Tuesday, 13 January 2009

ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း


ရေးသူ -
တက္ကသိုလ်ဘုန်းနိုင်
(မှတ်ချက်။ ။ ယခင်က အပိုင်း(၁)မှ အပိုင်း(၄) အထိ ဤနေရာတွင် ဖော်ပြခဲ့သလို
အပိုင်း(၉)မှ အပိုင်း(၁၃)အထိ ဤနေရာတွင် ဖော်ပြထား ပါသည်။ ကွယ်လွန်သူ
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ယင်းစာအုပ်မှာ ယခုအခါ ရှားပါးစာပေ စာရင်းဝင်
စာအုပ်တစ်အုပ် ဖြစ်နေသောကြောင့် အပိုင်းအချို့ကို လေ့လာနိုင်ရန် တင်ပြခြင်း
ဖြစ်ပါသည်။)

(၄၁)

စာပေကဗျာကို ဝေဖန်ရာ၌ ဝေဖန်မှုသည် နှစ်နေရာ၊ နှစ်ဌါနဆီ ဦးတည်နိုင်သည်။
တစ်နေရာ တစ်ဌါနကား စာပေ ကဗျာက “ဘာပြောသနည်း” ဟူသော ကိစ္စဖြစ်၏။
အခြား တစ်နေရာ တစ်ဌါနကား စာပေ ကဗျာသည် “ဘယ်ပုံ ဖြစ်ရှိသနည်း” ဟူ
သော ကိစ္စဖြစ်သည်။

ပလေတိုကြီးက စာပေကဗျာဆိုသည် ဘယ်ပုံ ဖြစ်ရှိနေခြင်းကို အရေးမလုပ်။
စာပေ ကဗျာက ဘာပြောသနည်း ဆိုခြင်းကိုသာ အလေးအနက်ထားပြီး ပြင်းပြင်း
ထန်ထန် ဝေဖန်လိုက်သည်။

ဖီလိုဆိုဖာကြီးပီပီ ပလေတိုကြီးက အမှန်တရားကိုသာ တန်ဖိုးထား မြတ်နိုးသည်။
စာပေ ကဗျာ ဆိုသည် အမှန်တရားကို မပြော၊ မပြောနိုင်ဟု ဆိုပြီး စာပေကဗျာကို
ပလေတိုကြီးက တစ်ချက်လွှတ် ဆုံးဖြတ် ပစ်ပယ်ခဲ့သည်။

ပလေတိုကြီး၌ အားနည်းချက် နှစ်ချက်ရှိသည်ဟု ကျွန်တော် ထင်သည်။
ပထမ အချက်ကား ပလေတိုကြီး၏ အမှန်တရား ဆိုသည်နှင့် ထိုအမှန်တရားကို

သူ ချဉ်းကပ်ပုံ ချဉ်းကပ်နည်း ဖြစ်လေသည်။ သူပြောသည့် အမှန်တရားမှ အမှန်
တရားလော။ သူ့ချဉ်းကပ်နည်းမှသာ ချဉ်းကပ်နည်းလော။

ထားပါတော့။ ဤကိစ္စကို ကျွန်တော် မဆွေးနွေး လိုသေးပါ။
ဒုတိယ အားနည်းချက်ကား ပလေတိုကြီး၏ သတိလွတ်ချွတ်ယွင်းမှု ဖြစ်သည်။
စာပေကဗျာ ဆိုသည် ပလေတိုကြီး မပေါ်မီ ဟိုရှေးပဝေသဏီတည်းက ရှိနေ
သည်။ ပလေတိုကြီး သေပြီးနောက်လည်း ဆက်ရှိနေသည်။ ပလေတိုကြီးက
သေဒဏ် ချသွားသော်လည်း စာပေကဗျာသည် မသေ၊ ဆက်ရှင်နေ၏။
သူသေပြီးနောက် စာပေကဗျာ ဆက်ရှိနေခြင်းကို မသိသည့်အတွက် ပလေတို
ကြီးကို အပြစ်မတင်ပါ။

သူ အသက်ရှင်နေတုန်း၌ စာပေကဗျာ ရှိနေသည်။ သူလို ပုဂ္ဂိုလ်ပင် ဂရုစိုက်
အလေးပြု ဆွေးနွေးဝေဖန်မှု လုပ်ယူရအောင် ကဗျာက ထင်းရှား ရှိနေသည်။
ဘာမျှ မဟုတ်သည် အရာ၊ ဘာတန်ဖိုးမျှ မရှိသော အရာတစ်ခုဆိုလျှင် ဘာကြောင့်
အရေးလုပ်၍ ကျမ်းကြီးကျမ်းငယ် ရေးလျက် ဝေဖန် ဆွေးနွေးခဲ့ရပါသနည်း။

