Sunday, 11 January 2009

ယနေ့ခေတ်ပေါ် ကဗျာအပေါ် အမြင်


ဆရာမြသန်းတင့်

(ပျဉ်းမနား ပေါင်းလောင်းချောင်း စာပေဆွေးနွေးပွဲတွင် ယနေ့ခေတ်ပေါ် ကဗျာ
များနှင့် ပက်သက်၍ ကွယ်လွန်သူ စာရေးဆရာ မြသန်းတင့်၏ ဆွေးနွေးချက်
ဖြစ်ပါသည်။ အဆိုပါ ဆွေးနွေးချက်ကို စာရေးဆရာ နေ၀င်းမြင့်က အသံသွင်း
ကြိုးခွေဖြင့် ကူးယူထားပြီး ၁၉၉၉ ခုနှစ်၊ မေလထုတ် ကလျာမဂ္ဂဇင်းတွင်
ပင်လယ်နှင့် စကားပြောတဲ့မှန် ၀တ္ထုထဲတွင် ဖော်ပြခဲ့သည်ကို ကောက်နုတ်
ဖော်ပြခြင်း ဖြစ်ပါသည်။)

ကျွန်တော်တို့လဲ ဆွေးနွေးပါရစေ။
ခုခေတ် လူငယ်တွေဟာ အတွေးကောင်းတယ်၊ စူးစူးရှရှ နက်နက်ရှိုင်းရှိုင်း ထက်ထက်
မြက်မြက် တွေးနိုင်တယ်။ နည်းနာမှာတော့ နည်းနည်းလိုအုံးမယ်လို့ ကျွန်တော်ထင်တယ်။
နည်းနာမှာတော့ သူတို့ ဘာမှစမ်းလို့ မရသေးဘူး။ ကောင်းသွားတာလဲ ရှိမယ်၊ ဘာဖြစ်
လို့ ကောင်းသွားတာလဲ။ ဒါလဲ ကျွန်တော်တို့ မပြောနိုင်ဘူး၊ ကြိုက်သွားတာလေးပဲ ရှိတယ်။

ကျွန်တော်လဲ ခေတ်ပေါ်ကဗျာတွေကို ဖတ်တယ်၊ ကြိုက်သွားတဲ့ ကဗျာတွေ ရှိတယ်။
ဘာကြောင့် ကြိုက်မိတာလဲ ကြည့်တော့ တစ်ချက်က အတွေးကောင်းလို့ ကြိုက်တာ၊
နှစ်က နည်းနာ။ ဒါကျတော့ ကျွန်တော့်စိတ်ထဲမှာ ကြိုက်တဲ့ဟာ ကြိုက်တယ်၊ မကြိုက်တဲ့

ဟာ မကြိုက်ဘူး။ သည်နည်းနာဟာ ဘာလဲ။ ကြိုက်သွားတဲ့ ကဗျာမှာ ဘာကို ကြိုက်တာလဲ
မပြောနိုင်ဘူး။ တခါတလေ ဖတ်လို့ကောင်းသွားတယ်။ တခါတလေကျတော့ ခုနက ပြော
သလို နိမိတ်ပုံတွေ တွေ့ရတယ်။ ဒါမျိုးကျတော့ ခံစားလို့ မရဘူးပေါ့ဗျာ။

