Saturday, 13 February 2010

လူ့ဘ၀ထဲ ၀င်လာသူ (နောက်ဆုံးပိုင်း)

ရေးသူ- စစ်ငြိမ်းဒီရေ

ယခင် ပထမပိုင်းမှ အဆက် ….

နေ့စဉ်လိုလို အဲဒီ ကိုရင်လေးကို သတိထားပြီး ကြည့်မိပါတယ်။
ဘုန်းတော်ကြီးကျောင်းက ဆွမ်းတန်းဟာ မနက် ၁၀ နာရီခွဲလောက်
မှ ဆွမ်းခံ ထွက်လေ့ ရှိပေမယ့် ဒီကိုရင်ငယ်လေး ခမျာ မနက်
ကိုးနာရီလောက် ကတည်းက ရွာပတ်ပြီး ဆွမ်းခံနေရပါတယ်။
ဆွမ်းခံပြီးရင် ကျောင်းကို တန်းမပြန်သေးပဲ သူ့အမေ အရူးမကြီး
ကို ရွာအပြင် နေပူထဲမှာ လိုက်ရှာပြီး သူ ဆွမ်းခံလို့ ရတဲ့အထဲက
နေ ကျွေးမွေးနေတာကို တွေ့နေရပါတယ်။ ရုပ်ရှင်ထဲမှာ ကြည့်ရ
တာထက် အပြင်က မြင်ကွင်းဟာ တော်တော်လေး ဆိုးဝါးပါတယ်။



ကျနော်တို့ နှစ်ယောက် အဲဒီရွာကို ရောက်ပြီး ငါးရက်လောက်
အကြာမှာ နံဘေးအိမ်က ဆွမ်းကျွေးရှိလို့ ကျနော်တို့လည်း အလှူ
အိမ်ကို သွားခဲ့ကြပါတယ်။ အလှူအိမ်ရောက်တော့ စကားစမြည်း
ပြောရင်ကနေ အလှူအိမ်မှာ ဆွမ်းစားကြွလာတဲ့ ဦးပဉ္ဇင်းတစ်ပါးဆီမှာ
ဒီကိုရင်လေး အပေါ် သနားမိတဲ့အကြောင်း လျှောက်မိကြပါတယ်။
ဦးပဉ္ဇင်း မိန့်ကြားတာကို နားထောင်ရတာ တော်တော် စိတ်မကောင်း
ဖြစ်စရာပါ …။

ရွာထဲမှာ အလှူအတန်းတွေရှိလို့ လော်စပီကာ အသံကြားရင် အဲဒီ
အရူးမကြီးဟာ ရွာထဲကို ၀င်ရောက်လာလေ့ ရှိပါတယ်။ အဲဒီအခါ
လူတွေက သူ့ကို ရွာအပြင်ကို မောင်းထုတ်ကြပါတယ်၊ ဟောက်ဟမ်း
ပြီး မောင်းထုတ်လို့ မရရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်ပေါက် ကြ
ပါတယ်။ အဲဒီအခါ ကိုရင်လေးက သူ့အမေအပေါ် မနှိပ်စက်ဖို့ ငိုယိုပြီး
တောင်းပန်ပါတယ်။ မကြာခဏ ဆိုသလို ရွာထဲက ကလေးတွေနဲ့
ကာလသား လူငယ်တချို့ဟာ အရူးမကြီးကို စ’နောက်လေ့ ရှိပါ
တယ်။ အရူးမကြီးက အော်ဆဲရင် ကျောက်ခဲအသေးတွေနဲ့ ပြစ်
ပေါက်လေ့ရှိပါတယ်။

