Friday, 9 January 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၂)


ရေးသူ-
ရန်ကုန်ဘဆွေ

ယခင်အပိုင်း(၁)မှ အဆက် … … …

ထိုရွာကလေးတွင် မြစ်ဝကျွန်းပေါ် တာဝန်ခံ ဗိုလ်အောင် ဆိုသူကို တွေ့ကြ
ရလေသည်။ ဗိုလ်အောင်သည် ကုတ်အင်္ကျီဖါးဖါးကြီးကို ၀တ်လျက် နှစ်လို
ဘွယ်သောအပြုံးဖြင့် စာရေးသူတို့အား တဲလျားကြီးအတွင်းမှ ဆီးကြိုနှင့်
သည်။ ထို့နောက် စာရေးသူတို့နှင့် ၀ါးခယ်မ သခင်အောင်သင်းကြီးအား
“နေ၀ံ တနေ့ပင်လျှင် ခရီးထွက်ရမည်” ဟု အမိန့်ပေးသည်။ စာရေးသူက
ဖျာပုံခရိုင်ကိုစီး၍ သခင်အောင်သင်းက မအူပင်ခရိုင်ကို စီးထားရမည် ဆို၏။
မြို့ပိုင် နယ်ပိုင် အရေးပိုင်တို့နှင့် ညှိနှိုင်းတိုင်ပင်ပြီး လက်နက်ချခိုင်း၍ မရလျှင်
ဝါးချွန်တပ်၊ ဓါးတပ်ဖွဲ့ပြီး တက်တိုက်ရမည်ဟု ဆို၏။ ထို့နောက် မော်လမြိုင်
ဘက်မှ ထွက်လာကြမည့် ဗိုလ်ရန်နိုင်တို့တပ်ကို ကြိုဆို၍ အနေအထား
ကောင်းသော နေရာတို့ကို ပြပေးရမည် လိုအပ်သော လက်နက်ရိက္ခာ အကူ
အညီ ပေးရမည်ဟု ဆို၏။

စိတ်ချရသည့် အတွင်းတော်လှန်ရေးသမားများကို တပ်သားအဖြစ် ထည့်ပေး

လိုက်ပြီးလျှင် အချက်ပေးလိုက်သည်နှင့် မိမိတို့ သေနတ်ကို မိမိတို့ ပိုက်၍
ထွက်ခဲ့နိုင်ကြရမည်။ “မူတူး” (ဂျပန်ကိုခေါ်သည့် ဘီအိုင်အေတပ်သားတို့၏
ဘန်းစကား) တပ်တွေကို တပ်ကိုတပ်ချင်း ၀င်စီး နိုင်ကြရမည်ဟု ဆို၏။ ထို့
နောက် ဗိုလ်မြင့်ဆွေ ဆိုသူအား ရှာဖွေ၍ အမြန်ဆုံး ဗိုလ်စကြာနှင့် သွားရောက်
တွေ့ဆုံရန် သတင်းပေးလိုက်ပါဟု ဆို၏။

ဗိုလ်အောင်သည် စာရေးသူတို့အား ဤအတိုင်း ရက်ရက်စက်စက် အမိန့်
ပေး၏။ ထိုအချိန်အခါသည် တောနယ်များ၌ တိုင်းပြည်ပျက်နေသော အချိန်
အခါဖြစ်၏။ အုပ်ချုပ်ရေး ကင်းမဲ့နေသောကြောင့် လုယက်တိုက်ခိုက်သူများ
ကို ကြောက်နေကြရသည့် အခါဖြစ်၏။ ထို့ကြောင့် ရေကြောင်းရော ကုန်းကြောင်း
ပါ ကင်းတွေပိတ်ဆို့၍ ချလျက် မျက်နှာစိမ်း မြင်လျှင် အကျိုးအကြောင်း ပြော
ဆိုဖြေရှင်းမှုကို နားထောင် မနေကြတော့ဘဲ၊ ၀ိုင်းဝန်းခုတ်ထစ် သတ်ဖြတ်လိုက်
သော အချိန်ဖြစ်၏။ ထိုအချိန်မျိုးတွင် စာရေးသူနှင့် သခင်အောင်သင်းတို့ လှေ
ငယ်တစင်းကို ပေးအပ်လိုက်ခါ နောက်တနေ့ ညနေချမ်းတွင် ခရီးထွက်စေခဲ့၏။

