Thursday, 30 July 2009

ဧရာဝတီမှ ယမုနာသို့


ရေးသူ- ဒဂုန်တာရာ

အောက်တွင် မြင်ရသော ရခိုင်ရိုးမ တောင်တန်းများမှာ ဆရာချုံ၏ အဝေး
ကြည့် ပန်းချီကား မြင်ကွင်းကဲ့သို့ ပြားနေကြပေသည်။ ညို့ညို့စိမ်းနေသော
သစ်ပင်များ လှိုင်းထနေကြသည်။ ဤစိမ်းသော လှိုင်းဂယက်များထဲတွင်
စက္ကူလုပ်နိုင်သော ၀ါးပင်များ ရှိလေရဲ့ဟု တွေးကာ စက္ကူစက်ကြီးတွေ
ဆောက်နိုင်လျှင်တော့ စာပေထုတ်လုပ်ရေး လုပ်ငန်းများ တွင်ကျယ်လာကာ
စာရေးသူတွေ ဟန်ကျတော့မှာဘဲဟု လကြေး မှန်ပေါက်မှ ပွတ်သတ်တိုးနှင်
သွားကြသော တိမ်ဖြူစများကို ငေးကာ စိတ်ကူး ကွန့်မြူးမိသည်။

သို့သော် စက္ကူစက်ကြီးမှာ လေထဲတွင် ငြိမ့်ကနဲလျှောအဆင်း၌ ရခိုင်ရိုးမ
တောင်ကြားထဲ စိုက်ကျသွားလေ၏။ လျှိုမြှောင်ခင်တန်း စိမ့်စမ်း စုံမြိုင်ထဲတွင်
ပုန်းနေကြသော သူပုန်များ၏ စခန်းထဲ ရောက်သွားမလား။

လေကြောတွင် မျောနေပြန်လေ၏။ နံနက် နေရောင်သည် တိမ်မြှင်ကြားမှ
ဖြာထိုးကျကာ သက်တန့်ရောင်သည် ၀ိုးတ၀ါး လက်နေပြန်လေသည်။

ဒီဇင်ဘာ ၂၃ ရက်မှ ၂၈ ရက်အထိ နယူးဒေလီမြို့တွင် ကျင်းပမည့် အာရှ
စာရေးဆရာ ညီလာခံသို့ တက်ရောက်ရန် စိတ်ရှိသော်လည်း မိမိစရိတ်နှင့်
မိမိ လိုက်ပါရန် ဆုံးဖြတ်ချက်အရ ငွေကြေး ရှာနေခဲ့ရသည်။ စာရေးသူများ
အဖို့ ငွေတထောင်ခန့် ရရန်မှာ မလွယ်ကူချေ။ “စာရေးဆရာအသင်းဘယ်လဲ”
ဟူသော ဝေဖန်မှုဆောင်းပါးနှင့် ပက်သက်၍ ရှုမ၀နှင့် “အခြင်းများ”ထား၍
ခပ်ခွာခွာ နေသောအခါလည်း ဖြစ်၏။ ကျွန်တော်မှာ ထုတ်ဝေသူများနှင့်
ဆက်ဆံရာ၌ “ဇီဇာကြောင်” သူတယောက် ဖြစ်ရာ စာပေလွတ်လပ်ခွင့်နှင့်
ပက်သက်၍ မကြာခဏ ဆိုသလို စကားများခဲ့ရဘူးသည်။ သို့သော် အရေး
ကြုံလာ၍ မတတ်နိုင်။ ရှုမ၀ ဦးကျော်ထံ ပြေးကာ ငွေ ကြိုတင်ပေးရန် စကား
ကမ်းလှမ်း ထားရလေ၏။ နိုင်ငံခြားသွားသည့်အခါ ငွေလိုတတ်သည်ဖြစ်၍
ရှုမ၀ ဦးကျော် ပြောထားသည့် ငွေနှင့်လည်း မလုံလောက်သဖြင့် ကြံရပြန်သည်။
တညနေတွင် ကန်တော်ကြီးရှိ ပြည်ထောင်စုကလပ်သို့ သွားသည်။

