Monday, 2 February 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၅)


ရေးသူ-
ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၄)မှ အဆက် … … …

ကိုအောင်ကြီးက မကျေမနပ်နှင့် ကျဉ်းသော မျက်ပေါက်ကို အစွမ်းကုန်ပြူးလျက် ဒေါသ
တကြီး ပြော၏။ ဗိုလ်မှူး တင်ဖေက ကြားဝင်လိုက်၏။
“ကဲ … ကိုယ့်လူ … သတ္တလောကကြီးတခုလုံး ဖြစ်ချင်တာ ဖြစ်သွားပစေ၊ အပြစ်ရှိလာလဲ
ကျုပ်တို့ခံမယ်၊ ခင်ဗျား ဘယ်လိုသွားမလဲ ကျုပ်တို့က ဘာတွေ လုပ်ပေးရမလဲ၊ အဲဒီအစီ
အစဉ်တွေကိုသာ ကျုပ်တို့ကို ပြော … ”

ထိုသည့်နောက်ကား စာရေးသူ၏ တောင်းဆိုချက်အရ တပ်ရင်းအသီးသီးတွင် ရှိနေကြ
သော စာရေးသူ၏ ရဲဘော်ဟောင်းအချို့ကို ကိုအောင်ကြီး၏ ကြိုးမဲ့ကြေးနန်းအမိန့်ဖြင့်
ရန်ကုန်သို့ အမြန်ဆုံး ရောက်ရှိလာကြရန် ခေါ်ပေး၏။ ၁၉၅၁ ခု ဇူလိုင်လ ၁၂ ရက်နေ့
တွင် အားလုံး ရောက်ရှိလာကြ၏။ ၂၃ ရက်နေ့တွင် စာရေးသူတို့ သွားရမည့် နယ်သို့
ကြိုတင်စေလွှတ်လိုက်၏။ စာရေးသူက ခရီးရှည်ချီတက်ရာတွင် အရေးအကြီးဆုံး လိုအပ်
သော ရိက္ခာ သယ်ဆောင်သွားနိုင်ရေး ပြဿနာကို ဖြေရှင်းရန် ရန်ကုန်၌ ကျန်ရစ်ခဲ့ရ၏။
ဤကိစ္စ၌လည်း စာရေးသူနှင့် ကိုအောင်ကြီး သဘောကွဲလွဲကြရသည်။ ကိုအောင်ကြီးက
စာရေးသူကို ဗိုလ်မှူးအောင်ရွှေ ဆီသို့ ခေါ်သွား၏။

ဂျပန်ခေတ် ပဲခူးစံပြစစ်ကျောင်းတွင် စာရေးသူတို့ ၀ရမ်းပြေးတသိုက် စစ်သင်တန်း
သွားရောက် တက်ကြစဉ်က ဗိုလ်မှူးအောင်ရွှေ၏ တပ်တွင်း၌ နေကြရ၏။ ထို့ကြောင့်
ဗိုလ်မှူးအောင်ရွှေက တွေ့လျှင်တွေ့ချင်း အပိုတွေ ဇာချဲ့မနေတော့ဘဲ ၎င်းပြုလုပ်ထား

သည့် ရိက္ခာဗူးကို စာရေးသူအားပြ၏။ ဆရာဝန်များနှင့် တိုင်ပင်ညှိနှိုင်း၍ ကျန်းမာရေး
နှင့် ညီညွတ်အောင် အချိန်မှီ စမ်းသတ်လုပ်ကိုင်ထားသည် ဆို၏။

လေးတောင့် ငါးသေတ္တာဗူးကဲ့သို့ လေလုံသော သံဗူးငယ်မျိုးဖြစ်သည်။ တခုလျှင် လေး
တောင့်ငါးသေတ္တာ လေးလုံးစာခန့် အရွယ်ရှိ၏။ အတွင်း၌ ကြာရှည် ၀ါး၍စားရသော
ဘီစကွတ်အမာ ဆယ်ချပ်၊ ထောပတ်ထုပ်ငယ် ၁၊ ဇီးတော်ဖီထုပ် ၁၊ လေးလိပ်ပါ စီးကရက်
ထုပ် ၁၊ သုံးလိပ်ပါ ဆေးပေါ့လိပ်ငယ်ထုပ် ၁၊ မီးခြစ်ဆံ ၁၂ ချောင်းပါစက္ကူ မီးခြစ်ပြား ၁၊
ရေနွေးကြို၍ခပ်လိုက်လျှင် အသင့်ဖျော်ပြီး ကော်ဖီအချို ဖြစ်သော နို့သကြားပါသည့်
ကော်ဖီမှုံအထုပ် ၁။ သီးသန့် နိုမှုံထုပ် ၁ နှင့်၊ ဗီတာမင် ဆေးပြား၂ ပြား ပါရှိသည် ထမင်း
တနပ်စာအတွက် ဖြစ်၏။