ကြိုတင် မြှော်လင့်ထားကြသည့်အတိုင်း ရွာကင်းဆိပ်တိုင်းက အတင်းခေါ်ကြ၏။
အချို့ ရွာသူကြီးများသည် ကိုယ့်သေနတ် ကိုယ်ပိုင်နေကြသည့် ပုလိပ်များကို
အခကြေးငွေပေးလျက် ခေါ်ယူထားကြ၏။ ထိုပုလိပ်တို့သည် ထိုအချိန်အခါက
နိုင်ငံရေးသမားများပေါ်တွင် မည်ကဲ့သို့ သဘောထားကြလိမ့်မည်နည်းဟု တွေး
ခေါ် ဆုံးဖြတ်နိုင်ရန် ခဲယဉ်း၏။

ထို့ကြောင့် ဟန်ပန်လေသံတို့ကို နားထောင်လျက် ခေါ်တိုင်းမဆိုက်ဝံ့ဘဲ ဖြစ်
နေရာ သေနတ်ဖြင့် အပစ်ခံကြရတော့သည်။
ထိုကဲ့သို့ တထိတ်ထိတ်နှင့် ရှိနေကြရသည့်အထဲတွင် သခင်အောင်သင်း
ကလည်း အောက်သားဖြစ်ပါလျက် (မှတ်ချက်။ ။အောက်သား=အောက် ဗမာ
ပြည်သား) လှေကို ကောင်းစွာ မလှော်တတ်၊ ထောင်ထောင် မောင်းမောင်းနှင့်
အားခွန်ဗလ ကောင်းသော်လည်း လှေမလှော်တက်သောကြောင့် အားစိုက်
လှော်လိုက်လျှင် လှေကမသွားဘဲ ၀ပ်နေ၏။ ထို့ကြောင့် ဘယ်ရွာကများ
လှေချင်း ထွက်လိုက်လာပါ့မလဲဟု စိုးရိမ်စိတ်ဖြင့် တထိတ်ထိတ် ရှိနေရ၏။

ထို့ထက်ဆိုးသည်ကား ဤရေကြောင်းကို မသွားဘူးသောကြောင့် လမ်းမှား
မည်ကို စိုးနေရ၏။ အသွားအလာ ကလည်းမရှိ၊ ရွာရပ်ကို တွေ့လျှင်လည်း
ဝင်မမေးဝံ့ဘဲ ဝေးဝေးက ကွင်းရှောင်နေရ၏။ မြေပုံကို တဖြန့်ဖြန့် ကြည့်နေ
ကြရသော်လည်း ရေကြောင်း၏ အကွေ့အကောက်ကို တွေ့မှသာ အတော်
စဉ်းစားချင့်ချိန်လျက်၊ မှန်နိုင် မမှန်နိုင် ဝေခွဲယူကြရ၏။ နောက်ဆုံးတွင် လှေနှင့်
ဆက်လက် မသွားဝံ့သောကြောင့် ခြေလျင်ခရီးဆက်ကြ ရပြန်၏။

ပို၍ ဆိုးလာပြန်လေသည်။ ကွင်းထဲက ဖြတ်လျှင်လည်း ရွာတွေက လန့်ကြ၏။
တုံးတွေ သံချောင်းတွေ ခေါက်လျက် ဒုတ်, ဓါး,သေနတ်တို့ဖြင့် နှစ်ရွာ သုံးရွာက
ဝိုင်းဝန်းလိုက်ကြ၏။ ရွာတွေထဲသို့ စွန့်ဝင်လျှင်လည်း ခနအတွင်း ကျီးပြိုသလို
တရွာလုံး လှုပ်ရှားလာကြပြီး ဒုတ်တွေ ဓါးတွေနှင့် ၀ိုင်းဝန်း လိုက်ကြပြန်၏။ လိုက်
သူများသည် ဖြေရှင်းပြနေသည်ကို တယောက်မျှ ရပ်စောင့် နားထောင်နေမည့်
သူမျိုးမပါရှိ။

