Saturday, 19 December 2009

ရာသီဥတု ညီလာခံသို့ အပိုင်း(၂)

ရေးသူ- စစ်ငြိမ်းဒီရေ

ယခင် အပိုင်း(၁)မှ အဆက် ….

ကျနော်တို့ နှစ်ယောက် ဘတ်စ်ကားပေါ်မှာ နံဘေးချင်း ကပ်လျှက်
အတူတူ စီးနင်းလိုက်ပါ ခဲ့ကြပါတယ်။ တရုတ်လူမျိုးဖြစ်တဲ့ သူက အစိုးရ
NGO မှ ၀န်ထမ်းတစ်ဦး ဖြစ်တယ်လို့ ပြောပါတယ်။ ရာသီဥတု အပြောင်း
အလဲကြောင့် နေမကောင်းဖြစ်ပြီး ညီလာခံဆီသွားဖို့ နောက်ကျရကြောင်း
သူက ဆက်ပြောပါတယ်။ ကျနော့်ကို ဘာလူမျိုးလဲလို့ မေးတော့ … ကျနော်က
ဘားမိ့စ် (Burmese) လို့ ပြောပါတယ်။ အာရှတိုက်ကလားလို့ ထပ်မေးတော့
… ကျနော် မျက်လုံးပြူးပြီး သူ့ကို ကြည့်လိုက်ပါတယ်။

မင်းတို့တရုတ်ပြည်ရဲ့ တောက်ဖက်မှာ ရှိတဲ့ ဗမာပြည်ဆိုတာ မင်း မသိဘူး
လားလို့ ကျနော် ပြန်ပြောလိုက်တော့ … သူက ရယ်ပြီး … ငါတို့ တရုတ်
တွေက ဘားမား(Burma) ကို “မြန် ထီးရမ်” (သူ့ အသံထွက်ကို ကျနော်
မဖမ်းနိုင်ပါ) လို့ ခေါ်ဝေါ်ကြောင်း ပြောပါတယ်။ ဒီလိုနဲ့ မိနစ် (၂၀)လောက်
ကြာတော့ ဘတ်စ်ကားမောင်းတဲ့ ကားသမားက ရှေ့က မှတ်တိုင်အထိသာ
သွားလို့ရမှာ ဖြစ်ကြောင်း မိုက်ကရိုဖုန်းနဲ့ ကြေငြာပါတယ်။ ဘဲလာစင်တာ
ကို သွားချင်တဲ့ ဧည့်သည်တွေအနေနဲ့ ရှေ့မှတ်တိုင်ကနေ ကိုယ့်အစီအစဉ်
ဖြင့် လမ်းလျှောက်ပြီး သွားကြဖို့ ပြောပါတယ်။ ကျနော်အပါအ၀င်
ဘတ်စ်ကားပေါ်က ခရီးသည် (၂၀)ကျော်ခန့်ဟာ ဘတ်စ်ကား ပြန်လှည့်တဲ့
ကားမှတ်တိုင် တစ်ခုမှာ ဆင်းရပါတော့တယ်။

ကားပေါ်က ဆင်းဆင်းချင်း ကိုမြင့်ဝေနဲ့ ကိုမိုက်ကယ်တို့ထံ ကျနော်ဖုန်း
ခေါ်ပါတယ်။ သုံး .. လေးခါအထိ သူတို့ ဖုန်းမကိုင်ကြပါဘူး။ ကျနော့်
လက်ကိုင်ဖုန်းက ဘက်ထရီအား ကုန်တော့မဲ့ အချက်ပြ အသံ ထွက်လာ
ပါတယ်။ ကွိုင်ပဲ …။ နည်းနည်းလေး ကြာတော့ ကိုမိုက်ကယ်က ကျနော့်
ထံ ဖုန်းခေါ်လာပါတယ်။ အခြေအနေတွေ ရှုပ်ထွေးနေကြောင်း၊ ဆန္ဒပြသူ
တွေကို ရဲက လမ်းမတွေပေါ်ကနေ ဖြိုခွဲနေကြောင်း ပြောပြပါတယ်။ မြန်မာ့
အရေး ဆန္ဒပြသူတွေကတော့ ရဲပါမစ် ရယူထားကြောင်း၊ အခြားဆန္ဒပြသူ
တွေနဲ့ မရောထွေးပဲ ပြန်လည်ဆုတ်ခွာပြီး၊ တော်တော်ကြာမှ ပြန်လာကြဖို့
ရဲက မေတ္တာရပ်ခံကြောင်းပါ ပြောပါတယ်။ ကိုမိုက်ကယ်နဲ့ စကားပြောနေရင်
ကိုမြင့်ဝေပါ ကျနော့်ကို လှမ်းပြောပြနေပါတယ်။ Metro မီးရထား ဂုံးကျော်
တံတားနဲ့ ဘဲလာစင်တာတို့ ဆုံတဲ့ နေရာကို မှန်းပြီး လာခဲ့ဖို့ ပြောပါတယ်။



