Thursday, 18 December 2008

ကျွန်တော် ဒဂုန်တာရာကို တွေ့ချင်တယ်


ရေးသူ- စည်သူမြသန်း
(18 June 2008 13:58 ရွှေအမြုတေ စာမျက်နှာမှ)

နိဒါန်း။

ကွယ်လွန်သူ ကဗျာဆရာ ဒေါင်းနွယ်ဆွေသည် ခရီးသွားဆောင်းပါးအဖြစ်
ပုဂံ (သို့မဟုတ်) ရှေးမြန်မာ၏ အိပ်မက်မြို့တော်ကို ရေးသည်။ သမိုင်း
ဆိုင်ရာဆောင်းပါးအဖြစ် “ပုဂံ၏ မရိုးနိုင်သော ပါးစပ်ရာဇ၀င်”ကို ရေးသည်။
သူ ပါဝင်သရုပ်ဆောင်ခဲ့သော အပယ်ရတနာရုပ်ရှင် ဇာတ်ကားကို “ပုဂံ
ခေတ်၏ မေတ္တာအနက်ဖွင့်ရာ အပယ် ရတနာ”ဟု ဆရာဒေါင်းနွယ်ဆွေ
တင်စား ညွှန်းဆိုသည်။


တစ်။

၁၉၅၀ ခုနှစ်တစ်ဝိုက် မြန်မာစာပေလောက၏ အောင်မြင် ထင်ရှားသော
ကဗျာဆရာဆိုသည်မှာ လက်ချိုးရေတွက်၍ ရနိုင်သည်။ ထိုလက်ချိုးရေ၍

ရသော ကဗျာဆရာများထဲမှာ ဆရာ ဒဂုန်တာရာ၊ ဆရာဒေါင်းနွယ်ဆွေ၊
ဆရာနေသွေးနီတို့ ပါသည်။ ဆရာတို့သည် အောင်မြင်ထင်ရှားသည်။
သို့သော် ထိုစဉ်ကာလ၊ ထိုခေတ်အခါက စာပေတွင် နိုင်ငံရေးစံနှင့် နိုင်ငံရေး
အယူဝါဒ လွှမ်းကဲသည်ဖြစ်၍ စာရေးဆရာ၊ ကဗျာဆရာများသည် နိုင်ငံရေးစံ၊
စာပေစံအရ သူ့အုပ်စုနှင့်သူ ဖြစ်နေကြသည်။

ထိုစဉ်က မြန်မာနိုင်ငံ ကဗျာဆရာအသင်းချုပ်တွင် ဆရာဒေါင်းနွယ်ဆွေက
ဥက္ကဋ္ဌ၊ ဆရာနေသွေးနီက အတွင်း ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်ဖြစ်၍
ထိုကဗျာ ဆရာနှစ်ယောက်က တစ်အုပ်စုဖြစ်ပြီး ကဗျာဆရာ ဒဂုန်တာရာက
သီးခြားရပ်တည်သည်။ ဆရာဒေါင်းနွယ်ဆွေသည် သူ့စာပေသက်တမ်း
တစ်လျှောက် ဆရာဒဂုန်တာရာကို ဆန့်ကျင်ခဲ့သူ ဖြစ်သည်ဟု အဆိုရှိသည်။
ဤသည်မှာလည်း သူ့အကြောင်းနှင့်သူ ဆန့်ကျင်ခြင်း ဖြစ်လိမ့်မည်ဟု မှတ်
ချက်ပြုကြသည်။
သို့သော် ...

နှစ်။

သို့သော် လူဆိုသည်မှာ လောကကြီးမှ ကျောခိုင်းထွက်ခွာရန် နီးကပ်ချိန်မှာ
သဘောထား အမြင်များ ပြောင်းတတ်သည်။ မိမိ မှီတင်းနေထိုင်ခဲ့ရာ လူ့
အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား အရှင်းသန့်ဆုံးဖြင့် အာဃာတတရားများ၊
အဆိုးမြင် သဘောထားများ ခ၀ါချကာ လောကကြီးမှ ကြည်လင် အေးချမ်း
စွာ ထွက်ခွာသွားလိုတတ်သည်။ ဆရာဒေါင်းနွယ်ဆွေ၏ ထိုရပ်တည်ချက်နှင့်
စပ်လျဉ်း၍ ကျွန်တော်သည် ဆရာဒဂုန်တာရာနှင့် ဘ၀တစ်လျှောက်လုံး
လက်ပွန်းတတီးရင်းချာသော ဆရာပါရဂူ၏ ရေးသားချက်အချို့ကို အခြေခံ
ကာ ကိုးကားတင်ပြလိုသည်။

ယင်းမှာ ...
သူသည် မရဏညောင်စောင်းဝယ်...
လဲလျောင်းနေရှာသည်။
သူ၏အားမာန်သည် သူ၏ကိုယ်ခန္ဓာမှ ခွဲခွာသွားပြီ။ သူ၏...
ထောင်နေသော နှုတ်ခမ်းမွေးသည် ငိုက်ကျနေသည်။
သူ၏ ကဗျာဥာဏ်သည်...
သူ့ကို စွန့်ခွာသွားပြီ။ မရဏနာရီ လက်တံသည် တစ်ချက်၊ တစ်ချက်နှင့်
ရွေ့ နေသည်။
သူကား နာမည်ကျော် ကဗျာဆရာ ဒေါင်းနွယ်ဆွေ ဖြစ်သည်။
လူမမာ သတင်းမေးလာသူများ သည်...
ဘ၀လမ်းဆုံးသို့ ရောက်တော့မည့် လူမမာကို ငေးကြည့်နေသည်။
မိမိလည်း မျက်လုံး မှိတ်ထားသော လူမမာကို ငေးကြည့်ရင်း...
မိသားစုမှ တစ်ယောက်အား လူမမာ အခြေအနေ မေးမိသည်။
လူနာသည်...
အသံကြား၍ မျက်လုံးဖွင့်ကြည့်သည်။ ဆီကုန်ခမ်းနေပြီဖြစ်သော
မီးတောက် ၀ုန်းခနဲ ထတောက်လာသလိုပင်။
မိမိကိုယ် မိမိမှန်း သိသည့်အခါ...
လူနာသည် မျက်လုံးကျယ်၊ နှုတ်ခမ်းမွေးထောင် လာသလိုပင်။
မိမိကို လက်ယပ်ခေါ်၍ ...
မိမိလူနာအနီး သွားရသည်။
ထိုစဉ်မှာ...

