Sunday, 9 November 2008

အဆိပ်သောက် ပြိုင်ပွဲ

မာရ်နတ်က ထာဝရဘုရားကို
ကမ္ဘာမြေပေါ်မှာ နေရာအလွတ်မရှိ
ဂါရ၀ ပြုပြီး ဆုတွေတောင်းတယ်၊
အကျွန်ုပ်ကို လူတကာရဲ့
သွေးသားထဲထိ နှောက်ယှက်ခွင့် ပေးပါ။

ဤသတင်းစကား အကျွန်ုပ် ကြားတော့
နေ့စဉ် နေ့တိုင်း ဒီလိုကျင့်တယ်။

zlife.jpg

အဆိပ်တွေကို နည်းနည်းခြင်းစီ ငါစ’မျိုတယ်
မှော်ရုံတောမှာ ငါစ’မျိုတယ်
နာရီမရှိတဲ့ အခန်းထဲမှာ ငါစ’မျိုတယ်
စားပွဲနဲ့ ကုလားထိုင်မရှိတဲ့ နေရာမှာ ငါစ’မျိုတယ်
အသံတွေကြားပြီး ရုပ်မမြင်ရတဲ့ လူ့ငရဲမှာ ငါစ’မျိုတယ်။

ရာသီစက်ဝိုင်းတိုင်း အဆိပ်မျိုချတယ်
သက်ပြင်းချမိတိုင်း အဆိပ်မျိုချတယ်
ရှုံးနိမ့်မှုနဲ့ လဲကျသွားတိုင်း အဆိပ်မျိုချတယ်
ဘိုးဘွားတွေကို သတိရမိတိုင်း အဆိပ်မျိုချတယ်။

ဝိုင်ချိုချိုနဲ့ အဆိပ်မျိုပြီးပြီ
သူယောင်မယ်တွေနဲ့ အဆိပ်မျိုပြီးပြီ
လှောင်ရယ်သံတွေနဲ့ အဆိပ်မျိုပြီးပြီ
အဆိပ်တွေကို ငါမြိုပြီးပြီ။

ဟဲ့ … မာရ်နတ်
ငါ့သွေးသားတွေ အဆိပ်ဖြစ်နေပြီ၊
အဆိပ်သောက် ရဲရင်
ဝင်လာခဲ့။ ။

ရေးသူ- စစ်ငြိမ်းဒီရေ

10 comments:

ခေါင်ခေါင် said...

မာန်နတ် ကိုအဆိပ်သင့်စေချင်တာနဲ့
ကိုယ့်တစ်ခန္ဓာလုံး အဆိပ်တွေလူးပစ်တယ်..
သူရဲကောင်းဆိုတာမျိုးက ဒါမျိုးပဲနဲ့တူတယ်

pandora said...

အဆိပ်တွေမျိုရင်း အဆိပ်ပြီးသွားတာလည်း ဖြစ်နိုင်တယ်။ ဒါနဲ့ မာရ်နတ်နဲ့ ကိုယ် ဘယ်သူအရင် အဆိပ်သင့်မလဲ။

ဒီကဗျာကို ရေးထားပုံကို သဘောကျတယ်ဗျ.

myatnoe said...

ဒီကဗျာကို ကြိုက်တယ်

ပန်းခရမ်းပြာ said...

ကာရန်မဲ့ ကဗျာတွေကို သိပ်မဖတ်ဘူး။
ဒါပေမဲ့ ဒီကဗျာကိုတော့ အသေအချာ ဖတ်သွားတယ်။
အရမ်းကောင်းတယ်။

M.Y. said...

မာရ်နတ်ကပြောတယ်..
သင်မျို...မျို..ချနေတဲ့ အဲဒိအဆိပ်တွေအားလုံး
ငါ့အဆိပ်ဥယျာဉ်ကဖြစ်တယ်..တဲ့

ကိုအောင်(ပျူနိုင်ငံ) said...

ညီမလေး ခေါင်ခေါင်။ မပန်ဒိုရာ။ မမြတ်နိုး။ မပန်းခရမ်းပြာ (မချို)။ ကိုမောင်ရင် တို့ ကော်မန့်
ပေးကြတာ အထူးကျေးဇူးပါ။ ဒီကဗျာကို ရေးဖြစ်ခဲ့တဲ့
ကျနော့်စိတ်ကူးကို နောင်မကြာခင်မှာ တင်ပြပါ့မယ်
ခင်ဗျာ။ ကျနော်ကိုယ်တိုင် မာရ်နတ် မဖြစ်ခဲ့ရင်ပေါ့ ...။

ဒူကဘာ said...

ရပ်(စ်)ပြူတင်ကိုတောင် သတိရသွားသေး ကိုအောင်ရေ......။

Apprenticeship said...

အဆိပ်မှန်းမသိလို့မျိုချရင်း အဆိပ်ကိုစွဲလမ်းသွားသူတွေလဲ မနည်းပါ....
လောက... ခက်တယ် :(

Apprenticeship said...

စာကြွင်း.. ဥပမာ... ဆေးလိပ်သောက်သူများ :P

Nyein Chan Aung said...

ကဗျာ ကောင်းတယ်ဗျာ

ငြိမ်းချမ်းအောင်