Friday, 6 March 2009

လေးနက်တည်ကြည်သော လူပြက်တစ်ဦး (ဒုတိယပိုင်း)

ဘာသာပြန်သူ- ဆရာမြသန်းတင့်

ယခင် ပထမပိုင်းမှ အဆက် ….

လူသည် မည်မျှ အသိဉာဏ်ရှိသည်ဆိုစေ တိရစ္ဆာန်တို့အကြောင်း နားမလည်း
ဟု သူ ယူဆပါသည်။ ရုရှားများသည် “ကြက်မလို ကန်းသည်” ဟု ဘာကြောင့်
ပြောကြသနည်း။ ကြက်မသည် လူမမြင်ခင်ကတည်းက စွန်ကို ကြိုမြင်ပါသည်။
မြည်းလို ခေါင်းမာသည်ဟု ပြောကြပါသည်။ မဟုတ်ပါ။ မြည်းသည် မတရား
သဖြင့် အခိုင်းခံရသည့်အတွက် ထုံသွားခြင်းသာ ဖြစ်ပါသည်။ တခါတရံမှာသာ
လျှင် ကြောက်ကြောက်နှင့် ခုခံတတ်ပါသည်။ ၀က်သည် အသန့်ရှင်းဆုံး သတ္တ၀ါ
ဖြစ်ပါသည်။ ရွှံ့ထဲတွင် လူးခြင်းမှာ ကိုယ်တွင် ကပ်နေသော အသေးအမွှားတို့ကို
သုတ်သင်ခြင်း ဖြစ်ပါသည်။ သန့်ရှင်းသည့် နေရာတွင်သာထားလျှင် လူ့ထက်
အများကြီး သန့်ရှင်းပါသည်။

ဂျာမန် ရေငုပ်သင်္ဘောများကို တိုက်ခိုက်ရာတွင် ရေမြင်းများကို အသုံးပြုရန်
အဆိုကို အဘယ့်ကြောင့် ပယ်ချခဲ့ပါသနည်း။ ယဉ်ပါးအောင် သွန်သင်ထား
သော လင်းယုန်ဌက်များကို အသုံးပြုကာ ဂျာမန်ဗုံးကြဲ လေယာဉ်တို့ကို ဖျက်ဆီး
ရန် တင်ပြချက်ကို အဘယ်ကြောင့် မစဉ်းစားခဲ့ကြပါသနည်း။ ကြိုက်သလို
ထင်နိုင်ပါသည်။ လူဆိုသည်မှာ တော်တော် ဆက်ဆံရခက်သည့် သတ္တ၀ါတမျိုး
ဖြစ်ပါသည်။ ယင်းမှာ ဒူးရော့၏ အမြင် ဖြစ်ပါသည်။

တခါတွင် ဒူးရော့သည် အသည်းအသန် နာမကျန်း ဖြစ်ပါသည်။ သူသေသည့်
အခါတွင် သူ့ကို (အသုဘကို) တိရစ္ဆာန်များအား လိုက်ပို့ခွင့်ပြုရန် သေတမ်းစာ
ရေးခဲ့ပါသည်။ သာသနာဘက်ဆိုင်ရာတို့က သူ့သေတမ်းစာသည် ဓမ္မဂိုဏ်းသင့်
သည်ဟု ယူဆသည်။ တိရစ္ဆာန်များတွင်လည်း ၀ိဉာဉ် ရှိသည်ကို လူတို့မသိကြ
ဟု ဒူးရော့ ယူဆပါသည်။ နောက် ဆယ်နှစ်, ဆယ့်ငါးနှစ်ကြာသည့်အခါတွင်
“၀ိဉာဉ်” ဆိုသော စကားသည် ပျောက်ကွယ်သွားကာ ထိုနေရာတွင် “အာရုံကြော
တုံ့ပြန့်မှု” ဆိုသည့် စကားလုံး ပေါ်လာခဲ့သည်။ သို့တိုင်အောင် အချို့လူများက
ဝေါဟာရကို အယုံအကြည် မရှိလှဘဲ သံသယဖြင့် ပြုံးနေတတ်ကြပါသည်။ ဥပမာ
အားဖြင့် ဇီဝကမ္မဗေဒပညာရှင်တို့က ခွေးသည် အရောင်ကို မခွဲနိုင်ဟု ဆိုကြပါ
သည်။ ဒူးရော့က စိတ်ဆိုးမာန်ဆိုးဖြင့် ငြင်းပါသည်။ “ကျုပ်ခွေးတွေ လာကြည့်စမ်း
ပါ၊ ခုမှ သင်ရတဲ့ ခွေးပေါက်စကလေးတောင် ဘောလုံးအစိမ်းနဲ့ ဘောလုံးအနီကို
ကောင်းကောင်း ခွဲပြနိုင်တယ်” ဟု ပြောပါသည်။

