်များတယ်ဗျ၊ ဒီခြံကို ဘယ်
အချိန်က စ’ရောက်နေသလဲ မေးတော့၊ ပထမ အသံ ထွက်မလာ
ဘူး၊ နောက် တော်တော်လေး ကြာတော့၊ ငါတို့က ဒီနေရာကနေ
အပြင်ကို ထွက်လို့ မရဘူးတဲ့၊ “အင်း” နဲ့ ချုပ်ထားပြီလို့ သိလိုက်
တယ်၊ ဒါနဲ့ မင်းတို့ကို ငါ ဒီနေရာကနေ လွတ်မြောက်အောင်
လုပ်ပေးမယ် မင်းတို့ ဘာလိုချင်လဲ မေးတော့၊ သူတို့ကို အရင်က
လပြည့် လကွယ်တိုင်း “ခေါစာ” ကျွေးတယ်၊ ခုနှစ်ရက်တခါ စပါးလင်
ပေါ် ရေ (သွေး)တိုက်တယ်လို့ ပြောတယ်၊ အခု အဲလို မလုပ်ပေးတာ
ကြာပြီလို့ ဒေါသသံနဲ့ ပြောတယ်၊ အဲဒီတော့မှ ကျနော်လည်း သဘော
ပေါက်သွားတယ်၊ မနက်ဖြန်ကျရင် ငါလုပ်ပေးမယ်၊ မင်းတို့လည်း
ငါတို့အားလုံးကို မနှောက်ယှက်ပါနဲ့လို့ မေတ္တာရပ်ခံခဲ့တယ် …။

(ကိုကုလား) နောင်ကြီး၊ သူတို့က တစ္ဆေတွေလား၊ ဘာတွေလဲ …။

(အဲဒီလူ) အောက်လမ်းဆရာတွေ “ကြတ်ကုန်း” ကနေ ခေါ်ခဲ့တဲ့
ပြိတ္တာတွေပါ၊ မကျွတ်မလွတ်ပဲ သက်တမ်းရင့်လာတော့ တချို့လည်း
“သဘက်” အဆင့်ရောက်သွားတာပေါ့၊ အမျှအတန်းပေးဝေတာကို
သာဓု မခေါ်နိုင်တဲ့ ၀ဋ်ကို ခံနေရရှာတာ အရမ်းသနားဖို့ ကောင်း
ပါတယ် …။

(ကိုအေး) သူတို့ကို ချုပ်ထားတဲ့ “အင်း” ရော ပြန်ထုတ်လို့ ရလား၊
အဲဒီအိမ်ကြီးပေါ်က ခြောက်လှန့်နေတာရော အတူတူပဲလား …။

(အဲဒီလူ) အိမ်ကြီးပေါ်မှာ သိပ်မရှိပါဘူး၊ သုံးယောက်ပဲ တွေ့ရတယ်၊
ခြံထဲကဟာတွေ ထွက်သွားရင် သူတို့လည်း ထွက်သွားမှာပါ၊ သူတို့
ကို ရည်စူးပြီး သင်္ကန်း လှူပေးရင် ကျွတ်သွားနိုင်ပါတယ်၊ မနက်ဖြန်
နေ့ထွက်ချိန်မှာ ခြံထဲမှာ မြုပ်ထားတဲ့ “အင်း”ကို ဖော်လို့ ရအောင်
လုပ်ရမယ်၊ အဲဒီဟာက သာမန် မဟုတ်ဘူး၊ “မွေးအင်း” လို့ခေါ်တယ်၊
မြေကြီးထဲ လျှောက်ပြေးနေတာ၊ စိတ်မပူပါနဲ့၊ အားလုံးဘဲ စိတ်ကို
ဒုန်းဒုန်းချပြီး အိပ်ကြတော့ မိုးလင်းတော့မယ် …။

နောက်နေ့မနက် သူတို့အားလုံး အိပ်ယာက ထ’တော့ တော်တော်
နေမြင့်နေပါပြီ။ ဒေါ်လေးတို့ခြံဖက် ကြည့်လိုက်တော့ လူတွေအများ
ကြီး ခြံထဲ ရောက်နေတာကို တွေ့ရပါတယ်။ ဆရာတော်တွေ ပရိတ်
တရား ချီးမြှင့်ပြီးပြီလို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့ ညတွေများတော့
သူတို့လည်း မဟန်နိုင်တော့ပါ။ ခြံထဲရောက်သွားတော့ ကိုဝက်က
ခြံဒေါင့်တွေဖက် မသွားကြဖို့ လှမ်းပြောပါတယ်။ အဲဒီအချိန်မှာ ဟို
ပုဂ္ဂိုလ်က “သွားလို့ရပါတယ်၊ ကျနော် မြေကြီးပေါ်မှာ ဆွဲထားတဲ့
“အင်း” တွေ ပြန်ဖျက်ပြီးပြီ” လို့ လှမ်းပြောပါတယ်။ ကိုအေးက
ဘာကြောင့် မြေကြီးပေါ်မှာ “အင်း” ဆွဲရသလဲလို့ မေးမြန်းစပ်စု
ပါတယ်။ အဲဒီလူ ပြောပြပုံက ….
“မြေကြီးထဲက မကောင်းတဲ့ “အင်း” ကြောင့် သူနဲ့ ဆန့်ကျင်ဖက်
“အင်း” ကို မြေပေါ်မှာ ဆွဲရတယ်၊ အဲဒီတော့မှ အထဲက “အင်း”
ထွက်လာတယ်”
လို့ ရှင်းပြပါတယ်။

ဒီလိုနဲ့ အလှူပြီးတဲ့အထိ ဒေါ်လေးတို့ခြံထဲမှာ ထူးထူးခြားခြား ဖြစ်စဉ်
တွေ ရပ်တန့်သွားပါတယ်။ နောက်ဖက်က အိမ်ကြီးဆီတော့ ဘယ်သူ
မှ မသွားရဲသေးပါ။ အဲဒီလူ တစ်ယောက်တည်း အပေါ်ထပ်က ဘုရားခန်း
မှာ သွားအိပ်ပါတယ်။ အလှူပြီးလို့ နှစ်ရက်လောက်အကြာမှာ လပြည့်နေ့
ဖြစ်လို့ နံဘေးက ကျောင်းဆရာကြီးခြံမှာ တစ်ညသွားပြန်အိပ်ဖို့ အဲဒီ
လူက ပြောပါတယ်။ အဲဒီညမှာ ခြံပေါက်ဝ’က တံခါးမကြီးကို တစ်ညလုံး
ဖွင့်ထားပါတယ်။ သူတို့ခြံဖက်ကို လှမ်းကြည့်ပြီး ဘယ်အချိန်မှာ ဘာသံ
တွေ ကြားရမလဲလို့ စောင့်မျှော်နေကြပါတယ်။ ဘာသံမှ ထွေးထွေးထူးထူး
မကြားခဲ့ရပါ။ နောက်နေ့မနက်မှာ ဒေါ်လေးတို့ခြံဖက်ဆီ ပြန်လာတဲ့
အခါ သွေးနဲ့လောင်းပြီး စိုက်ပျိုးထားတယ်လို့ လူပြောများတဲ့ စပါးလင်
ပင်တွေကို အဲဒီလူကိုယ်တိုင် လိုက်တူးပြီး လွှတ်ပြစ်နေပါတယ်။ ပြီးတော့
ခြံထဲမှာ အနှောက်အယှက်အားလုံး ကင်းသွားပြီးလို့ ပြောပါတယ်။ သူ့
အတွက် ခရီးစရိတ်ကားခ တောင်းပြီး အိမ်ပြန်ဖို့ ပြင်ဆင်ပါတယ်။
ဦးလေးက ဆရာကြေး ဘယ်လောက် ကန်တော့ရမလဲလို့ ဇွတ်အတင်း
တောင်းတောင်းပန်ပန်နဲ့ လိုက်မေးပါတယ်။ အဲဒီလူက သူ လုံးဝ
လက်မခံကြောင်း ပြောပြီး ထွက်ခွာသွားပါတယ်။

နောင်အခါမှာ ဒေါ်လေးတို့မိသားစုက ကျေးဇူးဆပ်တဲ့အနေနဲ့
အဲဒီလူ နေထိုင်ရာမြို့ကို သွားလည်ပြီး သူ့ဇနီးသည်ထံ ငွေတစ်သိန်း
ဇွတ်အတင်း ပေးခဲ့တယ်လို့ မောင်ထူးဆီမှ သိရပါတယ် ….။


(ပြီးပါပြီ။)

Read more »

သွေးပျက်ဖွယ်ရာ အိမ်ကြီး (အပိုင်း- ၄)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင် အပိုင်း(၃)မှ အဆက် ….

ကိုဝက်နဲ့ မောင်ထူးဟာ ဆရာဝန်ခေါ်ဖို့ သွားကြပါတယ်။ ချွေးထွက်
နေတဲ့ ရဲစိုးနဲ့ နောင်နောင်ကို အ၀တ်လဲပေးတော့ သူတို့အားလုံး
သတိထားမိလိုက်တာက ပရိတ်ကြိုးပါ။ သူတို့နှစ်ဦးရဲ့ လည်ပင်းမှာ
ပရိတ်ကြိုးတွေ မရှိပါဘူး၊ ဒါနဲ့ ဘယ်ရောက်သွားသလဲလို့ မေးလိုက်
တော့ ညနေ အပြင်က ပြန်ရောက်ပြီး ရေချိုးချိန်မှာ ရေစိုသွားလို့
နံရံပေါ်ရှိ သံချောင်းမှာ ချိတ်ထားကြောင်း ပြောပြပါတယ်။



ရုတ်တရက် ဒေါ်လေးတို့အိမ်ဖက်မှာ “အမေရေ လာပါအုံး” လို့
အော်ခေါ်သံတစ်ခုကို သူတို့အားလုံး ကြားလိုက်ရ ပါတယ်။ ဒီဖက်
အိမ်ကို ရောက်နေတဲ့ လူကြီးတွေ အပါအ၀င် သူတို့ထဲမှ တချို့လည်း
ရေးကြီးသုတ်ပြာ သွားကြည့်ကြပါတယ်။ ဒေါ်လေးရဲ့ သားငယ်ဖြစ်သူ
မောင်ဖြိုးဟာ ကြောက်လွန်းလို့ တုန်တုန်ယင်ယင် ဖြစ်နေပါတယ်။
ဖြစ်ပုံက ဒေါ်လေးတို့ အိမ်ကလူတွေ သူတို့အိမ်ဖက် လာရောက်
ချိန်မှာ အိပ်ခန်းအတွင်း အိပ်ပျော်နေတဲ့ ဒေါ်လေးသားငယ် မောင်ဖြိုး
ဟာ နိုးလာပါတယ်။ တဖက်အိမ်မှာ မီးတွေထွန်းပြီး ရုတ်ရုတ်သဲသဲ
ဖြစ်နေတာကို သူတို့အိမ် အပေါ်ထပ်ရှိ ပြတင်းပေါက်ကနေ လှမ်း
ကြည့်ပါတယ်။

အဲဒီအချိန် သူ့နားထဲမှာ လူတွေ ပြေးလွှားဆော့ကစားတဲ့ အသံတွေ
ကြားရလို့ ပြတင်းပေါက်ကနေ အခြားနေရာတွေကို လျှောက်ကြည့်
ပါတယ်။ ခြံထဲမှာ အလွန်ဝ’ပြီး လူပုံသဏ္ဌာန် မဲမဲမှောင်မှောင် ငါးခု
ပြေးလွှားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကလေးငယ်လည်း
အကြောက်လွန်ပြီး အသံကုန် အော်ဟစ်လိုက်တာလို့ သိရပါတယ်။
ဖြစ်ပျက်နေပုံတွေ ကြည့်ပြီး ကိုကုလား အပါအ၀င် သူတို့အားလုံးက
ဒေါ်လေးတို့ မိသားစုနဲ့ ခြံထဲရှိ လူတွေအားလုံး အခြားတနေရာဆီ
အမြန်ဆုံး ပြောင်းရွှေ့ နေထိုင်ဖို့ အကြံပေးကြပါတယ်။ ခြံနီးနားချင်း
တွေလည်း လက်နှိပ်ဓါတ်မီးရောင် တ၀င်းဝင်းနဲ့ သူတို့ခြံထဲကို မီးထိုး
ပြီး ကြည့်နေကြပါတယ်။ ခြေရင်းဖက်ခြံမှာ နေထိုင်တဲ့ အငြိမ်းစား
ကျောင်းအုပ်ဆရာကြီးက လှမ်းပြောပါတယ် …
“ကျနော်လည်း အိပ်ယာထဲကနေ ခင်ဗျားတို့ ခြံဖက်က အသံတွေ
ကြားနေရတယ်၊ ခင်ဗျားတို့ ခြံထဲမှာ ညဖက်ကြီး ဘယ်သူတွေများ
ဘောလုံး ကန်တာတို့ လိုက်တမ်းပြေးတမ်း ကစားတာတို့ လုပ်နေ
သလဲလို့၊ ကျနော့်အိမ်မှာ အလှူပြီးတဲ့အထိ လာနေလိုက်ပါ၊ ခင်ဗျား
တို့ခြံထဲက အနေအထားဟာ သိပ်မကောင်းဘူး …”

လမ်းထဲက လူကြီးတချို့နဲ့ ပတ်ဝန်းကျင်မှ လူတွေလည်း ဒေါ်လေး
တို့ခြံထဲကို ရောက်လာကြပါတယ်။ အလှူကိစ္စလည်း အဆင်ပြေ
အောင်၊ နေထိုင်ရေးအတွက် သင့်တော်တဲ့ နံဘေးချင်း ကပ်လျက်
အိမ်ဆီ ရွှေ့ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့အိမ်ဟာ တော်
တော်လေး ကျယ်ဝန်းပါတယ်။ အဲဒီဖက်ကို အိပ်ယာတွေ၊ အလှူ
အတွက် ချက်ပြုတ်ထားတဲ့ ထမင်းအိုး၊ ဟင်းအိုးတွေ သယ်ဆောင်
နေစဉ်မှာပဲ ဆရာဝန်သွားခေါ်တဲ့ ကိုဝက်နဲ့မောင်ထူးတို့ဟာ
ဆရာဝန်နဲ့အတူ ရောက်လာပါတယ်။ ခေတ္တ ရွှေ့ပြောင်းလာသူ
အားလုံးကို အိမ်ရှင် ဆရာကြီးက …
“ကျနော်က ခင်ဗျားတို့ခြံအကြောင်း ကောင်းကောင်းသိပါတယ်၊
သို့ပေမဲ့ ဒီအကြောင်းတွေကို ပတ်ဝန်းကျင်မှာတော့ လျှောက်ပြော
လေ့ မရှိပါဘူး၊ ဘာဖြစ်လိုလဲဆိုတော့ ခင်ဗျားတို့လည်း တန်ရာ
တန်ကြေးပေးပြီး ၀ယ်ထားတာ မဟုတ်လား၊ ဒီသတင်းက လိုအပ်
တာထက် ပိုပြီး လျှောက်ပြောရင် ခင်ဗျားတို့ခြံ နာမည်ပျက်မှာ
ဆိုးလို့ပါ …”

(ဦးလေး) ဟုတ်ကဲ့ အကိုကြီးရယ်၊ ကျေးဇူးတင်ပါတယ်၊ ကျနော်
တို့လည်း အခုကိစ္စကို ဘယ်လို လုပ်ရမှန်းကို နားမလည်နိုင်
လောက်အောင် ဖြစ်နေတယ်၊ သားသမီးတွေကလည်း အသက်
ငယ်တဲ့ ကလေးတွေဆိုတော့ ပိုပြီး စိတ်ခြောက်ချားတာပေါ့ …။

(ဆရာကြီး) ဒီကာလရောက်တိုင်း ခင်ဗျားတို့ခြံမှာ အဲလိုပြဿနာ
တွေ ဖြစ်နေကြဗျ၊ အရင်လူတွေလည်း ဘာသာရေး အလှူအတန်း
တွေ လုပ်ကြပါတယ်၊ ပျောက်မသွားဘူးဗျ၊ တော်တော်ဆန်းတယ်၊
တစ်ရက် … နှစ်ရက်လောက် စောင့်ကြည့်ပေါ့၊ မရဘူးဆိုရင် ပြော၊
ကျနော်မှာ အသိတစ်ယောက်ရှိတယ်၊ သူက လူလတ်ပိုင်း ဆိုပါ
တော့၊ သူ့အဖေတော့ ဆုံးသွားပြီ၊ သူ့အဖေက ပရောဂ လေး
ဘာလေး ကုပေးတယ်၊ သူ့အဖေက တကယ်စွမ်းတဲ့ ဆရာအစစ်ပါ၊
အတု မဟုတ်ပါဘူး၊ အဖိုးအခဆိုပြီး မသတ်မှတ်ပါဘူး၊ သဒ္ဒါကြေး
လောက်ပဲ ယူပါတယ်၊ ပေးချင်တဲ့ဆန္ဒ မရှိရင် လုံးဝ မယူဘူး၊
သူတို့ .....မြို့မှာ နေတယ်၊ လိုအပ်ရင် ပြောပါ၊ ကျနော် ဆက်သွယ်
ပေးပါ့မယ် ….။

(ဦးလေး) ဟုတ်ကဲ့ အကိုကြီး …။

(ဒေါ်လေး) မောင်ရဲစိုးနဲ့ နောင်နောင် ဘယ်လို စ’ဖြစ်တာလဲ …။

(ရဲစိုး) ကိုဝက်ပြောလို့ ကျနော်က တံခါးကို တွန်းဖွင့်လိုက်တာ၊
မိန်းမတစ်ယောက် ဆံပင်ဖျားလျားနဲ့ ပြတင်းပေါက်ရှေ့မှာ မတ်တပ်
ရပ်နေတာကို ဘွားကနဲ ကျနော် တွေ့လိုက်ရတယ်၊ သူက သူ့လက်
နဲ့ ကျနော့်ရင်ဘက်ကို စောင့်တွန်းလိုက်တာ ကျနော်လည်း လန့်ပြီး
ဘာမှ သတိမရတော့ဘူး …။

(နောင်နောင်) ကျနော်က ရဲစိုးအော်လို့ ကိုအေးတို့နဲ့ အတူ
ထ’ကြည့်တာ၊ တော်တော်ဝ’တဲ့ လူကြီး တစ်ယောက် ပြတင်းပေါက်
ကနေ အထဲကို ခုန်ဝင်လာတယ်၊ ပြီးတော့ ကျနော့်ဂုတ်ပေါ် ခွစီး
လိုက်တာ ကျနော်လည်း ဘာမှ မသိတော့ဘူး …။

နေမကောင်းဖြစ်နေသော ရဲစိုး၊ နောင်နောင်နှင့် ဒေါ်လေးတို့
တမိသားစုလုံး အပေါ်ထပ်မှာ တက်အိပ်ကြပါတယ်။ အောက်ထပ်
မှာ အိမ်ရှင် ဆရာကြီး အပါအ၀င် ဦးလေးနဲ့ သူတို့အားလုံး စကား
တပြောပြောဖြင့် တော်တော်နှင့် မအိပ်ကြသေးပါ။ ကိုကုလားတို့
မီးကင်းတဲမှ ည(၁၁) နာရီ သံချောင်းခေါက်ပြီးချိန်မှာ မိုးရောလေပါ
တဝေါဝေါ ရွာချလာပါတယ်။ သူတို့ စကားဝိုင်း မပြီးသေးတာကို
သိတဲ့ ကိုကုလားဟာ မိုးကာလေး ခြုံပြီး သူတို့ဆီ ပြန်ရောက်
လာပါတယ်။ ရုတ်တရက် ကိုဝက်က …
“ကျနော့် နားထဲမှာ ရန်ဖြစ်သံ လိုလို၊ အော်ပြောသံလိုလို တစ်ခုခုကို
ကြားနေရသလိုပဲ …”

