Saturday, 24 January 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၄)


ရေးသူ-
ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၃)မှ အဆက် … … …

(မှတ်ချက်။ ။ စာရေးဆရာ ရန်ကုန်ဘဆွေတို့ အုပ်စု ဒုဗိုလ်မှူးကြီးမောင်မောင် ကို
သွားမကယ်ခင်က
စိုးမြင့်နှင့် စောဘရီ ဦးဆောင်သော အသေခံတပ်ဖွဲ့တစ်ခုသည်
သွားရောက် ကယ်ဆယ်ဖူးပါသည်။ သို့သော် သူတို့၏ ကယ်ဆယ်မှုမှာ ချုပ်နှောင်ထားမှု
မှာ လွတ်ပြီး အပြန်လမ်းတွင် ကရင်လက်နက်ကိုင်တို့၏ ၀ိုင်းဝန်းဖမ်းဆီးမှုကို ခံရကာ
သွားရောက်ကယ်ဆယ်သူ အသေခံတပ်ဖွဲ့ဝင် ငါးဦးနှင့် လွတ်မြောက်ရန် ရုန်းကန်သူ
ဗိုလ်မှူးဒေါ်ဆင် တို့ သေဆုံးခဲ့ပါသည်။ ဗိုလ်မှူးဒေါ်ဆင် အကြောင်းကို စာရေးဆရာ
ဗိုလ်မှူးကြီး မြတ်ထန်တင်မောင် ရေးသော တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်
စာအုပ်တွင် လေ့လာနိုင်ပါသည်။ ယင်းမအောင်မြင်သော ကယ်ဆယ်မှုတွင် ကျဆုံးခဲ့
သော စိုးမြင့်နှင့် စောဘရီတို့သည် နောင်အခါတွင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်
ဖြစ်သော
အောင်ဆန်းသူရိယ ဆုကို ရရှိကြပါသည်။ ယင်းမတိုင်ခင်က သီဟသူရ ဘွဲ့
တံဆိပ်သာလျှင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်ကြောင်း သိရပါသည်။
…… ကိုအောင်(ပျူနိုင်ငံ)….. )

(၂)
အသေခံတပ်ဖွဲ့


ဖြစ်ချင်တာဖြစ်ပေစေ၊ ကိုမောင်မောင်တို့ အသတ်မခံရမီ သွားရောက် တိုက်ထုတ်
ယူလိုပါသည်ဟု စာရေးသူက တောင်းဆို၏။ ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့
ကလည်း သဘောတူကြ၏။ သို့သော် သက်ဆိုင်ရာ စစ်ဦးစီး၏ အမိန့်ကို ရရှိရန်
လိုသေးသည်။

စာရေးသူ စစ်ဦးစီးနှင့် သွားရောက်တွေ့ဆုံသောအခါ စစ်ဦးစီး၏ မျက်နှာသည် အတော်
စိတ်မချမ်းမြေ့ပုံ ရနေ၏။ နက်နက်နဲနဲ တွေးတောစဉ်းစားနေ၏။ ထို့နောက် အစားပျက်

အအိပ်ပျက် အဖျားနေ့စဉ်တက်နေသော စာရေးသူ၏ ဖြူရော်ရော် မျက်နှာကို လှမ်း
ကြည့်သည်။
“မင်း …. နေကောင်းရဲ့လား …… ”
“ဟုတ်ကဲ့ … ”

ဟုတ်ကဲ့ဟု ဆိုရသော်လည်း မိမိကိုယ်၏ အခြေအနေကို မိမိက ပိုသိထားသောကြောင့်
မလုံမလဲ ဖြစ်နေ၏။ ကျန်းမာမှု မပြည့်စုံသည့်အတွက် မသွားရဟု ဆိုလိမ့်မည်ကို
ကြောက်နေ၏။ စာရေးသူ သွားရမည့်နေရာတွင် ယခုအချိန်၌ ဥတုရာသီ အလွန်ဆိုးရွား
လျက်ရှိကြောင်း စာရေးသူက စုံစမ်းပြီးဖြစ်၏။ မည်သို့ ပြောလေမလဲဟု တထိတ်ထိတ်
ဖြင့် မျက်လွှာလှန်ကြည့်လိုက်သည်။