ကျနော်နဲ့ ခရီးသွားမိတ်ဆွေ တရုတ်လူငယ်တို့ စမ်းတ၀ါးဝါးဖြင့် ဘဲလာ
စင်တာဆီ သွားနိုင်မဲ့ လမ်းတွေကို ရှာကြည့်ကြပါတယ်။ ဘတ်စ်ကား
မှတ်တိုင်မှာ ရှိတဲ့ လမ်းညွန်မြေပုံ ဆိုင်းဘုတ်မှာ ရှာကြည့်ပါတယ်။ ကျနော်
တို့ ရောက်နေတဲ့ နေရာနဲ့ ဘဲလာစင်တာကြားမှာ သွားလို့ရမဲ့ လမ်းကို ရှာ
မတွေ့ပါဘူး။ မြေပုံထဲတွင် အဝေးပြေးလမ်းမကြီးကနေ ဘဲလာစင်တာကို
ဝင်လို့ ရကြောင်းပဲ ပြထားပါတယ်။ ကျနော်တို့နှစ်ယောက် စကား
တပြောပြောနဲ့ ရပ်ကွက် လမ်းကြားတစ်ခုထဲကို ၀င်ခဲ့ပါတယ်။ လမ်းကွေ့
တစ်ခုနား အရောက်မှာ လူငယ် (၃၀) ခန့်ကို ရုတ်တရက် တွေ့လိုက်
ရလို့ ကျနော်တို့နှစ်ယောက် ၀မ်းသာသွားပါတယ်။ သူတို့က ဘဲလာ
စင်တာ နံဘေး ဆန္ဒပြပွဲမှ ဆုတ်ခွာလာကြသူတွေ ဖြစ်ပါတယ်။ အဲဒီ
လူငယ်တွေက နိုင်ငံတော်တော် စုံပါတယ်။ အများစုဟာ စပိန်နိုင်ငံက
Environmental engineering ဘာသာရပ်ကို သင်ကြားနေတဲ့
တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေပါ။ ပြင်သစ်၊ ချက်၊ ဟန်ဂေရီ
အစရှိတဲ့ နေရာမျိုးစုံက လာတဲ့ ကျောင်းသားတွေလည်း ပါဝင် ပါတယ်။
သူတို့ထဲရှိ ဆွီဒင်နိုင်ငံမှ လာတဲ့ ကျောင်းသူလေးတစ်ဦးက ကျနော်တို့
နှစ်ယောက်ကို ရာသီဥတု ထိန်းချုပ်ရေးနဲ့ ပက်သက်တဲ့ လက်ကမ်း
စာစောင်တွေ ပေးဝေပါတယ်။

အဲဒီလူငယ်တွေ အားလုံးနီးပါးဟာ ခေတ်ဆန်ဆန် ပုံစံတွေပါ။ ဆံပင်တွေ
ကို အရောင်မျိုးစုံ ဆိုးထားသလို နားမှာလည်း အပေါက်မျိုးစုံ ဖောက်ပြီး
ကွင်းမျိုးစုံ ချိတ်ဆွဲ ထားကြပါတယ်။ သို့ပေမဲ့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲ
မှုကြောင့် အခက်အခဲမျိုးစုံတွေ့ကြုံနေရတဲ့ ကမ္ဘာ့ပြည်သူတွေ အပေါ်
စာနာ သနားတတ်တဲ့ သူတို့ရဲ့ စိတ်ဓါတ်ကတော့ အင်မတန် ချီးကျူး
လေးစားစရာ ကောင်းလှပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုကို အတု
ခိုးပြီး ဆံပင်မှာ အရောင်မျိုးစုံ ဆိုးထားသူတွေ၊ နားမှာ အပေါက်မျိုးစုံ
ဖောက်ထားသူတွေကို ယခင်က ကျနော် တွေ့ဖူးပါတယ်။ သူတို့ရော
ဒီလူငယ်တွေလို ကမ္ဘာမြေကို ချစ်တတ်ကြပါသလား ….။

