Thursday, 9 July 2009

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ (၅)

ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

ယခင် အပိုင်း(၄)မှ အဆက် …..

(၅)
ကဗျာဆရာသည် သူ့မနောအကြည်တွင် ထင်လာသော အာရုံတံဆိပ် အရိပ်
တို့ကို မိအောင်ဖမ်းပြီး ယင်းတို့ကို သူပိုင်ကြားခံပစ္စည်းဖြစ်သည့် စကားလုံး
တို့ဖြင့် ပို့ဆောင်ဆက်သွယ်မှုကို ပြုလုပ်သည်ဆိုခြင်းမှာ အလွန်ယေဘုယျ
ကျသော ဖေါ်ပြမှု ဖြစ်သည်။ ယေဘုယျ ဖေါ်ပြမှုမှန်သမျှသည် မတိကျ
မပြည့်စုံလေ။

ကျွန်တော်တို့က တိတိကျကျ ပြည့်ပြည့်စုံစုံ သိလိုသည်။
သူ့ ကိစ္စပြီးမြောက်အောင် ကဗျာဆရာသည် ဘယ်ကဲ့သို့ လုပ်လိုက်သနည်း။

တိကျပြည့်စုံသော ခွဲခြမ်းစိတ်ဖြာမှုအတွက် တိကျသော နမူနာပုံစံများ ထုတ်ယူ
ကြည့်ကြမည်။
သစ်ရွက်ကြွေသည်ကို မြင်သည်။
သစ်ရွက်သည် ရုပ်လောက ပတ်ဝန်းကျင်မှ အရာဝတ္ထု တစ်ခုဖြစ်သည်။ ကြွေခြင်း
မှာလည်း ရုပ်လောက ပတ်ဝန်းကျင်မှ အဖြစ်အပျက်တစ်ခု ဖြစ်သည်။

သစ်ရွက်ဟူသော အရာဝတ္ထု။ ကြွေခြင်းဟူသော ထိုအရာဝတ္ထု၏ အမူအရာ။
ကဗျာဆရာက ယင်းနှစ်ခုတို့ကို မြင်သည်။ သို့ရာတွင် မြင်ခြင်းသည် “မြင်မှုမတ္တံ”
(၀ါ) ဒိဋ္ဌေ ဒိဋ္ဌ မတ္တံ၌ မရပ်။ ဣဋ္ဌ-အနိဋ္ဌ ရိပ်တို့ “မျက်တောင်ခတ်” သွားသည်။
သောမနဿ- ဒေါမနဿ ဝေဒနာရိပ်တို့လည်း “မျက်တောင်လိုက်ခတ်” သည်။

မျက်တောင်ခတ်သည် ….။ မှန်သည်။ တဒင်္ဂ တခဏ တမုဟုတ် … အလွန်မြန်သည်။
ဤမြန်လှသော အာရုံတံဆိပ်အရိပ်တို့ကို ကဗျာဆရာသည် မလွတ်အောင် တုပ်နှောင်
အမိဖမ်းသည်။ သူသည် ကဗျာဆရာအစစ်ဖြစ်လျှင် မိမည်။

အပြင် ရုပ်လောက၌ ဓါတ်လေးပါးအဖြစ် “ဘွားဘွား” ဖေါ်ပြနေသည့် ယနပညတ်၊
သမူဟ ပညတ်တွေကို မိအောင် ဖမ်းပြရသည့်က လွယ်သေးသည်။ ပလေတိုကြီး
ပြောသည့် အာရုံသိလွန် “သဘော” တွေကို ဖမ်းပြရသည်က အလွန်ခက်သည်။
ခက်ပါစေ။ ကဗျာဆရာကမူ အမိလိုက်ဖမ်းသည်။

တောင်စွယ်နေကွယ်တော့မည့် သူသတ်ကုန်း၌ …. အချိန်ကများများ မကျန်တော့။
သူ့စိတ်သန္တာန်တွင် အာရုံတံဆိပ် အရိပ်ပေါင်းများစွာ ပေါ်နေသည်။ ယင်းတို့အထဲမှ
အဓိက အာရုံတံဆိပ် အရိပ်ကိုသာ “အနန္တသူရိယ” က ဖမ်းသည်။

သူ၏ မရှိတော့ပြီဖြစ်သော သခင်၏ ရွှေနန်းစည်းစိမ် …။ နောက်တက်လာသည့်
သူ့အား သူသတ်ကုန်းသို့ ပို့လိုက်သည့် သခင်သစ်၏ ရွှေနန်းစည်းစိမ် ….။
လူတွေ …၊ ဘ၀ဆိုတာတွေ၊ တွယ်တာမြတ်နိုးကြသည့် အဖိုးတန်သည်ဆိုသော
အရာတွေ၊ အဲဒီဟာတွေ အားလုံးကို စိုးမိုးလွှမ်းခြုံထားသည့် “ဓမ္မတာ သဘော”
တစ်ခု …။ သည် ဓမ္မတာသဘောကို မိအောင် ဖမ်းပြလိုက်သော အခါ …..