သုံး။

သေဆုံး၊ ကွယ်လွန်အံ့ဆဲ။
ဆရာဒေါင်းနွယ်ဆွေသည် လူမမာ သတင်းမေး လာသော ဆရာပါရဂူ
အား မေတ္တာရပ်ခံ၊ ပန်ကြားစကားတစ်ခွန်း ဆိုလေသည်။ ထိုစကားသည်
ဆရာပါရဂူ ဘ၀တစ်လျှောက် အံ့အားလည်းသင့်၊ ရင်လည်းနာ၊ ကြေကွဲ
စိတ်မကောင်းစွာ ခံစားရသည်။ ထိုစကားကား...
“ကျွန်တော် ဒဂုန်တာရာကို သိပ်တွေ့ချင်နေတယ်။ မသေခင် သူနဲ့တွေ့ပြီး
စကားပြောသွားချင်တယ်။ ဒဂုန်တာရာကို ကျွန်တော့်ဆီ ခေါ်ပေးပါဗျာ”
ကဗျာဆရာ၊ စာရေးဆရာ ဘ၀သက်တမ်းတစ်လျှောက် ဆရာဒဂုန်တာရာ
ကို ဆန့်ကျင်ခဲ့သော ဆရာဒေါင်းနွယ်ဆွေသည် မရဏညောင်စောင်း
အထက်တွင် သူ့သဘောထား၊ အမြင်များကို ပြောင်းလဲပြသွားခဲ့ပြီ။
သို့သော်
ဆရာဒေါင်းနွယ်ဆွေ ဆန္ဒကား မပြည့်ဝခဲ့ရှာ။ ဆရာဒဂုန်တာရာနှင့် လူချင်း
တွေ့ဆုံ စကားပြောခွင့် မရခဲ့ရှာ။ ရန်ကုန်နှင့်ဝေးလံသော မှော်ဘီ၊ မဲဇာမှာ
နေထိုင်သူ ဆရာဒဂုန်တာရာနှင့် ရုတ်ခနဲ အားချင်းတွေ့ဆုံနိုင်ရန် ဆရာပါရဂူ
လည်း စီစဉ်မပေးနိုင်ရှာ။ ဆရာဒေါင်းနွယ်ဆွေကား အားလုံးကို နှုတ်ဆက်
ထွက်ခွာသွားခဲ့ပြီ။ ထိုနေ့ ကား ၁၉၈၅ ခုနှစ်၊ မတ်လ ၂၂ ရက်။

နိဂုံး။

ကျွန်တော်တို့သည် ထိုစဉ်က ဆရာဒေါင်းနွယ်ဆွေ ဈာပနအား ရန်ကုန်
ပြည်သူ့ဆေးရုံကြီး၊ ရင်ခွဲရုံမှကြံတော သုသာန်သို့ လိုက်ပါပို့ဆောင်ခဲ့ကြ
သည်။ သည်မှာ ကျွန်တော်တို့ သူငယ်ချင်းများအုပ်စုမှ ဆရာဒေါင်းနွယ်ဆွေ
၏ စာပေ တပည့်တပန်းများ၊ လက်သင်ကဗျာဆရာများ၊ ဆရာဒေါင်းနွယ်ဆွေ
၏ စာပေ၊ ဘ၀၊ ရုပ်ပုံလွှာကို လေးစားရင်းစွဲရှိသူများ ပြန်လည်ဆုံစည်းဖြစ်
ကြသည်။ ဆရာဒေါင်းနွယ်ဆွေ ဈာပနမှအပြန် ကျွန်တော်တို့ သူငယ်ချင်း
များသည် တစ်နေရာမှာ ထိုင်ဖြစ်ကာ ဆရာဒေါင်းနွယ်ဆွေ (အမှတ်တရ)
စကားဝိုင်းလေး ဖွဲ့ဖြစ်ကြသည်။

ထိုစကားဝိုင်းမှာ...
ဆရာဒေါင်းနွယ်ဆွေ၏ “လောကသစ္စာကို ရှာဖွေခြင်း” ကဗျာစာအုပ်
ကို အကြောင်းပြု၍ ကျွန်တော်တို့သည် “လောကသစ္စာ”ကို ဆက်လက်
ရှာဖွေနေမိကြလေသည်။

3 comments:

ဆောင်းယွန်းလ said...

မျှဝေမှုတွေအတွက်ကျေးဇူးအထူးတင်ပါတယ်ကိုအောင်
ရေ...
ခင်မင်လျက်...

Nyein Chan Aung said...

စည်သူမြသန်းဆောင်းပါးကို လာဖတ်သွားတယ်ကိုအောင်။

thorn musem said...

ကိုအောင်ရေ...
အယူအဆ၊မာနနဲ့  ပြောင်းလတြတ်သော စိတ်သဘော
လေးကို သေချာစဉ်းစားပြီးဖတ်မှတ်သွားပါတယ်..
တစ်ဆင့်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။