စာရေးသူက ထိုခေတ်မှီလှသော ဆရာဝန်နှင့် တိုင်ပင် ပြုလုပ်ထားသည့် ရိက္ခာဗူးကို
မကြိုက်။ ရဲဘော်တယောက်သည် ဤထမင်းတနပ်နှင့် ညီမျှသော ရိက္ခာဗူးမျိုး ဘယ်နှစ်
ဗူး သယ်ယူနိုင်ပါမည်နည်းဟု တွေး၏။ ရဲဘော်တယောက်တယောက်၌ မပါလျှင် မဖြစ်
သော ကျောပိုးအိတ် သို့မဟုတ် ဘေးလွယ်အိတ်တခုစီ ပါရမည်၊ ထို့ပြင် ရေဗူးတလုံး၊
ထမင်းချက်အိုလည်းဖြစ်၊ စားခွက်လည်းဖြစ်သော “ဟန်းကော” ခေါ်သည့် ခွက်တခု၊
လက်ပစ်ဗုံး ၂ လုံး၊ သေနတ်ကျည်ဆံများ၊ ထို့နောက် သေနတ် ….
ထိုပစ္စည်းတွေအပြင် ဗိုလ်မှူးအောင်ရွှေ၏ တဗူးလျှင် ထမင်းတနပ်နှင့် ညီမျှသော ခေတ်
မှီရိက္ခာဗူးများကို ရဲဘော်တယောက်တယောက်လျှင် လေးလုံးထက်ပို၍ သယ်နိုင်ကြ
ပါမည်လော ….

“ကျနော်တော့ ရဲဘော်တွေ သိပ်သယ်နိုင်ကြမယ် မထင်ဘူး၊ ရိုးရိုးပြောရမှာဖြင့်
“ထမင်းခြောက်”နဲ့ “ထန်းလျက်ခဲ”လောက် မကြိုက်ဖူး …”

“ခင်ဗျားအဘကြီးမှဘဲ၊ ခင်ဗျားကတော့ နေရာတကာ စိတ်ကူးလိုက်မှဖြင့် ဂွချည်းဘဲ၊
ဘယ်လိုကြံကြံဖန်ဖန် မဟုတ်တာတွေကို စိတ်ကူးတတ်တဲ့ လူမှန်း မသိဘူး … ”
ကိုအောင်ကြီးက ၀င်ဟောက်လိုက်ခြင်း ဖြစ်၏။ ခက်သည်ကား သူတို့သည် စာရေးသူ
ကို ချစ်ကြခင်ကြ၏။ စာရေးသူကို တခြားတပါးသူက ထိပါးလျှင် မခံချင်ကြ။ သို့ရာတွင်
စာရေးသူနှင့် သူတို့နှင့် အတွေးအခေါ်ခြင်းမတူ၊ စာရေးသူ လုပ်သမျှ တမင်ဂွလုပ်နေ
သည်ချည်း သူတို့ထင်ကြ၏။ မည်သည့်ကိစ္စမဆို စာရေးသူနှင့် အငြင်းအခုံပြုကြသည်
ချည်း ဖြစ်၏။ တခါတရံ ဘာမဟုတ်သည့် ကိစ္စကလေးကို ထိုင်ငြင်းလိုက်ကြသည်မှာ
တနေကုန်သွားရသဖြင့် သူတို့တွင် အလုပ်အကိုင်ပျက်ကြရ၏။

ထို့ကြောင့် စာရေးသူက ယခုအကြိမ်တွင် ကိုအောင်ကြီးနှင့် အငြင်းအခုံမပြုတော့၊
သို့သော် ဒီလူတွေ အတော်ညံ့သေးသည်ဟု စာရေးသူက တွေး၏။ ရိုင်ဖယ် သေနတ်
ကို ကိုင်၍ တိုက်နေကြရသော ယခုခေတ် စစ်သားတိုင်းလိုလို လှံ၊ ဓါးနှင့် ၀ါးရင်းဒုတ်
တို့အား အားကိုး၍ တိုက်ခိုက်လာခဲ့ကြရရှာသော ရှေးခေတ် စစ်သားကြီးများကို
အထင်သေးတတ်ကြ၏။ ရှေးခေတ် စစ်သားကြီးများသည် လှံ၊ ဓါး၊ ၀ါးရင်းဒုတ်၊ တူမီ
သေနတ်နှင့် ဂိုက် ၁၀၀ ကျော် ၂၀၀- လောက်မျှ ပြေးသည့် ထန်းလုံး အမြောက်ကြီး
တလက် နှစ်လက်ကို အားပြုလျက် အာသံ မဏိပူရနှင့်တကွ ဗမာပြည်အနီးအပါးရှိ
တိုင်းပြည်တွေကို သိမ်းပိုက်ခဲ့ကြသည်။ ဒါတွေကို ယခုစစ်သားတွေက မေ့နေကြ၏။

