Friday, 6 February 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၇)

ရေးသူ- ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၆)မှ အဆက် … … …

နယ်တနယ်လုံး ကရင်အမျိုးသားများချည်း နေကြသည်။ မြန်မာ့အမျိုးသားရွာဟူ၍
မရှိ၊ တောတောင် ထူထပ်လျက် ရှိုမြှောင်,ကျဉ်း,ချိုင့်တို့ ပေါ၏။ ချောင်းတို့သည်
ကျဉ်း၍ နက်၏။ ရေစီးသန်၏။ ချောင်းဘေးပတ်လည်၌ ကျောက်ဆောင် ကျောက်
တုံး ပေါများ၏။ အချို့နေရာ၌ ချောင်းရိုး၏ ကမ်းပါးမရှိ မတ်စောက်သော ကျောက်
တောင်ကြီးနှစ်ခု၏ ကြားထဲမှ ဖြတ်စီးလာခြင်းမျိုးဖြစ်၏။

တရွာနှင့်တရွာ ကူးသန်းသွားလာကြသော ရှိရင်း လမ်းအတိုင်း သွားမှရမည်၊ ထို
လမ်းများကလည်း ရွာတွင်းသို့ ဦးတိုက်ဝင်သည်များ၏။ ရွာအနီးသို့ ရွာကိုကွင်း၍
တောတွင်းက ဖြတ်သွားသည့်တိုင်အောင် ရွာသူရွာသားများ မသိရှိဘဲ သွားနိုင်ရန်
ခဲယဉ်း၏။ ရွာသူရွာသားတို့သည် လူများ သွားလာနိုင်သည့် ရွာဘေးပတ်လည်၌
အမြဲတစေ လုပ်ငန်းဆောင်တာများ လုပ်နေတတ်ကြသည်ဆို၏။ ထို့အပြင် ကရင်
အမျိုးသား လက်နက်ကိုင်တပ်သားတို့ကလည်း ရွာတိုင်း၌ ရှိနေကြ၏။ ထိုလမ်းမှ
မသွားဘဲ လမ်းအသစ် ထွင်သွားမည်ဆိုလျှင်လည်း သုံးလေးလဖြင့် ရောက်နိုင်လိမ့်
မည်မဟုတ်ဟု ဆို၏။ စာရေးသူတို့ ရောက်အောင် သွားကြရမည့်အချိန်ကား တလ
အတွင်းဖြစ်၏။

ထိုခြေလမ်းခရီးရှိသော ရွာလမ်းမများမှ မသွားဘဲ ကရင်သူရဲကောင်းလေးများ သွား
ကြသည့် သံတောင် ကားလမ်းအတိုင်း သွားကြမည်ဆိုလျှင်လည်း ပို၍ခက်ခဲသေး
သည် ဆို၏။ ထိုလမ်းကို အသုံးပြုနိုင်ရန်အတွက် စာရေးသူတို့ မဆိုထားနှင့်
ဗိုလ်မှူးချုပ်ကျော်ဇောသည်ပင်လျှင် သံချပ်ကာ ကားများ၊ တင့်ကားများနှင့် အမြောက်
ကြီးများကို သုံး၍ တပ်ရင်းလိုက် ချီတက်တိုက်ခိုက်ခဲ့ဘူးသော်လည်း မြေနေရာ
အသွင်အပြင်၏ အကာအကွယ်ပေးထားမှုကြောင့် မတတ်နိုင်ဘဲ လက်လျှော့ခဲ့ရသည်
ဆို၏။

နောက်ဆုံး သိရသလောက်မှာ ထိုလမ်းတလျှောက်လုံး ကရင်အမျိုးသား လက်နက်ကိုင်
များ တပ်စွဲထားကြ၍ တပ်ရှိသော နေရာတိုင်း၊ ရွာရှိသော နေရာတိုင်းတို့တွင် ကင်းပုန်း
များ၊ “ဘန်ကာ”ခေါ် “ခံတပ်” ငယ်ကလေးများ၊ အ၀င်အထွက်စစ်သော လက်နက်ကိုင်
တပ်စိပ်ကလေးများ၊ တရွာနှင့်တရွာ၊ စခန်းတခုနှင့် တခု၊ သွားလာခွင့် လက်မှတ် ထုတ်
ပေးသောရုံးများ စသည်တို့ဖြင့် လမ်းတလျှောက်လုံး ပိတ်ဆို့နေသည်ဟု ဆို၏။