ဒူးရော့၏ဇနီး အင်နာအစ်နာယက်နာသည် တိရစ္ဆာန်များကို အလွန်ချစ်တတ်ပါ
သည်။ သို့တိုင်အောင် သူ့ဇနီးသည် အိပ်ခန်းထဲတွင် မျောက်များ၊ ခွေးများ၊
ကြောင်များနှင့် ကြက်တူရွေးများကို အိပ်ခန်းထဲသို့ ၀င်ခွင့်ပြုကြောင်း၊ ဖြူကောင်
များ၊ ငန်းများကိုမူ ၀င်ခွင့်မပြုကြောင်း ဒူးရော့က ၀မ်းပန်တနည်း ပြောတတ်ပါသည်။
“ဒါ တရားသလားဗျာ၊ ဟုတ်သလားဗျာ” ဟု ကျွန်တော့်ကို မေးပါသည်။

တခါတွင်လည်း ဒူးရော့သည် ပညာရေးဝန်ကြီး လူနာချာစကီထံသို့ ရောက်လာကာ
သူ့ထုံးစံအတိုင်း စာတမ်းတစောင်ကို လက်မှတ်ထိုးပေးဖို့ ပြောပါသည်။ လူနာချာစကီ
က သူ စဉ်းစားပါဦးမည်ဟု ပြောပါသည်။ ထိုစဉ် ဒူးရော့၏ အချစ်တော် ကြွက်ကလေး
ဆင်ကာသည် သူ့အိတ်ထဲမှ ခုန်ထွက်လာကာ စားပွဲပေါ်တွင် ရှေ့လက်နှစ်ဖက်
မြှောက်၍ ရပ်နေပါသည်။ လူနာချာစကီမှာ ကြွက်ကို ကြောက်တတ်သူ ဖြစ်ပါသည်။
“အမယ်လေး … ယူသွားစမ်းပါဗျာ၊ ယူသွားစမ်းပါ” ဟု အော်ပါသည်။ ဒူးရော့က သက်ပြင်း
တချက် ချလိုက်ပြီး “ဆော်ရီးပဲ ၀န်ကြီး၊ ကျွန်တော် ခေါ်လို့ မရပါဘူး၊ သူက သူ့ရဲဘော်
ကိုယ်စား တောင်းဆိုနေတာပါ၊ ကြွက်တို့ရဲ့ သွေးစည်းညီညွှတ်မှုဆိုတာ အဲဒါပါပဲ”ဟု
ပြောပါသည်။

နောက်ဆယ်နှစ်ကြာသည့်အခါ ပါရီရှိ ကူပိုးဇာတ်ရုံတွင် ဒူးရော့သည် အခြားကြွက်
တကောင်ဖြင့် ရောက်လာပါသည်။ သူ့ကြွက်ကို မြင်သဖြင့် မိန်းမတွေက အလန့်
တကြား အော်ကြသည့်အခါတွင် ဒူးရော့သည် တအံ့တသြ ဖြစ်နေပါသည်။ သူ့ကြွက်
သည် သာမန်ကြွက် မဟုတ်ကြောင်း၊ ကြွက်အနုပညာရှင်ဖြစ်ကြောင်း ရှင်းပြပါသည်။
သို့ရာတွင် မည်သူကမျှ နားမထောင်ကြပါ။

ညစာစားထွက်လာသည့်အခါတွင် ဒူးရော့သည် သိပ္ပံပညာအကြောင်း၊ တိုးတက်
မှုအကြောင်းတို့ကို ပြောပါသည်။ ပြောနေရင်း သူ့လက်ကိုင်ပ၀ါကို ထုတ်ပါသည်။
လက်ကိုင်ပ၀ါနှင့်အတူ ငါးအရှင်တကောင်၊ သို့မဟုတ် အမဲသားတတုံး ပါလာတတ်
ပါသည်။ သူ့အိတ်ကပ်များထဲတွင် တိရ စ္ဆာန်များအတွက် စားစရာ ၀ါးစရာတွေ
အမြဲရှိ နေတတ်ပါသည်။