(ဦးလေး) အေး၊ ငါလည်း တချက် တချက် ကြားနေရတယ်၊ အသံက
ဘယ်ဖက်ကမှန်း မသိဘူး ….။

(မောင်ထူး) ကျနော်တို့ ခြံဖက်ကလား၊ အပြင်ထွက်ပြီး လှမ်းကြည့်
ရအောင် …။

သူတို့အားလုံး ဆရာကြီးခြံစည်းရိုး နံဘေးကနေ သူတို့ခြံထဲကို လှမ်း
ကြည့်ကြပါတယ်။ သူတို့လှမ်းကြည့်တဲ့ နေရာက ခြံထိပ်ပိုင်း ဒေါ်လေး
တို့ အိမ်နဲ့ နီးတဲ့ နေရာပါ။ သူတို့ခြံအတွင်းဖက်ထဲကနေ အသံတွေ
ကြားနေရပါတယ်။ ကလေးတွေ အုပ်စုလိုက် ဆော့နေတဲ့ အသံမျိုးပါ။
“ဟေးဟေး …” လို့ အားလုံး ကြားနေရပါတယ်။ ဒေါ်လေးတို့အိမ်နဲ့
သူတို့ တည်းခိုခဲ့တဲ့ အိမ်ကြားက လူသွားလမ်းပေါ်မှာ မိုးရေကြောင့်
ချိုင့်ခွက်လေးဟာ ရေအိုင်ဖြစ်နေပါတယ်။ သူတို့မျက်စိရှေ့မှာပဲ အဲဒီ
ရေအိုင်ဟာ တစုံတစ်ယောက် ဖြတ်ပြီး ပြေးသွားသလို လှုပ်ခတ်သွား
ပါတယ်။ သူတို့အားလုံး ဆရာကြီးတို့ခြံ အတွင်းပိုင်း နောက်ဖက်ကို
သွားပြီး သူတို့ ခြံနောက်ဖက်ရှိ အိမ်ကြီးကို လှမ်းကြည့်ပါတယ်။ ခုနက
ကလေးတွေ ဆော့နေတဲ့ အသံကို ပိုပြီး သဲသဲကွဲကွဲ ကြားရပါတယ်။

သူတို့လက်ထဲက လက်နှိပ်ဓါတ်မီး လေး …ငါးလက် အလင်းရောင်နဲ့
ဟိုဖက်ထဲကို လှမ်းထိုးကြည့်ပါတယ်။ အိမ်ကြီးရဲ့ အောက်ထပ်မှာ
မီးထွန်းထားသလို မီးရောင်တချို့ကို လှမ်းတွေ့နေရပါတယ်။ မိုးသံ၊
လေတိုက်သံနဲ့ လူသံတွေလည်း ကြားနေရပါတယ်။ မိန်းမနှစ်ယောက်
ရန်ဖြစ်ပြီး အငြင်းပွားနေတဲ့ အသံပါ။ ကိုကုလားက သူ့လက်ထဲရှိ
လောက်လေးခွနဲ့ လှမ်းပြစ်ဖို့ ရွယ်လိုက်ပါတယ်။ ဦးလေးက ခေါင်းခါး
ပြပါတယ်။ “ဟေးဟေး ….” လို့ အော်တဲ့ အသံဟာ ပိုကျယ်လာ
ပါတယ်။ “၀ုန်း” ဆိုတဲ့ သစ်ကိုင်း ကျိုးကျသွားတဲ့ အသံကို သူတို့ ကြား
လိုက်ရပါတယ်။ ဘယ်သစ်ပင်က သစ်ကိုင်း ကျိုးကျသွားသလဲ ဆိုတာ
သူတို့ မမြင်ရပါ …။

(ကိုဝက်) ဟိုမှာ … ဟိုမှာ … ဦးလေး၊ ဟိုအိမ်ကြီးရှေ့ကို ဘာကြီးလဲ
မသိဘူး၊ ရွှေ့လာတယ် …။

(ထွန်းထွန်း) သစ်ကိုင်းကြီးဗျ၊ ဘယ်သူမှလဲ မပါဘဲနဲ့ သူ့အလိုလို
ရွှေ့လာတယ်၊ ဘယ်လိုလုပ်ကြမလဲ ဦးလေး …။

(ဆရာကြီး) မကြောက်ပါနဲ့၊ သူတို့ ဒီဖက်ကို မလာပါဘူး၊ သူတို့
ပိုင်နက်ထဲမှာ သူတို့နေတာပါ …။

(ဦးလေး) ကျနော်တော့ ဒီခြံကို တော်တော် စိတ်ကုန်နေပြီ အကို
ကြီးရယ်၊ ရတဲ့ဈေးနဲ့တောင် ပြန်ရောင်းပြစ်ချင်ပြီ …။

ဒီလိုနဲ့ သူတို့အားလုံး ဆရာကြီးအိမ်ရဲ့ အောက်ထပ်မှာပဲ ညတစ်ည
ကို အိပ်ပျော်သွားလိုက် ပြန်နိုးလာလိုက်ဖြင့် ဖြတ်သန်းခဲ့ကြပါတယ်။
မနက်စောစော ဆရာတော်တွေ ကြွလာပါတယ်။ ဆရာတော်များသာ
မက ဘုန်းတော်ကြီးကျောင်းမှ ဦးပဉ္ဇင်းအချို့ပါ ကြွလာပါတယ်။
ဒေါ်လေးတို့ အိမ်မှာပဲ ဆွမ်းဘုန်းပေးဖို့ စီစဉ်ကြပါတယ်။ အရပ်ထဲက
လူတွေနဲ့ သူတို့အားလုံး ဆရာတော်တွေ နောက်ကနေ ဦးလေး
တို့ ခြံထဲကို လိုက်ပါ ကြပါတယ်။ လမ်းလျှောက်နေရင်း ဦးလေးက
ညက အဖြစ်အပျက်ကို ဆရာတော်တွေထံ လျှောက်နေပါတယ်။
ခြံထဲက ပစ္စည်း အတော်များများ ဖရိုဖရဲ ဖြစ်နေပါတယ်။ ပန်းအိုးတွေ
လည်း လမ်းပေါ် ရောက်နေပါတယ်။ ခြံနောက်ဆုံးမှ အိမ်ကြီးရှိရာသို့
သွားမယ့် လမ်းတလျှောက်မှာ သစ်ကိုင်းတွေ၊ အမှိုက်တွေ ရှုပ်ရှက်
ခတ်နေပါတယ်။ အိမ်ကြီးရဲ့ အပေါက်ဝ’ ရှေ့တည့်တည့်မှာ ညက
သူတို့ မြင်လိုက်ရတဲ့ သစ်ကိုင်းအကြီးကြီးတစ်ခု ကန့်လန့်ဖြတ်
ပိတ်ဆို့ထားတာကို တွေ့ရပါတယ်။

အိမ်ကြီးရဲ့ အောက်ထပ်တံခါးကို ဖွင့်လိုက်တော့ သူတို့ အရမ်းအံသြ
သွားပါတယ်။ အပေါ်ထပ်က ဆရာတော်များ ထိုင်ရန် ခင်းထားတဲ့
ကော်ဇောလိပ်တွေ အောက်ထပ်ကို ရောက်နေပါတယ်။ အောက်ထပ်
ထစ်ထပ်လုံး အမှိုက်တွေ ပွနေပါတယ်။ ဦးပဉ္ဇင်းတချို့နဲ့ လူတချို့
လည်း အိမ်ထဲကို မ၀င်သေးဘဲနဲ့ အိမ်ကြီး ပတ်ဝန်းကျင်မှာ လျှောက်
ကြည့်နေပုံ ရပါတယ်။ “ဒီမှာ လာကြည့်ကြပါအုံး …” လို့ အပြင်
ဖက်မှ အော်ခေါ်သံ တစ်ခုကို ကြားလိုက်ရပါတယ်။ အိမ်ကြီးရဲ့
နောက်ဖေးမှာ လူတွေ စုပြုံးပြီး တစ်ခုခုကို ၀ိုင်းကြည့်နေပါတယ်။
ဆရာတော် ကြွလာလို့ လူတွေချဲသွားမှ ရေတွင်းတစ်ခုကို မြင်လိုက်
ရပါတယ်။ ရေခပ်တဲ့ ကြိုးချည်ရေပုံးနဲ့ ရေတွင်းထဲက ပစ္စည်းတစ်ခု
ကို ဆယ်လာပါတယ်။ လူ့အရိုးခေါင်းတစ်ခုပါ။ ကြည့်နေသူတွေ
အားလုံး ဘာပြောရမှန်း မသိအောင် ဖြစ်သွားကြပါတယ်။

အပေါ်ထပ်မှာ အရင်နေ့ကအတိုင်း ဆရာတော်များက ပရိတ်တရား
ရွတ်ဖတ်ပါတယ်။ ဆရာတော်တွေ ရွတ်ဖတ်လို့ ပြီးခါနီးမှာ အိမ်
အောက်ထပ်မှ ဆူညံသံတွေ ကြားရပါတယ်။ အောက်ထပ်မှာ
ရှိနေတဲ့ လူအများကြီးထဲမှ ရပ်ကွက်ထဲက အမျိုးသမီးကြီးတစ်ဦး
ဟာ သရဲဝင်ပူးသလို စကားတွေကို ပေါက်ကရ ပြောလိုက်၊ ငိုလိုက်
ဖြစ်နေပါတယ်။ ဆရာတော်တွေနဲ့ လူကြီးတွေက “နင် ဘယ်သူလဲ”
လို့ မေးကြပါတယ်။ တုန်တုန်ယင်ယင် ဖြစ်နေတဲ့ မိန်းမကြီးက …
“ကျမ သမီးလေးနဲ့ ကျမ တွေ့ပါရစေ၊ ကျမ ယောက္ခမတွေဆီ
မှာ ကျမ သမီးလေး ရောက်နေတယ်၊ သူ့မိထွေးနဲ့ သူနဲ့ မတည့်
ဘူး၊ ကျမ သမီးလေးနဲ့ တွေ့ပါရစေ …” လို့ အထပ်ထပ် ပြော
ပါတယ်။ ခဏလောက်နေတော့ တက်သွားတဲ့ပုံစံ သတိမေ့မျှော
သွားပါတယ်။

ဆရာတော်တွေ ပြန်ကြွသွားတာနဲ့ ခြံထဲရှိ အိမ်အားလုံးကို
သော့ခတ်ပြီး နံဘေးခြံကို ပြန်လာခဲ့ပါတယ်။ အရန်မီးသတ်တချို့
ကို သူတို့ခြံရဲ့ နောက်ဖေးခြံကနေ စောင့်ကြည်ဖို့ စီစဉ်ထား
ကြောင်း ရပ်ကွက်ရုံးက ပြောပြပါတယ်။ သူတို့ခေတ္တတည်းခိုနေ
တဲ့ ကျောင်းဆရာကြီးအိမ်မှာပဲ အလှူအကျွေးအမွေးကို လုပ်ကြ
ပါတယ်။ ခြံစည်းရိုးကနေ အိမ်ကြီးဆီကို လူတွေ အများကြီး လှမ်း
ကြည့်ကြပါတယ်။ အားလုံးရဲ့ မျက်စိရှေ့မှာ အပေါ်ထပ် ပြတင်း
ပေါက် တံခါးများဟာ သူ့အလိုလို ပွင့်လာလိုက်၊ ပြန်ပိတ်သွားလိုက်
တွေ့နေရပါတယ်။ ကလေးတွေ ဆော့သံလိုလို၊ အုပ်စုလိုက် ပြေး
လွှားသံလိုလို အသံတွေကို နေ့ခင်းဖက်မှာတောင် ကြားနေရ
ပါတယ်။

နေ့လည်ပိုင်းမှာ သူတို့တည်းခိုနေတဲ့ အိမ်က ကျောင်းဆရာကြီး
ဦးဆောင်ပြီး ဦးလေးနဲ့ ကိုဝက်တို့ဟာ အပြင်ကို ထွက်သွားကြ
ပါတယ်။ ရဲစိုးနဲ့ နောင်နောင်ဟာ နေပြန်ကောင်းသွားပေမယ့်
ဒေါ်လေးသား ကိုဖြိုးကတော့ ကိုယ်ပူ နေဆဲပါ။ ညနေ လဖက်ရည်
ဆိုင်ကနေ သူတို့ပြန်လာချိန်မှာ ဦးလေးနဲ့ ကျောင်းဆရာကြီးတို့
အိမ်ကို ပြန်ရောက်နေကြပါပြီ။ သူတို့နဲ့ အတူ အသက်လေးဆယ်
ကျော်အရွယ် လူတစ်ယောက်လည်း ပါလာပါတယ်။ ကိုဝက်ကို
ကပ်ပြီး မေးကြည့်တော့ ပရောဂ ကုတတ်တဲ့ ဆရာလို့ ပြောပြ
ပါတယ်။ စကားဝိုင်းမှာ ဒေါ်လေးက …
“ငါ့မောင်က အခု ဘာအလုပ်လုပ်လဲ၊ အမတို့ခြံရဲ့ ပြဿနာ
ကို မောင်လေး လုပ်ပေးနိုင်ရင် ကူညီပါအုံးကွယ်၊ အမတို့လည်း
အလှူအတန်းတွေ လုပ်နေတာပဲ၊ အခုတောင် အမသားလေး
လန့်ပြီး ဖျားနေတယ် …”

(အဲဒီလူ) ကျနော်က အိမ်မှာ ကုန်စုံဆိုင်ဖွင့်ထားတယ်၊ အဖေ
ရှိတုန်းကတော့ အဖေက တိုင်းရင်း ဆေးဆရာလည်း လုပ်တယ်၊
ပရောဂတို့ ဘာတို့လည်း ကုပေးတယ်၊ ကျနော်က အဖေ့ဆီက
နည်းနည်းပါးပါး သင်ထားတာပါ၊ ကျနော်က တခါတလေ အသိ
သိုင်းဆရာတွေဆီမှာ သိုင်းဆေး ပေါက်ပေးတဲ့ ဆေးပေါက်တဲ့
အလုပ်ကို လုပ်ပါတယ်၊ အမတို့ကို ကူညီချင်ပါတယ်၊ ကျနော်
ပထမဆုံး လုပ်ရမှာက အမတို့ အလှူမှာ ပင့်ဖိတ်ထားတဲ့
ဘုန်းကြီးကျောင်းက ဆရာတော်ဆီမှာ ခွင့်တောင်းဖို့ပါ၊ ဆရာတော်
တွေ ခွင့်မပြုပဲနဲ့ ကျနော် လုပ်ခွင့်မရှိဘူး၊ အခြေအနေကို လေ့လာ
ပြီး ကျနော်တတ်နိုင်ရင်တော့ ကူညီပါ့မယ်၊ မတတ်နိုင်ရင်တော့
တမျိုးပေါ့၊ အမကြီးသား လန့်ပြီးဖျားတာက ရိုးရိုးပါ၊ ဆရာဝန်ပေး
တဲ့ဆေး သောက်ရင် သက်သာသွားမှာပါ …။

(ကိုကုလား) နောင်ကြီးက သိုင်းဆေး ပေါက်ပေးတယ် ဆိုတော့
ဘယ်လိုလဲဗျ ကျနော် နားမလည်ဘူး …။

(အဲဒီလူ) သိုင်းဆေးပေါက်ပေးတယ် ဆိုတာက တချို့က အာဠာဝက
လို့ ခေါ်တဲ့ ဘီလူးဆေးလို့ ပြောကြပါတယ်၊ တကယ်တော့ ရန်မဖြစ်
ရဲတဲ့လူကို ရန်ဖြစ်ရဲအောင် အာဠာဝကဆေး ပေါက်ပေးလို့ မရပါဘူး၊
သိုင်းဆရာ တစ်ယောက်က သူ့ပညာကို သင်ပေးတဲ့ အချိန်မှာ
ပွဲပေးပြီး အသင်ခံရတဲ့ သူတွေကို သစ္စာ ဆိုခိုင်းပါတယ်၊ အဲဒီ
ပညာနဲ့ သူတပါးကို နိုင်ထက်စီးနင်း မလုပ်ရဘူး၊ မျက်ရည်ပေါက်
ကြီးငယ် ကျအောင် အနိုင်မကျင့်ရဘူး စသဖြင့်ပေါ့၊ ပညာယူမယ့်
လူတွေက သစ္စာဆိုပြီးရင် ဆေးပေါက်ပေးရပါတယ်၊ တကယ်လို့
အဲဒီပညာနဲ့ သူ့တပါးအပေါ် အနိုင်ကျင့်ခဲ့ရင် ဆေးပေါက်ခံရတဲ့
အတွက် ဘ၀မှာ ဘေးဒုက္ခအမျိုးမျိုးကို တွေ့ကြုံရတယ်လို့ သိုင်း
ဆရာတွေ ယုံကြည်တဲ့ သဘောပါ၊ တချို့ သိုင်းဆရာတွေရဲ့
လက်ဖျံပေါ်မှာ အတက်အဆင်း “ဂေါက်” တွေ ရှိပါတယ်၊ အဲဒါ
က လေးကွက်ချွန်၊ ခြောက်ကွက်ချွန် ပညာတွေကို ဆေးမှင်ကြောင်
နဲ့ မှတ်သားထားတာပါ၊ အာဠာဝက မဟုတ်ပါဘူး …။

ခဏလောက်အကြာမှာ ဦးလေးနဲ့ အဲဒီလူဟာ ဘုန်းကြီး
ကျောင်းက ဆရာတော်ထံ သွားလျှောက်ဖို့ ထွက်သွားကြ
ပါတယ်။ အိမ်ကနေ ထွက်မသွားခင်မှာ အဲဒီလူက ရေပုံးနှစ်ပုံး
တောင်းပါတယ်။ “ဘာလုပ်မလို့လဲ” မေးတော့ ဆရာတော်
တွေထံက ခြေဆေးရေ တောင်းခံဖို့လို့ ပြောပါတယ်။


(ဆက်ရန်။)

Read more »

Tuesday, 23 March 2010

တိမ်တွေသွားတဲ့လမ်း (ရုပ်ရှင် ဝေဖန်ရေး)

ရေးသူ- စစ်ငြိမ်းဒီရေ

အင်တာနက်ပေါ်မှ http://www.shwedream.com/ ၀က်ဆိုဒ်
ရဲ့ ကောင်းမှုကြောင့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရိုက်ကူးတဲ့
တိမ်တွေသွားတဲ့လမ်း” ဇာတ်ကားကို ကြည့်ရူခွင့် ရပါတယ်။



ဇာတ်လမ်းကို တင်ပြထားတဲ့ အနုပညာရော၊ တင်ပြထားပုံရော
ကောင်းပါတယ်။ လွန်ခဲ့သော အနှစ် (၂၀) ကျော်က ရန်ကြွေးအတွက်
ဂလဲ့စားခြေတဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ ပညာပေး ဇာတ်လမ်း
တစ်ခုပါ။

သို့ပေမယ့် ဇာတ်လမ်းထဲက ဇာတ်ကောင် စကားလုံး အသုံး
အနှုန်းများကို နည်းနည်းတော့ ဝေဖန်ပါရစေ။

တရားရုံးရဲ့ တရားဥပဒေ အကျိုးတော်ဆောင် (ဆွဲချ) အဖြစ်
သရုပ်ဆောင်တဲ့ မေ က …

ဥပဒေ ဘက်တော်သားတစ်ယောက်ရဲ့ တာဝန်က ဘ၀မှာ
ကံအကြောင်းမလှတဲ့ သူတွေကို နားလည်ပေးဖို့ မဟုတ်ဘူး၊
ဥပဒေ ချိုးဖောက်သူတွေကို အရေးယူဖို့ပဲ

A law officer’s role is not to understand people with
miserable lives, it is to punish those who break the law.