ဦးဗဆွေ ၀န်ကြီးဖြစ်မှ တခါနှစ်ခါသာ တွေ့ဘူးသည်။ သခင်ကိုယ်တော်မှိုင်း
ကြေးရုပ် ရန်ပုံငွေအတွက် ကိစ္စပေါ်တုန်းက ဖြစ်၏။ ၁၉၅၄ က ကျွန်တော်
ပရာဟာက အပြန် အလုပ်သမား အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဦးဗဆွေအား
ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့ တက်ရန် ဖိတ်ကြားချက်ယူကာ
သွားဘူး၏။ ဟုမ်းလမ်းရှိ သူ၏အိမ်ဂိတ်ဝ တဲကလေးတွင် တနာရီခန့်စောင့်ကာ
၃ ရက် ဆက်သွားသော်လည်း တွေ့ခွင့်မရခဲ့။ နောက်ဆုံးနေ့တွင်ကား
“ကိုဗဆွေ။ ခင်ဗျားဆီ ကျွန်တော် ၃ ရက် ဆက်လာတယ်။ ခင်ဗျားဆီက
အလုပ်တောင်းဘို့ လာတာ မဟုတ်ဖူး။ ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီက
ဖိတ်စာ ကိုယ်တိုင်လာပေးတာ။ ဒါဘဲ” ဟု စာရေး၍ အပါးတော်မြဲထံ ပေးထား
ခဲ့၏။ သခင်ကိုယ်တော်မှိုင်းကြေးရုပ် ရန်ပုံငွေအတွက် ကိစ္စပေါ်လာ၍ အိမ်
မသွားချင်ကြောင်း ပြောမိရာ မိတ်ဆွေတယောက်က “ဦးဗဆွေ တွေ့ချင်ရင်
ညနေပိုင်း ပြည်ထောင်စု ကလပ်သာ သွားပါဗျာ” ဟု အကြံပေး၍ သွားဘူး
သည်။ ကျွန်တော်က သူ့အိမ် လာရသည့် အခက်အခဲကို ပြောပြရာ
ဦးဗဆွေက ရယ်မော၍ “အချို့ကိစ္စတွေက အပါးတော်မြဲ လက်ထဲတင်
ပြီးသွားတာကွ၊ တချို့စာတွေဘာတွေဆိုတာ ကိုယ့်လက်ထဲတောင်
ရောက်တာ မဟုတ်ဖူး” ဟု ပြောလေသည်။

ကျွန်တော်သည် ဗိလိယက်ခန်းထဲသို့ စွတ်ဝင်သွားလေသည်။ ခါတိုင်း
ကဲ့သို့ပင် ဗိလိယက်ခုံ နှစ်ခုံကြားရှိ ကြိမ်ပက်လက်ကုလားထိုင်တွင်
စီးကရက်ဖွာနေသော ၀န်ကြီးချုပ် ဦးဗဆွေကို အသင့်တွေ့ရသည်။
နံ့သာရောင် ဟာဝေယံရှပ်၊ အဖြူပေါ်မှ အကွက်နှင့် ချည်လုံချီ ၀တ်ထား
လေသည်။ ကျွန်တော်လည်း သူ့ဘေးရှိ ခွေးခြေကလေးတွင် အသာထိုင်
လိုက်သည်။ သူက ပက်လက်လှန်နေ၍ ကျွန်တော်သည် ကုလားထိုင်
လက်ရမ်းကို ထောက်ကာ စကားပြောရလေ၏။ ဧည့်ခန်းမှ ရေဒီယိုသံမှာ
ပျံ့လွင့် ညံစီလျက်ရှိ၏။

ဦးဗဆွေက “ဆိုစမ်းပါအုံး” ဟု ပြုံးကာ မေးလိုက်သည်။
“အာရှ စာရေးဆရာ ညီလာခံအတွက် အကူအညီ လာတောင်းတာ”

