Thursday, 27 August 2009

ငမဲ ဆုတောင်း



ရေးသူ- စစ်ငြိမ်းဒီရေ

ရုပ်ရှင် သရုပ်ဆောင် မင်းသား ပြေငြိမ်း ကွယ်လွန်ခါစက ကျနော်တို့အိမ်တွင်
လူသုံးကုန်နှင့် စာရေးကိရိယာ ရောင်းချသောကုန်စုံဆိုင်လေး ရှိသည်။ ကျနော်တို့
အိမ်နှင့် ကပ်လျှက် ခေါင်းရင်းဖက်တွင် အညာသား လက်ဖက်ရည်ဆိုင် တစ်ဆိုင်
ရှိခဲ့သည်။ ထိုဆိုင်တွင် ငမဲဟု ခေါ်သော အသက် (၇) နှစ် အရွယ် အညာသား
စာပွဲထိုးလေး တစ်ယောက် ရှိသည်။ ငမဲသည် အရပ်ပုပုနှင့် ရုပ်ဆိုးဆိုးဖြစ်သော်
လည်း လူတကာက ချစ်ခင်နှစ်သက်အောင် ပေါင်းသင်း ဆက်ဆံတတ်သည်။
ငမဲသည် ကလေးငယ် တစ်ဦးဖြစ်သောကြောင့် ရံဖန်ရံခါ မေ့လျော့တတ်သည်။

ပြေငြိမ်း ကွယ်လွန်ခါစ ရက်များတွင် ပိုက်ဆံအိတ်၊ အင်္ကျီအိတ်များထဲတွင် ထည့်
ထားနိုင်သည့် ပြေငြိမ်းဓါတ်ပုံ အသေးစားဆိုဒ်များသည် အလွန်ရောင်းကောင်း၏။
ဓါတ်ပုံတစ်ပုံ၏ မူရင်းဈေးမှာ ပြား (၆၀) သာ ရှိပြီး ပြန်ရောင်းလျှင် တစ်ကျပ်ရသည်။
ဓါတ်ပုံ အရေအတွက်များများကို ရာဂဏန်းနှင့်ချီပြီး ၀ယ်ယူလျှင် ဓါတ်ပုံ တစ်ပုံ၏
ပျမ်းမျှဈေးမှာ ပြား (၄၀) လောက်သာ ရှိသဖြင့် ခေါက်ချိုး နီးပါး မြတ်သည်။

မနက်စောစော အချိန်များတွင် ကျနော်တို့အိမ်ရှိ ကုန်စုံဆိုင်တွင် ပြေငြိမ်း ဓါတ်ပုံ
လာဝယ်ကြသော ပြေငြိမ်းကို ချစ်ခင်နှစ်သက်သည့် ကျောင်းသား ကျောင်းသူများ
နှင့် စည်းကားနေသလို ငမဲတို့ လက်ဖက်ရည်ဆိုင်တွင်လည်း ပြေငြိမ်း ကွယ်လွန်
ခြင်း သတင်းကို စာပွဲဝိုင်း အသီးသီး၌ ပုံစံအမျိုးမျိုး ပြောဆိုနေကြသည်။ ငမဲသည်
လက်ဖက်ရည်ဆိုင်တွင် စာပွဲထိုးရင် အားလပ်သော အချိန် အခိုက်အတန့်တွင်
ကျနော်တို့ အိမ်ဆိုင်၌ ပြေငြိမ်းဓါတ်ပုံ လာဝယ်သော သူနှင့် အရွယ်တူ ကျောင်းသား
ငယ်လေးများကို ငေးစိုက်၍ ကြည့်နေတတ်သည်။

ဤသို့ဖြင့် နံနက်ခင်း တစ်ခုတွင် ကျနော်သည် ငမဲတို့ လက်ဖက်ရည်ဆိုင်၌ ထိုင်
ဖြစ်သည်။ ထိုအခါ ငမဲက ကျနော့်အား ပြေငြိမ်း ဓါတ်ပုံ တစ်ပုံလောက် သူအနေဖြင့်
ဝယ်ယူချင်ကြောင်း ပြောပြသည်။ သူ့တွင် လောလောဆယ် ပိုက်ဆံ မရှိသောကြောင့်
သုံးလ တစ်ကြိမ် လစာ ရသောနေ့တွင် သူ့ရွာသို့ သူ့လစာငွေအား လူကြုံမပေးခင်
ဓါတ်ပုံဖိုးကို ပေးမည်ဟု ပြောသည်။ ကျနော်တို့အိမ်တွင် ဖွင့်လှစ်ထားသော အိမ်ဆိုင်
၌ ကျနော့် အမက ဦးဆောင်ပြီး ၀ယ်ယူ ရောင်းချ ရသောကြောင့် တစ်ခုခု ဆိုလျှင်
အမကသာ ဆုံးဖြတ်လေ့ရှိသည်။ အိမ်က ဆိုင်တွင် အမကို ကျော်လွန်၍ ကျနော် အနေ
ဖြင့် လုပ်ပိုင်ခွင့် မရှိပေ။ထို့ကြောင့် ကျနော်သည် ငမဲအပေါ် သနားစိတ်ဖြင့် ပြေငြိမ်း
ဓါတ်ပုံ တစ်ပုံကို အိမ်က ဆိုင်တွင် အမ အလစ်၌ ခိုးယူ၍ ငမဲအား အလကား ပေးခဲ့သည်။