“လွန်ခဲ့တဲ့ လတွေက စောမြင့်ကောင်လေးတွေ သွားတဲ့ သတင်းကော ကြားရဲ့လား”
“ဟုတ်ကဲ့ … ဒါပေမဲ့ အပြည့်အစုံတော့ ကျနော် မကြားသေးဘူး …”
“ကောင်လေးတွေ သေကုန်ကြတယ်၊ တယောက်ဘဲ ပြန်လာနိုင်တယ် …”
“ဟုတ်ကဲ့ မအောင်မြင်ဘူးလို့ ကြားတာဘဲ၊ ဒါပေမဲ့ ကျနော်လဲဖြစ်လို့ဖြစ်ငြား စမ်း
ကြည့်ချင်သေးတယ် …”

စစ်ဦးစီးသည် ခနငြိမ်နေပြီးနောက် ရုပ်ရှင်ဆန်ဆန် စွန့်စားနိုင်ရက်ကြသော မထင်
မရှားသည့် အညတြ သူရဲကောင်း ကလေးတွေ၏ အကြောင်းကို ပြောပြသည်။
ထိုသူရဲကောင်းကလေးတွေ၏ စွန့်စားခန်းကား၊ ရုပ်ရှင်ဇာတ်လမ်းတခု၊ ၀တ္ထုကောင်း
တပုဒ် ဖြစ်နိုင်၏။ တပေါက်တည်းသာ ဖွင့်ထားလျက် ခရီးသွားလက်မှတ်ပါမှ ၀င်ခွင့်
ရှိသည့် လမ်းမကြီးအတိုင်း ….
အထပ်ထပ်ချထားသော ကင်းပုန်းများ၊ အထပ်ထပ် စစ်ဆေးနေသော ထွက်ပေါက်
ဝင်ပေါက်များ၊ အထပ်ထပ် ၀ိုင်းရံထားကြသည့် စစ်တပ်များအတွင်းသို့ ထို သူရဲ
ကောင်းကလေးတွေ ဖောက်ထွင်း ၀င်ရောက် ခဲ့ကြ၏။ ထို့နောက် လက်နက်ကိုင်
များ ၀ိုင်းရံ စောင့်ကြပ်ထားကြသော ခိုင်လုံစွာ တည်ဆောက်ထားကြသည့် အချုပ်ခန်း
အတွင်းမှ ကိုမောင်မောင်နှင့် အားလုံးသော ဗိုလ်ကြီးတို့ကို တိုက်ထုတ်ယူလာ ခဲ့ကြ၏။
သို့ရာတွင် ထိုသူရဲကောင်းကလေးများနှင့် ကိုမောင်မောင်တို့ လူစုအား ထိုအရပ်ရှိ
လက်နက်ကိုင် ကရင်အမျိုးသားတို့က များလှစွာသော စစ်တပ်တို့ဖြင့် အမဲလိုက်သလို
ဝိုင်းဝန်းလိုက်ကြ၏။ လမ်းဟူသမျှတို့ကို ပိတ်ဆို့ထားကြ၏။ လူကို မဆိုထားနှင့်
သားကောင် အမဲများကိုပင် မထွက်နိုင်အောင် ၀ိုင်းရံ လိုက်ကြ၏။

ထို့နောက် အရက်ကိုးမောင်း သောက်ထားသည့် အင်အားတောင့်တင်းသော မောင်းပြန်
လက်နက်ကိုင် စစ်သူရဲတပ်များက ပုန်းလျှိုး ပြေးလွှားနေကြသည့် ကိုမောင်မောင်တို့
လူစုအား တောချောက်သကဲ့သို့ ပစ်ခတ်ချောက်ထုတ်ကြ၏။ သူရဲကောင်းကလေးများ
နှင့် ကိုမောင်မောင်တို့သည် သားကောင်အမဲတို့ကဲ့သို့ အပစ်အခတ် ခံကြရ၏။ မလွဲ
မရှောင်သာသည့် နေရာတို့၌မူ စွမ်းအားရှိသမျှ ခုခံတိုက်ခိုက်ကြသေး၏။ ဤသို့ပြုမူမှု
သည် ထိုးရန်လိုက်သည့် ဆင်ကို ဆီးကြိုဝှေ့သည့် ဆိတ်ကဲ့သို့ မိမိတို့သာ အထိနာ
ရသောကြောင့် အစိပ်စိပ်ကွဲလျက် ပြေးကြရ၏။ မပြေးနိုင်သူတို့အဘို့လည်း သားကောင်
အမဲကဲ့သို့ သေကြေပျက်စီးကြရ၏။ နောက်ဆုံးတွင် ကိုမောင်မောင်တို့ လူစုအားလုံးသည်
အဆိုပါ လူလိုက်မုဆိုးတို့၏ လက်၌ သားကောင်အမဲကဲ့သို့ပင်၊ အဖမ်းအဆီး ခံလိုက်
ကြရသည်။

