Friday, 27 February 2009

တကယ့်လူရဲ့ နောက်ဆက်တွဲ

ရေးသူ- စစ်ငြိမ်းဒီရေ

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ မတိုင်ခင်က သူနဲ့ကျနော် နေ့စဉ်နီးပါးတွေ့
ဆုံလေ့ ရှိပါတယ်။ သူ့သမီးရဲ့ ဈေးဆိုင်လေးတစ်ခုမှာပါ။ အဲဒီအချိန်ထိ သူ့
မှတ်ဥာဏ်တွေ မချွတ်ယွင်းသေးပါဘူး။ အရပ်ထဲက လူတွေကတော့ သူနဲ့
ကြုံသလိုပဲ စကားပြောလေ့ ရှိပါတယ်။ သူ ပြောတဲ့ အကြောင်းအရာတွေကို
မှတ်သားနိုင်ဖို့ လူတွေလည်း မကြိုးစားဖြစ်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။
အားလုံးက လက်လှုပ်မှ ပါးစပ်လှုပ်နိုင်မဲ့ အခြေအနေကြားမှာပါ။ သူ ကျင်လည်
ခဲ့တဲ့ ဘ၀တွေကို စိတ်ဝင်တစား မေးမြန်းဖို့ သူ့ သားသမီးအရင်းအချာတွေ
လည်း စိတ်ပါဝင်စားပုံ မပေါ်ခဲ့ဘူးလို့ ထင်ပါတယ်။ ဒီလိုပဲ သူနဲ့ကျနော်
ဦးတည်ရာမဲ့ စကားတွေပြောလိုက်၊ မေးလိုက် မြန်းလိုက်နဲ့ တနေ့တော့
ကိစ္စ တစ်ခုကို ရောက်သွားပါတယ်။

(သူ) တော်လှန်ရေးလုပ်တယ်ဆိုတာ ကိုယ့်ဆန့်ကျင်တဲ့အရာတွေပေါ် တိုက်ခိုက်
ခြင်းပဲ၊ လက်နက်နဲ့ပဲ ဖြစ်ဖြစ်၊ တခြားသော နည်းလမ်းတွေနဲ့ပဲ ဖြစ်ဖြစ်ပေါ့၊ အဓိက
က အဲဒီ တော်လှန်ရေး အောင်မြင်ဖို့ပဲ၊ တရားတယ်၊ မတရားဘူး၊ ဟုတ်တယ်၊
မဟုတ်ဘူး ဆိုတာတွေက ပုံစံအမျိုးမျိုးနဲ့ ရှုဒေါင့်အမျိုးမျိုးက ဆုံးဖြတ်တာပါ၊
လုပ်ရဲဖို့တော့ လိုတာပေါ့၊ လုပ်နိုင်အောင်လည်း ဖန်တီးတတ်ဖို့ လိုပါတယ်။

(ကျနော်) အဘတို့ တော်လှန်ခဲ့တဲ့ အင်္ဂလိပ်တို့၊ ဂျပန်တို့က နိုင်ငံခြားသား
တွေလေ၊ အဲဒီတော့ လူတိုင်းက မုန်းတာပေါ့၊ လူတွေကို စည်းရုံးရတာလည်း
ဒီခေတ်လောက် မခက်ဘူးလို့ ကျနော်တော့ ထင်တယ်။

(သူ) မင်းထင်လို့ပါ၊ ဒို့တုန်းကလည်း မလွယ်တဲ့ အလုပ်တွေ ရှိခဲ့ဖူးပါတယ်၊
စာတွေထဲမှာ မှတ်တမ်းမ၀င်ခဲ့တဲ့ အလုပ်တွေ အများကြီး ရှိခဲ့ဖူးပါတယ်၊ အလုပ်
တိုင်းက လူကြားကောင်းတဲ့ သဘောသဘာဝ ရှိခြင်းမှ ရှိတာလေ၊ တချို့
နေရာတွေမှာ ဖြစ်လာမဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သတ်ဖြတ်
ရတာတွေ ရှိပါတယ်။

(ကျနော်) အဘတို့က ဘယ်သူ့ကို သတ်ခဲ့လို့လဲ။
(သူ) ငါတို့က မြေအောက်တော်လှန်ရေးရဲ့ ရဲဘော်တွေလေ၊ အထက်က
ညွှန်ကြားရင် သတ်ရတာပေါ့၊ ဒါ တော်လှန်ရေး လုပ်တာလေ။
(ကျနော်) … ဘယ်သူ့ကို သတ်ခဲ့တာလဲ။
(သူ) တော်ဘုရားကြီးကို … ။
(ကျနော်) တော်ဘုရာကြီးဆိုတာ ဘယ်သူလဲ။
(သူ) သီပေါမင်းနဲ့ စုဘုရားလတ်ရဲ့မြေး …။

