Thursday, 4 December 2008

ဒို့ကျောင်းနဲ့ဒို့ဂါထာ၊ဒို့အရပ်နဲ့ဒို့ဇာတ် အပိုင်း(၁)


ရေးသူ - စစ်ငြိမ်းဒီရေ

“ကိုပွကြီး” …. ….. ….

ကျနော့်ရယ့် ငယ်စဉ် ကလေးဘ၀တုန်းက ကိုပွကြီးလို့ ခေါ်တဲ့ ရပ်ဆွေ
ရပ်မျိုး အကိုကြီး တစ်ယောက် ရှိခဲ့ဖူး ပါတယ်။

၁၉၈၈ ခုနှစ် မတိုင်ခင် မဆလခေတ်က ဆယ်တန်း အောင်စာရင်းထွက်ရင်
အောင်ချက်က လူတစ်ရာမှာ လေးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်းပါ။ ၁၉၉၃ ခုနှစ်
ဆယ်တန်း စာမေးပွဲတွင် ကိုးတန်းစာကို ဖြုတ်လိုက်တဲ့ နှစ်အထိ ဆယ်တန်း
အောင်ချက် က ခြောက်ရာခိုင်နှုန်း၊ ခုနှစ်ရာခိုင်နှုန်း။ မှတ်မိ ပါသေးတယ်။
ကျနော် ပညာသင်ကြားရာ ဆင်ခြေဖုံး ဒေသက မျက်နှာမွဲ ကျောင်းလေးမှာ
၁၉၈၃- ၈၄ ခုနှစ်က ဆယ်တန်းကို A,B,C,D လေးခန်းပေါင်း ကျောင်းသား
နှစ်ရာကျော် ၀င်ဖြေခဲ့ရာ လေးယောက်သာ အောင်ပါတယ်။ အောင်တဲ့
ကျောင်းသားတွေက ရိုးရိုး A (က- အဆင့်) နဲ့ ပါ။ ဒါပေမဲ့ ကျနော်တို့
ဆင်ခြေဖုံး ဒေသလေး အတွက်တော့ တကယ့် လူစွမ်းကောင်း တွေပါ။
စာမေးပွဲ ကျတဲ့သူ တွေမှာလည်း ဆယ်တန်းစာနဲ့ ကိုးတန်းစာ ပေါင်းပြီး
စာကျက်ရတော့ ဒုက္ခက မသေးဘူးဟု ထင်ပါတယ်။

ကျနော်တို့ အိမ်နံဘေး လမ်းသွယ်ထဲက အကိုကြီးတစ်ယောက် အဲဒီအောင်
စာရင်းထွက်တဲ့ မနက်က သူ ကြွေးကြော်ခဲ့ပုံကို အခုထိ နားထဲ ကြားနေ ပါ
သေးတယ်။ သူ့ကို ရပ်ကွပ်ထဲမှာ နေရာတကာ ပါစမြဲမို့ “ငပွ” လို့ ခေါ်ပါ
တယ်။ သူ ဆယ်တန်း အောင်တော့ “ငပွ၊ လူဖြစ်ပြီဟေ့၊ ငပွ လူဖြစ်ပြီဟ” လို့
အသံဗြဲကြီးနဲ့ အော်ပါတယ်။ မနက်စောစော လမ်းလျှောက်ထွက်တဲ့ လူကြီး
တွေ စကားဝိုင်းမှာဘဲ ဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်၊ အသုတ်ဆိုင်၊ ရပ်ကွပ်
ထဲက ပျံကျဈေး နေရာစုံမှာ ကိုပွကြီး ဆယ်တန်းအောင်တဲ့ သတင်းက
အောင်ဘာလေ ထီများ ပေါက်သွားသလားဟု ထင်ရပါတယ်။ မကြားချင်မှ
အဆုံးပါ။

