Tuesday, 13 January 2009

ခပ်သိမ်းကလျာ ရှုဖွယ်သာတည်း


ရေးသူ -
တက္ကသိုလ်ဘုန်းနိုင်
(မှတ်ချက်။ ။ ယခင်က အပိုင်း(၁)မှ အပိုင်း(၄) အထိ ဤနေရာတွင် ဖော်ပြခဲ့
ဖူးပါသည်။ ကွယ်လွန်သူ ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ယင်းစာအုပ်မှာ ယခု
အခါ ရှားပါးစာပေ စာရင်းဝင် စာအုပ်တစ်အုပ် ဖြစ်နေသောကြောင့် အပိုင်း
အချို့ကို လေ့လာနိုင်ရန် တင်ပြပါသည်။)
…. …. ….

(၉)

အနုပညာ ဝေဖန်ရေး၊ စာပေ ဝေဖန်ရေး၊ ကဗျာ ဝေဖန်ရေး အားလုံးသည် ပလေတို
မှ စ’သည်။ ပလေတိုကမှု သူ့ဆရာ အဘိုးကြီး ဆိုကရေးတီး(ဇ်)က စ’သည့်ပမာ
ရေးထားသည်။

ဝေဖန်ရေး လုပ်သည့်အခါ အကောင်းအဆိုး အမှားအမှန်ကို တိုင်းတာပြီး ဆုံးဖြတ်ရန်
ပေတံတစ်ချောင်း သို့မဟုတ် ချိန်ခွင်တစ်ခုတော့ လိုသည်။ ထိုပေတံ သို့မဟုတ် ချိန်
ခွင်ကို သဘောတရားဟု ခေါ်သည်။

ဖြစ်ပုံက သည်လို ….။ ဘယ်သူမပြု မိမိမှု ……။
ကဗျာဆရာတွေ ဖီလိုဆိုဖာ မဟုတ်လေတော့ စကားတွေကို မဆင်မခြင် လွှတ်ခနဲ
ပြောချမိတတ်သည်။ မှားလျှင်လည်း ခွင့်လွှတ်နော်။ လွန်တာရှိ ၀န္ဒာမိပေါ့ ….။
သည်လို ကဗျာ သို့မဟုတ် အနုပညာ ခွင့်လွှတ်သည်းခံမှု (Poetic Licence)
တောင်းတတ်ကြသည်။ ပရိသတ်ကလည်း ခွင့်လွှတ်သည်းခံမှု ပေးမြဲတည်း။
အဲ … မပေးသည်က ဖီလိုဆိုဖာတွေ။ သူတို့က အားနာတတ်သူတွေ မဟုတ်။
သူတို့ကသာ ငါ့စကား နွားရ လုပ်ချင် လုပ်မည်။ သူများ လုပ်လျှင်တော့ သည်းမခံ။
ခွင့်မလွှတ်။ ဤသည်က သူတို့အကျင့်။

ဟိုးမာကြီးက မဆင်မခြင် လွှတ်ခနဲ ပြောချမိဖူးသည်။ သူ၏ အိလိယက် ကဗျာကြီး
ကို နတ်ဘုရားမ (Goddess) များက ပေးသည့် အစွမ်းတန်ခိုးနှင့် စပ်သည် ဟူသတဲ့။
နောက် ကဗျာဆရာကြီးတစ်ဦး ဖြစ်သူ ဟီးဆီယက်ကမူ နတ်ဘုရားမ မူး(ဇ်)

(Muses) များသည် သူ့အား ကိုယ်ထင်ပြ၊ စကားဆိုခဲ့သည်ဟု ရေးခဲ့သည်။

စကားမစပ် ဖြတ်ပြောချင်သည်။ ခေါမတို့၏ ဂေါ့(ဒ်) ဆိုသည်များကို နတ်ဘုရားများ
ဟု ကျွန်တော် မခေါ်ချင်။ ခေါမ ဂေါ့(ဒ်) များက ပွေသည်၊ ဗရုတ်ကျသည်၊ ကြာကူရီ
ရိုက်တတ်သည်။ မဟုတ်တာတွေရော ဟုတ်တာတွေရော အကုန်လုပ်သဖြင့် လူနှင့်
အလွန်တူသည်။ တန်ခိုးကြီးတာလေးသာ ထူးသည်။ သူတို့ကို နတ်ဘုရားဟု ခေါ်
ရသောအခါ အခြားဘုရားတွေကို အားနာဖို့ ကောင်းသည်။ ကျွန်တော်တို့၏ သုံးလူ့
ထွတ်ထား သဗ္ဗညု မြတ်စွာဘုရားနှင့်ကား လားလားမျှ မဆိုင်။ မိုးနှင့်မြေ၊ နံ့သာဆီ
နှင့် ရေနံမက ကွားခြားခြင်းမက ကွားခြားသည်။

သူတို့၌ ရှိသည်ဆိုသော တန်ခိုးကို နှိုက်နှိုက်ချွတ်ချွတ် လိုက်စူးစမ်း ကြည့်တော့လည်း
တန်ခိုး အသေးစားလေးတွေ၊ ချွတ်တားဝါလား တန်ခိုးတွေ …။ သည်တော့ … နတ်
ဘုရားဆိုသည့် စကားနှင့် သူတို့ မတန်ပါ။ ကျွန်တော်ကတော့ သူတို့ကို နတ်၊ နတ်သမီး
ဟုပဲ ခေါ်မည်။ နတ်လို့ပဲ ဆက်၍ခေါ်မည် ဂေါ့(ဒ်)။