အာရှ စာရေးဆရာ ညီလာခံအကြောင်း ရှင်းပြသည်။ ကျွန်တော့်စိတ်ထဲတွင်
ရှိသည်ကား ငွေကြေး စရိတ်စက ရကောင်းမှ ရမည်။ သို့သော် အနည်းဆုံး
နိုင်ငံကူးလက်မှတ် မြန်မြန်ရအောင်တော့ ၀န်ကြီးချုပ်အနေနှင့် လုပ်ပေးနိုင်
လိမ့်မည်ဟု ထင်ထားသည်။
“မင်းတို့ အဖွဲ့ဟာက အတိုက်အခံတွေဘဲကွ”
ကိုဗဆွေသည် နေရာမှ မတ်လာလေ၏။
“ဘယ်မှာပါလို့တုံးဗျ”
“လိန်းချိန်းမှဘဲ။ သိန်းဖေ တယောက်လုံး ပါနေတာ”

ကျွန်တော်က အာရှ စာရေးဆရာ ညီလာခံကို အိန္ဒိယပြည် ၀န်ကြီးချုပ် နေရူး
က အားပေးပုံ၊ နိုင်ငံရေးမပါပုံ စသည်များ ပြောပြနေစဉ် အပါးရှိ ဗိလိယက်ထိုး
နေသော ၀န်ကြီး ဦးထွန်းဝင်းက “ဟေ့ ဟေ့ ၀န်ကြီးချုပ်ကို ဘာလာ နှူးနေတာ
လဲ။ ကိုယ်တို့ဆဲဘို့ ပိုက်ဆံပေး လွှတ်ရမှာလားကွ” ဟု လှည့်ပြောလိုက်သည်။

ဦးထွန်းဝင်းမှာ အင်္ကျီလက်တိုကလေးနှင့် ဖြစ်သည်။ သူတို့နှစ်ယောက်ကြည့်ရ
သည်မှာ ကျောင်းသားဘ၀က သမဂ္ဂအောက်ထပ် ဗိလိယက်ခုံတွင် ကစားနေ
ကြသလို ထင်မိသည်။ ဦးထွန်းဝင်းမှာ အရင်တုန်းကကဲ့သို့ပင် ခပ်ဆတ်ဆတ်
ပြောသည်။

“ဟုတ်တယ်ကွ။ ကိုယ်တို့ဆဲဘို့ ပိုက်ဆံပေး လွှတ်ရတာမျိုး ဖြစ်နေပါအုံးမယ်
ကွာ။ ကြည့်လဲလုပ်ပါအုံး” ဟု ကိုဗဆွေက ပြုံးရယ်ကာ ပြောနေပြန်လေသည်။
သူ့ဖာသာသူ သဘောကျသလို ထပ်ရယ်နေပြန်၏။ ဦးထွန်းဝင်းမှာ ကြူတန်
ကို မြေဖြူပွတ်ယင်း တဖက်စွန်းသို့ ရောက်သွားသည်။

“ကဲ ခင်ဗျားတို့ကို ဆဲချင်တယ်ဘဲ ထားပါအုံး၊ ဒီ စာရေးဆရာ ညီလာခံက
ဘယ်လိုလုပ်ပြီး ဆဲမလဲ။ ဆဲမယ့်အကွက်ကော ရှိလို့လား။ နောက်ပြီး
ကိုသိန်းဖေကလွဲရင် နိုင်ငံရေးသမား ဘယ်သူပါလို့လဲ။ ကျွန်တော် နိုင်ငံရေး
သမားလားဗျာ။ ပြောစမ်းပါအုံး”

ကိုယ်စားလှယ် အဖွဲ့ဝင်များ၏ နာမည်နာမနှင့်တကွ ညီလာခံတွင် ဆွေးနွေး
ကြမည့် အစီအစဉ်များကို အသေးစိတ် ပြောပြနေသည်ကို ကိုဗဆွေသည်
နားထောင်ကာ ခေါင်းညိတ်နေသည်။ သူသည် စီးကရက်တလိပ် ထပ်ညှိပြန်သည်။

“ကျုပ်တို့ ဖဆပလ အစိုးရ နွား အစိုးရ မဟုတ်ဖူးနော်။ ကျွန်တော် လွှတ်တော်
မှာ ပြောတာ ကြားတယ် မဟုတ်လား” ဟု ဦးထွန်းဝင်းက ဗိလိယက် ထိုးနေရင်းက
လှမ်းကာ ရယ်မော ပြောနေလေသည်။
ကျွန်တော်က ဆက်လက် ရှင်းပြနေရ၏။