“ရွှေအိမ်နန်းနှင့်
ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက်
ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ
မင်းချမ်းသာကား
သမုဒ္ဒရာ
ရေမျက်နှာထက်
ခဏတက်သည့်
ရေပွက်ပမာ
တသက်လျာတည်း”

ကမ္ဘာရှည်သမျှတည်မည့် မြန်မာကဗျာတစ်ပိုဒ် ဖြစ်လာခဲ့သည်။

“သမုဒ္ဒရာ၊ ရေမျက်နှာ” ဆိုသည် နေရာ (space) ကြီး၏ သင်္ကေတနိမိတ်ပုံ ဖြစ်သည်။
“ရေပွက်” ဟူသည်က ဖြစ်ပျက်အစဉ် (event) ၏ သင်္ကေတ နိမိတ်ပုံ …။
“ခဏတက်သည့်” ဆိုသည်က အချိန် (time) ….။

နေရာ၊ အချိန်နှင့် ဖြစ်ပျက်မှု အစဉ်တို့ကို လွှမ်းခြုံထားသည့် ဥာဏ်ဖြင့်သာ သိနိုင်သော
အာရုံသိလွန် ဓမ္မတာသဘောကို သင်္ကေတ နိမိတ်ပုံတွေနှင့် အနန္တသူရိယက “ရော့ …
ယူရစ်ကြလေ” ဟု ဖမ်းပေးခဲ့ခြင်း ဖြစ်၏။

ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ကဗျာဝိဒူအဖြစ်ကို ကျွန်တော်တို့ သိရှိကြ၏။
ဆရာတော်ဘုရားကြီးနှင့် ပက်သက်သည့် လူသိနည်းလှပြီး (သိသူရှိလျှင်လည်း) ဥာဏ်မီ
ရန် ခဲယှဉ်းလှသော ကဗျာတစ်ပိုဒ်ကို ဖေါ်ပြလိုပါသည်။ ကြောင်ပန်းဆရာတော် ဘုရားကြီး
က ကျင့်ကြံအားထုတ်၍ စိတ်ကျေနပ်သော အဆင့်တဆင့်အရောက်၌ လယ်တီဆရာတော်
ဘုရားကြီးထံ ကဗျာနှင့် လျှောက်တင်သည်။

“မှန်ရိပ်ကယ်အသွင်။ နာမ်ရိပ်ကယ်ပါပေါ့ ဘုရား။”
ထိုအခါ လယ်တီဆရာတော်ဘုရားကြီးက … ကဗျာနှင့်ပင် ချီးမြှောက် အဆုံးအဖြတ်ပေးသည်။

“လေခမြေသက်
ဈာန်ဝိတက်သို့
သစ်ရွက်ရော်ရီ
ဣန္ဒနီဝယ်
သိင်္ဂီတ၀က်
ဖက်၍ဆေးစုံ
ခြယ်သောပုံလို”

အရှင် ဥတ္တမကျော်က ဤသို့ တုပ်နှောင် အမိဖမ်းလိုက်၏။ သူဖမ်းပုံမြဲလှသဖြင့်
အင်းဝခေတ်က မိထားသည်မှာ ယနေ့အထိလွတ်မသွား။

နောက်နမူနာပုံစံ တခုဆီ သွားကြမည်။
သူ့အလှကို “ဆောင်းကျူးနွေစ။ သာလွန်ည၌။ သက်မျှစုရုံး။ နှလုံးကြွင်းမဲ့။
ကြွေခဲ့မတတ်။” ပထမဦးစွာ မြင်ခဲ့ရသည်။ ထိုမြင်ခဲ့ရသော အလှကို နတ်သျှင်နောင်
က အမိဖမ်းသည်။

“ထွေထွေကြည့်တိုင်း
ပြစ်မျိုးရိုင်းသည်
စံခိုင်းလှော်သစ်
ရွှေနှယ်နစ်မျှ
တင်ပြစ်မခက်
လဲ့လဲ့ညက်ကို
တက်နတ်ဘုံနေ
ခုသာကြွေဟု
ထင်ချေရူမြှော်”