ပါးစပ်တွင် ကွမ်းယာ ပလုပ်ပလောင်းနဲ့ နားကြားထဲမှာ ဆေးပေါ့လိပ်တို
ကို ထိုးနေကျ သူ့ပုံစံသည် နေ့ချင်းညချင်း ပြောင်းလဲသွား ပါတယ်။
ကော်လန်ကတုံး အင်္ကျီနဲ့ ယောပုဆိုးနဲ့ ပါ။ လူကြီးတွေက အိမ်က သား
သမီးများကို ဆုံးမပဲ့ပြင်ရင်တောင် ကိုပွကြီးကို နမူနာယူဖို့ အထိပါ။ ပုံပြင်

စာအုပ်ထဲက လူစွမ်းကောင်းတောင် ကိုပွကြီးလောက် နေရာ မရနိုင်ပါဘူး။
“ပညာရွှေအိုး၊ လူမခိုး” လို့ဆိုရိုးစကားတွေနဲ့ပါ။ ရွှေအိုးနဲ့ တူခဲ့သော ခေတ်
တွေတုန်းက ပညာသည် တကယ့်ကိုဘဲ ခမ်းနားလှပါတယ်။ သူ တက္ကသိုလ်
စတက်တဲ့ နေ့ကဆိုရင် ကားဂိတ်မှာ စောင့်နေတဲ့ သူ့ပုံစံသည် ပြည်သူ့
လွှတ်တော်ကိုဘဲ သွားတော့မလိုလို စတိုင်မျိုးပါ။

သူတို့ မိသားစုက အရမ်း ဆင်းရဲနွမ်းပါး ကြပါတယ်။ ကျနော်တို့ ရပ်ကွပ်
ထဲတွင် ဆိုက်ကား ပိုင်ရှင်များက သူတို့ပိုင်ဆိုင်သော ဆိုက်ကားများကို
ကိုပွကြီးတို့ အိမ်တွင် ညဘက် နေရာဌါးပြီး ထားလေ့ ရှိပါတယ်။ ဒါကြောင့်
ကိုပွကြီးတို့ မိသားစုကို ကျနော်တို့ ကလေးငယ်များက “ဘခက် မိသားစု”
ဟု ခေါ်ကြပါတယ်။ အဲဒီအချိန်တွေတုန်းက “ဆိုက်ကားသမား ဘခက်”
ဟု အမည်တွင်သော ရုပ်ရှင်ကားသည် အလွန်နာမည်ကြီး ခဲ့ပါတယ်။

ကိုပွကြီးသည် ဆိုက်ကားကို တစ်ခြမ်းစောင်း နင်းရာတွင် အလွန်တော်
ပါတယ်။ သူသည် သူတို့မောင်နှမများထဲတွင် အကြီးဆုံးဖြစ်ပြီး သူနဲ့
သူ့အောက် ညီတို့မှာ အသက် ဆယ်နှစ် နီးပါး ကွာပါတယ်။ သူတို့
မိသားစုနှင့် ကျနော်တို့ မိသားစုသည် အလွန် ခင်မင် ရင်းနှီကြပါတယ်။
အကြောင်းကတော့ အဲဒီအချိန်က ကျနော်တို့ ရပ်ကွပ်ထဲတွင် ရုပ်မြင်
သံကြား(TV) ရှိသော အိမ်အရေအတွက်မှာ ဆယ်အိမ် မပြည့်ပါ။

ကျနော့်အဖေသည် လွတ်လပ်ရေး အတွက် ရွှေတောင်တိုက်ပွဲမှ စ၍
ပါဝင်ခဲ့သောကြောင့် မဆလ ခေတ်တွင် မော်ကွန်းဝင် ဆုတံဆိပ်ရခဲ့ပြီး
ယင်းဆုတံဆိပ်ဖြင့် အစိုးရထုတ် “က.ပ.စ” တီဗွီ တစ်လုံး ရခဲ့ပါတယ်။
ကျနော်တို့အိမ်သည် စနေ၊ တနင်္ဂနွေနေ့များ၌ ရုပ်ရှင်ဇာတ်လမ်းရှည်
များလာလျှင် လူတစ်ယောက်ကို ငွေတစ်မတ်နှုန်းဖြင့် ပြ’စား ပါတယ်။
ကိုပွကြီးတို့ မောင်နှမ တသိုက် ကလေးငယ် ခြောက်ယောက်နှင့်
သူ့အမေ အပါအ၀င် လူ ခုနှစ်ယောက်ကို ကျနော့်အမေက သနားသော
အားဖြင့် ငွေတစ်ကျပ်သာ ယူလေ့ ရှိပါတယ်။ စနေ၊ တနင်္ဂနွေ မဟုတ်
သော ကြားရက်များတွင် သူတို့မိသားစုသည် ကျနော်တို့အိမ်တွင်
အခမဲ့ တီဗွီ လာကြည့်လေ့ ရှိပါတယ်။ ထိုကြောင့် ကိုပွကြီးသည် ကျနော်
တို့ မောင်နှမများနှင့် ပက်သက်လျှင် အမြဲ အလျှော့ပေးပြီး ဆက်ဆံ
လေ့ ရှိပါတယ်။

