Friday, 23 October 2009

ကျွန်တော်သိခဲ့သော တရားစီရင်ရေး စနစ်

ရေးသူ- စစ်ငြိမ်းဒီရေ



(၂၂.၁၀.၂၀၀၉) ကြာသာပတေးနေ့ ညဖက် BBC မြန်မာဌာန၏ ခေတ်
အမြင် ခေတ်အရေး ဆွေးနွေးခန်းတွင် ကျနော် ပါဝင် ဆွေးနွေးခဲ့သော
အချက်အလက်များကို ပြန်လည် တင်ပြပါသည်။ (စာရေးသူ)
…… ….. …

အများပြည်သူအတွက် မြန်မာ့တရားစီရင်ရေး စနစ်

ကျနော့် အမြင်ကတော့ မြန်မာနိုင်ငံမှာ တရားစီရင်ရေး စနစ်နဲ့ ပက်သက်ပြီး
ကျနော်တို့ တိုင်းပြည်က ပြည်သူတွေသည် တရား ဥပဒေရဲ့ အပြစ်ပေးတာကိုဘဲ
ခံယူနေရပါတယ်။ တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်ခြင်းကို လုံးဝ မခံစားရပါ
ဘူး။ တရားဥပဒေကြောင့် ပြည်သူတွေရဲ့ ဘ၀ နစ်မွန်းတာတွေ အများကြီးရှိပါတယ်။
ဒီလိုဖြစ်ရပ်တွေနဲ့ ပက်သက်ပြီး ကျနော့်ဘ၀ အတွေ့အကြုံတချို့ကို ပြောပြပါ့မယ်။

၁၉၉၀ ခုနှစ်မှာ နိုင်ငံရေး အကျဉ်းသားအနေနဲ့ ကျနော် အင်းစိန်တွဲဖက်ထောင်ကို
ရောက်ခဲ့ပါတယ်။ အင်းစိန်တွဲဖက်ထောင် ကျနော်တို့ အခန်းတွေရဲ့အပေါ်ထပ်မှာ ထိုင်း
နိုင်ငံက “ငါး” လာခိုးပြီး အဖမ်းခံရတဲ့ ထိုင်းလှေသားတွေ ရှိပါတယ်။ အဖမ်းခံရတဲ့
သူတို့ထဲမှာလည်း တခါတလေကြရင် ဗမာလူမျိုးတွေ ပါဝင်တတ်ပါတယ်။ အဲဒီမှာ
တနေ့ကြတော့ လူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူ့ အမည်က “ကိုထွန်းအေး”
လို့ ခေါ်ပါတယ်။ အဲဒီအချိန်က အင်းစိန်တွဲဖက်ထောင်ထဲမှာ ကျနော် အပါအ၀င် အမိန့်
မချရသေးတဲ့ အခြေခံပညာ ကျောင်းသားတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က
ရေချိုး ရမယ့်အချိန်မှာ ကိုယ့်ထမင်းစား ပန်းကန်နဲ့ ရေချိုး ရပါတယ်။ အဲလို ရေချိုး
ချိန်မှာ “ရေ” ဘယ်နှစ်ခွက် ခပ်ဖို့ “တစ်၊နှစ်၊သုံး၊လေး” ရေတွက်တယ်၊ နေ့လည်စာနဲ့
ညစာကို လိုက်ဝေပေးတဲ့ အလုပ်ကို ကိုထွန်းအေး က လုပ်ရပါတယ်။

ကိုထွန်းအေးက လူသတ်မှုကို ကျူးလွန်ခဲ့သူ ပါ။ သူ့အမှုက တော်တော်လေး
ဟိုးလေးတကျော်ကျော်ဖြစ်ပြီး သူ့ကို “ပဲခူးထောင်” မှာလည်း ထားလို့မရ၊
အင်းစိန်ထောင်ရဲ့ “Main Jail” မှာလည်း ထားလို့မရ၊ သူ့ကို ကျနော်တို့ အင်းစိန်
တွဲဖက်ထောင်ရဲ့ အပေါ်ထပ်မှာ ရှိတဲ့ ထိုင်းလှေသားတွေထဲမှာ လာထားပါတယ်။
ထိုင်းနိုင်ငံသားတွေနဲ့ အတူတူ နေခိုင်းပါတယ်။ သူ့အမှုက ဘယ်လို ဖြစ်သလဲ
ဆိုတော့ ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးမှာ ၁၉၉၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုပါ။
သူက ပဲခူးမြို့နယ် ဈေးထဲ လူမြင်ကွင်းရှေ့တွင် ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်၌
ထွက်ခဲ့သော “ချဲ ဂဏန်း” “၉၁၆” ဆိုတဲ့ ချဲဂဏန်းကို ချဲပေါက်ပြီး အလျော် (ပိုက်ဆံ)
မရ ခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်မှာ ကိုထွန်းအေးက သူ့ကို ပိုက်ဆံ မပေးလျော်ခဲ့တဲ့ ချဲဒိုင်ကို
သူကိုယ်တိုင် လူမြင်ကွင်းမှာ သတ်ခဲ့ပါတယ်။ သတ်လည်း သတ်ရော အဲဒီအမှုက
ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးကို ရောက်သွားပါတယ်။

