Wednesday, 4 February 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၆)

ရေးသူ- ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၅)မှ အဆက် … … …

ထို့ကြောင့် ထို့နေ့က လူမမာများကို တိုက်ကျွေးလေ့ရှိကျသည့် “ကွေ့ကာအုပ်” ခေါ်
ဗူးများကို အလုံအလောက် ၀ယ်ယူပစ်လိုက်သည်။ နို့စိမ်းဗူးထက် အရွယ်ထက်ဝက်ခန့်
ပိုကြီး၏။ သယ်ယူရန် ပေါ့၏။ ချွေတာလျှင် တဗူးကို လူတယောက် ရှစ်ရက်စားနိုင်၏။
ထို့သို့ပြုလိုက်ရသောကြောင့် စိတ်လက် အတော်ပေါ့ပါးသွားသည်။ လိုအပ်သော ဗီတာမင်
နှင့် ဆေးမျိုးတို့ကို ၀ယ်လျက် အိမ်သို့ စောစောပြန်၏။ နောက်နေ့ ခရီးထွက်ရန် တလှုပ်
လှုပ် ပြင်ဆင်၏။ အိမ်ရှင်မနှင့် ကလေးတွေကလည်း ထိုနေ့ည တော်တော်နှင့် မအိပ်ကြ။

နောက်နေ့ နံနက် ၄-နာရီ သံချောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာက လန့်နိုးလာသည်။
အိမ်ရှင်မလည်း စာရေးသူနှင့်အတူ အိပ်ရာမှ လူးလဲထ၏။ အဖျားပြေးလေပြီ ဖြစ်သော
ကြောင့် ဖြစ်ချင်တာဖြစ်ပေစေဟု အိမ်ရှေ့ ရေစည်ပိုင်းတွင် ရေချိုးလိုက်၏။ ထိုသို့ပြုသဖြင့်
အိမ်ရှင်မများက ဆူပူနေလေမလားဟု စိတ်ထဲက ပူပင်နေ၏။ ရေချိုးပြီးလျှင် မိမိက ဦးအောင်
မျက်နှာ ဆိုးဆိုးပြု၍ အိမ်တွင်းသို့ ၀င်၏။ အိမ်ရှင်မသည် လဘက်ရည်ကြမ်း အသင့်
လဘက်ရေချိုအသင့်ဖြင့် ရှိနှင့်လေပြီ။

ကလေးတွေကိုလည်း အိပ်ရာမှ နှိုးထား၏။ အိမ်ရှင်မ၏ သွန်သင်ပေးချက်အရ၊ ကလေးငယ်
တို့က မျက်နှာသုတ်ပုဝါ၊ စြပ္က်ယ္အက်ႌ၊ ရွပ္အက်ႌ၊ လုံချည် စသည်တို့ကို စာရေးသူလဲလှယ်
ရန်အတွက် အသင့်ကိုင်လျက် ထိုင်စောင့်နေကြ၏။
“ဒီမိန်းမ တော်တော်ခက်တဲ့ မိန်းမဘဲ၊ ကလေးတွေ သူတို့ဟာသူတို့ အိပ်နေကြစမ်းပါစေ၊
ဘာလို့ ဒုက္ခပေးထားရတာတုံး သွားပြန်အိပ်ကြ …”

ကလေးတွေက ကြောက်ကြောက်ရွံ့ရွံ့နှင့် မိခင်မျက်နှာကို လှမ်းကြည့်ကြ၏။
“သူတို့လဲ အိပ်ရာက ထချင်ကြလို့ အထခိုင်းလိုက်တာ၊ အခုသူတို့သောက်ဖို့ ကော်ဖီ
တောင် ဖျော်ပီးနေဘီ …”
အိမ်တွင် ကလေးတွေက ကော်ဖီသောက်ကြသည်။ စာရေးသူက ထမင်းကို ငပိရည်နှင့်နယ်
ဆီနှင့်ဆမ်း၍ လဘက်ရည်ကြမ်းဖြင့် ထမင်းတလုပ် လဘက်ရည်ကြမ်းပူပူ တရှုပ်သောက်
သည်။ တခါတရံ လဘက်ရည် ချိုကျကျသောက်သည်။ ကော်ဖီကို လုံးဝမကြိုက်။