မူး(ဇ်)ဟု ခေါ်သော ခေါမ နတ်သမီး (၉)ဖော် ရှိသည်။ သူတို့၏ အမည်များကား-
(၁)ကလီယက်ပီး(Calliope)(စကားအလင်္ကာနှင့် မော်ကွန်း ကဗျာရှင်မ)
(၂)ကလီအိုး(Clio) (သမိုင်း ပညာရှင်မ)
(၃)ယူးတားပီ (Euterpe) (ဂီတနှင့် ခံစားမှု ကဗျာရှင်မ)
(၄)မဲ(လ်)ပွန်မနီး(Melpomene) (အလွမ်း ဇာတ်ရှင်မ)
(၅)တား(ပ်)ဆစ်ကရီး (Terpsichore) (အက ပညာရှင်မ)
(၆)အီရက်တိုး (Erato) (အချစ် ကဗျာရှင်မ)
(၇)ပေါ်လီဟင်းနိယ(Polyhymnia) (ဘာသာရေး ကဗျာရှင်မ)
(၈)ယူရေးနိယ(Urania) (နက္ခတ္တဗေဒ ရှင်မ)
(၉)သေးလိယ (Thalia) (ဟာသဇာတ်နှင့် ကျေးလက်တောရွာ ကဗျာရှင်မ)

ဤစာရင်းအတိုင်းဆိုလျှင် နတ်သမီးတွေလည်း မခေလှ။ သူ့အထူးပြုမှုနှင့် သူနှင့်။
အလွမ်းသမလေးတွေ၊ ဟာသမယ်လေးတွေ၊ ခံစားမှု ဒေ၀ီတွေ၊ ဘ၀ သရုပ်ဖော်
ဒေ၀ီတွေ၊ ဓမ္မ တေးသံရှင်တွေ။ အဟင်း … ကလျာတို့၊ မမိုးမြေတို့၊ မလေးလုံတို့၊
ခင်ဆွေဦးတို့၊ မိုးမိုး(အင်းလျား)တို့၊ စုလှဖြူတို့၊ မိုးမိုး(ဆေးတက္ကသိုလ်)၊ ဂျူးတို့၊
စမ်းစမ်းနွဲ့(သာယာဝတီ)တို့၊ မအိတို့၊နုနုရည်(အင်းဝ) တို့ …… ကောင်းကင်ဘုံမှာ
ရှိကြသားကလား။ ဘုန်းနိုင်တို့ မောင်သာရတို့သာ မရှိဟန် တကား။

ဟိုးမာတို့ ဟီးဆီယက်တို့မှ စ,ကာ ခေါမ ကဗျာဆရာတွေက သူတို့ ကဗျာများကို
မူး(ဇ်)တို့ ပေးသော တန်ခိုးနှင့် စပ်သည်ဟု ပြောကြသည်။
တစ်နည်းဆိုလျှင် ခေါမကဗျာဆရာတွေကပင် စာပေသဘောတရား တရပ် အမှတ်
မတင် ချပေးမိလျက်သား ဖြစ်သွားကြ၏။
မိမိတို့ ကဗျာများသည် ကောင်းသည်၊ မြတ်သည်။ အကြောင်းမှာ မိမိတို့ ကဗျာ
များသည် မူး(ဇ်)တို့ ထံမှ လာသည်။ ဘယ်သူ ဘာပြောချင်ကြ သနည်း။

ဟုတ်ကဲ့၊ စောစောပိုင်းကမူ ဘယ်သူကမျှ ဘာမျှ မပြောကြပါ။
သို့ရာတွင် တိုးတက်သော ခေတ်ကြီးက ရောက်လာသည်။ တိုးတက်သော ခေတ်
ကြီးကို ဆိုကရေးတီး(ဇ်)တို့ ပလေတို တို့က ခေါင်းဆောင်ကြသည်။ အဲ … သူတို့
ကမူ အများကြီး ပြောချင်သည်။ ပြောလည်း ပြောကြသည်။ ကဗျာဆရာတွေ တွင်
မက ကဗျာတွေကိုပင် စုတ်ပြတ်သွားအောင် ပြောကြသည်။

ကဗျာဆရာနှင့် ဖီလိုဆိုဖာတို့၏ ရန်ပွဲ …။
စာပေသဘောတရား သမိုင်းပညာရှင်တို့က ဤအတိုင်း နာမည်ပေးကြသည်။ ရန်ပွဲ…။

ခရစ်မပေါ်မီ နှစ်(၃၉၉) တ၀ိုက်တွင် စ,ခဲ့သည်။
….. ….. …..

(၁၀)

ပလေတို၏ စာပေနှင့် အနုပညာ သဘောတရားများကို ကျွန်တော် အထက်တစ်နေရာ
၌ ဆိုခဲ့သော သမ္မတနိုင်ငံ ခေါ်သည့် ကျမ်း၌ တွေ့ရသည်။ ထို့အပြင်လည်း သူ၏ မနည်း
လှသော “ဆွေးနွေးခြင်း” (Dialogue) ခေါ် ကျမ်းများ၌ တွေ့ရသည်။ ထိုကျမ်းများကာ …
(၁)အိုင်းယင် (Ion)
(၂)ဖီးဒို (Phaedo)
(၃)ဆင်ပိုးဇီယင် (Symposium)
(၄)ဖီးဒရက်(စ်) (Phaedrus) တို့ ဖြစ်ကြသည်။

ဆွေးနွေးခြင်းများ၌ နှစ်ဦး အချီအချ ဆွေးနွေးဟန် ရေးသားသည်။ ပလေတိုက
သူ့ဆရာအဘိုးကြီး ဆိုကရေးတီး(ဇ်) က ခေါင်းဆောင် ဆွေးနွေးသည့် သဏ္ဌာန်
ရေးသည်။ ဆိုကရေးတီး(ဇ်) က အလွန်စကားတတ်သည်။ ကတ်သီးကတ်သတ်
တွေးပြီး ကတ်သီးကတ်သတ် မေးတတ်သည်။ သူနှင့်တွေ့လျှင် မလွယ်။ ယခုခေတ်
စကားနှင့် ပြောရလျှင် ကောင်းကောင်း“အနွှာ” ခံရသည်။ သြော် … ယခုခေတ်လည်း
ဝေဖန်ရေး ဆရာအချို့ နွှာနေကြသည်။ အပြစ်မတင်သာ။ ပလေတိုကြီးက စ,နွှာ
ခဲ့သည်ကိုး။

အိုင်းယင်ကျမ်းမှ အိုင်းယင်ဆိုသော သူငယ်မှာ ဆိုကရေးတီး(ဇ်) သို့မဟုတ် ပလေတို
၏ အနွှာကို ရှေးဦးစွာ ခံရသူ ဖြစ်လေသည်။