နတ်သျှင်နောင် ဖမ်းပြခဲ့သော အာရုံအရိပ်သည်လည်း “တင်လှပေဟန်” အဖြစ်
အမြဲလှပေ၏။

ကဗျာဆရာ၏ ကိစ္စကလည်း အရှုပ်သား။ တခါတရံတွင် သူ့နေရာ ကိုယ်ဝင်၍
သူတွေ့သော အာရုံတံဆိပ် အရိပ်ကို ကိုယ်က ဖမ်းပေးရ၏။

သူက ဈာန်ရ, ရသေ့။ ကိုယ်က …. ကဗျာဆရာ တွင်းသင်းမင်းကြီး
တွေ့လိုက်ရသော အရာကလည်း ဈာန်ရ, ရသေ့ကို ဈာန်မှ လျှောကျစေသည့်
အရာ …..။ ယုံလောက်ဖွယ် (believableness) ရှိအောင် ဖမ်းပြပေးရမည်။
မလွယ်လှသော ကိစ္စပါတကား။

သို့ရာတွင် တွင်းသင်းမင်းကြီးက “မုဒုလက္ခဏာပျို့” တွင် မလွယ်သောအမူကို
ပြုပြခဲ့၏။

“နှစ်ဆူလ၀န်း
ဝိဒေကျွန်းက
ပေါ်ထွန်းသောယောင်
ရွှေနန်းချောင်ဝယ်
အရောင်ပေါင်းစု
စောမုဒု၏
ဖွံ့နုပျို့ပျို့
ရွှေရင်စို့ကို
နှစ်လို့ လေးမြတ်
ရှုမိလတ်သည်
ရိုးပြတ်ခြင်ဆီချင်းချင်းတည်း …။”

“ကြောင်ပန်းရဲ့ မြှီးတံတို၊ အဆီကို စားပါလို့၊ အသားကိုမျို။ ကြောင်အိုပေမြှေး၊
အိပ်ပါတော့လေး။”

နိုင်ငံခြားမှ လာသည့် ဟိုကျင့်စဉ် သည်ကျင့်စဉ်မှ ဟိုကဗျာသည် ကဗျာအကြောင်း၊
လူငယ် ကဗျာဆရာ အချို့နှင့် လူကြီးအချို့ ပြောနေကြသည်။
ကိုယ်ပိုင် “ပတ္တမြား” များကိုလည်း ပြန်ရူကြရန် တိုက်တွန်းလိုပါသည်။

လယ်တီဆရာတော်ဘုရားကြီးနှင့် ကြောင်ပန်းဆရာတော်ဘုရားကြီးတို့ ဖမ်းပြ
သော “သဘော” တို့မှာ သာမန် ပုထုဇဉ်တို့အတွက် ရာခိုင်နှုန်းပြည့် ဥာဏ်မီ
နားလည်ရန် ခက်လှကြောင်း ၀န်ခံလို ပါသည်။ ပရိယတ်၊ ပဋိပတ် မပြည်စုံဘဲ
အရမ်းအဓိပ္ပါယ် မဖွင့်ဆိုမိရန်လည်း သတိပေးလိုပါသည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်များအား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

3 comments:

Maydarwii said...

တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဒီစာအုပ်ကို မဖတ်ဖူးသေးဘူး။ ဖြည်းဖြည်းချင်း လာဖတ်ပါမယ်။ သိမ်းထားချင်လို့ ကူးယူခွင့် ပြုပါသလားရှင်။

ကိုအောင်(ပျူနိုင်ငံ) said...

မမေဓါဝီ ... ကူးယူချင်တယ်ဆိုရင် ခွင့်ပြုပါတယ်၊
ဒီစာအုပ်က လုံးချင်တော့ မထုတ်ရသေးပါဘူး၊ အခန်း
ဆက် ဆောင်းပါးရှည် ဖြစ်ပါတယ် ခင်ဗျာ။

Younggun said...

အကိုရေ ဆရာဘုန်းနိုင်ဆောင်းပါးတွေနဲ့တော့ ကျနော်မရင်းနှိးပါဘူး။ ဒါပေမယ့် ဆရာတာရာမင်းဝေက အဲဒီဆောင်းပါးတွေကို ပြိုင်မြင်းတို့ရဲ့ ခွါသံ စာအုပ်နဲ့ ချေပခဲ့တယ်လို့တော့ ကြားဖူးပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။