ဒီလို ပြောပါတယ်။ ဒါဟာ ရင့်သီးလွန်းတယ်လို့ ထင်ပါတယ်။
လူတွေရှိမှ
လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ ဆိုတာ နောက်က လိုက်ပါတယ်။
လူတွေ မရှိပဲနဲ့
လူ့အဖွဲ့အစည်းနဲ့ နိုင်ငံ ဆိုတာ မရှိနိုင်ပါဘူး။

တရားဥပဒေ ဆိုတာ ကာကွယ်စောင့်ရှောက်ဖို့ထက် အပြစ်ပေး
အရေးယူဖို့ ရေးဆွဲထားတယ် ဆိုရင် အဲဒီစာအုပ်ကြီးကို တရားဥပဒေ၊
တရားတဲ့ ဥပဒေ လို့ ဘယ်လို လုပ်ပြီး ခေါ်ကြမလဲ …။ ကာကွယ်
စောင့်ရှောက် ဖို့ထက် အပြစ်ပေး အရေးယူဖို့ ရေးဆွဲထားတယ် ဆိုရင်
ဒါ ကျောက်ခေတ်က “ကျွန်” ရိုက်ဖို့ ကြာပွတ် တစ်ခုကို ထုဆစ်နေပုံ
နဲ့ မတူဘူးလား …။

ဒီလို တရားဥပဒေဆိုင်ရာ အနုပညာ တင်ပြမှုကို မနက်မိုးလင်းရင်
သတင်းစာ အထပ်လိုက် ဖတ်လေ့ရှိတဲ့၊ ယခုအခါ ရွေးကောက်ပွဲ
ကော်မရှင်းမှာ ဆိုင်းဘုတ်အောက်မှာ တာဝန်ယူနေတဲ့
ဒေါက်တာတင်အောင်အေးတို့လို ပုဂ္ဂိုလ်မျိုးတွေ ကြည့်ဖြစ်ရင်
တော့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ အနုပညာကို စာရေးသူ
အနေနဲ့ သာဓု ခေါ်ပါရစေ။

(ဒီပို့စ်ကို စ'တင်တဲ့ အခါ ဒေါက်တာတင်အောင်အေး နဲ့
ဦးတင်အောင်ဟိန်း
တို့ကို နာမည်ချင်း မှားသွားပါတယ်၊
အဲဒီအတွက် စာဖတ်သူကို တောင်းပန်ပါတယ် ...။)


(ဤမျှသာ။)

Read more »

Sunday, 21 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (အပိုင်း- ၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင် အပိုင်း(၂)မှ အဆက် ….

အိမ်ကြီးဟာ ဆေးအသစ် ထပ်မသုံးထားတာက လွှဲရင် သိပ်ပြီး မဟောင်း
သေးတဲ့ ပုံစံမျိုးပါ။ အိမ်အ၀င်အ၀’နဲ့ အောက်ထပ်မှာ ကိုကုလားအပါအ၀င်
အရပ်ထဲက လူတွေ တရုံးရုံးနဲ့ ကူညီပြီး သန့်ရှင်းရေး လုပ်နေကြပါတယ်။
သူတို့အုပ်စုကို မြင်လိုက်တဲ့ ကိုကုလားဟာ ပြုံးပြပြီး …
“မင်းတို့ကို ငါ ပြစရာရှိတယ် …”

(ကိုအေး) လုပ်ပါအုံး၊ အထူးအဆန်းတွေ ရှိရင် စိတ်ဝင်စားလို့ …။



ကိုကုလားက သူတို့အုပ်စုကို အိမ်ကြီး၏ ခေါင်းရင်းဖက်ရှိ တနေရာကို
ခေါ်ဆောင်သွားပြတယ်။ သရက်ပင် နှစ်ပင်ကြားရှိ အပင်တချို့ကို ပြသ
ပါတယ်။ ရုတ်တရက် ခင်ဇော်က …
“ဒါ မုန့်ဟင်းခါး ချက်ရင် သုံးတဲ့ စပါးလင် ပင်တွေလေ …”

(ကိုကုလား) အေးဟုတ်တယ်၊ ဒါ စပါးလင်ပင်၊ ဒီအပင်တွေကို အိမ်မှာ
မစိုက်ကောင်းဘူး၊ ဘယ်သူမှလည်း မစိုက်ကြဘူး၊ ဒီခြံထဲမှာ ဒီအပင်
တွေ စိုက်ထားတာ ကြာပြီးလို့ ဦးပွား ပြောတယ်။

(မောင်အောင်) ဦးပွားက ဒီခြံအကြောင်းကို တော်တော်သိတဲ့ပုံဘဲ၊ အဲဒီ
လူကြီး ဘာတွေပြောသေးလဲ ကိုကုလား …။

(ကိုကုလား) လဖက်ရည်ဆိုင်ရောက်ရင် ပြောပြမယ်လေ၊ ဒီနေရာမှာ
ငါလည်း မပြောရဲဘူး …။

ဒီလိုနဲ့ သူတို့အားလုံး အိမ်ကြီးအတွင်းကို ၀င်ကြည့်ကြပါတယ်။ အောက်
ထပ်မှာ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စတိုးပုံစံ အခန်းအသေးလေး
တစ်ခု၊ ရေချိုးခန်း အိမ်သာနဲ့ မီးဖိုးချောင်းတို့ ရှိပါတယ်။ အပေါ်ထပ်ကို
တက်ကြည့်ဖို့ ကိုဝက်ဆီ သူတို့ မေးငေါ့ပြလိုက်ပါတယ်။ အောက်ထပ်
မှာ သန့်ရှင်းလုပ်နေတဲ့ လူတချို့အပါအ၀င် အပေါ်ထပ်ကို သူတို့ တက်
ခဲ့ကြပါတယ်။ လှေကားအဆုံး အပေါ်ထပ် အပေါက်ဝ’က တံခါးမှာ သော့
ခတ်ထားတာကြောင့် သော့ဖွင့်ဖို့ ဒေါ်လေးအိမ်မှာ သော့သွားယူရပါတယ်။
တံခါးကို ဖွင့်ဖွင့်ချင် အပေါ်ထပ်ဟာ တော်တော်လေး မှောင်နေပါတယ်။
အပေါ်ထပ် ၀’ရန်တာရှိ တံခါးကို ဖွင့်လိုက်မှ အိမ်ထဲကို အလင်းရောင် ၀င်
လာပါတယ်။ အပေါ်ထပ်ရှိ ဘုရားခန်းဟာ တော်တော်လေး ကျယ်ဝန်းပါ
တယ်။ နံဘေးမှာလည်း ပလက်ကုလားထိုင်တချို့နဲ့ နံရံပေါ်မှာ ပန်းချီကား
ခပ်ကြီးကြီးတစ်ခု ချိတ်ဆွဲထားပါတယ်။ ဘုရားခန်းက လွှဲရင် ကျန်အခန်း
အားလုံး အိပ်ခန်းတွေ ဖြစ်ပုံရပါတယ်။ ကိုဝက်ကို လက်တိုပြီး ဆွဲကြိုးချ
သေထားတဲ့ အခန်း ဘယ်မှာလဲလို့ လက်နဲ့ အမူအရာ လုပ်ပြလိုက်ပါ
တယ်။ ကိုဝက်က အခန်းနှစ်ခန်းကို လက်ညှိုးထိုးပြီး ပြပါတယ်။ နှစ်ခန်း
စလုံးဟာ သော့မခတ်ထားပါ။ အဲဒီအချိန်မှာ ကိုအေးက …
“အခန်းထဲကို ၀င်ကြည့်လို့ ရတယ်မဟုတ်လား ကိုဝက်၊ သိပ်မကြောက်
ပါနဲ့ …”

(ကိုဝက်) ရပါတယ်၊ ၀င်ကြည့်လေ …။

ကိုအေးက အခန်းထဲကို ရှေ့ဆုံးကနေ ၀င်သွားပါတယ်။ ပြီးတော့ အပေါ်
ရှိ ထုပ်တန်းတွေကို လိုက်ကြည့်ပါတယ်။ အဲဒီနောက် …
“မောင်ထူး မင်းအဒေါ်ကို မေးကြည့်ပါလား၊ ငါနည်းနည်း စမ်းကြည့်ချင်
လို့ …”

အောက်ထပ်ကနေ ဆူညံဆူညံနဲ့ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်
အပါအ၀င် လူကြီးတချို့ အပေါ်ထပ်ကို တက်လာကြပါတယ်။ ဆရာတော်
လက်ထဲမှာ ဖလားတစ်ခုကို ပိုက်ထားပါတယ်။ အထဲမှာလည်း ရေအပြည့်
ပါ။ အပေါ်ထပ်ရှိ နေရာအတော်များများကို ဖလားထဲမှ ပရိတ်ရည်တွေနဲ့
လိုက်ပြီး ဖြန်းပါတယ်။ လူကြီးတချို့က နောက်နေ့မှာ ပရိတ်တရားနာမယ့်
အပေါ်ထပ် ဘုရားခန်းအတွင်း သန့်ရှင်းလုပ်နေကြသလို တချို့လည်း
ကော်ဇောလိပ်တွေ သယ်နေကြပါတယ်။ ဆရာတော်က အိမ်ရှိ မိသားစု
များနဲ့ ဧည့်သည်အဖြစ် ရောက်ရှိနေကြတဲ့ သူတို့အားလုံးကို ပရိတ်ကြိုး
တွေ စွန့်ကြဲပါတယ်။ ပရိတ်ချည်တွေကို ခြံတစ်ခုလုံးနဲ့ ခြံထဲရှိ အိမ်တွေ
မှာ ရစ်ပတ်ဖို့ မိန့်ကြားပြီး ဆရာတော် ပြန်ကြွသွားပါတယ်။ အဲဒီနောက်
ကိုဝက်၊ ကိုကုလားတို့ အပါအ၀င် သန့်ရှင်းရေး လာဝိုင်းကူတဲ့ ရပ်ကွက်
ထဲမှ ကာလသားများနဲ့အတူ လဖက်ရည်ဆိုင်ကို သွားကြပါတယ်။

(မောင်ထူး) ကိုအေး ဘာစမ်းမလို့လဲ …။

(ကိုအေး) အမဲသား တုံးကို ကျွတ်ကျွတ်အိတ်ထဲထည့်၊ ကြိုးနဲ့စည်းပြီး
ဆွဲကြိုးချသေထားတဲ့ အခန်းထဲက ထုပ်တန်းမှာ တွဲလောင်းချထားမယ်၊
ကြိုးစ’ကို ခပ်ရှည်ရှည် ထုတ်ပြီး အပြင်ကနေ ဆွဲကြည့်မယ်လေ၊ အမဲ
သားထုပ်ကို လာဆွဲရင် အဲဒါ ကျိန်းသေပြီးပေါ့ ….။

(မောင်အောင်) ဒါဆိုရင် ကြိုးက အရှည်ကြီး လုပ်ရမှာ၊ မောင်ထူးတို့
အဒေါ်ရော သဘောတူပါ့မလား …။

(နောင်နောင်) ဒေါ်လေးထက် စာရင် ဦးလေးဆီမှာ ခွင့်တောင်းကြည့်၊
ဒီလိုလုပ်တာက ပြဿနာကို ဆွချင်လို့ မဟုတ်ဘူး၊ အနေအထား
အတိုင်းအတာကို သိချင်လို့ လုပ်တာပါ … ပြောပြီး ခွင့်တောင်းကြည့်
ပါလား မောင်ထူး …။

(မောင်ထူး) ပြောတော့ ပြောကြည့်မယ်၊ ဘယ်နေရာကနေ ကြိုးစ’
ကို ကိုင်ထားကြမှာလဲ ….။

(ကိုအေး) ငါတို့ ခုတည်းနေတဲ့ အိမ်ပြတင်းပေါက်ထဲကို ကြိုးစ’ထည့်
ပြီး တစ်ခုခုနဲ့ ချည်ထားမယ်လေ …။

(မောင်အောင်) ကိုကုလား၊ ဦးပွားဆိုတဲ့ လူကြီးက ဘယ်မှာနေလဲ၊
သူက ဒီအိမ်ကြီးအကြောင်း ဘာပြောသေးလဲ ….။

(ကိုကုလား) ဦးပွားက အခုတော့ အသက်ကြီးပြီး သူငယ်ပြန်နေပြီ၊
သေသွားတဲ့ ဒေါ်တင်တို့အဖေ ဦးစည်လက်ထက်က ဦးစည်ထံမှာ
သူ အလုပ်လုပ်ဖူးတယ်၊ ဦးစည်က ပွဲကန်ထရိုက်ဆိုတော့ အငြိမ့်
တွေ ဇာတ်တွေရှိရင် သူက ရုံပေါက်ဝ’မှာ လက်မှတ်စစ်တဲ့ အလုပ်
မျိုးပေါ့၊ ဦးပွား ပြောပြတာက သူ့သူဋ္ဌေး ဦးစည်က ဈေးထဲမှာ ကြက်
သွေးတို့၊ ဘဲသွေးတို့၊ ဆိတ်သွေးတို့၊ အမဲသွေးတွေကို မကြာခဏ
သွားဝယ်လေ့ရှိတယ်တဲ့၊ အဲလို လိုက်ဝယ်တာ ဘာလုပ်မှန်း ဘယ်သူ
မှ မသိကြဘူး၊ အလုပ်ကိစ္စတစ်ခုနဲ့ ဦးစည်ဆီသွားတော့ ဦးစည်က
ခြံထဲက သရက်ပင်တွေ ကြားမှာရှိတဲ့ စပါးလင်ပင်တွေအပေါ် အဲဒီသွေး
တွေ လောင်းချနေတာ တွေ့ရတယ်၊ ဦးစည်ပါးစပ်ကလည်း ပွစိပွစိနဲ့
“နင်တို့ ငါ့ခြံကို သေသေချာချာ စောင့်ရှောက်ပေးကြ၊ နင်တို့ဖက်က
တာဝန်ကျေရင် ငါ့ဖက်ကလည်း တာဝန်ကျေမယ် … ”
လို့ ပြောနေတာကို တွေ့ဖူးတယ်လို့ ဦးပွားက ပြောပြတယ် …။

(ကိုဝက်) ဟုတ်လို့လား ကုလားရယ်၊ ဦးပွားက သူငယ်ပြန်ပြီး
လျှောက်ပြောနေတာ ဖြစ်နေအုံးမယ်၊ အရပ်ထဲက လူကြီးတွေ ပြော
တာကြားဖူးတယ်၊ သေသွားတဲ့ ဒီခြံပိုင်ရှင် ဒေါ်တင်ကို အဲဒီဦးပွား
လိုက်ကြိုက်တာ အသည်းအသန်းပဲတဲ့၊ ဒေါ်တင်နဲ့ သဘောမတူလို့
ဒေါ်တင်’အဖေ့ ဦးစည်အပေါ် ပေါက်ကရ လျှောက်ပြောတာရော
မဖြစ်နိုင်ဘူးလား …။

(လူငယ်များ) ….. (ရယ်သံများ)

(ကိုကုလား) င၀က်ရယ် မင်း ငယ်ပါသေးတယ်၊ ထားပါတော့ မင်း
ပြောသလို ဦးပွားက သူ့ငယ်ရည်စားကို မရလို့ ဂျောက်တွန်းတယ်
ဘဲထား၊ ပုဏ္ဍက တိုက်တယ်လို့ ပြောနေကြတဲ့ နေရာတွေမှာ ဘာ
ထူးခြားတာ ရှိလဲ၊ မင်း သိလား ….။

(မောင်ထူး) ကိုကုလား၊ စိတ်မဆိုးပါနဲ့ အကိုကလည်း၊ ကျနော်တို့က
အကို့ကို ရယ်တာ မဟုတ်ပါဘူး၊ လူကြီးတွေရဲ့ နောက်ကြောင်းရာဇ၀င်
ကို ရယ်တာပါ …။

(ရဲစိုး) ဘယ်လို … ပုဏ္ဍက အတိုက်ခံရတဲ့ နေရာတွေမှာ ထူးခြား
ချက်ရှိတယ် ဟုတ်လား ကိုကုလား … ပြောပြပါ အကို၊ ကျနော်တို့
သိချင်လို့ …။

(ကိုကုလား) အဲဒီခြံ၊ အဲလို နေရာမျိုးမှာ ခွေးတို့၊ ကြောင်တို့ လုံးဝ
မွေးလို့ မရဘူးကွ၊ မြဲမြဲမှတ်ထား၊ မွေးထားရင်လည်း ခဏပဲနေတယ်၊
သူ့အလိုလို ထွက်ပြေးရင် ပြေး၊ မပြေးရင် ဘာမှ မဖြစ်ပဲ သေသွား
တတ်တယ် …။

(ကိုအေး) ဒါဆိုလည်း ဒီည ကျနော်တို့ စမ်းကြည့်မယ်၊ ပြဿနာ
စ’ဖြစ်တာ ဒီစနေနေ့ ညလား …။

(ကိုကုလား) ဟုတ်တယ်၊ လဆန်း(၁) ရက်နေ့ မတိုင်ခင်ညက
စ’ပြီး ဖြစ်နေကြ …။

သူတို့အားလုံး ဦးလေးထံတွင် ခွင့်တောင်းကြပါတယ်။ အမဲသား
အစိမ်းတုံးကို ကျွတ်ကျွတ်အိတ်နှစ်ထပ်နဲ့ ထုပ်ပြီး အိတ်ထဲထည့်ပါတယ်၊
အိတ်ရဲ့ ထိပ်ဝကနေ နိုင်လွန်ကြိုးရှည်ရှည်နဲ့ လူသေဆုံးခဲ့တဲ့ အခန်း
ရဲ့ ထုပ်တန်းမှာ တွဲလောင်းချပါတယ်။ ကြိုးကို အခန်းနံရံပေါ်ကျော်ပြီး
အိမ်ကြီးရဲ့ အပေါ်ထပ် ပြတင်းပေါက်မှ တဆင့် အပြင်ကို ထုတ်ပါ
တယ်။ သူတို့တည်းခိုရာ တိုက်ပုလေးရဲ့ ပြတင်းပေါက် အထဲအထိ
ဝင်ဖို့ ကြိုးကို အရှည်ကြီး သွယ်တန်းရပါတယ်။ အိမ်ကြီးပေါ်ကနေ
သွယ်တန်းထားတဲ့ ကြိုးစ’ကို သူတို့အခန်းထဲရှိ မျက်နာကြက်မှ
မီးချောင်းချိတ်ဆွဲရာ ကြေးနန်းကြိုးမှာ ချည်နှောင်ထားပါတယ်။ ညဖက်
သူတို့ တည်းခိုရာ အိမ်ထဲမှာ သူတို့အုပ်စုအပြင် အရပ်ထဲမှ ကာလ
သားအချို့ပါ သူတို့နဲ့အတူ ရှိနေကြပါတယ်။

