skip to main |
skip to left sidebar
skip to right sidebar
ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း
(မှတ်ချက်။ ။ ယခင်က အပိုင်း(၁)မှ အပိုင်း(၄) အထိ ဤနေရာ၊ အပိုင်း(၉)မှ အပိုင်း
(၁၃) အထိကို ဤနေရာ၊ အပိုင်း(၄၁)ကို ဤနေရာ များတွင် ဖော်ပြထား ပါသည်။
ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ယင်းစာအုပ်မှာ ယခုအခါ ရှားပါးစာပေ
စာရင်းဝင် စာအုပ် တစ်အုပ် ဖြစ်နေသောကြောင့် အပိုင်းအချို့ကို လေ့လာနိုင်ရန်
တင်ပြခြင်း ဖြစ်ပါသည်။)
(၄၃)
စာပေ၊ စာပေသဘောတရား၊ စာပေဝေဖန်ရေး ဟူသော လုပ်ငန်းသုံးရပ်တွင်
စာပေက အလျင် ပေါ်ရသည်။
ပလေတိုတို့၊ အရစ္စတိုတယ်လ်တို့၏ စာပေသဘောတရားတွေ၊ စာပေဝေဖန်ရေး
တွေ မပေါ်မီကတည်းက ဟိုးမာတို့၊ ဟီးဆီယက်စ်တို့၊ ပင်ဒါတို့၊ ဆိုဖက်ကလီးဇ်
တို့၏ စာပေတွေက ရှိနှင့်ခဲ့သည်။
စာပေ ဟူသော ရှုစရာ၊ ရှုကွက်၊ ရှုအပ်သော အရာ ရှိနှင့်ပါမှ စာပေသဘောတရား
တို့၊ စာပေဝေဖန်ရေးတို့ ဆိုသည့် ရှုတတ်သော အရာက နောက်မှ လိုက်လာသည်။
ဗားဂျီးလ်ကြောင့် ရောမစာပေ ဟူသည် ပီပီပြင်ပြင်၊ ထင်ထင်ရှားရှား၊ ခိုင်ခိုင်မာမာ၊
စည်စည်ပင်ပင်၊ ဝေေ၀ဆာဆာ ဖြစ်လာခဲ့သည်။
အနန္တသူရိယကို ကျွန်တော်တို့ မြန်မာတွေ ကြည်ညို၊ ရိုသေ၊ ချစ်ခင်မြတ်နိုးကြသကဲ့
သို့ ဗားဂျီးလ်ကို ရောမတွေရော၊ ခေတ်အီတာလျံများပါ ကြည်ညို၊ ရိုသေ၊ ချစ်ခင်
မြတ်နိုးကြသည်။
အလွန် ထူးဆန်းသည့် အဖြစ်တစ်ခုကလည်း ရှိနေသည်။
ဗားဂျီးလ်သည် ခရစ်တော် မဖွားမီ နှစ်- ၇၀ တွင် မွေးပြီး ခရစ်တော် မဖွားမီ နှစ်-
၁၉ တွင် ကွယ်လွန်သည်။ သို့ရာတွင် သူ၏ အက်ကလောစ် ကဗျာကြီး စတုတ္ထပိုင်း
တွင် အပိုဒ် တစ်ပိုဒ်က ခရစ်တော် မွေးဖွားမည်ကို ကြိုတင် နိမိတ်ဖတ် သိထားသကဲ့သို့ ဖြစ်နေ၏။ ဤအပိုဒ်ကို ဗားဂျီးလ် ရေးမှန်းသာ မသိလျှင် နှောင်းခေတ်
ခရစ်ယာန် သူတော်စင် ကဗျာဆရာတစ်ဦး ရေးသည်ဟုသာ ဆိုမိကြမည်။
ရေးထားပုံက လှပသည်။ ခမ်းနားသည်။ ကျက်သရေ မင်္ဂလာ ရှိသည်။ မျှော်လင့်
ဖွယ် အားတက်ဖွယ် ပြည့်ဝသည်။ ဖတ်မိသူကို သဒ္ဓါရွှင်လန်း စိတ်ချမ်းမြေ့စေသည်။
အကြောင်းအရာက ဤကမ္ဘာမြေသို့ ငြိမ်းချမ်းခြင်း စိုးမိုးသည့် ခေတ်ထူးခေတ်မြတ်
ကို သယ်ဆောင် ချီးမြှင့်ပေးမည့် ကလေးငယ် တစ်ဦး ဖွားသန့်စင်သည့် အကြောင်း
တည်း။
ထိုအကြောင်းကြောင့် နှောင်းခေတ် ခရစ်ယာန် ဘာသာဝင် များကလည်း ဗားဂျီးလ်
ကို ရိုသေလေးစားကြသည်။ ရောမအင်ပါယာ ခေတ်ကုန်ပြီးနောက် လိုက်လာသော