သူသည် လူတွေကိုကြည့်ပြီး တိရ စ္ဆာန်တွေအကြောင်းကို တွေးနေပါသည်။
သူ့ တဲရီးယားခွေးကလေးတွေ တစုံတရာကို ကျေနပ်သွားလျှင် ပြုံးပြီး ဖင်ကလေး
တွေ တယမ်းယမ်း ဖြစ်နေတတ်ကြောင်းကို ပြောပြရင်း -
“ခံစားချက်တွေကို ဖော်ပြပုံ ဖော်ပြနည်းမှာ လူနဲ့ တိရ စ္ဆာန်ဟာ သိပ်မကွာဘူး
ဗျ၊ အတူတူပဲ၊ ဥပမာ ဖင်ယမ်းတဲ့ကိစ္စ ဆိုပါတော့၊ ကပွဲတွေဘာတွေမှာ ကောင်လေး
တယောက်က ကောင်မလေးတယောက်ကို အတူတွဲကဖို့ ဖိတ်တော့မယ်ဆိုရင်
အဲဒီကောင်လေးကို လှမ်းကြည့်လိုက်။ ဖင်ကလေး တယမ်းယမ်းနဲ့ မြင်ရလိမ့်မယ်”
ဟု ပြောပါသည်။

သူနှင့် ဇနီးအင်နာသို့ ပါရီသို့ ရောက်လာသည့်အခါတွင် ကျွန်တော်တို့က လူမည်း
ကျောင်းသားများ၊ အနုပညာရှင်များ၊ ကိုယ်ဟန်ပြမယ်များ လာလေ့ရှိသည့် ကပွဲ
တခုသို့ ခေါ်သွားပါသည်။ ဒူးရော့သည် တွဲကနေကြသည် စုံတွဲများကို သေသေ
ချာချာကြည့်နေရာမှ ၀မ်းသာအားရဖြင့် -
“အမေကြီးရေ ကြည့်စမ်း ကြည့်စမ်း၊ ဟိုမှာ အတွဲတွေ ဗိုက်ချင်းပွတ်နေကြတာ၊
သူတို့အာရုံကြောတွေ တုံ့ပြန်ပုံက ကြက်တူရွေးတွေနဲ့ တထေရာတည်းပဲ” ဟု
အော်ပါသည်။

အင်နာက -
“ပါရီရောက်တုန်း အ၀တ်အစားကလေး ဘာလေးတွေ ၀ယ်မလို့စိတ်ကူးထားတာ၊
ခုတော့ ဒူးရော့က သစ်ကုလားအုပ်တကောင် ၀ယ်လိုက်လို့ ပိုက်ဆံမကျန်တော့ဘူး၊
သစ်ကုလားအုပ်ကလည်း ဈေးကြီးသလား မမေးနဲ့၊ ပြီးတော့ သူ့ကို သယ်သွားရင်
လည်း စပယ်ရှယ်တွဲနဲ့ တင်ရမှာ” ဟု ကျွန်တော့်ကို ပြောပြီး ညည်းနေပါသည်။

ဒူးရော့သည် မီးမတ်စ်ဆိုသည့် သူ့မျောက်ဝံကြီးကို တော်တော်ချစ်ပါသည်။ မျောက်
ဝံကြီးကို သူ ဘယ်လိုသင်ကြားရပုံကို ကျွန်တော့်ကို အသေးစိတ် ပြောပြပါသည်။
“မီးမတ်စ်က ခု အက္ခရာတွေကို အသံထွက် ရွတ်တတ်နေပြီဗျ၊ စကားလည်း
တော်တော်လေး ပြောတတ်နေပြီ၊ စာလည်း အရေးသင်နေပြီ၊ ခု လောလော
ဆယ်မှာတော့ ၀လုံးကို ကောင်းကောင်းရေးတတ်နေပြီ၊ အဲဒီကနေ တဖြည်းဖြည်း
သင်ပေးရမယ်” ဟု ပြောပါသည်။