ရာသီဥတု ကောင်းမွန်သော နေ့များတွင် ကျနော်တို့ သူငယ်ချင်း
တသိုက်သည် ရပ်ကွပ်ထဲတွင် နေ့ရော၊ ညပါ ကစားနည်း မျိုးစုံဖြင့်
ကစား ကြပါတယ်။ ညဘက်များတွင် များသော အားဖြင့် “ဂွတို၊ ဂွရှည်”
ဟု ခေါ်သော အုပ်စုလိုက် ပြေးတမ်း၊ လိုက်တမ်း ကစားလေ့ ရှိပါတယ်။
လမ်းကျိုးလမ်းကြား၊ အိမ်ကျိုးအိမ်ကြား မကျန် ပြေးလွှား ကစားကြ
သောကြောင့် လူကြီးမိဘများက တစ်ယောက်ယောက် ရှာမတွေ့ပါက
ကိုပွကြီးကို ရှာဖွေ ခိုင်းလေ့ ရှိပါတယ်။ ကျနော်တို့ သူငယ်ချင်းတသိုက်
၏ မိဘများက ကိုပွကြီးကို မကြာခဏ မုန့်ဖိုး ပေးလေ့ ရှိပါတယ်။

ကိုပွကြီးသည် တခါတရံ ကျနော်တို့ကို သူ အလကားကြည်ရူခဲ့သော
လမ်းဘေး မော်ကွန်း ရုပ်ရှင် (မ.ဆ.လ ခေတ်က အစိုးရ အခမဲ့ရုပ်ရှင်)
မှ ရုပ်ရှင် ဇာတ်လမ်းများ၊ သူ ဖတ်ရူပြီးသော ၀တ္ထု ဇာတ်လမ်းမျိုးစုံ
တို့ကို ပြန်ပြောခြင်းဖြင့် ကလေးထိန်း လုပ်တတ်ပါတယ်။ သူ ဆယ်တန်း
အောင် ပြီးသော တစ်နေ့တွင် ကျနော်တို့ ကလေးငယ် တသိုက်ကို
ဝတ္ထုစာအုပ် တစ်အုပ်မှ အချစ်ဇာတ်လမ်းကို ဖတ်ရူ ပြပါတယ်။ ၀တ္ထု
မဖတ်ပြခင် သူက “ငါတို့ ဘ၀တွေ ဒီဝတ္ထုတွေထဲကလို ဖြစ်ရင် အရမ်း
ကောင်းမယ်ကွာ” လို့ ပြောပါတယ်။ ဒါနဲ့ဘဲ သူ စ’ပြီး ၀တ္ထုထဲက
ဇာတ်လမ်းကို အသံ အကျယ်ကြီး ထွက်ပြီး ဖတ်ပြ ပါတယ်။
……. “အင်းယျားလမ်း ပေါ်တွင် အင်မတန် ချောမောလှပသော
မိန်းမပျိုလေး တစ်ဦးအား သယ်ဆောင် ထားသည့် မာစီဒီ ကားကြီး
တရိပ်ရိပ် ပြေးနေပါတယ်” ဟု သူ စာဖတ်ပြ နေတုန်း ….