အလယ်ခေတ်များ တလျှောက်လုံး၌ ပညာရှင်တို့သည် ခရစ်ယာန် သမ္မာကျမ်းစာ
နှင့် ခရစ်ယာန် သူတော်စင် ဖခင်ကြီးများ၏ အဆုံးအမများကို သိကြသကဲ့သို့ပင်
ဗားဂျီးလ်၏ စာတွေကိုလည်း သိကြသည်ဆို၏။ ဗားဂျီးလ်၏ အနုပညာ သြဇာသည်
လည်း ရှိတ်စပီးယားကိုပင် လွှမ်းမိုးလေသည်။ ဗားဂျီးလ်သည် ကဗျာတွေကိုသာ
စပ်ခဲ့သည်။ စာပေသဘောတရားတွေ၊ စာပေဝေဖန်ရေးတွေ မလုပ်ခဲ့။
ရောမစကား လက်တင်ဘာသာဖြင့် စာပေသဘောတရား၊ စာပေဝေဖန်ရေးကို စပြု
သူကား ဗားဂျီးလ်၏ ခေတ်ပြိုင်လည်းဖြစ်၊ မိတ်ဆွေလည်းဖြစ်သူ ဟောရစ်(စ်) ဖြစ်
လေသည်။ ဟောရစ်(စ်)ကို ယနေ့အထိ တကမ္ဘာလုံးက ဟောရစ်(စ်)ဟု ခေါ်နေ
ကြသော်လည်း သူ့နာမည်ရင်းကား “က၀င်းတက်စ် ဟရေးရှက်စ် ဖလက်ကက်စ်”
(Quintus Horatius Flaccus) ဖြစ်သည်။
ဗားဂျီးလ်တို့၊ ဟောရစ်(စ်)တို့က အင်ပိုင်ယာခေတ်မှာ လူဖြစ်ကြသည်။ ဧကရာဇ်
ဆီးဇာဘုရင် ကိုယ်တိုင်ဖြစ်စေ၊ နန်းတွင်း ၀င်ဆံ့သူ မှူးမတ်ကြီး တစ်ဦးဦးက ဖြစ်စေ
မြှောက်စားပါမှ ကဗျာဆရာတွေ အရာရောက်သောခေတ် ဖြစ်သည်။
ဟောရစ်(စ်)ကို ဗားဂျီးလ်က မက်စင်နက်စ် (Maeceenas) ဆိုသော ပုဂ္ဂိုလ်ကြီးနှင့်
မိတ်ဖွဲ့ပေးသည်။ မက်စင်နက်စ်သည် ချမ်းလည်း ချမ်းသာပြီး ပညာလည်း တတ်
သည်။ သြဂတ်စတက်စ် ဧကရာဇ်၏ တန်ခိုးသြဇာကြီးသူ မင်းတိုင်ပင် ပုဂ္ဂိုလ်ကြီး
လည်း ဖြစ်၏။ စာပေ ပညာရှင်တို့ကို ကြည်ညိုလေးစား ချီးမြှောက်နေသူလည်း
ဖြစ်၏။
မိမိဘာသာမိမိ ပါရမီရှင်ဖြစ်သော်လည်း မိတ်ဆွေဖြစ်သူ အရှင်မဟာသီလ၀ံသနှင့်
ပက်သက်ပြီးမှသာ အရှင်ဥတ္တမကျော်သည် အင်းဝ ရွှေနန်းတော်ဝယ် ထင်ရှားလာ
ခဲ့ရသကဲ့သို့ ဗားဂျီးလ်၏ ကျေးဇူးကြောင့် ဟောရစ်(စ်)သည်လည်း ရောမနန်းတော်
နှင့် ရောမလူ့ဘောင်တွင် ထင်ရှားကျော်စော နေရာရလာခဲ့၏။
ရောမ အထက်တန်းလွှာများသည် ခေါမစာပေတွေကို သိသင့်သမျှ သိပြီး လေစား
ကြသည်မှာ မှန်၏။ သို့ရာတွင် သူတို့သိကြသည်မှာ မပြည့်စုံ မလေးနက်လှ။ အချို့
ဆိုလျှင် လူအထင်ကြီးခံရရုံမျှသာ အပေါ်ယံ သိကြသည်။ သိသမျှနှင့် ဘ၀င်မြင့်
သူတို့က မသိသူများကို အထင်သေး အမြင်သေးနှင့် အပေါ်စီးက ဆက်ဆံချင်ကြ
သေးသည်။ ထို့အပြင် မင်းက စာပေမြှောက်စားသောအခါ စာပေလူလည် လုပ်စား
သူများ (Literary pretenders) လည်း ရှိလာ၏။ စာပေလူလည် လုပ်စားသူများ
သည် ဟောရစ်(စ်)တို့ခေတ်မှာမူ မဟုတ်။ ခေတ်တိုင်းတွင် ရှိတတ်ပေရာ သူတို့
စာရင်းကို ဖော်ပြချင် ပါသည်။
(၁)ပိုးအစ်တက်စတာ (Poetaster)
ဤအမျိုးအစားက ကဗျာဆရာ အညံ့စားများကို ခေါ်သည်။ ကာရန်လေးတွေ
သုံးတတ်၊ စာလုံးလေးတွေ စီတတ်၊ စပ်ထုံးစပ်နည်း လေးတွေ တတ်ရုံနှင့် ကဗျာ