“သိန်းဖေ မနေ့က ကိုယ့်ဆီလာတယ် ပြောတယ်။ အလုပ်များနေတာနဲ့ မတွေ့
လိုက်ဖူး။ ဒီအကြောင်း လာပြောတာဘဲ၊ ဦးသန့်နဲ့ သွားတွေ့ဘို့ အကြောင်း
ကြားလိုက်တယ်။ မင်းတို့အထဲမှာ ကိုယ်ကြိုက်တဲ့သူတွေ ပါ ပါတယ်”

အချို့နာမည်များကို ပြောနေလေသည်။ ကိုယ်စားလှယ်မှာ ကိုယ်စားလှယ်
အဖြစ် သွားသင့်လောက်အောင် မဟုတ်သည်ကိုလည်း ဝေဖန်သည်။ ကျွန်တော်
က ကိုယ်စားလှယ်ရွေးရာ၌ ဘာကြောင့် ပါလာရသည်ကို ရှင်းပြလိုက်သည်။
ထိုနောက် စဉ်းစားနေပြီး “ခေါင်းခေါက်ပြီး စရိတ်ပေးတယ်ဆိုရင်လဲ
ဒို့ ဘယ်တရားရာ ကျမလဲကွာ”

ကျွန်တော်မှာ စရိတ်ပေးမည့်အကြောင်း စဉ်းစားနေသည်။ အံ့အားသင့်
နေမိသည်။ ထင်ထားသည်ထက် လိုက်လျောနေသည်ကို တွေ့နေရ၏။

“တယောက်ကို စရိတ်ဘယ်လောက်ကုန်မလဲ”
“ရှစ် ရှစ်ရာလောက်တော့ ကျမယ်ထင်တယ်”
“တထောင်ထားပါကွာ”
နောက်ဆုံး၌ ငွေလေးထောင်ပေးနိုင်မည့်အကြောင်း ဆိုက်ရောက်တော့
သည်။ စာရေးဆရာအသင်းက ညီလာခံသို့ ဆက်ကြေး ငွေတထောင်
ပေးရန် ဆုံးဖြတ်ထားကြောင်းလည်း ပြောပြလိုက်သည်။

ကိုထွန်းဝင်းလည်း ပွဲပြီးသွား၍ ကျွန်တော်တို့နှင့် လာထိုင် စကားပြောနေ
လေသည်။
“နေပါအုံးကွ။ မင်းတို့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ ရှေးအစဉ်အလာ
ယဉ်ကျေးမှုစာပေနဲ့ ပက်သက်တဲ့ ပုဂ္ဂိုလ်တွေ မပါ ပါလားကွ”

“ဟုတ်တယ်။ ရမှ မရဘဲကို။ ကျွန်တော် ပထမဆုံး ဆရာဇော်ဂျီ သွားပြော
သေးတယ်။ ဆရာကလဲ မလိုက်နိုင်ဘူး ပြောလိုက်တယ်။ ကျွန်တော်တို့က
ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ်တောင် လိုက်ဖို့ပြောတာ။ ခင်ဗျား
ပြောရင် ပြောကြည့်ပါလား”

ကိုဗဆွေလည်း အတန်ငယ် စဉ်းစားနေပြီး
“ဦးသာမြတ်တို့ ဦးဖိုးလတ်တို့ကောကွာ”
“ကျွန်တော်တို့အနေနဲ့တော့ ကြိုက်တယ်။ ကျွန်တော်တို့ အာရှညီလာခံ
အစီအစဉ်ထဲမှာကိုက အာရှအစဉ်အလာ ယဉ်ကျေးမှုဖလှယ်ရေး ပြဿနာ
တွေ ဆွေးနွေးဘို့ ပါသားဘဲ။ ဒီလို သုတေသီတွေပါရင် ဟန်ကျတာပေါ့”

“ဒီလို လုပ်ကွာ။ ကိုယ် ဦးသန့်နဲ့ တိုင်ပင်ပြီး စီစဉ်လိုက်မယ်။ နောက်ထပ်
အတည်ပြုဘို့ ၁၃ ရက်နေ့ လာနိုင်မလား။ မင်းတို့ ကိုယ်စားလှယ်ထဲက
လူတွေနဲ့ပေါ့။ အချိန်ကို ချိန်းလိုက်မယ်။ မင်း ဘယ်အကြောင်းကြားရမှာလဲ”