အမရပူရ ပထမမြို့တည် နန်းတည် မင်းတရာကြီးသည် အမရပူရမှ မုတ္တမမြို့သို့
တိုင်အောင် စခန်းပေါင်း ၃၈- စခန်းပြု၍ ၃၉- ရက်နှင့် အရောက် ချီတက်၏။ စစ်သည်
ရဲမက်များ ထောင်နှင့် ချီ၍ ပါလေသည်။ အလုံမင်းကြီး ဗန္ဓုလနှင့်တကွသော စာဆိုတော်
မြ၀တီမင်းကြီး ဦးစ တို့သည် ဗမာရဲမက် ၄၀၀၀၊ ကချင် သိန်းဖေါ ရဲမက် ၁၀၀၀၊ မြင်း
၅၀၀၊ ဆင် ၂၀ တို့ဖြင့် မြင့်မားသော တောတောင်အထပ်ထပ်တို့ကို ဖြတ်ကျော်လျက်
အာသံမဏိပူရသို့အရောက် စခန်းပေါင်း ၇၀ ပြု၍ ချီတက်၏။ ထိုလမ်းသည် ရှေးအခါက
မဆိုထားနှင့် ယခုအချိန်၌ပင် ရိက္ခာရရှိရန် ခက်ခဲ၏။ လမ်းခရီးတွင် ချင်းအမျိုးသားများနှင့်
နာဂ အမျိုးသားတို့သာ ရှိကြ၏။

ထိုတောင်ပေါ်သားများသည် ဆန်ချည်းသက်သက် စားရန်မလုံလောက်သောကြောင့်၊
ပိန်းဥ မြောက်ဥတို့ကို အားပြုနေကြရ၏။ စားဘွယ်အဖြစ် အမှီပြုနိုင်သော အမဲ,တော
ကောင်လည်း ရှား၏။ မျောက်၊ ပြောင်၊ ၀က်ဝံ၊ ရစ်၊ တောကြက်၊ ဒေါင်းမင်း စသော
လိုက်ရန်ခက်သည့် သားမျိုးဌက်မျိုးတို့သာ အနည်းအကျဉ်း ရှိ၏။ ဤသို့ဆိုလျှင် အလုံ
မင်းကြီး မဟာဗန္ဓုလသည် ဆင်စာ၊ မြင်းစာနှင့် တကွသော လူငါးထောင်စာ ရိက္ခာများကို
စခန်းပေါင်း ၇၀ ဖြတ်ကျော် ချီတက်နိုင်ရန် မည်ကဲ့သို့ ယူဆောင် သွားပါမည်နည်း။
စာရေးသူသည် ရှေးစစ်သားကြီးများ ဤသို့ ရိက္ခာယူဆောင်သွားမှု၊ သို့မဟုတ် ရရှိမှု
နှင့် ပက်သက်၍ မည်သို့ သယ်ယူသွားသည်၊ မည်သို့ရရှိကြသည် စသည်တို့ကို တတ်
သိနားလည်သူတို့၏အထံ၌ စူးစမ်းမေးမြန်းကြည့်၏။ သို့ပါလျက် တခါမျှစိတ်ကျေနပ်
လောက်သည့် အဖြေကို မရခဲ့။

တခါက ဥတုဘောဇနလက်စွဲဟူသော စာအုပ်ငယ်တခု၌ စစ်သည်ဆောင် ခရီးသွားမုန့်
ပြုလုပ်နည်းဟု တွေ့ဘူး၏။ ကျွဲသား၊ ကောက်ညှင်း၊ ထန်းလျက်၊ ဤသုံးမျိုးကို အမှုံ
ပြုခြင်းဖြစ်သည်။ အခွံမနွှာရသေးသည့် ကွမ်းသီးအလုံးကြီးကြီးခန့် မုန့်ဆုပ် ပြုလုပ်
ထား၍ တဆုပ်စားလျှင် ထမင်းတရက်ငြိမ်း၏ဟု မှတ်မိလိုက်သည်။ ဟုတ်၏ မဟုတ်၏
လုပ်မကြည့်သဖြင့် မသိရသေး။ ဟုတ်လျှင် လူတယောက် တလစာအတွက် ပေါ့ပေါ့
သယ်နိုင်လိမ့်မည်။