(ကျနော်) ဘယ်လို သတ်ခဲ့တာလဲ ... အဘ။
(သူ) ဂျပန်ခေတ် ကုက္ကိုင်ရေကူးကန်လမ်းထိပ်က ခြံတစ်ခြံမှာ ငါတို့နေတယ်။
အဲဒီခြံမှာ ရုပ်ရှင်မင်းသမီးတစ်ယောက် နေတယ်ကွ။ အဲဒီမိန်းမကြီးကို ဂျပန်ကင်ပေ
စစ်ပုလိပ်တစ်ယောက်က ကြိုက်နေတာ၊ အဲဒီခြံမှာ ငါတို့က တောက်တိုမရ
အလုပ်သမားပုံစံနဲ့ ကပ်ပြီး နေရတာ၊ အဓိက က အဲဒီမိန်းမကြီးနဲ့ ပက်သက်
ပြီး စစ်သတင်းအတိုအစများ ရမလားဆိုပြီး နေကြတာပေါ့၊ ငါရယ်၊ ငါ့သူငယ်ချင်း
ဝက်ကြီးရယ်၊ တစ်နေတော့ ငါတို့ဆီကို လျှိုဝှက်ရုံးက စာရောက်လာတယ်၊
တော်ဘုရားကြီးကို သုတ်သင်ပြစ်ဖို့ ညွှန်ကြားတဲ့ စာပေါ့၊ ပြီးတော် ခြောက်လုံးပြူး
တစ်လက်လည်း ပါတယ်။

ဒီလိုကွ ဂျပန်ဝင်ခါစက မြန်မာဘုရင်ရဲ့ ဆွေမျိုးအဟောင်းတချို့က သူတို့မိဘ
တွေ လက်ထက်က အာဏာမျိုး ပြန်ရဖို့ ဂျပန်ကို ချဉ်းကပ်တာတွေ လုပ်ကြ
တယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်တွေကို ဟန့်တားဖို့ သူတို့ရဲ့ ခေါင်းဆောင်
လုပ်သူကို ဆုံးမ ရမယ်ပေါ့။ အဲဒီအုပ်စုရဲ့ လှုပ်ရှားမှုကို တော်ဘုရားကြီးက
ဦးဆောင်တယ်၊ ဒါကြောင့် တော်ဘုရားကြီးကို ရှင်းပြစ်ရမယ်ပေါ့။

မိုးတွေက တဖွဲဖွဲ ရွာနေတဲ့ မနက်ခင်းတစ်ခုပေါ့။ ငါနဲ့ ငါ့သူငယ်ချင်း ၀က်ကြီးက
ဌက်ပျောသီးခိုင် တစ်ခုကို ထမ်းပြီး အဲဒီခြံကို သွားခဲ့ကြတယ်။ အထက်က ငါတို့ကို
အမိန့်ပေးခဲ့တာက ဒမြတိုက်တဲ့ ပုံစံလိုလို ဘာလိုလိုနဲ့ သတ်ပြစ်ခဲ့ဖို့ပါ။ ခြံကြီး
အကြီးကြီး မောင်ရေ။ ခြံပေါက်ဝ ရောက်တော့ ပါလာတဲ့ ဌက်ပျောသီးခိုင်ကြီးကို
ဘေးချ၊ လက်အုပ်လေးချီပြီး … အရှင် ကိုယ်တော်ကြီးဘုရားနဲ့ တွေ့ချင်လို့ပါ၊
ဝင်ခွင့်ပြုပါဆိုပြီး လုပ်ရတယ်။ ဒါနဲ့ပဲ ခြံထဲကို ဒို့ရောက်သွားတာပေါ့။ ဧည့်ခန်းထဲ
ခေါ်သွားတယ်။ တော်ဘုရားကြီးနဲ့ တွေ့ရတယ်။ ဟေ့ကောင်ရေ … ဒီအရင် ငါတို့က
သူ့ကို အပြင်မှာ တစ်ခါမှ မတွေ့ဖူးဘူး၊ သူလို ကိုယ်လိုပဲ ထင်တာ။ သူက ဗလ
တောင့်တောင့်နဲ့ အားကစားလေ့ကျင့်ခန်း လုပ်နေတယ်။ အားကစားသမားကွ၊
ငါတို့က ငဖျံလေးတွေ၊ သူနဲ့ ယှဉ်လိုက်ရင် ဆင်နဲ့ကြွက်လောက် ကွာတယ်။