အိုင်းယင်ကား “ရက်(ပ်)ဆဒီး” (Rhapsode) တစ်ဦး ဖြစ်သည်။ ရက်(ပ်)ဆဒီး ဆိုသည်
မှာ အတတ်ပညာရှင် တစ်ဦး ဖြစ်သည်။ ဇာတ်ဆောင်တစ်ဦးနှင့် စာပေ ပါမောက္ခ တစ်ဦး
ကို ပေါင်းလိုက်လျှင် ရက်(ပ်)ဆဒီး တစ်ဦး ရသည်ဟု ဆိုကြသည်။ သူ့ကဗျာတွေကို
အသံကောင်းကောင်း၊ အမူအရာ ကောင်းကောင်းနှင့် ရွတ်လည်း ရွတ်ပြသည်။ ရှင်း
လည်း ရှင်းပြသည်။ ဝေဖန်လည်း ဝေဖန်ပြသည်။ “မင်းသား ပါမောက္ခ” ဟု ခေါ်လျှင်
မမှားဟု ထင်သည်။ ကျွန်တော်၏ ချစ်လှစွာသော ကွယ်လွန်သူ ဗိုလ်ဗကိုနှင့် တူမည်
ထင်သည်။

မင်းသာ ပါမောက္ခ ဖြစ်ရန် မလွယ်ပါ။ သူတို့ အတတ်ပညာကို “ရက်(ပ်)ဆဒီ”
(Rhapsody) ဟု ခေါ်သည်။ ဆရာကောင်းကောင်းနှင့် ကျောင်းကောင်းကောင်းတွင်
နှစ်ရှည်လများ သင်ကြားရသည်။ သင်ချင်တိုင်း သင်၍ မရ။ ဥပဓိရုပ်ကလည်း
ကောင်းရမည်။ ဆရာသုခတို့လို အသံလည်း ကောင်းရမည်။ ဆရာဗိုလ်ဗကိုတို့လို
အမူအရာလည်း ကောင်းရမည်။ ကျွန်တော်တို့ မီလိုက်သော ဆရာကြီး ဒေါက်တာ
ထင်အောင်တို့၊ ဆရာကြီး ဦးဧမောင် (တက္ကသိုလ် မောင်သန့်ဇင်) တို့၊ ယခုတိုင်
သက်တော် ထင်ရှား ရှိကြသည့် ဆရာ ဇော်ဂျီ၊ ဆရာ မင်းသုဝဏ်တို့လို စာတတ်ပြီး
ဗဟုသုတ ကြွယ်ရမည်။

ကျောင်းဆင်းရုံနှင့် မင်းသားပါမောက္ခ မဖြစ်သေး။ ပညာရဲရင့် ပွဲလယ်တင့်ကြောင်း
ပြရန် ပွဲတိုးဖူးရမည်။ ပွဲတိုးသည် ဆိုသည်မှာ ပရိသတ်ရှေ့၌ ပြိုင်ပွဲတွေ ၀င်ရခြင်း
ဖြစ်လေသည်။

အိုင်းယင် ဟောပြောသော ပွဲမှာ ပရိသတ် နှစ်သောင်း တက်သည်ဟု ဆို၏။ သည်
ပရိသတ်ကြီးကို ကဗျာရွတ်ပြီး ငိုအောင်၊ ရယ်အောင်၊ ဒေါထအောင်၊ ထိတ်လန့်အောင်၊
ကြည်နူးအောင်၊ ကြေကွဲအောင်၊ သံဝေဂ ရအောင် အိုင်းယင်က ပြုလုပ်နိုင်ခဲ့သည်။
ပြိုင်ပွဲကြီး၌ ပထမရပြီး ဆုလာဘ်များနှင့် ကျော်ကြားမှုကို အိုင်းယင်က ရခဲ့သည်။
အဲသည် ….. အိုင်းယင်ကို ပလေတိုကြီးက နွှာသည်။
စုတ်ပြတ်သွားအောင် နွှာသည်။
….. ….. ……

(၁၁)

စာရေးဆရာ၊ ကဗျာဆရာများသည် စာမရေး ကဗျာမရေးလျှင် စကားပြောနေတတ်
သည်။ စကားပြောရသည်ကိုလည်း ၀ါသနာ ပါကြသည်။ အထူးသဖြင့် စာအကြောင်း
ကဗျာအကြောင်း သွား မ,စနှင့်၊ စ,လိုက်လျှင် ပြောလိုက်မည်။ ထမင်းမေ့ ဟင်းမေ့၊
ရှေ့မကြည့် နောက်မကြည့်။

ဆိုကရေးတီး(ဇ်)က ဤဉာဉ်ကို သိပုံရသည်။ အိုင်းယင်ကို ကဗျာအကြောင်း သွား
စ,သည်။ ရက်(ပ်)ဆဒီးတို့၏ အတတ်ပညာမှ လျှို့ဝှက်ချက်များကို စုံစမ်းလိုဟန်
နှင့် စကား စ,သည်။ ထောင်ချောက်ကို မသိ။ ဆိုင်းတီးပေးသည်ကိုသာ သိသော
အိုင်းယင်ကလည်း ကွေးနေအောင် က,တော့သည်။ ကိုယ်က နဂိုကတည်းက စကား
ပြောချင်သူ မဟုတ်လား။

အိုင်းယင် စကားကို ထောက်ထောက်ပြီး ဆိုကရေးတီး(ဇ်)က ကြောက်စရာ မေးခွန်း
တွေ ထုတ်လာ၏။ အိုင်းယင်က စွတ်ဖြေ၏။ နောက်မေးခွန်း လာ၏။ စွတ်ဖြေပြန်၏။
အဖြေမတတ်တော့ ကိုယ့်ရှူးကိုယ်ပတ်ပြီး အရူး ဖြစ်တော့၏။

ကဗျာဆိုသည် ဘာနည်း။ ကဗျာ၏ မူလအစက ဘာနည်း။ ကဗျာဆရာ ပြောနေသည်
နှင့် ကဗျာ၏ မူလအစသည် မည်သို့ ဆက်သွယ်နေသနည်း။

