Wednesday, 1 July 2009

ကန့်ကွက်မည့်သူ ရှိရင် ဖော်ပြလော (၁)

လီရနာ၊ဂင်္ဂါ၊ဧရာဝတီ
ရေးသူ- တက္ကသိုလ်ဘုန်းနိုင်

(၁)
“ကဗျာပညာ ကျောက်တောင် နံရံကြီးက ကျွန်တော့် အထက်မှာ မြင့်မြင့်မားမားကြီး
စီးမိုးထားသည်။ သူ့အောက်မှာ ကျွန်တော်တစ်ယောက်က ရွက်စားမုန်လာပွင့်
လိုက်ခူးနေသူသာ ဖြစ်သည်။ ကြောက်ရွံ့တုန်လှုပ်ဖွယ် ကောင်းလှသော
အလုပ်ပါတကား”
ဂျွန်ကိ(တ်)(စ်)

(၂)
ကဗျာအကြောင်း ပြောမည်ကြံသောအခါ နိမိတ်ပုံလေးတွေ ခေါင်းတွင်း ၀င်လာသည်။

လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ ….. ။
လီရနာ ဆိုသည်မှာ ခေါမတိုင်း အားဂတ်စ် (Argos) နယ်မှ မြစ်ကလေးတစ်ခု၏
အမည် (Lerna) ဟု စာလုံးပေါင်းထားလေရာ၊ လားနာဟု အသံထွက်သည်လား၊
လီရနာဟု အသံထွက်သည်လား ကျွန်တော် သေချာပေါက် မသိ၊ ဖြစ်နိုင်ဖို့ များသည့်
လီရနာဟုပဲ ခေတ္တခေါ်ကြရအောင်။

ဟိုရှေးရှေးတုန်းက …. ။
ဟိုရှေးရှေးတုန်းက ဆိုသည်မှာ ဖြစ်ချင်တာဖြစ်နိုင်သော သမိုင်း ဟိုမှာဘက်အခါ
ကို ဆိုလိုပါသည်။ ထိုခေတ်အခါကို မစ်သီကယ်လ်အေးခ်ျ (Mythical Age) ဟု
ခေါ်ပါသည်။ ယုံစရာ ပုံပမာခေတ် … ဤသို့ ကဗျာဆန်ဆန် ခေါ်ကြမည်။

အဲသည့် ယုံစရာ ပုံပမာခေတ် ဟိုရှေးရှေးတုန်းက အားဂက်စ်ပြည့်ရှင်သမီး
မင်းသမီးလေး အေမီမနီး (Amymone) နှင့် ခေါမတန်ခိုးရှင် နတ်ဘုရား ပိုးဆိုက်ဒင်
(Poseidom) တို့ တောတွင်း တစ်နေရာမှာ ဆုံတွေ့ ချစ်ကြိုးခွေမိသည်။

အားဂက်စ် တစ်နယ်လုံး မိုးတွေခေါင်၊ မြစ်တွေခန်း၊ ရေတွေရှားနေသည်မို့ အေမီမနီး
သည် ခမည်းတော် အမိန့်နှင့် ရေရှာရန် ထွက်လာခဲ့ခြင်းဖြစ်လေသည်။
မိုးတွေခေါင်၊ မြစ်တွေခန်းအောင် ပိုးဆိုက်ဒင်ကပင် လုပ်ထားခြင်းဖြစ်သည်။
ယခုတော့ သံယောဇဉ်နှောင်ဖွဲ့မိသူလေး၏ ကိုယ်ရေးဒုက္ခ ဖြစ်နေပါပကော။

ကျောက်ဆောင်တစ်ခုထက် ထိုးစိုက်နေသော မိမိ၏ အသွားသုံးခွရှိသော လှံကြီးကို
ပိုးဆိုက်ဒင်က အေမီမနီးကို ဆွဲနုတ်စေသည်။ လှံသွားရာ သုံးပေါက်မှ ရေချိုတွေ
ပန်းထွက်လာပြီး လီရနာမြစ်ဖြစ်၍ စီးသွားသည်။