ကျနော်တို့ နှစ်ယောက် ရှေ့ကို ဆက်လျှောက် ခဲ့ကြပါတယ်။ ကျနော့်
နံဘေးက တရုတ်လူငယ်က … မင်း ဒီဒိန်းမတ်နိုင်ငံမှာ ကျောင်းလာ
တက်နေတာလား … သို့မဟုတ် မစ်ရှင်တစ်ခုက ၀န်ထမ်းလား တဲ့။
ငါ … UNHCR အစီအစဉ်နဲ့ ဒိန်းမတ်ကို ရောက်ခဲ့တာလို့ ကျနော်က
ပြောလိုက်တော့ … သူ့မျက်မှန်အောက်က သူ့မျက်လုံးတွေ နည်းနည်း
ပြူးသွားပါတယ်။ ဆက်ပြီးတော့ …
(တရုတ် NGO လူငယ်) မင်းတို့တိုင်းပြည်မှာ ၂၀၀၈ ခုနှစ်တုန်းက
နာဂစ်မုန်တိုင်းကြောင့် လူတွေ အများကြီး အသက်ဆုံးရှုံးခဲ့ရတယ်နော်။

(ကျနော်) ရာသီဥတု ပြောင်းလဲမှုအကြောင်း ငါ သိပ်မသိဘူး၊ နာဂစ်
မုန်တိုင်းကြောင့် ရေကြီးခဲ့တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသဟာ လက်ရှိ
စစ်အာဏာရှင်အစိုးရ မတိုင်ခင်တုန်းကဆို ဒီရေရောက် သစ်တောတွေ
အများကြီး ရှိခဲ့ဖူးတယ်။ စစ်အစိုးရက ပိုက်ဆံလိုချင်လို့ အဲဒီသစ်တောတွေ
ကို ခုတ်လှဲတယ်။ ပတ်ဝန်းကျင်မှာလည်း အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့
လို စက်မှုဖွံ့ဖြိုးလာတဲ့ တိုင်းပြည်တွေက ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ့တွေ အများကြီး ငါတို့ တိုင်းပြည် အပေါ်က လေထုထဲမှာ ရှိနေ
မယ်လို့ ငါ ထင်တယ်။ မင်းတို့လို ပတ်ဝန်းကျင်မှာ ရှိတဲ့ တိုင်းပြည်တွေ
ကလည်း လူသား အရင်းအမြစ်အပေါ် အခြေခံပြီး စက်မှုလုပ်ငန်းတွေ
ထူထောင်ပြီး စက်ရုံတွေ တည်ဆောက်ကြတယ်။ ငါတို့ တိုင်းပြည်က
သောက်ရူး စစ်ဗိုလ်ချုပ်တွေကလည်း ပိုက်ဆံလိုချင်လို့ သစ်တောတွေ
ကို ခုတ်လှဲတယ်။ အဲဒီအကျိုးဆက်ကြောင့် အပြစ်မဲ့တဲ့ ငါတို့လူမျိုးတွေ
အများကြီး သေရတာ။

(တရုတ် NGO လူငယ်) ဒါဆို မင်း NGO လုပ်ငန်းကို လုပ်ပါလား …။

(ကျနော်) အဲဒီ NGO လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် ရပ်တည်
နိုင်ဖို့ နိုင်ငံရေး စနစ်တစ်ရပ် အရင် လိုတယ်လို့ ငါတော့ ထင်တယ်။

ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ဟိုလမ်းကို ချိုးကွေ့ပြီး ၀င်လိုက်၊ ဟိုလမ်း
ကနေ ပြန်ထွက်လိုက်နဲ့ ဘဲလာစင်တာ ရှိရာဆီ သွားခဲ့ကြပါတယ်။
လမ်းထိပ်တစ်ခုကို အရောက်မှာ ကျနော့်နားထဲ လေထဲက ဆူဆူညံ့ညံ့
အသံတစ်ခုကို သတိထားမိလိုက်ပါတယ်။ ရဟတ်ယာဉ် တစ်စီးက လေထဲ
မှာ ရပ်ထားတဲ့ ပုံစံဖြစ်နေပြီး နောက်ထပ် ရဟတ်ယာဉ် နှစ်စီးက နံဘေးမှ
ဝဲနေတာကို တွေ့လိုက်ရပါတယ်။ ကျနော်တို့ရှေ့ မလှမ်းမကမ်းက လမ်းဆုံ
တနေရာမှာ စက်ဘီးနှစ်စီးနဲ့ ဒိန်းမတ်လူမျိုး အဖွားအို နှစ်ဦးကို တွေ့လိုက်
ရပါတယ်။ သူတို့ရဲ့ စက်ဘီးတွေပုံစံက ကလေးမွေးခါစ ကလေးမိဘတွေ
အများဆုံး အသုံးပြုကျတဲ့ စက်ဘီးပုံစံပါ။ ရှေ့မှာ ကလေးငယ်နှစ်ဦးခန့်
ဝင်ထိုင်ပြီး လိုက်ပါနိုင်တဲ့ ဘီးတပ် ရှေ့တွဲလေး တစ်ခု ရှိပါတယ်။ ဒီအဖွားအို
နှစ်ဦးက သူတို့ စက်ဘီးတွေရဲ့ အဲဒီ ရှေ့တွဲထဲမှာ ဆန္ဒပြသူတွေ ဗိုက်ဆာ
ရင် စားဖို့ အားလူးပြုပ်တွေ၊ ပေါင်မုန့်တွေ၊ ထောပတ်ဗူးငယ်တွေ၊ ကော်ဖီ
ဓါတ်ဗူးတွေ၊ တစ်ခါသုံး ကော်ဖီခွက်တွေ အစရှိတာတွေကို သယ်ဆောင်ပြီး
ဆန္ဒပြသမားတွေကို လိုက်လံရှာဖွေ အခမဲ့ ကျွေးမွေး ပြုစုသူတွေပါ။

အဖွားအို နှစ်ဦးစလုံးရဲ့ ဆံပင်တွေဟာ လုံးဝ ဖြူဖွေးနေပါပြီ။ ပါးရည်
တွေ တွန့်နေတဲ့ မျက်နှာပြင်ပေါ်မှာ သူတို့ရဲ့ ကြည်နူးဖွယ် အပြုံးတွေ
တွေ့နေရပါတယ်။ သူတို့ နှစ်ဦးစလုံးဟာ အသက်အရွယ်အားဖြင့်
(၇၀)ကျော်ခန့် ရှိသူတွေပါ။ ကျနော်တို့ အာရှတိုက်မှာ ဆိုရင် ဒီလို
အသက်အရွယ်ရှိသူတွေဟာ ဘာသာရေး နယ်ပယ်အနီးတ၀ိုက်မှာ
သာ အချိန်ပေးလေ့ ရှိပါတယ်။ ဒီအဖွားအိုတွေက ဘာသာရေးထက်
ကမ္ဘာ့ ရာသီဥတု ပိုမိုသာယာကောင်းမွန်ရေး ဆန္ဒပြသူတွေအပေါ်
ထားတဲ့ စေတနာဟာ တကယ့်ကို ဂုဏ်ယူ လေးစားစရာပါ။

(ဆက်ရန်။)

5 comments:

ရွှေရတုမှတ်တမ်း said...

ကိုအောင်ရေ..အော်လံပျောက်နေလို့ ဒီကပဲအော်သွားတယ်...merry X'mas ,&Happy New year ဗျို့

Nge Naing said...

ကိုအောင်ရေ လာဖတ်သွားပါတယ်။ ကိုအောင်ရေ သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကမ္ဘာ့ရာသီဥတုကြီး ဖေါက်ပြန်နေတာ ကြောက်စရာအတော်ကောင်းပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စိတ်ဝင်စားသူ ဦးရေ ပိုများလာဖို့လိုအပ်နေတာ အမှန်ပဲ။

သားထူး said...

ကောင်းတယ် ငါ့လူရေ..မောင်ရင် အရေးအသားတွေ ကိုယ်ကြိုက်တယ်

အဆင်ပြေပါစေကွာနော့်

ခင်တဲ့
ရန်နိုင်

Nightin said...

ဟဲလို

ဖြိုးဝေ-mmp said...

တစ်ကမ္ဘာလုံးရဲ့ အရေးကို ခုလိုစိတ်ရှည်လက်ရှည်ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆက်ရန်ကို စောင့်ဖတ်မယ်ဗျို့