နေ့စဉ်ဆိုသလို ကိုရင်လေးက သူ့အမေကို ဆွမ်းခံပြီး ရှာကျွေး
နေရပါတယ်။ စိတ်မမှန်တဲ့ အရူးမကြီးဟာ သူ့ကိုယ် ရှာကျွေးနေ
တဲ့ သူ့သား ကိုရင်လေးရဲ့ ဒုက္ခကိုလည်း လုံးဝမသိ၊ ဒီကြားထဲ
ဟင်းတွေက သိပ်မကောင်းရင် သူ့ကိုယ် ထမင်းခွံ့ကျွေးနေတဲ့
သူ့သား ကိုရင်လေးကို ထုထောင်း ရိုက်ပုတ်လေ့ ရှိပါတယ်။
အဆိုးဝါးဆုံးက အဲဒီအရူးမကြီးရဲ့ နေထိုင်မှုပါ၊ ရွာအပြင် သင်္ချိုင်း
ဇရပ်မှာ အမျိုးသမီး တစ်ဦးတည်းနေထိုင်ရတဲ့ သူ့ဘ၀ဟာ အန္တရာယ်
အမျိုးမျိုး ရှိနိုင်ပါတယ်။ ပြဿနာ တစုံတရာဖြစ်လို့ လှမ်းအော်ရင်
တောင် ဘယ်သူမျှ မကြားနိုင်တဲ့ နေရာပါ၊ နံဘေးက လှည်းလမ်းပေါ်
မှာ နေ့ရာ ညပါ ဖြတ်သန်းသွားသူတွေထဲ လူကောင်းတွေ ရှိသလို
မူးရူး ရမ်းကား သူတွေလည်း ရှိပါတယ်။ တစုံတရာများ ထပ်မံ့ အဓမ္မ
လုပ်မယ်ဆိုရင် စိတ်ရောဂါ ဝေဒနာသည်ရဲ့ ဘ၀ဟာ ခုခံနိုင်စရာ
အနေအထား မရှိပါ။

ဆရာတော်က ရန်ကုန်ကနေ အလည်လာတဲ့ ကျနော်တို့ထံ
အကူအညီ တောင်းပါတယ်။ ကိုရင်လေးရဲ့ လက်ရှိဒုက္ခတွေလည်း
သက်သာသွားအောင်၊ သူ့မယ်တော် အရူးမကြီးရဲ့ ဘ၀လည်း
တစုံတရာ ပြေလည်သွားအောင် ရန်ကုန်မှာ ရှိတဲ့ စိတ်ရောဂါကု
ဆေးရုံးနဲ့ ဆက်သွယ်ပြီး အရူးထောင်တို့ ဘာတို့မှာ ထားလို့
ရမယ်ဆိုရင် ထားချင်ကြောင်း မိန့်ကြားပါတယ်။ ကျနော်တို့နှစ်ဦး
လည်း တပည့်တော်တို့ အချင်းချင်း တိုင်ပင်ပါ့မယ်လို့ ပြောပြီး
တည်းခိုရာ အိမ်ဆီ ပြန်လာခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်
ကလည်း နေ့စဉ်မြင်တွေ့နေရတဲ့ ဒီပြဿနာကို ဖြေရှင်းချင်ကြောင်း
ပြောပြပါတယ်။

ဒီလိုနဲ့ အဲဒီနေ့ ညနေရောက်တော့ ထုံးစံအတိုင်း ကိုရင်လေး
ကြွလာပါတယ်။ ကျနော်တို့ ခေါင်းဆောင်လည်း အိမ်မှာချက်ထား
တဲ့ မရှိ ရှိတာလေးတွေကို စုပေါင်းပြီး သူ့အမေ အရူးမကြီး စားဖို့
ထည့်ပေးလိုက်ပါတယ်။ နောက်နာရီဝက်လောက်နေတော့ ကိုရင်
လေး ကျနော်တို့အိမ်ကို ရေးကြီးသုတ်ပျာ ပြေးလာပါတယ်။ ဘာ
ဖြစ်လို့လဲ မေးလျှောက်တော့၊ သူ့အမေ အရူးမကြီး တော်တော်
လေး နေမကောင်းဖြစ်ပြီး ဇရပ်ပေါ်မှာ အိပ်နေသလိုလို မေ့နေ
သလိုလို နိုးမရကြောင်း ပြောပြပါတယ်။ ဒါနဲ့ ကျနော်တို့ သုံးယောက်
သား ကိုရင်ငယ်လေးနောက် လိုက်ပြီး ကြည့်ခဲ့ပါတယ်။ တနေ့ကုန်
သွားချင်ရာကို စိတ်ကူးပေါက်သလို လျှောက်သွားတော့ အပူရှပ်ပြီး
ဖျားနေပုံ ရပါတယ်။ နိုးလို့လဲ မရပါဘူး။ ဒါကြောင့် ရွာထဲက မြင်း
လှည်းတစ်စီးကို အမြန်ဌားပြီး နံဘေးရွာက ကျန်းမာရေးဆေးမှူး
ထံ သွားပြ ပေးရပါတယ်။ တစ်ရွာနဲ့ တစ်ရွာက နည်းနည်းအလှမ်း
ဝေးတော့ မြင်းလှည်းဌားခက ဈေးမနည်းပါ။ ကျန်းမာရေးဆေးမှူး
ပေးလိုက်တဲ့ ဆေးတချို့ ယူလာပြီး ရွာကို ပြန်ခဲ့ကြပါတယ်။