ဆရာ လုပ်နေသူများ ဖြစ်ကြသည်။ သူတို့ကို ရိုင်းမက်စတာ (rhymester) ဟု
လည်းကောင်း၊ ဗားဆီဖိုင်းယာ (versifier) ဟု လည်းကောင်း ခေါ်သေးသည်။
ရိုင်းမက်စတာ ဆိုသည်မှာ ကာရန်စပ်တတ်သူ ဖြစ်သည်။ ဗားဆီဖိုင်းယာ ဆိုသည်က
ကဗျာနှင့်တူသော ပုံဏ္ဌာန်သက်သက်ကိုသာ ဖွဲ့တတ် ဆောက်တတ်သူ ဖြစ်သည်။
အတွေး၏အလှ၊ စာလုံး၏ အလှ၊ ထိုအလှနှစ်ပါး၏ အပြန်အလှန် ကျေးဇူးပြုမှု၊
အတွေးကောင်းခြင်း၊ အရေးကောင်းခြင်း၊ ထိုကောင်းခြင်းနှစ်ပါး၏ ခွဲမရအောင်
စည်းရုံးနေမှု၊ စကားပြေနှင့် လည်းကောင်း။ အခြားနည်းနှင့် လည်းကောင်း
ပြောမရအောင် အမှန်တရားတို့ကို ကဗျာနှင့် ပြောပြနိုင်မှု စသည် စသည့် ပိုးအက်တ်
(Poet)ဟု ခေါ်သည့် ကဗျာဆရာစစ်စစ်တို့၏ အရည်အချင်းတွေသည် ရိုင်းမက်
စတာတွေ၊ ဗားဆီဖိုင်းယာတွေမှာ မရှိ။ မရှိမသာ မရှိသည်၊ သူတို့က တခါတရံ
ခေတ်စကားနှင့် ပြောရလျှင် “ကျယ်” တတ်ချင်သေးသည်။ “လမ်း”ကို “ပန်းတိုင်”
ထင်ပြီး အကျေနပ်ကြီး ကျေနပ်၍လည်း နေတတ်သေးသည်။ ပိုးအက်တက်စတာ
ကို ကဗျာဆယောင် ဟု ဘာသာပြန်သော် သင့်မည်ထင်၏။
(၂)ခရစ်တစ်ကက်စတာ (Criticaster)
ဤအမျိုးအစားက မပြည့်ဝသော၊ မကျွမ်းကျင်သော စာပေ ဝေဖန်ရေးဆရာ
အညံ့စားများကို ခေါ်သည်။ စဉ်းစားချင့်ချိန်မှု အားနည်းပြီး တစ်ဖက်စောင်းနင်း
ပြောတတ်သည်။ တခါတရံ ကိုယ်ပြောချင်၍သာ ပြောလိုက်သည်။ ကိုယ်ဘာပြော
၍ ဘာပြောနေသည်ကို ကိုယ်မသိ။ သူက ဘာပြောနေသည်ကိုလည်း တကယ်
အဟုတ် သိချင်မှ သိသည်။ ဝေဖန်ရေး ဆိုသော “ပညာ” သဘောကို အပြစ်ရှာ
ခြင်းဆိုသည့် “ဒေါ” နှင့် ရောတတ်သည်။ ဆင်တစ်ကောင်လုံးထက် နှာမောင်း
တစ်ခု စမ်း၊ နားရွက်တစ်ဖက် ကိုင်၊ အမြှီးတစ်ချောင်း ဆွဲကြည့်ပြီး လိုရာ ကောက်
ချက် ဆွဲတတ်သည်။ ကဲ့ရဲ့ရမည်ကို ချီးမွမ်းပြီး ချီးမွမ်းရမည်ကို ကဲ့ရဲ့တတ်သည်။
ခရစ်တစ် (Critic) ဟုခေါ်သော ဝေဖန်ရေးဆရာ စစ်စစ်တို့၌ရှိသော သီလ၊ သမာဓိ၊
ပညာ တရားတို့ ခရစ်တစ်ကက်စတာများ၌ မရှိ၊ ခရစ်တစ်ကက်စတာကို လည်း
ဝေဖန်ရေး ဆယောင် ဟု ဘာသာပြန်သော် သင့်မည်ထင်၏။
(၃)လိုင်းဘလား (Libeller)
ဤအမျိုးအစားကား ကြောက်စရာ အကောင်းဆုံး ဖြစ်လေသည်။ သူတို့ကား
သရေဖျက်သမားများ ဖြစ်ကြ၏။ ဟုတ်ဟုတ် မဟုတ်ဟုတ် သူတပါး၏ စာပေတွေကို
ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟ၊ အဂတိတရား တစ်ပါးပါးနှင့်ဖြစ်စေ၊ လေးပါးလုံးနှင့်
ဖြစ်စေ မလောက်သေးဟု ထင်လျှင် ဣဿာနှင့် မစ္ဆရိယ နှစ်ပါးနှင့် လက်နက်ထပ်
