Thursday, 18 February 2010

ကိုယ့်အကြိုက် (တဂ်စာ)

ရေးသူ- စစ်ငြိမ်းဒီရေ

အမ မမေအိခင် က တဂ်ထားလို့ ကိုယ့်အကြိုက်ခေါင်းစဉ်ဖြင့်
အကြိုက်တွေကို ရေးပါ့မယ်။

အခုတလော ကျောင်းတဖက်နဲ့ဆိုတော့ အရင်ကလို ပို့စ်အသစ်
တင်မှုက တော်တော်လေး ကျဲသွားပါတယ်။ ရေးထားတာ တချို့
ကလည်း တိုလို့တန်းလန်း အဆုံးသတ်ဖို့ ခက်နေပါတယ်။ တချို့
ပို့စ်တွေ ဆိုရင် ရေးထားတာ ဆုံးခါနီးမှ မတင်ဖြစ်တော့ပဲ ချောင်
ထိုးထားရတဲ့ အဖြစ်ကို ရောက်သွားပါတယ်။ နော်ဝေးလ်က ခင်မင်
ရင်းနှီးတဲ့ အကိုတစ်ယောက် ပြောသလို ကိုယ်တင်ပြချင်တဲ့ Issue
ကိုယ်ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မဖြစ်ရင် မပြောတာ ပိုပြီးကောင်း
တယ် ဆိုတဲ့ စကားလုံးအောက်မှာ ရေးထားတွေကို အဆုံးမသတ်
နိုင်ပဲ ဒီအတိုင်း ထားနေရပါတယ်။

ကျနော်ငယ်စဉ်က သမိုင်းဆိုင်ရာ အဖြစ်အပျက် မှတ်တမ်းစာအုပ်
တွေကို ဖတ်ရူရတာ အင်မတန် သဘောကျပါတယ်။ ခက်တာက
ရှစ်တန်းအောင်တော့ သိပ္ပံဖက် ပါသွားပြီး သင်ကြားခံရမှုလောင်းရိပ်
ကနေ လွှတ်သွားတာပါ။ ကိုယ့်အကြိုက်မို့ ကိုယ့်သဘောနဲ့ ကိုယ့်
ဘာသာ ဆက်လေ့လာတော့ လေ့လာမှုပုံစံ နည်းစနစ်ဆိုတဲ့ ပြဿနာ
ဟာ ကြာလေကြာလေ နက်နက်ရှိုင်းရှိုင်း ပေါ်လာပါတယ်။ လက်ဝှေ့
ပွဲ တစ်ခုကို ရှုဒေါင့် တစ်ခု သို့မဟုတ် ဒီထက်ပိုပြီး 3D နဲ့ ကြည့်ခွင့်
ရတယ်ပဲ ထားပါတော့ ကျနော် မကြည့်နိုင်၊ မသိနိုင်ခဲ့တဲ့ တစ်နေရာမှာ
ဘာဖြစ် သွားနိုင်သလဲ ဆိုတဲ့ မေးခွန်းကို အမေးခံရရင် ကိုယ်ဖြစ်စေချင်
တဲ့ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒသာ ဦးစားပေးပြီး ဖြေမိမှာပါ။

“ပေါ်လစ်ဗျူရိုထဲမှာ ကျနော်တို့လူ တစ်ယောက် ရှိတယ်”
“အောင်ဆန်း အော်ပရေးရှင်း”
တို့လို စကားပြောသမိုင်းများဟာ ဧရာဝတီမြစ်တောင် ပြောင်းပြန်
စီးသွားနိုင်လောက်တဲ့ အငြင်းပွားဖွယ် သမိုင်းကြောင်းတွေပါ။
ဒီလို ပြဿနာအကြီးကြီးတွေရဲ့ အခြေခံ ကောက်ကြောင်းတွေကို
ကျနော် အရမ်းစိတ်ဝင်စားပါတယ်။ အချက်အလက် စုံစုံလင်လင်နဲ့
တင်ပြ ရေးသားဖို့ကြတော့ ရူဒေါင့်စုံက လေ့လာဖို့ အခက်အခဲ
အများကြီး ရှိပါတယ်။ ပါရှန်း နန်းရေးဝန် ပြောသလို “မနက် မိုးလင်းရင်
မျက်နှာသစ်စရာတောင် ရှိပါ့မလား” ဆိုတဲ့ စကားကို တော်တော်
လေး ကြိုက်နှစ်သက်မိပါတယ်။ ကျနော်က နန်းရေးဝန် မဟုတ်
ပါဘူး၊ အင်တာနက်ပေါ်မှာ စာရေးတဲ့သူပါ။