ကိုယ်တွေ့ကြုံဘူးသော အမေတို့ ပြောပြဘူးသည် ကုလားကြီးတက်လာတုန်းက ထမင်း
ခြောက်အိတ်ကလေးတွေ လွယ်လျက် သစ်ပင်ပေါ်သို့ တက်ပုန်းနေကြရသည် ဆို၏။
ထို့နောက် ရွာလုံးကျွတ် လုယက်တိုက်ခိုက်တတ်သူတွေလည်း ထ၊ ဗိုလ်တွေကလည်း
ထ,လာသောကြောင့် နေ့တထိတ်ထိတ် ညတထိတ်ထိတ် ရှိနေကြသောအခါ၊ ထမင်း
တွေချက်လျက် ထမင်းခြောက်တွေလှမ်းပြီး ရာဝင်အိုးကြီး၌ ထည့်ဝှက်ထားရသည် ဆို၏။
တရွာနှင့် တရွာလှမ်း၍ “ကုလားတက်” တုံးကြီးတွေကို ခေါက်လျက် အချက်ပေးသံကြား
ရလျှင် ထမင်းခြောက်အိတ်နှင့် ဆားကျည်တောက်ကို လွယ်လျက် အနီးအနားတောထဲ၌
စုပုန်းနေကြရသည် ဆို၏။ တခါတရံ လေးရက်၊ ငါးရက် တောထဲမှ မထွက်ကြရ၊ ထိုသို့
သော အချိန်အခါမျိုးတွင် ပါလာသော ထမင်းခြောက်အိတ်ကို အားပြု စားကြရသည် ဆို
၏။ လိုက်ရှာနေပြီဟု ကြားလျှင် ဝေးလံသော နေရာသို့ သွားရောက် စုပုန်း နေကြရသည်
ဆို၏။ ထမင်းခြောက်ကား ရေစိုလျှင် ဆန်ကဲ့သို့ မပျက်စီး။ နေလှမ်းလျှင် ပြန်ခြောက်၏။
ချက်စားလျှင် ထမင်းကဲ့သို့ဖြစ်၏။ ပြုတ်စားလျှင် ဆန်ပြုတ်ဖြစ်၏၊ တောတွင်းရှိ စားကောင်း
သော ရရာအသီးအရွက်တို့နှင့် ရောကျိုသောက်နိုင်၏။ အချိန်မရလျှင် သွားရင် လာရင်း
ထန်းလျက်နှင့် အတူဝါး၍ ရေသောက်ယုံမျှ ကိစ္စပြီး၏။ ထမင်းခြောက်ကို လူတယောက်
အတွက် တပြည်မျှသယ်က ချွေတာလျှင် ဆယ်ရက်စာခန့် စားရ၏။ ပေါ့လည်း ပေါ့ပါး၏။

“ဟေ့လူ … ဘာငိုင်နေတာလဲ၊ ခင်ဗျား အဲဒါတွေဘဲ ယူသွား၊ အဲဒီသံဗူးတွေကို ကျုပ်တို့
လုံလောက်အောင် လုပ်ပေးလိုက်မယ် ….”
ကိုအောင်ကြီးက ပြောပြောဆိုဆို နေရာမှ ထသည်။ ကိုအောင်ကြီးသည် သူ့အစာကို
လုံလောက်အောင် လုပ်ပေးလိုက်မည်ဟုသာ ပြော၏။ မည်ကဲ့သို့ သယ်ဆောင် သွားရမည်
ကိုကား မပြော ….


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

6 comments:

လင်းထက် said...

ရိက္ခာသံဗူးတွေ သယ်မလား ထမင်းခြောက်သယ်မလား ဘယ်လိုရိက္ခာမျိုးသယ်မလဲ ဆိုတာ နောက်အပိုင်း၆ ကျမှ အဖြေညှိရမယ် ကိုအောင်ရေ စောင့်နေမယ် ..။

ဆောင်းယွန်းလ said...

ဖတ်လို့အရှိန်တက်နေတယ်ဗျို့
ကျေးဇူးပါဘဲ ကိုအောင်ရေ..
အပိုင်း၆ကို မျှော်နေမယ်ဗျ....

Welcome said...

ဒီလိုစာမျိုးဖတ်ရတာ ကျေးဇူးအထူးပါပဲ။ တကူးတကပြန်တင်ပေးတဲ့ စေတနာကို လေးစားပါတယ်။ ဆက်ရန် လာဖတ်ပါအုန်မယ်။

Nyein Chan Aung said...

အပိုင်း (၆) ကိုမျှော်နေတယ်ကိုအောင်ရေ..။

လူသစ် said...

ရိက္ခာခြောက်များ ခက်လို့။ NASA ကိုလှမ်းမှာလိုက်ရင် ပြီးတာပဲဟာ။ :)

MyowinZaw said...

ကိုအောင်နာဂစ်က ရက်တော်တော်ကြာ အစာခံ အောင် လုပ်တဲ့ဘီစကွတ်တွေ နအဖစစ်တပ် သိမ်းထားလားမသိ ဒုတ်ခရောက်တဲ့သူတွေကို ဆန်ဘဲဝေတယ် ဘီစကွတ် တော့ သိမ်းထားပုံရတယ်