Wednesday, 7 January 2009

ဒို့ကျောင်းနဲ့ဒို့ဂါထာ၊ဒို့အရပ်နဲ့ဒို့ဇာတ် အပိုင်း(၅)


ရေးသူ -
စစ်ငြိမ်းဒီရေ

ကိုပွကြီးတို့ ရန်ပွဲအတွင်း ပြိုကျသွားသော အိမ်နှစ်လုံးသည် ထိုရန်ပွဲ
မတိုင်ခင်က တော်တော်လေး ပျက်စီး နေတဲ့ အိမ်များဖြစ်ပါတယ်။
အိမ်ခေါင်မိုး အပေါက်များစွာဖြင့် ကြယ်မြင် လမြင်ပါ။ ရန်ပွဲအပြီး ကိုပွကြီး
တို့ အုပ်စု ပြန်ဆောက်ပေးလိုက်မှ ထိုအိမ်များလည်း ယခင်ထက် သန့်
ပြန့်ပြီး နေချင်စဖွယ် အိမ်များ ဖြစ်လာပါတယ်။ အဲဒီအိမ်များ ရှိရာ လမ်း
တလျှောက်သည် မိုးရာသီတွင် ရွံ့ဗွက်အိုင် များစွာ ရှိပါတယ်။ ထိုကြောင့်
ကျနော်တို့ ကလေးငယ် တသိုက်က “အသက်တစ်ရာ မနေရ၊ အခက်
တစ်ရာ ပွေရ” သီချင်း စာသားကို ဖျက်ပြီး “အသက် တစ်ရာ မနေရ၊
ဗွက် တစ်ရာ ကျော်ရအုံးမယ်” လို့ နောက်ပြောင်လေ့ ရှိပါတယ်။

ရပ်ကွပ်အတွင်း အားပြိုင်မှုတွေက မပြီးဆုံးခဲ့ပါဘူး။ အသက်ရှင်သန်
နေထိုင်ဖို့ ပိုက်ဆံ လိုတယ်။ ပိုက်ဆံရဖို့ ဘာမဆို လုပ်မယ်။ အူမ
တောင့်မှ သီလ စောင့်မယ် ဆိုတဲ့ လူတွေနဲ့ ပြုပြင်ပြောင်းလဲရေးကို

လိုလားတဲ့ သူတွေအကြား အမြဲတမ်းပဲ အားပြိုင် ခဲ့ကြပါတယ်။ အဲဒီ
ဒေသတွေက ယခုခေတ်တော့ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် လူထုခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ဗဟန်းမြို့နယ် အမှတ်(၁)
မဲဆန္ဒနယ်ထဲက ရပ်ကွပ်လေး တစ်ခုအဖြစ် ရှိခဲ့ပါပြီး။

ကိုပွကြီးတို့ တက္ကသိုလ် စ’တက်တဲ့ အချိန်မှာဘဲ ပြုပြင်ပြောင်းလဲရေးကို
လိုလားတဲ့ လူကြီးသုံးယောက် (တကယ့်လူ၊ အလံနီ ဦးရဲမြင့်၊ ဦးထွန်းရီ)က
ဦးဆောင်ပြီး ရပ်ကွပ်ထဲက ကျူရှင်မတက်နိုင်တဲ့ အထက်တန်းကျောင်းသား
တွေ အတွက် အခမဲ့ ကျူရှင်ကျောင်းလေး တစ်ခုကို ညဖက်မှာ ဖွင့်လှစ်နိုင်
ခဲ့ပါတယ်။ ကျူရှင်ဆရာတွေက လက်ချိုးရေတွက်ရင် လက်ငါးချောင်း မပြည့်
တဲ့ ကိုပွကြီးတို့ တက္ကသိုလ် ကျောင်းသားအုပ်စုပါ။ သို့ပေမဲ့ မကောင်းတဲ့
လုပ်ငန်းနဲ့ ၀င်ငွေများစွာ ရရှိသူများနှင့် အာဏာရှိသော ရပ်ကွပ် လူကြီးများ
က သူတို့ရယ့် သားသမီးများကို အဲဒီ အခမဲ့ ကျူရှင်ကို မတက်ခိုင်း ခဲ့ပါဘူး။
မိုးတွေက ရွာ၊ မီးမလာတဲ့ ညဖက်တွေမှာ “မုန့်ဖက်ထုတ်” လိုက်ရောင်းတဲ့
အသံတချို့နဲ့၊ မနက် မိုးလင်းရင် “ဘူတာ၊ ကလီ” လို့ ကားစပယ်ယာတွေ
ရယ့် အော်သံတွေကြားမှ အရပ်ထဲက လူငယ်တွေအားလုံး အနာဂတ်ကို
စိတ်ကူးယဉ် ခဲ့ကြပါတယ်။