ဆိုကရေးတီး(ဇ်)၏ မေးခွန်းများ ဖြစ်သည်။ ရိုးရိုးလေးနှင့် ကြောက်ဖွယ်ကောင်းသော
မေးခွန်းများ ဖြစ်သည်။

မသိ၍ မေးသည် မဟုတ်။ သိလျက် သို့မဟုတ် ကိုယ့်အဖြေ ကိုယ်သိလျက် မသိ
ချင်ယောင်ဆောင်၍ မေးသည်။ နွားကျောင်းသား မေး မေးသည် မဟုတ်။ ဘုရား
အလောင်းမေး, မေးသည်။ ဖြေသူကသာ နွားကျောင်းသား ဖြစ်နေ၏။

ထိုအချိန်အထိက ကဗျာတော့ ရှိနေသည်။ ကဗျာဆရာတွေလည်း ရှိနေသည်။
ကဗျာဆိုရာ၌ ယခုခေတ်လောက်မူ ကဗျာ အမျိုးအစား မများသေး။ အဓိကအား
ဖြင့် ကဗျာအမျိုးအစားကြီး နှစ်ခုသာ ရှိသေးသည်။ တစ်ခုကား “အက်ပစ်”(Epic)
ခေါ် မော်ကွန်း ကဗျာ ဖြစ်လေသည်။ တစ်ခုကား “လိုင်းရစ်(ခ်) (Lyric) ခေါ် ခံစား
မှု ကဗျာ ဖြစ်သည်။

အက်ပစ်သည် ဗဟိဒ္ဓခေါ် ပြင်ပအကြောင်းအရာများကို စပ်သည်။ လိုင်းရစ်(ခ်)
က အဇ္ဈတ္တခေါ် ကဗျာဆရာ၏ အတွင်း သန္တာန်မှ ခံစားခြင်းကို အသားပေးသည်။
လိုင်းရစ်(ခ်)၏ မျိုးခွဲ ကဗျာများမှာ ….
(၁)ဆိုးနစ် (Sonnet)
(အကြောင်းအရာ တစ်ခုတည်းကို စူးစိုက် ဖွဲ့နွဲ့သည်။ ဥပမာ- အချစ်။)
(၂)အယ်လက်ဂျီ (Elegy)
(ကွယ်လွန်သူ၏ ဂုဏ်ရည်ကို ချီးမွမ်း၍ လွမ်းဆွတ် တ,သသည်။)
(၃)အိုး(ဒ်) (Ode)
(တစ်ဦးဦး တစ်ခုခုကို ချီးမွမ်း ဂုဏ်တင် စပ်သည်။)
(၄) ဟင်း(မ်) (Hymn)
(ဘုရား၊ နတ်၊ တန်ခိုးရှင်တို့၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပူဇော်သည်။)

အိလိယက်နှင့် ယူးလစ်ဆီး၏ ကဗျာကြီးတွေအကြောင်း ရေးခဲ့ပြီးပြီ။ မူး(ဇ်)များ
ကိုယ်ထင်ပြသည် ဆိုသော ဟီးဆီယက် အကြောင်းလည်း ရေးခဲ့ပြီးပြီ။ ဟီးဆီ
ယက်ကား ခေါမ နတ်သမိုင်းကို ပြသော “သီအိုဂနီ” (Theogony) ဆိုသည့်
အက်ပစ် ကဗျာကြီးကို စပ်ခဲ့သည်။ ဟိုးမာတို့ ဟီးဆီယက်တို့က အက်ပစ်ကဗျာ
ဆရာကြီးများ ဖြစ်ကြသည်။

လိုင်းရစ်(ခ်) ကဗျာဆရာကြီးများလည်း ရှိကြသည်။ သူတို့အနက် အထင်ရှားဆုံး
မှာ “ပင်ဒါ” (Pindar) ဖြစ်သည်။ ခရစ် မပေါ်မီ (၅၂၂)မှ (၄၃၃) အတွင်းခန့်၌ နေ
သွားခဲ့၏။ သူက အိုး(ဒ်) ကဗျာကြီးများ စပ်သည်။ “ပင်ဒရစ်(ခ်) အိုး(ဒ်) (Pindaric
Ode) ဟူသော ကဗျာပုံစံ အမည် ထားချန် ရစ်သည်။ သူ့ အိုး(ဒ်) ပုံစံက ဥရောပ
၌ နှောင်းလူတို့ စပ်ကြသည့် အိုး(ဒ်)များနှင့် မတူ။ ကြီးကျယ်သည်။ ခန့်ညားသည်။
လေးနက်သည်။ ဖွဲ့ပုံဖွဲ့နည်း စနစ်ကြီးပြီး စည်းကမ်း တင်းသမျှ သိမ်မွေ့လှပသည်။

ခေါမ ပြဇာတ်ကြီးများကိုလည်း ကဗျာလောကတွင် ထည့် ရေတွက်ရသည်။ ပြဇာတ်
စကားများသည် ကဗျာများ သို့မဟုတ် လင်္ကာများ ဖြစ်ကြသည်။

ပြဇာတ်မှာလည်း “ထရက်ဂျဒီ” (Tragedy) နှင့် “ကွန်မဒီ” (Comedy) ဟု နှစ်မျိုး
ရှိကြောင်း အများသိကြပြီး ဖြစ်သည်။ ထရက်ဂျဒီကို အလွမ်း၊ ကွန်မဒီကို ဟာသဟု
ယေဘုယျ ဘာသာပြန်ကြသည်။ ကွန်မဒီကို ဟာသဟု ပြန်ခြင်းမှာ မလွဲလှပါ။ ဟာသ
ဆိုလျှင်လည်း မှန်ပါသည်။ ဟာသ မဟုတ်သော်လည်း စိတ်ထိခိုက် ကြေကွဲဖွယ်နှင့်
ဇာတ်မသိမ်းသော ဇာတ်မှန်သမျှကို ကွန်မဒီဟု ခေါ်သည်။ အဆင့်မြင့်သော ကွန်မဒီ
များကား လူ့သဘာဝမှ ချွတ်ယွင်း အားနည်းချက်များ၊ လူ့ဘောင်မှ မတရားမှု၊
မညီမျှမှု၊ ကြောင်သူတော်လုပ်မှု၊ အယူသီးမှု စသည်တို့ကို သရော်ပြောင်လှောင်
သည်။