ကျွန်တော်က လိပ်စာ ရေးပေးလိုက်သည်။ ကိုဗဆွေလည်း အတော်ကြာ
ကြည့်နေပြီး ၁၃၆ ကို “ဝေေ၀” ဟု ဖတ်နေလေ၏။
“ခင်ဗျား ဖတ်လို့ရရဲ့လား”
“မင်းလက်ရေးကလဲကွာ”
ကိုဗဆွေလည်း ဟက်ဟက်ပက်ပက် ရယ်မောနေလေသည်။

ထို့နောက် စာရေးဆရာအသင်းအကြောင်း ရောက်သွားကြသည်။ စာရေး
ဆရာအသင်းနှင့် ပတ်သက်၍ အစိုးရပိုင်းက ထင်ထားသည်များမှာ မှားယွင်း
နေသည်ကို တွေ့ရ၍ ရှင်းပြောပြနေသည်။ သတင်းစာထဲ ပါတာ၊ အဖျား
ဆွတ် ပြောကြတာတွေကို ယုံကြည်၍မရနိုင်ကြောင်း ပြောရသေးသည်။
စာရေးဆရာ အသင်းထဲသို့ နိုင်ငံရေးအင်အားစုများ ထိုးဝင်မလာ မဟုတ်၊
ဝင်လာကြောင်း၊ သို့သော် စိုးရိမ်စရာ ကောင်းအောင် နိုင်ငံရေးကို အသင်း
အနေနှင့် လုပ်၍ မရနိုင်ကြောင်းလည်း ကျွန်တော့်ထင်မြင်ချက်များကို
ပြောပြလိုက်သည်။ သခင်လေးမောင် စသူများက စာရေးဆရာကြီးများ
အဖြစ် နိုင်ငံခြားတွင် “ကိုယ်ထင်” ပြကြသည့် အကြောင်းလည်း ပါသည်။

“ဒီလိုဆိုရင် ကိုယ်လဲ စာရေးဆရာပေါ့ကွ ဟားဟား”
“ဖြစ်နိုင်တာပေါ့။ ခင်ဗျားလဲ ကောလိပ်မဂ္ဂဇင်းမှာ ၀တ္ထုတို ရေးခဲ့ဘူးသားဘဲ”

“ကျွန်တော်လဲ အသင်းဝင် ဖြစ်နိုင်တာဘဲ။ သတင်းစာထဲမှာ နာမည်
အမျိုးမျိုးနဲ့ ရေးနေတာဘဲ” ဟု ကိုထွန်းဝင်းကပါ ရယ်မော ပြောနေလေသည်။

“လက်ရှိ စည်းမျဉ်းအရတော့ အသင်းဝင် ဖြစ်နိုင်တာပေါ့။ အသင်းဝင် အရည်
အခြင်း သတ်မှတ်ထားတာက သိပ်ရော့ရဲတယ်”
“ကိုယ်တို့ ဖဆပလ ကတော့ ဒါမျိုးမလုပ်ဖူးနော်။ ဖဆပလ က ဒါမျိုး မလုပ်
ဖူး။ ငွေတထောင်လောက် အကုန်ခံနိုင်ရင် အသင်းစီးနိုင်တာပေါ့” ဟု
ကိုထွန်းဝင်းက ပြောပြီးရယ်နေသည်။

“အခုလဲ အခွင့်အရေးကော်မတီဆိုပြီး ဖွဲ့ထားတာ ရှိပါတယ်။ ဒီကော်မတီ
မှာ ဦးထင်ဖတ်က တာဝန်ခံဘဲ။ အဲဒီကော်မတီမှာ စာရေးဆရာဆိုတာ
ဘာလဲဆိုတာ ဆွေးနွေး အဓိပ္ပာယတ္ထ ဖော်ကြပြီး အရည်အခြင်းသတ်မှတ်ပြီး
စည်းမျဉ်းကိုပြင်ဘို့ ဆုံးဖြတ်ချက် ရှိပါတယ်”