ဖြည့်၍ လုပ်ကြံ ဖျက်ဆီးတတ်သည်။ သူတပါး၏ စာပေတွေ ဂုဏ်ရည်ညှိုးနွမ်းမှ၊
သူတပါး စိတ်ဆင်းရဲမှ စားဝင်အိပ်ပျော်ပြီး ဘ၀အဓိပ္ပါယ်နှင့် အရသာကို မြိန်မြိန်
ရှက်ရှက် တွေ့ရှိ ခံစားရရှာသူများ ဖြစ်ကြသည်။
(၄)အက်စ်သီးတ် (Aesthete)
ဤအမျိုးအစားကား အနုပညာ အာရုံခံစွမ်းနိုင်မှု တန်ဖိုးကို လိုသည်ထက်
မြှင့်မြှောက် ချဲ့ကားလေ့ရှိသူများ ဖြစ်ကြသည်။ အနုပညာသည် အနုပညာအတွက်၊
အနုပညာမှတပါး အခြားကောင်းရာ၊ မြင့်မြတ်ရာ မရှိဟု ဆိုကာ အနုပညာ ကိုးကွယ်
မှု ဘာသာရေးဂိုဏ်းထောင်သူများ ဖြစ်ကြသည်။ အနုပညာကို စိတ်ကူးယဉ်မှုနှင့်
ရောထွေးကာ “မြေမှလွတ်သော … သာ၍လွတ်သော”၊ စိတ္တဇဘုံ၌“လွတ်” နေကြသူ၊
“ပေါက်” နေကြသူများ ဖြစ်ကြသည်။ အနုပညာ လူလွန်သားများဟု ဘာသာပြန်
သော် သင့်၏ထင်သည်။
စာပေကို လူလည်လုပ်စားသူများ၏ အန္တရာယ်မှ မည်သို့ ကာကွယ်မည်နည်း။
စာပေအကြောင်း ဟုတ်တိပတ်တိ၊ ရေရေလည်လည်၊ ပြည့်ပြည့်စုံစုံ၊ နှိုက်နှိုက်နှဲနှဲ
ပြောပြခြင်းဖြင့်သာ ကာကွယ်နိုင်သည်။
ရောမ သြဂက်စတန်ခေတ်၌ ဤတာဝန်ကို ဟောရစ်(စ်)က ထမ်းခဲ့သည်။
ထိုအချိန်၌ ဟောရစ်(စ်)သည် ထင်ရှားကျော်ကြား အောင်မြင်သော ကဗျာဆရာကြီး
ဖြစ်နေပေပြီ။ သူသည် အိုးဒ် ဟုခေါ်သော ကဗျာမျိုး လေးအုပ်၊ အက်ပိုးဒ် ဟုခေါ်သော
ကဗျာမျိုး တစ်အုပ်၊ သရော်စာ နှစ်အုပ်၊ ဆုံးမ အကြံပေးရန် ရေးသည့် မေတ္တာစာဟန်
နှင့် တူသော အိပစ်ဆယ်လ် (Epistle) ခေါ် ကဗျာမျိုး နှစ်အုပ် ရေးခဲ့ပြီးပြီ။
သူ့ဘ၀ ဇာတ်သိမ်းချိန် အပိုင်းတွင်း၌ ကမ္ဘာအတွက်ပင် အမွေပမာ ဖြစ်သော ကဗျာ
ရှည်ကြီး တစ်ပုဒ်ကို ရေးသည်။ မူလက ထိုကဗျာအရှည်ကြီး၏ အမည်မှာ အီပစ်(စ်)
တလာ အက်ဒ် ပီဆနီးစ် (Epistola ad Pisones) ဖြစ်သော်လည်း နှောင်းခေတ်များ
တွင်ကား အားစ်ပိုးအက်တီးက (Ars Poetica) ဟု ကျော်ကြားလာသည်။ ကဗျာအနု
ပညာဟု ဘာသာပြန်ရမည် ထင်သည်။ သာမန် ကဗျာ မဟုတ်။ ကဗျာစနစ်နှင့်
ရေးထားသော ကဗျာပညာကျမ်းကြီး ဖြစ်လေသည်။ အနောက်နိုင်ငံ စာပေသမိုင်း
တွင် အရစ္စတိုတယ်လ်၏ ပိုးအက်တစ်(စ်) ကျမ်းနှင့် ယှဉ်ယှဉ်ပြောရသော ဂုဏ်မြင့်
သည့် ကျမ်းကြီး ဖြစ်လေသည်။
အားစ်ပိုးအက်တီးကဖြင့် ဟောရစ်(စ်)သည် စာပေလူလည် လုပ်စားသူများ၏
အန္တရာယ်ကို ကာကွယ်သည်။ ရောမ မျိုးဆက်သစ် ကဗျာဆရာများကို အခြေခံပညာ
ကောင်းကောင်း ပေးသည်။ အပေါ်ယံ လျှပ်သိရုံနှင့် ဘ၀မြင့်နေကြသော ရောမ
ပညာတတ် အထက်တန်းလွှာများကိုလည်း ဆုံးမဟန် ရှိ၏။
အထက်တစ်နေရာက ဆိုခဲ့သည်အတိုင်း ရောမလူမျိုးတို့၌ ခေါမလူမျိုးတို့၏