ကျနော်တို့ ခေါင်းဆောင်နဲ့ ဘုန်းတော်ကြီးကျောင်းက ဆရာတော်
တို့ရဲ့ တိုက်တွန်းပြောဆို မေတ္တာရပ်ခံမှုကြောင့် ဒီအရူးမကြီးကို
ကျနော်တို့ အပြန် ရန်ကုန်ကို ခေါ်ဆောင်ဖို့ ကျနော်တို့ နှစ်ယောက်
ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ကို ပြန်မယ့် ကျနော်တို့ နှစ်ယောက်
လက်ထဲမှာ ပိုက်ဆံ အခြေအနေက သိပ်မကောင်းပါဘူး။ ကိုရင့်အမေ
အရူးမကြီး နေမကောင်းဖြစ်တုန်းက မြင်းလှည်းဌားပေးတာရယ်၊
ကျနော်တို့ ခေါင်းဆောင်ကို အရေးအကြောင်းရှိရင် သုံးစွဲဖို့ ငွေ
အနည်းငယ်လောက် ပေးခဲ့တာကြောင့်ပါ။ ဒီ အရူးမကြီးနဲ့ ကျနော်တို့
နှစ်ယောက် ကားတစ်စီးကို လုံးချင်းဌားပြီး ရန်ကုန် ပြန်ဖို့ မပြောနဲ့
သာမန် ခရီးသည်တင် ကားနဲ့ ခေါ်ဖို့တောင် ပိုက်ဆံ မလောက်
တော့ပါ။ ဒါနဲ့ ရွာထဲမှာ ပိုက်ဆံရှိပြီး အကြွားသန်တဲ့ လူတစ်ယောက်
ကို သွားတွေ့ပါတယ်။ သူ့ကို ကျနော့်လက်ပတ်နာရီ ပြန်ရောင်းချင်
ကြောင်း၊ ဒီလက်ပတ်နာရီဟာ နိုင်ငံခြားကနေ လှမ်းပို့ထားတဲ့
အကောင်းစား နာရီဖြစ်ကြောင်း၊ သူ ယုံကြည်အောင် အမျိုးမျိုး ရွှီးပြီး
(၇၀၀)ကျပ်နဲ့ ရောင်းခဲ့ပါတယ်။