ပညာရှိ သတိဖြစ်ခဲ။ ဤအချက်ကိစ္စတွင် ပလေတိုကြီး သတိလွတ်နေသည်။
အရစ္စတိုတယ်(လ်)ကမူ သတိမလွတ်။ ထင်ရှားခိုင်မြဲစွာ ရှိနေသော စာပေကဗျာ
ကို ရှိနေသည့်အတိုင်း တက်နိုင်သမျှ ဓမ္မဓိဋ္ဌာန်ကျအောင် စေ့စေ့စပ်စပ် ဆွေးနွေး
ဝေဖန်ပြသည်။ ဝေဖန်ခြင်းဆိုသည်မှာ အပြစ်ရှာခြင်း မဟုတ်ကြောင်းလည်း
အရစ္စတိုတယ်(လ်)က လက်တွေ့ ပြသွား၏။

အရစ္စတိုတယ်(လ်)က စာပေကဗျာက ဘာပြောသနည်း ဟူသော ကိစ္စ တစ်ဘက်
တည်းဆီသာ အာရုံအစွန်း ရောက်နေသော ဝေဖန်ရေးကို စာပေကဗျာသည် ဘယ်
ပုံ ဖြစ်ရှိသနည်း ဆိုသည့်ဘက်သို့ ဆွဲခေါ်ယူခဲ့သည်။

အမှန်တရား ကိစ္စ၊ တနည်း …. ဘာပြောသနည်း ကိစ္စမျှလောက်နှင့် ဆိုလျှင် စာပေ
ဝေဖန်ရေးသည် အလွန်တရာ ကျဉ်းမြောင်း နေပေလိမ့်မည်။ စာပေ ဝေဖန်ရေးပင်
မဟုတ်တော့ဘဲ ဒဿနကိစ္စ သက်သက်သာ ဖြစ်သွားလေတော့မည်။ စာပေဝေဖန်
ရေး ပညာ၊ စာပေသဘောတရား ပညာတွေလည်း ထွန်းကား ပေါ်ပေါက်တော့
မည် မဟုတ်။

“ဟေ့ …. စာပေသဘောတရား ပညာတွေ ရှိဖို့ မလိုဘူးကွ၊ အလှအစစ်ဟာ
ဖီလိုဆိုဖာမှာသာ ရှိတယ်၊ ဖီလိုဆိုဖီကသာ ကဗျာအစစ်၊ ဖီလိုဆိုဖီ ရှိလျှင် ပြီးရော၊
မင်းတို့ပြောတဲ့ ကဗျာဆိုတဲ့ မဟုတ်ကဟုတ်ကတွေ ဒီလောကမှာ မလိုဘူးကွ”ဟု
ဆိုသော ပလေတိုကြီး၏ စကားကို မျိုချပြီး ငြိမ်ငြိမ်လေး ထိုင်နေကြရုံ ရှိသည်။

အင်းဝခေတ်က အရှင်သီလ၀ံသ၊ အရှင်မဟာရဋ္ဌသာရကို “သာချင်းသည်” ဟု
ရှုတ်ချသော ကိုယ်တော်အချို့ တို့ကဲ့သို့ စာပေနှင့် စာပေလောကကို လျစ်လျူ
ရှု ကျောခိုင်းကြရုံ ….။

အရစ္စတိုတယ်(လ်)က စာပေကဗျာက ဘာပြောသည် ဆိုသော ကိစ္စနှင့် စာပေ
ကဗျာသည် ဘယ်ပုံ ဖြစ်ရှိနေသည် ဆိုခြင်းကို စေ့စေ့စပ်စပ် ပြောပြသည်။ အမှန်
ကား ဘယ်ပုံ ဖြစ်ရှိနေသည်ကို ရှင်းပြသောအခါ ဘာပြောနေသည် ဆိုခြင်းနှင့်
လုံးဝ ရှင်းရှင်း ကင်း၍ကား မရ၊ ကိစ္စ နှစ်ခုသည် ငြိကပ် ချိတ်တွယ် ရောထွေး
နေသည်။