နည်းနာမှာကျတော့လည်း လိုတယ်လို့ ကျွန်တော်ထင်တယ်။ အတွေးမှာတော့
ကောင်းပါတယ်။ နည်းနာပြဿနာကတော့ ရုတ်တရပ် ဆုံးဖြတ်ဖို့လဲ ခက်တယ်။
ခင်ဗျားတို့လည်း ဆုံးဖြတ်ဖို့ ခက်လိမ့်မယ်။ ဘယ်သူမှ မဆုံးဖြတ်နိုင်ဘူး။ တွေ့သွား
မှ ဆုံးဖြတ်နိုင်မယ်။ တွေ့သွားတယ် ဆိုတာကလည်း ဒါတော့ တွေ့ပြီ၊ သည်လို
ချက်ချင်း ကောက်ပြောလို့ မရတာ မဟုတ်ပြန်ဘူး။ တဖြည်းဖြည်းနဲ့ သည်တစ်ခု
ကိုတော့ဖြင့် အားလုံး လက်ခံတယ်၊ ဘ၀င် ကျတယ် ဆိုပါမှ ဒါ established ဖြစ်မယ်။
အဲဒါ ဘယ်ဟာလဲ၊ သည်နည်းနာ လိုအပ်မှု ဆိုတာလည်း ဒါသဘာဝကျတယ်။

သို့သော် တစ်ခုတော့ ကျွန်တော့်ရင်ထဲမှာ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။
တချို့လူငယ် ကဗျာဆရာတွေက stunt နည်းနည်းများတယ်။ အသစ်အဆန်း လုပ်
ချင်လွန်း အားကြီးနေကြတယ်။ တခါတလေကျတော့လည်း အသစ်အဆန်း လုပ်ချင်
လွန်းအားကြီးတော့ အစွန်းရောက်သွားပြီး နားမလည်နိုင်တော့ဘူး။ ကျန်တဲ့လူတွေလည်း
နားမလည်ဘူး။ သူတစ်ယောက်တည်းပဲ နားလည်တယ်။ သည်အခါကျတော့ ကျွန်တော်
ကတော့ ကြည်အေးတို့နဲ့ မတူဘူး။ ကဗျာဆိုတာ ကိုယ့်ရင်ထဲက ခံစားချက်ပဲ၊ ဘာပဲ၊
ကိုယ့်ဟာကိုယ်စပ်တယ် စသဖြင့်။ ဒါဆိုရင် ကိုယ်ဟာကိုယ်ပဲ စပ်၊ ကျွန်တော်တို့ကို
လာမဖတ်ခိုင်းနဲ့။ ကျွန်တော် မဖတ်ဘူး။ ကဗျာတို့စာတို့ဆိုတာ လူဖတ်ဖို့ ရေးတာ။
ကိုယ့်ရင်ထဲ ရှိတာ ကိုယ်ရေးလိုက်တာပဲ၊ နားလည်လည် မလည်လည်ဆိုတဲ့ အယူအဆ
ကို ကျွန်တော် လက်မခံဘူး။ လုံးဝ လက်မခံဘူး။

ဒါအခု ကျွန်တော်မရေးသင့်သေးလို့ မရေးတာ။ စာရေးဆရာ ခပ်ကြီးကြီးတွေကလဲ
ဒါမျိုး ပြောနေကြတယ်။ ကိုယ့်အချင်းချင်း သည်အချိန်မှာ စကားများနေရမယ့် အချိန်
မဟုတ်လို့ မပြောသေးတာ၊ မရေးသေးတာ။ ကျွန်တော် ဆိုလိုတာက ကဗျာကို စာ
မတတ်တဲ့ ကလေးကလည်း နားလည်ရမယ်ဆိုတဲ့ သဘော မဟုတ်ဘူး။ နည်းနည်း
လေး educated ဖြစ်တဲ့ လူကလည်း နည်းနည်းလေးတော့ နားလည်ဖို့လိုတယ်။
ဘယ်သူမှ သဘောမပေါက်ဘူး။ Educated ဖြစ်တဲ့လူတွေကလည်း သဘော
မပေါက်ဘူးဆိုရင် ဒါမျိုး ကျွန်တော်မဖတ်ဘူး။ ဒါ သူ့ personal ကိစ္စ၊ ကျွန်တော့်
ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော် စာဖတ်တယ်၊ ကဗျာဖတ်တယ်ဆိုတာ ကျွန်တော်
Personal ပဲ။ ခင်ဗျားတို့ သည်လိုပဲ ခင်ဗျားတို့ personal အရ ဖတ်တာ။ ဒါအားလုံး
သည်လိုပါပဲ။ Pleasure တစ်ခုအတွက် အပျင်းပြေ ဖတ်နေကြတာ မဟုတ်ဘူး။ အဲသည်
စာထဲက တစ်ခုခု လိုချင်လို့၊ သိချင်လို့၊ စာရေးဆရာအကြောင်း၊ လောကအကြောင်း၊
ဘ၀ အကြောင်း သိချင်လို့ ဖတ်တာ။