ပဲခူးမြို့နယ် အမှတ်(၁) တရားရုံးက တရားသူကြီးက ကိုထွန်းအေးကို လူသတ်မှုနဲ့
ပက်သက်ပြီး တရားခွင်မှာ ထောင် (၃) နှစ် အပြစ်ပေးပါတယ်။ အဲလိုပုံစံ တရားသူကြီး
က ဆုံးဖြတ်တော့ တရားလို (အသတ်ခံရတဲ့ဖက်) က “လူတစ်ယောက်လုံး လူမြင်ကွင်း
ရှေ့မှာ အသတ်ခံရတာကို ထောင်(၃) နှစ်ဘဲ အပြစ်ပေးပါလား” ဆိုပြီး စောဒက တက်
ပါတယ်။ အဲလိုလည်း စောဒကတက်တော့ ကိုထွန်းအေး ကျနော်တို့ကို ပြောပြတာက
သူ့ကို တရားရုံးထဲကနေ ရဲက လက်ထိပ်နဲ့ ထုတ်သွားလို့ ရုံးအပြင်ကို ရောက်နေပါပြီ။
တရားသူကြီးက ဘာလုပ်သလဲ ဆိုတော့ ရဲ ကို လှမ်းပြောပါတယ်။ အဲဒီ တရားခံကို
ပြန်ခေါ်ခဲ့ဆိုပြီး ခေါ်ခိုင်းပါတယ်။ ပြီးတော့ ငါ အမိန့်ချထားတာကို ပြန် ပြင်တယ်။
“အဲဒီတရားခံကို အမှုမှ ကွင်းလုံးကျွတ် လွှတ်စေ” လို့ အမိန့်ကို ပြန်ပြင်ပြီး ချမှတ်
လိုက်ပါတယ်။ အဲဒီတော့ ပဲခူးတိုင်း တရားရုံးဝင်းထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်
သဲသဲ ဖြစ်သွားပါတယ်။ အမိန့်ချတဲ့ တရားရုံးခန်းရှိရာကို လူတွေ အများကြီး
ပြေးလာပြီး ကြည့်ကြပါတယ်။ ပြီးတော့ လူတွေက ဒါ မတရားဘူး ဘာဖြစ်သင့်
တယ် ဘယ်လိုဖြစ်သင့်တယ်ဆိုပြီး မကြားတကြား ပြောဆိုကြပါတယ်။ အဲဒီ
အချိန်မှာ ကိုထွန်းအေးက လက်ထိပ်ကလည်း ပြုတ်သွားပြီ အမှုကနေ ကွင်းလုံး
ကျွတ်လည်း လွှတ်သွားပါပြီ။ ဒါနဲ့ ကိုထွန်းအေးက သူ့ကို လွှတ်ပေးတဲ့ တရား
သူကြီး ကို ထိုင်ရှစ်ခိုး ပါတယ်။ ထိုင်လည်း ထိုင်ရှစ်ခိုးတော့ တရားသူကြီးက ဘာ
လုပ်လိုက်သလဲ ဆိုတော့ သူ့ကို ထိုင်ရှစ်ခိုးတဲ့ ကိုထွန်းအေးကို “ကိုထွန်းအေးဟာ
တရားရုံး ကို ပမာမခန့် ပြုတယ်” ဆိုပြီးတော် ထောင် (၆) လ အပြစ်ပေးလိုက်
ပါတယ်။ အဲဒီ ကိုထွန်းအေးကို အင်းစိန်တွဲဖက်ထောင်မှာ ကျနော်ကိုယ်တိုင်
တွေ့ခဲ့ သိခဲ့တာပါ။