ညဟာ တဖြေးဖြေး တိတ်ဆိတ်လာပါတယ်။ ဘယ်အချိန်မှာ ဘာစ’
ဖြစ်မလဲလို့ သူတို့အားလုံး စောင့်မျှော်နေကြပါတယ်။ အချိန်တွေ
သာ တစ်နာရီပြီး တစ်နာရီ ကျော်လွန် ခဲ့ပါတယ်။ ကြိုးစ’ကို စောင့်
ဆွဲတဲ့ လှုပ်ရှားမှုမျိုး မတွေ့ရပါ။ မနက်မိုးလင်းခါနီး လင်းကြက်တွန်
သံ၊ ဘုန်းကြီးကျောင်းဖက်မှ အုန်းမောင်းခေါက်သံတွေ ထွက်ပေါ်
လာတဲ့ အထိ ဘာမှ မထူးခြားခဲ့ပါ။ ဒေါ်လေးတို့ အိမ်ဖက်ကနေ
ကိုဝက် နာမည် လှမ်းခေါ်ပြီး အလှူအတွက် ၀ိုင်းလုပ်ပေးဖို့ လာနိုး
ပါတယ်။ မနက်စောစော ကိုဝက်နဲ့အတူ သူတို့အားလုံး အိမ်ကြီးပေါ်
ရှိ အမဲသား အစိမ်းတုံး ချိတ်ဆွဲထားတဲ့ အခန်းဆီ ရောက်ကြပါတယ်။
ဘာထူးခြားမှုမျှ မတွေ့ရပါ။ ကိုအေးက ခနဲ့တဲ့တဲ့ ပုံစံဖြင့် .…
“ဘယ်လိုလဲ၊ ဒါလက်တွေ့ဘဲလေ၊ မင်းတို့ ယုံသွားအောင် ဒီည
ထပ်ပြီး စမ်းပြမယ်၊ ကြောက်တာနဲ့ ခြောက်တာကို လူတွေ မခွဲခြား
တတ်လို့ ဒီလို ဖြစ်နေကြတာပါကွာ …. ”

အလှူအိမ်မှာ နေရတာ ပျင်းသောကြောင့် မြို့ထဲသွားပြီး လျှောက်
လည်လိုက်၊ လဖက်ရည်ဆိုင်ထိုင်လိုက်ဖြင့် ညနေစောင်းမှ ခြံထဲ
ကို သူတို့ ပြန်လာကြပါတယ်။ ကိုဝက်နဲ့ အတူ အိမ်ကြီးပေါ်ကို
တက်ပြီး အခန်းရဲ့ ထုပ်တန်းမှာ မနေ့ညကလို အမဲသားအစိမ်းတုံးကို
ကြိုးနဲ့ သွယ်တန်းပြီး ချိတ်ဆွဲကြပါတယ်။ ညဖက် လဖက်ရည်ဆိုင်က
အပြန် ဗွီဒီယို အတူတူ လိုက်ကြည့်ဖို့ မီးကင်းတဲမှ ကိုကုလားကိုပါ
ခေါ်ဆောင်ခဲ့ပါတယ်။ ကျော်ဟိန်းနဲ့ တင့်တင့်ထွန်း တို့ပါဝင်သော
“ဘဂျမ်းမှာ ဇာတ်လမ်းမရှိ” ဇာတ်ကားကို သူတို့ ကြည့်နေကြပါတယ်။

ညကိုးနာရီ မီးကင်းသံချောင်း သွားခေါက်မယ့် ကိုကုလားအတွက်
ကြည့်လက်စ’ ရုပ်ရှင်ကို ခဏ ရပ်လိုက်ပါတယ်။ ကိုကုလား ပြန်လာ
တဲ့အထိ သူတို့ စောင့်နေကြပါတယ်။ ကိုကုလား အိမ်ထဲ ပြန်ရောက်
လို့ ရုပ်ရှင် စ’ကြည့်မယ် အပြုမှာ မျက်နှာကြက်က မီးချောင်းဟာ
သိသိသာသာ လှုပ်ရမ်းသွားပါတယ်။ မီးချောင်းအပေါ်ရှိ ကြေးနန်း
ကြိုးဟာ အိမ်ကြီးပေါ်မှ အမဲသား အစိမ်းထုပ်နဲ့ ကြိုးချင်း သွယ်တန်း
ထားပါတယ်။ သူတို့အားလုံးရဲ့ မျက်လုံးတွေဟာ မီးချောင်းကနေ
သွယ်တန်းထားရာ ကြိုးတလျှောက်ကို လိုက်ကြည့်နေကြပါတယ်။

(ကိုအေး) လေတိုက်လို့လား မသိဘူး၊ တော်တော်လေးတော့
ရမ်းသွားတယ် …။

(ကိုဝက်) ဟုတ်တယ် … ရဲစိုး ညီလေး၊ အပြင်ကို တချက်လောက်
လှမ်းပြီး ကြည့်လိုက်ပါအုံး၊ မိုး’စရွာနေပြီလား မပြောတတ်ဘူး၊ မိုး
ရွာရင်တော့ ဒုက္ခပဲ၊ အလှူအတွက် ချက်ထားတဲ့ ဟင်းအိုးတွေ အိမ်
ထဲ သွင်းရအုံးမယ်၊ ဗွီဒီယို ကြည့်ရတာ ဇိမ်ပျက်တယ်ကွာ …။

ရဲစိုးဟာ တီဗွီရှေ့ စုထိုင်နေတဲ့ လူတွေကြားကနေ အပြင်မှာ မိုးရွာ
မရွာကို လှမ်းကြည့်ဖို့ ပြတင်းပေါက်ဆီကို ထ’သွားပါတယ်။ အိမ်ကြီး
ပေါ်နဲ့ သွယ်တန်းထားတဲ့ကြိုး ရှိနေသောကြောင့် ပြတင်းပေါက်တံခါး
ကို ဂျက်ချပြီး ပိတ်မထားပါ၊ တံခါးစေ့ရုံသာ စေ့ထားပါတယ်။ သံဇကာ
ရှိ အပေါက်ငယ်ကနေ အပြင် မှန်တံခါးကို သူ တွန်းထုတ်လိုက်ပါ
တယ်။ အပြင်ဖက်ကို လှမ်းကြည့်လိုက်တဲ့ စက္ကန့်ပိုင်း အတွင်းမှာပဲ
သူ့ပါးစပ်က “ဟာ … ဟိုမှာ ဟိုမှာ … ” လို့ အော်ပြီး နောက်ဖက်ကို
ပက်လက်လန်ပြီး လဲကျလာပါတယ်။ သူရဲ့ နောက်ဖက် အနီးဆုံးမှာ
ရှိနေတဲ့ ကိုကုလားနဲ့ မောင်ထူးက နောက်ကနေ အလျင်အမြန် ပွေ့
လိုက်ရပါတယ်။ အဲဒီအချိန်မှာဘဲ သူတို့ထဲက သုံး …. လေးဦးဟာ
ပြတင်းပေါက်ဆီကို အလျင်အမြန်ပြေးပြီး အပြင်ဖက်ကို လှမ်းကြည့်
ကြပါတယ်။ ထ’ကြည့်ကြတဲ့ လူတွေထဲက နောင်နောင်ဟာ မျက်လုံး
ပြူးလျက်သာနဲ့ ထပ်ပြီး လဲကျလာပါတယ်။ သူ့ပါးစပ်က ဘာသံမှ
မထွက်ခဲ့ပါ။

“ဘာဖြစ်တာလဲ … ဘာဖြစ်တာလဲ …” ဆိုသော အသံတွေ သူတို့
အိမ်ထဲမှာ ဆူညံသွားပါတယ်။ ခြေမကို ချိုးပေးတဲ့လူ ချိုး၊ ဇက်ကို
နှိပ်ပေးတဲ့လူက နှိပ်နဲ့ ရှုပ်ရှက်ခတ်နေကြပါတယ်။ သူတို့အိမ်မှ
ဆူညံသံတွေကြောင့် နံဘေးရှိ ဒေါ်လေးတို့အိမ်က လူတွေပါ ရောက်
လာပါတယ်။ မိနစ်နှစ်ဆယ်နီးပါး ၀ိုင်းဝန်းပြုစုအပြီးမှာ သတိလစ်
သွားတဲ့ ရဲစိုးနဲ့ နောင်နောင်ဟာ ပြန်ပြီး သတိရလာပါတယ်။ သူတို့
နှစ်ဦးစလုံးရဲ့ ခန္ဓာကိုယ်ဟာ တဖြေးဖြေးချင်း နေမကောင်းတဲ့
ပုံသဏ္ဌာန် ကိုယ်တွေ ပူလာပါတယ်။


(ဆက်ရန်။)

Read more »

Tuesday, 16 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (အပိုင်း- ၂)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

ယခင် အပိုင်း(၁)မှ အဆက် ….

ဦးဖူးညိုအိမ်မှာ စကားကောင်းနေသော သူတို့ အားလုံး ထမင်း
စားဖို့ အလှူအိမ်ရှိရာဆီ ပြန်လာခဲ့ကြပါတယ်။ အလှူအိမ် ခြံပေါက်
ဝ’ အရောက်မှာ ရပ်ကွက်ရုံးသွားပြီး ဧည့်စာရင်းတိုင်ဖို့ ပြောတာ
ကြောင့် ရပ်ကွက်ရုံးရှိရာသို့ ရောက်ခဲ့ကြပါတယ်။ ရပ်ကွက်ရုံးထဲ
မှာ ဧည့်စာရင်းဖောင် ဖြည့်နေစဉ် ကိုဝက်က သူ့အသိ ကိုကုလား
ဆိုသူနဲ့ မိတ်ဆက်ပေးပါတယ်။



ညစား စားပြီးနောက် အပျင်းပြေ လဖက်ရည်ဆိုင် ထိုင်ရန် ထွက်ခဲ့
ကြပါတယ် …..။

(ခင်ဇော်) ကိုဝက်၊ ခုနက ရုံးမှာ တွေ့တဲ့ အရန်မီးသတ် ကိုကုလား
ဒီအိမ်ကြီးအကြောင်းကို သိလား၊ သူက အရန်မီးသတ်ဆိုတော့
ရပ်ကွက်ထဲက အကြောင်းတွေ ပိုများ သိမလားလို့ပါ …။

(ကိုဝက်) သိတာပေါ့၊ သူ သိထားတဲ့ပုံစံနဲ့ အဘဦးဖူးညို ပြောပြပုံ
နဲ့တော့ မတူနိုင်ဘူး၊ ဒီကောင်ကို ပေါတောတော ဆိုပြီး သူပြောတဲ့
စကားကို အရပ်ထဲက လူတွေ မယုံတာ၊ ဒီကောင်လည်း ဒီရပ်ကွက်ထဲ
မှာ ကြီးလာတဲ့ သူပဲ၊ လဖက်ရည်ဆိုင်ကို သူလာမှာပါ …။

လဖက်ရည်ဆိုင်ရောက်ပြီး သိပ်မကြာခင်မှာပဲ အရန်မီးသတ် အလုပ်
ရော၊ အခကြေးငွေ ယူပြီး မီးကင်းစောင့်ပေးတဲ့ အလုပ်ပါ လုပ်သော
ကိုကုလား ရောက်လာပါတယ် …။

(ကိုအေး) ကိုကုလား၊ ဒီလဖက်ရည်ဆိုင်မှာ ကြိုက်တာသောက်၊
ရောင်းတဲ့အထဲက ကြိုက်တဲ့မုန့်ကို စား၊ ကျနော်တို့ ရှင်းပါ့မယ်၊
အခု ကျနော်တို့ အလည်လာတဲ့ ခြံအကြောင်း ပြောပြပါလား၊
အဲဒီခြံမှာ ခပ်ကြမ်းကြမ်း “ပုဏ္ဍက သရဲ” ခြောက်တယ်လို့ ပြော
နေကြလို့၊ အဲဒါ တကယ်လား …။

(ကိုကုလား) ခင်ဗျားတို့ မြို့ကလူတွေ ကြားရင် ယုံမှာ မဟုတ်
ဘူး၊ ကျနော်ကိုယ်တိုင်လည်း အရင်က သိပ်မယုံဘူး၊ ကျနော့်အမေ
က ဒီခြံရဲ့ အရင်ပိုင်ရှင် ဒေါ်တင်တို့ ရှိစဉ်ကတည်းက သူတို့အိမ်
မှာ အ၀တ်လျှော် ပေးတဲ့ အလုပ်ကို လုပ်ခဲ့တာ၊ သရဲခြောက်တဲ့
အိမ်ဟောင်းကြီးရဲ့ နောက်ကျောမှာ ရေတွင်း တစ်ခုရှိ၊ အဲဒီ
ရေတွင်းက အခုထိ အကောင်းပဲ၊ ရေတွင်းနံဘေးမှာ ကျောက်ပြား
တွေ လေး …. ငါးချပ်ကို ညီအောင် ခင်းထားတယ်၊ ကျနော့်အမေ
ပြောပြတာက တခါတလေ မနက်စောစော အ၀တ်လျှော်ဖို့ အဲဒီ
အိမ်သွားရင် အိမ်ပိုင်ရှင် ဒေါ်တင်က အဲဒီကျောက်ပြားပေါ်မှာ ရှိတဲ့
အစားအသောက် အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ခိုင်းတယ်၊
အဲဒါနဲ့ ကျနော့်အမေက ဒီအစားအသောက်တွေ ကျောက်ပြားပေါ်
မှာ ဘယ်သူ လာပုံထားသလဲလို့ မေးတော့ ပြန်မဖြေဘူး၊ သူတို့
အိမ်မှာ အိမ်ဖော်လုပ်တဲ့ အလုပ်သမားကို တိုးတိုးတိတ်တိတ် မေး
ကြည့်တော့ ငါးရက် တခါလောက် အိမ်ရှင်က “ခေါစာ” ကျွေးတယ်
ဆိုပဲ၊ ဘာရည်ရွယ်ချက်နဲ့ ဘာကို ကျွေးသလဲတော့ ကျနော့်အမေ
လည်း မသိဘူး၊ သူတို့အိမ်က လူတွေ တစ်နှစ်တခါ ဆက်တိုက်
သေတော့ အရပ်ထဲမှာ ဒီအိမ်ကြီး “ခိုက်”တယ်လို့ နာမည်ကြီး
လာတာ ….။

(မောင်အောင်) ကိုကုလား ကိုယ်တိုင်ရော အခြောက်ခံရဖူးလား …။

(ကိုကုလား) ဟာ …. ခုနက ပြောပြနေတာက အရင် ရာဇ၀င်ကို
ရှင်းပြနေတာ၊ အဲဒီခြံမှာ ပုဏ္ဍက ဘယ်လို တိုက်တယ် ထင်လဲ၊ ရှိသမျှ
ပြတင်းပေါက်တွေ လေလည်း မတိုက်၊ ဘယ်သူမှလည်း အဖွင့်အပိတ်
မလုပ်ပဲနဲ့ ဖွင့်လိုက် ပိတ်လိုက် ဖြစ်နေတာ၊ အဲဒါ တစ်ရက်တည်း မဟုတ်
ဘူးနော် တစ်လလုံး၊ အဲဒီအိမ်ကြီး နံဘေးက သစ်ပင်ကြီးတွေ တွေ့
လား၊ အုန်းပင်က သုံး … လေးပင် ပဲရှိတာ၊ ကျန်တာတွေက သရက်
ပင်တွေ၊ ညဖက်ဆိုရင် တစ်ပင်နဲ့ တစ်ပင်ကို မျောက်လို ခုန်ပြီး ကူးပြ
တာ၊ မည်းမည်းကြီး၊ လက်နှိပ်ဓါတ်မီး ထိုးကြည့်ရင် ကိုယ့်မျက်စိရှေ့
မှာတင် ပျောက်သွားတာ၊ ပြီးတော့ သရက်သီးတွေ ခဲတွေနဲ့ အိမ်ကို
ထုတာ၊ ရပ်ကွက်ရုံးက လူတွေရော စခန်းက ရဲတွေပါ သွားစောင့်
ပေးဖူးတယ်၊ ကြောက်လို့ ငယ်သံပါအောင် အော်ပြီး ပြေးတာ၊ ဘုန်းကြီး
ကြွလာလည်း ခဏပဲ ရတယ်၊ ဘုန်းကြီး ပြန်ကြွသွားတာနဲ့ ပြန်ပြီး
သောင်းကျန်းတာ၊ ကျနော်တို့ မျက်စိ ရှေ့မှာ ဖယောင်းတိုင် တစ်တိုင်
ဘယ်သူမှ မပါဘဲ လှေကားထစ်တွေပေါ် ခုန်ခုန်ပြီး တက်သွားတာ၊
ဖိနပ် စီးချိန်တောင် မရဘူး၊ ကျနော်တို့လည်း ပြေးတာ တန်းနေ
တာပဲ ….။

(ခင်ဇော်) နေ့ခင်းဖက်ရော ခြောက်လား၊ အဲလို ဖြစ်တာ ဘယ်နှစ် နှစ်
လောက် ရှိပြီးလဲ ….။

(ကိုကုလား) လူတွေသေပြီး ဒီခြံကို တရုတ်တွေ ၀ယ်လိုက်တဲ့ နှစ်ကနေ
စ’ပြီး ခြောက်တာ၊ တရုတ်တွေလည်း ဗုဒ္ဓဘာသာပဲလေ၊ သူတို့လည်း
ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်တာပေါ့၊ မရဘူး၊ စ’ဖြစ်တဲ့ နှစ်ကဆိုရင် နေ့ခင်း
ဖက်ကြီး အိမ်ထဲက လူတွေကို ပထမ ရေနဲ့ လိုက်ပက်တယ်၊ နောက်တော့
ပစ္စည်းတွေ သူ့အလိုလို ဟိုရွေ့ ဒီရွေ့ လုပ်ပြတယ်၊ ဒါနဲ့ တရုတ်တွေလည်း
ဘာပစ္စည်းမှ မယူနိုင်ဘူး မျက်နှာငယ်လေးတွေနဲ့ ခြံရှေ့ကို ပြေးထွက်လာ
ကြတာ၊ အရပ်ထဲက လူတွေ စုပေါင်းပြီး သွားကြည့်တာ အောက်ထပ်က
ဧည့်ခံထဲမှာ မိန်းမတစ်ယောက် ဆံပင်ဖျားလျား ချပြီး ခေါက်တုတ်
ခေါက်ပြန် လမ်းလျှောက်နေတယ်၊ ခေါင်းငုံ့ထားတယ်၊ လူတွေက
အိမ် အပေါက်ဝ’ကနေ “နင်ဘယ်သူလဲ” မေးလိုက်တော့ ခေါင်းမော့
လာတယ်၊ သူ့ မျက်နှာမှာ မျက်စိတို့ နားခေါင်းတို့ ပါးစပ်ပေါက်တို့
မရှိဘူး၊ ပြားပြားကြီး၊ ဘာပြော ကောင်းမလဲ တစ်ရပ်ကွက်လုံး
အုတ်အော်သောင်းနင်း ပြေးလိုက်ကြတာ၊ အဲဒါနဲ့ ဘုန်းကြီးပင့်ပြီး အထဲ
ကို ၀င်တာ အောက်ထပ်ရောက်ရင် အပေါ်ထပ်က သောင်းကျန်းပြတယ်၊
အပေါ်ထပ် တက်တော့ အောက်ထပ်က ပစ္စည်းတွေကို ရွေ့ပြစ်တာ
ဝုန်းဒိုင်းကြဲပဲ၊ ဘုန်းကြီး ဘုရားစာ ရွတ်တော့ ခဏ ငြိမ်သွားတယ်၊
ဘုန်းကြီး ပြန်ကြွသွားတော့ ကျန်ခဲ့တဲ့ လူတွေကို တစ်ယောက်ပြီး
တစ်ယောက် လည်ပင်းအညှစ် ခံရသလို ဖြစ်လာတာ၊ ဘာမှလည်း
မတွေ့ရဘူး …။