အရစ္စတိုတယ်(လ်) ကြိုစားရှောင်သည်က “စာပေကဗျာရဲ့ ရည်ရွယ်ချက် ဆိုတာ
က ဟောဒါပဲ ခင်ဗျ၊ စာပေကဗျာတွေ ပြောပြနေတာက ဟောဒါမှ …ဟောဒါ၊
တခြား မဟုတ်ဘူးဗျ …” ဟု အလွယ်တကူ လှေနံဓါးထစ် မပြောမိရန် ဖြစ်သည်။

ဤနေရာ၌ စာပေသဘောတရား ပညာရှင် “၀ီလီယံ ကေ ၀င်းဆတ်”
(William K. Wimsatt) ၏ သုံးသပ်ချက်ကို တင်ပြလိုသည်။ ၀င်းဆတ်က
စာပေကဗျာတို့ ဘာပြောသည်၊ ဘာကိစ္စလုပ်သည် ဆိုခြင်းနှင့် ပက်သက်၍
အရစ္စတိုတယ်(လ်)တို့ ခေတ်၌ အမွေဆက်ခံ ထားရသော အဆိုအမိန့်နှစ်ခု
ရှိကြောင်း ထောက်ပြခဲ့၏။

တစ်ခုက ကဗျာ့ဘိုအေးကြီး ဟိုးမာ၏ အဆိုအမိန့် ဖြစ်သည်။
ဟိုးမာက ကဗျာသည် လူကို ကြည်နူး သာယာစေသည်ဟု ဆိုသည်။
(
Poetry is something which charms)

အခြားတစ်ခုက ကဗျာ့ဘိုအေးကြီး တစ်ဦးပင် ဖြစ်သည့် ဟီးဆီယက်၏ အဆို
အမိန့် ဖြစ်သည်။ ဟီးဆီယက်က ကဗျာသည် လူကို ပညာပေးသည်ဟု ဆိုသည်။
(
Poetry is something which teaches)

အရစ္စတိုတယ်(လ်)က ထိုအဆိုအမိန့်နှစ်ခုလုံးကို ထိပ်တိုက် ရင်မဆိုင် ထို အဆို
အမိန့်နှစ်ရပ်၏ အစွန်းနှစ်ဘက်မှ လွတ်ရန်ရှောင်ပြီး ….
ကဗျာသည် နိမိတ္တ (
image) တစ်ခုအဖြစ်နှင့်လည်း လူကို ကျေနပ် နှစ်သက်စေ
သကဲ့သို့ တပြိုင်နက်တည်းမှာပင် အလွန်တည်ကြည် လေးနက်၍ ဒဿန ဆန်သည်
(
philosophoteron kai spoudaioteron) ဟု ဆိုခဲ့သည်။
ကဗျာဘာပြောသည်၊ ဘာလုပ်သည်ဟု အရစ္စတိုတယ်(လ်) ပြောသည်ဟု ယူဆ
နိုင်သည့် စကားတစ်လုံးကို ခေတ်စာပေ သဘောတရား ပညာရှင်တို့ အရေးထား
ဆွေးနွေးကြသည်။ ထိုစကားကား “ကသားဆစ်(စ်)” (
Catharsis) ဆိုသော
စကားဖြစ်၏။

ကသားဆစ်(စ်)ဟူသော ခေါမစကား၏ အဓိပ္ပါယ်မှာ သန့်စင်ပစ်ခြင်းဟု
အဓိပ္ပါယ်ရသည်။ မူလက ဆေးပညာမှ စကား ဖြစ်သည်။ ၀မ်းတွင်းမှ မသန့်စင်သော
အရာတို့ကို အပြင်သို့ ထွက်စေ၍ သန့်စင်အောင် ပြုခြင်းကို ခေါ်သည်။

ထရက်ဂျဒီ (tragedy) ပြဇာတ်၏ အနက်အဓိပ္ပါယ်ကို ပေးရာ၌ အရစ္စတို
တယ်(လ်)က ….
“ထရက်ဂျဒီ ပြဇာတ်သည် သနားခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ အားဖြင့် တုပခြင်း
ဖြစ်ပြီး ထိုတုပခြင်းက ထိုခံစားခြင်းတို့အတွက် လျောက်ပတ်သော သန့်စင်မှုကို
ဖြစ်စေ၏” ဟု ရေးခဲ့၏။