ထိုစွန့်စားမှု၌ မထင်ရှားသည့် အညတြ သူရဲကောင်း စစ်သား ၅-ယောက်နှင့် ဗိုလ်ကြီး
အချို့ ကျဆုံးကြရ၏။ ဗိုလ်ကြီးနှစ်ယောက် အပြင်းအထန် ဒဏ်ရာရ၏။ ကိုမောင်မောင်
နှင့်တကွ အသက်ရှင်လျက် ကျန်ရစ်သော သူအားလုံး ဖမ်းဆီးရိုက်နှက်ခြင်း ခံကြရ၏။
ရဲဘော်ကလေးတယောက်သာလျှင် တိုက်ပွဲတခု၌ ပျောက်ဆုံးသွားပြီးနောက် ရက်ပေါင်း
အတော်ကြာမှ တောင်ငူရှိ မူလတပ်ရင်းသို့ ဒဏ်ရာအနာတရဖြင့် ချည့်နဲ့စွာ ပြန်ရောက်
လာခဲ့၏။

ထိုရဲဘော်သူရဲကောင်းကလေးများသည် အားလုံးကရင်အမျိုးသားကလေးတွေ ချည်း
ဖြစ်ကြ၏။ ထို့ကြောင့်လည်း ဖွင့်ထားသော လမ်းမကြီးအတိုင်း အတွင်းသို့ ၀င်ရောက်
နိုင်ကြခြင်း၊ ထိုနယ်၌သုံးသည့် ငွေကို လဲလှယ်နိုင်ကြခြင်း၊ အစောင့်အထပ်ထပ် အစစ်
အဆေးအထပ်ထပ်တို့ကို ဖြတ်ကျော်နိုင်ကြခြင်း ဖြစ်၏။ ထို့အပြင် အရေးအကြီးဆုံး
ကိစ္စတရပ်ဖြစ်သော ခရီးသွားခွင့် လက်မှတ်တို့ကိုလည်းရအောင် ယူသွားနိုင်ကြခြင်း
ဖြစ်၏။ ထိုလက်မှတ်တို့ကို လွယ်လွယ်နှင့်ယူ၍မရ၊ ရွာတိုင်းတွင် ရှိသည့် ကရင်အမျိုးသား
စစ်ဗိုလ်နှင့် ရွာသူကြီးတို့ဆီသို့ ၀င်၍ အဆင့်ဆင့်လဲယူသွားမှ ရ၏။

စစ်ဦးစီးသည် ထိုအကြောင်းကို အတော်အတန့် ပြည့်စုံအောင် စာရေးသူအား ပြောပြ၏။
စာရေးသူ၏ ၀မ်းထဲကမူ သူတို့လည်း သူတို့နည်းနှင့် ကျနော်လည်း ကျနော့်နည်းနှင့်
ဟူသော အတွေးမျိုးပေါ်နေ၏။ စစ်ဦးစီးက စာရေးသူ၏ မျက်နှာထားကို ကြည့်လျက်
အကဲခပ်မိသည်။
“အဲဒီကောင်လေးတွေက မော်တော်ကား သွားနေတဲ့ အကောင်းဆုံးလမ်းက သွားတာ
တောင် ရက်,တွေ အတော်ကြာအောင် သွားရတာ၊ မင်းတို့က စကားချင်းမတူဘူး
မှုတ်လား၊ သူတို့နယ်ထဲ ၀င်သွားတာနဲ့ ချက်ခြင်းသိပီး အဆော်ခံရမှာ။ လမ်းအတိုင်း
မသွားဘဲ သူတို့မသိအောင် တောတွေ တောင်တွေကြားထဲက ဖြတ်သွားနိုင်တယ်
ထားအုံး၊ မင်းတို့ ရောက်သွားတဲ့ အချိန်ကြတော့ ဒို့ကောင်တွေ အကုန်လုံး အသတ်ခံ
ရပြီးနေပြီ။ ဒီတော့ မင်းတို့ဘာလုပ်မလဲ၊ အဆစ်လိုက်ပြီး အသေခံလိုက်ကြယုံဘဲပေါ့။
ပီးတော့ မင်းတို့က ဟိုအထဲရောက်မှ ဒို့ကောင်တွေ ဘယ်မှာ ရှိလဲဆိုတာကို စုံစမ်း
ကြရမှာ၊ ဒီတော့ ဘယ်လို စုံစမ်းမလဲ …. ကဲ့ပြောပါအုံး …. ”