ထို့ပြင် ကိုမောင်မောင်တို့ကို နောက်ထပ်ပြန်ဖမ်းမိသွားပြီးမှ နေရာရွေ့ပြောင်း ထားသည်
-မထားသည်ကိုလည်း သတင်းအတိအကျ မရသေးဟု ဆို၏။ သို့သော် စာရေးသူက
စိတ်မပျက်၊ ယခင်တောင်ငူ တိုက်ပြီးစ အချိန်က ထိုသံတောင်သို့ မည်ကဲ့သို့ သွားကြ
မည်ဟု အစီအစဉ်လုပ်ဘူး၏။ တောကျွမ်း၍ လိုရာသို့ ထိုးဖောက် သွားရောက်တတ်သော
မုဆိုးများကိုလည်း ရှာထားဘူး၏။ ထိုမုဆိုးတို့နှင့် တိုင်ပင်ချင်သော စိတ်တွေ ပေါ်လာ
သည်။ ရန်ကုန်မှ ကြိုတင်လွှတ်လိုက်သော ဗိုလ်ဖေချစ် ခေါင်းဆောင်သည့် စာရေးသူ၏
ရဲဘော်များသည် ထိုမုဆိုးများရှိရာ လယ်ဝေး၊ သပြေပင်ရွာ၊ သခင်ကြည်ရှိန်(ယခု ဖဆပလ
အမတ်ဟောင်း) ၏ အိမ်သို့ ရောက်နှင့်နေကြ၏။ ယခုလောက်ဆိုလျှင် ဗိုလ်ဖေချစ်သည်
ထိုမုဆိုးကြီးများကို အဆင်သင့် ရှာထားပြီး ခရီးလမ်းပန်းအတွက် အသင့်တိုင်ပင်ပြီး၊
စီစဉ်ပြီး၊ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။

“ကျနော် … အခုည သပြေပင်ဘက် သွားလိုက်ချင်သေးတယ်၊ မနက်မှ ပြန်လာယင်
ဖြစ်မယ် မှုတ်လား …. ”
ဆုံးဖြတ်မှုမြန်သလောက် ဘာမဆို ခေါင်းအေးအေးနှင့် ပြုလုပ်တတ်သည့် ဗိုလ်မှူး
စောမြင့်က စာရေးသူကို ကြည့်၍ ပြုံးလိုက်၏။
“နက်ဖြန်မနက်မှ ကျနော်နဲ့အတူတူ သွားပါလား၊ ခင်ဗျားလဲ ဒီနေ့တနေ့လုံး ကားစီး
လာခဲ့ရတာ နည်းနည်းအနားယူလိုက်ပေါ့ … ”

စာရေးသူက အတင်းအကြပ် မပြောလိုသော်လည်း ၀မ်းထဲက သိပ်သွားချင်နေသည်။
ဒါကို ဗိုလ်မှူးစောမြင့်က အကဲခတ်မိပုံရ၏။
“သိပ်အရေးကြီးသလား၊ ဟိုမှာ ခင်ဗျား ဘာအစီအစဉ်တွေ လုပ်ထားလို့လဲ …”
“သိပ်အရေးကြီးတယ်ရယ်လို့တော့ မဟုတ်ပါဘူး၊ ဟိုမှာ ရှိနေကြတဲ့ မုဆိုးတွေနဲ့
တွေ့ချင်လို့ပါဘဲ …”
ဗိုလ်မှူးစောမြင့်က အတော်စိတ်ဝင်စားသွား၏။ ထို့နောက် အဆိုပါ မုဆိုးတွေနှင့်
ဘယ်လိုဆက်စပ်ပြီး ဘာများလုပ်မလို့လဲဟု သိချင်နေဟန်တူ၏။