ဤစကားကို နားလည်ရန် အလွန်ခက်ပါသည်။
ကျွန်တော် ကြိုးစားပြီး ရှင်းပြပါမည်။
ထရက်ဂျဒီ (tragedy) ပြဇာတ်တစ်ခုကို ကြည့်နေစဉ် လူ့ရင်၌ သနားစိတ်များ၊ ကြောက်
စိတ်များပေါ်လာသည်။ ထိုသနားစိတ်များ၊ ကြောက်စိတ်များသည် တကယ့်အတွေ့အကြံ
၌ ပေါ်ပေါက်သော သနားစိတ်များ၊ ကြောက်စိတ်များကဲ့သို့ အစစ်များမူ မဟုတ်။ ဆင်တူ
သော သနားစိတ်များ၊ ကြောက်စိတ်များသာလျှင် ဖြစ်သည်။ ထို ဆင်တူဖြစ်သော
သနားစိတ်များ၊ ကြောက်စိတ်များက လူ၌ရှိသော သနားစိတ်များ ကြောက်စိတ်များကို
သန့်စင်ပစ်သည်။

လူ၌ရှိသော သနားစိတ်များ၊ ကြောက်စိတ်များသည် ယေဘုယျအားဖြင့် အတ္တနှင့်
ယှဉ်သော စိတ်များ ဖြစ်သောကြောင့် မလိုလားအပ်သော စိတ်(၀ါ) ခံစားမှုများ
ဖြစ်သည်ဟု အဓိပ္ပါယ် ထွက်နေသည်။ ကြောက်စိတ်ကို မလိုလားအပ်သော စိတ်ဟု
နားလည်နိုင်သော်လည်း သနားစိတ်ကို မလိုလားအပ်သော စိတ်ဟု နားလည်းနိုင်ရန်
မြန်မာ တစ်ယောက်အတွက် ခက်မည် ထင်ပါသည်။

အင်္ဂလိပ်စကား၌ သနားခြင်း အနက်ကို ပေးသော “ပစ်တီ”(Pity) ဟူသော စကား
နှင့် “ကွန်ပက်ရှင်း” (Compassion) ဟူသော စကားနှစ်ခု ရှိသည်။ ကွန်ပက်ရှင်းကား
မြန်မာ နားလည်သော သနားခြင်း ကရုဏာမျိုး ဖြစ်သည်။ ပစ်တီကား သနားတော့
သနားသည်။ အပြစ်မြင်စိတ် ဒေါသလေး ရောနေသည်။

ထရက်ဂျဒီ(tragedy) ပြဇာတ်က ထိုသို့ သဘောရှိသော “ပစ်တီ” သနားစိတ်နှင့်
ကြောက်စိတ်ကို သန့်စင်ပစ်သည်ဟု အရစ္စတိုတယ်(လ်) ဆိုလိုဟန် ရှိသည်။

ကသားဆစ်(စ်)ကို ဆွေးနွေးကြသူ ပညာရှင်အချို့က ရင်၌ ရှိသော မလိုလားအပ်သည့်
ခံစားမှုတို့ကို ထွက်ပေါက်ရကာ သန့်စင်သွားစေသည့် အဓိပ္ပါယ်မျိုး ကောက်သူ
ကောက်ကြသည်။ အချို့ကမူ မလိုလားအပ်သော ခံစားမှုတို့ ပြုပြင်ခံရပြီး သန့်စင်
ကောင်းမွန်သွားသည့် အဓိပ္ပါယ် ကောက်ကြသည်။

အမှန်ကား အရစ္စတိုတယ်(လ်) ကိုယ်၌က ဘာဆိုလိုသည် မရှင်းခဲ့။ (Politics)
ပေါလစ်တစ်ကျမ်း၌ နောင်ကို ဤကိစ္စကို ပို၍ ရှင်းရှင်းလင်းလင်း တိတိကျကျ ကိုင်တွယ်
မည်ဟုတော့ ဆိုခဲ့သည်။ အရစ္စတိုတယ်(လ်)၏ (Poetics) ပိုးအက်တစ်(စ်)ကျမ်းကြီး
ဒုတိယပိုင်းမှာ ပျောက်ဆုံးနေသည်။ ထိုပျောက်ဆုံးနေသော အပိုင်းတွင် ကသားဆစ်(စ်)
အကြောင်း ပြည်ပြည်စုံစုံ ပါကောင်း ပါမည်ဟု ခန့်မှန်းကြသည်။