ထို့နောက် ဂြိုလ်ဆိုးဝင်လာပါသည်။ ဒူးရော့သည် မင့်စ်တွင် သွား၍ ဆပ်ကပ်ပြရ
ပါသည်။ သူသည် မီးမတ်စ်ကို အထူးဂရုစိုက် ခေါ်သွားပါသည်။ ဆပ်ကပ်ကြိုးဝိုင်း
ထဲသို့ပင် မသွင်းပါ။ သို့ရာတွင် အိမ်တွင်ထားခဲ့လျှင် ဂရုမစိုက်ကြမည်စိုးသဖြင့်
တမင် ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ မျောက်ဝံကြီးမှာ မကြာခဏ နေထိုင်မကောင်း
ဖြစ်တတ်ပါသည်။ ယခုအခေါက်တွင်မူ အဆုတ်အအေးမိရောဂါ ဖြစ်ပါတော့သည်။
သူသေသွားပုံကို ဒူးရော့က ပြောပြပါသည်။
“ဒီကောင်က ဟိုတယ်က ကျွန်တော့်အိပ်ရာပေါ်မှာ အိပ်တယ်ဗျ၊ မျောက်ဝံတကောင်
ကို အိမ်မှာလို နေတတ်အောင် သင်ရတာ အခက်ဆုံးပဲဗျာ၊ ကြောင်ကို အိမ်ခင်အောင်
လုပ်ရတာလွယ်တယ်၊ ဒါပေမဲ့ မျောက်ဝံက သတိတို့ဘာတို့ သိပ်ကောင်းတာ မဟုတ်
ဘူး၊ သူတို့က အပြင်မှာ ပျော်တယ်၊ ဒီတော့ အိမ်ထဲမှာ ကောင်းကောင်းမွန်မွန် နေရရင်
သိပ်စိတ်ညစ်တာပေါ့၊ ဒါပေမဲ့ ကျွန်တော့်ကောင်ကြီး မီးမတ်စ်ကတော့ ဒီလို မဟုတ်ဘူး
ဗျာ၊ နေမကောင်းဘူး၊ ငြိမ်ငြိမ်နေဆိုရင် အသာလှဲနေတာပဲ၊ အဲဒီနေ့ကတော့ သူ
ကျွန်တော့် ခုတင်ပေါ်ကထ၊ နောက်ဖေးစက္ကူ နည်းနည်းဆုတ်ပြီး အိမ်သာကိုသွား
တယ်၊ အိမ်သာမရောက်ခင် လမ်းမှာ လဲကျသေသွားတယ်ဗျာ”
ဒူးရော့၏ မျက်လုံးထဲတွင် မျက်ရည်တွေ ၀ဲနေပါသည်။

သူ၏ ကမ္ဘာ့အမြင်ကို နားလည်ရန် ခက်သည်ဟု ကျွန်တော် ပြောခဲ့ပါသည်။ သို့ရာတွင်
ဆပ်ကပ်ကြိုးဝိုင်း အတွင်းမှာရော၊ သိပ္ပံဆိုင်ရာ အစည်းအဝေးများတွင်ပါ သူသည်
စစ်ကို မုန်းကြောင်း ပြောခဲ့ပါသည်။
“လက်နက်ဖျက်သိမ်းရေးကိစ္စတွင် ပထမဆုံး ရဲရင့်စွာဦးဆောင်သူမှာ ဆိုဗီယက်ရုရှား
ဖြစ်ပါသည်။ ယခုတိုင်လည်း သူ့နာမူနာအတိုင်း လုပ်ကြရန် အခြားသော နိုင်ငံများကို
တိုက်တွန်းလျက် ရှိပါသည်” ဟု ၁၉၂၄ ခုနှစ်တုန်းက သူ ရေးခဲ့ပါသည်။ (ထိုစကားများ
ကို ပြောခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ့်ခြောက်နှစ် ကြာခဲ့ပါပြီ။ သမိုင်းတွင် တခါမျှ မရှိဖူး
ခဲ့သော စစ်ပွဲကြီးလည်း ပြီးခဲ့ပါပြီ။ ဒူးရော့၏ စကားများသည် ယနေ့ထုတ်ဝေနေသည့်
သတင်းစာထဲမှ ကူးယူထားသည့် စကားလုံးများဟုပင် ထင်ရပါသည်။ ယင်းတို့ကို
ပြန်စဉ်းစားလိုက်လျှင် တော်တော် ၀မ်းနည်းဖို့ ကောင်းပါသည်။)