(ကိုဝက်) ဘုန်းကြီး ကြားသွားရင် မင်းကို ဒေါကန်နေအုံးမယ်၊ ကလေး
တွေ ကြောက်အောင် လျှောက်ပြောနေပြန်ပြီ …။

(ကိုကုလား) မင်းတို့ အဲဒါကြောင့် ခက်တာပေါ့၊ အရင် တရုတ်သူဋ္ဌေး
က ဘာမှ မလုပ်ဘူး ထင်လို့လား၊ နည်းလမ်းကို စုံနေတာပဲ လျှောက်
လုပ်တာ၊ သူ့ခြံကို ဈေးလျှော့ပြီး ရောင်းသွားချင်တာ မဟုတ်ဘူး၊ သူ
လည်း လုပ်တာပဲ၊ လုပ်လို့ မရလို့ လက်လျှော့သွားတာ၊ ညီလေးတို့
… မင်းတို့ အလည်ရောက်နေတဲ့ ခြံနဲ့ မျက်နှာချင်းဆိုင် ခြံမှာ ငါ့အကို
ဝမ်းကွဲ မိသားစု ရှိတယ်၊ မင်းတို့ အုပ်စု ငါ့အကိုအိမ်မှာ သွားအိပ်လို့
ရတယ်၊ စားရေး သောက်ရေးလည်း မပူနဲ့၊ ငါ ကြိုပြောထားပေး
မယ် …။

(ကိုဝက်) မနက်ဖြန် စနေနေ့ ဘုန်းကြီးကျောင်းက ဆရာတော်
ကြွလာပြီး တစ်ခြံလုံးကို ပရိတ်ရည်တွေ လိုက်ဖြန်းပေးမယ်၊ တစ်ခြံလုံး
ကိုလည်း ပရိတ်ကြိုးတွေ ပတ်ပြီး ချည်ပေးမယ် ပြောတယ်၊ အိမ်က
လူတွေ တစ်ယောက်ချင်းစီအတွက်လည်း ပရိတ်ကြိုးတွေ ဆွဲပေး
မယ် ပြောတယ်၊ သိပ်ကြောက်စရာ မလိုပါဘူးကွာ …။

(ကိုကုလား) အေး … ကြည့်သေးတာပေါ့၊ ငါ့အထင်တော့ ဒါ ပိုဆိုး
သွားမယ်၊ နည်းနည်းပါးပါး ခြောက်လှန့်လို့ အဲလိုလုပ်တာ ပြဿနာ
မရှိဘူး၊ အခုဟာ ဘယ်အချိန် ဘယ်ကာလ ကတည်းက ရှိနေမှန်း
လည်းမသိဘူး၊ တော်တော်လေး ကြမ်းတဲ့ အမျိုးအစားတွေ၊ သူတို့ကို
ပရိတ်ရည်ဖြန်းတော့မှ သူတို့ နေရတာ ထိုင်ရတာ ခက်တယ်ဆိုပြီး
ပိုသောင်းကျန်းလာရင် ဘယ်နဲ လုပ်မလဲ၊ ငါကတော့ လမ်းထိပ်က
ဦးပွားပေးတဲ့ အကြံပဲ သဘောကျတယ်၊ “ခေါစာ” ပြစ်၊ တောင်းပန်
ပြီး အခြား တစ်နေရာကို ရွေ့ပေးနိုင်ရင် ဒီကိစ္စ ပြီးသွားမှာ …။

(နောင်နောင်) ဘယ်လို … နေရာရွေ့ပေးလို့ ရတယ် … ဟုတ်လား
ကိုကုလား …။

(ကိုကုလား) ဦးပွားဆိုတာ လမ်းထိပ် ဗွီဒီယိုရုံကွ၊ တရုတ်တွေ ပြောင်း
လာပြီး ဒီခြံမှာ ပြဿနာ ဖြစ်တော့ နည်းမျိုးစုံနဲ့ လုပ်တာ မရဘူး၊ အဲဒီ
အချိန်မှာ ဦးပွားက ခြံရှင် တရုတ်ကို အကြံပေးတယ်၊ ခြံထဲမှာ
“ခေါစာ” ကို သေသေချာချာ ကျကျနန ကောင်းကောင်းမွန်မွန်
ကျွေး၊ ပြီးတော့ ခြံထဲက မမြင်ရတဲ့ သတ္တ၀ါတွေကို ဒီခြံထက် ပိုပြီး
ကောင်းတဲ့ နေရာဘုံဌာနကို ပြောင်းပေးမယ်လို့ သေသေချာချာ ပြော၊
အဲဒီနည်းနဲ့ ခေါ်ထုတ်ပြီး နေရာ ပြောင်းခိုင်းတာ၊ ခြံရှင် တရုတ်လည်း
စိတ်ညစ်ညစ်နဲ့ လိုက်လုပ်ပါတယ်၊ ခြံဒေါင့်တွေမှာ “ခေါစာ” ကို (၇)
ရက် ဆက်တိုက်ကျွေးတယ်၊ ၇- ရက်ပြည့်တော့ ညဖက်ကြီး သူ့ကုန်တင်
ကား နောက်ဖုံးဖွင့်ပြီး ဒီခြံထဲက မကျွတ်မလွတ်တဲ့ ဟာတွေ နင်တို့ကို
နေရာ ပြောင်းပေးမယ် ဒီကားပေါ်ကို တက်ကြ ဆိုပြီး ကားနဲ့ ခေါ်ထုတ်
သွားတာ၊ ပထမတော့ ကောင်းကောင်းမွန်မွန်ပဲ မောင်းနေတာပေါ့၊ ရဲ
စခန်းရှေ့ ရောက်တော့ ကားခေါင်းခန်းထဲမှာ ရှိတဲ့ နောက်ကြည့်မှန်က
နေ နောက်ခန်းထဲကို မသိမသာ လှမ်းကြည့်လိုက်တာ ဘာမြင်ရလဲ
မပြောတတ်ဘူး၊ ကားဘရိတ် စောင့်နင်းပြီး ကားပေါ်က ဆင်းပြေးတာ၊
ပုဆိုးတောင် မပါဘူး၊ ကွင်းလုံးကျွတ်ပြီး ကားပေါ်မှာ ကျန်ခဲ့တယ်၊
ကြောက်ဖျား ဖျားပြီး ဆေးရုံးတောင် တင်လိုက်ရတယ်၊ ဆေးရုံးက
ပြန်ဆင်းလာတော့ ရတဲ့ဈေးနဲ့ ဒီခြံရော အိမ်တွေပါ ရောင်းမယ်
ဖြစ်သွားတာပဲ ….။

(လူငယ်များ) ……. (ရယ်သံများ)

…. လဖက်ရည်ဆိုင်အတွင်း သူတို့အုပ်စု၏ ရယ်မောသံများကြောင့်
အခြား စာပွဲဝိုင်းများရှိ ထိုင်နေသူ အားလုံး သူတို့ကို ပြုံးပြီး ကြည့်
နေကြပါတယ် …။

သူပြောတဲ့ စကားကို လှောင်ပြောင် ရယ်မောကြသောကြောင့်
ကိုကုလားရဲ့ မျက်နှာဟာ ရူတည်တည် ဖြစ်သွားပါတယ်၊ အရေး
အကြောင်းရှိရင် မီးကင်းတဲမှာ သူ ရှိကြောင်း ပြောပြီး ထွက်ခွာသွား
ပါတယ်။

သူတို့အုပ်စုကို တည်းခိုဖို့ ပေးထားတဲ့ အိမ်က တစ်ထပ် တိုက်ပု
လေးပါ။ အပေါ်မှာ ထပ်ခိုး သေးသေးလေး ရှိပါတယ်။ နယ်မြို့များ
ရဲ့ ထုံးစံအရ အဝေးပြေးလမ်းမကြီး ရှိတဲ့ လမ်းကလွဲရင် လမ်းသွယ်
အတော်များများဟာ ည ရှစ်နာရီ ကိုးနာရီမှာ လူသွား လူလာ မရှိ
သလောက်ပါ။ အပြင်ဖက်မှာ အရာရာဟာ တိတ်ဆိတ် နေပါတယ်။
ကိုဝက်လည်း သူတို့ အုပ်စုနဲ့ အတူတူ လာအိပ်ပေးပါတယ်။
ကိုဝက်တစ်ယောက် တခေါခေါ အိပ်ပျော်နေချိန်မှာ သူတို့ အိပ်မပျော်
သေးပါ။ နောင်နောင်နဲ့ ရဲစိုးဟာ ပြတင်းပေါက်ကနေ ခြံထိပ်ဖက်ကို
ကုန်းကုန်းကွကွနဲ့ ကြည့်နေပါတယ်။

(နောင်နောင်) ဟေ့ကောင်တွေ၊ ဧည့်စာရင်း လာစစ်လား မသိဘူး၊
ခြံထဲကို လူငါးယောက် ၀င်လာတယ် …။

(မောင်ထူး) ကိုဝက် ထ’စမ်းပါအုံးဗျာ၊ ဧည့်စာရင်း လာစစ်နေပြီတဲ့။

(ရဲစိုး) မောင်ထူး၊ မင်းတို့ အဒေါ် အိမ်ဖက်ကို အရင် သွားစစ်နေပုံ
ရတယ် …။

(ကိုဝက်) ဟုတ်ရော ဟုတ်ရဲ့လားကွာ၊ ဧည့်စာရင်း လိုက်စစ်မယ်
ဆိုရင် ကုလား စကားပြောတဲ့ အသံကို နှစ်ခြံကျော်လောက်ကနေ
ကြားနေရတာ …။

သူတို့အားလုံး ဟိုဖက်အိမ်ကို လှမ်းကြည့်လိုက်တော့ မီးတွေဖွင့်
ပြီး နိုးနေပုံ မရပါ။ ဒါနဲ့ အိပ်ချင်မူးတူး ဖြစ်နေသော ကိုဝက် အပါ
အ၀င် သူတို့ အားလုံး နံဘေးအိမ်ဆီ သွားခဲ့ကြပါတယ်။ ကိုဝက်ရဲ့
တံခါးကို တဒုန်းဒုန်းထုသံကြောင့် မောင်ထူးတို့ အဒေါ် မိသားစု
လည်း နိုးလာပါတယ်၊ ကိုဝက်က ….
“ဒေါ်လေးတို့အိမ်ကို ဧည့်စာရင်း လာစစ်လား၊ ခြံထဲကို လူတွေ
ဝင်လာတယ်လို့ သူတို့ပြောလို့ …”

(ဒေါ်လေး) အဒေါ်တို့က အိပ်နေတာ ကြာပြီး၊ မင်းဦးလေးက စိတ်
ပုတီး စိတ်နေတာ၊ မင်းတို့ ဦးလေး လာနိုးလို့ အဒေါ်တို့လည်း အခုပဲ
နိုးလာတာ၊ ဒို့အိမ်ဖက်တော့ ဘယ်သူမှ မလာဘူး၊ ဧည့်စာရင်းလည်း
လာမစစ်ဘူး ….။

ဒေါ်လေး စကားမဆုံးခင် ဦးလေးက ကြားဖြတ်ပြီး ..…

“ငါက မင်းတို့ ဒီအချိန်ရောက်မှ အပြင်က ပြန်လာတယ် အောင့်မေ့
လို့၊ ခြံတံခါးကို ဖွင့်သံ၊ လူတွေ အုပ်စုလိုက် စကားပြောပြီး လမ်း
လျှောက်လာတဲ့ အသံတွေတော့ ကြားတယ်၊ မင်းတို့ဘဲ ထင်ပြီး ဆက်
ပုတီးစိတ်နေတာ၊ မင်းတို့ မဟုတ်ဘူးလား၊ ဧည့်စာရင်း လာစစ်ရင်
ခြံပေါက်ဝ’ကနေ လှမ်းအော်တယ်၊ ခြံထဲကို တခါတည်း တန်းပြီး
ဝင်မလာတတ်ဘူး၊ ဒါဆိုရင် … အင်း …။

(ကိုအေး) ဒါဆို သူခိုးတွေနဲ့ တူတယ်၊ ကိုဝက် လောက်လေးခွ ရှိလား၊
ဟေ့ကောင်တွေ တုတ်တွေ ရှာကြ ….။

(မောင်အောင်) ကိုအေးကလည်း ကွိုင်ပဲ၊ သူခိုးဆိုရင် ခြံထိပ်ကနေ
အုပ်စုလိုက် တံခါးဖွင့်ပြီး ၀င်လာမလား၊ မီးကင်းစောင့်တဲ့ ကိုကုလား
တို့ဆီ သွားမေးရအောင်၊ သူတို့ရော တွေ့လိုက်လားလို့ …။

(နောင်နောင်) မင်းကလည်း ငါတို့ပြောတာကို မယုံလို့လား၊ ငါတို့
မျက်စိနဲ့ သေသေချာချာ တွေ့လိုက်တာ၊ ဦးလေးတောင် အိမ်ပေါ်
ကနေ အသံတွေ ကြားလိုက်သေးတယ် …။

(ရဲစိုး) ဦးလေးတို့မိသားစု အိမ်ထဲမှာဘဲ နေ၊ ကျနော်တို့ မီးကင်း
တဲက ကိုကုလားတို့ကို သွားခေါ်လိုက်မယ်၊ ခြံထဲကို သူခိုး ကပ်တာ
လား မသိဘူး …။

(ကိုဝက်) အင်း … ညီလေးတို့ ကုလားကို သွားခေါ်မနေနဲ့၊ ဦးလေး
တို့လည်း ပြန်ပြီး အိပ်တော့၊ ဘာမှ မဟုတ်ဘူးလို့ စိတ်ထဲမှာ ထား
လိုက်ပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ပြန်လာတုန်းက ကျနော်
ကိုယ်တိုင် ခြံတံခါးသော့ကို ပိတ်ခဲ့တာ …။

(နောင်နောင်) ဟာ … ဟုတ်သားပဲ၊ ဒါဆို ခုနက လူတွေက ဘယ်သူ
တွေလဲ ….။

မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်နေသော သူတို့အားလုံး အူကြောင်ကြောင်
နဲ့ အိမ်ထဲကို ပြန်ဝင်ခဲ့ကြပါတယ်။ အိမ်ထဲပြန်ရောက်တော့ စ’တွေ့တဲ့
ရဲစိုးနဲ့ နောင်နောင်ဟာ တော်တော်လန့်နေကြပါပြီ။ အိပ်လိုက် နိုးလိုက်
ဖြင့် ညတစ်ညကို ဖြတ်သန်းခဲ့ကြပါတယ်။

မနက်စောစော ဒေါ်လေးတို့ အိမ်ဖက်မှ ကိုဝက်နာမည် လာခေါ်သံ
ကြောင့် သူတို့ အားလုံး အိပ်ယာက နိုးခဲ့ပါတယ်။ ခြံထဲမှာ အလှူ
အတွက် ချက်ပြုတ် ကူညီပေးဖို့ ကိုကုလားအပါအ၀င် အရပ်ထဲမှ လူ
အတော်များများ ရောက်နေကြပါပြီ။ ခြံနောက်ဆုံးက ပရိတ်တရားနာ
မယ့် အိမ်ကြီးရှိရာဆီ သန့်ရှင်းရေး လုပ်ဖို့ လူတွေ သွားလာနေကြပါ
တယ်။ မနက်စား အဆာပြေစားအပြီး ကိုကုလားတို့ သန့်ရှင်းရေး
လုပ်နေသော အိမ်ကြီးဖက်ကို သူတို့အုပ်စု သွားကြပါတယ်။


(ဆက်ရန်။)

Read more »

Sunday, 14 March 2010

သွေးပျက်ဖွယ်ရာ အိမ်ကြီး (အပိုင်း- ၁)

ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်ရွံ့ထိတ်လန့်တတ်သူများ သတိထားပြီး ဖတ်ရူပါ။)

လွန်ခဲ့သော ၁၉၉၃ ခုနှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့မှ လူငယ်
တစ်စုဟာ နယ်မြို့တစ်ခုတွင် ကျင်းပပြုလုပ်သော အလှူတစ်ခု
သို့ သွားရောက်ရန် လဖက်ရည်ဆိုင်တစ်ခုမှာ စုဝေးခဲ့ကြပါတယ်။

(မောင်ထူး) ….မြို့က ငါတို့အဒေါ် ၀ယ်ထားတဲ့ အိမ်မှာ ပုဏ္ဍက
တိုက်လို့၊ အဲဒါ အခု ငါတို့ အဒေါ် မိသားစုလည်း ဆွမ်းကျွေး
ပရိတ်တရားနာကို လဆန်းက စ’ပြီး ၇- ရက် ဆက်တိုက်လုပ်မယ်၊
ငါတို့အိမ်က လူတွေတော့ မအားကြဘူး၊ ငါကိုဘဲ အလှူသွားဖို့
လွှတ်နေတယ်၊ မင်းတို့ လိုက်ကြမလား၊ ကားခလည်း မကုန်ဘူး၊
ဒို့ အဒေါ်ပိုင်တဲ့ လိုင်းကားက ရန်ကုန်နဲ့ အဲဒီကို နေ့တိုင်း
ဆွဲတယ် …။



(ကိုအေး) ငါတော့ အရမ်း စိတ်ဝင်စားတယ်၊ ဒီခေတ်မှာ ဒီလောက်
တိုးတက်နေတာ၊ ဒါမျိုးတွေ မဖြစ်နိုင်ဘူးလို့ ငါတော့ ထင်တယ်၊
ကျန်တဲ့လူတွေကို မေးကြည့် …။

(ခင်ဇော်) ကျနော်လည်း စိတ်ဝင်စားတယ် ကိုအေး၊ အုပ်စုတောင့်
လို့ကတော့ လိုက်ပြီးသာပဲ …။

ဤသို့ဖြင့် ရန်ကုန်မြို့မှ လူငယ် ရှစ်ဦးဟာ နယ်မြို့လေးရှိရာဆီ
သို့ ရောက်ခဲ့ကြပါတယ်။ အလှူပြုလုပ်ရာ ခြံဝန်းဟာ တော်တော်
လေး ကျယ်ဝန်းပါတယ်။ အလှူရှင် မိသားစုဟာ ဧည့်သည်လူငယ်
များအား မိမိတို့ ခြံဝန်းအတွင်းရှိ အိမ်တစ်လုံးတွင် တည်းခိုရန်
စီစဉ်ပေးပါတယ်။ ယင်းခြံဝန်းအတွင်း၌ အဆောက်အဦး သုံးခုရှိပြီး
နှစ်ခုတွင် လူနေထိုင်ပြီး ကျန်တစ်ခုကို ဂိုဒေါင်ပုံစံ ပြုလုပ်ထားပါ
တယ်။ ခြံဝန်း၏ အတွင်းဖက် ချောင်ကျကျ တစ်နေရာတွင် ဂိုဒေါင်
အဖြစ် အသုံးပြုထားသော နှစ်ထပ် အဆောက်အဦးသည် တိုက်ခံ
အိမ်ဟောင်းတစ်ခု ဖြစ်ပါတယ်။