ထားပါတော့ ဒီသမိုင်းတွေက အရမ်းကြီးပါတယ်။
ဒါဆိုရင် ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အစိတ်အပိုင်းတစ်ခု၊ အဖြစ်
အပျက် တစ်ခုအတွင်းရဲ့ သမိုင်းကို ရေးမယ်ပေါ့။ အဲဒါ ပိုလို့တောင်
ခက်ပါတယ်။ အရေးမတတ်ရင် မြှားက ကိုယ့်ဖက်ကိုယ် လှည့်လာမှာပါ။

၁၉၉၀ ခုနှစ် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှာ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်စာရင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီစုံ
အထွေထွေ ရွှေးကောက်ပွဲ ကော်မရှင်းကနေ မတရား ပယ်ချတော့
ကန်တော်ကြီးစောင်းမှာ ရှိတဲ့ ကော်မရှင်း ရုံးချုပ်ကို ကျနော်အပါအ၀င်
ဗဟန်းမြို့နယ် အ.က.သ မှ ကျောင်းသားတွေ လမ်းကြားထဲကနေ
ရုံးချုပ်ခေါင်းမိုးပေါ်ကို ခဲနဲ့ ထုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
ကန့်ကွက်ခဲ့တဲ့ တ.စ.ည ပါတီက ကိုယ်စားလှယ်လောင်း ဦးလဗျန်းဂရောင်း
ဆိုသူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) အတွင်းက ရပ်ကွက်တွေ
ထဲမှာ စည်းရုံးရေးဆင်းတော့ သူ့ရောက်လေရာ တ.စ.ည အမာခံအိမ်
တွေရဲ့ ခေါင်းမိုးတွေကို ခဲနဲ့ လိုက်ထုပါတယ်။ ဒီသမိုင်းကို ပြည့်ပြည့်
စုံစုံ ပြန်ရေးဖို့ကျတော့ တော်တော်ခက်သွားပါတယ်၊ အချက်အလက်
နဲ့ အတူတူ ပါဝင်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့ အဆက်အသွယ်
ပြတ်ကုန်ပါပြီ။

နောက်တခါ ရုပ်မြင်သံကြားဇာတ်လမ်းကနေ ဒေါ်အောင်ဆန်းစုကြည်
အပေါ် မတရားသရော်လှောင်ပြောင်တဲ့ ရုပ်ရှင်သရုပ်ဆောင်
ဒေါ်ဂွတ်ထော်ကြီး ကျနော်တို့ ရပ်ကွက်ထဲက သူ့အမျိုးအိမ်
ကို အလည်ရောက်လာပါတယ်။ ဒါနဲ့ အဲဒီနေ့ညက သူ အလည်
လာအိပ်တဲ့ သူ့အမျိုးအိမ်ကို ခဲနဲ့ ထုပါတယ်။ နောက်ဖေးလမ်းကြား
ကနေ အော်ဆဲပါတယ်။ မနက်မိုးလင်းတော့ အဲဒီခေတ် ရွှေဂုံတိုင်
မှာ ရှိတဲ့ မြန်မာ့အလင်း သတင်းစာတိုက် ဒေသကွပ်ကဲရေးရုံးက
စစ်တပ်ရောက်လာပါတယ်။ တစ်လမ်းလုံး တစ်အိမ်ကို တစ်ယောက်
ထွက်ပြီး ပါးရိုက်တာကို ခံယူရပါတယ်။ တော်ပါသေးတယ်၊ ရပ်ကွက်
ကို ဖျက်ခိုင်းပြီး အဆင်မြင့်အိမ်ရာ မလုပ်ပြစ်ခဲ့တာကိုပဲ ဘောင်းဘီ
ဝတ်တွေကို ရပ်ကွက်ထဲရှိ လူကြီးတွေက ကျေးဇူး တင်ကြပါတယ်။