စာရေးသူ ငြိမ်နေ၏။ သို့သော် ၀မ်းထဲက တွေးနေသည်။ ဤလိုကိစ္စမျိုးသည် တဖက်
နှင့် တဖက် ဥာဏ်စွမ်းနှင့် လူ,စ,ချင်းပြိုင်ကြရသော ကိစ္စမျိုး ဖြစ်၏။ မိမိနှင့် ပါလာသော
လက်နက်ကိုင်ရဲဘော်များကို မိမိနှင့်တထပ်တည်း တသားတည်း ကျအောင် အုပ်ချုပ်
သွားနိုင်လျှင် စစ်ဘုရင်ထိုးသူကဲ့သို့၊ မိမိညံ့မှ ခံရပေမည်။
“မင်း ဘာစဉ်းစားနေတာလဲ၊ လူမရှိရတဲ့အထဲ မဖြစ်နိုင်တာတွေ သွားလုပ်မနေနဲ့ ….
ကဲ …. သွား ….”

စာရေးသူက ခပ်အင်အင်နှင် ထပြန်လာခဲ့သည်။ လူကြီးဟူသည် လူကြီးပြီသစွာ ရှေ့ရှေ့
နောက်နောက် ချင့်ချင့်ချိန်ချိန် ရှိတတ်ကြ၏။ ထိုချင့်ချိန်မှုတို့သည်လည်း အမြဲတမ်း
မှန်ကန်တတ်ကြ၏။ သို့သော် တခါတရံ “လူမိုက် ကံကောင်း” တို့အတွက် မတော်တဆ
မှားယွင်းတတ်ပါသည်ဟု တွေးလာ၏။

ကိုအောင်ကြီးနှင့် ဗိုလ်တင်ဖေတို့က “ဘဲ့နဲ့လဲ”ဟု အရေးတကြီး ဆီးကြိုမေး၏။
“မစွံဘူး …”
ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့က အားမလိုအားမရ ဖြစ်နေကြသည်။ အကျိုး
အကြောင်း ရှင်းရှင်းလင်းလင်း သိချင်နေကြသည်။
“မစွံတာတော့ ခင်ဗျားမြင်ကထဲက သိတာပေါ့ဗျ …. ခင်ဗျားအဘကြီးက ဘယ့်နဲ့ပြော
လိုက်လဲဆိုတာ သိချင်လို့ မေးနေတာ ….”

ကိုအောင်ကြီးက စိတ်တိုစွာဖြင့်အော်လိုက်ရာ၊ ဗိုလ်မှူးတင်ဖေက အားနာဟန်ပေါက်
သွား၏။ အရေးထဲတွင် စားရေသူက ပြုံးမိလိုက်သည်။
“ကျနော်တို့သွားလို့ အချိန်မှီမှာ မဟုတ်တော့ဘူးတဲ့ဗျ၊ ဟိုမှာရှိတဲ့ ကိုမောင်မောင်တို့
အသတ်ခံရပြီးလောက်မှ ကျနော်တို့ ဟိုရောက်ကြမှာတဲ့၊ ပီးတော့လဲ ကျနော်တို့က
နေရာ အတိအကျ သိတာမဟုတ်တော့၊ ဟိုအထဲရောက်မှ ကိုမောင်မောင်တို့ကို
ဘယ်မှာထားလဲလို့ စုံစမ်းကြရမှာ အဲဒီတော့ မဖြစ်နိုင်ဘူးတဲ့၊ နောက်ထပ်အဆစ်လိုက်ပီး
အသေခံကြရသလို ဖြစ်နေလိမ့်တဲ့ ….”