ဤသို့ အကြိမ်ကြိမ်ခံကြရတိုင်း စာရေးသူရော သခင်အောင်သင်းပါ ဗိုလ်အောင်
ကို စိတ်ဆိုးကြသည်။
တော်တော် ရက်စက်သည်။ ဆင်ခြင်တွေးတောမှု ကင်းမဲ့စွာ အမိန့်ပေးရက်
သည်ဟု တဖျစ်တောက်တောက် ခြေလှမ်းတိုင်း ရေရွတ်လာကြ၏။

သို့သော် …… ဗိုလ်အောင်သည် ကိုယ်တိုင် ဓါးလွတ်ကို ကိုင်လျက်၊ ဓါးတပ်
ဝါးချွန်တပ်တို့ဖြင့် မြောင်းမြမြို့ကို ၀ိုင်းထားပြီးမှ မြို့ပြအုပ်ချုပ်မှုဆိုင်ရာ
အရာရှိကြီးများနှင့် တွေ့ဆုံ၍ အပြေအလည် အာဏာသိမ်းယူခဲ့သည်ဟု
ကြားရသောအခါ “သူကိုယ်တိုင်လဲ ခပ်ရမ်းရမ်းစွန့်တတ်သားဘဲ” ဟု စာရေး
သူတို့က စိတ်ပြေ ကုန်ကြ၏။

တဖြေးဖြေးနှင့် “ဗိုလ်အောင်”၏ အကြောင်းကို သိလာကြ၏။ သူတပါးကို ခိုင်း
ရမည် ဆိုလျှင်လည်း ရက်ရက်ရောရော ခိုင်းသူဖြစ်၏။ မိမိကိုယ်တိုင်လုပ်ရမည်
ဆိုလျှင်လည်း ရက်ရက်ရောရော လုပ်သူဖြစ်၏။

ဘီအိုင်အေ တက်အလာတွင်၊ ဗမာပြည်ရှိ အတွင်းတော်လှန်ရေး တပ်ဖွဲ့ဝင်
အားလုံးတို့အား ဂျပန်တွေ အခြေမခိုင်မမြဲမီ။ ပြန်ချရန် တပ်ဖွဲ့တွေ ဖွဲ့ကြရ
မည်ဟု ညွန်းကြား၏။ ထိုညွန်းကြားချက်၌ မော်လမြိုင်တွင် ဂျပန်တို့ပြုမှုချက်
ကို ဖေါ်ပြ၍ ညွန်းကြားထား၏။

သို့ရာတွင် ထိုညွန်းကြားချက်အတိုင်း၊ ဂျပန်တိုက်ရန် တပ်ဖွဲ့ ဖွဲ့သူတို့ကား
ပုသိမ်တွင် ဗိုလ်ဝင်း (ယခု ဗိုလ်မှူးကြီးဝင်း) သည် ဗြောင်စစ်တပ်ဖွဲ့၏။
(ဗြောင်=ပေါ်တင်) မြောင်းမြတွင် ဗိုလ်အောင်သည် ဗြောင်စစ်တပ်တ၀က်၊
ပြောက်ကျားစစ်တပ် တ၀က်ဖွဲ့၏။ ဖျာပုံခရိုင်တွင် စာရေးသူသည် ပြောက်
ကျားစစ်တပ် ဖွဲ့၏။ (အထက် ဗမာပြည်အတွက်မူ ဂျပန်တိုက်ရန်တပ်၊ ဖွဲ့
ဖြစ်သည် မဖွဲ့ဖြစ်သည် မသိရ။)