ထိုအချိန်မှစ၍ အေမီမနီး ရေထွက်ဦးက ဘယ်သောအခါမှ ရေထွက်မရပ်။ ဘယ်မြစ်
တွေ ရေခန်းခန်း လီရနာမြစ်က မခန်း။
ချစ်ခြင်းမေတ္တာ ရေထွက်ဦးနှင့် သည်ရေထွက်ဦးမှာ မြစ်ဖျားခံလေသည့်မြစ် ….။
ကဗျာဆန်သည်။

သြော် … ကျွန်တော်တို့နှင့် အတော်ရင်းနှီးသော ဂင်္ဂါမြစ်ကြီး မြစ်ဖျားခံလာပုံကလည်း
ဆန်းကြယ်သည်။ ဟိမ၀န္တာတောင်ကြီးကား အကျယ်ယူဇနာ သုံးထောင်၊ အမြင့်ယူဇနာ
ငါးရာ၊ တောင်ထွတ်ပေါင်း ရှစ်သောင်း လေးထောင် ရှိသည်။ ကေလာသ၊ကာလ၊ စိတြ၊
သုဒဿန၊ ဂန္ဓမာဒနတို့ကား ထူးခြားသော တောင်ထွတ်ကြီး ငါးခုဖြစ်၏။ ထိုတောင်
ထွတ်ကြီးငါးခုတို့၏ အကြား တောင်ထိတ်ဝယ် အန၀တတ်ရေအိုင် ရှိလေသည်။

ထိုရေအိုင်ကြီး၌ အရှေ့ဘက်တွင် ခြသေ့င်္ခံတွင်း၊ မြောက်ဘက်တွင် မြင်းခံတွင်း၊
အနောက်ဘက်တွင် ဆင်ခံတွင်း၊ တောင်ဘက်တွင် နွားခံတွင်းနှင့် တူကုန်သော
ပြွန်လေးခုရှိသည်။

ခြသေ့င်္ပြွန်မှထွက်သော ရေတို့သည် အရှေ့အရပ်သို့ မြစ်တွေဖြစ်လျက် စီးသွားသည်။
မြင်းပြွန်မှထွက်သော ရေတို့သည် မြောက်အရပ်သို့။ ဆင်ပြွန်မှထွက်သော ရေတို့သည်
အနောက်အရပ် ဥရောပဆီသို့၊ နွားပြွန်မှထွက်သော ရေတို့သည် တောင်အရပ်ဆီသို့
အသီးသီး မြစ်တွေဖြစ်လျက် စီးသွားကြကုန်၏။

နွားပြွန်မှထွက်သော ရေတို့သည် အန၀တတ်အိုင်ကြီးဆီ ဦးတည်လျက် လက်ယာရစ်ဝဲ
နှစ်ပတ် သုံးပတ် လှည့်သည်။ ထိုနေရာကို အာဝဋဂင်္ဂါဟု ခေါ်သည်။ ထိုမှ တောအရပ်
ကဏ္ဍမည်သော ကျောက်ဖျာပေါ်တွင် ယူဇနာခြောက်ဆယ်ခန့် စီးသွားသည်။ ထိုအရပ်
ကို ကဏ္ဍဂင်္ဂါဟု ခေါ်ကြသည်။ ထိုမှ တောင်ဘက် အနိမ့်ချောက်ထဲသို့ မြေမထိဘဲ
ကောင်းကင်ခရီးဖြင့် ယူဇနာခြောက်ဆယ်ခန့်သွား၍ တိရင်္ဂလကျောက်ဖျာပေါ်သို့
ကျသည်။ ကောင်းကင်ခရီးဖြင့် စီးသွားသော ရေစိုင်ရေလုံးကြီးကို အာကာသဂင်္ဂါဟု
ခေါ်ကြသည်။

