Monday, 12 October 2009

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း (၁)

ရေးသူ- စစ်ငြိမ်းဒီရေ



၁၉၈၉ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို ပါဝင်ခဲ့သူတွေ
ထဲက ဘယ်သူတွေများ စပြီး ရေးကြမလဲလို့ ကျနော်မျှော်နေခဲ့တာ ကြာပါပြီ။
အခုထိ အဲဒီနေ့သမိုင်းကို ရေးတဲ့လူ မတွေ့ရလို့ ကျနော့်အနေနဲ့ ကျနော်
ကြုံတွေ့ခဲ့ရတာကို ရေးပါ့မယ်။ အဲဒီနေ့ (၂၇.၃.၁၉၈၉)နေ့ မတိုင်ခင်
(၂၅.၃.၁၉၈၉)နေ့မှာ ဆန္ဒပြပွဲတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်၊ သိမ်းကြီးဈေး “သံဈေး”
သပိတ် နောက်ပိုင်း ထင်ရှားခဲ့တဲ့ အဖြစ်အပျက်တွေပါ။ ဒါကြောင့် (၂၇.၃.၁၉၈၉)နေ့
သမိုင်းကို ရေးတဲ့သူသည် (၂၅.၃.၁၉၈၉)နေ့ကို ကျော်ခွပြီး ရေးဖို့ အခက်အခဲတွေ
ရှိလာပါတယ်။

ဘာကြောင့် ဘာဖြစ်လို့ ဘာအတွက်ဆိုတဲ့ မေးခွန်းတွေသည် ဆွေးနွေးပွဲခန်းမ
တွေမှာသာ ရှိပါတယ်။ အလုပ်အတွက် အလုပ်သဘောတစ်ခုအတွက် အလုပ် လုပ်
တဲ့ နေရာမှာ မေးခွန်းထက် အလုပ်ပြီးမြောက်ရေးသည် ပိုအရေးကြီးပါတယ်။
(၂၅.၃.၁၉၈၉)နေ့ တွင် ကုက္ကိုင်းမီးပွိုင့်မှ စတင်ချီတက် ဆန္ဒပြခဲ့သော ဆန္ဒပြပွဲ
သမိုင်းတွင် ကျနော် ပါဝင်ခဲ့ပါတယ်။ သို့သော် မေးခွန်းများအတွက် ဖြစ်စဉ်များကို
ပြန်လည် ဖော်မပြနိုင်သေးတဲ့အပေါ် သည်းခံကြပါ။ အဲ့သည့်အချိန်က နိုင်ငံရေး
အဆောက်အဦး၏ ခေါင်းစဉ်သည် “ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” ဖြစ်ပါတယ်။

(၂၇.၃.၁၉၈၉)နေ့ သို့မဟုတ် မှော်ဆရာနှင့် ကြွေအံကစားခြင်း

အဲသည့်နေ့ မတိုင်ခင် တစ်ရက်အလိုမှာ မောင်ထော်လေးလမ်း အ.က.သ ဗဟို၏
ညွှန်းကြားမှုတွင် “စုရပ်” သည် ရွှေဂုံတိုင်ရှိ လူ့ဘောင်သစ်ပါတီရုံး “၀ါးရုံတော”
ဖြစ်ပါတယ်။ ထို့ကြောင့် ကျနော်သည် အဲသည့်နေ့ မနက် ခြောက်နာရီလောက်
တွင် နေအိမ်မှ စတင် ထွက်ခွာခဲ့ပါတယ်။ “တော်လှန်ရေး” နေ့ ဖြစ်သော
ကြောင့် ပုံမှန် ဘတ်စ်ကားများသည် လမ်းကြောင်း ပြောင်းလဲ မောင်းနှင်းရပါတယ်။
ရွှေဂုံတိုင် မီးပွိုင့်ထိပ်မရောက်ခင် ကားမှတ်တိုင်တွင် ကျနော် ဆင်းခဲ့ပါတယ်။
မီးပွိုင့်ပတ်ဝန်းကျင်တွင် စစ်တပ်၊ လုံထိန်း၊ ယာဉ်ထိန်းရဲ အစရှိသော ယူနီဖောင်း
ဝတ်များ အများအပြားရှိနေသလို အရပ်ဝတ်ဖြင့် နေရာယူထားသော လူအတော်
များများလည်း ရှိနေပါတယ်။