ဒါကြောင့် ခုခေတ် တချို့လူငယ်တွေက ရှေ့ရောက်လွန်းနေတာ တွေ့ရတယ်။ သိပ်
နည်းပါတယ်။ ဆိုပါတော့၊ ကဗျာတစ်ပုဒ်မှာ ကောင်းနေပြီး တခြားကဗျာတစ်ပုဒ်မှာ ရှေ့
ရောက်လွန်းနေတာ မျိုးလည်းရှိတယ်။ ဒါကတော့ သူ့ mood ပေါ်မှာ တည့်တယ်ပေါ့။
အဲသလို ကဗျာမျိုးကို ကျွန်တော် မခံစားတတ်ဘူး။ ဆိုပါတော့၊ ကိုအောင်ဝေးရဲ့ ကဗျာ၊
ကိုသင်းခိုင်ရဲ့ ကဗျာ။ ဆယ်ပုဒ်စီ ရေးကြလို့ ၉ ပုဒ်စီ ကြိုက်ချင်ကြိုက်မယ်။ တစ်ပုဒ်စီ
က နားမလည်းဘူးဆိုရင် အဲသည်တစ်ပုဒ်ကို ကျွန်တော် မဖတ်တော့ဘူး။ ဆယ်ပုဒ်စလုံး
ကို နားမလည်အောင်ရေးရင် အဲသည်လို ကဗျာဆရာရဲ့ ကဗျာကို ကျွန်တော် မဖတ်
တော့ဘူး။ သည်အတွက် ကျွန်တော် အချိန်ကုန် မခံဘူး။ ကိုယ်ရေးချင်တာ ရေးလိုက်
တာ၊ နားမလည်ရင်လဲ နေပေါ့ ဆိုတာက လောကကို စော်ကားတာ။ ကျွန်တော် အစော်
ကား မခံဘူး။ အနောက်ကဗျာဆရာတွေလည်း သည်လိုဘဲ။ ဂျိမ်းဂျွိုက်စ်၊ သူပြောချင်တာ
ဘာလဲ။ ကျွန်တော် နားမလည်းဘူး။ သည်တော့ ကျွန်တော် မဖတ်တော့ဘူး။ ဒါက
တချို့သွားနေတဲ့ trend ကို ပြောတာ။ အားလုံးတော့ မဟုတ်ဘူး။ သည်တော့ ယေဘုယျ
တော့ ပြောချင်တယ်။ အတွေးကောင်းတဲ့ လူငယ် တော်တော်များများရဲ့ နိမိတ်ပုံတွေ
အားကောင်းတယ်။ ဆန်းသစ်ပြီး မထင်တဲ့ နိမိတ်ပုံတွေ တွေ့ရတယ်။ သဘောကျတယ်။
နည်းနာ အားနည်းတာကတော့ လူပုဂ္ဂိုလ် အားနည်းချက် မဟုတ်ဘူး။ ရေးသူနဲ့ ဖတ်သူ
ရဲ့ အားနည်းချက်တွေလည်း မဟုတ်ဘူး။ ဒါက စမ်းနေတဲ့ အချိန်ကို။ ကျွန်တော် စိုးရိမ်
တာက အားနည်းနေတဲ့ နည်းနာကို အကောင်းလို့ ယူဆလိုက်မှာ စိုးတယ်။