ကိုရင်လေးက ပထမတော့ သူ့မိခင်အတွက် တော်တော်လေး
စိတ်ပူနေပါတယ်။ ဆရာတော်နဲ့ တကွ ကျန်သူအားလုံးက
အမျိုးမျိုး ပြောဆိုမှုကြောင့် နောက်ဆုံးမှာ လက်ခံလိုက်ပါတယ်။
ဒါနဲ့ ကိုယ့်နာမည် ကိုယ်မသိသော စိတ်ရောဂါ ဝေဒနာသည်
အရူးမကြီးနဲ့ ကျနော်တို့ နှစ်ယောက် ရွာကနေ ရန်ကုန်သို့
ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်အထိ စီးမယ့် ကားဆီရောက်တော့
ကားသမားက တော်တော်နဲ့ လက်မခံပါဘူး။ တခြားခရီးသည်
အတွက် အနှောက်အယှက်ဖြစ်မှာကို သူတို့ စိုးရိမ်းနေကြပါတယ်။
ဒါနဲ့ အမျိုးမျိုး ပြောဆိုမှ သူတို့ လက်ခံလိုက်ပါတယ်။ လမ်းခရီး
တလျှောက် မော်တော်ကား ခဏရပ်တဲ့ ကားမှတ်တိုင်မှာ လာသမျှ
ဈေးသည်တွေရဲ့ မုန့်မျိုးစုံ၊ ဖျော်ရည်မျိုးစုံကို မကြာခဏ ၀ယ်ကျွေး
ချော့မော့ပြီး ခေါ်ဆောင်ရပါတယ်။ ခရီးသည်တွေလည်း ပထမ
တော့ ခပ်လန့်လန့်ပါ။ နောက်တော့ ကျနော်တို့ နှစ်ယောက်
ကို သနားပြီး ကိုယ်ချင်းစာပုံ ရပါတယ်။ စိတ်ရောဂါ ဝေဒနာ
သည် အရူးမကြီးကို ရွာက ခေါ်လာစဉ်မှာ ကျနော်တို့က
“အမတော် ဒေ၀ီသခင်မ၊ ကျွန်တော်မျိုးတို့နဲ့ ပျော်စရာအပြည့်
ရှိတဲ့ မဟာရန်ကုန် ရွှေနန်းတော်ကြီးကို သွားကြမယ်” ဆိုပြီး
အငြိမ့်ထဲက လေသံနဲ့ ချော့မောပြီး ခေါ်ခဲ့တာပါ။ ဒါကြောင့်
ကားစီးနေတဲ့ လမ်းတလျှောက်လုံး မကြာခဏ ဆိုသလို
“ဘိုးဘိုးတို့၊ အမတော်တို့ စံပျော်မယ့် ရွှေနန်းတော်ကို မဆိုက်
ရောက်သေးဘူးလား” လို့ မေးနေပါတယ်။ ကားပေါ်က တခြား
လူတွေလည်း တ၀ါးဝါးနဲ့ ပွဲကျပါတော့တယ်။ ရန်ကုန်အ၀င်
မင်္ဂလာဒုံမြို့နယ်ရှိ အဝေးပြေးလမ်းပေါ်မှာ ကားခဏ ရပ်နား
ပါတယ်။ ကားရပ်တဲ့ လမ်းနံဘေးမှာ အုတ်နံရံ ခပ်မြင့်မြင့်နဲ့
ဘုန်းကြီးကျောင်းတစ်ကျောင်း ရှိပါတယ်။ အဲဒီနံရံကြီးကို ကြည့်ပြီး
ရုတ်တရက် ကားပေါ်ကနေ ဆင်းပြီး ပြေးပါတော့တယ်။
ကျနော်တို့ နှစ်ယောက် အပါအ၀င် ကားပေါ်က ကျန်ခရီးသည်
တွေလည်း လိုက်ပြီး ခေါ်ဆောင်ရပါတယ်။ သူ့စိတ်ထဲ သူနေရ
မဲ့ ရွှေနန်းတော်လို့ ထင်နေပုံ ရပါတယ်၊ ပါးစပ်ကလည်း ဒါကြီး
က ငါ့နန်းတော် … ငါ့နန်းတော် ဆိုပြီး အော်နေပါတယ်။ ဒီလိုနဲ့
ကျနော်တို့ ရန်ကုန်ကို ရောက်ခဲ့ပါတယ်။ သီလရှင် ကျောင်းတစ်ခုမှာ
အဲဒီ အရူးမကြီးကို လေး … ငါးရက် လောက် ထားရပါတယ်။
နောက် မရမ်းကုန်းမြို့နယ် တံတားလေး စိတ်ရောဂါကု ဆေးရုံးကို
စုံစမ်းကြည့်ပါတယ်။ အရူးထောင်မှာ နေခွင့်ရဖို့ ကိစ္စက ထင်
သလောက်တော့ မလွယ်ကူပါ။ အစိုးရဆေးရုံးဟာ ကျန်းမာရေး
အသုံးစရိတ် ဘက်ဂျက်နည်းပါးမှုကြောင့် ဟောင်းလောင်းပါ။
လူနာရဲ့ ဆေးမှတ်တမ်းရဖို့ အရင်ကြိုးစား ရပါတယ်၊ ဆက်သွယ်
ရန် လူနာရှင် မိသားစု လိပ်စာနေရာမှာ ရွာက ကိုရင်လေး
သီတင်းသုံးရာ ဘုန်းကြီးကျောင်းလိပ်စာကိုပါ ထည့်ပေးရပါတယ်။
ဆေးရုံးရောက်ပြီး နှစ်ရက်လောက် အကြာမှာ ဆေးစစ်ခွင့် ရပါတယ်၊
လူနာရဲ့ အခြေအနေ မကောင်းတော့ပါ၊ သူ့မှာ အစာအိမ်ကင်ဆာ
လက္ခဏာ ရှိနေတယ်လို့ သက်ဆိုင်ရာ ဆရာဝန်ကြီးက ပြောပြ
ပါတယ်။ စိတ်ရောဂါ ဝေဒနာကို ခံစားနေရတဲ့အပြင် ကျွေးမဲ့သူ
မရှိတဲ့ နေ့ပေါင်းများစွာကို ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ဟာ
နေ၀င်ဖို့ တော်တော် နီးကပ်ခဲ့ပါပြီ။