ညွန်ကြားအမိန့်ပေးထားသူတို့သည် အခြားတာဝန်များကို လွှဲပြောင်းယူ
ကုန်ကြရသောအခါ ထိုညွန်ကြားထားချက်ကို မည်သူမျှ မကောက်ကြဘဲ၊
ပြန်မဖြေကြဘဲ၊ အမှတ်မထင် ပစ်ထား လိုက်ကြ၏။

ထို့ကြောင့်လည်း ရန်ကုန်နှင့် အနီးဆုံးဖြစ်သော သခင်အောင်သင်း(ထိုခေတ်
က စစ်အရေးပိုင်- မအူပင်) ကို ဂျပန်က စစ်တပ်ဖြင့် လာရောက် ဖမ်းဆီး၏။
လက်နှစ်ဘက်ကို လက်ထိပ်စုံခပ်လျက် ရုံးလှေကားပေါ်မှ ဒရွတ်တိုက် ဆွဲချ
သွားခြင်း ခံရ၏။

ဤတွင် စာရေးသူက သက်ဆိုင်ရာများထံသို့ အရေးတကြီး သွားပြော၏။
တောထဲမှ လွတ်လာကြသော သခင်အချို့သည် ရွှေတောင်ကြားလမ်းသို့
ရောက်နေကြ၏။ ထိုအထဲမှ တဦးက …..
“သခင်အောင်သင်းကို ဂျပန်ဖမ်းတာ မတတ်နိုင်၊ ဂျပန်တို့က သတ်ပစ်လျှင်
လည်း သေပေစေ၊ တော်လှန်ရေး တခုလုပ်လျှင် ဤလိုဘဲ သေကြရသည်။
ခင်ဗျားတို့ဟာ တခုခုကလေး ခံရလျှင် ဘာဖြစ်ကုန်ပြီ ညာဖြစ်ကုန်ပြီနဲ့ ငိုငြီး
နေတဲ့ လူတွေဘဲ ခင်ဗျားတို့ အလုပ်သမားမဟုတ်သေးဘူး ပီးတော့ ကိုယ့်မှား
လို့ ကိုယ်ခံရတာပါလား ဆိုတာ ခင်ဗျားတို့ သဘောမပေါက်ကြဘူး၊ ခင်ဗျား
တို့ကို ဘယ်သူက ဂျပန်ပြန်တိုက်ဘို့ တပ်တွေ ဖွဲ့စည်းရမယ်လို့ ပြောသလဲ၊
ခင်ဗျားတို့က ကိုယ်ထင်ရာ ကိုယ်လုပ်ယင်၊ ဒီမှာ ဂျပန်လက်ထဲမှာ ရောက်နေ
ကြတဲ့ လူကြီးတွေ အကုန်အသတ်ခံ ကုန်ကြရလိမ့်မယ် ဆိုတာ နားမလည်း
ဘူးလား အမှန်တော့ ခင်ဗျားတို့ကို ဂျပန်လက်ထဲ တခါတည်း အပ်လိုက်ဘို့ဘဲ
ကောင်းတယ် … ” ဟု ဒေါသကြီးစွာဖြင့် ပြောနေ၏။

စာရေးသူသည် မည်သည်အခါမှ မမေ့နိုင်ဘဲ နာကျည်စွာနှင့် ထွက်လာခဲ့
သည်။ ယခု အဖမ်းခံရသော သခင်အောင်သင်းကြီး အတွက်ကား ကြိုးစား
လျှင် လွတ်နိုင်၏။ ရဲဘော် ၃၀ ကျော်မျှသာ ထင်ထင်ရှားရှား ထားရှိသဖြင့်
မြို့ပြအုပ်ချုပ်ရေး အတွက်ဟု အကြောင်းပြနိုင်၏။ အကယ်၍ ဗိုလ်အောင်နှင့်
ဗိုလ်ဝင်း တို့ကို ဖမ်းခဲ့သော် ….