မမေ့သင့်သော အချက်ကား အရစ္စတိုတယ်(လ်)သည် ပလေတိုကြီး၏ အယူအဆ
အဆိုအမိန့်ကို မက်တာဖစ်ဇစ်(စ်) (metaphysics) နည်းနှင့် ချေပနေခြင်းသာ
ဖြစ်လေသည်။ ပလေတိုကြီးက ကဗျာစာပေက လူ့စိတ်ဓါတ်ကို ပျော့ညံ့ပျက်စီးစေ
သည်ဟု ဆိုခဲ့ရာ မဟုတ်ဟု အရစ္စတိုတယ်(လ်)က ငြင်းဆို ပြနေသည်။

ကသားဆစ်(စ်) သဘောသည် ဤသို့ငြင်းဆိုမှုအတွက် အရေးကြီးသော စကား
တစ်ခုဖြစ်ဟန် တူသည်။ သို့ရာတွင် အရစ္စတိုတယ်(လ်)က ပြည့်ပြည့်စုံစုံ ပြောမသွား
ခဲ့။ သို့မဟုတ် ပြည့်ပြည့်စုံစုံ ပြောခဲ့သည့် ကျမ်းအပိုင်းက ပျောက်နေသည်။
မည်သို့ဖြစ်စေ အရစ္စတိုတယ်(လ်) ပြောပြနိုင်ခဲ့သမျှတွေနှင့်ပင် ပလေတိုကြီး၏
အယူအဆကို ချေဖျက်ရန် အတန် လုံလောက် ပြည့်စုံနေသည်။

လူ၌ “ဗာကျူး” (Virtue) ဟုခေါ်သော “ကောင်းခြင်း အရည်အသွေး” တွေလည်းရှိ
သည်။ “ဗိုက်စ်” (Vice) ဟုခေါ်သော “ဆိုးခြင်း အရည်အသွေး” တွေလည်း ရှိသည်။
ထရက်ဂျဒီ (tragedy) ပြဇာတ် စာပေက ကောင်းခြင်းအရည်အသွေး ရှိသောသူ
အကြောင်း ရေးသည်။ အမှားနှင့် ကံကြမ္မာကြောင့် ဒုက္ခ တွေ့ရသော်လည်း ကြံ့ကြံ့
ခိုင်ခိုင် ရင်ဆိုင်သွား သူများ အကြောင်း ဖော်ပြသည်။ ကွန်မဒီ (comedy) ပြဇာတ်
တွေက ဆိုးခြင်း အရည်အသွေး ရှိသော လူတွေ အကြောင်း ရေးသည်။ လူရယ်ဖွယ်၊
အထင်သေးဖွယ် ဖြစ်နေသော်လည်း မိမိအဖြစ် မိမိ မသိ။ ကွန်မဒီ ပြဇာတ်မှ ဇာတ်
ဆောင်သည် ပြုပြင်ပြောင်းလဲ တိုးတက်မှု မရှိ၊ သူ့အသုံးမကျမှုကိုသာ သူ မရပ်မစဲ
ဆက်ဖော်ပြနေသည်။

အရစ္စတိုတယ်(လ်) စနစ်တကျ သရုပ်ခွဲ ရှင်းပြသောကြောင့် ကဗျာစာပေ၏
သဘော သဘောဝကို ကျွန်တော်တို့ ပို၍ နားလည်လာသည်။ လူနှင့် လောက
အကြောင်းကိုလည်း ထိုးထွင်းသိမှု ရှိလာသည်။

အရစ္စတိုတယ်(လ်)၏ စာပေကဗျာအပေါ် သုံးသပ်ပုံ သုံးသပ်နည်းမှ ကျွန်တော်တို့
ပညာများစွာ ရသည်။
ဥပမာတစ်ခု ပြောရလျှင် စာပေကဗျာကို ဝေဖန်သောအခါ ဝေဖန်ရေးသည် ဆန္ဒ
ဒေါသ မပါဘဲ ဓမ္မဓိဋ္ဌါန်ကျ၍ ကြောင်းကျိုးဆီလျော် ညီညွတ်ရမည်။ မိမိ ဝေဖန်
နေသော အကြောင်းအရာများ၊ သဘောများကို ကျစ်ကျစ်လျစ်လျစ် အနက်အဓိပ္ပါယ်
ဖွင့်ဆို ပေးနိုင်ရမည်။