ရန်ကုန် တံတားလေး စိတ်ရောဂါကု ဆေးရုံး(အရူးထောင်)
ကို ရောက်ပြီး (၂)နှစ်အကြာမှာ အစာအိမ်ကင်ဆာရောဂါနဲ့
ကွယ်လွန်သွားရှာပါတယ်။ သူ့ဈာပနအတွက် တောက
ကိုရင်လေးနဲ့ ဆရာတော်များထံ လှမ်းပြီး အကြောင်းကြား
ပါတယ်။ သူမရဲ့ အလောင်းကို မီးသင်္ဂြိုဟ်စက်ထဲ ထည့်တော့
မယ့် အချိန်မှာ သားဖြစ်သူ ကိုရင်ငယ်လေးက …
“မယ်တော်ကြီးရယ်၊ ဒုက္ခပေါင်းများစွာကြားက ကိုရင် ကို
မွေးဖွားပေးခဲ့တဲ့ ဒီဝဋ်ဆင်းရဲဟာ သံသရာခရီးမှာ နောက်ဆုံး
ဖြစ်ပါစေ …”
လို့ ပြောတဲ့စကားကို ယနေ့အထိ ကြားယောင် နေဆဲပါ။


(ပြီးပါပြီ။)
(မှတ်ချက်။ ။
ယနေ့ ကျရောက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်း၏ (၉၅)နှစ်မြောက်မွေးနေ့၊ မြန်မာနိုင်ငံ ကလေး
များနေ့အတွက် ရည်စူးပြီး ဒီပို့စ်ကို ရေးသားပါတယ်။
အထက်ဖော်ပြပါ ဖြစ်ရပ်မှန်များကို ကျနော်သည် ပြည်တွင်း၌
နေထိုင်ခဲ့စဉ်က ခင်မင်ရင်းနှီးရာ စာရေးဆရာအချို့နှင့် ရုပ်ရှင်
ဇာတ်ညွှန်းရေးဆရာ အချို့အား ပြောပြခဲ့ဖူးပါတယ်၊ သူတို့
ရေး မရေးတော့ ကျနော် မသိတော့ပါ။

ကလေးငယ်တိုင်း ပျော်ရွှင်မှု ရပါစေ …” )

17 comments:

Anonymous said...

စိတ်မကောင်းလိုက်တာ ... ဒါပေမယ့် ကိုရင်လေး ရဲ့  အမေ တော့ မြန်မြန်ဝဋ်ကျွတ် သွား တာ ဘဲ ဒီ ဘ၀ မှာ သက်သာရာ ရ သွား တယ် လို့ ဆို ရ မလား ... ( မြန် မာ ပြည်မှာ အ ရူး မို့ လို့ ခဲ နဲ့ ပေါက် တတ် တဲ့ အ ပြု အ မူ မျိုး တော့ ဆင် ခြင် စရာ တ ခု ပါ )
ပ ထ မ ပိုင်း က ဒိန်း မတ် က မိ သား စု လေး ရော နောက် ပိုင်း ဘယ် လို ဖြစ် သွား လဲ မသိ ဘူး နော် ...
ဇာတ် သိမ်း ပိုင်း လေး ဒီ နေ့ တင် ပေး တဲ့ အ တွက်
ကျေး ဇူး ပါ ...

mie nge

ကိုအောင်(ပျူနိုင်ငံ) said...

မမီးငယ်ရေ ...
ဒိန်းမတ်ဇာတ်လမ်းက ကလေးငယ် Jørn ဟာ မိဘမဲ့
ဂေဟာမှာ နေထိုင်နေဆဲပါ၊ ဆရာဝန်တွေက သူ့ရဲ့
ဆေးစစ်ချက်ကို နောက် နှစ် နှစ်လောက်မှာ ထုတ်ပြန်နိုင်
မယ်လို့ ပြောကြပါတယ်။

မေဓာဝီ said...