(၂၅.၃.၁၉၈၉)နေ့မှာ အ.က.သ ကျောင်းသားတွေ ကုက္ကိုင်းမီးပွိုင့်
ကနေ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဆန္ဒပြချီတက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခြံအရှေ့ အရောက်မှာ တီအီး 11 စစ်ကား
တွေ ရောက်လာပါတယ်၊ စစ်ကားပေါ်ရှိ စစ်သားတွေက ၀ါးဆစ်ပိတ်
တုတ်အရှည်တွေကို ကိုင်ထားပါတယ်။ သူတို့ ကိုင်ထားတဲ့ ၀ါးလုံး
တွေမှာ သံဆူးကြိုးတွေ ပတ်ထားပါတယ်၊ အဲဒီပွဲမှာ အပြင်စည်း
တာဝန်ကျတဲ့ ကျနော်နဲ့ အ.က.သ ဗဟန်းက တာဝန်ခံတွေ အ.မ.က
ကျောင်းရှေ့က လဖက်ရည်ဆိုင်ထဲ တန်းနေအောင် ၀င်ပြေးကြပါတယ်၊
ကိုယ့်မြို့နယ်က ကိုယ့်အဖွဲ့ဝင်တွေတောင် စုံစုံလင်လင် ပြန်မစစ်နိုင်
ခဲ့လို့ အဆဲတောင် ခံရဖူးပါတယ်။ ဒီသမိုင်းက မေးခွန်းတွေပေါ်
လာရင် ဖြေဖို့ခက်တဲ့ သမိုင်းပါ။

၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗဟန်းမြို့နယ်က
စက်မှုတက္ကသိုလ်(R.I.T) ဘွဲ့ရ ကျောင်းသားတချို့ဟာ သူတို့
ရတဲ့ ဘွဲ့လက်မှတ်ကို ပြန်အပ်ကြပါတယ်၊ တပါတီ အာဏာရှင်
ပညာရေး စနစ် အလိုမရှိလို့ ကြွေးကြော် ခဲ့ပါတယ်။ သူတို့
အားလုံးရဲ့ အမည်စာရင်းအပြည်အစုံကို မှတ်ထားဖို့ မေ့လျော့
ခဲ့တာ ကျနော့်အပြစ်ပါ။

ဒီအကြောင်းတွေကို ကိုယ့်ဘာသာကိုယ် ကြိုက်ပြီး ရေးပါတယ်၊
ရေးနေရင်ကနေ အကြောင်းအမျိုးမျိုးကြောင့် အဆုံးမသတ်နိုင်
သေးပါ ...။

အစား အစာ၊ အ၀တ်အထည်၊ စာပေ၊ အနုပညာ များနဲ့ ပက်သက်
ပြီး ကျနော့်အကြိုက်တွေက တော်တော်များပါတယ်။ အခုတော့
ဝယ်စားဖို့တောင် ရောင်းမဲ့သူ မရှိလို့၊ ၀ယ်စရာနေရာ မတွေ့လို့
မစားရတဲ့ မြန်မာ့ရိုးရာ အစားအစာတွေ၊ အ၀တ်အထည်တွေ၊ မဖတ်
ရတဲ့ စာအုပ်တွေကို သူများပြောရင် သရေကျပြီး ငေးနေရပါတယ်။
အရင်တုန်းကတော့ “နှင်း” တွေ ဖွေးဖွေးကျနေတာကို ရုပ်ရှင်ထဲ၊
တီဗွီထဲ၊ စာအုပ်ထဲမှာ တွေ့ရင် အရမ်းသဘောကျပါတယ်၊ အခုတော့
အပြင် တခါ ထွက်ဖို့အရေး အ၀တ်အစားနဲ့ ဖိနပ်သယ်ဖို့ သက်ပြင်း
တချချနဲ့ပါ။

ကိုယ်ကြိုက်တာတွေကို နေ့စဉ်၊ အချိန်တိုင်း လုပ်ခွင့်ရတဲ့ ဘ၀ကို
လူသားတိုင်း ပိုင်ဆိုင်ကြပါစေ ...။