ထိုမှ တိရင်္ဂလကျောက်ဖျာထက်တွင် ထူးအိုင်ကြီး ဖြစ်သွားရာ တိရင်္ဂလရေကန်ဟု
ခေါ်ကြသည်။ ထိုရေကန်မှ ကျောက်ကမ်းပါးကို ထိုးဖောက်လျက် တောင်ဘက်သို့
ယူဇနာ ခြောက်ဆယ်ခန့် စီးလာပြန်၏။ ထိုအရပ်ကို ဗဟလဂင်္ဂါဟု ခေါ်ကြသည်။
ထိုမှ တောင်အရပ်သို့ မြေထဲငုပ်လျှိုးလျက် ဥမင်ထွင်း၍ ယူဇနာခြောက်ဆယ်ခန့်
သွားပြန်သည်။ ထိုအရပ်ကို ဥမင်္ဂဂင်္ဂါဟု ခေါ်ကြသည်။ ဥမင်္ဂဂင်္ဂါမှအထွက်တွင်
ဝိဇ္ဇာမည်သော တောင်ကြီးသို့ တိုက်၍ ရေငါးစိုင် ကွဲသည်။ တစ်စိုင်ကား ဂင်္ဂါ၊
တစ်စိုင်ကား ယမုန်နာ၊ တစ်စိုင်ကား အစိရ၀တီ၊ တစ်စိုင်ကား မဟီ၊ တစ်စိုင်ကား
သရဘူဟု မြစ်ကြီးငါးသွယ် ဖြစ်သွားသည်။

ဂင်္ဂါမြစ်ကြီး၏ ဇာတ်လမ်းက ကြီးမားထည်ဝါ ခံ့ညားရွံ့လောက်သည်။ ကဗျာခံစား
မှုစကားနှင့် ပြောရလျှင် ဆက်ဘလင်းမ် (Sublime) ဖြစ်သည်။

ဧရာဝတီဇာတ်လမ်းကကော … ။
ရှေးရှေးတုန်းက ဧရာဝတီ နှစ်ခုရှိသည်။ တစ်ခုက ဘာရတဗာရှဟု ခေါ်သော
ဟိုရှေးရှေးတုန်းက အိန္ဒိယတိုက်ငယ်မှာ ရှိသည်။ (Iravati) ဟု စာလုံးပေါင်းပြီး
ခရမ်းပိမ့်ပင်(၀ါ) လိမ္မော်ပင်ပေါများရာ မြစ်ဟု အဓိပ္ပါယ်ရသည်။ သိန္ဒုမြစ်ကြီးကို
သူရဿတီမြစ်နှင့် ဆုံရာမှ အထက်သို့ ဆန်လိုက်သွားပါ။ တစ်နေရာတွင် သုံးမြွှာ
ကွဲနေပြန်၏။ အလယ်မြစ်အတိုင်း ဆက်၍ ဆန်တက်ပါ။ ထိုမြစ်သည်လည်း
သုံးမြွှာ ထပ်ကွဲသည်။ ယင်းသုံးမြွှာအနက် အရှေ့ဘက်ဆုံးမှ မြစ်အမည်က
ရှေးရှေးက ဧရာဝတီ၊ မဒရဘိုင်းမှာ ရှိသည်။ ယခုအခါ တစ်ပါးသော ယဉ်ကျေးမှု
အောက်ရောက်၍ ရှေးအမည်ပျောက်ကာ ရာဝီ (Ravi) ဟုသာ သိကြသည်။

ကျွန်တော်တို့ပိုင် ဧရာဝတီက မြန်မာပြည်မြောက်ပိုင်း၌ စသည်။ ဟိမ၀န္တာကြီး၏
အရှေ့ဘက်ရှိ မြစ်တွေမှာ ခြသေ့င်္ပြွန်မှ ထွက်သည်ဆိုတော့ … မစ်သီကယ်သဘော
အရ ကျွန်တော်တို့ ဧရာဝတီသည်လည်း ကမ္ဘာ့ဦးက ကမ္ဘာ့တန်ဆာ အန၀တတ်
အိုင်ကြီးမှ လာသည်။ ဂင်္ဂါနှင့် ဆွေမျိုးအရင်းကြီးတော်သည်။

