Monday, 20 April 2009

သိတယ်၊ မသိဘူး

ရေးသူ- စစ်ငြိမ်းဒီရေ

၁။
တခါတုန်းက အရက်ဖြူဆိုင်တစ်ဆိုင်မှာ
သရော်စာ ရေးသူတယောက် …
ရုပ်ရှင်ပိုးဝင်နေသူ တယောက် …
ကဗျာဆရာ တယောက် တို့က
ဝရမ်းပြေး တယောက်ကို ကင်ပွန်းတပ်ကြပါတယ်
“ပြေး … ပြေး … ဟဲ့ကောင်ရေ .. လွတ်အောင်ပြေး”
“မေတ္တာပို့တဲ့သူတောင် ခုနှစ် နှစ်ဆိုတော့ မင်း ဆိုရင် …”
….
လူ့ဘ၀ဆိုတာ
မပြီးဆုံးနိုင်တဲ့ အသုဘအခမ်းအနားကြီးတခုကို
လိုက်ပို့နေရသလိုပဲ
(မာရီနာ အိုင်ဗာနိုဗနာ ဆဗက်တာယေဗာ- ရုရှားကဗျာဆရာမ)
….

၂။
တခါတုန်းက မြို့ပတ်ရထား တစီးပေါ်မှာ
လက်မှတ်မဲ့ ခိုးစီးလာကြတဲ့ …
မအောင်မြင်သေးတဲ့ ကဗျာရူးတယောက်က
ဘ၀မှာ ဖဲသမားအဖြစ် အောင်မြင်ချင်သူတယောက်ကို
မိန့်ခွန်းခြွေတယ် ….
“ဆယ့်နှစ်လရာသီ ပွဲတော်တွေနဲ့ ပျော်ပျော်နေခြင်းသူတွေကြား
သခင်နုရယ်၊ သခင်အောင်ဆန်းရယ်၊ သခင်ဗဟိန်းရယ်
ဘာကြောင့် မွေးဖွားလာတယ်လို့ မင်းထင်သလဲ”
“ကျနော်ငယ်ငယ်က ကြာနီကန်ဆရာတော်ရဲ့ တရားတပုဒ်ကို သတိရမိတယ်
… သက်ကျသာကီနွယ်တွေ အ၀ိုင်းခံရတော့ … မသေရဲတဲ့ သာကီတွေက
ခေါင်းပေါ်မှာ ရေအိုးတွေ၊ ဖျာတွေကို ရွက်ပြီး … ရေအိုးသာကီ … ဖျာသာကီ
ပါလို့ လိမ်ပြီး အသက်ဘေးက လွတ်အောင် ကြံဆောင်ကြတယ်ဗျ၊ အဲဒီသာကီ
မစစ်တဲ့၊ ရေအိုးသာကီ ဖျာသာကီတွေ အိန္ဒိယပြည်မှတဆင့် မြန်မာပြည်ကို
ရောက်လာပြီး တိုင်း၊နိုင်ငံ ထူထောင်တာတဲ့ …
ဒါကြောင့် လူလိမ်တွေ ပေါတာလို့ ဆရာတော်က တရားပြတယ် ဗျ …”
…..
အမှုတခုခုကို ပြုလုပ်သည့်အတွက် နောင်တ တဖန်
ပူပန်ရတတ်၊ မျက်ရည်စက်လက် ငိုကြွေးလျက်
ဆင်းရဲခံရတတ်လျှင် ထိုအမှုသည် မကောင်း။ (ဓမ္မပဒ)
….


(အလျဉ်းသင့်သလို ဆက်လက်ဖော်ပြမည်။)

3 comments:

ကလူသစ် said...

သိတော့ မသိသေးဘူး :P

ဆောင်းယွန်းလ said...

လာဖတ်သွားတယ်ကိုအောင်ရေ..
ဆန်းတယ်ဗျ

ဖုန်းမြင့် said...

ဟုတ်ကဲ့ ...ဖျာ သာကီဝင် တယောက် က ဖတ်သွားပါတယ် ။