Tuesday, 27 January 2009

ချောလဲ ရောထိုင်


ရေးသူ-
စစ်ငြိမ်းဒီရေ

ကိုသက်ဦးနှင့် အကိုကြီး ကိုအောင်သာငယ်တို့က စီးပွားရေး ကျဆင်းမှုကြောင့်
အလုပ်အကိုင် ဆုံးရှုံးမှုတွေ၊ ရွေ့ပြောင်းမှုတွေ ရေးတာကို တွေ့ရလို့ တက်ဂ်ဂိမ်း
တစ်ခုလို သဘောထားပြီး ကျနော်လည်း ရေးပါရစေ။

ကျနော်တို့ မြန်မာစကားပုံမှာ ဆိုရိုးစကားတစ်ခုကို သတိရမိပါတယ်။ ဘာတဲ့ …
တောင်ဝှေ့ လဲရင် ဖိုးသူတော် ထူ နိုင်တယ်။
ဖိုးသူတော် လဲရင် တောင်ဝှေ့ မထူ နိုင်ဘူး

ပြိုလဲမှုတစ်ခုရယ့် တန်းဖိုးအတွက် ကျနော်တို့ ဘိုးဘွားတွေ သို့မဟုတ် ကျနော်တို့ရဲ့
ရှေ့က မျိုးဆက်အဟောင်းတွေက သင်ကြားခဲ့တဲ့ သင်ခန်းစာ ယူဖွယ် စကားပုံပါ။

ကျနော်ကတော့ ဘာစဉ်းစားမိသလဲ ဆိုတော့ လူတစ်ယောက် ချောလဲရင် ဥပမာ- ကျနော်
ချောလဲ ခဲ့ရင် ဘယ်လို ဟန်ဆောင်ရမလဲ၊ ဘယ်လို ရောယောင်ပြီး ထိုင်ရမလဲလို့။
ရှေ့လာမဲ့ ၂၀၀၉ ခုနှစ်၊ ဖေဖ်ါဝါရီလ (၁) ရက်နေ့ဆို ကျနော် ဒိန်းမတ်ရောက်တာ လေးနှစ်

ပြည့်ပြီ။ အလုပ် လုပ်ခဲ့တာ (၃)နှစ်နဲ့ (၅)လ ပြည့်ပြီပေါ့။ ကျနော်က အလုပ်တစ်ခုထဲကိုပဲ
လုပ်ခဲ့တာပါ။ ကျနော့်အလုပ်က အကုသိုလ် များတယ်။ သူတစ်ပါးအသက်ကို သတ်ရတာ
လည်း ရှိတယ်။ လူ့အသက်တော့ မဟုတ်ပါဘူး။ တိရိစ္ဆာန်တွေကို သတ်ရတယ်။ စီးပွားရေး
ရှုဒေါင့်က ကြည့်လို့ တွက်ခြေမကိုက်တော့တဲ့ သတ္တ၀ါဆိုရင် သတ်ရတာပဲ။ ဒါ ကျနော်တို့
အလုပ်ရဲ့ သဘော သဘာဝ။ ဒါကြောင့် အင်္ဂလန်မှာ သီတင်းသုံးနေတဲ့ ဥရောပ ဗုဒ္ဓဘာသာ
သာသနပြု ဆရာတော်၊ ဆရာတော် ဦးဥတ္တရ ဆိုရင် ကျနော်ကို တွေ့တိုင်း အလုပ်ပြောင်းဖို့
ပဲ အမြဲတိုက်တွန်း အမိန့်ရှိပါတယ်။