ဖတ်ရတာ စိတ်မကောင်းစရာပဲ ကိုအောင်ရယ်။ ဘ၀၀ဋ်ကြွေးတွေပဲ ထင်ပါရဲ့။ ရူးနေတဲ့သူတယောက်ကို လူမဆန်စွာပြုရက်တဲ့သူတွေကိုတော့ တော်တော်အံ့သြမိတယ်။
အရူးအမေကြီးကို ဆွမ်းခံကျွေးတဲ့ ကိုရင်လေးကို ချီးကျူးမိတယ်။ ငွေကြေးအခက်အခဲနဲ့ လုပ်ငန်းတွေကြားက ရန်ကုန်ထိခေါ်လာပေးတဲ့ ကိုအောင်တို့ကိုလဲ လေးစားချီးကျူးမိပါတယ်။

TNS said...

ကိုအောင် ..
ပထမဆုံးပြောချင်တာက..
ကိုအောင်တို့ တွေရဲ့ လူသာားချင်း ကိုယ်ချင်းစာနာစိတ်နဲ့ 
ကူညီမှုကို သာဓုခေါ်ပါတယ်..။
နောက်အတွေးတခုကတော့ ငယ်ရွယ်တဲ့ ဘ၀အသိတရားမှာဘဲ
သံသရာဒုက္ခတရားကို
မျက်ဝါးထင်ထင်ကိုယ်တိုင်ကြုံတွေ့ ခဲ့ ရတဲ့ 
ကိုရင်လေး.....
သံသရာလွတ်မြောက်ကြောင်းတရားတွေကိုဆက်လက်ကျင့်ကြံနိုင်မယ်လို့ တွေးမိတာပါ.။
အရူးဖြစ်နေလို့  လူရာမသွင်းတတ်တဲ့ စိတ်ဓါတ်ကိုတော့
ကျနော်တို့ တိုင်းပြည်မှာ ပျောက်သင့်ပါပြီ။

ရွှေရတုမှတ်တမ်း said...

ဇတ်သိမ်းရေးပြီးမှလာဖတ်ဖြစ်တော့..စောင့်မနေရလို့တော်သေးတာပေါ့..
သတ္တဝါတွေရဲ့ ကုသိုလ်၊အကုသိုလ်ကံတွေဟာ..
ထိတ်လန့်တုန်လှုပ်စရာပါပဲ

Zaw Myo Lwin said...

အမိမြန်မာပြည်အတွင်း ဆင်းရဲနွံနစ်နေကြရရှာသော ကလေးငယ်တိုင်းနှင့် သူတို့၏ မိဘများအားလုံး ကံကောင်းကြပါစေ …

ကလူသစ် said...

ဝတ်ကြွေးတွေပေါ့ဗျာ။ ကိုပျူတို့တတွေကိုလဲ သာဓုခေါ်ပါတယ်။ အကြွားသန်တဲ့သူကိုလဲ ကျေးဇူးတင်ပါတယ်။ ဒီလိုလူမျိုးလဲရှိနေသင့်တယ်မဟုတ်လား။

အိမ်မက်မြေ said...

ကိုအောင်ရေ လာလည်သွားပါတယ်ဗျာ။

စုချစ် said...

ဇာတ်သိမ်းပိုင်းပြီးမှပဲ အားလုံးပေါင်းဖတ်တော့တယ်...
ဟိုတနေ့က သတင်းထဲမှာ မတရားကျင့်ခံရတဲ့ ကောင်မလေးက ကလေးရသွားလို့ ရွာပြင်ထုတ်ခံရတဲ့ သတင်းမျိုးဖတ်ရတယ်။ မတရားကျင့်တဲ့သူကိုတော့ ရွာလူကြီးများက ခွင့်လွှတ်တယ်တဲ့...
မြန်မာပြည်မှာလည်း ရှေးရိုးစွဲအယူတွေကြောင့် အရူးမကြီး ကလေးရလို့ ရွာပြင်မှာ ပဲ နေရတယ်ဆိုတာ ဖတ်ရတော့ ... လူတွေရဲ့ ကိုယ်ချင်းစာ တရားကင်းမဲ့ပုံကို အံ့သြမိတယ်။
ကိုရင်လေးကိုလည်း အသက်ငယ်ပေမဲ့ တကယ်ကို လေးစားချီးကျူးမိပါတယ်။
ကိုအောင်တို့ရဲ့ စာနာကူညီမှုအတွက် ဂုဏ်ယူလေးစားလျက်...