ဒီလိုနဲ့ သူ့ကို လက်အုပ်လေးချီပြီး ဟိုပြောလိုက် ဒီပြောလိုက်နဲ့ အခြေအနေကို
လေ့လာရတယ်။ လူလည်း ရှင်းရော … ငါက ခါးကြားမှာ ၀ှက်ပြီးသယ်လာတဲ့
သေနတ်နဲ့ ထုတ်ချိန်းလိုက်တယ်။ ဘာပြောကောင်းမလဲ သူက ငါကို ခုန်အုပ်ပြီး
သေနတ် ၀င်လုတာပေါ့။ သေနတ်က လွှင့်ထွက်သွားတယ်။ ငါက အောက်မှာ၊
သူက အပေါ်ကနေ ထိုးသမျှ ငါ ခံရတယ်။ ဒါနဲ့ ငါ့သူငယ်ချင်း ၀က်ကြီးက
သူ့ဂုတ်ပိုးပေါ် ခွစီးပြီး သူ့ကို ၀င်ထိုးတာပေါ့။ သူလည်း ငါ့ကို ထိုးနေရကနေ
ဝက်ကြီးဘက်ကို လှည့်ပြီး ဆော်တယ်။ အဲဒီမှာတင် ငါလည်း လဲနေရာက
ကုန်းရုန်းထပြီး လွှတ်ကျသွားတဲ့ သေနတ်ကို ကောက်တယ်။ ပြီးတော် သူ့ကို
ပထမ တစ်ချက် ပြစ်ချလိုက်တယ်။ ပထမတော့ သူ လဲကျသွားတယ်။ ဒါပေမဲ့
သူ ပြန်ထလာတယ်ကွ။ ဒီမှာတင် ခေါင်းတည့်တည့်ကို ချိန်းပြီး နောက်တစ်ချက်
ပြစ်ချလိုက်တယ်။ သူ လုံးဝ မထ နိုင်တော့ဘူး။

ငါတို့လည်း တော်တော်လေး ထူပူ နေတာ။ ငါတို့ကို ညွှန်ကြားလိုက်တုန်းက
သတ်ပြီးရင် ခန္ဓာကိုယ့်က လက်ဝတ်ရတနာ ပစ္စည်းတစ်ခုခုကို ယူခဲ့လို့ ပါတယ်။
ပစ္စည်းလိုချင်လို့ ဒမြတိုက်ရင်နဲ့ လက်လွန်းပြီး လူသတ်မူ ဖြစ်တဲ့ ပုံစံမျိုးပေါ့။
သေနတ်သံကြားတော့ အိမ်ထဲက လူတွေလည်း ဧည့်ခန်းထဲ ပြေးဝင်လာတယ်။
ပြီးတော် သူတို့လည်း အထိန့်တလန့် ဖြစ်ပြီး … လာကြပါအုံး … ဒီမှာ
ဒမြတိုက်နေတယ် … ဘာညာ ဆိုပြီး အော်ကြတာပေါ့။ ဒီမှာတင် ငါတို့နှစ်ယောက်
လည်း ဘာပစ္စည်းမှတောင် ချွတ်ပြီး မယူနိုင်ဘူး။ ခြေကုန်သုတ်ပြီး ပြေးခဲ့တယ်။
သေနတ်တောင် သယ်နေရတာ လေးတယ်ဆိုပြီး လမ်းဘေးက မြောင်းထဲ လွှင့်ပြစ်
ခဲ့တယ်။ အဲဒီနေရာနဲ့ မနီးမဝေးမှာ စခန်းချနေတဲ့ ဂျပန်စစ်တပ်လည်း ဒို့နောက်ကို
အသည်းအသန် လိုက်တယ်။ လိုက်လာတဲ့ ဂျပန်စစ်သားက အယောက်နှစ်ဆယ်
လောက် ရှိတယ်။ လိုက်ရင်းနဲ့ ငါတို့ကိုသေနတ်နဲ့ လှမ်းပြီး ပြစ်တယ်။ ကံကောင်း
လို့ မထိတာ။