တစ်နေတော့ ရပ်ကွပ်ထဲ မြွေဆိုးဝင်လာသလို အဖြစ်တစ်ခု ဖြစ်လာပါတယ်။
ရပ်ကွပ်အတွင်းထဲက ရေနံဆီမှောင်ခို လုပ်တဲ့ အိမ်တစ်အိမ်နဲ့ အဲဒီအိမ်
နံဘေးက “တိုရှည်” ရောင်းတဲ့ မုဆိုးမ ကုလားမကြီး မိသားစု အိမ်အကြား
မှာ ဆေးခြောက်ရူသူ လူငယ်တစ်စုက ဆေးရူ ကြပါတယ်။ ဖြစ်ချင်တော့
ဆေးခြောက်ရူရာ ကနေ ဆေးလိပ်မီးစက လမ်းကြားထဲမှာ ဖွက်ထားတဲ့
ရေနံဆီပုံးကို သွားထိပါတယ်။ မီးက ပထမ နည်းနည်းဘဲ စ’လောင်း ပါ
တယ်။ ကောင်စီလူကြီးနဲ့ အရန်မီးသတ်တွေက မီးငြိမ်းဖို့ လုပ်ပါတယ်။
အဲဒီချိန်မှာ ကိုပွကြီးတို့ အုပ်စုက လမ်းမီးတိုင်တွေကို ခေါက်ပြီး မီးလောင်း
နေကြောင်း တစ်ရပ်ကွပ်လုံး သိအောင် လုပ်ပါတယ်။ ဒါနဲ့ အရပ်ထဲမှာ
ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ လူကြီးသုံးယောက်က တာမွေမီးသတ်
ကို တယ်လီဖုန်းဆက်ဖို့ ကောင်စီလူကြီးကို ပြောပါတယ်။ အဲဒီခေတ်က
တစ်ရပ်ကွပ်လုံးမှာ တယ်လီဖုန်းရှိတဲ့ အိမ်က နှစ်အိမ်ဘဲ ရှိပါတယ်။

ကောင်စီလူကြီးနဲ့ အရန်မီးသတ်တွေက မီးခိုတွေပဲ ထွက်နေတာ မီးက
ဒီလောက် မများဘူး ဆိုပြီး တာမွေမီးသတ်ကို ဖုန်းမဆက်ပဲနဲ့ သူတို့
နည်း သူတို့ဟန်နဲ့ မီးငြိမ်းဖို့ ကြိုးစား ကြပါတယ်။ ဒီလိုနဲ့ မီး စ’လောင်း
ပြီး ဆယ့်ငါး မိနစ်လောက်လည်း ကြာရော နံဘေးက “တိုရှည်” ရောင်း
တဲ့ မုဆိုးမ ကုလားမကြီးအိမ်ကို မီးကူး ပါလေရော။ အိမ်က ဓနိမိုး၊ ထရံ
ကာ ဆိုတော့ မီးလောင်းတဲ့ ခဏလေးအတွင်း ပစ္စည်းတောင် ယူချိန်
မရလိုက်ပါဘူး ကုန်ပါတော့တယ်။ ကိုပွကြီးတို့ သူငယ်ချင်း တသိုက်နဲ့
ရပ်ကွပ်ကို ပြောင်းလဲစေခြင်းတဲ့ လူကြီးတွေ၊ လူငယ်တွေက ကောင်စီ
လူကြီးနဲ့ အရန်မီးသတ်တွေကို အမြင်ကပ်ပြီး လက်ပိုက် ကြည့်နေ
ပါတယ်။ မီးက တဖြည်းဖြည်း များလာပါတယ်။ အဲဒီတော့မှ ဖုန်းဆက်
လိုက်လို့ တာမွေမီးသတ်က မီးသတ်ကားတွေ ရောက်လာပါတယ်။
သို့ပေမဲ့ ရပ်ကွပ်အတွင်း ၀င်တဲ့လမ်းပုံစံက အချိုးမကျလို့ မီးသတ်ကား
ဝင်လို့ မရသလို၊ လာတဲ့ မီးသတ်ကား မှာလည်း ရေပါမလာပါဘူး။ မီး
လောင်း နေတဲ့ နေရာနား တ၀ိုက်က မဟုတ်တဲ့ အလုပ်မျိုးစုံကို အဓိက
လုပ်စားတဲ့ သူတွေက “ကယ်ပါ၊ ယူပါ” အသံတွေနဲ့ ဆူညံ နေပါတယ်။
ရပ်ကွပ်ထဲမှာ သြဇာရှိတဲ့ ဆရာတော်က ၀ိုင်းကူဖို့ ပြောဆိုမှ လက်ပိုက်ကြည့်
နေတဲ့ လူတွေ အားလုံး တက်ညီလက်ညီ ကူပါတော့တယ်။