ပါရမီမျိုး မရှိ။ ဟောရစ်(စ်)၌လည်း ပလေတိုတို့၊ အရစ္စတိုတယ်လ်တို့၌ ရှိသော
ပါရမီမျိုး မရှိ။ ပလေတိုတို့၊ အရစ္စတိုတယ်လ်တို့၏ ပါရမီမျိုး ဆိုသည်မှာ
ကိုယ်ပိုင် စူးစမ်း တွေးခေါ်မြော်မြင့်နိုင်စွမ်း ပါရမီ ဖြစ်လေသည်။ အက်သစ်(စ်)
ပညာအကြောင်း၊ မက်တာဖီးဆစ်ဇ်ပညာ အကြောင်းတို့ကို အထက်ဆောင်း
ပါးများတွင် ကျွန်တော် ရှင်းပြခဲ့ပြီးပြီ။ အဲသည့် ပညာပိုင်းဆိုင်ရာ ပါရမီမျိုးကား
ဟောရစ်(စ်)တွင် မရှိ။
သို့ရာတွင် သူ တတ်နိုင်သည်ကို အတတ်နိုင်ဆုံး ဟောရစ်(စ်) လုပ်ခဲ့သည်။
ဆိုခဲ့ပြီးသည့်အတိုင်း အရစ္စတိုတယ်လ်၏ ကျမ်းများက ပျောက်ကွယ်နေသည်။
သို့ရာတွင် ဟိုးမာတို့၏ ကဗျာများ၊ ဆိုဖက်ကလီးဇ် တို့၏ ပြဇာတ်များကား
ဆိတ်သုဉ်း ပျောက်ကွယ်သွားသည်ဟု မဆိုနိုင်။ ဗားဂျီးလ်တို့၊ ဟောရစ်(စ်)
တို့က ခေါမကဗျာတွေ၊ စာတွေကို သိသည်။ သူများထက် ပိုသိသည်။
စာပေ သဘောတရားအပိုင်းတွင် အရစ္စတိုတယ်လ်၏ တပည့် ပယ်ရီပတတ်တစ်(စ်)
တို့၏ ဟောပြောသင်ကြားချက်တို့က ဟိုတစွန်း သည်တစ ကျန်နေသေးသည်။
ဟောရစ်(စ်)သည် ပယ်ရီပတတ်တစ်(စ်)တို့အနက် ထင်ရှားသော နီးအိုတိုလဲမက်စ်
၏ ကျမ်းများကို ဖတ်ဖူးသည်။ အားစ်ပိုးအက်တီးကသည် နီးအိုတိုလဲမက်စ်၏
“ကဗျာဟူသည်” ကို အဓိပ္ပါယ်ရသော ပက်ရီပိုးအင်မေးရှင်း (Peri Poemation)
ကျမ်းပါ အရေးကြီးသော နည်းနိသျှဆိုင်ရာ အဆိုအမိန့်အချို့ကို အနှစ်အသားပြု
ချုံ့ဆိုထားခြင်း ဖြစ်သည်ဟု ဝေဖန်ချက် ရှိသည်။
အားစ်ပိုးအက်တီးကတွင် စာပေသဘောတရားတွေကို အရစ္စတိုတယ်လ်ကဲ့သို့
ဟောရစ်(စ်)က မက်တာဖစ်ဆစ်ဇ် ပညာတွေ ဘာတွေနှင့် မပြော။ ဟောရစ်(စ်)
က နှိုက်နှဲသော ပုစ္ဆာထုတ်ခြင်း၌သော် လည်းကောင်း၊ နှိုက်ချွတ်ကုတ်ကတ်
စစ်ပေါက်တွေးခေါ် မြော်မြင်ရန်သော် လည်းကောင်း ၀ါသနာ မပါ။
သူတို့ကိစ္စကား လက်တွေ့ကိစ္စ ဖြစ်နေသည်။ ကဗျာကောင်း ဆိုသည် အဘယ်
နည်း၊ ကဗျာကောင်းတွေကို ဘယ်ပုံ နားလည်ရမည်နည်း။ ကဗျာကောင်း စပ်
ချင်သူတွေ ဘာလုပ်ရမည်နည်း။ ဤသည်တို့ကား သူ အာရုံပြုသည့် ကိစ္စများ
ဖြစ်ကြသည်။
သူ့လေ့လာမှု၊ သူ့အတွေ့အကြုံအရ သူယုံကြည်ထားသည်တို့ ရှိသည်။
သူ ယုံထားသည်တို့ကို ဒဿနနည်းကျ ရှင်းပြမနေတော့ဘဲ အရှိတရား
အမှန်တရားအဖြစ် အခြေပြုလျက် အားကိုးအားထားအဖြစ် သုံးနိုင်သော
ပုံသေနည်းများကို ထုတ်ပြသည်။ သူ ယုံထားသည်ကား ခေါမ ဂန္တ၀င် စာကြီး
ပေကြီးများ၏ ကောင်းမွန်ပြည့်စုံခြင်း ဟူသော အချက် ဖြစ်သည်။ ဤယုံကြည်ချက်
သည် သူ့စာပေ သဘောတရား၏ အနှစ်အသား ဖြစ်သည်။ သူ့စာပေ ဝေဖန်ရေး