ဒူးရော့၏ ဘ၀တခုလုံးသည် ကဗျာနှင့် ခပ်ကြောင်ကြောင်အဖြစ်တို့ ဖွဲ့စည်းထား
သည့် ဘ၀ ဖြစ်ပါသည်။ မှူးမတ်ကြီးတဦး၏ သားဖြစ်သည့် ဒူးရော့သည် သူ ငယ်စဉ်
က မော်စကို ဂျင်မနီစီယန်မှ ကျင်းပသည့် တတိယတန်း ဘာသာရေး စာမေးပွဲကို
သွား ဖြေရပါသည်။ သူသည် စာမေးပွဲခန်းထဲသို့ ရိုးရိုးဝင်မလာဘဲ လက်နှစ်ဖက်ကို
မြေကြီးတွင် ထောက်ပြီး ကင်းမြှီးကောက်ထောင်၍ ၀င်လာပါသည်။ စာစစ်သူများသည်
အလယ်ခေတ်တုန်းက ရှိခဲ့သော လက်လှည့်သမားများအကြောင်းကို မကြားဖူးကြပါ။
ထို့ကြောင့် မထီမဲ့မြင် လုပ်ရကောင်းလားဆိုကာ သူ့ကို စာမေးပွဲဖြေခွင့် မပေးဘဲ
အိမ်ပြန်ပို့လိုက်ကြပါသည်။

အသက်ကြီးလာသည့်အခါတွင် ဒူးရော့အနီးတွင် သိပ္ပံပညာရှင် သုခမိန်တွေ ၀ိုင်းနေ
ပါသည်။ ပါမောက္ခ ကိုဇက်နီကော့နှင့် ပါမောက္ခ လီယွန်တိုဗစ်တို့က သူ့ စာအုပ်
တအုပ်တွင် နိဒါန်းရေးပေးကြပါသည်။ ဒူးရော့နှင့် ဆပ်ကပ်လူပြက်တယောက်ကြားတွင်
ဘာတွေတူညီချက် ရှိသနည်းဟု မေးကောင်းမေးကြပါလိမ့်မည်။ သို့ရာတွင် သူသည်
သေသည်အထိ ဆပ်ကပ်သမားတဦးအဖြစ် နေသွားခဲ့ပါသည်။ ဆပ်ကပ်ကြိုးဝိုင်းကို
ဆဲရေးတိုင်းထွာသော်လည်း ထိုဆပ်ကပ်ကြိုးဝိုင်းအပြင်သို့ သူ မထွက်နိုင်ပါ။

၁၉၃၄ ခုနှစ် နွေရာသီ သူ ကွယ်လွန်သောအခါတွင် ဘိုဇီဒွန်ကာ ရပ်ကွက်မှ ဆပ်ကပ်ရုံ
ဆီသို့ သူ့ရုပ်ကလာပ်ကို သယ်လာခဲ့ပါသည်။ ထောင်ပေါင်းများစွာသော လူထုများ
သည် မျိုးဆက်ပေါင်းများစွာကို ရွှင်မြူးစေခဲ့သည့် လူပြက်တဦးကို နောက်ဆုံး လာရောက်
နှုတ်ဆက်ခဲ့ကြပါသည်။ သို့ရာတွင် ခွေးများကမူ နားရွက်ကို ပေး၍ နားထောင် နေကြ
ပါသည်။ အနံ့ခံစောင့်နေကြပါသည်။ ဆပ်ကပ်ထဲမှ ရေမြင်းများကလည်း သူ့ကို စောင့်
နေကြပါသည်။ ကျီးများကလည်း စောင့်နေကြပါသည်။ ထိုမျှမက သူ့အမည်ကို
အချည်းနှီး အော်ခေါ်နေကြပါသည်။ ဒူးရော့က ပေါ်မလာတော့ပါ။ နောင်တွင်လည်း
သူ့လို လူမျိုးကို ကျွန်တော်တို့ တွေ့ရတော့မည် မဟုတ်ပါ။