အလည်ရောက်လာသော လူငယ်များဟာ နယ်မြို့ရှိ လဖက်ရည်
ဆိုင်တွင် ထိုင်လိုက်၊ မြို့အတွင်းရှိ ရူခင်းမျိုးစုံကို လှည့်လည်ကြည့်ရူ
ပြီး တည်းခိုရာ အလှူအိမ်သို့ ပြန်လာကြပါတယ်။ အိမ်ရှင် မိသားစု
ဝင်အားလုံး အလှူကိစ္စ၊ သူတို့ စီးပွားရေး ကိစ္စများနဲ့ အလုပ်များနေ
သောကြောင့် လူငယ်များအား မိသားစုပိုင် ပွဲရုံမှ “ကိုဝက်”ဟု ခေါ်
သော စာရေးတစ်ဦးက ဒိုင်ခံ ဧည့်ခံပါတယ်။ လူငယ်များက “ကိုဝက်”
အား အလှူအိမ်၏ “ပုဏ္ဍက သရဲ” ဇာတ်လမ်းကို မေးမြန်းသော
အခါ …။

(နောင်နောင်) ကိုဝက်၊ မောင်ထူးအဒေါ် ခင်ဗျားတို့ သူဋ္ဌေးက
ဘာဖြစ်လို့ အလှူလုပ်တာလဲ၊ ရှင်ပြုတာတို့ နားသ’ တို့လည်း
မဟုတ်ဘူး ၊ မောင်ထူးပြောတော့ ဒီခြံထဲမှာ “ပုဏ္ဍက သရဲ”
ခြောက်တယ်ဆိုတာ တကယ်လား ….။

(ကိုဝက်) ငါလည်း တသက်တကိုယ် ဒီလို အဖြစ်မျိုး ကြုံဖို့
နေနေသာသာ သေသေချာချာတောင် မကြားမိဖူး၊ လူကြီးပြော
သံကို နားစွန်းနားဖျားပဲ ကြားဖူးတယ်၊ ခြံနောက်ဆုံးက တိုက်
ဟောင်းမှာ ပစ္စည်းတွေ ထည့်ထားတာ ခြေရာလက်ရာတွေ
ပျက်ပျက်နေလို့ ပထမ သူခိုးဝင်တယ်ပဲ အောင့်မေ့ကြတာ၊ အိမ်နီး
နားချင်း ပြောမှ အဲဒီအိမ်ဟောင်းက တစ်နှစ်ကို တစ်ကြိမ် အခုလို့
ပေါက်ကရတွေ ဖြစ်တတ်တယ် ဆိုပဲ …။

(ကိုအေး) တခြားလူတွေရော ဘာတွေ ဖြစ်ကြသေးလဲ၊ ကျနော်တို့က
စိတ်ဝင်စားလို့ အုပ်စုလိုက် ချီတက်လာကြတာ …။

(ကိုဝက်) ခြံနောက်ပိတ်ဆုံးမှာ ဂိုဒေါင်လုပ်ထားတဲ့ အိမ်ကြီးကို
မင်းတို့ တွေ့လား၊ အဲဒီအိမ်ကြီးက ဟိုးအရင် အိမ်ရှင်တွေ လက်ထက်
ကတည်းက ရှိခဲ့တဲ့ အိမ်၊ ကျန်တဲ့ အိမ်တွေက ဒေါ်လေးတို့ မတိုင်ခင်
တရုတ်သူဋ္ဌေး လက်ထက်မှာ ထပ်ဆောက်ထားတဲ့ အိမ်အသစ်တွေ၊
အဲဒီအိမ်ဟောင်းကြီးမှာ လူနေလို့ မရဲဘူး၊ ပြီးတော့ တစ်နှစ်ကို တစ်လ
လောက် သရဲစီးသလို ဖြစ်နေတယ်လို့ အိမ်နီးနားချင်းတွေက ပြောကြ
တာပဲ၊ ဒါကြောင့် လာမဲ့ တနင်္ဂနွေနေ့က စပြီး နေ့စဉ် မနက်တိုင်း
ဆွမ်းကျွေး ပရိတ်တရားနာပွဲ လုပ်မလို့ …။

(ထွန်းဦး) ဒီအိမ်အကြောင်း ဘယ်သူ ဂဃနဏ သိလဲ၊ ကျနော်တို့
မေးကြည့်ချင်လို့ ကိုဝက် …။

(ကိုဝက်) တစ်ခြံကျော် “၀ါးဆိုင်”က အဘဦးဖူးညိုဆိုတဲ့ လူကြီး
တော့ ရှိတယ်၊ အခု အလှူလုပ်တာလည်း အဲဒီအဘကြီး တိုက်
တွန်းလို့ လုပ်ကြတာ၊ မင်းတို့ စိတ်ဝင်းစားရင် သူ့ဆီ သွားမေး
လို့ရတယ် …။

ဒီလိုနဲ့ ကိုဝက် အပါအ၀င် သူတို့ တစ်အုပ်စုလုံး အလှူအိမ်
နှင့် တစ်ခြံကျော်တွင် နေထိုင်သော အဘ ဦးဖူးညို၏ အိမ်သို့
ရောက်ခဲ့ကြပါတယ် …။

(မောင်အောင်) အဘ၊ ဒီအိမ်ကြီးရဲ့ ရာဇ၀င်ကို ကျနော်တို့
သိချင်လို့ပါ၊ အဲဒီ ပုဏ္ဍက သရဲ ဆိုတာ ဘယ်အချိန်က စပြီး
ဒီခြံထဲမှာ ဖြစ်ခဲ့တာလဲ …။

(ဦးဖူးညို) ဒီအိမ်အကြောင်း ပြောပြရမှာ ခပ်ရှည်ရှည်ပဲ၊ လက်ရှိ
မောင်ဝက်တို့ သူဋ္ဌေး မ၀ယ်ခင်က ဒီအိမ်မှာ တရုတ်ဆန်စက်
သူဋ္ဌေး မိသားစု နေခဲ့တယ်၊ တရုတ်တွေ မနေခင်က အဲဒီအိမ်မှာ
ငါတို့မြို့ရဲ့ မြို့မျက်နှာဖုံး မိသားစု တစ်စု နေခဲ့ဖူးတယ်၊ အဲဒီ
မိသားစုရဲ့ အမေဖြစ်သူ မတင်တို့ဖက်ကနေ ဒီအိမ်ကို အမွေရ
ခဲ့တာပေါ့၊ သူတို့မျိုးရိုး အစဉ်အဆက် နေခဲ့ကြတာ၊ ငါတို့ ခပ်
ငယ်ငယ်က မတင်တို့အဖေ ပွဲကန်ထရိုက် ဦးစည် ဆိုတာ
ဒို့မြို့မှာ နာမည်ကြီးပဲ၊ သူတို့ခြံထဲမှာ ဘယ်သူမှ မရှိတဲ့အချိန်
မှာတောင် ခြံနံဘေးကို ဘယ်သူမှ … ဘယ်သူခိုးမှ မကပ်ရဲဘူး၊
သရဲ မွေးထားတယ် …။

(ကိုအေး) သရဲ မွေးထားတယ်၊ ဘယ်လိုပုံစံ မွေးထားတာလဲ၊
ဘာဖြစ်လို့ မွေးထားတာလဲ အဘ …။

(ဦးဖူးညို) ပွဲကန်ထရိုက်ဆိုတာ မြို့တွေ၊ ရွာတွေဖက်မှာ ဘုရားပွဲ
လုပ်ရင် အငြိမ့်တို့၊ ဇာတ်တို့ကို ဌားပြီး ဖျာလက်မှတ် ရောင်းစား
တာ၊ မိုးရာသီလောက်ပဲ ကိုယ့်အိမ်မှာ နေရလေ့ရှိတယ်၊ သီတင်း
ဝါလကျွတ်တဲ့ အချိန်က စပြီး ၀ါ မ၀င်ခင်အထိ အလုပ် လုပ်ရတာ၊
အဲဒီတော့ ကျန်ခဲ့တဲ့ နေအိမ်မှာ ပစ္စည်းတွေ၊ မိသားစုတွေ လုံခြုံ
ရေး အတွက် အောက်လမ်းဆရာတွေနဲ့ ပေါင်းပြီး သရဲ မွေးတာ၊
ပွဲကန်ထရိုက် ဦးစည် ဆုံးသွားတော့ ဒီခြံကို သူ့သမီး မတင်
က အမွေရတယ်၊ မတင် အိမ်ထောင်ကျတော့ သူ့ယောက်ျား
ဖြစ်သူက ဆီစက်တို့၊ ဆေးလိပ်ခုံတို့ လုပ်တော့ အဲဒီ သရဲမွေး
တဲ့အကြောင်း ပြောသံ မကြားရတော့ဘူး။ သူတို့ မိသားစုဝင်
တွေ တစ်ယောက်ပြီး တစ်ယောက် သေကြတော့ ကျန်တဲ့ သူ
တွေက တရုတ်သူဋ္ဌေးဆီ ဒီခြံကို ရောင်းခဲ့တာ၊ ပထမတော့
အဲဒီ တရုတ်သူဋ္ဌေးလည်း ဒီအိမ်ဟောင်းကို ဖျက်ပြီး အိမ်အသစ်
ပြန်ဆောက်မယ် လုပ်သေးတယ်၊ အိမ်ဖျက်ဖို့ ကြံစည်တိုင်း ကြံစည်
တိုင်း အနှောက်အယှက် တစ်ခုမဟုတ် တစ်ခု ပေါ်လာလို့ နောက်ဆုံး
တော့ တရုတ်သူဋ္ဌေးလည်း မောင်ဝက်တို့ သူဋ္ဌေး၊ လက်ရှိ အိမ်ရှင်ထံ
ရောင်းခဲ့တာပါ …။

အဘဦးဖူးညို ပြောပြသော အိမ်ဟောင်း၏ ဇာတ်လမ်းမှာ …

ခြံဝန်းကို မိဘများထံမှ အမွေ ရခဲ့တဲ့ ဒေါ်တင် ဆိုသူ အမျိုးသမီးကြီး
နှင့် သူ့ခင်ပွန်းဖြစ်သူတို့ဟာ မြို့မျက်နှာဖုံး လူကြီးလူကောင်းတွေ
ဖြစ်ကြပါတယ်။ သူတို့ မိသားစုဟာ စီးပွားရေး လုပ်ငန်းအနေနဲ့
ဆေးလိပ်ခုံ၊ ဆီကြိတ်စက်၊ အသေးစား ဆန်ကြိတ်စက် အတော်
များများကို ပိုင်ဆိုင်သော ချမ်းသားတဲ့ မိသားစုပါ။ သားသမီး လေးဦး
ထွန်းကားခဲ့ပါတယ်။ ဒီလိုနဲ့ တနေမှာတော့ သားအငယ်ဆုံးဖြစ်သူ
ဟာ အိမ်ရှိ ဆေးလိပ်ခုံမှာ ဆေးလိပ် လိပ်သော အမျိုးသမီး အလုပ်
သမားတစ်ဦးနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ချစ်ကျွမ်းဝင်ရာကနေ
ကိုယ်ဝန် ရှိလာပါတယ်။ ကိုယ်ဝန်ရှိတဲ့သတင်း ထွက်လာချိန်ရောက်
မှ သိလိုက်ရသော မိသားစုလည်း ဆန္ဒမရှိသော်လည်း အများအမြင်
မှာ သင့်တော်အောင် သူတို့နှစ်ဦးကို လက်ထပ် ပေးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတယ်။ မိဘနှစ်ပါးက
ဘာမျှ မပြောသော်လည်း၊ အကိုကြီး အမကြီးများ၊ သူတို့၏ ဇနီး၊
ခင်ပွန်းများက သားအငယ်ဆုံး၏ ဇနီးသည်အပေါ် နိမ့်ချဆက်ဆံ
ပါတယ်။ သည်းမခံနိုင်တဲ့ နောက်ဆုံးမှာတော့ အိမ်အပေါ်ထပ်ရှိ
သူတို့ လင်မယား အိပ်ခန်းအတွင်းမှာ အဲဒီ မိန်းကလေးဟာ မိမိ
ကိုယ်ကို မိမိ ဆွဲကြိုးချပြီး အဆုံးစီရင် သွားပါတယ်။ ချွေးမဖြစ်သူ
ကွယ်လွန်အပြီး သူတို့မိသားစုလည်း ကျန်ရစ်သူ သားအငယ်ဆုံး
အား သင်္ဘောသားအဖြစ် ပြည်ပသို့ စေလွှတ် လိုက်ပါတယ်။
အဲဒီ ဆွဲကြိုးချ သေဆုံးမှု တစ်နှစ် ပြည့်မြောက်တဲ့ နေ့မှာပဲ
ခြံပိုင်ရှင် ဒေါ်တင်ဟာ ရေချိုခန်းအတွင်း ချော်လဲပြီး ရုတ်တရက်
ကွယ်လွန်သွားပါတယ်။

အဲဒီနောက်ပိုင်း ခြံပိုင်ရှင် ဒေါ်တင်၏ခင်ပွန်းသည် အဖိုးကြီးဟာ
လေဖြတ်တဲ့ ရောဂါကို ခံစားပြီး အိပ်ယာပေါ်မှာ ဘုန်းဘုန်းလဲ
သွားပါတယ်။ မြန်မာ့ တိုင်းရင်းဆေးဆရာတွေ၊ အနောက်တိုင်း
ဆေးပညာဆိုင်ရာ ဆရာဝန်တွေနဲ့ အမျိုးမျိုး ကုသမှု ခံယူအပြီးမှာ
အဖိုးကြီး ပြန်လည် လှုပ်ရှားနိုင်တဲ့ အဆင့်ကို ပြန်ရောက်ရှိ
လာပါတယ်။ သို့ပေမဲ့ ယခင်ကလို အကောင်း ပကတိနီးပါး
သွက်လက်မှုမျိုးတော့ မရှိတော့ပါ။ ဒါကြောင့် မိသားစု စီးပွား
ရေးလုပ်ငန်းတွေကို သားသမီးတွေနဲ့ သူတို့ အိမ်ထောင်ဖက်
တွေရဲ့ အုပ်ချုပ်မှုအောက် ရောက်သွားပါတယ်။

သားသမီး အရင်းအခြာတွေဟာ ရိုးရိုးအေးအေး နေထိုင်သူ
များ ဖြစ်ပြီး သူတပါးပြောသမျှကို ယုံလွယ်သူတွေ ဖြစ်ပါတယ်။
ကျေးရွာများတွင် ရှိသော သူတို့ရဲ့ ဆီကြိတ်စက်၊ ဆန်စက်
များမှာ မိုးလင်း မိုးချုပ် အလုပ်များနေကြပါတယ်။ ဒါကြောင့်
သူတို့ ဖခင်၏ အနီးနားတွင် သူတို့၏ ဇနီးသည်များသာ
အမြဲလိုလို ရှိနေတတ်ပါတယ်။ သမီး မိန်းကလေး တစ်ဦးသာ
ရှိပြီး သမီးဖြစ်သူရဲ့ ခင်ပွန်းဟာ စစ်တပ်မှ အရာရှိတစ်ဦး ဖြစ်ပါ
တယ်။ ထိုပုဂ္ဂိုလ်သည် ယောက္ခမထံမှ အမွေတောင်းရန် မိန်းမ
ဖြစ်သူအား အမြဲတိုက်တွန်းလေ့ရှိပါတယ်။

လေဖြတ်၍ ပြန်ကောင်းခါစ ခြံပိုင်ရှင် အဖိုးကြီးဟာ ညဖက်မှာ
ဗိုက်ဆာပြီး အစားအသောက်များ ထ’စားလေ့ ရှိပါတယ်။ ယင်းသို့
ညဖက်တွင် အစား စားသည့်အကျင့်ဟာ ယခင် ကျန်းမာရေး
ကောင်းမွန် ကတည်းက ရှိသော သူ့အကျင့် ဖြစ်ပါတယ်။ ညဖက်
တွင် တစ်ဦးတည်း တုန်တုန်ယင်ယင်ဖြင့် မီးဖိုချောင်း၌ ထမင်း ထ’စား
သော အဖိုးကြီးအား သူ့ချွေးမများနဲ့ သမက်ဖြစ်သူတို့က “ဖုတ်” ဟု
ခေါ်သော သရဲ ၀င်စီးနေကြောင်း မဟုတ်မဟတ် စွတ်စွဲ ပြောဆိုကြ
ပါတယ်။

ရိုးသားပြီး အယုံလွယ်သော သားသမီးများဟာ ရင်နှီးသော
မိတ်ဆွေ အိမ်နီးနားချင်းများ၏ တားမြစ်နေသည့် ကြားမှပင်
သူတို့ အိမ်ထောင်ဖက်များ၏ ပြောစကားကို ယုံကြည်ပြီး နေအိမ်
သို့ ပရောဂါကုဆရာ တစ်ဦးအား ပင့်ဖိတ်ပြီး အဖိုးကြီးအား ပြသ
ပါတယ်။ ပရောဂါကု ဆရာဆိုသူဟာ “ဖုတ်”ထုတ်သည်ဟု ဆိုပြီး
အဖိုးကြီးအား ကြိမ်လုံးဖြင့် အများရှေ့တွင် ခြောက်လှန့် ရိုက်နှက်
ပါတယ်။

နေမကောင်း ဖြစ်နေသည့်ကြားမှ ပရောဂါကု ဆရာ၏ ရိုက်နှက်
မှုကို ခံရသော ထို အဖိုးကြီးဟာ ရှက်ရွံ့စွာဖြင့် မိမိကိုယ်ကို မိမိ
ဆွဲကြိုးချပြီး အဆုံးစီရင် သွားပြန်ပါတယ်။ အဖိုးကြီး သေဆုံးလို့
ရက်မလည်ခင်မှာဘဲ သမီးဖြစ်သူဟာ သူ့ယောက်ျား စစ်ဗိုလ်နဲ့
စကားများရာကနေ လှေကားထစ်ပေါ်မှ ချော်ကျပြီး သေဆုံး
သွားပြန်ပါတယ်။ အဖိုးကြီးရော သူ့သမီးပါ သေဆုံးခဲ့သော အချိန်
ကာလဟာ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဖိုးကြီးမိန်းမ ဒေါ်တင်
ဆိုသူ ကွယ်လွန်သော တစ်နှစ်ပြည့် နှစ်ပတ်လည် ရက်စွဲနှင့်
သိပ်မဝေးပါ။ ဒါကြောင့် ဒီခြံကြီးအတွင်း တစ်နှစ် တခါ ဆိုသလို
ကွယ်လွန်သွားသူများ၏ နှစ်ပတ်လည် အချိန်ကာလ ရောက်တိုင်း
ထူးဆန်းအံသြ တုပ်လှုပ်ဖွယ်ရာများ ဖြစ်ပွားကြပါတယ်။

ဒီအဖြစ်အပျက်များ နောက်ပိုင်း ကျန်ရစ်သူ မိသားစုဟာ သူတို့
အိမ်ကြီးအပါအ၀င် ခြံတစ်ခုလုံးကို တရုတ်လူမျိုး ဆန်စက်လုပ်ငန်း
ရှင် တစ်ဦးထံ ရတဲ့ဈေးနဲ့ ရောင်းချသွားပါတယ်။ အဲဒီခြံကို ၀ယ်ယူ
ခဲ့သော တရုတ်သူဋ္ဌေးလည်း လေး … ငါးနှစ် ကြာတဲ့အထိ နေထိုင်
ခဲ့ပါတယ်။ ထိတ်လန့် တုပ်လှုပ်စရာ အမျိုးမျိုးကို တွေ့ကြုံအပြီးမှာ
တော့ တရုတ်လူမျိုး ပိုင်ရှင်လည်း လက်ရှိ နောက်ဆုံး ပိုင်ရှင်ထံ
ဈေးပေါပေါဖြင့် ထပ်မံ ရောင်းချ ခဲ့ပါတယ်။