အတွက် စံဖြစ်သည်။
ဤနေရာ၌ ပလေတိုကြီးတို့ အရစ္စတိုတယ်လ်တို့၏ သဘောတရားတွေကို သူ
နှစ်ခြိုက်သကဲ့သို့ ပြုပြင်ပြီး အသုံးချသည်။ ပလေတိုကြီး ပြောခဲ့သော အာရုံသိလွန်
“သဘော” ကို စာဖတ်သူများ မှတ်မိမည် ထင်ပါ၏။ အာရုံသိလွန် “သဘော”သည်
သာ ပြီးမြောက်သော “အလှ” ဖြစ်ပါသည်။ တဖန် … အရစ္စတိုတယ်လ်ကလည်း
ပြဇာတ်ကို ပြီးမြောက်ပြည့်စုံသော ကဗျာအဖြစ် ဆိုခဲ့သည်။ ဤအဆိုနှစ်ခု ပေါင်းလိုက်
သောအခါ ဟောရစ်(စ်)၏ အခြေခံ ယုံကြည်မှု ဖြစ်လာသည်။
ဟောရစ်(စ်)၏ ယုံကြည်ချက်အရ ပြီးမြောက်သော အလှတွေသည် ခေါမ ဂန္တ၀င်
စာတွေမှာ ရှိနေသည်။ ခေါမ ဂန္တ၀င် စာတွေမှ ပုံသဏ္ဌာန်တွေသည် အမြင့်ဆုံးအဆင့်
သို့ ရောက်ရှိနေကြသော ပြီးမြောက်ပြည့်စုံခြင်းတွေ ဖြစ်သည်။ သည်တော့ …
“တုကြ”။ အမှန်တရားတွေ ဘာတွေဆိုသည်ကို တုခိုင်းသည် မဟုတ်၊ ခေါမ ဂန္တ၀င်
စာပေတွေကို တုခိုင်းသည်။ အရစ္စတိုတယ်လ် လက်ထက်က စာပေပုံသဏ္ဌာန် ဟူ၍
စံပြုသော အဓိကပုံသဏ္ဌာန် သုံးမျိုးသာ ရှိသည်။ အက်ပစ်ကဗျာ၊ ထရက်ဂျဒီ ပြဇာတ်
နှင့် ကွန်မဒီ ပြဇာတ်တို့ ဖြစ်ကြ၏။
ဟောရစ်(စ်) လက်ထက်တွင်ကား ပုံသဏ္ဌာန်တွေ ပွားများလာသည်။ ယင်းတို့ကား
အက်ပစ်ကဗျာ၊ ထရက်ဂျဒီပြဇာတ်၊ ကွန်မဒီပြဇာတ်၊ လိုင်းရစ် ကဗျာ၊ ပက်စတားရဲလ်
ကဗျာ၊ သရော်စာကဗျာ၊ အယ်လ်လက်ဂျီခေါ် လွမ်းဆွတ် ဂုဏ်ပြုကဗျာ၊ အက်ပရမ်
(Epigram)ခေါ် ဇ၀နဉာဏ်ပြ ဟာသနှော သရော်စာ ကဗျာတို့ကို ဖြစ်ကြ၏။
ယင်းသို့လျှင် တည်တံ့ခိုင်မြဲပြီးဖြစ်သော စာပေပုံသဏ္ဌာန်တို့၌ သူ့အမျိုးအစား
အလိုက် စံပြဂုဏ်တန်ဖိုး (Normative Value)တွေ ကိန်းနေသည်ဟု ဟောရစ်(စ်)
က ယုံကြည်သည်။ ထိုသို့ စံပြဂုဏ်တန်ဖိုး ကိုယ်စီရှိသော စာပေပုံသဏ္ဌာန်တိုင်း၌
ထုံးမီစံကျမှု ရှိသည်။ ထုံးမီစံကျမှုဆိုသည်မှာ အရိုးအစဉ်နှင့် ညီညွတ်ခြင်း ဖြစ်ပြီး
လက်တင်ဘာသာဖြင့် ဒစ်ကော်ရမ် (Decorum) ဟု ခေါ်သည်။
ဟောရစ်(စ်)၏ စာပေ၀ါဒကို ဂန္တ၀င်ဝါဒဟု ခေါ်သည်။ ဂန္တ၀င်ဝါဒသည် ထုံးမီစံကျမှု
ကို ကိုးကွယ်သည်။ ထုံးမီစံကျမှု ၀ါဒမှ ဖြာဆင်းလာသော ၀ါဒကား အတုယူရေး
ဖြစ်သည်။ ဤအတုယူရေး ၀ါဒမှ (မီးမစ်ဆစ်)ကား ပလေတိုတို့ အရစ္စတိုတယ်လ်
တို့ ပြောသော တုခြင်းမျိုး မဟုတ်။ ခေါမ ဂန္တ၀င် စာပေတို့ကို မီအောင်လိုက်တုရေး
ဖြစ်သည်။
ကဗျာကို နားလည်ချင်သူ၊ ကဗျာ စပ်တတ်ချင်သူတွေ အတွက် ဟောရစ်(စ်)က
တစ်နေရာတွင် ……
“ဆိုကရေးတီးဇ်၏ အပြန်အလှန် ဆွေးနွေးချက်တွေက သင့်ကို ဉာဏ်ဖွင့်ပေးလိမ့်မည်”
ဟု လည်းကောင်း၊ အခြား တစ်နေရာတွင် …..