ကလေးငယ်တို့ကိုမူ ကလေးတွေ အမေအိမ်ရှင်မက၊ ကော်ဖီကို အချိန်နှင့်တိုက်သည်။
မုန့်ပဲသားရေစာ လုံးဝမကျွေး။ ထို့ကြောင့် အစားအစာချင်း လုံးဝမတူသော ကလေး
တွေနှင့် နံနက်ပိုင်းတွင် ဘယ်အခါမျှ မျက်နှာချင်းမဆိုင်ကြရ။ ယခုနံနက် အိမ့်ရှင်မ၏
စီစဉ်ပေးချက်အရ စားပွဲခုံကြီးကိုချကာ ကလေးတွေနှင့် အတူဝိုင်း၍ လဘက်ရည်သောက်
ကြရသည်။ ကလေးတွေက ကော်ဖီခွက်ကိုယ်စီနှင့် စာရေးသူက လဘက်ရည်ခွင်နှင့် …

စားပွဲအလယ်တွင် စာရေးသူကြိုက်တတ်သော ထမင်းကြမ်းဇလုံကြီး ရှိသည်။
အိမ့်ရှင်မညဥ့်ဦးကတည်းက ကြိုတင်စီမံထားဟန်တူ၏။ နွေးထားသော ဟင်းကျန်
နှင့် ဗါလချောင်ငပိညှော်တို့ကို ထမင်းကြမ်းနှင့်နယ်ကာ၊ ဇလုံကြီးထဲသို့ ထည့်၍
ဇွန်းနှစ်ချောင်း တတ်ပေးထား၏။ မိသား ဖသားစုတို့ လဘက်ရည်ကြမ်း သောက်
ကြ ထမင်းကြမ်း ကော်စားလိုက်ကြနှင့် ဇွန်နှစ်ချောင်းမှာလည်း အနားမနေရ၊ ရှေ့
တွင် ကိုယ်စီကိုယ်စီချထားကြသည့် ကော်ဖီနှင့် လဘက်ရည် အချိုခွက်တို့က
မျက်နှာငယ်ငယ်နှင့် ….

ဇလုံပန်းကန်ထဲသို့ ဇွန်းကျသံ လဘက်ကြမ်းကို ရှူးရှူးမှုတ်သောက်သံတို့ဖြင့်
မလုယက်သော်လည်း လုယက်စားသောက်နေကြသကဲ့သို့ စီစီညံလျက် …
“နှီးဒေါင်းလန်းကြီးခူးငြီးသောအခါ
သမီးနှင့်သား များလို့ မ၀င်သာ …
ဒူးတဘက်ဟာ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ စားတော့မည်စေ …
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး ….. ”

ဝန်ကြီး ပဒေသရာဇာ၏ ထန်းတက်သမားဘွဲ့ “တျာချင်း”ကို စာရေးသူက သတိရလိုက်
သည်။ မျက်နှာက မလှုပ်ရှားသော်လည်း ယခုကဲ့သို့ သားတွေသ္မိးတွေ အစုံအညီနှင့်
တပျော်တပါးချည်း စားရ သောက်ရသည်ကို စာရေးသူ၏စိတ်ထဲ၌ ကြည်နူးမိသည်။
နောင်ကို ဒီကလေးတွေနှင့် ဒီလိုစားခွင့်မှ ကြုံရပါတော့မည်လားဟုလည်း ချက်ခြင်းတွေး
လိုက်သည်။ ကလေးတွေလည်း မိမိတို့အဖေကြီးကို နောက်နောင်ဤစားပွဲပိုင်း၌ တွေ့
ရချင်မှ တွေ့ရပေလိမ့်မည်ဟု ဘယ်သူကမှ သိရှာလိမ့်မည်မဟုတ်ဟုလည်း တွေးသည်။
အမှတ်မဲ့ အိမ်ရှင်မ မျက်နှာကို လှမ်းကြည့်လိုက်သည်။ အိမ့်ရှင်မလည်း သူ့အတွေး
နှင့်သူ ထမင်းဇလုံကြီးကို ငေးစိုက်နေသည်။