ဒီလောက်ဆိုရင် တဂ်စာ ရေးဖို့ တောင်းဆိုလာတဲ့ အမ မမေအိခင်
ကျေနပ်လောက်ပြီလို့ ထင်ပါတယ်။ တခြားသူတွေကိုလည်း ဆက်
ပြီး တဂ်ချင်ပါသေးတယ်၊ ဥရောပနဲ့ အမေရိကားဖက်မှာ ရာသီဥတု
ဆိုးဝါးမှုတွေကြား ရှင်သန်လှုပ်ရှား အလုပ်များနေကြတဲ့ အကိုကြီး
ကိုကျောက်ခဲ (ရွှေရတုမှတ်တမ်း)ကိုသစ်နက်ဆူးမမေဓါဝီ
စင်္ကာပူဖက်က ကိုလူသစ်ကြီး၊ ခင်မင် ရင်းနှီးတဲ့ ညီလေးရမ်းဂမ်း
တို့ကို ဆက် တဂ်ပါတယ်၊ အချိန်အားရင် ရေးပေးကြပါ။

13 comments:

Anonymous said...

ကိုအောင် ဆုတောင်း ပေး သွား တဲ့ ထဲ က ကိုယ် ကြိုက်တာ ကိုယ် လုပ် ပိုင် ခွင့် ရ နိုင် ပါ စေ .. ဆို တဲ့ ဆု ကတော့ ကိုအောင် ရေး တဲ့ အခု ဒီ ပို့စ် ထဲ မှာ ကို ပါနေ ပါတယ် ... ဘာ လို့ ဆို ကို အောင် လုပ် ခဲ့ တဲ့
လုပ် ရပ် လေး တွေ ကို ဒီ ပို့စ် ရဲ့  အပေါ် ပိုင်း မှာ ရေး ခဲ့ တာ မျိုး တွေ ကို ဖတ် ရတာ မျိုး ကြိုက် လို့ ပါ ...
ကျောင်း စာ တွေ ပြီး လို့ အချိန် ရ ရင် အဲ လို မျိုး လေး တွေ ရေး ပေး ပါ ဦး ... ကျေးဇူး တင် ပါ တယ် ဆု တောင်း ပေး တဲ့ အ တွက် စာ ဖတ် သူ အ နေ နဲ့ ...

mie nge

မေဓာဝီ said...

ကိုအောင်ရေ ...
အချိန်ရရင် ရေးပေးပါမယ်။ တကူးတက တဂ်တာရယ် လာအကြောင်းကြားတာရယ် ကျေးဇူးတင်ပါတယ်။ ကျမလဲ ကိုအောင် ဆုတောင်းသလို ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့် ရချင်ပါတယ်။ လောလောဆယ်တော့ ....

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေ..ရေးပေးမယ်..စိတ်ချ..ဒီခေါင်းစဉ်ကို ကိုမိုးကလဲ tag ထားသေးတယ်.. 2ရက်လောက်အအေးမိပြီး ဖျားနေလို့ ခုမှသက်သာလို့

Nge Naing said...

ကိုအောင်က သမိုင်းစာတွေကို ဖတ်ရတာ ရေးရတာကို ကြိုက်တယ်လို့ နားလည်လိုက်တယ်။ အဲဒါတော့ ကျွန်မလည်း ကြိုက်တယ်။ ရေးလို့မတတ်ပေမဲ့ ဖတ်ရတာကိုတော့ ကြိုက်တယ်။

နွေဆူးလင်္ကာ said...

တစ်အိမ်တစ်ယောက် ပါးထွက် အရိုက်ခံရတယ်တဲ့လားဗျာ ... ဆိုးပ ဆိုးပ နော်။

နွေဆူးလင်္ကာ said...

တစ်အိမ်တစ်ယောက် ထွက်ပါးအရိုက်ခံရတယ်တဲ့လားဗျာ .. ဆိုးပ ဆိုးပ။

TNS said...

