Thursday, 6 August 2009

မဆုံးသေးတဲ့ ပြဇာတ်



ပြဇာတ်တစ်ပုဒ်ကို ပြန်ဖွင့်ကြည့်လိုက်တော့
ကြိမ်လုံးကိုင်ထားတဲ့ လူတွေနဲ့
ကြိုးတန်းလန်းနဲ့ မျောက်တွေ
တန်းစီးပြီး ဇာတ်ရုံတစ်ရုံထဲ ၀င်လာကြတယ် …

ကြိမ်လုံးကိုင်ထားတဲ့ လူတွေ
စင်ပေါ်မှာ နေရာယူတယ်
ကြိုးတန်းလန်းနဲ့ မျောက်တွေ
စင်အောက်မှာ နေရာရတယ် …

စင်ပေါ်က လူတွေ
ဂါထာတစ်ပုဒ်ကို မန်းမှုတ်အဆုံးမှာ
လူစင်စစ်တွေ အားလုံး မျောက်ဖြစ်သွားတယ်
စင်အောက်က မျောက်တွေလည်း
အဲဒီ ဂါထာကို နားထောင်မိလို့
မျောက်စင်စစ်တွေ အားလုံး လူဖြစ်လာတယ် …

စင်အောက်မှာ ကြိုးတန်းလန်းနဲ့ လူက
စင်ပေါ်က ကြိမ်လုံးကိုင်ထားဆဲ မျောက်ကို
“ဟေ့ လူတွေ … အဲ မျောက်တွေ … ငါတို့ကို ကြိုးဖြေပေး
…. ပြီးတော် မင်းတို့လက်ထဲက ကြိမ်လုံးကို ငါတို့ထံ အပ်ပါ”
မျောက်တွေက လူတွေကို တချက်ပြုံးပြပြီး
“ငါတို့ လူ စကား နားမလည်းတော့ဘူး … မျောက်လို ပြောပါ” ….

ရုတ်တရက် မီးပျက်သွားလို့
ဒီပြဇာတ်က ဒီနေရာမှာ …. ။ ။

-စစ်ငြိမ်းဒီရေ

3 comments:

Maydarwii said...

မဆုံးသေးတဲ့ ပြဇာတ် လာဖတ်သွားပါတယ်။
ဒီကဗျာကိုဖတ်ပြီး ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ Planet of apes ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို သတိရမိတယ်။

အောင်သာငယ် said...

ကဗျာဆရာက မီးဖြတ်ချလိုက်တာကိုး...

ဒုတိယပိုင်းဆက်ရေးပေးပါရန်...း)

Nyein Chan Aung said...

ပြဇာတ်ဆုံးတော့မယ် ကိုအောင်။