ဒီလိုနဲ့ ငါတို့လည်း ရွှေတိဂုံဘုရားကို ဦးတည်ပြီး ပြေးခဲ့ကြတယ်။ မနက်စောစော
မိုးတောင် သိပ်မလင်းသေးဘူး။ ဒါနဲ့ ငါတို့လည်း ဘုရားကုန်းပေါ် ပြေးတက်ကြ
တာပေါ့။ နောက်က လိုက်လာတဲ့ ဂျပန်က မနီးမဝေး။ ဘုရားစောင်းတန်းမှာ ပန်း
ရောင်းတဲ့ ဈေးဆိုင်ခုံတွေ ရှိတယ်လေ။ ဆိုင်တွေ မဖွင့်သေးဘူး။ အဲဒီခုံတွေအောက်
မှာ ညဖက်ဆိုရင် လာလာ အိပ်တဲ့ သူတောင်းစား တွေရှိတယ်။ ဒါနဲ့ ငါတို့လည်း
အဲဒီခုံတွေအောက် ၀င်ပုန်းတယ်။ ခါးက ပုဆိုးကို တကိုယ်လုံးဖြန့်ခြုံပြီး
သူတောင်းစားလိုလို ဘာလိုလိုနဲ့ အိပ်ချင်ယောင်ဆောင်လိုက်တာပေါ့။ ဒါနဲ့
နောက်က လိုက်ရှာတဲ့ ဂျပန်စစ်သားတွေလည်း မျက်စီလည် သွားတယ်။ သူတို့
လည်း ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘုရားကုန်းပေါ်ကို တက်သွားကြ
တယ်။ အဲဒီတော့မှ စိတ်ထဲ … အင်း … ဆိုပြီး သက်ပြင်း ချနိုင်တယ်။ ဒါနဲ့ပဲ
ဒို့လွှတ်ခဲ့ ကြတယ်လေ။

(ကျနော်) အဘတို့ကို ညွှန်ကြားခဲ့တဲ့ အထက်အဖွဲ့အစည်း ဆိုတာ ဘယ်သူ
တွေလဲ။
(သူ) … မင်းဘိုးအေ တွေလေ … ။ တော်လှန်ရေး လုပ်ပါတယ်ဆိုမှာပဲ
… ဘီအိုင်အေရုံး ပေါ့ကွ … ဟားဟားဟား (ခြောက်ကပ်ကပ် ရယ်သံများ)။

(ဤမျှသာ။)

7 comments:

ဆောင်းယွန်းလ said...

စာလာဖတ်သွားတယ် ကိုအောင်ရေ့

မမသီရိ said...

ဦးစံရှား ၀တ္တု ထက်ကောင်းတယ်ရှင့်
တကယ့်အဖြစ် အပျက်ပေကိုး နော်..
စိတ်တော့ တယ်မကောင်းချင်ဘူး..
သမိုင်း ဆိုတာ ဒီလိုပါ ပဲ နော်..
ဖြစ် တတ်ပါတယ်..

လူသစ် said...

ကျေးဇူးပဲ။ တကယ့်လူ တကယ်မလာပဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေလို့ တကယ့်လူရေးတဲ့ တကယ့်လူကို ဘူပိတ်နေတာ ခုမှ စိတ်ပြေတော့တယ် :)

လင်းထက် said...

ရှားပါးတဲ့ သမိုင်းဖြစ်ရပ် လေးကို လာမှတ်သားသွားပါတယ် တစ်ခါမှ မကြားဖူးဘူး ဗျ အတော်အဖိုးတန်ပါတယ်..။

Nyein Chan Aung said...

ကိုယ်တွေ့အင်တာဗျူးကို ပြန်ရေးပေးတာ ကျေးဇူးပါဗျာ..

Kay said...

စိတ်ဝင်စားစရာပဲ ကိုအောင် -

ကျောက်တာ said...

ညီလင်းဆက်ရဲ့ပို့စ်တစ်ခုထဲမှာ သတင်းစာ အဟောင်းတွေကို စုစည်းစာအုပ်ထုပ်တဲ့ "တင်နိုင်တိုး"ရဲ့ စာအုပ်ထဲမှာ-
စက်တင်ဘာလ
8. လင်းပင်မင်းသားကြီးသားတော် လုပ်ကြံခံရ-လို့ ပါတယ်ဗျ။ဆက်စပ်မှုရှိ မရှိ မသိပေမယ့် ဖတ်ထားတာလေးကို ပြန်တွေးကြည့်လိုက်တယ်။အခု ကြုံလို့ ပြန်လာရေးလိုက်တယ်။ကိုအောင် စာများများ ရေးနိုင်ပါစေ။