ထရက်ဂျဒီကား …. အလွမ်း မဟုတ်ချေ။ အလွမ်းထက် သိမ်မွေ့လေးနက်သည်။
ထရက်ဂျဒီ မှန်လျှင် စိတ်ထိခိုက် ကြေကွဲဖွယ်နှင့်သာ ဇာတ်သိမ်းရသည်။ စိတ်ထိ
ခိုက် ကြေကွဲဖွယ်အဖြစ် ရောက်စေသော အကြောင်းသည် အလွန် အရေးကြီး၏။
သာမန်အကြောင်း မဟုတ်။ “လွှဲရှောင်သွေခြင်းဌာ မဖြစ်သည့်” အကြောင်းမျိုး
သာတည်း။

ခေါမ ထရက်ဂျဒီများမှ အကြောင်းကား “ကြမ္မာဆိုး” (Fate) ဖြစ်လေသည်။ ပိုမို
ပြည့်ပြည့်စုံစုံ ဆိုရလျှင် ထရက်ဂျဒီမှ အကြောင်းဟူသည်မှာ “ရီမော(စ်) လက်(စ်)
ဝတ်ကင်း အော့(ဖ်)ဖိတ်” (remorseless working of fate) ဖြစ်သည်။ ဆီလျော်
အောင် ဘာသာပြန်ရလျှင် “မျက်နှာမရွေး မထောက်မညှာ မတွန့်မဆုတ် မိမိ
သဘော မိမိ ဆောင်သွားသည့် ကံကြမ္မာ၏ ရက်စက်ခြင်း” ဟု ဆိုရမည်။ ရရှိစေသော
ခံစားမှုကား အလွမ်းမည်ကာ မဟုတ်။ ပါဠိဘာသာဖြင့် “သံဝေဂ” ဟု လည်းကောင်း၊
“သံဝေဇန” ဟု လည်းကောင်း ခေါ်သော သဘောမျိုးသာတည်း။ ထိတ်လန့်ခြင်း၊
တုန်လှုပ်ခြင်း၊ ကြေကွဲခြင်း၊ အသိတရား ရခြင်း၊ ကရုဏာသက်ခြင်း သဘောအားလုံး
တည်း။ ဤအချက်သည် အလွန်အရေးကြီးပါသည်။

နှောင်းခေတ် ပြဇာတ်၊ ရုပ်ရှင်၊ ၀တ္ထုရှည်တို့တွင် ထရက်ဂျဒီ၏ အကြောင်းသဘော
သည် ပြောင်းလာ၏။ ကံကြမ္မာသာ မကတော့ဘဲ ဒုက္ခရောက်စေတတ်သည့် စာရိတ္ထ၊
စိတ်သဘောထား၊ စိတ်ဖောက်ပြန်မှု၊ ပတ်ဝန်းကျင် ဖိအားတို့သည် အကြောင်း
များ ဖြစ်လာကြ၏။

ပလေတိုတို့ အရစ္စတိုတယ်(လ်)တို့အတွက် စာပေဆိုသည်မှာ ကဗျာကို ဆိုလိုသည်။
ကဗျာဆိုသည် ရှိနေပြီဖြစ်သောကြောင့် ကဗျာရေးဖွဲ့နည်းပြကျမ်း သို့မဟုတ် ပညာ
ဖြစ်သည့် “ပရော့ဆဒီ” (Prosody) ရှိနေပြီ။ စကားသုံး စကားနှုန်းပြ ပညာ “ရက်
တာရစ်(က်)” (Rhetoric) လည်း ရှိနေပြီ။ မရှိသေးသည်က “ပိုးအက်တစ်(စ်)”
(Poetics) ခေါ် “ကဗျာသဘောတရား ပညာ”။

အိုင်းယင်ကို ဆိုကရေးတီး(ဇ်)ကြီးက ကဗျာ သဘောတရား ပညာ မေးခွန်းတွေ ထုတ်
နေသည်။
….. ….. ……

(၁၂)

ကဗျာဆိုသည်က လူ့သမိုင်းတွင် တဖြည်းဖြည်း ဖြစ်ပေါ် ပြောင်းလဲမှု သဘော
(evolution) ဖြင့် ထွန်းကားလာသော အတတ်ပညာ တစ်ခု ဖြစ်သည်။ သဘောတရား
စနစ်တစ်ခုအတွက် လိုအပ်သော မူလအခြေခံတရား “အက်ဆီအင်(မ်)” (axiom)
တွေ စဉ်းစားတီထွင်။ ထိုမူလ အခြေခံတရား ရပြီဆိုလျှင် ယင်းအပေါ် မှီထောက်လျက်
နောက်ထပ် သဘောတွေ ထပ်ပွား။ သည်နည်းဖြင့် သဘောတရား စနစ်တစ်ခုကို
တည်ဆောက် ရသည်။

ဥပမာ …. တစ်ဆိုသည့် သဘောကို စဉ်းစားပြီး လက်ခံ အတည်ပြုကြသည်
ဆိုပါစို့။ ယင်းအပေါ် မှီထောက်ပြီး နှစ်တို့၊ သုံးတို့၊ လေးတို့ ဆိုသည့် သဘော
တွေ ထပ်ပွား၍ ရသည်။ သြော် … ထိုကြောင့်လည်း တစ် နှစ် သုံး လေးတွေကို
“နက်ချရယ်နမ္ဘာ” (Natural numbers) တွေဟု ခေါ်သည်။ တစ်ဆိုသည့်
သဘာဝကို သိသည် မဟုတ်လား။ သည်တော့ …. နှစ် ဆိုတာ နားလည်ပြီ ဆိုပါ
တော့။ တစ်ကို လက်မခံဘဲနှင့်တော့ နှစ် သွားလုပ်လို့ မရဘူးနော်။ ဒါပဲ ….။
လက်ခံတယ်။ မဟုတ်လား။ တစ်သဘောကို ငြင်းချင်သလား။ ငြင်းဝံ့သလား။
ငြင်းဝံ့ရင် ငြင်း။ မငြင်းဘူး။ အဲ …မငြင်းရင် ဆက်သွား။ ဒါ သင်္ချာစနစ်။ ဆက်သွား။
သွားချင်သလောက် သွား။