မီးသတ်တွေကြောင့် မီးမငြိမ်းပဲ အရပ်ထဲက ပြုပြင်ပြောင်းလဲရေးကို
လိုလားတဲ့ ကိုပွကြီးတို့ အပါအ၀င် လူတသိုက်ကြောင့် မီးငြိမ်းခဲ့ပါတယ်။
အရင်က “တဇောင်းစေးနဲ့ မျက်ချေး” ဖြစ်နေတဲ့ မကောင်းတဲ့ လုပ်ငန်းတွေ
ကို လုပ်စားတဲ့ လူများလည်း ကိုပွကြီးတို့လို ရပ်ကွပ်ပြုပြင်ပြောင်းလဲရေးကို
လိုးလားတဲ့ လူတွေအပေါ် စတင်ပြီး အမြင်ကြည်လင် သွားပါတယ်။
မီးလောင်မှုကြောင့် ဆုံးရှုံးသွားတဲ့ အိမ် လေး၊ ငါးလုံးကို ရပ်ကွပ်ထဲက ဆရာ
တော်ဘုန်းကြီးနဲ့ တိုးတက်ရေးကို ကြွေးကြော်နေတဲ့ ကိုပွကြီးတို့ တသိုက်က
လိုက်အလှူခံပြီး ပြန်လည်ထူထောင် ပေးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်နောက်ပိုင်း
မှာ ကျနော်တို့ ရပ်ကွပ်လေး များစွာ ပြောင်းလဲခဲ့ပါပြီး။

ရပ်ကွပ်ထဲက မူလတန်းကျောင်းမှာ ဆယ်တန်းအောင်ပြီးသာ ကိုပွကြီး
တို့ သူငယ်ချင်းတသိုက်က အခမဲ့ ကျူရှင်ဆရာများ အဖြစ် ဦးဆောင်ပြီး
ညဖက် ကျူရှင်ကျောင်းလေ အဖြစ် ခိုင်မာစွာ ရပ်တည်လာနိုင်ခဲ့ပါတယ်။
ဖယောင်းတိုင်မီး အလင်းရောင်တွေ ထိန်းထိန်းဝေနေတဲ့ မျက်နှာမွဲဒေသက
လူငယ်တွေ တက္ကသိုလ်ဆိုတဲ့ အိပ်မက်ကို မက်ဖို့ ကြိုးစား ရုန်းကန်ခဲ့ကြ
ပါတယ်။ ကိုပွကြီးတို့ ဆယ်တန်း အောင်တုန်းက လေးယောက်သာ အောင်
ခဲ့ပင်မဲ့ သူတို့ အခမဲ့ ကျူရှင်ဆရာတွေအဖြစ် ပြုစုပျိုးထောင် လိုက်တဲ့ နောက်
နှစ် ဆယ်တန်း အောင်စာရင်းကြီး ထွက်လာပါတယ်။ အဲဒီအောင်စာရင်း
မထွက်ခင် ညနေခင်းမှာ တစ်ရပ်ကွပ်လုံးက ရှိရှိသမျှသော လူတွေ ထူးဆန်း
အံသြဖွယ် တိတ်ဆိတ်ငြိမ်သက် နေကြပါတယ်။ ဆယ်တန်းကျောင်းသား ရှိတဲ့
အိမ်ရော မရှိတဲ့ အိမ်ပါ ဘုရားရှစ်ခိုးပြီး ရပ်ကွပ်ထဲက ဆယ်တန်းကျောင်းသား
တွေ အတွက် ဆုတောင်းပေးနေကြပါတယ်။