….. ဦးဖူးညို၏ စကား အဆုံးသတ် သွားချိန်မှာ ဧည့်သည်လူငယ်
များလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ထင်မြင်
ချက်ပေးဖို့ တွေးဝေနေကြပါတယ် …။


(ဆက်ရန်။)
(အပိုင်း- ၂ ကို ဆက်လက် ဖော်ပြရန် ရက်အတန်ကြာပါအုံးမည်။)

Read more »

Wednesday, 10 March 2010

ဦးဝင်းတင် သို့မဟုတ် ဧရာဝတီရဲ့ သတို့သား



မီးလောင်မြေကို
ပြန်လည်စိမ်းလန်းစေလိုသူ
နောင်တခေတ်တွင်
မြို့ အမည် ……
လမ်းမ အမည် …….
စာကြည့်တိုက် အမည် …….
ဆုတံဆိပ် အမည် ……..
ဖောင်ဒေးရှင်း အမည် ……..
အမည်များစွာ၏ သမိုင်းအစ
ဧရာဝတီရဲ့ သတို့သား
မှတ်ကျောက်တို့၏ အရှင်သခင်
အဲဒါ ဦးဝင်းတင် …။ ။


-စစ်ငြိမ်းဒီရေ

(မတ်လ (၁၂)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော
ဆရာကြီးဦးဝင်းတင်၏ မွေးနေ့မင်္ဂလာ ဂုဏ်ပြု။)


Read more »

Tuesday, 9 March 2010

မြေနီကုန်းလမ်းဆုံက ပုဏ္ဍက

ရေးသူ- စစ်ငြိမ်းဒီရေ

(ထိတ်လန့်ကြောက်ရွံ့တတ်သူများ သတိထားပြီး ဖတ်ရူကြပါ။)

(မှတ်ချက်။ ။
အကိုကြီး ကိုကျောက်ခဲ (ရွှေရတု မှတ်တမ်း) ဘလော့က ဒီပို့စ်
ကို ဖတ်ပြီး ကျနော်လည်း သိခဲ့တဲ့ အဖြစ်အပျက်တချို့ကို ပြန်ပြီး
ဖောက်သည်ချချင်တာနဲ့ ရေးတာပါ။)

၁၉၉၇ ခုနှစ်လား၊ ၁၉၉၈ ခုနှစ်လား သိပ်တော့ မသေချာတော့ပါ၊
၁၉၉၇ ခုနှစ် ဖြစ်ဖို့ များပါတယ်။ ရန်ကုန်၊ စမ်းချောင်း မြေနီကုန်း
မီးပွိုင့် လမ်းဆုံက တီဗွီအရောင်းဆိုင်တစ်ခုမှာ ပုဏ္ဍက တိုက်တယ်
ဆိုတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီအကြောင်းကို လူ အတော်
များများ မှတ်မိကြ၊ သိကြမှာပါ။



ရန်ကုန်မြို့ထဲက လူတွေ မြေနီကုန်း မီးပွိုင့်က အဲဒီ ပုဏ္ဍက
တိုက်တယ်ဆိုတဲ့ တီဗွီအရောင်းဆိုင်ကို လာကြည့်တာ ဘယ်
လောက်တောင် များသလဲ ဆိုရင် လမ်းနံဘေးမှာ ဈေးသည်
တွေတောင် စည်ပင်ရဲက မနည်း မောင်းထုတ်ရပါတယ်။ ရပ်ကွက်
ထဲက ငယ်သူငယ်ချင်းတွေနဲ့ အဲဒီနားကို သုံး၊ လေးခေါက်
နီးပါး သွား စပ်စုခဲ့ပါတယ်။ ပထမနဲ့ ဒုတိယ အခေါက်တွေတုန်း
ကတော့ ပိတ်ထားတဲ့ အခန်းတံခါးကို တဒုန်းဒုန်းနဲ့ ထုပြီး အခန်း
ထဲက ပုဏ္ဍက သရဲကို လှမ်းအော်ပြီး စ’လိုက်၊ ထွက်ပြေးလိုက်နဲ့
ပျော်စရာပါ။ နောက် အခေါက်တွေကြတော့ လုံထိန်းရဲတွေ ချထား
လို့ အဲဒီ တီဗွီအရောင်းဆိုင်နံဘေးကို ကပ်လို့ မရတော့ပါဘူး။

ပထမတော့ ရိုးရိုးသရဲပါ၊ နောက်တော့ ၈၈ တုန်းက သေဆုံးခဲ့သူ
တွေရဲ့ ၀ိညာဉ်တွေ ခြောက်လန့်တယ်ဆိုတဲ့ အသံတွေပါ ရောထွက်
လာတော့ စစ်အစိုးရလည်း စစ်တပ်ကို နေ့ရော ညပါ အစောင့်ချ
ထားရတဲ့ VIP ပုဏ္ဍက သရဲ ဖြစ်လာပါတယ်။ ကျနော့် သူငယ်ချင်း
တချို့က အဲဒီအနားတ၀ိုက်မှာ နေထိုင်လို့ သူတို့ဆီမှ တဆင့် သတင်း
တချို့ ကြားရပါတယ်။ တီဗွီအရောင်းဆိုင်ရဲ့ ဆက်ဆံရေးကြောင့် ပြဿနာ
ဖြစ်ပွားခဲ့တယ်လို့ ပြောကြပါတယ်။

တနေ့တော့ တီဗွီဆိုင်ကို ဘိုးတော်လိုလို၊ ရသေ့လိုလို ပုဂ္ဂိုလ်တစ်ဦး
တီဗွီ လာဝယ်ပါတယ်။ ဆိုင်အနေနဲ့ လာဝယ်သူကို ဘောင်ချာပေး
ပါတယ်။ တစုံတရာ ပျက်စီးမှု၊ ချို့ယွင်းမှု ဖြစ်ခဲ့ရင် အဲဒီဈေးဝယ်
ဘောင်ချာနဲ့ အမြန်ဆုံး လာပြန်ပို့ပေးဖို့၊ ဆိုင်အနေနဲ့လည်း ပြင်ပေး
တာတို့၊ အသစ်နဲ့ လဲပေးတာတို့ လုပ်ပေးမှာ ဖြစ်ကြောင်း ပြောလိုက်
ပါတယ်။ နောက် တစ်လလောက် အကြာမှာ အဲဒီ ဈေးဝယ်တဲ့ ပုဂ္ဂိုလ်
ဆိုင်ကို ပြန်ရောက်လာပါတယ်။ သူ့လက်ထဲမှာ တီဗွီတစ်လုံးကို သယ်လာ
ပါတယ်။ ဒီဆိုင်မှာ ၀ယ်ထားတာဖြစ်ကြောင်း၊ ကြည့်ရူရာမှာ တီဗွီပေါ်
မှာ အစင်းစင်း လိုင်းကြောင်းတွေနဲ့ ကြည့်မကောင်းကြောင်း
ပြောပါတယ်။ ဒါနဲ့ ဆိုင်က ၀န်ထမ်းဖြစ်သူက ဘောင်ချာပြဖို့
ပြောတော့ သူ့ထံမှာ ဘောင်ချာ မရှိတော့ကြောင်း၊ ပျောက်ဆုံး
သွားပြီးဖြစ်ကြောင်း ပြောပါတယ်။

တီဗွီဆိုင်က ၀န်ထမ်းလည်း ဆိုင်စည်းကမ်းအရ ဘောင်ချာ
မပါတဲ့ ပစ္စည်းကို တာဝန်မယူနိုင်ကြောင်း ပြောပါတယ်။ အဲလို
ပြောလိုက်တော့ အဲဒီပုဂ္ဂိုလ်က “မင်းတို့ဆိုင် ငါ့အကြောင်း၊
ကောင်းကောင်း သိစေရမယ်” လို့ ကြိမ်းဝါးပြီး ပြန်သွားပါတယ်။
အဲဒီနောက်တော့ ဇာတ်လမ်း စ’ပါတော့တယ်။ နေ့ခင်းဖက်
ဆိုင်ထဲမှာ ဈေးဝယ်သူရော၊ ဆိုင်ကလူတွေရော အစုံအလင်
ရှိနေချိန်မှာ နောက်ခန်းထဲမှာ ရှိတဲ့ ရေခဲသေတ္တာဟာ အလို
အလျှောက် ပွင့်သွားပြီး အထဲက အမောပြေသောက်တဲ့
အအေး ပုလင်းတွေ လေထဲမှာ လွင့်ပြီး ပြစ်ပေါက်သလို ဖြစ်လာ
ပါတယ်။ ပထမ စ’ဖြစ်တဲ့ ရက်က သိပ်မဆိုးသေးပါဘူး၊ ဒါနဲ့
ထုံးစံအတိုင်း ဘာသာရေးအရ အမျှအတန်း ပေးဝေတာတွေ
လုပ်ကြပါတယ်။ အဲဒီနောက်တော့ ပိုကြမ်းလာပါတယ်။ ညဖက်
မှာ စောင့်အိပ်ရတဲ့ အစောင့်လည်း ညဖက်ကြီး အခန်းထဲကနေ
ထွက်ပြေးရတဲ့အထိ ဖြစ်လာပါတယ်။

ဒါနဲ့ သတင်းကို ဖုံးဖုံးဖိဖိ လုပ်ကြပါတယ်။ ဆိုင်ကို ခဏပိတ်ပြီး
ထားလိုက်ပါတယ်။ အခန်းထဲမှာ နေ့ရော ညပါ တ၀ုန်းဝုန်း ဖြစ်
သံတွေကို အရှေ့က ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်သွားတဲ့
လူတောင် ကြားရတဲ့အထိ ဖြစ်လာတော့ သတင်းက ထိန်းထားလို့
မရတောပါဘူး၊ ဒါနဲ့ တမြို့လုံး ပွဲကြည့်သလို လာကြည့်တဲ့ အဖြစ်
ကို ရောက်သွားပါတယ်။ နောက် နှစ်လလောက် အကြာမှာ
ပြဿနာ ပြေလည်သွားတယ်လို့ သိရပါတယ်။ ဘယ်လို ပြေလည်
သွားသလဲလို့ မေးကြည့်တော့ တစ်ယောက် တမျိုးစီ ပြောကြ
ပါတယ်။ အများစု ပြောသံကတော့ အခန်းကို ပြန်ပြီး သန့်ရှင်း
ရေးလုပ်တော့ ဖယောင်းတိုင် အတိုအစတွေ အများကြီး တွေ့
ရတယ်လို့ ပြောပါတယ်။ အဲဒီ ဖယောင်းတိုင်တွေရဲ့ အပေါ်မှာ
အင်းကွက် ပုံစံ ရေးခြစ်ထားတယ်လို့ ပြောကြပါတယ်။ တချို့
ပြောပုံကတော့ အဲဒီ တီဗွီအရောင်းဆိုင်ကို အစိုးရနဲ့ နီးစပ်တဲ့
စီးပွားရေးသမားအချို့က ပြန်ဝယ်ချင်တာကို ကြည်ကြည်ဖြူဖြူ
ပြန်မရောင်းတာကြောင့် အောက်လမ်းဆရာတချို့နဲ့ ပေါင်းပြီး
အဲဒီလို ပုဏ္ဍက တိုက်အောင် စီရင်တာ ဖြစ်နိုင်ကြောင်း ပြောကြ
တဲ့ လူတွေလည်း ရှိပါတယ်။

အဲဒီဆိုင်ရဲ့ အခြေအနေဆိုးကို ပြေလည်အောင် ဖြေရှင်းပေးသူ
ဘယ်သူဘယ်ဝါဆိုတာကိုတော့ ယနေ့အထိ မသိသေးပါ။

(ပုဏ္ဍက တိုက်တယ်လို့ ယူဆရတဲ့ တခြားကိုယ်တွေ့ အဖြစ်
အပျက်တွေကို အားတဲ့အခါ ထပ်ပြီး ပို့စ်တင်ပါအုံးမယ်၊ ဒီတခါ
တော့ ဒီလောက်နဲ့ ကျေနပ်ပေးကြပါ။)


(ဤမျှသာ။)

Read more »

Saturday, 6 March 2010

စုနှင့် သင်္ကြန်ကို ချစ်သူများ

ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၃ ခုနှစ်၊ မြန်မာ့ရိုးရာ သင်္ကြန်အကြို့နေ့ ညနေခင်းမှာ ရန်ကုန်တိုင်း၊
ဗဟန်းမြို့နယ်၏ မ.၀.တ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်မှူးစံကြည် အပါအ၀င် အုပ်ချုပ်
ရေးပိုင်းမှ ပုဂ္ဂိုလ်တချို့ ဦးချစ်မောင်လမ်းပေါ်ရှိ သင်္ကြန်မဏ္ဍပ်တွေကို
လှည့်လည် စစ်ဆေးကြပါတယ်။ ဗဟန်းမြို့နယ်၊ ဆရာစံ အရှေ့မြောက်
ရပ်ကွက်ဖက်မှာ ရှိတဲ့ ဦးချစ်မောင်လမ်း အရှေ့ခြမ်းနဲ့ ဆရာစံ အနောက်
မြောက် ရပ်ကွက်ဖက်မှာ ရှိတဲ့ ဦးချစ်မောင်လမ်း အနောက်ခြမ်းရှိ
သင်္ကြန်မဏ္ဍပ် ခေါင်းစီး ဆိုင်းဘုတ်တွေကို ကြည့်ပြီး မ.၀.တ ဥက္ကဋ္ဌဖြစ်သူ
မျက်လုံးပြူး သွားပါတယ်။



(မ.၀.တ ဥက္ကဋ္ဌ) ခင်ဗျားတို့ ရပ်ကွက်က သင်္ကြန်ဆိုင်းဘုတ်တွေကို
ကြည့်ပါအုံး …။

(ရပ်မိရပ်ဖ တစ်ဦး) ဘာဖြစ်လို့လဲ ခင်ဗျာ …။

(မ.၀.တ ဥက္ကဋ္ဌ) … ဟိုမှာကြည့် …

ချစ်စု” ….
သဲသဲစု” ….
စုစံစားစေ” ….
အချစ်တွေကို စုထားတယ်” ….
မေတ္တာတွေ စုစည်းမယ်” ….
စုမေတ္တာ စုကမ္ဘာ” ….

“သင်္ကြန်မဏ္ဍပ်နာမည်မှာ “စု” ဆိုတဲ့ နာမည်မပါရင် ပေးလို့ မရတော့
ဘူးလား …”

(ရပ်မိရပ်ဖ တစ်ဦး) ဗိုလ်မှူးပြောမှ သတိထားမိတယ်၊ ကလေးတွေက
ငယ်သူတို့ ဘာသာဘာဝ ကြည်နူးစရာအဖြစ် ပေးထားပုံ ရပါတယ် …

(မ.၀.တ ဥက္ကဋ္ဌ) ခင်ဗျားတို့ အခုထိ သဘောမပေါက်သေးဘူး၊
ခင်ဗျားတို့ ရပ်ကွက်က သင်္ကြန်မဏ္ဍပ် ဆိုင်းဘုတ်တွေကို ဖြုတ်
မလား၊ မဏ္ဍပ်တွေကို ဖျက်မလား …။

ဆူဆူပူပူ ဆောင့်ဆောင့်အောင့်အောင့် ဖြစ်နေသော သူတို့အားလုံး
၏ ခြေလှမ်းတွေ မဏ္ဍပ်တစ်ခုရဲ့ အရှေ့မှာ အလိုလို ရပ်တန့်သွားပါ
တယ်။ မ.၀.တ ဥက္ကဋ္ဌ နံဘေးမှာ စီးကရက် ခဲထားတဲ့ ဗိုလ်ကြီးအဆင့်
ရှိသူရဲ့ နူတ်ခမ်းဟာ ပွင့်အာသွားပြီး စီးကရက်လည်း အောက်သို့
ပြုတ်ကျ သွားပါတယ်။ အဲဒီမဏ္ဍပ်၏ နောက်ခံဒီဇိုင်း အ၀တ်ပိတ်စ
ခပ်ကြီးကြီး တစ်ခုပေါ်မှာ စာတန်းတစ်ခု ရေးထိုး ထားပါတယ် …

ငါလူကြီး ဇွန်းကြီးကြီးနဲ့ စားမယ်

ဗိုလ်ကြီးဖြစ်သူက သူ့နောက်ဖက်မှာ ရပ်နေတဲ့ နယ်မြေခံ ထောက်လှမ်း
ရေး တာဝန်ခံအား …
“ဒီစာတန်း ရေးတဲ့သူကို ပြင်းပြင်းထန်ထန် အရေးယူပါ”

အဲဒီနောက်တော့ …
သင်္ကြန်အကြိုနေ့ ညနေခင်းကနေ သင်္ကြန်အကျနေ့ ညနေခင်းအထိ
ဦးချစ်မောင်လမ်းပေါ်ရှိ ဆရာစံ အနောက်မြောက်၊ အရှေ့မြောက်နဲ့
ဆရာစံတောင် ရပ်ကွက် သုံးခုစလုံး ရေလုံးဝ အဖြတ်ခံရပါတော့တယ်။

သင်္ကြန်အကျနေ့ ညနေခင်း၊ ဦးချစ်မောင်လမ်းပေါ်မှာ ဖြတ်သန်း
သွားတဲ့ ရေပက်ခံ ကားတစ်စီးပေါ်ကနေ အိမ်ပေါက်ဝ’မှ ထိုင်နေသူ
အချို့ကို အော်ဟစ်လှောင်ပြောင် ကျီစယ်၍ …
“ရေမပက်တဲ့ အပျိုတွေ မုဆိုးဖိုနဲ့ ညားပါစေ”

အိမ်ရှေ့တနေရာမှာ ရေအလာကို စောင့်ပြီး ရေကစားချင်နေတဲ့
ကလေးငယ်တစ်ဦးက အားကျမခံ စိတ်တိုတိုဖြင့် …
“ရေဖြတ်တဲ့ မအေဘေးတွေ ရေနစ်ပြီး သေပါစေ …”



(ဤမျှသာ။)
(မှတ်ချက်။ ။
“ငါလူကြီး ဇွန်းကြီးကြီးနဲ့ စားမယ်”
စာတန်းရေးတဲ့သူအား အလုပ်ကြမ်းအပါအ၀င် ထောင်ဒဏ်သုံးနှစ်
မတရား ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
*ဖော်ပြပါ ဓါတ်ပုံသည် ဒီနေရာကပါ။)

Read more »