သင်္ချာမှ “ဖောမဲလစ်ဇင်း” (Formalism) ၀ါဒသမားတွေက သည်အတိုင်းသွားသည်။
ဟေ့ …မင်းတို့ အနက်ဖွင့်ဆိုတဲ့ တစ်သဘောကို တို့လက်မခံဘူး ဟေ့။ တို့မှာလဲ
တို့တစ်နှင့် တို့။ သည်တော့ တို့နှစ်နှင့် တို့။ နှစ် သဘောမှာ တစ် သဘောက ဘာ
ဝင်ရှုပ်ရတာလဲ။ နှစ် ကို နှစ် လို့ တစ်နှင့် ကင်းပြီး နှစ် အတိုင်း သိလို့ ရတယ်။
ဘာပြောချင်လဲ။

ဤသည်က သင်္ချာမှ “အင်တူးအစ်ရှင်နယ်လစ်ဇင်း” (Intuitionalism) ၀ါဒသမား
တွေ၏ အမြင်။ သူတို့လည်း သူတို့နည်းနှင့် သူတို့ ဆက်သွားနေကြသည်။

အလွန်တိကျပါသည် ဆိုသော သင်္ချာ၌ပင် ပြောရခက် ဆိုရခက်သည်တွေ ရှိနေ
သည်။ ဟိုလိုပြော၍ရသော သဘောတွေ ရှိသကဲ့သို့ သည်လိုပြော၍ရသော
သဘောတွေ ရှိနေသည်။ မရှိသော သဘောကို အရှိဟု လုပ်ထားသကဲ့သို့ အရှိ
သဘောကို မရှိဟု လုပ်ထားသည့် သာဓကတွေ ရှိနေသည်။

ကဗျာဆိုသည်က တွေးခေါ်မြော်မြင် စစ်ဆေးသုံးသပ် တည်ဆောက်ထားသော
သဘောတရား စနစ်တစ်ခု မဟုတ်။
ကဗျာဆိုသည်က အင်း … သည်လိုပဲ ပေါ်လာသည်။ ကဗျာ ဆိုတာလည်း …
အင်း … ကဗျာလို့ ခေါ်နေကြတာလေ။ သိတယ် မဟုတ်လား။ ကဗျာဆရာကြီး
တွေ စပ်ခဲ့တာဟာ ကဗျာပေါ့။ ကဗျာက ဘာအလုပ် လုပ်သလဲ။ ဒုက္ခပဲ ….
ကျုပ် ဘယ်လို ပြောရမလဲ။
ကဗျာဆရာက ကဗျာစပ်တယ်လေ။ ပြီးတော့ ကိုယ်တိုင် ရွတ်ဆိုပြမယ်။ ဟိုးမာတို့၊
ဟီးဆီယက်တို့ မရှိတော့ ကျုပ်တို့ ရက်(ပ်)ဆဒီးတွေက ရွတ်ပြတယ်လေ။ လူတွေ
က နားထောင်ကြတယ်။ အဲ … နှစ်လဲ နှစ်ခြိုက်ကြတယ်။ လွမ်းစရာတွေ့ရင် လွမ်း
ကြတယ်လေ။ ရယ်စရာတွေ့ရင် ရယ်ကြတယ်။ ဒေါသထွက်စရာတွေ့ရင် ဒေါသ
ထွက်ကြတယ်။ ကြည်နူးစရာတွေ့ရင် ကြည်နူးကြတယ်။ မုန်းစရာတွေ့ရင် မုန်းပြီး
ချစ်စရာတွေ့ရင် ချစ်ကြတယ်။ ရွံစရာတွေ့ရင် ရွံပြီး ကြည်ညိုစရာတွေ့ရင် ကြည်ညို
ကြတာပဲ။ အဲဒါ … ကျုပ်သိတဲ့ ကဗျာပဲ။ ဒီထက်တော့လဲ ပိုမသိဘူး။ ခင်ဗျားသိရင်
ပြော၊ ကျုပ်နားထောင်မယ်။ ခင်ဗျား ပြောချင်တာ ပြော။ ကဗျာကို ကောင်းတယ်လို့
ပြောချင်ပြော၊ မကောင်းဘူးလို့ ပြောချင်လဲ ပြော။ ခင်ဗျားပြောလို့ ကဗျာ ဘာမှ
ဖြစ်မသွားဘူး။ အဲ … လူတွေက မကောင်းဘူးလို့ ပြောလာရင်တော့ ကျုပ်တို့ ဂရုစိုက်
ရမယ်။

အိုင်းယင်သည် ဤသို့သော ရိုးရိုးနှင့် ရဲရဲ ရင်ဆိုင်လိုက်လျှင် ကိစ္စက တစ်မျိုးဖြစ်သွား
မည်။ တစ်ခု ခက်သည်ကား အိုင်းယင် တကယ် ရှိ မရှိ ကျွန်တော်တို့ မသိ။ မရှိဖို့က
များသည်။ အိုင်းယင်သည် ပလေတိုကြီး ဖန်တီးထားသော ဇာတ်ဆောင်သာ ဖြစ်
ဖို့များသည်။ သည်တော့ ပလေတိုကြီး ပြောခိုင်းသည်ကိုသာ ပြောရသည်။ ပြော
ခိုင်းသမျှမှာလည်း ဆိုကရေးတီး(ဇ်)ကြီး နှံ၍ကောင်းအောင်၊ နွှာ၍ ကောင်းအောင်။