ညတစ်နာရီ ကျော်ကျော်မှာ အသံ ဆူဆူညံညံတွေကြောင့် တစ်ရပ်ကွပ်လုံး
လန့်နှိုးသွားပါတယ်။ ဘယ်သူအောင်တယ်၊ ဘယ်သူက ဂုဏ်ထူး ဘယ်နှစ်
ခု၊ ဘယ်သူက B (ခ) စာရင်းမှာ၊ ဘယ်သူ နာမည်တော့ ရှာမတွေ့သေးဘူး။
တစ်ရပ်ကွပ်လုံး ရှိသမျှလူတွေ လမ်းမပေါ်ကို ဘယ်သူမှ မဖိတ်ခေါ်ပဲ ထွက်
လာ ကြပါတယ်။ ဆယ်တန်းအောင်စာရင်း သွားကြည့်တဲ့ ကျောင်းသားတွေ
နဲ့ ကိုပွကြီးတို့ ကျောင်းသား အုပ်စုကြီး ချီတက်သွားတဲ့ နောက်ကို လူတွေ
စုပြုံးပြီး သတင်းလိုက်မေးရင် လိုက်ပါ သွားကြပါတယ်။ သူတို့ အုပ်စုကြီးက
ရပ်ကွပ် ပြုပြင်ပြောင်းလဲရေးကို ကြွေးကြော်တဲ့ လူကြီးသုံးယောက်ထဲက
(တကယ့်လူ) ရယ့် အိမ်ရှေ့မှာ ရပ်တန့်သွားပါတယ်။ ဆယ်တန်း စာမေးပွဲ
ဖြေဆိုထားတဲ့ ကျောင်းသားတွေက ကိုပွကြီးရယ့် ခန္ဓာကိုယ်ကို အုပ်စုလိုက်
အပေါ်ကို မျှော်ပင့်နေပြီး ကျီစယ် ပျော်ရွှင် နေကြပါတယ်။ အဲဒီနှစ် ဆယ်တန်း
စာမေးပွဲကို ရပ်ကွပ်ထဲက ဆယ်တန်းကျောင်းသား နှစ်ရာနီးပါး ၀င်ဖြေခဲ့ရာ
ငါးဆယ်ကျော် A- အဆင့်နဲ့ အောင်ပြီး၊ နှစ်ဆယ်ကျော်လောက် B- အဆင့်နဲ့
အောင်မြင် ခဲ့ပါတယ်။ ဘာသာစုံ ဂုဏ်ထူးထွက်သူ နှစ်ဦးနဲ့ ဂုဏ်ထူးနဲ့
အောင်မြင်တဲ့ ကျောင်းသား ကျောင်းသူ အမြောက်အများကို မျက်နှာမွဲ ရပ်ကွပ်
လေးက မွေးထုတ် နိုင်ခဲ့ပါတယ်။

လိုအပ်နေတာ တွေ့ရင် ကူညီရိုင်းပင်ရမယ်လို့ အစွဲအလန်းကြီးတဲ့ ကိုပွကြီး
တစ်ယောက် တက္ကသိုလ်မှာလည်း သူငယ်ချင်းတွေအတွက် အစားထိုး
လက်မှတ် ထိုးပေးတာတို့၊ စာဝိုင်းကူ ပေးတာတို့ ဆက်လက်ဆောင်
ရွက်နေတယ်လို့ သတင်းတွေ ကြားရပါတယ်။ တနေ့တော့ ကိုပွကြီးတို့
မိသားစု နေထိုင်တဲ့ လမ်းကျဉ်းလေး ရှိရာဆီ မာစီဒီကားတစ်စီး ၀င်သွားပါ
တယ်။ ရပ်ကွပ်ထဲက ကျနော်တို့ ကလေးတသိုက်လည်း ဘုရားပွဲမှာ
“မျောက်ဖိုးစိန်” ဟာသပွဲ ကြည့်သလို အဲဒီကား ဘယ်အိမ်ကို သွားသလဲ
ဆိုတာ လိုက်ပြီး စပ်စုကြပါတယ်။ အဲဒီကားပေါ်မှ ဆံပင်အရှည်ကြီးကို
ပိုင်ဆိုင်သော ချောမောလှပတဲ့ တက္ကသိုလ်ကျောင်းသူ အမကြီးတစ်ယောက်
အပါအ၀င် ကျောင်းသူ တချို့ ကားပေါ်က ဆင်းလာပြီး ကိုပွကြီး အမည်ကို
မေးမြန်းကာ သူတို့အိမ်ပေါ် တက်သွားကြ ပါတယ်။ ရပ်ကွပ်ထဲက အိမ်နီး
နားချင်းတွေ၊ ကလေးတွေလည်း ကိုပွကြီးတို့ အိမ်နံဘေးမှာ ရစ်သီ ရစ်သီ
နဲ့ ၀တ္ထုထဲက ဆားပုလင်းနှင်းမောင်လို စူးစမ်း နေကြပါတယ်။