Thursday, 4 March 2010

သရဲကိုစီးတဲ့ မမပဲ

ရေးသူ- စစ်ငြိမ်းဒီရေ

၁၉၉၅ ခုနှစ်က ကျနော်တို့ ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ
သချာင်္အဓိကမှ ကျောင်းသား ငါးဦးဟာ ပုဂံဘုရားဖူးခရီးစဉ်တစ်ခု
မှာ လိုက်ပါခဲ့ကြပါတယ်။ ဘုရားဖူးခရီးထွက်တဲ့ မေဂျာက ကျနော်
တို့ သချာင်္ မဟုတ်ပါဘူး၊ ကျနော့်သူငယ်ချင်း တစ်ယောက် လိုက်
ကြိုက်နေတဲ့ ကျောင်းသူတစ်ဦးရဲ့ မေဂျာပါ။ သူငယ်ချင်းဖြစ်သူရဲ့
ဇွတ်အတင်း တိုက်တွန်းမှုကြောင့် ကျနော်နဲ့ တခြားသူငယ်ချင်းတွေ
အပါအ၀င် ကျောင်းသား ငါးဦးဟာ ပုဂံကို ဘုရားဖူး လိုက်ပါခဲ့ကြ
ပါတယ်။



ဘုရားဖူးကားက နှစ်စီးပါ၊ သူတို့မေဂျာက ကျောင်းသားမဟုတ်တဲ့
ကျနော်တို့ကို ရုပ်ချောချော ကျောင်းသူတွေ သိပ်မပါတဲ့ ကားပေါ်
မှာ နေရာပေးပါတယ်။ သူတို့ မေဂျာရဲ့ အချောဆုံး ကျောင်းသူကတော့
ကျနော်တို့ကားပေါ် မှာပါ။ သိပ်မလှတဲ့ သူတွေကြားမှာ လှပတဲ့သူ
တစ်ယောက်တည်းရှိရင် ထင်ပေါ်တယ် ဆိုသော ဖော်မြူလာကြောင့်လား
မပြောတတ်ပါ။

ကျနော်တို့ ငါးယောက်ကလည်း တတ်သိပညာ မနေသာ ဆိုသလိုပဲ
ကားစ’ထွက်တာနဲ့ ကားရဲ့ အလယ်ပေါက် အတက်အဆင်းလုပ်တဲ့
နေရာမှာ ပုဆိုးဖြန့်ခင်းပြီး ဖဲဝိုင်းလေးလုပ်ပါတယ်။ ပုဂံတောင် မရောက်
သေးဘူး၊ ကျနော်တို့ဆီမှာ စိန်လက်စွပ် တစ်ကွင်းရောက်လာပါတယ်။
လက်စွပ် ပိုင်ရှင်က ရုပ်အချောဆုံး ကျောင်းသူလေးပါ။ အဲဒီကျောင်းသူ
က သူတို့မေဂျာမှာ တော်တော်လေး နာမည်ကြီး ပါတယ်။ သူ့အဖေ
ဟာ အဲဒီခေတ်က ဗိုလ်မှူးချုပ် ဆိုလားပဲ။ ၂၁ ဖဲ အလှည့်ကျ ပန်ကန်
ထည့်မှာ နောက်ဆုံး သုံးကြိမ် Warning ခေါ်တော့ ပါထားတာတွေ
ပြန်ရမလားဆိုပြီး သူ့နံဘေးနားက သူနဲ့ အိစီကလီ ဖြစ်နေတဲ့
ကျောင်းသားဖက်ကနေ ထိုးထည့် လိုက်တာပါ၊ ရှုံးထားတာ ပြန်မရပဲ
ထိုးထည့်လိုက်တဲ့ စိန်လက်စွပ် ကျနော်တို့လက်ထဲ ရောက်လာပါတော့
တယ်။ သူတို့မေဂျာနဲ့ မျက်နှာစိမ်း ဖြစ်နေတဲ့ ကျနော်တို့အုပ်စုက
ပုဂံခရီးစဉ်အတွင်း အစားနဲ့ အသောက်တွေ တာဝန်ယူဖို့ ပြောပြီး
ဈေး သက်သက်သာသာနဲ့ သူ့ စိန်လက်စွပ်ကို ပြန်ပေးလိုက်ပါတယ်။

စိန်လက်စွပ်ကို ဖဲဝိုင်းမှာ ထိုးရဲတဲ့ သတ္တိကြောင့်လား၊ ရုပ်ချောပြီး ဆွဲဆောင်
မှု ရှိလို့လားတော့ မပြောတတ်ပါ၊ ကားပေါ်ရှိ ကျောင်းသား အများစုရဲ့
မျက်လုံးများဟာ သူမ ဆီမှ မခွာနိုင်ကြပါ။ ကားထွက်ခါစ’က နံဘေးချင်း
ကပ်လျှက် အတူတူစီးလာတဲ့ သူ့ အိစီကလီ ကျောင်းသားကိုတောင်
တဖြေးဖြေးချင်း ခွာချလာပါတယ်။ သူ့နံဘေးက ကျောင်းသားကလည်း
သန့်သန့်ပြန့်ပြန့် ခပ်အေးအေးပါ၊ ရုပ်လည်း ချောပါတယ်။ သူ့ကို
ကြိုက်တဲ့သူ များလာတော့ ဘ၀ဂ်မြင့်သွားပုံ ရပါတယ်။ အဲဒီအချိန်မှာ
ကားပေါ်ရှိ ဘယ်ကျောင်းသားမှ ရင်မခုန်တဲ့ ကျောင်းသူတချို့လည်း
အချိန်ရှိခိုက် လုံလစိုက် ဆိုသလို အဲဒီကျောင်းသူနံဘေးက ကျောင်းသား
ကို အထာ(ပဲ)တွေ ပေးကြပါတော့တယ်။ ပါလာတဲ့ မုန့်တွေ လာဝေ ပေး
လိုက်၊ ကားခဏ ရပ်ရင် မုန့်ဝယ်ကျွေးလိုက်နဲ့ သောသောညံနေပါ
တယ်။ ပုဂံကို ရောက်ပြီး တစ်ရက် နှစ်ရက် အချိန်အတွင်းမှာပဲ
သူတို့ နှစ်ဦး ကားပေါ်မှာ နံဘေးချင်းကပ်ပြီး မတွေ့ရတော့ပါ။

သူတို့မေဂျာက ဟိုကျောင်းသားနဲ့ လဖက်ရည်ဆိုင် အတူထိုင်
လိုက်၊ နောက်တစ်ယောက်နဲ့ ထမင်းအတူ စားလိုက်၊ နောက်ထပ်
တစ်ယောက်နဲ့ ဓါတ်ပုံတွဲရိုက်လိုက် လုပ်နေပါတယ်။ ဘယ်ကျောင်းသူ
မှ နံဘေးနား လာမကပ်တဲ့ ကျနော်တို့အုပ်စုလည်း အဲဒီကျောင်းသူကို
မမပဲ လို့ လျှို့ဝှက်နာမည် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဘုရားဖူးခရီး
နှစ်ရက် သုံးရက် အတွင်း သူမနံဘေးကို ရစ်သီ ရစ်သီ လာလုပ်တဲ့
ကျောင်းသားတွေလည်း တစ်ယောက်ပြီး တစ်ယောက် စိတ်လျှော့
သွားကြပါတယ်။ ခရီးထွက်ခါစ’က မမပဲရဲ့ ကျောင်းသားလေး နံဘေး
မှာတော့ ဂေါ်မစွံ ကျောင်းသူတချို့က ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ပါ။
ပြန်ဖို့ နှစ်ရက်အလိုမှာ မမပဲ မျက်နှာပေါ်က ပျော်ရွှင်မှုတွေဟာ
တဖြေးဖြေး ကွယ်ပျောက်သွားပြီး ရှုံမဲ့ ရှုံမဲ့ ဖြစ်လာပါတယ်။ သူနဲ့
လိုက်ဖက်ညီတဲ့ ကျောင်းသားနံဘေးက စုရုံး စုရုံး ဖြစ်နေသော
ကျောင်းသူတွေကို ကြည့်ပြီး အူနုကျွဲခတ် နူတ်ခမ်း ဆူနေပါတယ်။

ပြန်ဖို့ တစ်ရက်အလိုမှာ ပုဂံမှာ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့
တ၀ဂူမှာ တညလုံး မိုလင်းပေါက် သွားထိုင်ကြည့်ဖို့ စီစဉ်ကြပါတယ်။
ညဖက်တွေမှာ စောင်းတီးသံ ကြားရတယ်၊ ဂူပိတ်ပြီး သတ်တဲ့ ရာဇာ
ဝင်တွေ ရှိတယ် ဘာညာနဲ့ အားလုံး တ၀ဂူကို ချီတက်ကြပါတယ်။
ကျနော်တို့ ငါးယောက်လည်း စိန်လက်စွပ် တန်ခိုးနဲ့ ထမင်းဆိုင်က
ရှိသမျှ ဘီယာ ပါးစပ်ထဲ လောင်းထည့်ပြီး ကားပေါ်တက်ကြပါတယ်။
ကားပေါ်ရောက်တော့ တော်တော်လေး ဒေါင်ချာ စိုင်းနေကြပါပြီ။
ကားကို ဘယ်ဖက်က မောင်းလို့ ဘယ်နေရာက တ၀ဂူကို ရောက်မှန်း
မသိ ရောက်ခဲ့ကြပါတယ်။ ကျနော်တို့ ငါးယောက်စလုံး မြန်မြန် အမူး
ပြေအောင် ရေသန့်ပုလင်းထဲက ရေအေးအေးကို မျက်နှာပေါ် လောင်း
ချပြီး ညကြီးမိုးချုပ် သင်္ကြန် ကျနေရပါတယ်။

ကားနှစ်စီးပြည့် ကျောင်းသား ကျောင်းသူတွေ အုပ်စုလိုက် အုပ်စုလိုက်
စကားတွေ ပြော၊ ဂစ်တာတွေ တီးနေကြတဲ့ ကြားမှာ မမပဲ တစ်ယောက်
ဘယ်သူနဲ့မှ စကားမပြောဘဲ တစ်ယောက်တည်း ထိုင်နေပါတယ်။ သူ
ထိုင်နေတဲ့ နေရာနဲ့ ကျနော်တို့အုပ်စု ရှိတဲ့ နေရာက မလှမ်းမကမ်းပါ။
နည်းနည်း ညဥ့်နက်လာတော့ သူ့သူငယ်ချင်း ကျောင်းသူတစ်ယောက်
သူ့နံဘေးမှာ လာထိုင်ပါတယ်။ ပြီးတော့ သူငယ်ချင်းဖြစ်သူက မမပဲကို
ပွစိပွစိနဲ့ ဆူနေပုံရပါတယ်။ ည တစ်နာရီလောက် အရောက်မှာ ခပ်လှမ်းလှမ်း
က ကျောင်းသားတွေ ကျနော်တို့ဖက်ကို ပြေးလာပါတယ်။ သူတို့နားထဲ
စောင်းသံ လိုလို ကတ်ဆက်သံလိုလို ကြားရတယ်လို့ ပြောပါတယ်။
ကားနှစ်စီးစလုံးကို တာဝန်ယူလာတဲ့ သူတို့မေဂျာက အီးစီဖြစ်သူက
ကျောင်းသူတွေ တနေရာမှာ စုပြီး ထိုင်နေဖို့ ပြောပါတယ်။
ကျောင်းသားတွေ ရုတ်တရက် အလျင်စလို ထ’မပြေးကြဖို့၊ စ’တာ
နောက်’တာတွေ မလုပ်ဖို့လည်း ပြောပါတယ်။

ပထမတော့ ပါလာတဲ့ လက်နှိပ်ဓါတ်မီးတွေနဲ့ ဘုရားနံဘေးကို ထိုး
ကြည့်ပါတယ်။ ငြိမ်ငြိမ်ထိုင်ဖို့ ပြောထားတဲ့ ကျောင်းသူတွေလည်း
တလှုပ်လှုပ်နဲ့ စပ်စုချင်နေပါတယ်။ ဒါနဲ့ အားလုံး သုံးယောက်တစ်တွဲ
စီ တန်းစီပြီး ဘုရားကို ပတ်ကြည့်ဖို့ ပြောလာပါတယ်။ ယောက်ျား
လေးတွေက ရှေ့ဆုံးနဲ့ နောက်ဆုံးကနေ လိုက်ပြီး အုပ်စုလိုက် ဘုရား
ကို ပတ်ကြပါတယ်။ ဘုရားနောက်ဖက်ကို မရောက် တ’ရောက်လောက်
မှာ အဝေးကနေ လေထဲ လွှင့်လာတဲ့ လော်စပီကာသံလား၊ တနေရာရာ
က ဖွင့်တဲ့ ကတ်ဆက်သံလားတော့ မပြောတတ်ပါ၊ စောင်းသံလိုလို
ရှေးခေတ်က တီးလုံးသံကို မကြားတချက် ကြားတချက် တိုးလိုက်
ကျယ်လိုက် ကြားရပါတယ်။ ရှေ့ဆုံးက ကျောင်းသားတွေနဲ့ သူတို့
နောက်က ကျောင်းသူတချို့ လှည့်ပြေးကြပါတယ်။ ကျနော်တို့
ငါးယောက်နဲ့ ကျောင်းသားတချို့ အပါအ၀င် ယောက်ျားလေး
အနည်းငယ်နဲ့ ကျောင်းသူ အများစု ကျန်ခဲ့ပါတယ်။ တချို့လည်း
ပြေးတဲ့ အခါ ၀င်တိုက်မိလို့ ချော်လဲတဲ့သူတွေလည်း ရှိပါတယ်။

အဲဒီအချိန်မှာ ကျနော်တို့ကားပေါ်က စိန်လက်စွပ် ပိုင်ရှင် မမပဲ
တစ်ယောက် ရုတ်တရက် အသံနက်ကြီးနဲ့ ….
“မောင်တော် ပဋိက္ကရား၊ နှမတော်လာပြီ … လာပြီ” လို့ ထအော်ပြီး
ပြေးဖို့ ကြိုးစားပါတယ်။ ကျန်တဲ့ ကျောင်းသူတွေလည်း သူ့ကို ကြည့်ပြီး
ကြောက်ကြောက်နဲ့ ငိုကြပါတယ်။ သူ့ကို လက်နှိပ်ဓါတ်မီးတွေနဲ့
ဝိုင်းထိုးထားလို့ သူ့မျက်နှာကို ထင်ထင်ရှားရှား မြင်နေရပါတယ်။
မျက်လုံးတွေက ရဲရဲတောက်နေပြီး မေးကြောတွေ ထောင်နေအောင်
အံကြိတ် ထားပါတယ်။ လူကလည်း နတ်ဝင်ပူးသလို တုန်နေပါတယ်။
ဒါနဲ့ သူတို့မေဂျာက အီးစီဖြစ်သူ ကျောင်းသားနဲ့ ကျောင်းသူ
တချို့က “သတိထား … သတိထား … ” ၀ိုင်းဆွဲနေကြပါတယ်။
ဆွဲနေတဲ့ သူတွေလက်ကနေ ဇွတ်အတင်းရုန်းပြီး ငိုနေတဲ့ ကျောင်းသူ
တွေဖက်ကို အတင်းအဓမ္မ စကားတွေ ပြောနေပါတယ် …
“ငါ့မောင်တော်ရဲ့ အသဲကို ယူဖို့ ကြိုးစားတာ၊ ငါ့ကို ဘာထင်သလဲ၊
နင်တို့ အားလုံးကို ကျိန်စာ တိုက်လိုက်ရမလား …”
လို့ ပြောပါတော့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အုပ်စုထဲရှိ
အမူးမပြေသေးတဲ့ သူငယ်ချင်းတစ်ယောက်က …
“နှမတော်၊ မောင်တော်ကို ချဲ့နံပါတ်ပေးပါ … ဒီအပတ် ဘာထွက်
မလဲ” လို့ ရွှတ်နောက်နောက် ပြောလိုက်ပါတယ်။ အဲဒါနဲ့ ကျနော်တို့
ဖက် လှည့်လာပြီး … “မောင်တော် ပဋိက္ကရားရဲ့ ရောင်းရင်းတွေ၊ နင်တို့
ကုလားဖြစ်ပြီး ၀က်ပုန်းရည် စားတာ နင်တို့ကို အပြစ်ပေးရမယ်”
လို့ ပြောပြီး သူ့လက်ထဲက ပိုက်ဆံအိတ်နဲ့ ပြစ်ပေါက်ပါတယ်။

ဒီလိုနဲ့ အားလုံးက မမပဲကို ချော့မော့ဝိုင်းဆွဲပြီး တ၀ဂူကနေ ညကြီး
မိုးချုပ် ပြန်လာခဲ့ကြပါတယ်။ ကားပေါ်ရောက်တော့ သူ့သူငယ်ချင်း
ကျောင်းသူတချို့က အိပ်ဆေးတိုက်ပြီး နားခိုင်းလိုက်ပါတယ်။ မနက်
မိုးလင်းတော့ ညက ဖြစ်ခဲ့တာ အားလုံးကို သူ မသိသလိုပါပဲ။ အပြန်
ခရီးမှာတော့ မမပဲနံဘေးက ကျောင်းသားလည်း အလာတုန်းကလို
သူ့နံဘေးမှာ လာပြန်ထိုင်ပါတယ်။ အားလုံးက မမပဲကို သရဲဝင်စီး ခဲ့
တယ်လို့ပဲ ယုံကြည်ကြပါတယ်။ ဘာက လာမှန်းမသိတဲ့ စောင်းသံလိုလို
ကတ်ဆက်သံလိုလို ကို အားလုံး ကြားခဲ့ရတာရယ်၊ တုန်တုန်ရီရီဖြစ်
သွားခဲ့တဲ့ မမပဲ အနေအထားတွေကြောင့်ပါ။ မမပဲ နံဘေးက
ကျောင်းသားကလည်း မမပဲကို သနားပြီး ဂရုတွေ စိုက်နေပါတယ်။
အဲဒီကျောင်းသားကို ခိုးခိုးကြည့်တဲ့ ကျောင်းသူတချို့လည်း
သူတို့ရဲ့ မျက်လုံးတွေကို သော့ခတ်လိုက်ကြပါပြီ။ အဲဒီခရီးစဉ်
နောက်ပိုင်းမှာ မမပဲနံဘေးက ကျောင်းသားနဲ့ ကျနော်ဟာ ရင်းနှီး
တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်၊ ကျောင်းသား
တော်လှန်ရေး နောက်ပိုင်း ကျောင်းတွေ ပိတ်သွားတဲ့ အချိန်မှာ
သူတို့နှစ်ဦး လက်ထပ်လိုက်ကြတယ်လို့ သတင်းကြားရပါတယ်။
မင်္ဂလာပွဲတော့ ကျနော် မရောက်ဖြစ်ခဲ့ပါ …။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က မမပဲတို့ ဇနီးမောင်နှံ ပြည်ပရောက်နေ
ကြောင်း သိရလို့ တယ်လီဖုန်း ဆက်ပြီး စကားတွေ ပြောဖြစ်ခဲ့
ပါတယ်။ မမပဲရဲ့ ခင်ပွန်းသည် ကျနော့် သူငယ်ချင်းကို ကျနော်
မေးကြည့်ပါတယ် …
“မင်းမိန်းမ ပုဂံမှာတုန်းက တကယ် သရဲ ၀င်ပူးတာလား …”

ကျနော့် သူငယ်ချင်း ပြောလိုက်သည်က …

“သူက စိတ်ညစ်ညစ်နဲ့ အိပ်ဆေးတွေ သောက်ပြီး ကြောင်နေတာ၊
လူတွေ အားလုံး ဘုရားကို ပတ်ကြည့်တဲ့ အချိန်အထိ သူ မူးနေတုန်းပဲ၊
အဲဒါနဲ့ … အဲဒါနဲ့ … အားလုံးကို လုံးချလိုက်တာကွ … အချစ်ပေါ့ကွာ”


(ဤမျှသာ။)

Read more »