အိမ်ရှေ့မှ ကားဟွန်းသံကြားရသည်။ အိမ့်ရှင်မက စာရေးသူ၏ မျက်နှာကို ကွက်ကနဲ
လှမ်းကြည့်လိုက်၏။ “လဘက်ရည်သောက်ပါအုံးလေ၊ ပစ္စည်းတွေအဆင့်သင့်ဘဲဥစ္စာ”
… ပြောပြောဆိုဆို အိမ့်ရှင်မက၊ အိမ်ရှေ့ရှိ ကားပေါ်မှ လူများအား ကော်ဖီ သောက်
ကြွကြပါရန် သွားခေါ်၏။ အားလုံးသောက်ပြီးကြ၍ မည်သူမှ လိုက်မလာကြ။ စာရေးသူ
က လဘက်ရည်ခွက်ကို တကြိုက်တည်းနှင့် အကုန်မော့ကာ အထုပ်အပိုးဆွဲ၍ နေရာ
မှ ထသည်။ ကလေးတွေလည်း ဟိုဟာသည်ဟာကိုင်၍ နောက်ကအတင်းလိုက်လာ
ကြ၏။

အေးစိမ့်သောနံနက်ခင်းတွင် မိုးမှုန်ကလေး ကျနေ၏။ အိမ့်ရှင်မနှင့် ကလေးတစုသည်
မိုးမှုန်အောက်တွင် ဇွတ်ပေရပ်နေကြ၏။ စာရေးသူတို့၏ ဂျစ်ကားသည် အိမ့်ရှင်မနှင့်
ကလေးတစုကို ကျောခိုင်း၍ ထွက်လာကြသည်။ ဂျစ်ကားကို ဗိုလ်မှူးစိန်မြ ကိုယ်တိုင်
မောင်း၏။ ကားလမ်း၏တဘက်တချက်၌ စိမ်းစိုသော လယ်ကွင်းတို့သည် တရိပ်ရိပ်
ကျန်ရစ်ခဲ့ကြ၏။ စာရေးသူတို့သည် အချိန်ခပ်စောစောပင် တောင်ငူ ရောက်ကြ၏။

ခရီးရောက်မဆိုက် ဗိုလ်မှူးစောမြင့်(ယခု ယဉ်ကျေးမှုဋ္ဌါနနှင့် ပြန်ကြားရေးဋ္ဌါန တာဝန်ခံ
ဗိုလ်မှူးကြီး စောမြင့်) ကို သွားရောက်တွေ့၏။ သွားရမည့်နယ်မြေ အခြေအနေ၊ သွား
ရောက်နိုင်မည့် ခရီးလမ်းများ၊ ကိုမောင်မောင်တို့ ရှိမည့်နေရာ စသည့်တို့ကို စုံစမ်း၏။
ဗိုလ်မှူးစောမြင့်က သူ၏ ကရင်သူရဲကောင်းကလေးများ အနက် မသေဘဲ ပြန်ရောက်
လာသော သူရဲကောင်း ကရင်ရဲဘော်ကလေး၏ ထံမှ နောက်ဆုံး သိရှိထားရသမျှကို
အသေးစိပ် ပြောပြ၏။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

4 comments:

ဒေါင်းမင်း said...

အခုလိုရှားပါးစာအုပ်ကိုဖက်ရတာကျေးဇူး..
ဆက်ရန်ကိုစောင့်မျှော်နေပါတယ်အကိုရေ..
ကျွန်တော်ဆီမှာတော့..ကူးထားတာ..
ဆက်ရန်ကိုစောင့်နေပါတယ်အမြန်တင်ပါခင်ဗျာ

ဆောင်းယွန်းလ said...

ဖတ်လေ အရှိန်တက်လာလေပဲဗျာ..
ကျေးဇူးပါကိုအောင်ရေ..ဆက်ရန်မျှော်နေမယ်ဗျို့

Nyein Chan Aung said...

ကျေးဇူးပဲ ကိုအောင်ရေ.. ဆက်မျှော်နေပါတယ်

reddevillover said...

စောင့်ဖတ်ရတာ အားမရတော့ဘူးနော် ဟင်းးးး