ကိုအောင်ကြီးနှင့် ဗိုလ်မှူးတင်ဖေတို့ နှစ်ယောက်သားလုံး ငိုင်သွားကြ၏။ စာရေးသူ
ကလည်း စိတ်ပျက်လက်ပျက် ဖြစ်နေ၏။ သို့သော် ကိုအောင်ကြီး လုပ်ပေးရဲလျှင်
ဖြစ်နိုင်လိမ့်မည်ဟု စာရေးသူက ထင်၏။
“ကျနော်တော့ စမ်းကြည့်ချင်တာဘဲ၊ ကိုအောင်ကြီးနဲ့ ဗိုလ်မှူးတင်ဖေတို့ တာဝန်ယူ
ပေးယင် ဘာလို့ မသွားနိုင်ရမှာလဲ ကျနော်တို့ တောထဲရောက်ပြီးတဲ့ အချိန်ကျတော့
လက်နက်တွေ ဖောက်ယူသွားတယ်၊ တောခိုသွားတယ်လို့ ကျေညာ လိုက်ပေါ့ဗျာ …”

“ခင်ဗျားကို ခင်ဗျား လူစွမ်းကောင်းကြီး လုပ်မနေပါနဲ့၊ ခင်ဗျားတောင် သွားရဲသေးယင်
ကျုပ်တို့က ဘာလုပ်မပေးရဲစရာရှိသလဲ ဒီလိုဘဲ လုပ်ပေးခဲ့လို့ လက်နက်ကိုင်တပ်တွေ
တခုပီးတခု ဖြစ်လာခဲ့တယ်မှုတ်လား၊ တပ်ခွဲပေါင်း ၁၂ ခုရှိတဲ့ ၂၂ ယူအမ်ပီ၊ လဲဗီး၊
စစ်ဝန်ထမ်း ဒီတပ်တွေအားလုံး လက်နက်တွေတပ်၊ အတိုက်ခိုင်း နောက်မှ တရားဝင်
ဖြစ်အောင် တဖြေးဖြေးလုပ်၊ ဒီလို လုပ်ပေးလာတာ ခင်ဗျားလဲသိသားဘဲ
ခင်ဗျားဘကြီး မှဘဲ … ”


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

7 comments:

ဆောင်းယွန်းလ said...

အပိုင်း၅ကိုမျှော်နေမယ်ကိုအောင်ရေ..
မျှဝေပေးတဲ့အတွက်ကျေးဇူးပါ...

လူသစ် said...

ကိုဆောင်းယွန်းလ ပြောသလိုပဲ :P

လင်းထက် said...

ဝတ္တုလေး ရဲ့ အပိုင်းတိုင်း အပိုင်းတိုင်း ဟာ နောက်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတဲ့ စိတ်ဝင်စားမှု ကို နှိုးဆွ စေပါတယ် စောင့်ဖတ်နေတယ် ကိုအောင်ရေ..။

Nyein Chan Aung said...

သုံးလေးရက်လောက် မရောက်ဖြစ်ဘူးဗျာကိုအောင်။ တိုက်ယူရတဲ့ မျက်ရည်တပေါက် အသစ် ၂-ခု ဖတ်သွားတယ်။ အပိုင်း ၆ ကိုမျှော်နေမယ်။

ခင်မင်စွာဖြင့်

tint said...