မီးပွိုင့်ထိပ်တွင် ကားလမ်းကူးလာသူများအား စစ်ဆေးမေးမြန်းမှုများ လုပ်နေသည်
ကို တွေ့ရသောကြောင့် ကျနော်လည်း နည်းနည်း ကျောချမ်းနေပါတယ်။ ကျနော့်
ခန္ဓာကိုယ်တွင် ကျနော့်ဘာသာ ကျနော် ပြုလုပ်ထားသော ဓါးမြှောင့်ပုံစံ ဘော့ပင်
ရှိနေသောကြောင့် ဖြစ်ပါတယ်။ အဲဒီဘော့ပင်သည် အဲသည့်ခေတ်က “ငါးမတ်တန်”
ဘော့ပင်ဟု ခေါ်သော တစ်ခါသုံး ဘော့ပင် ဖြစ်ပါတယ်။ စာရေး၍ မင်ကုန်သွားလျှင်
ဆက်ပြီး အသုံးပြုလို့ မရပါ။ ဘော့ပင်၏ နံဘေးတလျှောက်တွင် အဖြူလိုင်း၊ အပြာလိုင်း
စသော လိုင်းမျဉ်းများ ပါရှိပါတယ်။ မင်ကုန်သွားသော ထိုဘော့ပင်ကို ကျနော်သည်
သုံးချိုး တစ်ချိုးနေရာမှ ဖြတ်ပြီး ကျန်နှစ်ချိုးနဲ့ ဆတူ သံချောင်းအလုံးသေး အချွန်တစ်ခု
ကို ထည့်ထားပါတယ်။ ဘော့ပင်၏ အတွင်းသို့ ၀င်ရောက်နိုင်သော သံချောင်းမှာ
စက်ဘီး၏ စမှုန့်တံဖြစ်ပါတယ်။ ရုတ်တရက် အန္တရာယ် တစုံတရာ ကျရောက်လျှင်
ပြန်လည် ခုခံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ မသိသူများအတွက်ဆိုလျှင်
စာရေးဖို့ အင်္ကျီတွင် ချိတ်ထားသော သာမန် ဘော့ပင်တစ်ချောင်းမျှသာ ဖြစ်ပါတယ်။

ကျနော်သည် လမ်းဖြတ်ကူးဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။ ရုတ်တရက် ကျနော့်
နံဘေးတွင် ကလေးငယ် သုံးဦးနှင့် လင်မယားစုံတွဲ တစ်တွဲကို တွေ့လိုက်ရပါတယ်။
ဒါကြောင့် ကျနော်လည်း သူတို့ မိသားစုထဲမှ ကလေးငယ် တစ်ဦးကို လက်ဆွဲပြီး
ကားလမ်းကူးရာ၌ ကူညီလိုက်ပါတယ်။ လူကူးမျဉ်းကြားထိပ်တွင် ကူးလာသူ မှန်
သမျှကို ရှာဖွေနေသော စစ်သားသည် ကလေးကို ဆွဲပြီး လမ်းကူးလာသော
ကျနော့်အား လုံးဝ မရှာဖွေပဲ လွှတ်ပေးလိုက်ပါတယ်။

“၀ါးရုံတော” ရှိရာ လမ်းကြားအတွင်းသို့ ကျောချမ်းချမ်းနှင့်ပင် ကျနော် ၀င်ရောက်
ခဲ့ပါတယ်။ အသံတွေလည်း မကြားရ၊ အသိ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများလည်း
မတွေ့ရသောကြောင့် တစ်ခုခုဆိုလျှင် ပြေးဖို့ စိတ်ထဲမှာ အသင့်ပြင်နေရပါတယ်။
ရုံးရှိရာ ခြံအတွင်းသို့ ၀င်လိုက်တဲ့ ခဏအတွင်းမှာပဲ ကျနော့်နောက်မှာ ကျောင်းသား
တစ်ယောက် ၀င်လာပါတယ်။ သူက “မိုးကောင်းဘုရား ကားမှတ်တိုင်ကို သွားပါ”
လို့ ပြောပါတယ်။ ဒီနေရာမှာ အခြေအနေ မကောင်းကြောင်းလည်း ပြောပါတယ်။
ဒီလိုနဲ့ပဲ ရွှေဂုံတိုင် မီးပွိုင့်ရှိ ကားမှတ်တိုင်သို့ ကျနော် ပြန်ထွက်ခဲ့ပါတယ်။ ရန်ကင်းဖက်
သို့ သွားသော ဘတ်စ်ကားဖြင့် “မိုးကောင်းဘုရား ကားမှတ်တိုင်” သို့ ကျနော် ရောက်
သည့် အချိန်သည် မနက် (၈) နာရီလောက် ဖြစ်ပါတယ်။

(ဆက်ရန်။)

3 comments:

တောင်ပေါ်သား said...

အကိုရေ အပိုင်းဆက်လေး မျှော်နေတယ်၊ မြန်မြန်လေး တင်ပါ ဘ၀ရဲ့သမိုင်းမှာ မမေ့နိုင်တဲ့ လှေကားထစ်လေးတွေပေါ့ ကျနော်တော့ အဲ့အရွယ်က ဘာမှမသိသေးတဲ့ ကလေးလေးပါ


လေးစားလျက်
တောင်ပေါ်သား

အိုးဝေအောင်(အေဘီအီးပီ) said...