“ဒီမယ် မင်းတို့လဲ မင်းတို့ဖာသာ၊ ဒို့လဲ ဒို့ဖာသာ နေတာလဲ ခပ်ကောင်း
ကောင်းကွ။ ကိုယ်တို့လဲ နေသာတာပေါ့ မဟုတ်လား”
ကိုဗဆွေသည် စီးကရက် ထပ်ညှိကာ ပြုံးနေလေသည်။

သတိရသလို ပြောလိုက်သည်။ ကျွန်တော်က ကာဖီ တခွက်မှာကာ
သူ့စကားကို အခြေပြု၍ စာရေးဆရာနှင့် အစိုးရဆက်ဆံရေး သဘော
တရားများကို စဉ်းစားနေမိသည်။
“ဟော၊ အခု မင်းက လာပြောတယ်ဆိုတော့လဲ ဒို့ စဉ်းစား နေရပြီ
မဟုတ်လား”
ကျွန်တော်သည် အပြင်ဘက်သို့ ငေးနေမိသည်။ ကန်တော်ကြီး ရေပြင်မှာ
ကျောက်ကျောတုံးကဲ့သို့ မဲနေလေ၏။
“ကိုယ် ဆိုလိုတာက ဒို့ကို ဖော်လံဖားရမယ်လို့လဲ ဆိုတာ မဟုတ်ပါဘူး။
ကိုယ့်စည်းနဲ့ကိုယ် နေကြဘို့ ပြောတာပါ”
ထို့နောက် စာပေအကြောင်း ရောက်သွားလေသည်။
“မင်းရေးတဲ့ ကြာပန်းရေစင်က ဆုံးသွားပလားကွ”
“ခင်ဗျားကလဲ ဖတ်တယ်လဲ ဆိုသေးရဲ့၊ ဆုံးမှန်းတောင် မသိဘူးလား။ သုံးလ
တောင် ရှိသွားပလား မပြောတတ်ဖူး” ဟု ဆိုသော် ကိုဗဆွေမှာ ပြုံးနေလေ၏။
“ဖတ်ပါတယ်ကွာ။ မင်းဟာက အဆက်နဲ့ဆိုတော့ ပျင်းတာပေါ့ကွ”

နောက်သုံးရက်ခန့်ကြာသောအခါ အတွင်းဝန် ဦးသန့်မှ တဆင့် ၀န်ကြီးချုပ်
နှင့် သွားတွေ့ရသည်။ စရိတ်အတွက် ငွေလေးထောင် အတည်ဖြစ်ကာ
ယဉ်ကျေးမှုဌာန ညွှန်ကြားရေးဝန် ဦးသာမြတ် လိုက်မည့်အကြောင်း သိရ
လေ၏။ ကျွန်တော်တို့ ပြင်ဆင်ရေးကော်မတီကလည်း ဦးသာမြတ်ကို
ကိုယ်စားလှယ်အဖွဲ့တွင်ပါရန် သဘောတူကြပါသည်။

အမှန်အားဖြင့် ဦးသာမြတ်မှာ မြန်မာပြည် လာရောက်ကြသည့် နိုင်ငံခြား
ယဉ်ကျေးမှုအဖွဲ့များ ဧည့်ခံရေးကော်မတီ သဘာပတိအဖြစ် အလုပ်များ
နေသဖြင့် ဒီဇင်ဘာ ၂၁ ရက်၊ ၂၂ ရက်လောက်မှ နောက်ကျလိုက်ရန်
ဖြစ်သော်လည်း ယဉ်ကျေးမှုဝန်ကြီး၏ ခွင့်ပြုချက်ကြောင့် ကျွန်တော်တို့
နှင့်အတူပင် တလေယာဉ်ပျံထဲ လိုက်ပါလာသည်။

ရခိုင်ရိုးမကို ကျော်သောအခါ ကျွန်းများဖြင့် ပြောက်ထားသော ကျွန်းဆွယ်
ကမ်းစကို ဖြတ်ပျံလေသည်။ ငယ်ငယ်တုန်းက သစ်သားခွက်ကြီးထဲ၌
သဲများပုံကာ ရေလွှတ်၍ ပထ၀ီသင်ရသည်များကို သွားအမှတ်ရမိလေသည်။
ကျောင်းနေစဉ်က မြေပုံဆွဲ ၀ါသနာပါခဲ့ဘူးသည်။ ရခိုင်ကမ်းရိုးတန်းဆွဲသော
အခါ ခဲတံကို တုန်ကာ တွန့်၍ ရေးတတ်သည်။ ယခု စိတ်ကူးထဲက အတွန့်
များကို မြင်ရလေပြီ။ စိတ်ကူးထက် လှနေပေသည်တကား။