မိနစ် နှစ်ဆယ်လောက် အကြာမှာ ဧည့်သည်ကျောင်းသူတွေ ကိုပွကြီးတို့
အိမ်ပေါ်က ဆင်းလာပြီး သူတို့ စီးနင်းလာတဲ့ မာစီဒီကား ရပ်ထားရာ နေရာ
ကို ထွက်လာကြ ပါတယ်။ အဲဒီအချိန်မှာ နေမကောင်းဖြစ်လို့ ကျောင်းမတက်
နိုင်တဲ့ ကိုပွကြီးက သူ့ သူငယ်ချင်းတွေကို ကားနံဘေးအထိ လိုက်ပို့ပြီး
နုတ်ဆက်စကားတွေ ဆိုနေပါတယ်။ ဆံပင်ရှည်ရှည်နဲ့ အရမ်းချောမော
လှပတဲ့ တက္ကသိုလ်ကျောင်းသူ အမကြီးကို ကျန်ကျောင်းသူများက ကိုပွကြီး
နေမကောင်း ဖြစ်နေတာနဲ့ ပက်သက်ပြီး အရမ်းစိတ်မပူဖို့
… အဖြစ်သဲနေတယ်လို့ … ၀ိုင်းပြီး စ’နောက် နေကြပါတယ်။ အဲဒီဧည့်သည်
တွေ စီးနင်းလိုက်ပါလာတဲ့ ကားကြီး ပြန်လည်ထွက်ခွာ သွားချိန်မှာ ကျနော်တို့
ကလေးငယ် တသိုက်က … ….. …

“ကြက်ကန်း ဆန်အိုး တည့်တည့်တိုးတာ ဘယ်သူလဲ … ဘယ်သူလဲ … ကိုပွကြီး
ကိုပွကြီး”

လို့ စ’နောက်ပြီး ထွက်ပြေး ခဲ့ကြပါတယ်။ သူ့ကို စ’နောက် ဟစ်အော်သွားတဲ့
ကျနော်တို့ ကလေးငယ်တသိုက်ရယ့် နောက်ကျောကို ကိုပွကြီး တစ်ယောက်
စိတ်မဆိုးပဲ ကြည်နူးစွာ ကြည့်နေမယ်ဆိုတာ ကျနော်တို့ သိပြီးသာပါ။

(ဤမျှသာ။)


4 comments:

ဆောင်းယွန်းလ said...

ဆွဲဆောင်မှုအပြည့်ရှိတဲ့ဖြစ်ရပ်မှန်တွေပါလား...
ဆက်ရန်မျှော်နေမယ်ကိုအောင်ရေ...
ခင်မင်လျက်...

လင်းထက် said...

ရပ်ကွက်လေး ရဲ့ တိုးတက်ဖြစ်ထွန်းလာမယ့် ဖြစ်ရပ်တွေနဲ့ ကိုပွကြီး ရဲ့ နောင်ဖြစ်လာနိုင်မယ့် အချစ်ဇာတ်လမ်းလေး ကို စောင့်မျှော် ဖတ်ရှုနေမယ် ကိုအောင်ရေ..။

thorn musem said...

ကိုအောင်ရေ...
စိတ်ဝင်စားဘို့ ကောင်းတယ်...
ဖတ်၇တာပျော်စရာကောင်းသလို ...
ဂျစ်တိုက်တဲ့ နေရာလေးတွေ ရောက်ရင် ပြုံးမိတယ်...။
ဥပမာ...လက်ပိုက်ကြည့်နေတာလေးပေါ့...။
တိုင်းပြည်က လူနဲ့ နေရာတွေ မှားနေတာ....။
ဆက်ရေးပါ..စောင့်ဖတ်နေပါတယ်ညီလေးရေ..။

ပျူနိုင်ငံ said...

ကိုဆောင်းယွန်းလ၊ လင်းထက်၊ ကိုသစ်နက်ဆူး တို့
ခင်ဗျာ ကျနော့်အခန်းဆက်က ဒီအပိုင်းမှ ပြီးသွားပြီး
စာပိုဒ်အောက်ဆုံးမှာ “ဤမျှသာ” လို့ ရေးထားပါ
တယ် အကိုတို့ ခင်ဗျာ။ လာရောက်အားပေး ဖတ်ရူ
ကြတာ အရမ်းကိုပဲ ကျေးဇူးတင်ပါတယ်။