၂၀၀၄ ခုနှစ်မှာ မလေးရှားက မြန်မာသံရုံးရှေ့မှာ၊ မြန်မာနိုင်ငံက အမျိုးသားညီလာခံကို
ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ လုပ်မိလို့ မလေးရှားရဲက တရားမ၀င် လူစုရုံးမှုနဲ့
(
Illegal assembly) ဖမ်းပြီး “ပူလူး” ထောင်မှာ တစ်ည၊ နှစ်ညလောက် အိပ်ခိုင်းပြီး
“ဆွတ်ခိုင်းဘလို့” ထောင်ကို ပို့လိုက်ပါတယ်။ “ဆွတ်ခိုင်းဘလို့” ထောင်ကို ရောက်
တော့ ကျနော်နေတဲ့ အခန်းမှာ လောင်းကစား ဂိမ်းတွေမှာ အလုပ်လုပ်မိလို့ အဖမ်းခံ
ရတဲ့ တခြားမြန်မာ “ရွှေ”ညီအကိုတွေနဲ့သွားဆုံ ပါတယ်။ အဲဒီအခန်းထဲ ကျနော်ရောက်
တော့ တန်းစီးက မျက်မှန်နဲ့ သျှားညို။ ကျနော်အဲဒီအခန်းကို ရောက်တဲ့ နေ့ပဲ မောင်မင်း
ကြီးသား တန်းစီး သျှားညိုတစ်ယောက် အိန္ဒိယ အကျဉ်းသားတစ်ယောက်နဲ့ ရန်ဖြစ်ပြီး
တိုက်ပိတ်ခံရတယ်။ ကျနော်တို့အဆောင်ကို အုပ်ချုပ်တဲ့ ရဲအထူးအရာရှိက သူ့ကို
တန်းစီးမှန်း သိလို့ အဆောင်မှာပဲ တိုက်ပိတ်တာ။ နောက်မို့ဆိုရင် ယူကေပီလို့ ခေါ်တဲ့
ခါးပတ်ဖြူ (အကျဉ်းထောင် အထူးရဲ) ဆောင်မှာ တိုက်ပိတ် ခံရရင် မလွယ်ဘူး။ ဒါနဲ့ အခန်း
ထဲမှာ တန်းစီးက နေရာလွတ်သွားတာပေါ့။ မလေးရှားထောင်မှာ တန်းစီးကို “ကပ်ပလာ”
လို့ ခေါ်တယ်။ စာလုံးပေါင်းတော့ ကျနော် မရဘူး။ လူ့တစ်ယောက်ရဲ့ ဦးခေါင်းလို့
အဓိပ္ပါယ် ရတယ်။ ဒါကြောင့် မြန်မာလို တန်းစီး။ မလေးရှားလို ကပ်ပလာ ပေါ့။

အဲဒီ ကျနော်နေခဲ့တဲ့ အခန်းက အစဉ်အဆက် မြန်မာတွေပဲ အကျဉ်းသားအချင်းချင်း
အုပ်ချုပ်ခဲ့တဲ့ ထုံးစံ ရှိတယ်။ မျက်မှန် သျှားညို ရှေ့မှာ ကိုခင်မောင်သန်း ဆိုတဲ့ မြန်မာ
တစ်ယောက်က စပြီး အခန်းထဲမှာ အခန်းလူကြီး၊ တန်းစီး သို့မဟုတ် ကပ်ပလာ ပေါ့။
သျှားညို တိုက်ပိတ်ခံရတော့ ကပ်ပလာ အသစ် ရွေးပွဲ လုပ်ကြတယ်။ အခန်းထဲမှာ မြန်မာ၊
အိန္ဒိယ၊ သီရိလင်္ကာ၊ ပြည်ကြီးတရုတ် စတဲ့ အကျဉ်းသားက စုစုပေါင်း (၆၀) နီးပါး ရှိတယ်။
မြန်မာအကျဉ်းသားက (၄၀) နီးပါးလောက် ရှိတော့ ကျန်တဲ့ လူမျိုးတွေက မြန်မာဟေ့
လို့ အော်သံ ကြားရင် အောတိုမစ်တစ် ခေါင်းငုံ့ပြီး အရှုံးပေးရတယ်။ ဒါနဲ့ တန်းစီးအသစ်
ကို ဘယ်လို ရွေးမလဲ ဆိုပြီး တိုင်ပင်ကြတယ်။ အခန်းမှာ ညစဉ် မြန်မာအကျဉ်းသားတွေ
ဦးဆောင်ပြီး စုပေါင်း ဘုရားစာဆိုပြီး ၀တ်ပြုတဲ့ ပုံစံရှိတယ်။ တန်းစီး လုပ်သူက ရှေ့ဆုံးက
ထိုင်ပြီး အားလုံး ညီညီညာညာနဲ့ ၀တ်ပြုနေတဲ့ မြင်ကွင်းကို အခုချိန်ထိ ကျနော်မြင်ယောင်
နေတုန်းပဲ။ “သြကာသ” ကနေ ဘုရားစာတွေ သံတူ ဆိုလိုက်ကြတာ နောက်ဆုံး
မေတ္တာပို့ အမျှဝေတဲ့ အထိပါပဲ။ အမျှဝေလည်း ပြီးရော ရှေ့ဆုံးမှာ ရှိတဲ့ တန်းစီး တစ်ဦး
တည်းက “ဓာရဏပရိတ်” ကို ရွတ်ရတယ်။ အဲဒီ “ဓာရဏပရိတ်” ရွတ်ပြီးမှ ဘုရားရှစ်ခိုး
ပြီးဆုံးတယ်။ ဒါကြောင့် တန်းစီး အသစ် ဖြစ်ချင်ရင် ဓာရဏပရိတ် အလွတ်ရွတ်နိုင်လား
ဆိုတဲ့ မေးခွန်း ဖြစ်လာပါတယ်။ ကျနော်တို့ ဘုရားရှစ်ခိုး ၀တ်ပြုတာ မြန်မာတွေအပြင်
တခြား နိုင်ငံသားတွေလည်း ပါဝင် ပါတယ်။