“ဟို …. ကျနော်တို့ တောင်ငူကို တိုက်ပီးစက ကိုမောင်မောင်တို့နောက်ကို လိုက်ဘို့
လုပ်ကြသေးတယ်၊ အဲဒီတုန်းက ကိုမောင်မောင်တို့ကို ကရင်အမျိုးသားတွေ ခေါ်သွား
ကြတာဟာ “လိပ်သို”ရယ်၊ “ရေသိုကြီး” ရယ်၊ “ဘောဂလိကြီး” ရယ်၊ ဒီ သုံးနေရာ၊
တနေရာရာ ဖြစ်လိမ့်မယ်လို့ သိရတယ်၊ အဲဒါနဲ့ ကျနော်တို့က လိုက်ဘို့ လုပ်တော့
သခင်ကြည်ရှိန်က သူ့ယောက္ခမကြီးပိုင်တဲ့ ဆင်အကောင် ၂၀ နဲ့ ဆင်ဦးစီးတွေကို
ပြန်လွှတ်ချင်တဲ့ အချိန်မှ လွှတ်ပါဆိုပီး ပေးတယ်။ အဲဒါနဲ့ အဲဒီဆင်တွေနဲ့ ဆင်ဦးစီး
တွေရယ်၊ ကျနော်တို့ ရဲဘော်တွေရယ် အဲဒီသွားမဲ့ နေရာတွေကို လမ်းဟုတ်ဟုတ်
မဟုတ်ဟုတ် ၊ ဖြတ်ပီး တောကျွမ်းတဲ့ မုဆိုးကြီး လေးယောက်ရယ် သွားဘို့လုပ်ကြ
တယ်၊ ကျနော်တို့ အစီအစဉ်က ကိုမောင်မောင်တို့ကို မရမခြင်း တောထဲမှာ တောခို
တဲ့ လူတွေလိုဘဲနေမယ်၊ လက်နက်ရိက္ခာလိုတဲ့ အခါ အစိုးရတပ်နဲ့ ဆက်သွယ်ပီး
လာယူမယ်၊ တိုက်ပွဲ ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် ကိုမောင်မောင်တို့ ပြန်မရမခြင်း ပြန်မလာ
ဘူး၊ ကရင်အမျိုးသား ပိုင်နက်ထဲမှာရှိတဲ့ ဗမာသူပုန်တွေအဖြစ် နေမယ်၊ အဲဒီလို စီစဉ်
ခဲ့ဘူးတယ်၊ အဲဒီလို စီစဉ်ခဲ့ဘူးတယ်ခင်ဗျာ့၊ ဒါပေမဲ့ ဗိုလ်မှူးချုပ်ကျော်ဇောက သူမလုပ်
ဝံ့တာကို သူများ မခိုင်းချင်ဘူးဆိုတာနဲ့ မလုပ်ခဲ့ရဘူး၊ အဲဒီတုန်းက ခေါ်သွားဘို့ လုပ်
ထားတဲ့ မုဆိုးကြီးလေးယောက်ကို အခု ကိုဖေချစ်က ရှာထားနှင့်ကြလိမ့်မယ် …”

ဗိုလ်မှူးစောမြင့်သည် ခနတွေ၍ စဉ်းစားလိုက်၏။ ထို့နောက် နေရာမှထရင်း စာရေးသူ
ကို ပြုံး၍ကြည့်လိုက်၏။
“ကိုဖေချစ်တို့ ရှာထားနှင့်ကြမှာဘဲ၊ နက်ဖြန်မှ ကျနော်နဲ့ အတူတူသွားတွေ့ကြတာပေါ့၊
မနက်ဖက်သွားတာပေါ့ဗျာ …. ဟုတ်လား …. ကဲ … အနားလေး ဘာလေး ယူပါအုံး …”

သို့ဖြင့် စာရေးသူသည် နောက်နေ့နံနက်သို့ရောက်မှ သခင်ကြည်ရှိန်တို့ရှိရာ သပြေပင်
ရွာသို့ သွား၏။ ပဲခူးရိုးမပေါ်မှ ဖြတ်၍ တိုက်ခတ်လာသော တောင်ငူ မိုးသက်လေသည်
စာရေးသူ၏ရင်ဘက် မျက်နှာသို့ တိုးဝှေ့ တိုက်ခတ်၏။ မျက်လုံးတွေ ပူလျက် ချမ်းစိမ့်စိမ့်
ဖြစ်လာ၏။ အရေးထဲတွင် အဖျားတက်ချင်လာသောကြောင့် အနီးတွင်ရှိသော ဗိုလ်မှူး
စောမြင့် မသိအောင် ဟန်လုပ်နေရ၏။ ကိုဖေချစ်နှင့် ရဲဘော်များကို “သာဝတ္တိ”ရွာ၌
ပင် တွေ့ရသည်။ နေရေးထိုင်ရေး ပိုကောင်းအောင် သခင်ကြည်ရှိန်နှင့် “သာဝတ္တိ”
ရှိ သခင်သိန်းမောင်တို့က စီစဉ်ပေးခြင်းဖြစ်၏။ တောင်ငူနှင့် ဆက်သွယ်ရန် ပို၍
လွယ်ကူသောကြောင့်ဟုလည်း ဆို၏။