အိုင်းယင်က ကဗျာဘာလုပ်သည် ဆိုခြင်းကို ရှေးကဗျာ ဆရာကြီးတွေ ပြောခဲ့သည့်
အတိုင်း ဆုပ်ဖက်တွယ်ထားသည်။
ကဗျာကို နတ်များက ပေးသည်။ မူး(ဇ်)များက ပေးသည်။
အိုင်းယင်သည် ဟိုးမာကိုသာ ကိုးကွယ်ပြီး ပင်ဒါကို မေ့ထားပုံ ရသည်။

ပင်ဒါက နတ်တွေကို “ခေါက်”ထားလိုက်သည်။ ပင်ဒါ အလိုအရ ကဗျာသည်
“တက်ကနီး” (Techne) ခေါ် သင်,တွေးရယူသော အတတ်မျိုးမှ မလာ။ “ဖူး”
(Phua) မှ လာသည် ဆို၏။ ဖူး ဆိုသော ခေါမစကားကို “ဂျီးနယက်(စ်)” (Genius)
ဟု အင်္ဂလိပ်ဘာသာ ပြန်သည်။ အထုံပါရမီကို ဆိုလိုသည်။

ခေါမတွေက ပါဠိ မတတ်။ ကံ၊ ကံ၏အကျိုးကိုလည်း မသိ။ ပဋ္ဋိစ္စသမုပ္ပါဒ် စက်ရဟတ်
ကို သိဖို့ကား ဝေးစွ။ သည်တော့ ပင်ဒါ ပြောသော အထုံပါရမီ ဆိုသည်မှာ ကျွန်တော်
တို့ သိသော အထုံပါရမီ ဟုတ်ချင်မှ ဟုတ်မည်။ ဂျီးနယက်(စ်) ဆိုသော စကားက
ရောမတွေ သုံးသော လက်တင်စကားမှ လာသည်။ ရောမတွေ ပြောသည့် ဂျီးနယက်(စ်)
ကား ကျွန်တော်တို့ ပြောသော အထုံပါရမီနှင့် မတူသည်က အမှန်။

ထားပါတော့။ ကဗျာသည် နတ်များဆီက လာသည်ဟု မိုက်မိုက်ကန်းကန်း ပြော
သည်ထက် စာလျှင် အထုံပါရမီက လာသည်ဟု ပြောလျှင် အနည်းဆုံး သူကတ်
ကိုယ်ကတ် ငြင်း၍ ရဦးမည်။
ယခုတော့ အိုင်းယင်က သူ့ချွတ်တားဝါလား တန်ခိုးရှင် နတ်တွေကို သွားပစ်အားကိုး
လိုက်သည်။

နှစ်ပေါင်း နှစ်ထောင့်သုံးရာကျော် သည်မှာဘက်မှ ကျွန်တော်က လှမ်းအော်ပြောချင်သည်။
သေဟဲ့ …. ။
….. ….. ….

(၁၃)

ဆိုကရေးတီး(ဇ်)ကြီးက လည်သည်။ စကားထောင်ချောက် ဆင်ရာ၌ အလွန်လည်သည်။
ယခုခေတ် ဝေဖန်ရေးဆရာ အမည်ခံ (အချို့သော) အနွှာဆရာတို့ ဆိုကရေးတီး(ဇ်)
ကြီးကို နေ့စဉ် ထိုင်ထိုင် ရှိခိုးနေကြဖို့ ကောင်းသည်။ သူက အနွှာဆရာအပေါင်းတို့၏
ဆရာ့ဆရာ။ အနွှာ ပါရဂူကြီး။

တစ်နေရာ၌ သူပြောပုံကို နားထောင်ကြည့်ပါ။
“ …. ကဗျာဆရာ ဆိုသည်မှာ အလင်းရောင် ဖြစ်သတည်း။ အတောင်ပံ တပ်ထား
ခံရသော ဘုရားသခင်၏ ပစ္စည်းတစ်ခုတည်း။ သူ့မှာ သူ့ကိုယ်ပိုင် ဘာမျှမရှိ ဖြစ်
သတည်း။ သူ့ကိုယ်တွင်း ဘုရားသခင်က တန်ခိုးမှုတ်သွင်းလိုက်သောအခါမှ …၊
သူ့စိတ်သည် သူ့ကိုယ်တွင်းမှာ မရှိတော့ပါမှ …. သူ စွမ်းလာသည်။ ဤအခြေအနေ
မရောက်သမျှ သူက ဘာကောင်မျှ မဟုတ်။ အဘယ် ဗျာဒိတ်စကားကိုမျှ တစ်ဆင့်
ပွား မပြောနိုင်။

သူရို့ ဥရောပ ကဗျာသမိုင်း၌ ထင်ရှားလှသော စကားဖြစ်သည်။ မေးချင်သည်မှာ
…. ဤစကားသည် ကဗျာမှာ ကဗျာဆရာကို ချီးမွမ်းသည့် စကားလော၊ ခြောက်
ပြားမျှ မတန်အောင် ပြောလိုက်သည့် စကားလော။

ကျွန်တော် ဗျာဒိတ်ဟု ဘာသာပြန်လိုက်သော ခေါမစကားမှာ “အော်ရကယ်(လ်)”
(oracle) ဖြစ်ပါသည်။ ပါဠိပညာရှင်ကြီး ချိုင်း(လ်)ဒါး(စ်)ကမူ “ဗျာကရဏ” ဟူသော
ပါဠိစကားကို အော်ရကယ်(လ်)ဟု ပြန်ဆိုသည်။ ဗျာဒိတ်နှင့် အနက်တူ ပြုသည်။
မြန်မာအများ နားလည်သော ဗျာဒိတ် ဟူသည့် စကားကိုသာ ကျွန်တော် သုံးလိုက်
ခြင်း ဖြစ်ပါသည်။