ဒါနဲ့ ကိုကျောင်းဆရာလို့ ခေါ်တဲ့ ဓာရဏပရိတ် အလွတ်ရွတ်နိုင်သူကို တစ်ခန်းလုံးရဲ့
တန်းစီး ခန့်လိုက်ပါတယ်။ ထောင်ထဲမှာက တန်းစီးဖြစ်တဲ့သူက အခွင့်အရေး ရှိပါတယ်။
ဥပမာ- ထောင်ဝင်စာလာရင်၊ အခန်းထဲက တစ်ယောက်ယောက်က ထောင်ဝင်စာ လာလို့
အပြင်က စားစရာတို့၊ အ၀တ်အထည်တို့ ရလို့ အခန်းကို ပြန်လာရင် သူ သယ်လာတဲ့
ပစ္စည်းထုတ်ကြီးကို တန်းစီး ရှေ့မှာ ဖွင့်ပြရတယ်။ တန်းစီးလုပ်သူက သူ သဘောကျတဲ့
ပစ္စည်း တစ်ခု၊ နှစ်ခု ယူခွင့်ရှိတယ်။ ဒါက … ထောင် ထုံးစံပေါ့။ ဒါကြောင့် ထောင်ဝင်စာ
မရှိတဲ့ ကျနော်လည်း တန်းစီး ဖြစ်ချင်တဲ့ ရောဂါ ထလာတယ်။ ကျနော့်မလေးရှား ထောင်ကျ
ဘ၀မှာ ထောင်ဝင်စာ ဆိုလို့ အခု နော်ဝေးလ်နိုင်ငံ၊ အော်စလိုမှာနေတဲ့ ကိုသက်ထွန်းဦး
တစ်ယောက်ပဲ ထောင်ဝင်စာ တစ်ခါ လာတွေ့တယ်။ ဒါကြောင့် ထောင်ထဲမှာ အကြတ်ရိုက်
နေတဲ့ ကျနော်လည်း တန်းစီး ဖြစ်ရင် အစားအသောက် ပြေလည်မယ်လို့ တွေးမိတယ်။
ဒါနဲ့ တန်းစီးအသစ် ကိုကျောင်းဆရာ တရားရုံးထုတ်ဖို့ ရက်နီးလာတော့ အခန်းထဲ
မှာ ကျနော်လို တန်းစီးဖြစ်ချင်သူတွေ ဓာရဏပရိတ်ကို အလွတ်ကျက် ကြတယ်။

ဒါနဲ့ ကျနော်လည်း အင်း … တန်းစီး ဖြစ်ချင်တဲ့ သူတွေက မနည်းပါလား။ အားလုံး
ဓာရဏပရိတ်ကို အလွတ်ကျက်ကုန် ကြပြီ။ တန်းစီး ရာထူးလိုချင်လို့ ကိုကျောင်းဆရာ
ကို ချဉ်းကပ်ပြီး မေးကြည့်တယ်။ သူက … ဒါလွယ်လွယ်လေးပါကွာ … ဓာရဏပရိတ်အပြင်
… ပရိတ်ကြီး (၁၁)သုတ်ကို အလွတ်ရအောင် … မင်း ကျက်လိုက် … မင်းကို ငါ့ရာထူး
လွှဲခဲ့ပေးမယ် …လို့ ပြောတယ်။ ဒါနဲ့ ကျနော်လည်း ဘယ်တုန်းကမှ ဘုရားစာကို အထူး
တလဲ အလွတ်မကျက်ဘူးပဲ ပရိတ်ကြီး (၁၁)သုတ်ကို အလွတ် ကျက်ပါတော့တယ်။
ကိုကျောင်းဆရာတစ်ယောက် တရားရုံးထုတ်လည်း ထွက်သွားရော အားလုံးက အမေး
အမြန်းမရှိ ကျနော့်ကို တန်းစီး ရာထူး ပေးရပါတော့တယ်။ ဘာပြောကောင်းမလဲ ….
အခန်းထဲကို အကျဉ်းသား အသစ် ၀င်လာလို့ အ၀တ်အစား ကောင်းကောင်း လေးများ
တွေ့ရင် ဘယ်၊ညာ နှစ်ဖက်က ဗလတောင့်တောင့် လူမိုက်တွေက ကျနော်ကို “အဘန်း”
(မလေးရှား ဘာသာစကားဖြင့် “အကို”) ယူမလား? ချွတ်ခိုင်းလိုက်ရမလား? တကယ်ကိုပဲ
ထောင်ထဲမှာ လိုချင်သမျှ လက်ညှိုးထိုးလို့ ရတဲ့ ဘ၀ကို တန်းရောက်သွားပါတယ်။
ဒါနဲ့ ကျနော့်ကို သူငယ်ချင်းဖြစ်သူ ကျားကြီးက စကားတစ်ခွန်းပြောပါတယ် …
“ဘုရားထက် ကြီးတဲ့ ဘုရားလူကြီး”