(မှတ်ချက်။ ။ ကိုထွန်းအေး သူ့အကြောင်း ပြောပြခါစတွင် သူ့စကားကို ကျနော်
တို့ မယုံကြည်ခဲ့ပါဘူး၊ အဲဒီအချိန်တုန်းက ထောင်ထဲရောက်နေတဲ့ ကျနော်တို့
အ.က.သ တွေထဲမှာ အင်းစိန်ထောင် ၀န်ထမ်းတစ်ဦးရဲ့ တူတော်စပ်သူ တစ်ဦး
ပါဝင်ပါတယ်။ သူ့ဆီကို သူ့ ဦးလေး ထောင်ဝန်ထမ်းက ထောင်ထဲမှာ လာလာ တွေ့
ပါတယ်။ ကျနော်တို့ကို အကျဉ်းထောင်ဝန်ထမ်း ဖြစ်တဲ့ ဦးလေးကြီးက ပြောပြမှ
ကိုထွန်းအေး ဖြစ်စဉ်ကို ကျနော်တို့ လက်ခံခဲ့တာပါ။ ထောင်ဝါဒါတွေကြားမှာလည်း
သူ့သတင်းက ဟိုလေးတကျော်ကျော် ပါ။ ကိုထွန်းအေးတို့ မိသားစုက အရမ်းဆင်းရဲ
ပါတယ်။ ပဲခူးဈေးလေးရဲ့ အစွန်းမှာရှိတဲ့ ဈေးတဲ အဟောင်းလေး တစ်ခုကို အိမ်ပုံစံ
လုပ်ပြီ နေရတဲ့ မိသားစုပါ။ သူ ထောင်ကျနေချိန်မှာ သူ့ကို ထောင်ဝင်စာ လာ မတွေ့
နိုင် ပါဘူး။ ဒါကြောင့် ကိုထွန်းအေးက ကျနော်တို့ အ.က.သ ကျောင်းသားတွေရဲ့
အင်္ကျီတွေ လျှော်ဖွတ်ပေးတာတို့ ဘာတို့ လုပ်ပေးပြီး ကျနော်တို့ ထောင်ဝင်စာမှာ
မိသားစုဆီက ရလာတဲ့ ငါးပိကျော် ငါးခြောက်ကျော်တို့ လာကပ်စားရတဲ့ အကျဉ်း
သား တစ်ဦးပါ။ ဒီအကြောင်းကို BBC ဆွေးနွေးခန်းမှာ ကျနော် ထည့်မပြောခဲ့ပါဘူး။)

ပြီးတော့ တရားစီရင်ရေးနဲ့ ပက်သက်ပြီး လူတစ်ယောက် တွေ့ခဲ့ဖူးပါတယ်။
သူက ဗဟန်းမြို့နယ် တရားသူကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ “တိုင်းပြည်
က နုနု မုန်တိုင်းက ထန်ထန်” စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာ မြတ်ထန်
တင်မောင်ရဲ့သား ဦးဗညားတင်မောင် ပါ။ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်မှာ စစ်ထောက်
လှမ်းရေးက အခြေခံပညာကျောင်းသားတွေကို ဖမ်းပြီး တရားရုံးတင်ပါတယ်။
အခြေခံပညာကျောင်းသားတွေက အသက် (၁၈- နှစ်) မပြည့်သေးတဲ့ သူတွေပါ။
ကျနော်မှတ်မိသလောက်တော့ တရားသူကြီး ဦးဗညားတင်မောင်က သူ့တရားရုံး
ကိုရောက်လာတဲ့ ကျောင်းသားတွေထဲက (၁၀) ယောက်ကျော် နီးပါးကို ခံဝန်နဲ့
လွှတ်ပေးခဲ့ပါတယ်။ အဲဒီလို ကျောင်းသားတွေဖက်က ရပ်တည်ပြီး သက်ညှာခဲ့တဲ့
ဦးဗညားတင်မောင် ကို နောက်ပိုင်းမှာ စစ်စိုးရက (forced to retire) ဇွတ်အတင်း
ပင်စင် ပေးခဲ့ပါတယ်။

ဒီကိစ္စတွေက ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ တရားစီရင်ရေးနဲ့ ပက်သက်တဲ့
အတွေ့အကြုံတွေ ပြန်ပြောပြတာပါ။ ကျနော်တို့ တိုင်းပြည်မှာ တရားစီရင်ရေးစနစ်
ဆိုတာ လုံးဝ မရှိပါဘူး။ ကျနော် မြန်မာပြည်က အသက် (၂၇) နှစ်မှာ ထွက်လာခဲ့
ပါတယ်။ ကျနော် သိသလောက်ကတော့ မြန်မာပြည်က တရားဥပဒေဆိုတာ ပြည်သူ
တွေကို ကာကွယ်စောင့်ရှောက်တာ မဟုတ်ဘဲ အပြစ်ပေးနေတဲ့ အရာလိုပဲ သိထားပါတယ်။

1 comments:

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ကိုအောင် ရေ ..ကျနော့သူငယ်ချင်း တရားသူကြီးတွေ..
ငြီးကြတယ်..သူတို့ ထောင်ချခိုင်း တဲ့အတိုင်းချနေရလို့တဲ့.....ကောသလ္လ အိမ်မက်ထဲ ကကောင်တွေကတော့..၂ ဘက်စားဆိုတော့..တပြူံးပြုံးပေါ့ဗျာ...