နေရောင်၌ကား တဖျတ်ဖျတ် လက်နေသော ကျောက်သံ ပတ္တမြားပုံထဲ၌
အနီ အစိမ်း။ မြေအငူသည် ထိုးထွက်နေကြ၏။ လှေကလေးများမှာ ရွက်
ကော့ကလေး မျှောနေသကဲ့သို့ပင်။ သောင်စပ်၌ ဖြူဖွေးသော ရေမြှပ်များ
သည် တကွဲတပြားစီ ပြန့်ကြဲကာ ပေါလောဝေနေကြ၏။ ကမ်းစောင့်
နတ်သမီး ရေကစား၍ ဆပ်ပြာမြှုပ်များ ကျန်ရစ်နေသလားဟု ကဗျာစိတ်ကူး
ယဉ်၍မှ အဆုံးမသတ်ခင် စစ်တွေလေဆိပ် မြေပြင်သို့ ဒိတ်ကနဲ
လာ တိုက်မိလေ၏။

စစ်တွေမှာ ကျွန်တော်ရောက်ချင်သော မြို့ဖြစ်၏။ မြို့ထဲသို့ လှည့်လည်
ကြည့်ချင်သော်လည်း အချိန်မရကြောင်း သိရ၍ မလည်နိုင်တော့။ လေဆိပ်
မြင်ရသည်မှာ တရုတ်ပြည်မှ ဟန်ကောကို သွားသတိရမိလိုက်၏။ ရိုးရိုး
ကလေးပင် ဖြစ်၏။ သံပြားပေါက်များ နင်းကား လေဆိပ် လက်ဖက်ရည်ဆိုင်
သို့ လျှောက်သွားရင်း “အောက် အာကာဗွီ၊ ၀ါရောထွီ၍” စသော ရတုရှင်
ရခိုင်ကဗျာစာဆို ဥက္ကာပျံ၏ မြေပါကလားဟု အောက်မေ့လာသည်။ ရခိုင်
ပြည်ကား စိမ်းစိမ်းစိုစို ရှိသည်။

(ဤမျှသာ။ ။)

(မှတ်ချက်။ ။ ဆရာကြီး ဒဂုန်တာရာ၏ “ဧရာဝတီ၊ ယန်စီ၊ ဗော်လဂါ
စာအုပ်မှ ထပ်ဆင့် ကူးယူဖော်ပြပါသည်။ “ဧရာဝတီမှ ယမုနာသို့
ခေါင်းစဉ်အောက်ရှိ အပိုင်း(၁) ကိုသာ ဖော်ပြထားပါသည်။ စာပေ
မူပိုင်ခွင့်အရ ဆရာကြီး ဒဂုန်တာရာအား ရိုသေစွာ တောင်းပန်
ပါသည်။ … စစ်ငြိမ်းဒီရေ …)

3 comments:

Maydarwii said...

ဆရာကြီး ဒဂုန်တာရာရဲ့ စာကို ဖတ်ရတာ အရမ်းသဘောကျတယ်။ လှပဆန်းသစ်တဲ့ စကားလုံးတွေကို ပြေပြစ်တဲ့ ၀ါကျတွေနဲ့ စီခြယ်ရေးထားတဲ့ အရေးအသားတွေက ကဗျာတပုဒ်ကို ဖတ်ရသလို ပန်းချီကားတချပ်ကို ကြည့်ရသလိုပဲ။ မျက်စိထဲလဲ မြင်ယောင်မိတယ်။

ဆရာကြီး စာအတွက် ကျေးဇူးတင်ပါတယ် ကိုအောင်ရေ ... ။

Nyein Chan Aung said...

ဆရာကြီး ဒဂုန်တာရာ မြန်မာ့စာပေနယ်မှာ နှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့ပါစေဗျာ။

Vigor said...

Love your post. Glad to know the differences of then and now..Those guys did (DID) support/encourage the Literature.
Cheers..