“ဟိုးမာ၏ စာတွေကို ဖတ်၍ ကြည်နူးသာယာပါ။ ဟိုးမာ၏ စာတွေကို နေ့မှာ ဖတ်
ပြီး ညမှာ နှလုံးသွင်းဆင်ခြင်ပါ”
ဟု လည်းကောင်း ဆိုခဲ့၏။
ဤနည်းပေးလမ်းညွှန်းချက် နှစ်ခုကို ဖတ်ပြီး ကျွန်တော် မကြာခဏ ပြုံးမိ၏။
အချိန်ဟူသည် ဖုံးလွှမ်းတတ်ပါတကား၊ အချိန်ကြာလျှင် သဘောတရားတွေလည်း
ရောယှက် ပြောင်းလဲတတ်ပါတကား။ ဆိုကရေးတီးဇ်တို့၊ ပလေတိုတို့က ကဗျာကို
အထင်ကြီးကြသူတွေ မဟုတ်။ ဟိုးမာကို ချီးမွမ်းကြသူတွေ မဟုတ်။ ကဗျာဆရာသည်
အသိဉာဏ် လက်လွတ်ပြီး ဘုရားသခင်၏ တန်ခိုးတော် ၀င်ကိန်းခိုက် မိမိ မသိသော
အရာတွေ လျှောက်ပြောသည် ဆိုသော စကားမှာ သရော်ခြင်း တ၀က်(half cynically)
နှင့် ပြောခဲ့သော စကား ဖြစ်၏။
ဗားဂျီးလ်တို့၊ ဟောရစ်(စ်)တို့မှ စ’ကာ နှောင်းလူ တော်တော်များများက ယင်းစကား
ကို အကောင်းပြောသော စကားဟု ယုံကြည်သည်။ ထားပါတော့ ….။ မည်သို့ဖြစ်စေ
ဟောရစ်(စ်)၏ ကျေးဇူးကြောင့် ခေါမ ဂန္တ၀င်စာပေတွေ အကြောင်း ရောမတွေ ပိုမို
စနစ်တကျစွာ သိကြရသည်။ မှီငြမ်းပြုဖွယ် ရေးထုံရေးနည်း၊ စပ်ထုံးစပ်နည်းတွေ သိ
ကြရသည်။ ဝေဖန်ရေး၌ အသုံးပြုရန် စံတွေ၊ ပေတံတွေ ရကြသည်။ ဤနေရာတွင်
ဟောရစ်(စ်)သည် ခေတ်ပြိုင် ရောမများကိုသာမက နှောင်းခေတ် ဥရောပသားတွေ
ကိုလည်း များစွာ ကျေးဇူးပြုခဲ့သည်။ နှောင်းခေတ် ဥရောပ၌ လွှမ်းမိုး ကြီးစိုးသည်မှာ
ခေါမ ဘာသာစကားမဟုတ်၊ လက်တင်ဘာသာစကားသာ ဖြစ်လေသည်။ လက်တင်
ဘာသာဖြင့် ရေးခဲ့သော ဟောရစ်(စ်)၏ အားစ်ပိုးအက်တီးကကို ဖတ်၍ ခေါမ ဂန္တ၀င်
အပါအ၀င် ရှေးဟောင်း ဂန္တ၀င်စာပေတွေ အကြောင်းကို နှောင်း ဥရောပသားတို့
သိကြရသည်။
တခါတရံတော့လည်း နှောင်းခေတ်တစ်ခေတ်မှ နေ၍ ရှေးခေတ်တစ်ခေတ်က
စာပေစွမ်းဆောင်မှုများကို ပြန်သုံးသပ်သောအခါ သတိမထားလျှင် “ကျေးဇူးမဲ့”
စကား ဆိုမိတတ်ကြသည်။ ဟောရစ်(စ်)နေရာမှ ကြည့်ပါ။ ရောမစာပေနှင့် ယဉ်ကျေး
မှုသည် အစပျိုးရုံ ရှိသေးသည်။ ရောမအလျင် ကြီးကျယ်ခဲ့သော ခေါမ ယဉ်ကျေးမှု
ကြီးက ရှိနေသည်။ ထိုယဉ်ကျေးမှုကြီးကို ဟောရစ်(စ်) သိသည်၊ အံ့သြသည်၊ အားကျ
သည်။ ရောမယဉ်ကျေးမှုမှုကိုလည်း ခေါမယဉ်ကျေးမှုကဲ့သို့ပင် ကြီးကျယ်စေချင်သည်။
ထို့ကြောင့် အကျိုးရှိမည့် တုသင့် တုထိုက်သည်တို့ကို တုကြရန် တိုက်တွန်းသည်။
တုနိုင်ကြရန်လည်း နည်းပေးသည်။ သူ့ကျေးဇူးကြောင့် ရောမစာပေသည်လည်း သူ့
အတိုင်းအတာ၊ သူ့နည်း သူ့ဟန့်နှင့် ကြီးကျယ်ခဲ့သည်။
ကိုယ့်မှာ မရှိသေးလျှင် ရှိရာမှ ယူရသည်။ ကောင်းလျှင် …(ထပ်ဆိုပါမည်။) ကောင်းလျှင်
သူပိုင်ကို ကိုယ်ပိုင်ဖြစ်အောင် လုပ်ယူရသည်။ ဂန္တ၀င်ဝါဒနှင့် ထုံးမီစံကျမှု အကြောင်းလည်း
အနည်းငယ် ပြောပြချင်ပါသည်။ ဂန္တ၀င်စာပေတို့၊ ထုံးမီစံကျမှုတို့ကား အမြစ်တွေ ဖြစ်
သည်။ အုတ်မြစ်တွေ ဖြစ်သည်။ အမြစ်တွေပေါ်မှီ၍ အပင်ကြီးပွားရသည်။ အုတ်မြစ်ပေါ်
မှီ၍ အပေါ်ထပ်အဆောက်အအုံတွေ ရပ်တည်ရသည်။ ရောမတွေအတွက် ဟောရစ်(စ်)