စာရေးသူ၏အမြင်ကား ထို့သို့မဟုတ်၊ သာဝတ္တိရွာ၌ ကိုဖေချစ်နှင့် ရဲဘော်တသိုက်
ထင်သလို ပို၍နေနိုင်ကြ၏။ မြို့ဆန်သော ရွာငယ်ဖြစ်သောကြောင့် ဘာမဆို လိုသမျှ
အကုန်ရ၏။ သခင်သိန်းမောင်သည် ဗိုလ်ဖေချစ်နှင့်ရွယ်တူဖြစ်၏။ တချိန်က ရှမ်ပြည်
ပင်လောင်မှနေ၍ တောင်ငူသို့ ဖြတ်ချီလာကြရာတွင် အတူတွဲခဲ့ကြရသော ရဲဘော်
ရဲဘက်လည်းဖြစ်၏။ သခင်ကြည်ရှိန်တို့ကဲ့သို့ သိက္ခာကြီးသူ အသက်ကြီးသူများ
မရှိသောကြောင့် ဘာကိုမျှ ထိန်းသိမ်းစောင့်စည်းရန် မလို။ စာရေးသူတို့ ရောက်သွား
ကြသည့် နံနက်ပိုင်း၌ပင်လျှင် ကိုဖေချစ်နှင့် သခင်သိန်းမောင်တို့ နေအထွက်တွင်
လေတက်နေသောကြောင့် ငွေအရက်ကလေး တမြမြဖြင့် ရေချိန်အတော်ရနေကြပေပြီ။

ရဲဘော်အားလုံးတို့ကလည်း အရပ်ဝတ် အရပ်စားဖြင့် ရှိနေကြ၏။ သခင်သိန်းမောင်က
အိမ်သုံးလေးအိမ်၌ အစုလိုက် အစုလိုက်ခွဲထားပေးသည်။ တောထဲ၌ သစ်အလုပ် လုပ်ကြ
မည့်သူများဟု ပြောထား၏။ သို့သော် …. ကိုဖေချစ်သည်၎င်း၊ ရဲဘော်များသည်၎င်း၊
မိမိတို့ကိုယ်မိမိ၊ “သရဏဂုံ” တင်ပြီးသားလူတွေဟု ယူဆထားကြ၏။ ထို့ကြောင့်
သူတို့ကို ကြည့်ရသည်မှာ ခပ်ပေါ့ပေါ့၊ ခပ်ပေပေ၊ မသေမှီ ပျော်ပျော်ချည်း နေလိုက်မည်
ဟူသော “တေ” ရုပ်ကလေးတွေ ပေါက်နေ၏။

ထို ရဲဘော်ကလေးများသည် ယခင်က အလွန်လည်း စည်းကမ်းရှိကြ၏။ အလွန်လည်း
တောင့်တင်း သန်မာကြ၏။ တောင်ငူနှင့် ရှမ်းပြည် ပင်လောင်းအကြားရှိ မြင်းမထိတောင်၊
ခေါင်းကြီးတောင်တို့ကို တချိန်က စာရေးသူသည် ထိုရဲဘော်ကလေးများနှင့် ဖြတ်ကျော်
ခဲဘူး၏။

ထိုသို့ ဖြတ်ကျော်ခဲ့ရာ၌ လက်နက်အပေါ့ဆုံးကို ကိုင်သည့် ရိုးရိုးရဲဘော်တယောက်သည်
လက်ပစ်ဗုံး ၄- လုံး၊ တော်မီသေနတ်တလက်၊ တွန်မီကျည်ဗူး ၁၃- ဗူး၊ တွန်မီကျည်ဆံ
၁၂၃၂- တောင့်၊ အိပ်ယာခင်း၊ စောင်၊ အ၀တ်ပိုတစုံ၊ မျက်နှာသုတ်ပုဝါ၊ ခြင်ထောင်ငယ်၊
“ဟန်းကော” (အစာချက်စားသောခွက်)၊ ရေဗူး၊ စားရိက္ခာ၊ ဆေးထုပ်၊ တောရှင်းဓါးနှင့်
ထည့်ရန် ကျောပိုးအိတ် စသည့်တို့ကို သယ်ယူရ၏။ ထိုစဉ်က လူပေါင်း ၄၀၀- ကျော်
တွင် ယခုလက်ရွေးစဉ် ခေါ်ယူထားသော ရဲဘော်ကလေးများသည် အ၀င့်ကြွားဆုံးဖြင့်
အပြုံးမပျက်၊ မညည်းမညူး၊ ရှေ့တန်းမှ ချီတက်နိုင်ခဲ့ကြသော ရဲဘော်ကလေးတွေချည်း
ဖြစ်ခဲ့ကြသည်။