ယင်းမအောင်မြင်သော ကယ်ဆယ်မှုတွင် ကျဆုံးခဲ့
သော စိုးမြင့်နှင့် စောဘရီတို့သည် နောင်အခါတွင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်
ဖြစ်သော အောင်ဆန်းသူရိယ ဆုကို ရရှိကြပါသည်။ ယင်းမတိုင်ခင်က သီဟသူရ ဘွဲ့
တံဆိပ်သာလျှင် မြန်မာနိုင်ငံ၏ အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်ကြောင်း သိရပါသည်။
ကိုအောင်ရေ
အဲဒါလေးတော့ မှားနေတယ်ဗျ
စထဲက အောင်ဆန်းသူရိယက ရှိပြီးသား ။
ဈေးဦးပေါက်ရတာက ဗိုလ်မှူးအေးချို (ဖိုးသာအောင်ကုန်းတံတားမှာကျ) ၊ ၁၉၄၈-၄၉မှာ ၊ နောက်ဗိုလ်တိုက်ချွန်း (သူက အင်းစိန်ဦးစက္ကိံကုန်းတိုက်ပွဲ ၊ထန်းတပင်တိုက်ပွဲတွေအတွက် ၁၉၄၉ဘဲ.။ ပြီးတော့ လှသောင်း ရှမ်းစုတိုက်ပွဲ ၁၉၄၉ ။ ပြီးမှ စောမြင့်နဲ့ စောဘရီကျတာ ၁၉၅၁လို့ မှတ်မိတယ် ။ နောက်ဆုံးတယောက်က ဆွတ်ဗဟာဒူးရိုင်း သူကတရုတ်ဖြူနဲ့ တိုက်တာ နောက်တော်တော်ကျသွားဘီ (ခုနှစ်အတိအကျမမှတ်မိ )စုစုပေါင်း ၆ယောက် ။ အရင်တော့ တပ်မတော်နေ့ ပြခန်းတွေဘာညာပြန်ပြတယ် ။ ခုတော့ ခုတော့
အင်း ပြောရရင် ခုခေတ်တပ်မတော်နဲ့  ၁၉၅၀၀န်းကျင်တပ်မတော်ကွာတာတွေ တွေ့ လာရတယ် ။ ချီလေသော်လည်းမှာ ဆရာ(ရန်ကုန်ဘဆွေ) ကို ကြိုးမဲ့ ကြေးနန်းကိုင်တဲ့  ရဲဘော်က တနေ့  လဘက်ရည် ၃ခါမသောက်ရလို့ သေနတ်နဲ့ ပစ်သတ်မယ်လုပ်သတဲ့  ။ ခုခေတ်ရဲဘော်လေးတွေ သိစေချင်တယ်။ ဒီမိုကရေစီခေတ်(ဒါတောင်ပြည်တွင်းစစ်ဖြစ်နေတဲ့ အချိန်ကြီး )စစ်သားတွေ နဲ့  ခု စစ်သားတွေ အခွင့်အရေးကွာပုံများ။
အောင်ဆန်းသူရိယတောင်ကြည့်လေ .။အရာရှိက ၂ယောက် ကျန်တာက ရဲဘော်တွေ ။ ဒါတောင်အစဉ်အဆက်ပြောကြတာရှိတယ် ။ ဗိုလ်မှူးအေးချိုက အရာရှိထဲ ဈေးဦးပေါက်ကျလို့ တဲ့  ဗိုလ်တိုက်ချွန်းကလဲ ဆိုင်ကယ်မှောက်ပြီး သေပြီထင်လို့  ပေးတာတဲ့  ။ ဟို ၄ယောက်ကမှ တကယ်ထိုက်တန်လို့ လို့  အစဉ်အဆက်ပြောကြတယ် ။

ပျူနိုင်ငံ said...

မဟုတ်ဘူး အကို သစ်နက်ဆူး အောင်ဆန်းသူရိယ ဆု
တံဆိပ်ကို အိမ်စောင့်အစိုးရလက်ထက်မှာ ပေးခဲ့တာ။
သူ့အရင်က တပ်မှာ သီဟသူရက အမြင့်ဆုံး။ ပအို့ဝ်
ခေါင်းဆောင် သထုံလှဖေ ခေါ် ဘုရားဖြူကို တိုက်ခဲ့တဲ့
သူတောင် တပ်ကအမြင့်ဆုံးဆိုပြီး သီဟသူရ ဘွဲ့တံဆိပ်
သမိုင်းမှာ ပထမဆုံး သီဟသူရ အဖြစ် စပြီး ပေးတယ်။
ဗိုလ်မှူးအေးချိုကို အိမ်စောင့်လက်ထက်ရောက်မှ ပြန်ပြင်
ပြီး အောင်ဆန်းသူရိယ ပေးခဲ့တာ အကို။

lamight said...

အကို ကျွန်တော်က အောင်ဆန်းသူရိယဘွဲ့ရတဲ့သူတွေကို စိတ်ဝင်စားလို့ပါ။ဘယ်နှစ်ယောက်လောက်၇ဖူးလဲ။ဘယ်သူတွေလဲနဲ့ အခုသက်ရှိထင်ရှား ဘယ်နှစ်ယောက်လောက်ရှိသေးလဲလို့ သိရင်ပြောပြပေးပါလား။ကျေးဇူးလဲတင်ပါတယ်