ကိုအောင်ခင်မြင့်
ကျနော် အဲဒီနေ့က မောင်ထော်လေးလမ်းရုံးကနေ ဝါးရုံတောထိပ်။အဲဒီကနေ ဒေါ်စုခြံရှေ့အရောက်မှာ ၄၆လိုင်းကားလေးတွေမှာ ထောင်ထားတဲ့ မဆလအလံကို အကသထဲက တယောက်က ကားရပ်ခိုင်းပြီး လှမ်းဆွဲချိုးလိုက်တာ ပြဿနာတက်ပါလေရောဗျာ။စစ်ခွေးကားတွေချက်ချင်းရောက်လာပြီး
ခွေးတွေ ဝါးရင်းတုတ်တွေနဲ့တွေ့ရာလူ လိုက်ရိုက်ကြတာ
အဖြစ်ဆိုးချင်တော့ ဒေါ်စုခြံထဲမှာလည်း ကိုစိုးသိမ်းတို့ အစည်းအဝေးလုပ်နေတော့ အပြင်ကလူတွေကို ဝင်ခွင့်မပေးဘူး။အကုန်လုံး ဝင်အရိုက်ခံရမှာစိုးလို့။သူတို့ကအထဲကနေပြောတယ်။ဟိုဘက်ဘေးကရပ်ကွက်ကိုဝင်ပြေးကြတဲ့။
ကျနော်တို့လည်း အသားကုန်သုတ်ခြေတင်ပြေးတာ ကျနော့ခေါင်းကိုဝါးရင်းတုတ်တချက်ဝဲလာတယ်။ခေါင်းမှာဆောင်းလာတာက ဖြစ်ချင်တော့ (အခုနော်ဝေးမှာ ရှိနေတဲ့ ငြိမ်းအေးရဲ့ လူ့ဘောင်သစ်ပါတီမှာဆောင်းတဲ့ ကြိမ်ခမောက်လုံး)အဲဒီမနက်က သူ့ဆီက ငှားဆောင်းလာတာ ကံကောင်းသွားတယ်ဗျာ။အရိုက်ခံရပေမယ့် ကြိမ်ခမောက်က မာတော့ ခမောက်ကိုရိုက်မိပြီး ခမောက်မြေကြီးပေါ် ပြုတ်ကျသွားသံကြားရတယ်။
ဆက်ပြေး..ပြေးဆိုတဲ့အသံကြားရာ ရပ်ကွက်ထဲ ဝင်ပြေးကြတယ်။ခင်ဗျားပါလားမသိဘူး။ အိမ်တိုင်းက ဝင်ပုန်းဖို့ ထွက်ခေါ်ကြတယ်။ ကျနော်လည်းအိမ်တအိမ်ထဲဝင်ပြေးတယ်။အဒေါ်ကြီးက နောက်ဖေးခန်းက မှောင်နေတဲ့ကုတင်အောက်ထဲ ဝင်ပုန်းခိုင်းထားတယ်။ သိပ်မကြာခင် စစ်ခွေးတွေ မေးမြန်းသံ။စစ်ဖိနပ်သံတွေ ဆူညံကြားနေရတယ်။
တနာရီလောက်ကြာမှ ရေသောက်ပြီး ကျနော်ပါလာတဲ့ အင်္ကျီအဖြု၊ကချင်ပုဆိုးကို အဒေါ်ကြီးအိမ်မှာရှိတဲ့အရပ်ဝတ်အကျီင်္တွေနဲ့လဲခိုင်းပြီး
အဒေါ်ကြီးက သူနဲ့အတူ ကုက္ကိုင်းလမ်းဆုံထိပ် ကားမှတ်တိုင်အထိလိုက်ပို့ပေးတယ်။ကျနော်ကားပေါ်ပါသွားမှ သူပြန်သွားတယ်။ကျနော့်သေရေးရှင်ရေးဘဝကိုတွေးရင် အညတရ အဒေါ်ကြီးတို့မိသားစုကို အမြဲကျေးဇူးတင်သတိရနေတယ်။နောက်တခေါက် ၈၉ သင်္ကြန် ဒေါ်စုခြံရှေ့ ရောက်ရင်း အဒေါ်ကြီးအိမ် ဝင်ဖြစ်တယ်။ကျနော့်အဝတ်အစားတွေ သွားယူပြီး ကန်တော့နှုတ်ဆက်ပြီးကတည်းက ကျေးဇူးရှင်အဒေါ်ကြီးတို့ဆီ မရောက်ဖြစ်တော့ဘူး။

Nge Naing said...

ကိုအောင်ရေ လာဖတ်သွားပါတယ်။ ဆက်ရန်ကိုလည်း မျှော်နေပါတယ်။ ကိုယ်တိုင်လှုပ်ရှားခဲ့တဲ့ အတွေ့အကြုံတွေကို ဖတ်ရတာ တကယ်အားရပါတယ်။ ကိုအိုးဝေအောင် မှတ်ချက်ကိုပါ ဖတ်သွားပါတယ်။