ဟုတ်ပါတယ်။ ကျနော်က ထောင်ထဲမှာ ထောင်ဝင်စာ မရှိလို့။ ငတ်လို့ ဘုရားစာအလွတ်
ကျက်ပြီး ဘုရားလူကြီး သို့မဟုတ် တန်းစီး (ခေါ်) ကပ်ပလာ လုပ်မိတာပါ။ တန်းစီးဖြစ်တော့
မှာပဲ “အော်ရမ်ကရပ်ကြာ” (စာဖိုးဆောင် အလုပ်သမား) ရွေးပေးရ၊ ကြိုးတိုက် အတွက်
အထူး အလုပ်သမား ရွေးပေးရ (ကြိုးတိုက်ထဲက ကြိုးသမားတွေအတွက် အလုပ်သွားလုပ်
ပေးရင် ဆေးလိပ်တို့၊ စားစရာတို့ အလျှံအပယ် ရတယ်) နဲ့ တကယ့်တန်းစီးဘဝ
ကို ရောက်ခဲ့ပါတယ်။ ပရိတ်ကြီး (၁၁) သုတ် အလွတ်ရတော့ …. တရုတ်ပြည်မကြီးက
အကျဉ်းသား တရုတ်တွေဆိုရင် ကျနော့်ကို ဇွတ်အတင်း အထင်ကြီး ကြတယ်။ ဒါကြောင့်
တခါတလေ တွေးမိပါတယ် ….
လောကကြီးဟာ အရွဲ့တိုက်သူတွေ၊ မျက်ကန်းတစ္ဆေမကြောက်သူတွေ အတွက်
ပန်းခြံ တစ်ခုလားလို့ …..

အခုလဲ လက်ရှိအလုပ်ကနေ ပြောင်းမယ် … ပြောင်းမယ် စိတ်ကူးနေတာ။ လွန်ခဲ့တဲ့
နှစ်လလောက်က အလုပ်ထဲမှာ စကားများရာကနေ ထွက်မယ်လို့ ဘုမသိ၊ ဘာမသိပဲ
ဇွတ်ပြောခဲ့တာ။ တော်သေးတယ်။ အလုပ်သမားသမဂ္ဂတို့၊ အလုပ်ပြုတ်ခဲ့ရင် မူလ လစာ
ရဲ့ ကိုးဆယ် ရာခိုင်နှုန်းကို ပေးတဲ့ အလုပ်အာမခံစနစ်တို့ ရှိနေလို့ပေါ့။ ဒါတောင် ကိုယ့်
သဘောနဲ့ ကိုယ်ထွက်ရင် သုံးပတ်တိတိ အာမခံက ပိုက်ဆံ မပေးသေးဘူး။ ဒါလည်း
ရပါတယ်။ အခု ကုမ္ပဏီပိုင်ရှင်က မင်း အချိန်ပိုင်း ပြန်လုပ်ပေးပါလာတဲ့? … မင်း …
စိတ်ဝင်စားတဲ့ ကျောင်းတစ်ခုတက်ဖို့ … အလုပ်သမားသမဂ္ဂကို …ငါ တောင်းဆိုပေးမယ်
တဲ့။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အလုပ်လက်မဲ့ တိုးပွားလာတော့ ဒိန်းမတ်အစိုးရ
လည်း အရင်ကထက် အလုပ်လက်မဲ့ အလုပ်သမားတွေကို လုပ်ငန်းခွင် ကျွမ်းကျင်ရေး
သင်တန်းတွေ တိုးချဲ့နေတာနဲ့ သွားတိုးပါတော့တယ်။