မြောင်းမြ၌ ဗိုလ်အောင်သည် တပ်ရင်းတခုကျော် မျှသော လူသူလက်နက်
တို့နှင့် ရှိနေ၏။ ပုသိမ်တွင် ဗိုလ်ဝင်းသည် တပ်ခွဲ နှစ်ခုစာခန့် လူလက်နက်
အပြည့်အစုံနှင့် ရှိနေ၏။ ထိုတပ်တို့သည် ဂျပန်ကိုခံတိုက်ကြရန် အတိအလင်း
ပြောဆို ဖွဲ့စည်းထားသော တပ်တွေ ဖြစ်ကြ၏။

စာရေးသူသည် အလွန်ပူပင်သောက ရောက်လျက် ဆရာချစ်နှင့် နောက်ထပ်
သွားတွေ့၏။ ဆရာချစ် ညွန်းကြားချက်အရ ရွှေတောင်ကြားလမ်းသို့ သွားခဲ့
ရသည်ဖြစ်ရာ၊ ရွှေတောင်ကြားလမ်းမှ ပြောလိုက်သော ခေါင်းဆောင်ကြီး၏
စကားကိုလည်း ဆရာချစ်သို့ ပြန်ပြောပြရ၏။

ဂျပန်တို့ လက်မှ သခင်အောင်သင်း လွတ်မြောက်ရေးအတွက် ဆရာချစ်က
တာဝန် ယူလိုက်၏။ ထို့နောက် ဗိုလ်အောင်နှင့် ဗိုလ်ဝင်းတို့အား တပ်များကို
အမြန်ဆုံး ဖျက်သိမ်း၍ ရန်ကုန်သို့ လိုက်ပါလာကြရန်လည်း ညွန်ကြား
ပေးလိုက်၏။

ရဲဘော်တွေ ငိုကြရယ်ကြ ဖြစ်နေသည့် အကြားမှ ဗိုလ်အောင်နှင့် ဗိုလ်ဝင်း
တို့က ဂျပန်တိုက်ရန် တာစူထားသော တပ်တွေကို ဖျက်လိုက်ကြ၏။ နာရီ
ဝက်မျှသာ ဦးလေသည်။ ရဲဘော်တွေ တပ်ဖွဲ့ အဆောက်အဦးတွင်းမှ
မရှင်းလင်းမီ ထိုတပ်ဖွဲ့တို့ကို ဖမ်းဆီး အရေးယူကြမည့် ဂျပန် စစ်သင်္ဘော
များ မြို့ဆိပ်သို့ ဆိုက်ကပ်လာကြ၏။

မျှော်လင့်ထားကြသော ဂျပန် ဗမာတိုက်ပွဲ မဖြစ်ကြရတော့ဘဲ၊ ဗိုလ်အောင်
တို့ ရန်ကုန် ရောက်ကြသောအခါ ဗိုလ်အောင်သည် ဘီအိုင်အေ တပ်မတော်
တွင် ဆက်လက် အမှုထမ်းလျက် ဗိုလ်မောင်မောင် ဟူသော နာမည်ရင်းနှင့်
အထက်ဗမာပြည်သို့ ပါသွားရသည်။ ထို့နောက် ဗမာ့ ကာကွယ်ရေး တပ်
မတော် ဘီဒီအေ ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးလက်ထောက်
မှူး ပြုလုပ် နေရ၏။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

2 comments:

ဆောင်းယွန်းလ said...

မျှဝေမှုအတွက်အလွန်ဘဲကျေးဇူးတင်ပါတယ်ကိုအောင်..
ခင်မင်လျက်...

လူသစ် said...

စာအုပ်မျက်နှာဖုံးကိုကြည့်တော့ မမှတ်မိဘူး။ ဒါပေမဲ့ ဒီစာတွေကို ဖတ်ခဲ့ဘူးတယ်။ ဒါပေမဲ့ ပထမဆုံးရဟတ်ယာဉ်သုံးပြီး ကယ်တင်တယ်ဆိုတာလဲ မမှတ်မိပြန်ဘူး။ ဆက်ရေးစမ်းပါအုန်းဗျ။