ယခုမူ ထိုသို့မဟုတ်၊ ရဲဘော်ကလေးတွေကို မြင်ရသည်မှာ ရော့ရဲရဲ နိုင်လှ၏။ ရန်ကုန်သို့
ရောက်လာကြစဉ်က မတွေ့လိုက်တော့ဘဲ ကိုဖေချစ်နှင့်လွှဲ၍၊ ဤသို့ ပို့နှင့်လိုက်မိသည်ကို
နောင်တကြီး ရနေ၏။ လမ်း၌ တ၀က်တပျက် တက်လာခဲ့သော အဖျားသည် ဤမြင်ကွင်း
ကြောင့် အလိုလို ပြေးတော့၏။ မျက်နှာ၌ ချွေးများပင် ပြန်လာ၏။ အဖျားရှိနေသဖြင့်
သွေးဆုတ်နေသည့် ဖြူဖတ်ဖြူရော် မျက်နှာပိုင်ရှင်က အုပ်ချုပ်လျက်၊ ဤလျှော့တိလျှောတဲ
နိုင်လှသော ဒေါင့်မကျိုးသည့် ရဲဘော်များနှင့် အသေခံ တိုက်ကြရမည့် တိုက်ပွဲကို ရင်ဆိုင်
တိုက်ခိုက်ရန် စီစဉ်နေကြခြင်းမှာ စီစဉ်ပေးရသူများအဘို့ မည်မျှလောက် အားရှိဘွယ်
ကောင်းပါလိမ့်မည်နည်း။

မလုံမလဲစိတ်ဖြင့် ဗိုလ်မှူးစောမြင့် မျက်နှာကို ကြည့်မိသည်။ ဗိုလ်မှူးစောမြင့်ကလည်း
ရဲဘော်တွေ နေထိုင် လှုပ်ရှားပုံ၊ အ၀တ် ၀တ်ပုံတို့ကို အကဲခတ်နေ၏။ ဖြစ်မှ ဖြစ်ပါ့မလား
ဟု တွေးမိနေသော မျက်နှာကို မတွေးမိလေယောင် ဟန်ဆောင်နေ၏။

စာရေးသူက မျက်နှာပူလှလေပြီ၊ သုံးလေးနှစ်အတွင်း ငါ့ကောင်တွေ ဘယ်လိုများဖြစ်
ကုန်ကြပါလိမ့်ဟု ယူကြုံးမရလည်း ဖြစ်၏။ စိတ်လည်း ပျက်၏။ ဒေါသလည်း ဖြစ်နေ၏။
စိတ်သက်သာယာရစေရန်၊ ကိုဖေချစ်ကိုခေါ်၍ မုဆိုးကြီးများအကြောင်းကို မေးရသည်။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

6 comments:

ဆောင်းယွန်းလ said...

မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုအောင်ရေ

အပိုင်း၈ကိုမျှော်လင့်လျှက်ပါ

Nyein Chan Aung said...

ကျေးဇူးပါကိုအောင်ရေ။ စေတနာကို နားလည်ပါတယ်ဗျာ။ ဆက်လက်မျှော်နေပါတယ်။

ဒေါင်းမင်း said...

ဆက်ရန်ကိုမျှော်နေပါသည်.။
အမြန်တင်ပါခင်ဗျာ...စောင့်ရတာမောလှပြီ

လင်းထက် said...

ဆက်လက်မျှော်

လူသစ် said...

“သူမလုပ်ဝံ့တာကို သူများ မခိုင်းချင်ဘူး” ဆိုပဲ.......အင်း........ရဲရဲတောက်တွေ ဒါမျိုးကျတော့ မသိချင်ယောင်ဆောင်နေကြတယ်ထင်ပါ့

မမသီရိ said...

လက်ညောင်းခံ...ပြီး ..မျှဝေ ပေး တာကို..
ကျေးဇူး ပါ တယ်...
နီး ရင်တော့...
ကော်ဖီလေး တစ်ခွက်လောက်
ဖျော်တိုက် ချင်မိရဲ့....း).........
ကျေးဇူးတင်လို့....း)...
......
ကျမကဗျာထဲ..စာလုံးပေါင်း ထောက်ပြခဲ့တာလဲ
ကျေးဇူး ...း)...