ပလေတိုကြီးနှင့် ယှဉ်လျှင် အရစ္စတိုတယ်(လ်) သုံးသော သဘာပြ စကားများက
အနက်အဓိပ္ပါယ် ကျစ်လျစ်သည်။
သို့ရာတွင် ကဗျာစာပေ၌ သိသာ သိနိုင်ပြီး အနက် အဓိပ္ပါယ် ဖွင့်ဆိုရန် မလွယ်သော
(
knowable but indefinable) နယ်ပယ်တွေလည်း ရှိနေသေးသည်။ ဤကိစ္စမျိုးတွင်
အရစ္စတိုတယ်(လ်)က လူတတ်လုပ်ပြီး တယူသန် တထစ်ချ မပြောတတ်။ တဖန်
ကဗျာစာပေ၌ မသိနိုင်သော “လျှို့ဝှက်ခြင်း” (
unknowable mystry) နယ်ပယ်တွေ
လည်း ရှိနေသေးသည်။ ဥပမာ- ကဗျာဆရာကို ကဗျာ စပ်မိအောင် ဖန်တီး တွန်းလွှတ်
လိုက်သည့် “စိတ်အခြေအနေ” (
poetic inspiration) နှင့် ကဗျာစပ်ရသဖြင့် ကဗျာ
ဆရာ “ခံစားရသည့် စိတ်” (
poetic experience)။

ဤစိတ်အခြေအနေ၊ ဤခံစားချက်တို့ကို ကဗျာဆရာသာ သိပေလိမ့်မည်။
ဤကိစ္စမျိုး၌လည်း အရစ္စတိုတယ်(လ်) ဘာမျှ ၀င်မပြော။
အရစ္စတိုတယ်(လ်) သိသည်ကား ကဗျာစာပေ ဆိုသည်က လူ့လက်ရာ၊ ရှေးတုန်း
ကတည်းက ရှိသည်။ ယခုလည်း ရှိသည်။ နောင်လည်း ရှိမည်။
ရှိနေသည်ကို ရှိနေသည့်အတိုင်း ဓမ္မဓိဋ္ဌါန်ကျကျ လေ့လာသည်။ အနက် အဓိပ္ပါယ်
ဖွင့်ဆို၍ ဆွေးနွေး သုံးသပ်သည်။

သူ သုံးသပ်သည်ကား
ကဗျာစာပေသည် ဤ လူ့လောက၌ သူ့နေရာ ရှိသည်။ သူ့အခန်း ရှိသည်
ကဗျာသည် နိမိတ္တ တစ်ခု အဖြစ်နှင့်လည်း လူကို ကျေနပ် နှစ်သက်စေသကဲ့သို့
တပြိုင်နက်တည်းမှာပင် အလွန်တည်ကြည် လေးနက်၍ ဒဿန ဆန်သည်။

ဤ စကားရပ်ဖြင့် အရစ္စတိုတယ်(လ်)က ကဗျာစာပေကို လောက၌ နေရာ ကောင်း
ကောင်း ပေးခဲ့သည်။ ပလေတိုကြီး အလို ဆိုလျှင် ကဗျာစာပေတွေကို စကြာဝဠာ
တံတိုင်း၏ အပြင်ဘက်ဆီ လွှင့်ပစ် ရမည်ကဲ့သို့ ဖြစ်နေလေသည် တကား။ ။


(ဤမျှသာ။)
(အလျင်သင့်သလို ဤစာအုပ်ပါ အချက်များကို တင်ပြသွားမည်။)

3 comments:

Craton said...

အင်း.. တစ်ဖက်စောင်းနင်းများကျနေသလားလို့
ပလေတိုရဲ့ ကောင်းတဲ့အတွေးအခေါ်လေးတွေလည်း ပါလိမ့်ဦးမယ်ထင်တယ်။ စောင့်မျှော်ဖတ်ရှုပါဦးမယ်ခင်ဗျာ..။

မမသီရိ said...

ပလေတို မကြိုက်လဲ..
ကဗျာတွေ က သူ့ဖာသာ သူ ရှိနေတာ ပဲ......
စိတ်မပူ ပါဘူး.......း)....
...............ကမ္ဘာပေါ် ရှိတဲ့ သူတွေ အားလုံး..
အကြိုက် တူ စရာ မလို ဘူး လေ...နော်....
အားလုံး အတူတူ ကြိုက် ကုန် ရင်...
ဒုက္ခ များ ကုန်မှာ ပေါ့.............း).....

ဆောင်းယွန်းလ said...

တန်ဘိုးရှိမှုများကိုလာရောက်ဖတ်ရှုမှတ်သားခွင့်ရတဲ့
အတွက်အလွန်ကျေးဇူးတင်မိပါသည်.
ခင်မင်လျက်....