အားနည်းနေတဲ့ နည်းနာကို established ဖြစ်နေပြီ ထင်မှာ စိုးတယ်။ ဒါကိုတော့
ကျွန်တော်တို့ ဆန်းစစ်ရမယ်။ သည်ခေတ် ကဗျာတွေဟာ ခေတ်စမ်းထက် သာတယ်၊
အားကောင်းတယ်။ ဒါက ခင်ဗျားတို့ဘ၀က ခေတ်စမ်းဖြတ်သန်းခဲ့ရတဲ့ ဘ၀နဲ့ မတူတာ
လဲ ပါတယ်။ ခေတ်စမ်း ဖြတ်သန်းမှုဘ၀က အမျိုးသားရေးလှုပ်ရှားမှု ဆိုတယ် ဆိုပေမယ့်
သမားရိုးကျ ဆန်တယ်။ ကြမ်းတမ်းတဲ့ အကွေ့အချိုးတွေ များတယ်။ current,
Counter current စသဖြင့် သိပ်ကို ၀င်္ကပါ ဆန်တယ်။ ရှုပ်ထွေးနေတဲ့ခေတ်ကို ဖြတ်သန်း
ရတဲ့ခေတ်မှာ ခင်ဗျားတို့က ခေတ်စမ်းထက် ပိုအားကောင်းတယ်လို့ပဲ ပြောရမှာပဲ။ ဒါက
တစ်ချက်။

နောက်တစ်ချက်က ခေတ်စမ်း။ ခေတ်စမ်းမှာ ကောင်းတာ ရှိတယ်၊ မကောင်းတာ ရှိတယ်။
မကောင်းတာ ဘေးဖယ်ထားခဲ့မယ်၊ ကောင်းတာ ဆက်သယ်ဆောင်မယ်။ ကျွန်တော်တို့
လဲ ဟိုတုန်းက ပြင်းထန်ခဲ့တာပဲ။ ဟိုတုန်းက ကုန်းဘောင်ခေတ် စာပေ၊ ကိုလိုနီခေတ်
စာပေဆိုရင် ဓနရှင်စာပေ ခေါ်ခဲ့ကြတာပဲ။ ပြန်ကြည့်လိုက်တော့ ကုန်းဘောင်ခေတ်စာပေ
ထဲမှာ အမျိုးသားယဉ်ကျေးမှု ရှိတယ်။ အမျိုးသားယဉ်ကျေးမှု ဆင်းသက်လာတာ တွေ့
ရတယ်။ ဆင်းသက်လာတဲ့ အမျိုးသားယဉ်ကျေးမှုထဲက ကောင်းတာ ဆက်သယ်သွားခဲ့
ကြတာပဲ၊ မကောင်းတာ ထားခဲ့ရတာပဲ။ ဒါ ယေဘုယျပေါ့ဗျာ။ တချို့ လူငယ်တွေက
ခေတ်စမ်းရိုက်ချိုးမယ် ဘာညာ “……. ”စတာ၊ ကျွန်တော် သဘောမတူဘူး။ သူ့မှာလဲ
အကြောင်းတော့ ရှိမယ်။ ဒါတော့ ကျွန်တော် မသိဘူး။ ကျွန်တော် သဘောမတူဘူး။
“……..” က ခေတ်သာ ရှေ့ရောက်တယ် ထင်ရတာ အင်မတန် ကွန်ဆာဗတစ် ဖြစ်တဲ့
လူ။ ခေတ်စမ်းကို ကြိုက်တော့လည်း “ဦး……” ရဲ့ ဂိုဏ်းကို ကြိုက်တာ တွေ့ရတယ်။
နောက်ပြန်ရောက်တဲ့ ဂိုဏ်းကိုမှ သဘောကျနေတာ တွေ့ရတယ်။