ကိုပွကြီးတို့ နောက်ဖေး မီးဖိုချောင်းက သူ့အမေက ….
“ဟဲ့ ပွကြီး … ကလေးတွေကို ဘာတွေ မဟုတ်မဟတ် ဖတ်ပြ
နေတာလည်း… ဒီမှာ ညနေစား ဟင်းမရှိဘူး …. အရှေ့ဈေးဟောင်း
လမ်းထိပ်က ဒေါ်အုန်းမြ ထမင်းဆိုင်မှာ ကုလားပဲဟင်း နှစ်ဆယ်ဖိုး
သွားဝယ် … တကယ်တဲ့တော် ဆိုက်ကားတောင် ကိုယ်ပိုင်မရှိတာ
… ဒင်းက မာစီဒီတွေ ဘာတွေ လျှောက်လုပ်နေတယ်”
လို့ လှမ်းအော် ပါတယ်။

ဒီလိုနဲ့ ညဘက်ရောက်တော့ ကျနော်တို့ ကလေးတသိုက်လည်း
ကိုပွကြီးတို့ အိမ်ရှေ့ဘက်ကို အုပ်စုလိုက် လမ်းလျှောက်လာပါတယ်။
အဲဒီအချိန်မှာ ကိုပွကြီးက အိမ်ပေါက်ဝမှာ ၀တ္ထု စာအုပ်ဖတ်နေပါ
တယ်။ ဒါနဲ့ အသံကျယ်ကျယ် ထွက်တတ်တဲ့ သူငယ်ချင်း တစ်ယောက်
ဦးဆောင်ပြီး စ’ အော်ပါတယ် …
“အင်းယျား လမ်းပေါ်တွင် မာစီဒီကားကြီး တရိပ်ရိပ် ပြေးနေပါတယ်”
နောက်ကနေ ကျနော်တို့ တစ်အုပ်စုလုံးက ….
“ဟဲ့ … ပွကြီး … အရှေ့ဈေးဟောင်းလမ်းထိပ်က ဒေါ်အုန်းမြဆိုင်မှာ
ပဲဟင်း နှစ်ဆယ်ဖိုး မြန်မြန် သွားဝယ်”
လို့ အော်ပြီး ပြေးကြပါတယ်။

သူ့ကို စ’နောက်ပြီး ထွက်ပြေးသွားတဲ့ ကျနော်တို့ ကလေးတသိုက်
ရယ့် နောက်ကျောကို ကိုပွကြီး တစ်ယောက် စိတ်မဆိုးဘဲ ကြည့်
နေမှာ အသေအချာ ပါ။


(… အလျဉ်းသင့်သလို ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ ယခင်က ပြန်လည် ဖြုတ်ချခဲ့သော “ရွေးချယ်ခြင်းနှင့်
ရုန်းကန်ခြင်း” ပို့စ်မှ စာသားများကို ပြန်လည် ပြင်ဆင် ဖော်ပြပါသည်။)

5 comments:

ဆောင်းယွန်းလ said...

ဖတ်ကောင်းတုန်းမှာဆက်ရန်ဖြစ်သွားရတယ်လို့ဗျာ..
မျှော်နေမယ်ဗျို့....

ခေါင်ခေါင် said...

ကိုအောင်ရေ..ဖတ်သွားတ.ယ်..ညကျ ပြန်လာမှ သေသေချာချာ တစ်ခါ လာပြန်ဖတ်မယ်..

Nyein Chan Aung said...

ဖတ်သွားတယ် ကိုအောင်ရေ

ငြိမ်းချမ်းအောင်

thorn musem said...

ကိုအောင်...
မြန်မြန်ဆက်ဗျ...
အဲလို ဘ၀ဆန်တာတွေ ကို သဘောကျတယ်...။
ဖတ်နေရင်း ကလေးဘ၀ကိုလဲ ပြန်သတိရတာပေါ့လေ...။
မြန်မြန်တော့ ဆက်ဗျ။

ယောနသံစင်ရော် said...

ကိုအောင်... ဆက်ရန်ကိုမျှော်နေမယ်။ မြန်မြန်ရေးပါဗျို့....