သည် အမြစ်ပေး၏။ အုတ်မြစ်ချပေး၏။ ပလေတို မဟုတ်သော်လည်း …. အရစ္စတိုတယ်လ်
မဟုတ်သော်လည်း ဟောရစ်(စ်)သည်လည်း ကြီးကျယ်လေသည်။
ကျွန်တော်တို့ မြန်မာစာပေတွင်လည်း အမြစ်တွေ၊ အုတ်မြစ်တွေ ရှိသည်။
ကိုယ့်ထီး ကိုယ့်နန်းနှင့် နေစဉ်အခါက ပြဿနာမရှိလှ။ ကျွန်တော်တို့၏ ဘုန်းကြီးကျောင်း
ပညာရေးစနစ်တွင် ဂန္တ၀င်ကို နားလည်ရေး၊ ထုံးမီစံကျရေးတို့အတွက် လေ့ကျင့်
သင်ပေးမှု ရှိသည်။ ကိုလိုနီဘ၀ ရောက်သည့်အခါ …. သူ့ ပညာရေးစနစ်ကြောင့်
ကျွန်တော်တို့ အမြစ်သေရဖွယ်၊ အုတ်မြစ်ပျောက်ရဖွယ် ဘေးကြုံခဲ့ရသည်။ ကဗျာ
ဆိုသည်မှာ ဘာနည်း။ ကဗျာကို ဘယ်လိုစပ်ရမည်နည်း။ စပ်နည်းစပ်ထုံးတွေ ဘယ်
နှစ်နည်း ရှိသနည်း။ ရသကား ဘာနည်း။ ဒေါသကား ဘာနည်း။ ဂုဏ်က ဘာနည်း ….။
ရောမတွေသည်လည်း သူတို့စာပေသမိုင်း အရုဏ်ဦး၌ ဤသို့ သိချင်ပေမည်။
ကိုလိုနီခေတ်တွင် လူဖြစ်ရသော ကျွန်တော်တို့လည်း သိချင်ကြသည်။
ကျွန်တော်တို့ ကံကောင်းပါသည်။
ဒဂုန်မဂ္ဂဇင်း အယ်ဒီတာ ဦးဘိုသစ်၊ ဒဂုန်ဦးစန်းငွေတို့၏ “ကဗျာရေးနည်း နိသျှည်း”၊
ပုပ္ပား ဦးကျော်ရင်၏ “က၀ိဘာရတီကျမ်း”၊ ၀ဇီရဗုဒ္ဓိ ဦးဖိုးစိန်၏ “အထက်တန်း ကဗျာ
ဖွဲ့နည်းကျမ်း” တို့က ကျွန်တော်တို့ လက်လှမ်းမှီရာတွင် ရှိလာသည်။ ဤပုဂ္ဂိုလ်ကြီး
များကား မြန်မာဟောရစ်(စ်)ကြီးများ ဖြစ်ကြလေသည်။ ယခုအခါ ကျွန်တော်က စာရေး
ဆရာ၊ ကဗျာဆရာ ဖြစ်လာသည်။ မော်ဒန်ကဗျာတွေ ဘာတွေပင် စပ်ချင်သည့်အခါ
စပ်နေ၏။ သို့ရာတွင် ကျွန်တော့် အသည်းနှလုံးနှင့် ဦးနှောက်တွင်းမှာ အမြစ်တွေ ရှင်လျက်၊
အုတ်မြစ်တွေ ခိုင်ဆဲ ….. ။
သည်အတွက် ကျေးဇူးရှင် “မြန်မာဟောရစ်(စ်)ကြီးများ” ကို နေ့စဉ် ရှိခိုးဦးတင်လျက်ပါ ….။
တက္ကသိုလ်ဘုန်းနိုင်
(ဤမျှသာ။)
(ရေတမာ စာပေအင်အားစု၏ ခေါင်းဆောင် ကွယ်လွန်သူ ဆရာကြီး
တက္ကသိုလ်ဘုန်းနိုင် ခေါ် ဦးခင်မောင်တင့်၏ ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း
စာအုပ်မှ ထုတ်နုတ်တင်ပြမှုကို ဤအပိုင်းတွင် ရပ်နားပါရစေ ….။)
7 comments:
မှတ်သားလောက်ပါပေတယ်.အခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကိုအောင်ရေ...
ခင်မင်လျက်
ရောက်တယ်ကိုအောင်။ အခန်းဆက်တွေကို စောင့်ဖတ်နေတယ်။ အားလုံးတန်ဖိုးရှိတဲ့ မှတ်သားဖွယ်ရာတွေပါပဲ။
ဝေမျှတာ ကျေးဇူးပါ အစ်ကိုရေ..
အေးအေး ဆေးဆေး ထပ်ဖတ်ပါဦးမယ်ခင်ဗျာ
so so so so so GREAT!!! Brilliant Author & Precious Sharing!
Hey, I can't view your site properly within Opera, I actually hope you look into fixing this.
Good day!This was a really magnificentsuper website!
I come from itlay, I was fortunate to search your blog in wordpress
Also I obtain a lot in your Topics really thank your very much i will come again
I think one of your advertisements caused my internet browser to resize, you might want to put that on your blacklist.
Post a Comment