အဲဒါပါပဲ ဘုမသိ၊ ဘာမသိနဲ့ ကျနော်လည်း ချောလဲရင် ရောထိုင်လိုက်တာ
ကံကောင်းလို့ …
ဒီလို ထော်လောကန့်လန့် လုပ်ပုံမျိုးနဲ့ မြန်မာပြည်က စစ်အစိုးရ လက်အောက်မှာ
ဆိုရင် ယောင်္ကျားတန်မဲ့ မြေအောက် အိမ်သာထဲတောင် ရောက်သွား နိုင်တယ်။
ဘုရား … ဘုရား …


(ဤမျှသာ)

11 comments:

အောင်သာငယ် said...

ဒါမဲ့ ခုတော့ အလုပ် ရှိသေးတယ် ဟုတ်လား...
ဒါဆို ကပ်ပလာ လုပ်စရာ မလိုသေးဘူးလေ...း)

လင်းထက် said...

အဟီး ကပ်ပလာ ကြီး သင်တန်းပြီးရင်တော့ ဒီ့ထက်ကောင်းတဲ့ နေရာ ရမယ် ထင်တယ်နော် ဟဲ ဟဲ..။

ဆောင်းယွန်းလ said...

ကိုအောင်ရေ..ကျနော်ကတော့ပရိတ်ကြီး၁၁သုတ်မရဘူး
လက်ဖက်သုတ်.ဂျင်းသုတ်တော့ရတယ်..အဟဲ။နောက်တာပါဗျာ...အေးဗျာ.သတ္တဝါတွေသတ်တဲ့
အလုပ်ကိုဘယ်သူကမှလုပ်ချင်တာမဟုတ်ပါဘူး..ဘဝမှာ
ဒီလိုပါဘဲ.တခါတလေအခြေအနေမပေးလို့ပေးတဲ့အခြေ
အနေပေါ်မှာအောင့်အီးပြီးလုပ်ရတာတွေရှိတယ်မဟုတ်
လား..လက်တလောတက်နေတဲ့သင်တန်းပြီးရင် အလုပ်
ကောင်းကောင်းမွန်မွန်ရနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ....
ခင်မင်လျက်

Nyein Chan Aung said...

ခင်ဗျားဘ၀တစိတ်တစ်ပိုင်းကို ဖတ်သွားတယ်ဗျာ။ အစစအရာရာ အဆင်ပြေပါစေ။

မမသီရိ said...

ကိုအောင်..
ပရိတ်ကြီး ၁၁ သုတ် ရွတ်တုန်းပဲ လား..း)..

မြတ်ဘုရား ရဲ့ ဒေသနာနဲ့.. နှုတ်ကပါတ်တွေ..
အတွက်..စိတ်မကောင်းပေမဲ့...
ဘ၀မှာ..ကြုံခဲ့ တဲ့ အနေအထား တွေ ..ကို
နားလည် ခံစားလို့ ရပါတယ် ရှင်....

sin dan lar said...

ပရိတ်ကြီး ၁၁ သုတ်နဲ့ ဓာရဏသုတ် အလွတ်ရသွားတာက အမြတ်ပေါ့လေ...

ဖုန်း မြင်. said...

ကပ်ပလာမလုပ်နဲ့တော့... အော်ရန်း ဘိုးဒိုးသာ လုပ်ပေတော့.... ဟတ်ဟတ်

ဒေါင်းမင်း said...

ဘုရားစာတွေရသွားတာကံကောင်းတာပေါ့...
ဘုရားစာရလို့တန်းစီးဖြစ်တာ..အဲဒါကိုသာစွဲစွဲ
ရွတ်ဖက်ဖြစ်ရင်ဒီထက်ကောင်းတဲ့အရာရနိုင်တယ်...
ဟီး

လူသစ် said...

ထောင်ထဲမှာတောင် မြန်မာက များနေတုန်းပဲလား :(

တောင်ပေါ်သား said...

ခုချိန်ကစပြီး ဦးကပ်ပလာလို့ ခေါ်တော့မယ် ဟီးးးး


လေးစားလျက်
တောင်ပေါ်သား

ယောနသံစင်ရော် said...

ကိုအောင်ရေ..ရှိတဲ့အလုပ်ကိုမြဲမြဲလေးသာ ဆုပ်ကိုင်ထားပါဗျာ။