သြော် … လီရနာမြစ်သည်လည်း ဆင်ပြွန်မှ လာသောရေဟု ခေါ်နိုင်သည်။
လီရနာမြစ်က မြေထဲပင်လယ်တွင်း စီးဝင်သည်။ ဂင်္ဂါမြစ်နှင့် ဧရာဝတီတို့က
အိန္ဒိယသမုဒ္ဒရာအတွင်း စီးဝင်းသည်။

သမုဒ္ဒရာရေဆိုသည်က တစ်ခုနှင့်တစ်ခု ဆက်နေသည်။ မဆက်ပါနှင့်ဟု ပြောမရ။
ကမ္ဘာမြေအထက်မှာက လေထုရှိသည်။ အဲသည် လေထုတွင်းမှာက သမုဒ္ဒရာမှ
တက်လာသော ရေခိုးရေငွေ့တွေရှိသည်။
လီရနာရေ၊ ဂင်္ဂါရေ၊ ဧရာဝတီရေတို့သာမက ရှိရှိသမျှ မြစ်ရေတို့ သမုဒ္ဒရာမှာလည်း
ဆုံကြသည်။ လေထုတွင်းမှာလည်း ဆုံကြသည်။ ပြီးတော့ ….

ကမ္ဘာမြေပြင်ပေါ် မိုးရေအဖြစ် ပြန်ကျကြသည်။
လီရနာရော၊ ဂင်္ဂါရော၊ ဧရာဝတီရော …. တူမျှသော ဂုဏ်တစ်ခု ရှိသေးသည်။

ကမ္ဘာတည်သရွေ့ …. သူတို့မခန်းပါ။
ကဗျာအကြောင်းပြောမည်ကြံရုံနှင့် ကျွန်တော့်ခေါင်းတွင်းမှာ ပေါ်လာသော
နိမိတ်ပုံများ ဖြစ်ပါသည်။

(ဆက်ရန် …။)

(မှတ်ချက်။ ။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာပေများကို ဖော်ပြခြင်းဖြစ်ပါသည်။
မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိသားစုဝင် တစ်ဦးဦးကဖြစ်စေ၊
စာပေအပေါ် တန်ဖိုးထားသူများက ဖြစ်စေ ကျွန်တော်၏ အင်တာနက် အီမေးလ်
လိပ်စာ ko.aungdk@gmail.com အား တစုံတရာ ကန့်ကွက်ခဲ့လျှင် ယခုတင်ပြပါ
ပို့စ်အား ပြန်လည်ဖြုတ်ချပေးရန် အဆင့်သင့် ရှိပါသည်။ …. စစ်ငြိမ်းဒီရေ ။)

3 comments:

Myo Win Zaw said...

ကိုအောင် ရေ ကိုရွှေဖုန်း (တာရာမင်းဝေ)က တက္ကသိုလ်ဘုန်းနိုင် ရဲ့ လီရနာ၊ဂင်္ဂါ၊ဧရာဝတီ
နဲ့ အပြိုင် ပြိုင်မြင်းတို့ရဲ့ခွာသံများဆိုပြီး ဟန်သစ် မဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့ဘူးတယ် အဲဒါပါ ရှိရင် တွဲတင်ပါလား အမြင်နှစ်ခုဖတ်ရတာ ကောင်းမယ်ထင်တယ် ကျွန်တော်မှာတော့ မရှိဘူး

ကိုအောင် said...

ကိုမျိုးဝင်းဇော်ရေ ... ကိုရွှေဘုန်းရဲ့ ပြိုင်မြင်းတို့ရဲ့ခွာသံ
စာအုပ်က အင်တာနက်ပေါ်မှာ ရှာကြည့်ရင် ရှိပါတယ်။

Anonymous said...

Useful blog website, keep me personally through searching it, I am seriously interested to find out another recommendation of it.