ခေတ်စမ်းမှာလဲ တိုးတက်တဲ့ ဂိုဏ်း၊ ဖောက်ပြန်တဲ့ ဂိုဏ်း နှစ်ဂိုဏ်း ရှိခဲ့တာပါပဲ။ ဆရာ
ကြီးကို စော်ကားခဲ့တဲ့ ဂိုဏ်း၊ ဒါ ရှိခဲ့တာပါပဲ။ သို့သော် ခေတ်စမ်းလဲ သူ့ခေတ်နဲ့သူ
တိုးတက်တာပဲ ပေါ့ဗျာ။ “………” က ခေတ်စမ်းကုန်ပြီ ဆိုလိုက်တော့ နောက်ပိုင်း
ရိုက်ချိုးရမယ်တွေ ဘာတွေဖြစ်လာခဲ့တယ်။ ခေတ်စမ်း ရိုက်ချိုးရင် ဒဂုန်တာရာကို
ခေတ်စမ်းက မွေးထုတ်လိုက်တာ။ ကျွန်တော်တို့ကို ခေတ်စမ်းရဲ့ လူတွေက မွေးထုတ်
လိုက်တာ။ ဒါ သူ့အပိုင်းနဲ့သူ ရှိခဲ့တာပဲ။ လူငယ်တွေရဲ့ စိတ်ထဲမှာ အဲလို ပစ်ပယ်ချင်တဲ့
သဘောတွေ ရှိနေတာကို စီစစ်ဖို့၊ ကိုယ့်ကိုယ်ကို မေးဖို့လဲ လိုတယ်။ ဟုတ်ကော ဟုတ်
ရဲ့လား။ ပယ်ကော ပယ်မလား၊ ပယ်ရင်ကော ဘာကြောင့် ပယ်မလဲ စသဖြင့်ပေါ့ဗျာ။
ဒါပေမဲ့လို့ ကျွန်တော် ရဲရဲ ပြောရဲတာက ကနေ့လူငယ်တွေရဲ့ အတွေးအခေါ်ဟာ
ခေတ်စမ်းထက် သာတယ်။ ခေတ်စမ်း ဘယ်မှာ ကုန်သွားသလဲ ကြည့်ရင် “ပျဉ်းမငုတ်တို”
မှာ ကုန်သွားတယ်။ အတွေးအခေါ်ကို ပြောတာ။ ဇော်ဂျီရဲ့ “ဗေဒါလမ်း” မှာ ကုန်သွား
တယ်။ မကောင်းဘူး ပြောတာ မဟုတ်ဘူးနော်။ လောကနဲ့ ဘ၀ကို ဆင်ခြင်တာ သည်မှာ
ကုန်သွားတယ်။ ဒါနဲ့ ပြီးသွားတယ်။ ဒါကို ပြောတာ။ ခင်ဗျားတို့ကျတော့ ရှုပ်ထွေးတဲ့
ဘ၀ကို ဖြတ်သန်းရတော့ သည့်ထက် ရှုပ်ထွေးရတာကို ဆင်ခြင်နေကြရတယ်။

“ဒါ ကနေ့ ကျွန်တော် ပြောချင်တယ်၊ ယေဘုယျ ပြောရတော့ ခင်ဗျားတို့က ဖြည့်နား
လည်ပေးဖို့လဲ လိုမယ်”

(ဤမျှသာ။)
(မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တစ်ပြက် ရုပ်ပုံလွှာ အေဒီ ၂၀၀၃ ..မှ)

3 comments:

ဆောင်းယွန်းလ said...

မှတ်သားစရာတွေတပုံကြီးပါတယ်..ကြိုက်တယ်ဗျာ..
ကျေးဇူးအထူးတင်ရှိပါကြောင်း.ကိုအောင်ရေ....

MyowinZaw said...

ဆရာကြီးရဲ့ကဗျာအပေါ်ခံယူချက်ကတော့ ကြိုက်တယ်ဗျာ

ခေါင်ခေါင် said...

ဒီပိုစ့်လေး လည်းကောင်းတ.ယ်။။။။
ကျေးဇူးပဲ အစ်ကိုရေ...