YoungGun said...

စာအုပ်တွေထဲက ဇာတ်လမ်းတွေထက် လက်တွေ့ဘဝက ပိုပြင်းထန်ကြမ်းရှတယ်။ အားလုံး ဗေလင်တိုင်းနေချိန်မှာ ဒီလိုဇာတ်လမ်း ဖတ်ခွင့်ရတာ ကိုယ့်ကိုကိုယ် ရှက်မိသလို ခံစားရတယ်။ ကိုယ်လုပ်နိုင်တာ ဘာရှိမလဲ .. စဉ်းစားမိတဲ့နေ့တစ်နေ့ပါပဲ။

laminkhin said...

ကိုအောင်ရေ ကိုယ့်အကြိုက် Tag ထားတယ် အားရင် နော့

nahyone said...

စိတ်ဝေဒနာသည်တွေကမွေးတဲ့ကလေးတွေဘဝက စိတ်မကောင်းစရာဘဲဗျာ

Nge Naing said...

ကိုအောင်ရေ ကိုယ်နဲ့ ဘာမှ သွေးမတော်သားမစပ်တဲ့ အရှုးမကြီးကို တောကနေ ရန်ကုန်အရောက် ခေါ်တင်လာပေးတဲ့ စေတနာကို ချီးကျူးလေးစားမိတယ်။ စိတ်ရောဂါ ရနေတဲ့ကြားထဲက ကင်ဆာက ထပ်ဖြစ်တဲ့ အရှုးမကြီးကလည်း ဘာဝဋ်ကြွေးလဲမသိဘူးနော့်။ တကယ်အဖြစ်အပျက်တွေက စိတ်ကူးယဉ် ဇာတ်လမ်းထက်တောင် ဆန်းကျယ်သေးတယ်နော့်။

PhotoVigor said...

it's really touching.

nwelay said...

စိတ်မကောင်းစရာကောင်းလှပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးနဲ့ အလားတူတဲ့ စိတ်ကျန်းမာရေးမကောင်းရှာတဲ့ အမျိုးသမီးကို ငယ်ငယ်က တွေ့ခဲ့ဘူးပါတယ်။ ကလေးငယ်ကတော့ တိမ်းပါးသွားခဲ့ပါတယ်။ အဲသလို လေလွင့်အခြေမဲ့နေရတဲ့ အမျိုးသမီးမျိုးကို အခွင့်အရေး ယူရက်တဲ့သူကိုလည်း အံ့သြရွံရှာခဲ့မိဘူးပါတယ်။

ဆောင်းနှင်းရွက် said...

ဇာတ်သိမ်းပိုင်းက

“မယ်တော်ကြီးရယ်၊ ဒုက္ခပေါင်းများစွာကြားက ကိုရင် ကို
မွေးဖွားပေးခဲ့တဲ့ ဒီဝဋ်ဆင်းရဲဟာ သံသရာခရီးမှာ နောက်ဆုံး
ဖြစ်ပါစေ …”

ဆိုတဲ့ ကိုရင်လေး ပြောတဲ့ စကားကို ဖတ်ပြီး
ဆို့သွားတာပဲ ..
ယူတတ်မယ်ဆို အသိတရား ရစေတဲ့
ပို့စ် လေး တစ်ပုဒ်ပါပဲ ..
ဦးအောင် ရဲ့ စေတနာကိုလည်း လေးစားပါတယ် ..
စိတ်ဝေဒနာ ရှင် တစ်ယောက်ကို
လက်ခံပြီး ရန်ကုန် အထိ ခေါ်လာပြီး
အစစ အရာရာ လုပ်ပေးခဲ့တဲ့ အတွက်ပါ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

shwekhaing said...

စိတ်မကောင်းလိုက်တာ .. ကလေးတွေ အားလုံး ပျော်ရွှင်နိုင်ကြပါစေ .. တရား သံဝေဂ ရမိတယ် .. လူသား အချင်းချင်း ကူညီတဲ့ ကိုအောင် ကိုလဲ ချီးကျူးပါတယ် ..