၁၉၂၁ ခု နှစ်ဆန်းလောက်က သူနှင့်ကျွန်တော်သည် ပိန်ချုံးနေသော်လည်း ရွှင်လန်း
သွက်လက်နေသည့် ကုလားအုပ်တကောင်ဆွဲသော စွပ်ဖားကလေးကိုစီးကာ ပြဇာတ်
ဌာနမှ အိမ်သို့ ပြန်လာခဲ့ကြပါသည်။ ထိုစဉ် ဒူးရော့က -
“ကျွန်တော်တို့ကို ဘာဖြစ်လို့များ လူပြက်လူပြက်လို့ ခေါ်နေကြသလဲ မသိဘူး၊
ခင်ဗျားကို လျှို့ဝှက်ချက်တခုတော့ ပြောလိုက်ရဦးမယ်၊ လူပြက်တွေဟာ ကမ္ဘာပေါ်မှာ
အလေးနက်ဆုံး လူတွေဗျ၊ အဲဒါကိုတော့ ခင်ဗျား မှတ်ထား”
ဟု ရုတ်တရက် ပြောပါသည်။

(ပြီးပါပြီ။)
(မှတ်ချက်။ ။ကွယ်လွန်သူ ဆရာမြသန်းတင့် ဘာသာပြန်ရေးသားပြုစုခဲ့သော
အီလျာ ဂရီဂိုးဗစ်ခ်ျ အာရင်ဘာ့ခ်၏ men,years- life စာအုပ်မှ ထုတ်နုတ်
ကူးယူဖော်ပြပါသည်။ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆရာ၏ ကျန်ရစ်သူမိသားစု
အား ရိုသေစွာ တောင်းပန်အပ်ပါသည်။ ….. ကိုအောင်(ပျူနိုင်ငံ) … )

5 comments:

Nyein Chan Aung said...

ကောင်းတယ်ဗျာ။

Welcome said...

လူတွေရဲ့
စိတ်နှလုံးကို ရွှင်ပြုံးစေဖို့အတွက်
လူတိုင်းမှာ မရှိနိုင်တဲ့
ဖြတ်ထိုးဥာဏ်နဲ့ အာဝဇ္ဇန်းကောင်းကွက်တွေအတွက်
လူပြက်ရယ်လို့တော့် မညွှန်းဆိုသင့်ပါဘူး။
(ဒူးရော့)ပြောခဲ့သလို
လူတွေထဲက
လေးနက်တဲ့လူတွေ ဖြစ်နိုင်ပါတယ် ..
(ဖြစ်သင့်ပါတယ်။)

ကျေးဇူးတင်ရှိစွာဖြင့်

မမသီရိ said...

စိတ်ဝင်စားစရာ လူရွှင်တော် တယောက် ရဲ့အကြောင်း (ကျမ လူပျက်လို့ မပြောပါ..း) ) စိတ်ဝင်တစား ဖတ်သွားတယ်
....................

ခံစားချက်တွေကို ဖော်ပြပုံ ဖော်ပြနည်းမှာ လူနဲ့ တိရ စ္ဆာန်ဟာ သိပ်မကွာဘူး
ဗျ၊ အတူတူပဲ၊ ဥပမာ ဖင်ယမ်းတဲ့ကိစ္စ ဆိုပါတော့၊ ကပွဲတွေဘာတွေမှာ ကောင်လေး
တယောက်က ကောင်မလေးတယောက်ကို အတူတွဲကဖို့ ဖိတ်တော့မယ်ဆိုရင်
အဲဒီကောင်လေးကို လှမ်းကြည့်လိုက်။ ဖင်ကလေး တယမ်းယမ်းနဲ့ မြင်ရလိမ့်မယ်”
...................
အဲဒီအချက် ကတော့ အတော်မှန်နိုင်တယ်...း)

ဆောင်းယွန်းလ said...

စိတ်ဝင်စားစရာကောင်းတယ်ဗျ..
ကျေးဇူးတင်တယ် ကိုအောင်ရေ့

TNS said...

ကိုအောင်..
တော်တော်လေးနက်ပြီး တန်ဘိုးရှိတယ်ဗျာ..ဒီလိုစာတွေ ကျနော်သိပ်ဖတ်ချင်တာ...ဒီစာဖတ်လိုက်ရတာ...အမောပြေပြီး ဥဏှောက်တွေ လန်းဆန်းသွားတယ်ဗျာ...
ကျေးဇူးတင်တယ်..။