ခေါမလူမျိုးတွေက ဂေါ့(ဒ်)ဟု ခေါ်သော နတ်များကို ကိုးကွယ်ကြောင်း ကျွန်တော်
ဆိုခဲ့ပြီ။ သူတို့နတ်တွေက လူနှင့် စကားပြောချင်လျှင် အော်ရကယ်(လ်)မှ တဆင့်
ပြောသည်။ တခါတရံတော့ အော်ရကယ်(လ်)ဆိုသည်မှာ နေရာတစ်ခု ဖြစ်သည်။
တခါတရံတော့ နတ်ဝင်သည်လို လူ ဖြစ်သည်။ နေရာမှဖြစ်ဖြစ်၊ နတ်ဝင်သည် ပါးစပ်
မှ ဖြစ်ဖြစ် ထွက်လာသော စကားကိုလည်း အော်ရကယ်(လ်)ဟုပင် ခေါ်သည်။

အထက်ပါ စကားအပြင် တစ်နေရာ၌လည်း ဆိုကရေးတီး(ဇ်)က ကဗျာဆရာကို
သံလိုက်ဓါတ် ဖြာထွက်နေသော သံလိုက်တုံးနှင့် နှိုင်းသည်။ ဖြာထွက်နေသော
သံလိုက်ဓါတ်မှာ “သီးယာဒူးနမစ်(စ်)” (theia dunamis) ခေါ် ဘုရားသခင့် တန်ခိုး
တော်ဖြစ်သည် ဆိုသတတ်။

သြော် … သည်အတိုင်းကြည့်တော့ ကဗျာဆရာ ဆိုသည်မှာ နည်းသည့် သတ္တ၀ါ
မဟုတ်ပါလား။ အော်ရကယ်(လ်)ပါ တကား၊ တန်ခိုးဝင် သံလိုက်တုံးကြီးပါ တကား။
နှောင်းခေတ် ဥရောပ ကဗျာဆရာ ကြီးငယ်တို့ ဤစကားကို မျက်စိလည်ပြီး အကြီး
အကျယ် ဂုဏ်ယူလိုက်ကြသေးသည်။

အိုင်းယင် ခမျာလည်း အစက’မိသွားသည်။ နောက် ကျောချမှ ဓါးပြမှန်း သိ၍ ရုန်း
ထွက်သော်လည်း မရတော့။
ဆိုကရေးတီး(ဇ်)က “ကဗျာဆရာသည် လည်းကောင်း၊ ရက်(ပ်)ဆဒီးသည် လည်းကောင်း
ကဗျာဟု ခေါ်သော အရာတွေကို ရွတ်ဆို ထုတ်လွှတ်နေချိန်တွင် လူစိတ်ပျောက်၍
ရူးသွပ်နေသည်” ဟု ဆိုလိုက်တော့၏။

လူစိတ်ပျောက်၍ ရူးသွပ်နေသူ၌ အသိမရှိ၊ ဉာဏ်မရှိ၊ သတိမရှိ၊ ပညာမရှိ၊ ဘာမျှ မရှိ။
သူ့အဖြစ်မှာ နတ်ဝင်သည်၊ မှော်ဝင်သူနှင့် ဘာမျှမခြား။ သူ့ကိုယ်ပိုင် ဘာမျှမရှိ။
ထို့ကြောင့် ကဗျာသည် ပညာမှ ထွက်လာသော အရာမဟုတ်။ ကဗျာဆရာ၌လည်း
ဘာပညာမျှ မရှိ။

ကဗျာလည်း စုတ်ပြတ်သွားသည်။ ကဗျာဆရာလည်း စုတ်ပြတ်သွားသည်။
ထိုမျှနှင့် ဆိုကရေးတီး(ဇ်)က မရပ်သေး။
ကဗျာတွေတွင် ကဗျာဆရာတွေက ဟိုအကြောင်း သည်အကြောင်း ရေးသည်။ လူ
အမျိုးမျိုးတွေအကြောင်း ရေးသည်။ ဥပမာ- ဆေးပညာနှင့် ပက်သက်သည် ရေးမိ
မည်။ ရထားထိန်း အကြောင်း၊ မာလိန်မှူးအကြောင်း ရေးမိသည်။
ဆေးပညာအကြောင်း ဆေးပညာရှင်က ပိုသိသလော၊ ကဗျာဆရာက ပိုသိသလော။
ရထားအကြောင်း ရထားထိန်းက ပိုသိသလော၊ ကဗျာဆရာက ပိုသိသလော။
ဤကဲ့သို့ မဆီမဆိုင် ကတ်သီးကတ်သတ် မေးခွန်းတွေ ထုတ်သည်။ အိုင်းယင်
ကလည်း မလိမ်မိုး မလိမ္မာ ဖြေသည်။

အိုင်းယင်အဖြေကို ကိုင်ပြီး ဆိုကရေးတီး(ဇ်)ကြီးက စီရင်ချက် ချသည်။
ကဗျာဆရာ သိသည် ဘာမျှမရှိ။ မသိဘဲနှင့် သိယောင်ဆောင်၍ လျှောက်ပြောနေ
သည်။ ထိုကြောင့် …..
ကဗျာဆိုသည်မှာ အတုအလိမ်။
ကဗျာဆရာဆိုသည်က လူညာ။
ကောင်းကြပါလေရော …..။


(ဤမျှသာ။)
(အလျင်သင့်သလို ဤစာအုပ်ပါ အချက်များကို တင်ပြသွားမည်။)

9 comments:

nyimuyar said...

thanks for your sharing

Nyein Chan Aung said...

ဆရာ တက္ကသိုလ်ဘုန်းနိုင် ကောင်းတယ်ဗျာ..။ ကျေးဇူးပါပဲ ကိုအောင်ရေ။

ဆောင်းယွန်းလ said...

လာဖတ်သွားတယ်ဗျ..မျှဝေမှုအတွက်ကျေးဇူးအထူး
တင်ပါတယ်ကိုအောင်ရေ...
ခင်မင်လျက်

တစ်ပြည်သူ အိမ့်ချမ်းမြေ့ said...

တန်ဘိုးရှိပါတယ်

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ha, I will experiment my thought, your post give me some good ideas, it's really awesome, thanks.

- Norman

Anonymous said...

I wonder what Jennie thinks with this :D

Anonymous said...

Beneficial info and excellent design you got here! I want to thank you for sharing your ideas and putting the time into the stuff you publish! Great work!

Anonymous said...

great experience, dude! thanks for this great post wow... it's very wonderful report.