ငမဲသည် လက်ဖက်ရည်ဆိုင်တွင် စာပွဲထိုးရင် ကျနော်ထံမှ အလကားရသော
ပြေငြိမ်းဓါတ်ပုံကို လက်ဖက်ရည်ဆိုင် လာထိုင်သူများ၊ သူနှင့် အတူ စာပွဲထိုးရသော
အခြား စာပွဲထိုး ကလေးငယ်များအား အိပ်ကပ်ထဲမှ ထုတ်ထုတ်ပြီး ပြလေ့ရှိသည်။
ပြေငြိမ်းဓါတ်ပုံကို အိပ်ကပ်ထဲတွင် ထည့်ထားသော ငမဲ မျက်နှာ၏ပုံစံမှာ ကွယ်လွန်သူ
တစ်ဦး၏ ဓါတ်ပုံကို အမှတ်တရ သိမ်းဆည်းထားပုံ မပေါက်ဘဲ ကမ္ဘာ့ဖလား
ဘောလုံးပွဲတွင် ရွှေဂိုးသွင်းသော ဘောလုံးသမား၏ ဓါတ်ပုံကို ဂုဏ်ယူစွာ သိမ်းဆည်း
ထားပုံမျိုး ဖြစ်နေသည်။ ပျော်ရွှင်နေသော ငမဲကို ကြည့်ပြီး သူ့လက်ထဲသို့ ခိုးယူပြီး
ပေးခဲ့သော ကျနော့်အဖြစ်ကို နောက်ကျောမလုံ ဖြစ်နေမိသည်။ စိတ်ထဲတွင်
အမများ … ငါ ခိုးပေးတာ … သိများ သွားမလားဟု တွေးတော နေမိသည်။

ဤသို့ဖြင့် တညနေခင်း၌ ငမဲတို့ လက်ဖက်ရည်ဆိုင်ဖက်ဆီ ကျနော် ရောက်ခဲ့
ပြန်သည်။ ငမဲသည် ကျနော်ထိုင်နေသော လက်ဖက်ရည် စာပွဲအနီးလာ၍ သူတို့
ဆိုင်တွင် လက်ဖက်ရည် လာသောက်သူများ၊ သူ့ သူငယ်ချင်း စာပွဲထိုးများက
သူ့ထံမှ ပြေငြိမ်းဓါတ်ပုံကို တောင်းယူပြီး ကြည့်လေ့ရှိကြောင်း၊ ဒီအတွက်
သူသည် ယခင်ကထက် ပိုမို၍ မျက်နှာပွင့်လင်းပြီး လူချစ်လူခင် များပြားလာ
ကြောင်း ပြောပြပါသည်။ ထို့ကြောင့် သူ့အနေဖြင့် ပြေငြိမ်းနှင့် ပက်သက်ပြီး
ပိုမို ဆုတောင်းမိကြောင်း ပြောပါသည်။ ကျနော်က သူ့အား …
“မင်းက ဘာဆုတွေ တောင်းနေတာလဲ” ဟု မေးသောအခါ
ငမဲက ...
“ပြေငြိမ်း ကျန်းမာပါစေ၊ ချမ်းသာပါစေပေါ့ဗျာ၊ ခင်ဗျားကလည်း တမှောက်”

(ဤမျှသာ။)

4 comments:

TNS said...

ကိုအောင်..
မှတ်သားလောက်ပါပေတယ်ဗျာ...
ရယ်(ရီ) လိုက်ရတာ...။
စိတ်ထဲမှာလဲ ပေါ့ပါးသွားတာဘဲ....
ကိုအောင် ကျမ္မာ ချမ်းသာပါစေဗျာ...။

Maydarwii said...

:D
ရယ်ရတယ်။
တဆက်ထဲမှာပဲ ပြေငြိမ်းကို သတိရမိပါရဲ့။ ကျမလဲ အဲဒီခေတ်က မင်းသားတွေထဲမှာ ပြေငြိမ်းကို ကြိုက်တာ။ ပြေငြိမ်းသေသွားတော့ သူပေးခဲ့ဖူးတဲ့ ဓာတ်ပုံလေးကို ပိုက်ဆံအိတ်ထဲထည့်ပြီး ငမဲလိုပဲ လူတကာထုတ်ထုတ် ပြရသေး။
ငမဲလိုတော့ မဆုတောင်းမိဘူး။ :P

ဆောင်းယွန်းလ said...

ရယ်ရခက်ခက် ငိုရခက်ခက်ပါပဲ...
ဖတ်လို့ကောင်းတယ်ဗျာ

့hnin said...

အရမ်းရယ်ရတာပဲ ကိုအောင်ရေ...။
အညာက လူတွေကို နှိပ်ကွပ်လိုက်တယ်ပေါ့လေ...။
နှင်းက အညာသူစစ်စစ်နော်.... အဟီး နောက်တာပါ..။
ခင်မင်လေးစားလျှက်
နှင်းဟေမာ