ကိုအောင်..
လောလောဆယ် ဒီစာဖတ်ပြီး ကိုယ့်အကြိုက်ကတော့
သူတို့ ပါးကြီးကို ..ဗြောင်းဗြောင်းထအောင် ပြန်ရိုက်ချင်တာ...း)
ပြန်ရေးပေးမယ်..ခုတော့ ခရီးထွက်လိုက်ဦးမယ်..။

mek said...

ကျေးဇူး ကိုအောင်ရေ သမိုင်းဝါသနာပါတာ မပြောလည်း သိတယ် လေ ပျူနိုင်ငံ ဆိုပါမှတော့

YoungGun said...

မသိသေးတဲ့ သမိုင်းတွေ ဖတ်ဖြစ်တယ်။ သိထားတဲ့ သမိုင်းကလည်း မသက်မသာ သမိုင်း၊ ကိုယ့်အကြိုက်နဲ့ကိုယ် ရှင်သန်ပျော်မွေ့နိုင်ပါစေလို့ပဲ..

Anonymous said...

ကိုယ်ကြိုက်တာ ကိုယ် လုပ်ပိုင်ခွင့် ရချင်တယ် သူများကိုလည်း မထိခိုက်တဲ့ အထဲကပေါ့။

တအိမ်တယောက် ပါးထွက် ရိုက်ခံရတယ်။ ဘယ်သူက ရိုက်တာလဲ။ မိုက်ရိုင်းလိုက်တာ။

ဗိုလ်ချုပ်မြင့်အောင် အရင် စိုက်ပျိုးရေး ၀န်ကြီးဆိုရင် တိုင်းမန်နေဂျာ အဆင့်တွေကိုတောင် လူရှေ့သူရှေ့ ပါးရိုက်တယ်။ ဒါတော့ သေချာ သိတယ် ကိုအောင်ရ။

ဟင်းလည်း ချက်တတ်ပါတယ်နော်။

မအယ်

ကိုအောင်(ပျူနိုင်ငံ) said...

မအယ်ရေ...
အဲဒီခေတ်တုန်းက ဗဟန်းမြို့နယ် မ.၀.တ ဥက္ကဋ္ဌက ဗိုလ်မှူးစံကြည်၊ တစ်လမ်းလုံးကို ပါးရိုက်တဲ့ အရာရှိက ဗိုလ်ကြီး ကောင်းစံဦး၊ မနက်မိုးလင်းတော့ တပ်ရောက်လာပြီ အခင်းဖြစ်တဲ့ လမ်းရော၊ နံဘေးက လမ်း (၂)လမ်းစလုံးကို တပ်နဲ့ ၀ိုင်းလိုက်တယ်၊ ပြီးတော့ ညတုန်းက ခဲနဲ့ ခေါင်းမိုးကို ထုတဲ့သူတွေ၊ နောက်ဖေးလမ်းကြားကနေ အော်ဆဲတဲ့ သူတွေကို မေးတယ်၊ အားလုံး နူတ်ပိတ်နေရင် ရပ်ကွက်ကို ဖျက်ပြစ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ အရပ်ထဲက လူကြီးတွေက ဗိုလ်မှူးစံကြည် ခြေထောက်ကို ဖက်ပြီး တောင်းပန်တာ ရပ်ကွက်ကို မဖျက်ပါနဲ့ပေါ့၊ ဒါနဲ့ ပထမတော့ လမ်း (၃)လမ်းစလုံး အိမ်ရှင် ပါး(၂)ချက်၊ အိမ်ဌား (၁)ချက် ရိုက်မယ် လုပ်တာ၊ နောက်တော့ မ.၀.တ ဥက္ကဋ္ဌက ဈေးဝင်ဆစ်ပေးလို့ အခင်းဖြစ်တဲ့ လမ်း တစ်ခုပဲ တစ်အိမ် တစ်ယောက်စီ ထွက်ပြီး ပါးရိုက်ခံရတယ်ဗျာ၊
ဒါ တကယ့်ဖြစ်ရပ်ပါ ..။

tin min htet said...

ဪ .. ဒေါ်ဂွက်ထော်ကို ဦးသန်းရွှေကတော် တမျှ အကာအကွယ်ပေးခဲ့ တာပဲ။

ကလူသစ် said...

တဂ်ကြွေးဆပ်ပြီးပြီဗျို့